🧝Chapter 14
ရက်အနည်းငယ်ကုန်လွန်သွားပြီးနောက် မြောင်ဟယ် တန့်ရှန်းပင်များအပြည့်စိုက်ပျိုးထားသည့် အနောက်ဘက်ခြံဝန်းထဲတွင်ရှိနေခဲ့ပြီး လက်ထဲတွင် စုစည်းထားသောဂျင်ဆင်းထုပ်ကြီးတစ်ထုပ်ကို ကိုင်ထားခဲ့သည်။ ထိုမျှသာမက သူ၏ပြားကပ်ကပ်ရင်ဘတ်ထဲတွင်ပါ ဝှက်ထားရန်အကောင်းဆုံးကြိုးစားနေခဲ့သည်။ ရောင်းချရာတွင် အဆင်ပြေစေရေးအတွက် မြောင်ဟယ်အဆုံး၌ တန့်ရှန်းမြစ်များကို ခုတ်ထစ်ပြီး နေခြောက်လှန်းခဲ့သည်။ ဤနည်းအားဖြင့် ဖွက်ရလွယ်ကူမည်ဖြစ်ကာ နောက်အနာဂတ်တွင် ဆေးဆိုင်များသို့ သွားရောင်းရာ၌လည်း အဆင်ပြေသွားမည်ဖြစ်သည်။
အစားအစာများအတွက်မှာမူ ယခင်တစ်ကြိမ်မှ ကြက်သွန်မိတ်ပန်ကိတ်များအပြင် ထမင်းနှင့်ဂေါ်ဖီရွက်ကြက်ဥမွှေကြော်၊ မုန်ညှင်းစေ့ဝက်ပေါင်ခြောက်နှင့်ခေါက်ဆွဲကြော် စသည့်ဟင်းလျာများကိုလည်း ချက်ပြုတ်ခဲ့သည်။ ဤရက်များအတွက် သူ၏ဟင်းသီးဟင်းရွက်များအားလုံးကို ရှီရန်မှရရှိခဲ့ခြင်းဖြစ်သည်။ ဂေါ်ဖီထုပ်မှာ ကြွပ်ရွကာ ချိုမြိန်ပြီး မယုံနိုင်လောက်အောင် အရသာရှိလှသည်။ ထို့ထက်ပိုသည်မှာ မုန်ညှင်းစေ့များသည် ပုံမှန်မုန်ညှင်းစေ့များကဲ့သို့ မခါးဘဲ ၎င်းတို့၏အတွင်းပိုင်းမှာ နူးညံ့ကာ အရည်ရွှမ်းလှသည်။
အစပိုင်းတွင် ထိုအသီးအရွက်များ မည်သည့်နေရာမှရလာသည်ကို ရန်သာ့လန်မေးမြန်းလာမည့်အပေါ် ပြန်ဖြေရန် မြောင်ဟယ်စောင့်ဆိုင်းနေမိခဲ့သည်။ ယခုတွင်မူ ဟင်းသီးဟင်းရွက်များမှာ အရွက်စိမ်းများသာဖြစ်သော်လည်း ထိုကိစ္စအပေါ် ရန်သာ့လန်မှအရေးစိုက်ခြင်းမရှိမည်ဟု မည်သူသိနိုင်ပါမည်နည်း။ ရန်သာ့လန်မှာ မည်သို့မျှမမေးလာဘဲ သူချက်သမျှဟင်းတိုင်းကို စိတ်ပါလက်ပါစားပေးခဲ့သည်။
ယနေ့ညတွင် မြောင်ဟယ် ရန်သာ့လန် အားပါးတရစားနေသည်ကို ကြည့်ရင်းဖြင့် သေးငယ်နူးညံ့သောမုန်ညှင်းစေ့တစ်ခုကို တူဖြင့်ယူကာ ရန်သာ့လန်၏ပန်းကန်ထဲသို့ထည့်ပေးလိုက်ပြီး မေးလိုက်သည် “ အရသာရှိရဲ့လား…”
“ အင်း..”
“ ဒါပေမယ့် မီးဖိုချောင်ထဲကဆီကကုန်တော့မယ် .. ဂျုံဖြူရောပဲ…” မြောင်ဟယ် ဖြူစင်စွာပြောလိုက်သည် “ နောက်ထပ်ဘယ်နှစ်ရက်လောက်အထိ အလုပ်များနေဦးမှာလဲဟင်…အလုပ်တွေပြီးရင် ကျွန်တော်တို့ မြို့ကိုသွားလို့ရမလား…”
ရန်သာ့လန် သူ၏လှုပ်ရှားမှုများကို ရုတ်တရက်ရပ်တန့်လိုက်ပြီး မြောင်ဟယ်ကို ကြည့်ရန် မျက်လုံးကိုအပေါ်သို့တစ်ချက်ဝင့်လိုက်သည်။
မြောင်ဟယ်မှာမူ အနည်းငယ်ပို၍ပင်စိတ်လှုပ်ရှားလာရသည် “ အရင်တစ်ခေါက် တန့်ရှန်းတွေတူးတုန်းက ခင်ဗျားပြောတဲ့အတိုင်း လိုက်လုပ်ထားတယ်…တန့်ရှန်းအပိုင်းလေးတွေကိုလည်း နေခြောက်လှန်းပြီးသွားပြီ…သည်ဟာတွေကို ငွေနဲ့လဲလို့ရတယ်…ရက်စ်ဘယ်ရီနဲ့တရုတ်နံနံအဝါတွေလည်းရှိတယ်ဆိုတော့ ခင်ဗျား ပြောကြည့်ကြည့်… သူတို့ကိုကော ဆေးဆိုင်တွေကလက်ခံမယ်လို့ထင်လား…အရင်တစ်ခေါက် ကျွန်တော်တို့တောင်ပေါ်ကဆင်းလာကတည်းက သူတို့ကိုချက်ချင်းစိုက်ခဲ့တာဆိုတော့ အခုဆို ကျန်းကျန်းမာမာနဲ့ရင့်မှည့်နေပြီလေ…ပြောပါဦး ဒါမှမနက်ဖြန်ကြရင် မြို့ကိုသွားပြီး အတူရောင်းလို့ရမှာပေါ့…”
ရန်သာ့လန်မှာ တိတ်ဆိတ်နေဆဲပင်…
“ နောက်ပြီး အိမ်မှာ ဆီရယ် ရှာလကာရည်ရယ် သကြားရယ်လည်း ပြတ်နေပြီ…ဆီသာရမယ်ဆိုရင် ဝက်ဆီရှာနေဖို့ မလိုတော့ဘူးပေါ့…မုန်ညှင်းစေ့ကရတဲ့ဆီဆိုလည်း အဆင်ပြေတာပဲကို…ပဲငံပြာရည်သာရှိမယ်ဆိုရင် ပိုတောင်ကောင်းဦးမယ်…မနက်ကြရင် အတူသွားပြီးဝယ်ရအောင် ဒါမှကျန်ခဲ့တာမျိုးမရှိမှာ…”
မြောင်ဟယ် ထိုသူမှာ သူ့စကားကိုနားထောင်ပေးနေသော်လည်း ပြန်မဖြေလာသည်ကို သတိပြုမိသွားသောကြောင့် သူ၏အသံမှာ တဖြည်းဖြည်းတိမ်ဝင်လာရသည် “ ကျွန်တော်လျောက်မသွားပါဘူး… ခင်ဗျားနောက်ကိုပဲလိုက်မှာပါ…”
“ ကောင်းပြီ…” ရန်သာ့လန် ရုတ်တရက်ထပြောလိုက်ပြီးနောက် ထမင်းဆက်စားနေခဲ့သည်။
“ အာ…”
“ မနက်ကြရင် အတူသွားစို့…”
မြောင်ဟယ်၏မျက်နှာမှာ ချက်ချင်းဆိုသလို တောက်ပသွားခဲ့သည် “ တကယ်လား…”
ရန်သာ့လန် စားနေခြင်းအပေါ်တွင်သာ အာရုံစိုက်ထားကာ တိတ်တိတ်နေခဲ့သည်။ သူ၏အတွင်းစိတ်ထဲတွင်မူ အဒေါ်ချင်းပြောခဲ့သည့်စကားများကို အထပ်ထပ်အခါခါပြန်ကြားနေရပြီး ဆူညံနေခဲ့လေသည်။
“ သာ့လန် အဒေါ်ချင်းက မင်းအပေါ်ကို အမြဲတမ်းအားနာနေရတာပါ… အဲ့သည့်နှစ်တုန်းကသာ မင်းရဲ့အမေက ဘုန်းတော်ကြီးရဲ့ မင်းရဲ့သွေးမျိုးဆက်နဲ့ဘဝအကြောင်းကို နားထောင်ဖို့ ခေါင်းမာမာနဲ့ခေါ်မသွားခဲ့ဘူးဆိုရင် မင်းလည်း မင်းရဲ့ကံကြမ္မာအကြောင်းကိုသိရမှာမဟုတ်ဘူး…မင်းအဖေဘယ်လိုသေသွားရမယ်ဆိုတာနဲ့ မင်းအမေရဲ့ ရောဂါအပြင်းအထန်ရပြီးသေရမယ်ဆိုတာကိုကောပေါ့…ပြီးတော့ မင်းလည်း ဇနီးနဲ့သားသမီးတွေမရှိဘဲ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေရမှာ…အခုတော့ နှစ်တွေအများကြီးလည်း ကုန်ခဲ့ပါပြီလေ…မင်းအကြောင်းကိုတွေးမိလိုက်တိုင်း ကောင်းကင်ဘုံရဲ့အလိုတော်ကိုငြင်းပယ်ပြီး မင်းရဲ့ဘဝလမ်းကြောင်းကို တွဲဖက်မပါဘဲ နေဖို့လမ်းတစ်လမ်းပဲရှိသလားဆိုပြီး တွေးမိတယ်ကွယ်..”
“ ချမ်းဇီရဲ့အဖေက အစောကြီးဆုံးသွားပြီး ချမ်းဇီကို အဒေါ်နဲ့ချန်ထားခဲ့တာ… သူက အဒေါ်ကို ဘုန်းတော်ကြီးတွေရဲ့ နမိတ်ဖတ်တာကို လိုက်နာဖို့မှာကြားခဲ့တယ်…အဒေါ်လည်း သည်ဟာကို မင်းနဲ့ကိုက်ညီတယ်လို့ထင်နေတုန်းပဲ…ဒါပေမယ့် သာ့လန် သည်လိုဆိုရင်တောင် အဒေါ်တော့ ဘုန်းတော်ကြီးရဲ့ ချမ်းဇီအဖေအတွက်ဟောကိန်းက မှန်တယ်လို့ခံစားနေရတုန်းပဲ…သူကအသက်တိုခဲ့တာတောင်မှ အဒေါ်အနေနဲ့ သူကလွဲပြီးတခြားသူတစ်ယောက်ကို ထပ်ပြီးလက်မထပ်ချင်ခဲ့ဘူးလေ…အဒေါ်တို့ရဲ့ခရီးလမ်းမှာ တချို့သူတွေက လိုလိုလားလားဆက်လျောက်သွားနိုင်ပေမယ့် တချို့သူတွေကတော့ ညည်းညူရင်းနဲ့ပဲ ဆက်လျောက်သွားနိုင်ကြတယ်…”
“ မင်းရဲ့အမေက မင်းကိုထားသွားရမှာကို အမြဲလိုစိုးရိမ်နေခဲ့ရတာ… မင်းရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အဖော်ပြုပေးမဲ့သူမရှိမှာကိုလည်း အရမ်းပဲပူပန်ခဲ့ရတယ်…နောက်ဆုံးကြတော့လည်း သူသိသွားရတာပဲလေ…တစ်စုံတစ်ယောက် အဖော်ပြုပေးနေရင်တောင်မှပဲ ဒါကကွဲပြားနေဦးမှာ… သည်လိုကြောင့်ပဲ သူကကောင်လေးဟယ်ကို ရွေးချယ်ခဲ့တာ…အတွင်းထဲကရည်ရွယ်ချက်ကို မင်းဘာသာမင်းမှန်းဆနိုင်ဖို့အတွက်နဲ့ပေါ့…”
“ အဲ့သည့်နေ့ ချမ်းဇီပြန်လာပြီး မင်းကကောင်လေးဟယ်ကို ကောင်းတယ်ထင်ကြောင်းပြောတယ်လို့ ပြောလာတုန်းက အဒေါ်ချင်းတကယ်ပဲ ဝမ်းသာသွားခဲ့ရတယ်…မင်းရဲ့ကံကြမ္မာကိုကြောက်ရွံ့ပြီး အညံ့ခံလိုက်တာထက်စာရင် ရင်ဆိုင်လိုက်တာက ပိုကောင်းတယ်မဟုတ်လား… မင်းအမေရဲ့ရောဂါလိုပဲပေါ့…ဒါပေမယ့် ဘဝဆိုတာက ရှင်သန်နေထိုင်ရမယ်… အရာအားလုံးကတော့ မင်းကြုံတွေ့ရမဲ့ ပျော်ရွှင်မှုနဲ့ဘေးဒုက္ခတွေကို ကိုယ်ပိုင်အသိဉာဏ်ကြီးနဲ့ ဖြေရှင်းရဖို့ကြီးပဲတော့မဟုတ်ဘူး…အဆုံးသတ်အချိန်ကြရင် အရာတိုင်းအပေါ် နောင်တမရနေဖို့ပဲလေ..”
နှစ်ရက်ကြာပြီးနောက် မနက်ခင်းရောင်နီစလင်းလာသည်နှင့် မြောင်ဟယ်နှင့်ရန်သာ့လန်တို့ နှစ်ဦးစလုံး သူတို့၏နောက်ကျောတွင် ကိုယ်စီကိုယ်စီခြင်းတစ်တောင်းစီသယ်ကာ ထွက်လာလိုက်ကြသည်။ အဆုံး၌ မြို့သို့ခြေလျင်လျောက်သွားရမည့်ခရီးမှာ တစ်ရှီချန် သို့မဟုတ် နှစ်ရှီချန်ခန့် ကြာမြင့်နိုင်မည်ဖြစ်သည်။
သွားရေးလာရေးအဆင်ပြေစေရန်အတွက် ရွာဝင်ပေါက်တွင် မြည်းလှည်းများထားရှိပေးထားသော်လည်း လူတစ်ဦးချင်းစီလိုက်၍ သယ်ယူပေးရသည့်စရိတ်ကုန်ကျမည်ဖြစ်သည်။ သူတို့၏သွားလာရမည့်ခရီးကြောင့် မြောင်ဟယ်နှင့် ရန်သာ့လန်တို့၏ကျောပေါ်တွင် သယ်ရလွယ်သော ပေါ့ပေါ့ပါးပါးဆေးပင်များကိုသာ ယူဆောင်လာခဲ့ကြသည်။ မြောင်ဟယ် လှီးဖြတ်ထားသော တန့်ရှန်းမြစ်အခြောက်များကို ရန်သာ့လန်၏ခြင်းထဲသို့ ခိုးထည့်ခဲ့လျှင်ပင် ၎င်းမှာ ရန်သာ့လန် ပုံမှန်သားကောင်လိုက်ရာတွင် သယ်ဆောင်ရခြင်းထက် များစွာမလေးသောကြောင့် သတိပြုမိနိုင်မည်မဟုတ်ပေ။ ထို့အတူ တစ်ခါတစ်ရံတွင် သယ်ဆောင်ရအလွန်လေးလံသောပစ္စည်းများကိုသာ လူသက်သာစေရန်အတွက် လှည်းဖြင့်တင်ပို့ရလေ့ရှိသည်။ ရလဒ်အနေဖြင့် မြို့ထဲတွင် ဈေးဝယ်ထွက်ရာမှ ပြန်ရောက်လာပါက အပြန်တစ်ကြောင်းဖိုးသာကုန်ကျမည်ဖြစ်သောကြောင့် တွက်ခြေကိုက်မည်ဖြစ်သည်။ ဤသို့ဖြင့် မြောင်ဟယ်နှင့် ရန်သာ့လန်တို့ မြည်းလှည်းမစီးရန် ဆုံးဖြတ်လိုက်ကြကာ သူတို့၏ခရီးကိုစတင်လိုက်သည်။
သူတို့လမ်းပေါ်သို့တက်လာပြီးမကြာခင်မှာပင် အသိအကျွမ်းတစ်ဦးနှင့် တွေ့ဆုံမိခဲ့သည်။ မြောင်ကျားရွာမှ မြို့သို့သွားသည့်လမ်းမှာ ဤတစ်လမ်းသာရှိသောကြောင့် တစ်စုံတစ်ယောက်နှင့်လမ်းတွင် ဆုံတွေ့မိပါက ထိုသူနှင့်ခရီးဆုံးထိအတူမသွားရန်မှာ မဖြစ်နိုင်သောအရာဖြစ်သည်။
“ အစ်ကိုဟယ်…” မူလကိုယ်၏သူငယ်ချင်းကောင်းဖြစ်သော မြောင်မင်းမှာ မြောင်ဟယ်ကိုတွေ့လိုက်ချိန်တွင် သိသိသာသာဝင်းပသွားသောမျက်နှာဖြင့် မြောင်ဟယ်တို့ထံပြေးလာခဲ့သည် “ မင်းလည်း မြို့ကိုသွားမလို့လား… ကောင်းတာပေါ့ အားနျန်နဲ့ကျွန်တော်လည်း မြို့ကိုသွားပြီးလုပ်စရာလေးတွေရှိနေလို့လေ…အစတချို့ဝယ်ပြီး အဝတ်ချုပ်မလားစဉ်းစားနေတာ…မင်းမှာအချိန်ရှိရင် အဝတ်ဆိုင်ကိုအတူလိုက်ခဲ့လေ… မင်းရဲ့မျက်လုံးကောင်းကောင်းလေးကို ကျွန်တော်တို့ကိုငှားပေးပါဦး…”
မြောင်မင်း၏မလှမ်းမကမ်းတွင် မျက်နှာပေါ်ရှိ အရေးအကြောင်းများနှင့် ပိန်ပါးသောအမျိုးသမီးတစ်ဦးရပ်နေခဲ့သည်။ သူမ၏လက်ထဲတွင် ခြောက်နှစ် ခုနစ်နှစ်ခန့်ရှိမည့်မိန်းကလေးတစ်ယောက်ကို ချီထားပြီး နှုတ်ခမ်းကိုကိုင်လျက် မကျေမနပ်ဖြစ်နေဟန်ဖြင့် သူတို့ရှိရာသို့ လှမ်းကြည့်နေသည်။ သူမ၏မျက်လုံးများမှာ မြောင်ဟယ်ထံသို့ အလွန်သတိထားကာကြည့်နေပြီး အနှီကောနှင့်နီးကပ်သွားလျှင်ပင် သူမ၏ဂုဏ်သိက္ခာစွန်းထင်းသွားလုမတတ် ဖြစ်နေခဲ့သည်။
မြောင်ဟယ်မှ ပြန်ဖြေလိုက်သည် “ သည်လိုမျိုးက မင်းအမေရဲ့အကြံကိုပဲယူရမှာပေါ့… ငါ့အမြင်ကောင်းတာနဲ့ပတ်သက်ပြီး ဘာလုပ်ရမှာတုန်း…”
မြောင်ဟယ်ဘက်မှ ငြင်းဆိုလာသော်လည်း မြောင်မင်းမှာမူ ဆက်လက်နားချနေဆဲပင် “ မင်းရဲ့လက်ရှိဝတ်စားထားတဲ့ပုံက အတော်လေးကြည့်ကောင်းနေတာပဲကို… ရပါတယ် အဆင်ပြေမှာပါ… အာ အဝတ်ဆိုင်ကလည်း မြို့ရဲ့အဓိကလမ်းမကြီးနဲ့ မလှမ်းမကမ်းမှာရှိတာလေ… တခြားဆိုင်တွေနဲ့လည်း မဝေးဘူးပဲဟာ…ဒါနဲ့ အစ်ကိုဟယ် သည်နေ့မြို့ကို ဘာသွားလုပ်မလို့လဲဟင်…” မြောင်မင်း ပြောပြီးသည်နှင့် မြောင်ဟယ်၏အနောက်တွင်ရပ်နေသော ရန်သာ့လန်ထံသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
“ အိမ်မှာ ချက်စရာပြုတ်စရာလေးတွေ ကုန်ခါနီးပြီလေ.. ဒါကြောင့် သာ့လန်နဲ့ငါတို့ လိုတဲ့ပစ္စည်းတွေသွားဝယ်ကြမလို့…”
“ ဒါဆိုအချိန်တော့ကျန်ဦးမှာပေါ့…” မြောင်မင်းမှာ လက်လျော့ချင်ပုံမရချေ။
မြောင်ဟယ် ခဏမျှတွေးလိုက်မိသည်။ ဤကဲ့သို့ ရန်သာ့လန်ထံမှ အချိန်ခဏကြာခွဲသွားနိုင်မည့် ကောင်းကင်ပေါ်မှကျလာသောအခွင့်အရေးကို မဖြုန်းတီးလိုက်သင့်ပေ။ မြောင်ဟယ် အနောက်သို့လှည့်ကာ ရန်သာ့လန်အား “ ရနိုင်မလား…” ဟူ၍ပြန်မေးလိုက်သည်။
ရန်သာ့လန် ရိုးရှင်းစွာပင် ခေါင်းငြိမ့်ပြလိုက်ပြီး ထိုအတိုင်းချန်ထားခဲ့လိုက်သည်။
မြောင်မင်းမှာမူ ကျေနပ်သွားသောကြောင့် တက်တက်ကြွကြွပြုံးကာ ပြောလာသည် “ ကောင်းတာပေါ့… ကျွန်တော်တို့ မြို့ထဲမှာ အခြေချပြီးရင် အဝတ်ဆိုင်ကိုမသွားခင် ဈေးနည်းနည်းပတ်ဝယ်ကြဦးမှာလေ…အာ အစ်ကိုဟယ် ကျွန်တော့်ကိုအဝတ်ဆိုင်မှာ လာရှာဖို့သတိရနော်…”
မြောင်မင်း တဖြည်းဖြည်းနှင့်သူ၏မိခင်အနားသို့ကပ်သွားချိန်တွင် သူမ မြောင်မင်းကို ကြမ်းတမ်းသောစကားအနည်းငယ်ဖြင့် ဆုံးမနေခဲ့သည်။ “ အရှက်ရခြင်း…” သို့မဟုတ် “ သတိထားရမယ်…” ဟူသောစကားလုံးအချို့မှာ လေထုထဲတွင် ပျံ့နှံ့သွားပြီး အနီးအနားရှိလူများ၏နားထံသို့ ရောက်သွားသည်။ ထို့ကြောင့် လမ်းလျှောက်နေသည့်ရန်သာ့လန်၏ခြေလှမ်းများမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့သည်။
“ ရေဘူးယူပြီး ရေသောက်ဦး..”
ရန်သာ့လန်၏ ဤကဲ့သို့ပြုမူပုံမျိုးမှာ လမ်းမပေါ်တွင် လုပ်ဇာတ်ဖန်တီးချင်ရုံသက်သက်မျှသာ မကလောက်ဘူးဟု မြောင်ဟယ်ဦးဆုံးတွေးမိသွားခဲ့သည်။ အနှီသူမှာ သူ၏ကောကို ထပ်မံ၍တိတ်တဆိတ်ဂရုစိုက်နေသည်ကို မြင်လိုက်ရချိန်တွင် မြောင်မင်းနှင့်သူ၏မိခင်တို့မှာ သူတို့၏အနားမှ တဖြည်းဖြည်းဝေးကွာသွားသည်ကို မြောင်ဟယ်မြင်နိုင်သည်။ ရုတ်တရက်ဆိုသလိုပင် သူ
ရန်သာ့လန်၏မျက်လုံးများကို ကြည့်ကာ မူလကိုယ်သည်လည်း ထိုသူနှင့်အချိန်ခဏမျှ အတူနေနိုင်လိမ့်မည်ဟု မြောင်ဟယ်တွေးမိသွားခဲ့သည်။ ရန်သာ့လန်၏တိတ်တဆိတ်ဂရုစိုက်မှုများအောက်တွင် မူလကိုယ်၏ခံစားချက်များလည်း မပြောင်းလဲဘဲရှိနေနိုင်ရန်မှာ ခက်ခဲမည့်ပုံပင်။
လူနှစ်ဦးမှာ ထပ်မံ၍ ခရီးဆက်လိုက်ကြသည်။ ကံကောင်းစွာဖြင့် လမ်းမှာပြန့်ပြူးသောကြောင့် ရှီချန်တစ်ဝက်ခန့်အနားယူလိုက်ခြင်းမှာ သူတို့၏ခရီးသွားချိန်ကို သိသိသာသာထိခိုက်သွားနိုင်မည်မဟုတ်ပေ။ သူတို့၏ခြေထောက်များ အနည်းငယ်နာကျင်ကိုက်ခဲလာသည်ဟု ခံစားလိုက်ရချိန်တွင် မြို့မှာ သူတို့နှင့်မီတာအနည်းငယ်မျှသာကွာဝေးတော့သည်ကို မြင်လိုက်ရသည်။
ဂိတ်များကိုဖြတ်ကျော်လိုက်သည်နှင့် ကျောက်တုံးများညီညီညာညာစီရီထားသော ဖြောင့်တန်းသည့်လမ်းမှသူတို့ကို နှုတ်ဆက်လာခဲ့သည်။ မြောင်ဟယ်နှင့်ရန်သာ့လန်တို့ မြို့၏အစည်ကားဆုံးလမ်းသို့မရောက်မီ တစ်ရှီချန်၏လေးပုံတစ်ပုံခန့် ထပ်လျှောက်လိုက်ရပြီး သက်ဝင်လှုပ်ရှားနေသောလေထုမှာ မြောင်ဟယ်၏ပင်ပန်းနွမ်းနယ်နေသောစိတ်ကို လှုပ်ယမ်းသွားစေကာ တက်ကြွနေသည့်လူအုပ်ကြီးကိုကြည့်ရင်းဖြင့် သူသည်လည်း စတင်ပျော်မြူးလာခဲ့သည်။
မြို့မှာ မြောင်ဟယ်စိတ်ကူးထားသည်ထက် ပို၍ကြီးမားပြီး လမ်းဘေးဝဲယာတွင် ကျက်သရေရှိစွာ ခင်းကျင်းထားသော ဈေးဆိုင်များစွာရှိသည်။ သူ၏မှတ်ဉာဏ်များအတွင်း ပြန်ရှာလိုက်ပြီးနောက် မြောင်ရွှေမြို့မှာ ဧရိယာ စတုရန်ပေတစ်ရာခန့်ရှိသည့် အကြီးမားဆုံးမြို့ကြီးတစ်မြို့ဖြစ်ကြောင်းကို မြောင်ဟယ် သိသွားခဲ့ရသည်။ ဤကဲ့သို့ကြီးမားလှသော နယ်မြေအကွာအဝေးကြီးမှာ မြို့နယ်နမိတ်၏အနောက်တွင် တူးမြောင်းတစ်ခုတည်ဆောက်ရန် အမိန့်ပေးခဲ့သော ယခင်ဧကရာဇ်ကြောင့်ပင်ဖြစ်သည်။ ဤသို့ဖြင့် ပို၍ကြီးမားသောခရိုင်မြို့တစ်ခုနှင့်ချိတ်ဆက်မိသွားကာ လက်ရှိနေရာမှာ တဖြည်းဖြည်းနှင့် မြို့၏ကုန်းတွင်းပိုင်းဒေသဖြစ်လာပြီး နေ့စဉ်နှင့်အမျှ ဆူညံသံများဖြင့် သက်ဝင်လှုပ်ရှားလာခဲ့သည်။
ထို့အတွက်ကြောင့် လမ်းတစ်လျောက်လုံးတွင် ဆန်စပါးဆိုင်များ၊ ဟင်းခတ်အမွှေးအကြိုင်ဆိုင်များ၊ ဆေးဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ သံထည်ပစ္စည်းဆိုင်များနှင့် ရတနာအရောင်းဆိုင်များကို မကြာခဏဆိုသလိုတွေ့ရလေ့ရှိသည်။ ထိုမျှသာမက သီးသန့်စာသင်ကျောင်းတော်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဂီတခန်းမများ နှင့် လောင်းကစားခန်းမများတို့အပြင် ခရိုင်မြို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်ပညာရေးတို့ကို ကိုယ်စားပြုသော အများပိုင်ပျော်ပွဲစားရုံတစ်ခုလည်းရှိနေသေးသည်။
မြို၏အဓိကလမ်းမကြီးမှာ လူအသုံးများဆုံးပစ္စည်းများ အများဆုံးရောင်းချလေ့ရှိသော လမ်းသုံးသွယ်၏အရှေ့ဘက်ခြမ်းတွင်ရှိသည်။ ထိုလမ်းသုံးသွယ်မှအရှေ့ဘက်သို့ဆက်သွားမည်ဆိုပါက လူအစည်ကားဆုံးသောဈေးလမ်းကိုရောက်ရှိမည်ဖြစ်သည်။ လတ်ဆတ်သောဟင်းသီးဟင်းရွက်များ ၊အသီးအနှံများ၊ အသားများ၊ ပင်လယ်စာအစုံနှင့် အစရှိသောစားသောက်ကုန်များကို ထိုနေရာတွင်ဝယ်ယူနိုင်မည်ဖြစ်ပြီး လမ်း၏အနောက်ဘက်ခြမ်းတွင်မူ အရွယ်ရောက်သူများအဓိကအသုံးပြုကြသော ပစ္စည်းများကို အဝင်ပေါက်တွင်ခင်းကျင်းပြသထားကာ ဆိုင်များမှာ မျက်နှာခြင်းဆိုင်၍ စီစီရီရီရှိနေကြသည်။ ၎င်းတို့ထဲတွင် သံထည်ပစ္စည်းဆိုင်မှ လက်နက်များ၊ လက်သမားဆိုင်မှ သစ်သားနှင့်ပြုလုပ်ထားသောအရာများ ၊ စပါးကျီ၊ ကြိတ်စက်များနှင့် အစရှိသောအရာများပါဝင်သည်။ ထို့အပြင် မြို့တွင်းလမ်းခွဲ၏အလယ်ဘက်သို့ ဝင်ရောက်လိုက်မည်ဆိုပါက အဝတ်အထည်ဆိုင်များနှင့် ဆေးဆိုင်များကဲ့သို့ ထည်ထည်ဝါဝါရပ်တည်နိုင်သည့် အကောင်းဆုံးစီးပွားရေးလုပ်ငန်းဆိုင်ကြီးများကို မည်သူမဆို မြင်တွေ့နိုင်မည်ဖြစ်သည်။
လူနေအိမ်များမှာမူ မြောက်ပိုင်းဒေသမှလွဲ၍ မြို့တစ်မြို့လုံးတွင် ပြန့်ကြဲနေခဲ့သည်။ ထိုဧရိယာမှာ အဆင့်အတန်းမြင့်လူအချို့အတွက် သီးသန့်ထားရှိသောအရပ်ဖြစ်ပြီး အကောင်းဆုံးသောခြံဝန်းများဖြင့် နေရာချထားပေးထားသည်။ သူတို့၏လူနေမှုအဆင့်အတန်းမှာ မှတ်သားလောက်စရာပင်။ ၎င်းဧရိယာအတွင်းတွင် အမြဲလိုသပ်ရပ်သန့်ရှင်းနေကာ ညစ်ပေမှုဟူ၍မရှိဘဲ တစ်ခါတစ်ရံတွင် ကင်းသမားများလှည့်ပတ်နေလေ့ရှိသည်။ မြို့တွင်းရှိကျန်နေရာများနှင့် သိသိသာသာကွဲပြားနေလေရာ အဆိုပါမြောက်ပိုင်းဒေသမှာ အဆင့်အတန်းအိမ်တော်များရှိသည့်နေရာ ဖြစ်နိုင်ပေမည်။
သူ၏မှတ်ဉာဏ်ထဲတွင်ရှိသောအရာနှင့် လက်ရှိမြင်တွေ့နေရသောအရာတို့ကိုကြည့်ရင်းဖြင့် မြောင်ဟယ်မတွေးဘဲ မနေနိုင်ဖြစ်နေရသည်။ သူ၏ခြင်းတောင်းထဲတွင် ထုပ်ပိုးလာဟင်းသီးဟင်းရွက်များကို သူမည်ကဲ့သို့ရောင်းချရမည်နည်း။ မည်သည့်နေရာတွင် ရောင်းချနိုင်မည်နည်း။ မည်
သည့်ဝယ်သူအဆင့်အတန်းများကိုရောင်းချသင့်သည်နည်း စသည်ဖြင့် မြောင်ဟယ်အတွေးလွန်နေမိလေသည်။