Chapter 13
Viewers 6k

🧝Chapter 13



မြောင်ဟယ် အခန်းထဲသို့ဝင်သွားပြီးနောက် တံခါးပိတ်လိုက်ချိန်တွင် မြောင်ချမ်းထံမှ အဆုံးမရှိသောမေးခွန်းများထွက်ပေါ်လာခဲ့သည်


 “ ဘယ်လိုဖြစ်တာလဲ… ဘာတွေဖြစ်နေတာလဲ…မင်း သူ့ကို မင်းအမေကြောင့်လက်ထပ်ခဲ့တာမဟုတ်ဘူးလား…အခုတော့ သူ့ကို ဇနီးအဖြစ်လက်ခံလိုက်ဖို့ ဆန္ဒရှိလာပြီပေါ့ ဟုတ်လား…” ပြောပြီးသည့်နောက်တွင် မြောင်ချမ်း အနည်းငယ်စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။


ရန်သာ့လန်မှာမူ ဆူဆူပူပူလုပ်နေသော တစ်စုံတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် 


“ သူအခုအဆင်ပြေသွားပြီ…”


“ အဆင်ပြေတယ်လား… ဘာတွေများအဆင်ပြေလာလို့လဲ… သူ့မျက်နှာကိုကြည့်လိုက်ရုံနဲ့တင် တစ်ကိုယ်လုံးကို ဖောက်ထွင်းမြင်နေရတဲ့ဟာကို…အရိုးထဲကနေကို တစ်ကိုယ်ကောင်းဆန်ပြီး ရမ်းကားတတ်တဲ့အကျင့်ကပါနေတာ… အထဲကနေကော အပြင်ကနေပါ မြင်နေရတယ်…ရုတ်တရက်ကြီး သည်လိုထပြောလာရအောင် မင်းဘာတွေစိတ်ဝင်စားဖို့ကောင်းတာများတွေ့သွားရလို့လဲ…”


“ အမှားရှိနေရင် ပြင်ပေးလိုက်ရုံပဲလေ..”


“ သူ့လိုလူကပြောင်းလဲနိုင်မှာမို့လား… သူသာတကယ်ပြောင်းလဲချင်တယ်ဆိုရင် မင်းနဲ့လက်ထပ်လိုက်ပြီးကတည်းက ဘာကိုလုပ်သင့်တယ် ဘာကိုမလုပ်သင့်ဘူးဆိုတာ သူသိနေသင့်တယ်…မဟုတ်ရင်တော့ သူကမြောင်ယွမ်စီပြေးပြီး တွယ်ကပ်နေဦးမှာပဲ…မင်းမရှိတုန်းမှာ ပိုက်‌ဆံတောင်ခိုးပြီး ထွက်ပြေးသွားနိုင်သေးတယ်… ပြောပါဦး အခု သူကဘာတွေများပြောင်းလဲသွားလို့လဲလို့…”


ရန်သာ့လန် စကားအများကြီးမပြောချင်တော့သော်လည်း ပြောလိုက်ရသည် “ ရပါတယ် ငါ့မှာမျက်လုံးတွေရှိနေတာပဲ အမြင်မမှားပါဘူး…”


မြောင်ချမ်း ရယ်သာရယ်ချချင်မိသည်။ အတိတ်အချိန်များတွင် အနှီအကြီးဆုံးသားနှင့်စကားပြောဆိုရသည်မှာ ရိုးရှင်းပြီး အဓိကအချက်သို့သာ ရောက်ခဲ့သည်ဟု သူအမြဲထင်မိခဲ့သော်လည်း ယနေ့တွင်မူ မည်သည့်အဓိကအချက်ကိုမှ မရောက်လာပေရာ သူမည်သို့များယုံကြည်နိုင်ပါမည်နည်း။ ထို့အပြင် ရန်သာ့လန်မှာ သူ့တွင်မျက်လုံးများရှိသည်ဟုပင် ပြောလာသေးသည်။ မျက်လုံးများရှိနေလျှင်ပင် လူတစ်ယောက်မှာ အမြင်ဖုံးပြီး ကန်းနေ‌နိုင်သေးသည်လေ …


“ မင်းး အခုငါနဲ့ပြန်လိုက်ခဲ့… ဒါတွေကို ငါ့ အမေစီပြောပြရဲမလားဆိုတာ ကြည့်ရအောင်…”


ရန်သာ့လန် အမှန်တကယ်ပင် ခေါင်းကိုယမ်းကာပြောလာသည် “ သည်နေ့တော့မဟုတ်သေးဘူး…”


“ ဘာလို့သည်နေ့မဟုတ်တာလဲ…”


တောထဲတွင် ကြောက်လန့်နေတတ်သည့် ကောငယ်ကလေးမှာ ည‌ဘက်တွင် တစ်ယောက်နေရလျှင်လည်း ကြောက်လန့်နေပေလိမ့်မည်။


ရန်သာ့လန် အခန်းဘက်သို့ တစ်ကြိမ်ထပ်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည် “ အခုက အရမ်းနောက်ကျနေပြီ..”


မည်သို့ပင်ဆိုစေကာမူ ရန်သာ့လန်အား နှစ်ပေါင်းများစွာ သိလာသည့်မြောင်ချမ်းမှာ အဆိုပါ သိသိသာသာဂရုစိုက်နေသောအကြည့်ကို မည်သို့လွတ်သွားနိုင်မည်နည်း။ ရုတ်တရက်ဆိုသလို မြောင်ချမ်း၏စိတ်ထဲတွင် သူ၏အကောင်းဆုံးညီအစ်ကို ခိုးယူခံလိုက်ရသည့်ခံစားချက်ပေါ်ပေါက်လာကာ သူ၏မျက်‌နှာမှာနက်မှောင်သွားခဲ့သည်။ သို့သော်လည်း အကြီးဆုံးသားမှာ ဆုံးဖြတ်ချက်ချပြီးလျှင် ပြင်ရန်ခက်ခဲလှကြောင်းကိုမူ သူသိနေပြီး‌ဖြစ်သည်။


မြောင်ချမ်း သူ၏ဒေါသကိုထိန်းလျက်ဖြင့်သာ ပြန်ပြောလိုက်ရသည် “ ကောင်းပြီလေ..  ဒါဆိုလည်း မနက်ဖြန်ကြရင် ငါတို့မိသားစုက စပါးစိုက်ဖို့သွားကြမလို့လို့ လာပြောတာရယ်…မနက်ခင်းစောစောလာရမှာနော် မမေ့နဲ့ဦး..”


“ ကောင်းပြီ…”


ရန်သာ့လန် တုန့်ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်ကို မြင်ရမှသာ မြောင်ချမ်း အဆုံး၌ တည်ငြိမ်သွားပြီး ပြန်သွားခဲ့သည်။


ခဏအကြာတွင် ‌ရန်သာ့လန် မြောင်ချမ်း၏မိသားစုနှင့်အတူ စပါးစိုက်ရာတွင် ကူညီရန်သွားကြမည်ဖြစ်ကြောင်းကို မြောင်ဟယ်သိလိုက်ရသည်။ အနည်းငယ်မသက်မသာသောခံစားချက်တစ်ခု သူ၏နှလုံးသားထဲတွင် ဖြစ်ပေါ်လာကြောင်းကို သတိပြုမိသွားသည်နှင့် မြောင်ဟယ်၎င်းကို အလျင်အမြန်ဖယ်ထုတ်လိုက်မိသည်။ အဆိုပါမရင်းနှီးသောခံစားချက်ကို ဖယ်ထုတ်ပြီးချိန်တွင် ဤရက်များအတွင်း အချိန်မည်မျှကျန်ရှိမည်ကို မြောင်ဟယ် စတင်တွက်ချက်လိုက်သည်။ ဤသို့ဖြင့် သူ တန့်ရှန်းမည်မျှပင် ဆက်လက်စိုက်ပျိုးနိုင်သွားနိုင်မည်နည်း….


[Note - Dang shen ဂျင်ဆင်းကဲ့သို့ အပင်တစ်မျိုးပါ။ ခါးသက်သက်နဲ့ ဆေးဖက်ဝင်ပါတယ် ]


မြောင်ဟယ်၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုမှာ တစ်ညတာလုံး တည်ရှိနေသောကြောင့် ရန်သာ့လန် အကြိမ်အနည်းငယ်မျှ မြောင်ဟယ်ကို ကြည့်လိုက်မိသော်လည်း မြောင်ဟယ်မှာမူ ၎င်းကိုသတိပြုမိခြင်းမရှိချေ။


နောက်တစ်နေ့ မနက်စောစောတွင် မြောင်ဟယ် အလုပ်သို့သွားသည့်ရန်သာ့လန်ကို ပျော်ရွှင်စွာလက်ဝှေ့ယမ်းပြလိုက်ပြီးနောက် အနောက်ဘက်ခြံဝန်းစီသို့ ပြန်သွားလိုက်သည်။ ထို့နောက် ယမန်နေ့တွင် တူးဆွထားခဲ့သောမြေပေါ်၌ စိုက်ပျိူးထားသည့် တန့်ရှန်းအစေ့များကို စတင်ရိတ်သိမ်းလိုက်သည်။ ပထမဆုံးတူးယူမှုမှာ မြောင်ဟယ်ကိုထိတ်လန့်သွားစေခဲ့သည်။ အပင်အမြစ်များမှာ အပေါ်ဖက်မျက်နှာပြင်တွင်ပင် ထွက်ပေါ်နေပြီး ၎င်း၏အရွယ်အစားမှာ တောထဲမှသာမန်အပင်များထက် သုံးဆခန့်ပိုမိုကြီးမားနေခဲ့သည်။


“ ဒါကတကယ်ကြီး ရောင်းလို့ကောရပ့ါမလား…’


မြောင်ဟယ် တန့်ရှန်အပင်များ၏ပုံမှန်မဟုတ်သော ကြီးထွားနေပုံကို မြင်ရချိန်တွင် အချိန်ခဏမျှစိတ်ညစ်သွားရသည်။ ထို့နောက်တွင်မှသာ တန့်ရှန်းအပင်၏အမြစ်များကို အပိုင်းပိုင်းလှီးဖြတ်၍ နေရောင်အောက်တွင် အခြောက်ခံရန်လိုကြောင်း ရန်သာ့လန် သူ့ကိုသတိပေးခဲ့သည်အား ပြန်လည်အမှတ်ရသွားသည်။ ဤသို့ဖြင့် မြောင်ဟယ် အလွန်ကြီးမားနေသော တန့်ရှန်းမြစ်များကို လှီးဖြတ်ကာ နေရောင်အောက်တွင် အခြောက်ခံလိုက်ရသည်။ ပုံမှန်မဟုတ်ကြီးထွားနေသောအရင်းအမြစ်များကို ဖြုန်းတီးလိုက်သလို ဖြစ်နေခဲ့သော်လည်း အရာတိုင်းမှာ လုံခြုံစိတ်ချရသေးသည်ဖြစ်ရာ အဆင်ပြေနေပါသေးသည်။ မြောင်ဟယ် တန့်ရှန်းအစေ့ နောက်တစ်သုတ်ကို ထပ်မံစိုက်ပျိုးလိုက်ပြီး ယခုတစ်ကြိမ်တွင်မူ ယခင်ကဲ့သို့ အလွန်အမင်းကြီးထွားမသွားစေရန်အတွက် ရိတ်သိမ်းချိန်အပေါ်ပို၍ သတိထားရပေတော့မည်။


ထို့နောက် မြောင်ဟယ် ကြက်သွန်မိတ်အစေ့များကို ထုတ်ယူလိုက်သည်။ ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန်အားထုတ်ပြီးနောက်တွင် အဆုံး၌ သူသိမ်းထားခဲ့သောအစေ့များကို ပထမဆုံးအသုတ်အဖြစ် ထွန်ယက်ထားပြီးသည့် ယာမြေပေါ်တွင် စိုက်ပျိုးနိုင်ပြီဖြစ်သည်။ အဆင့်မြင့်တင်ပြီးဖြစ်သော ကြက်သွန်မိတ်အစေ့များကို အခြားသောဟင်းသီးဟင်းရွက်များစိုက်ပျိုးသည့်တိုင်းပင် မြေကြီးပေါ်တွင်ချကာစိုက်ပျိုးလိုက်ပြီး ကျန်သောအစေ့များကိုမူ စားသုံးရန်အတွက် သိမ်းဆည်းထားလိုက်သည်။ 


သူပထမဆုံးဤနေရာသို့ရောက်လာခဲ့စဉ်အခါက မြောင်ဟယ်ထံတွင် ရှီရန်၌စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်မည့်အခွင့်အရေးမျိုး မရှိခဲ့ပေ။ ယခုအချိန်တွင်မူ သူနှင့်ရန်သာ့လန်တို့အကြားရှိ အလွန်ကွာဟနေသောအလုပ်ချိန်တို့ကြောင့် မြောင်ဟယ် ဟင်းသီးဟင်းရွက်များကို ဦးဆုံးစိုက်ပျိုးရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင်မှ တန့်ရှန်းပင်များကို ထပ်ခါတလဲလဲစိုက်ပျိုးမည်ဖြစ်သည်။


မြောင်ဟယ် ကြက်သွန်မိတ်အစေ့များကိုယူကာ ဟင်းသီးဟင်းရွက်များကို ဦးဆုံးစိုက်ပျိုးလိုက်သည်။ ခဏမျှစောင့်ဆိုင်းနေစဉ်အတွင်း ပြန်လှည့်ကာ ကြက်ခြံကို အသေအချာ သန့်ရှင်းလိုက်သည်။ ထို့နောက်တွင် ဆေးဆရာများမှ ဆေးဝါးအဖြစ်အသုံးမပြုနိုင်မည့် အရွက်များကိုနှုတ်ယူလိုက်ပြီး အပိုင်းပိုင်းလှီးဖြတ်ကာ ကြက်များကိုကျွေးလိုက်သည်။ သူ၏ချစ်ခင်ရသောသူသွားသမျှနေရာတိုင်းသို့ အနောက်မှတကောက်ကောက်လိုက်နေသည့် သာ့ပိုင်မှ တမြောင်မြောင်အော်မြည်ကာ လှီးဖြတ်ထားသောအရွက်ဝေစုကို တောင်းခံလာသည်။


ကြက်ခြံကိုရှင်းလင်းနေစဉ်အတွင်း နောက်ဆုံးဥထားသော ကြက်ဥများကိုမြင်လိုက်ရချိန်တွင် မြောင်ဟယ်ကျေနပ်သွားရသည်။ ကြက်မသုံးကောင်မှ ဥလေးလုံးဥထားသည် အသေအချာပင် ကောင်းမွန်စွာထွန်ယက်ထားသည့်မြေပေါ်မှ အသီးအရွက်များကို တိရစ္တာန်များအားကျွေးခြင်းမှာ ၎င်းတို့ကို အာဟာရပြည့်ဝနေစေပြီး အံ့ဩစရာကောင်းသည့်ရလဒ်ကိုယူဆောင်လာပေးသည်။ မြောင်ဟယ် ကြက်ဥတစ်လုံးတလေကိုမျှ ဥပေါက်ရန် မထားခဲ့ချင်ပေ။ သူအမှန်တကယ်ပင် ရက်စက်စွာဖြင့် ၎င်းတို့အားလုံး‌ကို နေ့လယ်စာအဖြစ်စားရန် ဆုံးဖြတ်လိုက်သည်။


စိတ်ကျေနပ်စွာဖြင့် ယာမြေအစွန်းသို့ပြန်ရောက်ချိန်တွင် အရွက်သစ်များထွက်နေပြီဖြစ်သော ကြက်သွန်မိတ်တစ်ခင်းလုံးကို မြင်လိုက်ရသည်။ ယခုတစ်ကြိမ်တွင်မူ သူအစေ့များရရန် စောင့်ဆိုင်းနေစရာမလိုတော့ဘဲ ကြက်သွန်မိတ်အရွက်များကိုသာ အဓိကထား၍ခူးဆွတ်လိုက်သည်။ ခူးဆွတ်ခြင်းအတွက် အချိန်များစွာ မကြာလိုက်ဘဲ ခဏလေးနှင့်ပင် ခူးယူထားပြီးဖြစ်သောအရွက်များပါသည့် ခြင်းတစ်ခြင်းမှာ ပြည့်လျှံသွားခဲ့သည်။ နောက်ဆုံး၌ မြောင်ဟယ် တန့်ရှန်းစေ့များကို တစ်ကြိမ်ထပ်မံစိုက်ပျိုးလိုက်ပြီးနောက် အိမ်သို့ချက်ပြုတ်ရန်ပြန်သွားလိုက်သည်။


ကြက်ဥများရှိနေခြင်းကြောင့် နေ့လယ်စာစာရင်းတွင် ကြက်ဥနှင့်ကြက်သွန်မိတ်ပန်ကိတ်ကိုပါ ပေါင်းထည့်ရန် မြောင်ဟယ်ဆုံးဖြတ်လိုက်သည်။


အချိန်ခဏနှင့်ပင် မြောင်ဟယ် ရှေးနည်းလမ်းများအတိုင်း ဂျုံနယ်လိုက်ပြီး အချိန်တစ်ခုခန့် ပွစေရန် ထားထားလိုက်သည်။ ဂျုံပွစေရန် စောင့်ဆိုင်းနေချိန်တွင် အစောပိုင်းကတူးခဲ့သော တန့်ရှန်းမြစ်များကို စစ်ကြည့်လိုက်ရာ သေးငယ်သောသစ်ရွက်စိမ်းကလေးမှာ အမြစ်ပေါ်တွင် ပေါက်နေသည်ကိုမြင်လိုက်ရသည်။ မြောင်ဟယ် အချိန်ကို တိတိကျကျတွက်ချက်လိုက်ပြီး အကြမ်းဖျင်းအားဖြင့် နာရီဝက်ကုန်ဆုံးသွားသည်နှင့် သူအပင်တစ်ပင်ထပ်မံစိုက်ပျိုးရမည်ဖြစ်သည်။


တန့်ရှန်းပင်စိုက်ရာတွင် ဒုက္ခအများဆုံးအချက်မှာ ၎င်းအပင်သည် ရိတ်သိမ်းရာတွင် အမြစ်ကိုသာသုံးရန်လိုအပ်သောကြောင့် တစ်ပင်လုံးကို နှုတ်ပစ်ရခြင်းဖြစ်ရာ ထိုအပင်ကို အသီးများ၏ပုံစံ သို့မဟုတ် အသီးများခူးဆွတ်ခြင်းနှင့် နှိုင်းယှဉ်၍မရချေ။ အသီးများမှာမူ သစ်ကိုင်းမှဆွတ်ယူသည့်အတွက် ခူးဆွတ်ယူနေသည်မှလွဲ၍ မည်သည့်အရာမှလုပ်ရန်မလိုဘဲ သူ့ဘာသာကြီးထွားနေမည်ဖြစ်သည်။ ထိုအစား တန့်ရှန်းမြစ်များမှာ တစ်ပင်ချင်းစီလိုက်လံနှုတ်ယူရမည်ဖြစ်သည်။ ဤကဲ့သို့ ရိတ်သိမ်းရာတွင် မတွင်ကျယ်‌သည့်တိုင် မြောင်ဟယ် ၎င်းကိုစိုက်ပျိုးချင်စိတ်ရှိနေသေးပြီး ၎င်း၏ကောင်းမွန်လှသောရောင်းဈေးကြောင့် အနှောင့်အယှက်ဖြစ်သည်ဟူ၍ မယူဆနိုင်ပေ။


အပင်များကိုစစ်ဆေးပြီးချိန်တွင် မြောင်ဟယ် မီးဖိုရှိရာသို့မသွားခင် ပထမဆုံး ဂျုံကိုပြားသွားစေရန် မျက်နှာပြင်ပေါ်သို့ ဖိနယ်လိုက်ပြီး ၎င်းပေါ်တွင် ဆီပါးပါးတစ်ထပ်သုတ်လိုက်သည်။ ဆီနှင့်ထင်းမီးကိုပိုမိုချွေတာနိုင်ရန်အတွက် မြောင်ဟယ် သူ၏မူလကမ္ဘာတွင်ရှိစဉ်ကကဲ့သို့ အမြဲလိုဆီများများသုတ်လိမ်း၍မရချေ။ ထိုမျှသာမက မည်သည့်အရာမဆို အလွန်အကျွံသုံးစွဲခြင်းမျိုးကိုလည်း သူသည်းမခံနိုင်ပေ။ ထို့အပြင် ပျိုးပင်များကိုလည်း အနောက်ဘက်ခြံဝန်းတွင် ထားထားသောကြောင့် ဆီအနည်းငယ်မျှသုတ်လိုက်ခြင်းသည်သာ အဆင်ပြေပေလိမ့်မည်။ ဆီသုတ်လိုက်ပြီးနောက် ကြက်သွန်မိတ်စိမ်းထူထူ အလွှာတစ်ခုဖြူးကာ ဆားခပ်လိုက်ပြီး မော်ဒန်ခေတ် တရုတ်ပေါင်မုန့်လိမ်ကဲ့သို့ ဂျုံကိုလိပ်လိုက်သည်။ တစ်ခုလုံးကိုလိပ်ပြီးချိန်တွင် အတုံးသေးသေးလေးများအဖြစ် လှီးဖြတ်လိုက်ပြီး အီကြာကွေးကဲ့သို့ တဖန်ပြန်လိပ်လိုက်ကာ အခွေပုံသဏ္ဍာန်မုန့်ပြားအဖြစ် ဖိလိုက်သည်။ အဆုံး၌ မုန့်သားမှာ ပြီးစီးသွားချေပြီ။


မုန့်သားမှာ အချိန်ခဏမျှသာ ကြော်ရန်လိုအပ်သည်။ ပန်ကိတ်၏အပြင်ခွံမှ ရွှေညိုရောင်သန်းလာသည်နှင့် ကြက်ဥကိုခေါက်ကာ အပေါ်တွင်တင်လိုက်မည်ဖြစ်ကာ မော်ဒန်ခေတ်နေ့ရက်များတွင် မြောင်ဟယ်လုပ်နေကြဖြစ်သော ကြက်ဥကြက်သွန်မိတ်ပန်ကိတ်တို့နှင့် တစ်ပုံစံတည်းပင်ဖြစ်သည်။


မြောင်ဟယ် ပန်ကိတ်လေးခုကို ချွေးတစ်စက်မှပင်မထွက်ဘဲ လုပ်လိုက်နိုင်သည်။ သူ့ကိုယ်တာအတွက် တစ်ခုယူကာစားကြည့်လိုက်ချိန်တွင် အရသာမှာ ချက်ချင်းဆိုသလို သူ၏လျှာပေါ်၌ ရူးသွပ်စွာအရည်ပျော်ကျသွားခဲ့သည်။ အစိမ်းရောင်ကြက်သွန်မိတ်နှင့်ကြက်ဥတို့၏အနံ့များမှာ သူ၏နှာခေါင်းနှင့်အရသာဖုများကို နှိုးဆွပေးလိုက်နိုင်ပြီး အလွန်အရသာရှိလှသောကြောင့် မြောင်ဟယ် လျှာကိုပင်ကိုက်မိလုမတတ်ဖြစ်သွားရသည်။


ကျန်ရှိနေသည့်အပိုင်းများကိုမူ ရန်သာ့လန်အိမ်သို့ပြန်ရောက်လာချိန်တွင် စားရန်ချန်ထားလိုက်သည်။ ပန်ကိတ်များကို ဆီ၊ဆားနှင့်ဂျုံဖြူတို့ဖြင့် လုပ်မိခဲ့ခြင်းကြောင့် မြောင်ဟယ်၏စိတ်ထဲတွင် ၎င်းတို့ကိုအသိမပေးဘဲ သုံးမိခဲ့ခြင်းအပေါ် အပြစ်ရှိစိတ်တစ်ခုရှိနေခဲ့သည်။ ထိုမျှသာမက ရန်သာ့လန် အလုပ်မှပြန်လာချိန်တွင် မြို့ထဲသို့ခေါ်သွားခိုင်းရန်လည်း မြောင်ဟယ်ပြင်ဆင်ထားမိသည်။


ယခုအချိန်တွင် သူ၏လက်ထဲ၌ တန့်ရှန်းမြစ်များစွာကို စုဆောင်းမိထားပြီးပြီဖြစ်သည်။ တန့်ရှန်းမှာ မရောင်းရသေးလေလေ ၎င်း၏ အရည်အသွေးကျဆင်းတတ်လေလေဖြစ်သောကြောင့် အိတ်ထဲတွင် ငွေပြားများစွာသိမ်းဆည်းထားနိုင်ရန်အတွက် မြောင်ဟယ်အနေဖြင့် မြို့ထဲမှဆေးဆိုင်များနှင့် ဆက်သွယ်နိုင်မည့်အခွင့်အရေးရရန် ရှာဖွေထားရမည်ပင်။ ထိုအရာများနှင့်ပတ်သက်၍ ခိုင်မာသောအစီအစဉ်တစ်ခုရှိထားပြီးဖြစ်သောလည်း မြို့ထဲသို့သွားရန်အခွင့်အရေးမှာမူ ပြတ်လပ်နေဆဲပင်ဖြစ်သည်။


ထို့ထက်ပိုသည်မှာ မြောင်ဟယ် သူ၏ဂုဏ်သတင်းမှာ အပြစ်သားတစ်ယောက်သဖွယ်ဖြစ်နေသည်ကို သိရှိထားပြီးဖြစ်သောကြောင့် ရန်သာ့လန်ကိုသာ သူနှင့်အတူလိုက်ရန် ခေါ်မသွားမိပါက နောက်တစ်ကြိမ် ဇီးပင်အောက်တွင် အချည်ခံထားရမည်ကို စိုးသောကြောင့် သူထပ်မံ၍ထွက်ပြေးသွားမိနိုင်သည်။ ထို့အပြင် ယခုအချိန်တွင် ရန်သာ့လန်၏သဘောတူညီမှုမှာလည်း သူ့အတွက် အလွန်အရေးပါနေခဲ့သည်။


ထိုနေ့ညနေတွင် ရန်သာ့လန် အလွန်နောက်ကျသည့်အချိန်မှသာ ပြန်ရောက်လာခဲ့သည်။ သူပြန်ရောက်ချိန်တွင် ပြန်လာမည့်အချိန်ကိုမှန်း၍ ပြုလုပ်ထားခဲ့သောပန်ကိတ်များမှာ အကြိမ်ပေါင်းများစွာ ပြန်လည်အပူပေးပြီးနောက် အေးစက်နေခဲ့လေပြီ။ မြောင်ဟယ်အဖို့ အနှီလူမှာ ညစာစားရန် အိမ်ပြန်မလာလောက်ဘူးဟုပင် ထင်မိသွားရသည်။


တိတ်ဆိတ်ငြိမ်သက်နေသောအခန်းအတွင်း လူတစ်ယောက်၏ပုံရိပ်ကိုပင် မမြင်နိုင်ခဲ့ပေ။ အမှောင်ထုမှာ အိမ်အတွင်းအပြင်နှစ်ခုစလုံးကိုဝန်းရံထားပြီး အခန်းထဲရှိ စားပွဲပေါ်မှဆီမီးအိမ်၏ မှိတ်တုပ်မှိတ်တုပ်အလင်းရောင်လေးသည်သာ အခန်းအတွင်း အလင်းပြန်နေခဲ့သည်။ သို့သော်လည်း ၎င်းမှာများစွာအထောက်အကူမရဘဲ အိမ်အတွင်း အေးစက်မှောင်မိုက်နေဆဲပင်ဖြစ်သည်။


မြောင်ဟယ် တစ်ဖက်လူပြန်လာရန် စောင့်ဆိုင်းနေရသည်။ သူ၏လက်မောင်းများကြားတွင် ‌သာ့ပိုင်ကို ဖက်ထားမိသည့်တိုင် အနည်းငယ်မသက်မသာမှုကို ခံစားနေရဆဲပင်။ မြောင်ဟယ် အဆင်မပြေနေပါ။ ရန်သာ့လန်မှာ အမဲလိုက်သွားသည့်အချိန်မှလွဲ၍ ဤကဲ့သို့နောက်ကျမှအိမ်ပြန်လာခြင်းမျိုး မရှိခဲ့ဖူးပေ။ ယနေ့တွင် သူ မြောင်ချမ်းတို့အိမ်သို့ စပါးကူစိုက်ရန် သွားရောက်ခြင်းဖြစ်လေရာ ဖြစ်နိုင်သည်မှာ သူတို့ရန်သာ့လန်ကို ညစာစားရန်ဖိတ်ခေါ်ခဲ့ခြင်းများ ဖြစ်နေမည်လားဟု မြောင်ဟယ်‌တွေးနေမိသည်။


“ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခေါက်တော့ပြန်လာပြီး ညနက်မယ်ဆိုတဲ့အကြောင်းကိုတော့ လာပြောရမှာပေါ့…”


 မြောင်ဟယ် အနည်းငယ်ညည်းတွားလိုက်မိသည်။ ထို့အပြင် စားပွဲပေါ်ရှိ ကြက်ဥကြက်သွန်မိတ်ပန်ကိတ်များမှာလည်း အမှန်တကယ်ကိုပင် ရန်သာ့လန်စားရန်အတွက်သာ ရည်ရွယ်၍အများကြီးလုပ်ထားမိခဲ့ခြင်းဖြစ်လေသည်။


“ သူကငါ့ကိုအများကြီးဂရုစိုက်ပေးခဲ့တော့ ငါလည်း သူ့အတွက်အရသာရှိတာလေးလုပ်ပေးချင်တာပေါ့…သည်‌နေ့ကြမှညနက်မယ်လို့ ဘယ်သူသိနိုင်မှာလဲ..”


“ သည်လိုသာဆိုရင် မြောင်ချမ်းများဖြစ်နေနိုင်မလား … သူ့နှလုံးသားထဲမှာရှိတဲ့သူက…ဘယ်လိုပဲဖြစ်ဖြစ်ပါ မြောင်ချမ်းကြည့်ရတာ အတော်လေးတော့ စိတ်အားထက်သန်ပုံပဲ...  မဟုတ်လောက်…”


ရန်သာ့လန်အိမ်သို့ပြန်ရောက်လာချိန်တွင် ကောငယ်လေးမှာ ဆီမီးအိမ်ရှေ့တွင်ထိုင်ကာ စားပွဲပေါ်တွင် ပန်ကိတ်သုံးခုရှိပြီး ကြောင်နက်လေးကိုပွေ့လျက် သူ့ကိုစောင့်နေသည်အား မြင်လိုက်ရသည်။


ရန်သာ့လန်၏တည်ရှိမှုကို သတိပြုမိသွားချိန်တွင် မြောင်ဟယ် သူ၏ရှေ့မှ အရပ်ရှည်ရှည်လူကိုကြည့်ကာ မေးလိုက်သည်


 “ ပြန်လာပြီပဲ ညစာကောစားပြီးပြီလား…”


မမျှော်လင့်ပါဘဲ ရန်သာ့လန်မှ ခေါင်းယမ်းပြလာသည်


 “ အခုထိ မစားရသေးဘူး…”


မြောင်ဟယ် တည့်တည့်ကြည့်လိုက်ပြီးနောက် မျက်တောင်တစ်ချက်ခတ်လိုက်သည်။ ထို့နောက် ကြောင်ကိုအဝေးသို့ပို့ကာ ပန်းကန်ကိုကိုင်၍ ထရပ်ဟန်ပြင်လိုက်သည် “ ဒါဆိုရင် ကျွန်တော်ခင်ဗျားဖို့သွားနွှေးပေးမယ်…”


လက်တစ်ဖက်မှ မြောင်ဟယ်၏လက်ကောက်ကိုဆုပ်ကိုင်ကာ မလိုကြောင်းပြောလာခဲ့သည်။ ထို့နောက် ရန်သာ့လန် ပန်ကိတ်တစ်ပိုင်းကိုယူကာ ဝါးလိုက်လေသည်။ ပန်ကိတ်များမှာ ကြက်ဥနှင့်ဆီများပါရှိသောကြောင့် အေးသွားချိန်တွင် ပို၍ပင်ဆီများလာခဲ့သည်။ သို့သော်လည်း အနှီလူမှ အရသာရှိသည်ဟု ပြောလာဆဲဖြစ်သောကြောင့် မြောင်ဟယ်အံ့အားသင့်သွားရလေသည်။


အမည်မသိနိုင်သောအကြောင်းပြချက်ဖြင့် မြောင်ဟယ်

ပျော်ရွှင်သွားရကာ အခန်းအတွင်း ထပ်၍အေးစက်စက်ဖြင့်မှောင်မိုက်နေခြင်းမျိုး မရှိတော့ဘူးဟူ၍ပင် ခံစားလိုက်ရသည်။