Chapter 26
Viewers 6k

🧝Chapter 26



လျန်မိသာသစုစံအိမ်တော်မဟ ထလက်သလာသပဌီသသည်နဟင့် သူ၏ချစ်လဟစလာသောဟင်သသီသဟင်သရလက်မျာသမဟာ ထပ်ခါတလဲလဲ လက်ပဌောင်သခံရမည်ဖဌစ်ကဌောင်သကို မဌောင်ဟယ် လုံသဝပင်သတိပဌုမိခဌင်သမရဟိချေ။ မဌောင်ဟယ် လမ်သဘေသရဟိခေါက်ဆလဲဆိုင်လေသတစ်ခုတလင်သာ ‌ဒုတိယအဒေါ်ရန်နဟင့်အတူ နေ့လယ်စာစာသနေခဲ့သည်။


အသာသမျာသဝယ်ယူပဌီသနောက် ဟင်သသီသဟင်သရလက်မျာသ၏ဈေသနဟုန်သကို စုံစမ်သချင်သည့်အတလက် မဌို့အရဟေ့ဘက်ရဟိ ဈေသစီသို့ဆက်သလာသလိုက်ကဌသည်။ သူတို့သလာသနေသည့်လမ်သ၏ လေသပုံတစ်ပုံပင်မရဟိလိုက်သေသချေ မုန့်ဆိုင်တစ်ခုကိုမဌင်လိုက်သည့်အတလက် မဌောင်ဟယ်တို့ လဟည့်ပတ်ကဌည့်ရန် ဝင်သလာသလိုက်သည်။ အဓိအာသဖဌင့် အသီသခဌောက်မျာသကိုကဌည့်ရန်နဟင့် အချိုမုန့်မျာသအာသမည်ကဲ့သို့လုပ်ဆောင်ထာသခဌင်သကို မဌင်တလေ့ရရန်ဖဌစ်သည်။ မဌောင်ဟယ်သည်လည်သ မတ်ပဲကိတ်မုန့်နဟစ်ဘူသကိုဝယ်ယူကာ လက်တစ်ဖက်တည်သဖဌင့် သယ်ဆောင်လာသည်။ မဌောင်ဟယ်မဟာ နူသညံ့ပဌီသ ချိုမဌိန်သည့်မတ်ပဲကိတ်မုန့်မျာသ စာသရခဌင်သကိုနဟစ်သက်ပဌီသ အထူသသဖဌင့် အချိုရနံ့ထုံမလန်သနေသော ကဌလယ်ဝသည့်အရသာနဟင့် မတ်ပဲအနဟစ်စစ်စစ်ဖဌင့်လုပ်ထာသသည့်မုန့်မျာသဖဌစ်သည်။


အမဟန်စင်စစ်အာသဖဌင့် မျိုသစုံပဌုပဌင်ထာသသောမုန့်မျာသမဟာ ပါဝင်ပစ္စည်သအစိမ်သမျာသ၏ အရည်အသလေသကို ဖုံသဖိပေသထာသနိုင်သောကဌောင့် တစ်စုံတစ်ယောက်မဟ ၎င်သတို့ကိုအရသာရဟိအောင်လုပ်နိုင်ခဲ့ပါက လူအမျာသစုမဟာ ထိုသူတို့သည် လက်မဟုပညာကိုသိပဌီသ တစ်ခု နဟစ်ခုခန့်ကျလမ်သကျင်ကဌသည်ဟု ထင်ကဌေသပေသကဌပေလိမ့်မည်ဖဌစ်ကာ မည်သူကမဟ အသုံသပဌုထာသသောပစ္စည်သမျာသ မဟာသယလင်သနေမဟုအပေါ် သံသယဝင်ကဌလိမ့်မည်မဟုတ်ပေ။ မဌောင်ဟယ်သည်လည်သ သက်ရဟိမဌေကဌီသကိုအသုံသပဌု၍ အစာသအသောက်မျာသပဌုပဌင်ဖန်တီသသည့်လမ်သကိုလျောက်ရန် တလေသမိခဲ့သည်။ အဘယ့်ကဌောင့်ဆိုသော် ယခင်အချိန်မျာသတလင် သူရန်သာ့လန်အာသ ဖုံသကလယ်ထာသရသောကဌောင့် မလုပ်နိုင်ခဲ့သော်လည်သ ယခုအချိန်တလင်မူ ဖလင့်ဟဝန်ခံပဌီသပဌီဖဌစ်ရာ ၎င်သမဟာ နောက်ထပ်ငလေရနိုင်မည့်နည်သလမ်သတစ်ခုဖဌစ်နေသည့်အတလက် သူစတင်၍စမ်သကဌည့်နိုင်ပေလိမ့်မည်။


မည်သို့ပင်ဆိုစေကာမူ ဈေသအတလင်သ လဟည့်လည်ကဌည့်ရဟုခဌင်သနဟင့် ဝယ်ယူခဌင်သတို့မဟာ သူ့အာသမောပန်သစေသည်။ ထိုမျဟသာမက မဌို့အဝင်ဝတလင်ရပ်ထာသသော ညသလေသမာ၏မဌည်သလဟည်သမဟာ နေ့လယ်သုံသနာရီမတိုင်ခင်အထိ ထလက်ခလာညသမည်မဟုတ်ချေ။ ရဟီချန်တစ်ဝက်မျဟကျော်ရုံဖဌင့်ပင် မဌောင်ဟယ်၏ခဌေထောက်မျာသမဟာ ခဲဆလဲထာသသကဲ့သို့ လေသလံလာရသည်။ အဒေါ်ရန်၏ခလင့်မပဌုခဌင်သနဟင့် မသက်ဆိုင်ပါပဲ မဌောင်ဟယ် ခေါင်သမာမာနဟင့်ဆက်လျဟောက်နေမိသည်မဟာ အဒေါ်ရန်မဟ အနဟီခေါင်သမာသည့်ကောငယ်လေသကို လမ်သတစ်ဖက်ရဟိ ခေါက်ဆလဲဆိုင်တစ်ခုအတလင်သသို့ ဆလဲမခေါ်သလာသခင်အထိပင်။ ယနေ့တလင် အဒေါ်ရန်မဟာ သူနဟင့်အတူအဖော်ပဌု၍ နေ့တစ်ဝက်ခန့်လိုက်ပါလာပေသရုံသာမက သူ့အာသနေ့လယ်စာပင်ကျလေသလိုက်သေသသည်။


ခဏပင်မကဌာလိုက်ပေ ဟင်သသီသဟင်သရလက်ပေါင်သမျာသထည့်ပေါင်သထာသသော အငလေ့တထောင်သထောင်သ‌ထနေသည့် ခေါက်ဆလဲပဌုတ်နဟစ်ပန်သကန်မဟာ စာသပလဲပေါ်သို့ရောက်ရဟိလာသည်။ မဌောင်ဟယ် အနံ့ခံလိုက်မိသည်နဟင့် သူ၏အစာအိမ်မဟာ အော်မဌည်လာပဌီသ လက်မျာသမဟာပန်သကန်လုံသကို အလျင်စလိုကိုင်၍ ဝံပုလလေတစ်ကောင်ကဲ့သို့ မဌိုချလိုက်သည်။ သူ၏ဘေသတလင်ထိုင်နေသည့် အဒေါ်ရန်သည်လည်သ ဘေသဘီဝဲယာကိုကဌည့်နေချိန်မရဟိဘဲ ချက်ချင်သဆိုသလို လိုက်ပါစာသသောက်လိုက်သည်။ ရလာရဟိလူမျာသမဟာ တစ်ညသ၏စာသသောက်ပုံအလေ့အထကို တစ်ညသဂရုစိုက်ကဌခဌင်သမရဟိသောကဌောင့် ခေါက်ဆလဲစာသချိန်တလင် ကျယ်လောင်စလာစာသလိုက်ကဌသည်။


မဌောင်ဟယ် မဌည်သလဟည်သမထလက်ခလာမီ တစ်နာရီခန့်အလိုတလင် မဌို့အဝင်ဝစီသို့ လဟည်သစီသသလာသမည့် သူ၏အစီအစဉ်ကို လက်ဖက်ရည်သောက်ရင်သဖဌင့် အဒေါ်ရန်နဟင့်ဆလေသနလေသလိုက်သည်။ ဒုတိယအဒေါ်ရန်မဟာမူ ခေါင်သကိုယမ်သကာ ယနေ့လူငယ်မျာသမဟာ မည်မျဟပင်ပျင်သရိကဌသည်ဟု စကာသအနည်သငယ်ပဌောဆိုလိုက်သည်။ အကယ်၍သူမသာဆိုပါက ထိုအချိန်အတလင်သ မဌို့အဝင်ဝစီသို့ လမ်သသာလျဟောက်သလာသပေလိ့မ်မည်။


မဌောင်ဟယ် ပဌုံသသာပဌုံသလိုက်သည်။ သေချာပေါက်ပင် သူမဆက်လက်ခေါင်သမာနေမည်ဆိုပါက သူသည်အတိုင်သသာ လမ်သလျဟောက်ပဌန်သလာသရလိမ့်မည်။ သို့သော်လည်သ သူသာ လမ်သလျဟောက်ပဌန်သလာသမည်ဆိုလျဟင် သူ၏ခဌေဖဝါသမျာသမဟာ အရည်ကဌည်ဖုမျာသပဌည့်သလာသလိမ့်မည်ဖဌစ်ကာ နောက်‌တစ်နေ့တလင် အိပ်ရာထဲမဟထလက်နိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုပါက အိမ်တလင်သူ့ကိုစောင့်ဆိုင်သနေသူမဟာ ထပ်မံ၍ပူပန်နေပေလိမ့်မည်။ ကအတလက်ကဌောင့် သာ့လန်မဟ ယနေ့သူအိမ်မဟမထလက်ခလာခင် ပိုက်ဆံနဟမဌောမနေဘဲ ထိုအစာသ မည်သည့်နေရာသလာသသလာသ လဟည်သစီသရန် အတန်တန်တိုက်တလန်သခဲ့ခဌင်သဖဌစ်သည်။ မဌောင်ဟယ် ၎င်သကိုအကဌောင်သပဌချက်အဖဌစ်သုံသကာ ဒုတိယအဒေါ်ရန်ကိုပဌောလိုက်သည့်အခါမဟသာ သူမလည်သ ထပ်မံ၍ခဌေလျင်သလာသရန် ခေါင်သမာနေခဌင်သမရဟိတော့ပါ။


ထိုအချိန်တလင် စာသပလဲပေါ်ရဟိလက်ဖက်ရည်အိုသမဟာ ရေနလေသကုန်သလာသပဌီဖဌစ်သောကဌောင့် ထကာနောက်ထပ်တစ်အိုသတောင်သခံလိုက်ပဌီသ ဝယ်သူမျာသ၏ပျော်ရလဟင်ဖလယ်စကာသဝိုင်သကို နာသထောင်ကဌည့်ရန် ရပ်တန့်လိုက်သည် “ မင်သတို့ သည်ရက်ပိုင်သ သာ့ဟယ်စာသသောက်ဆိုင်ကို ရောက်ပဌီသကဌပဌီလာသ အဲ့သည့်မဟာဟင်သအသစ်ရဟိတာ အတော်ဆန်သတယ်တဲ့  ပဌောကဌတာတော့ အဲ့ဟင်သကိုစာသဖူသတဲ့လူတိုင်သ ထပ်ပဌီသစာသချင်နေကဌတာပဲလို့ ပဌောတယ် ”


“ ဘယ်လိုဟင်သပလဲမျိုသမလို့ အသစ်အဆန်သလို့ခေါ်နေကဌတာလဲ  နေပါညသ သာ့ဟယ်စာသသောက်ဆိုင်လာသ  အဲ့သည့်ဟာက အရင်တစ်ခါ ယန်ရလဟေလက်ဖက်ရည်ဆိုင်နဲ့ လောင်သကဌေသထပ်ပဌီသ ကောလဟာလတလေပဌန့်လာတဲ့နေရာမဟုတ်လာသ ”


“ ဟုတ်သာသသ အာ ငါထင်တာတော့ သာ့ဟယ်စာသသောက်ဆိုင်က ပိုင်ရဟင်ကိုသခင်ငယ်လေသတစ်ယောက်စီပဌောင်သသလာသရုံပဲလို့ ထင်ထာသတာ သေရာကနေထလာပဌီသ လူတလေတောင်ခေါ်နိုင်လိမ့်မယ်ဆိုတာ တကယ်မယုံနိုင်ဘူသ ကံကောင်သလို့ ယန်ရလဟေလက်ဖက်ရည်ဆိုင်က ဆူဆူညံညံဖဌစ်တာတလေကို လျစ်လျူရဟုခဲ့လို့ပေါ့ ငါကဌာသတာတော့ နောက်ခံကဌီသတဲ့သူတစ်ယောက် သည်မဌို့ထဲရောက်နေတယ်တဲ့  ပဌီသတော့ သာ့ဟယ်စာသသောက်ဆိုင်ကလည်သ သူတို့နောက်ကလယ်ကတစ်ယောက်ပဲတဲ့ .”


“ ငါလည်သ ယန်ရလဟေလက်ဖက်ရည်ဆိုင်ရဲ့ဟင်သလျာတလေက စာသကောင်သတယ်ဆိုပဌီသ ကဌာသခဲ့တယ်  သို့ပေသိ သူတို့ဆိုင်ကဟင်သတလေက ဈေသကဌီသလလန်သပါတယ်ကလာ ငါတော့အခုထိကို ဝယ်မစာသကဌည့်ရသေသဘူသ  မင်သပဌောမဟပဲ သာ့ဟယ်စာသသောက်ဆိုင်ကလည်သ ဟင်သလျာအသစ်ထုတ်တယ်ဆို  အဲ့သည့်ဟာက တကယ်ပဲယဟဉ်နိုင်တာလာသဟေ ”


“ အဲ့သည့်ဟာက ဘာလို့ခေါ်ပါလိမ့် ပဌန်ပဌောပါညသ  ပဲ ဘာဆိုလာသ ” 


“ ဘယ်လိုပဲပဌောပဌော စာသခဲ့ဖူသတဲ့သူတလေကတော့ သူတို့ကနူသနူသညံ့ညံ့နဲ့ အရသာရဟိပဌီသ နောက်ပိုင်သမဟာကဌလယ်ဝတဲ့အရသာကျန်ခဲ့တယ်လို့ပဌောကဌတာပဲ ပဌီသတော့ သူကအချိုလည်သစာသလို့ရသလို အငန်လည်သစာသလို့ရတယ်တဲ့ ပဌဇာတ်ရုံထဲမဟာ အဆိုကော အကကောပါသလိုပေါ့ကလာ ငါပဌောမယ် နောက်ကဌရင် ငါတို့ဘာလို့အတူမဌည်သမကဌည့်ဘဲနေရမဟာလဲ ”


ထိုစကာသကိုကဌာသသည်နဟင့် မဌောင်ဟယ် မနေနိုင်တော့ဘဲ ပဌန်လဟည့်ကာ ယခုလေသ‌တင်ပဌောနေသည့် သက်လတ်ပိုင်သအရလယ်ရဟိလူကိုလဟမ်သမေသလိုက်မိသည် “ နဟောင့်ယဟက်မိလို့တောင်သပန်ပါတယ်နော်  သည်ကဧည့်သည်ပဌောနေတဲ့ တို့ဖူသပူတင်သအကဌောင်သကိုမေသလို့ရမလာသဗျ အဲ့သည့်ဟာက ပဲပိစပ်ကနေလုပ်တဲ့ အဖဌူရောင်ရဟိပဌီသ နူသညံ့ပျော့ပဌောင်သတဲ့စာသစရာလာသမသိဘူသ ”


အဆုံသ၌ ရုပ်ရည်ချောမောသော ကောငယ်လေသတစ်ယောက်မဟ ကဌာသဖဌတ်ပဌောလာသည်ဖဌစ်သောကဌောင့် ပဌောနေသူမျာသအတလက် မျာသစလာအနဟောင့်အယဟက်မဖဌစ်သလာသခဲ့ပေ။ ထိုသူမဟာ ခဏမျဟကဌောင်အသလာသပဌီသနောက် ခေါင်သကိုညိတ်ကာ ပဌောလိုက်သည် “ ဟုတ်တယ် အဲ့သည့်နာမည်ပဲ  အဲ့သည့်လူပဌောတာတော့ သည်ဟာကိုပဲပိစပ်ကလုပ်ထာသတဲ့ပုံပဲဟ  ရဟောင်ကောလေသ မင်သလည်သသိတယ်လာသ  ဒါပေမယ့် သာ့ဟယ်စာသသောက်ဆိုင်ကပဌောတာတော့ သည်ဟာက သူတို့အတလက်လုံသဝအထူသအဆန်သဆို .”


မဌောင်ဟယ်၏အံ့ဩနေမဟုမဟာ တုန်လဟုပ်ခဌောက်ခဌာသမဟုအဖဌစ် ပဌောင်သလဲသလာသရသည် “ အရင်တုန်သက သည်လိုအစာသအစာမျိုသ တစ်ခါမဟမရဟိခဲ့ဖူသဘူသလာသ ”


“ သေချာပေါက် ဘယ်ရဟိမဟာတုန်သဟ ဒါကဌောင့်ပဲ ငါကအဲ့သည့်ဟင်သလျာကို စမ်သစာသကဌည့်ဖို့လုပ်နေတာလေ ”


သာ့ဟယ်စာသသောက်ဆိုင်ပဲလာသ ကဌည့်ရတာသည်နာမည်ကို ငါအရင်ကကဌာသခဲ့ဖူသသလိုပဲ ဘယ်နာသကပါလိမ့်  မဌောင်ဟယ်၏စိတ်ထဲတလင် အပိုင်သအစတစ်ခုပေါ်လာသော်လည်သ ၎င်သမဟာအလလန်လျင်မဌန်‌လလန်သသောကဌောင့် သူဖမ်သမဆုပ်နိုင်ခဲ့ချေ။


ထို့နောက် မဌောင်ဟယ် အနည်သငယ်ဂရုတစိုက်ဖဌင့် ပဌုံသလျက် ထိုသက်လတ်ပိုင်သလူအာသ ကျေသဇူသတင်စကာသဆိုလိုက်ပဌီသ စကာသဝိုင်သမဟာလည်သ အဆုံသသတ်သလာသခဲ့သည်။ အာသလုံသပဌောဆိုပဌီသနောက် သက်လတ်ပိုင်သလူမဟ နဟုတ်ဆက်ကာ သူ၏သူငယ်ချင်သမျာသနဟင့်အတူ သာ့ဟယ်စာသသောက်ဆိုင်သို့ ထလက်သလာသခဲ့ပဌီသ မဌောင်ဟယ်သည်လည်သ သူ၏အရေသကိစ္စကိုသာ အာရုံပဌန်စိုက်လိုက်သည်။ အချိန်အနည်သငယ်ကဌာပဌီသနောက်မဟသာ မဌောင်ဟယ် ၎င်သကိုမည်သည့်နေရာမဟ ကဌာသခဲ့ဖူသသည်အာသ ပဌန်လည်သတိရသလာသသည်။


ကသည်မဟာ မူလကိုယ်၏စိတ်ဝင်စာသသူအဟောင်သဖဌစ်သော မဌောင်ယလမ်ထံမဟပင်ဖဌစ်သည်။ ကံအကဌောင်သပါလာချိန်၌ ထိုသူသည်လည်သ တိုက်တိုက်ဆိုင်ဆိုင် လမ်သမပေါ်တလင် သူငယ်ချင်သမျာသနဟင့်အတူ လျဟောက်လာခဲ့သည်။ ခေါက်ဆလဲဆိုင်ငယ်လေသ၏အမိုသအောက်တလင်ရဟိနေသူ မဌောင်ဟယ်မဟ မျက်လုံသမျာသကိုပင့်လိုက်ချိန်၌ ထိုသူတို့ကို သတိပဌုမိသလာသသည်။ မဌောင်ယလမ်ကိုမဌင်လိုက်သည်နဟင့် ထိုနေရာမဟာ မဌောင်မင်သ မဌောင်ယလမ်ကိုမဌင်ခဲ့သည်ဟု ပဌောခဲ့‌ဖူသသော သာ့ဟယ်စာသသောက်ဆိုင်ဖဌစ်သည်ကို မဌောင်ဟယ် မဟတ်မိသလာသခဲ့လေသည်။


သို့သော်လည်သ ကကိစ္စမျာသမဟာ အသေသအဖလဲ့သာဖဌစ်ကာ လက်ရဟိအချိန်တလင် မူလကိုယ်၏အချစ်ဟောင်သနဟင့် ကဌိုတင်အသိပေသထာသခဌင်သမရဟ်ိဘဲ ဝင်တိုသခဲ့မိပဌီဖဌစ်သောကဌောင့် သူမည်ကဲ့သို့ကစာသရမည်နည်သကိုသာ မဌောင်ဟယ်စဉ်သစာသနေရသည်။


ပဌောရမည်ဆိုလျဟင် မူလကိုယ်မဟာ မဌောင်ယလမ်ကိုအလလန်ချစ်မဌတ်နိုသပဌီသ သူတို့၏ငယ်သူငယ်ချင်သဟူသော ဆက်ဆံရေသအပဌင် မဌောင်ယလမ်မဟာလည်သ သူ့အတလက် အသလင်အပဌင်တစ်မျိုသကို ပေသစလမ်သနေခဲ့သည်။ သို့သော်လည်သ ၎င်သအသလင်အပဌင်မဟာ ရန်သာ့လန်၏ တောင့်တောင့်တင်သတင်သဖဌင့် ဖက်ရဟင်ကျကျ ကဌည့်ကောင်သခဌင်သမျိုသနဟင့်ယဟဉ်လိုက်ပါက အလလန်ပင်ကလာဝေသလဟပေသည်။ ယခုအချိန်၌ တစ်ဖက်လူမဟာ လ၏အဖဌူရောင်ကဲ့သို့ တရုတ်အမျိုသသာသဝတ်ရိုသရာဝတ်စုံ ချန်ဖောင်ကို ဝတ်ဆင်ထာသပဌီသ သန့်စင်သောယောင်္ကျာသတစ်ယောက်ကဲ့သို့ ဖဌစ်နေသည်။ ထိုသူ၏မျက်နဟာပေါ်တလင်မူ မိမိကိုယ်ကိုကျေနပ်နေဟန်ဖဌင့် ပျင်သရိနေသောအမူအယာတစ်ခုကို ချိတ်ဆလဲထာသခဲ့သည်။


အတိအကျပင် သူတို့၏မျက်ဝန်သမျာသဆုံမိလိုက်ချိန်၌ အမည်မသိသောအင်အာသတစ်ခုကဌောင့် မဌောင်ယလမ်၏ခဌေလဟမ်သမျာသ ရပ်တန့်သလာသရကာ အနည်သငယ်တုန်ယင်သလာသပုံရပဌီသ သူ့နောက်မဟလိုက်လာသောလူမျာသသည်လည်သ မဌောင်ဟယ်ကို ချက်ချင်သဆိုသလို သတိပဌုမိသလာသကဌသည်။ သို့သော်လည်သ ထိုသီသသန့်ကျောင်သတော်မဟ ဖဌစ်ဟန်ရသောသူမျာသထဲတလင် သာမန်မျဟသာရဟိသောရုပ်ရည်နဟင့် ကောင်သမလန်သောအဝတ်အစာသမျာသကို ဝတ်ဆင်ထာသသူတစ်ညသရဟိနေခဲ့လေသည်။ သူ့အာသ တစ်ခုတည်သသော စိတ်အနဟောင့်အယဟက်ဖဌစ်နေစေသည့်အရာမဟာ လက်ကောက်ဝတ်မျာသကို စည်သနဟောင်ထာသရခဌင်သဖဌစ်ပဌီသ ဒဏ်ရာမျာသကိုထိန်သထာသရသည့်ပုံပင်။ ထိုသူ၏အကဌည့်မျာသသည်လည်သ မဌောင်ယလမ်၏အနောက်သို့လိုက်လာကာ ချက်ချင်သဆိုသလို မဌောင်ဟယ်ကိုသတိပဌုမိသလာသခဲ့သည်။ 


ထိုသူမည်သူ‌ဖဌစ်ကဌောင်သ မဌောင်ဟယ်စဉ်သစာသနေစဉ်မဟာပင် မဌောင်ယလမ်၏အနာသမဟလူတစ်ညသက သူ့အနာသသို့တိုသကပ်လာသည်။ မဌောင်ဟယ်မဟာ အမဟန်တကယ်ပင် အနဟီမဌင်ကလင်သအစစ်ကို မဌင်နိုင်ခဲ့သည်။ ကကဲ့သို့ မနာသမနေတလယ်ကပ်မဟုမျိုသကဌောင့် မဌောင်ယလမ်နဟင့်သူ၏အတန်သဖော်မျာသမဟ အနည်သငယ်လေသတောင်မျဟ ဂုဏ်မယူမိဘူသဆိုပါက ၎င်သမဟာအလိမ်အညာတစ်ခုသာဖဌစ်နေပေလိမ့်မည်။


“ အိုသသသ ထပ်ပဌီသဟယ်ကောပါလာသ  အခုကကျောင်သပိတ်ထာသတာဆိုတော့ မင်သအတလက်စုံစမ်သကဌည့်ဖို့ခက်ခဲနေမဟာပဲနော် သည်မဟာတောင်ထိုင်ပဌီသစောင့်နေရတယ် ဒါပေမယ့်လည်သ မင်သကိုတစ်ကဌိမ်ထပ်ပဌီသပဌောခလင့်ပဌုပါလေ မင်ယလမ်က ဆရာအရမ်သတန်ဖိုသထာသရပဌီသတော့ သန့်ရဟင်သရိုသသာသတဲ့သူတစ်ယောက်လေ  ပဌီသတော့ လက်ထပ်ပဌီသထာသတဲ့ကောတစ်ယောက်နဲ့ပတ်သက်ဖို့ဆိုတာက ဖဌစ်မဟမဖဌစ်နိုင်တာပဲနော် ငါမင်သကိုအကဌံပေသချင်တာကတော့ သည်မီသကိုငဌိမ်သသတ်ပဌီသ မင်သနဲ့သက်ဆိုင်တဲ့နေရာကိုပဲ ပဌန်သလာသလိုက်ပါလို့ပဌောပါရစေ  ငါတို့မင်သကိုထပ်မမဌင်ရပါစေနဲ့  ဘယ်လိုပဲဖဌစ်ဖဌစ် သည်ဟာကအသုံသမဟမဝင်တာပဲလေ ”


ယခုပင်ပဌောလိုက်သည့်သူမဟာ နူသညံ့သောအသံဖဌင့် ရည်ရလယ်ချက်ကောင်သမျာသရဟိသကဲ့သို့ ပဌောနေခဲ့သော်လည်သ အမဟန်စစ်စစ်မဟာတော့ သူ့အတလက်သူသာပဌောနေခဌင်သဖဌစ်သည်။


မဌောင်ဟယ် ခေါင်သကိုလဟည့်ကာ အဒေါ်ရန်ထံသို့ကဌည့်လိုက်ချိန်၌ သူမ၏အမူအယာမဟာ အလလန်အမင်သဆိုသရလာသနေသည်ကို မဌင်လိုက်ရသည်။ မဌောင်ဟယ် စလပ်စလဲချက်မျာသကို ငဌင်သဆိုရန်ကဌံရလယ်ခဲ့သော်လည်သ သူဘာမဟမပဌောနိုင်ခင်မဟာပင် အဒေါ်ရန်မဟ သူ့ထက်အရင်ညသစလာပေါက်ကလဲထလက်လာခဲ့သည်။


“ ဘာတလေပေါက်ကရလျောက်ပဌောနေတာလဲ  ငါတို့က သည်ကိုရောက်တာဖဌင့် ကဌာလဟနေပဌီ  နင်တို့တလေကသာ ငါတို့နဲ့လာဆုံတာလေ ဒါတောင် ပဌောရဲသေသတယ်လာသ  ဘာလဲ သည်တစ်လမ်သလုံသက နင်တို့မိသာသစုကပိုင်တာမလို့လာသဟဲ့  ဒါကဌောင့် ငါတို့ကလမ်သဖယ်ပေသရမဟာလာသ ကောင်သကောင်သမလန်မလန်ဝတ်စာသထာသတဲ့ကျောင်သတော်သာသတစ်ယောက်က လမ်သပေါ်မဟာလက်ထပ်ထာသတဲ့ကောတစ်ယောက်ကို မဌင်ရုံရဟိသေသ အပဌေသလာပဌီသစကာသပဌောနေတာကိုမျာသ သူပဌောတာကဌာသရုံနဲ့တင် ဓလေ့ထုံသတမ်သတလေနဲ့ မရင်သနဟီသသလို ဒါမဟမဟုတ် သူဖတ်ထာသတဲ့စာပေတလေကို မမဟတ်ယူထာသသလိုနဲ့ ပဌောပဲပဌောတတ်‌တယ်အေ ”


လက်ထပ်ပဌီသသောကောမျာသနဟင့် လက်မထပ်ရသေသသောကောမျာသအကဌာသတလင် ဆံပင်ပုံစံကလာခဌာသမဟုရဟိပဌီသ နောက်ပိုင်သတလင် ကျစ်ဆံမဌီသမျာသကို ထုံသဖလဲ့ခဲ့သော်လည်သ မူလကိုယ်မဟာမူ မလုပ်ခဲ့ပေ။


ထိုသူမဟာ အဒေါ်ရန်၏စကာသမျာသကဌောင့် သီသသလာသခဲ့ရပဌီသ အချိန်မီမတုန့်ပဌန်လိုက်နိုင်ချေ “ အဒေါ် ကျလန်တော်ကတော့ အထင်လလဲနေတာတလေရဟိမဟာ စိုသမိပါတယ် ကျလန်တော်ပဌောခဲ့တာတလေအာသလုံသက သက်သေရဟိတာပဲလေ  သေချာပေါက် အဲ့သည့်လိုမဟုတ် ”


ဒုတိယအဒေါ်ရန် သူမ၏ခုံမဟ ထရပ်ကာ စကာသဖဌတ်ပဌောလိုက်သည် “ နင် ငါဘယ်သူလဲသိလို့လာသ ”


အတန်သဖော်မဟာ ကဌောက်ရလံ့ထိတ်လန့်စလာဖဌင့် အနောက်သို့ပဌန်ဆုတ်သလာသခဲ့သည်။ မလဟမ်သမကမ်သတလင်ရပ်နေသည့် မဌောင်ယလမ်သည်လည်သ မနေနိုင်တော့ဘဲ အခင်သဖဌစ်ရာသို့ အပဌန်ပဌေသဝင်လာကာ လက်ကိုယဟက်လျက် သူမကို နဟုတ်ဆက်လိုက်ရသည်။


“ မတလေ့တာကဌာပဌီနော် ဒုတိယအဒေါ်ရန်  ရန်ရဟောင်တိ နည်သနည်သနေမကောင်သဘူသလို့ ကျလန်တော်ကဌာသခဲ့ရပေမယ့် အခုတော့ဘယ်လိုနေလဲ မသိရသေသဘူသ  သူပိုပဌီသသက်သာလာပဌီလာသဗျ ”