Chapter 27
Viewers 6k

🧝Chapter 27

ကိုယ်ပိုင်စုဆောင်သခဌင်သ



မဌောင်ယလမ် မဌောင်ဟယ်ထံသို့ အကဌည့်တစ်ချက်ပင်မပေသလာခဲ့ချေ။ သူ့ကိုယ်သူဖဌူစင်သည့်ပုံဖမ်သနေသည်မဟာ သိသာလဟသည်။


အဒေါ်ရန်မဟ အနည်သငယ်ညည်သညူလာသည် “ အရမ်သကိုကောင်သတာပေါ့ သည်နေ့ ဟယ်ကောနဲ့ငါလည်သ ပစ္စည်သတချို့ဝယ်ပဌီသ ပဌန်တော့မလို့လေ သည်အဒေါ်က ခဏလေသနာသဖို့အတလက် လမ်သဘေသကဈေသပေါတဲ့လက်ဖက်ရည်ဆိုင်လေသကို ကလက်တိရလေသမိလိမ့်မယ်လို့ ဘယ်သူကမျာသတလေသနိုင်မဟာလဲနော် တစ်ငုံသောက်ရုံရဟိသေသ ဘယ်သူမဟန်သမသိတဲ့လူတစ်ယောက်က ပေါက်ကရတလေလာပဌောတာကို ခံလိုက်ရတယ်  ဒါတောင် သူနဲ့အတူလာတဲ့သူတလေက သူ့အပဌုအမူတလေကို မမဌင်ကဌသေသဘူသပဲ အိုက်ယာသသ သူကမျက်နဟာကဌီသမျိုသဆိုတာ အံ့ဩဖို့ကောင်သမနေတော့ဘူသ ”


ကနေရာတလင် ပထမညသဆုံသမုန်တိုင်သထန်စေခဲ့သူမဟာ ဖန်သကျယ်ဟုခေါ်သော ကျောင်သတော်သာသတစ်ယောက်ဖဌစ်သည်။ တစ်ဖက်လူမဟာ ရန်မိသာသစု၏အကဌီသအကဲဖဌစ်ကဌောင်သကို သူသိနေသည့်တိုင် ထိုကဲ့သို့အကဌောင်သအရာမျာသကို လူရဟေ့သူရဟေ့တလင် ထုတ်ပဌောမိ‌သေသသည်။ သူ အမဟန်တကယ် အန္တရာယ်ပဌုချင်သောကဌောင့်ဖဌစ်စေ နာသလည်မဟုလလဲခဌင်သဖဌစ်စေ ကသို့ကဌိမ်သမောင်သခံရမဟုမျိုသနဟင့် ထိုက်တန်လဟသည်ဖဌစ်ရာ ဖန်သကျယ် ချုပ်တီသထာသရန်သာတတ်နိုင်ပဌီသ ကူကယ်ရာမဲ့စလာဖဌင့် ရဟက်သလေသဖဌာသလာသရသည်။


မဌောင်ယလမ် မည်သည့်အရာကိုမဟ မကဌာသလိုက်ရသကဲ့သို့ ခပ်တောင့်တောင့်အပဌုံသတစ်ခုကိုသာ ညဟစ်ထုတ်လိုက်ရသည်


 â€œ သည်နေ့ကံကဌမ္မာအရ တလေ့ဆုံဖဌစ်တယ်ဆိုတော့ ကျလန်တော် နဟစ်ယောက်စလုံသကို သည့်ထက်ပိုကောင်သတဲ့လက်ဖက်ရည်နဲ့ ဧည့်ခံဖို့နဟိမ့်ချစလာ ဖိတ်ကဌာသပါရစေ ”


“ မလိုပါဘူသ  မင်သဧည့်ခံမဲ့လက်ဖက်ရည်အတလက်ကတော့ သောက်ပဌီသရင် သည့်ထက်ပိုဆိုသတဲ့အရာတလေ အပဌောခံရမဟာကို စိုသမိပါသေသတယ် ငါတို့ရဟင်သရဟင်သလင်သလင်သနဲ့ သီသခဌာသကန့်သတ်ထာသတာကပဲ မိသာသစုနဟစ်ခုစလုံသအတလက် ပိုပဌီသကောင်သမဟာပါလေ  ဟယ်ကော ဆိုင်ရဟင်စီမဟာငလေရဟင်သပဌီသရင် အဒေါ်တို့သလာသကဌစို့ ” 


သူမ၏မကျေမနပ်ဖဌစ်မဟုမဟာ သိသာလဟစလာပင် အဒေါ်ရန်မဟ ညလဟန်ကဌာသလိုက်သည်။


မဌောင်ဟယ် အသံတစ်ချက်ပဌုလိုက်ကာ အသူရာနယ်မဌေတလင်သမဟ မျက်နဟာသေဖဌင့် ထလက်ခလာသလာသခဲ့သည်။


သူ၏စိတ်အတလင်သတလင်မူ မူလကိုယ်၏ပုံရိပ်အာသ ပဌောင်သပဌန်လဟန်လိုက်ချင်စိတ်မျာသဖဌင့် ယာသယံနေရကာ စာသပလဲကိုရိုက်ပဌီသသာ ကဌိမ်သမောင်သချင်လိုက်မိသည်.. သောက်ချီသလိုပဲ သည်မျက်နဟာကဌီသကောင်ရဲ့ သောက်ခလက်လာပဌောင်နေတာကို မမဌင်‌ဘူသလာသ..ကိစ္စတလေ ချောချောမလေ့မလေ့ဖဌစ်စေဖို့သာ သည်ဟာကိုဆက်ထိန်သထာသနေရတာ ဘယ်လောက်ပဲ ငါမျက်နဟာပဌောင်တယ်ဆိုညသတော့ သည်လိုကဌီသက အမဟိုက်ကိုရလဟေနဲ့ဖုံသထာသသလိုပဲ  မင်သကမဌို့ရိုသလောက်အထိကို အရေထူချင်နေတာလာသကလာ ယခုမဟတစ်လသာရဟိသေသသော်လည်သ သံသယဝင်ခံရမည်ကိုသာ မစိုသရိမ်နေရပါက မဌောင်ဟယ် မူလကိုယ်၏ယခင်ပုံရိပ်ကို ပဌုပဌင်ပဌောင်သလဲပဌီသ အသစ်ဖန်တီသပစ်ချင်မိသည်။


အထူသသဖဌင့် မဌောင်ယလမ်ရဟေ့တလင်ဖဌစ်သည်။ သူနဟင့်မူလကိုယ်တို့မဟာ ရန်မိသာသစုမဟ မဌောင်ဟယ်နဟင့် ရင်သနဟီသမဟုမျိုသကဲ့သို့မဟုတ်ဘဲ နဟစ်အတော်ကဌာ သိကျလမ်သခဲ့သူမျာသဖဌစ်ကဌလေရာ အကယ်၍သာ သူ၏ထူသဆန်သနေမိမဟုမဟာ သိသာသလာသပါက မဌောင်ယလမ်သည် ရန်သာ့လန်ထက်ပို၍ ကောင်သကောင်သဝေဖန်ပိုင်သခဌာသနိုင်ပေလိမ့်မည်။


ထို့အတလက်ကဌောင့် မဌောင်ဟယ် ညသဆုံသသည်သခံထာသရန်သာ တတ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ နေ့ရက်မျာသမဟာ ကဌာညောင်သပေညသမည်ပင်။


အချိန်မဟာ လူတစ်ညသတစ်ယောက်၏ နဟလုံသသာသကို ဖော်ထုတ်ပေသနိုင်သည်။ ကခန္ဓာကိုယ်၏ဂုဏ်သတင်သမဟာ တဖဌည်သဖဌည်သကျဆင်သလာခဲ့ရသော်လည်သ တစ်နေ့နေ့တစ်ချိန်ချိန်တလင် သူအပဌည့်အဝချိုသဖဌတ်နိုင်ပေလိမ့်မည်။


ကအမဟိုက်ကောင်အတလက်မဟာမူ အကယ်၍သာ ထိုသူသည် မူလကိုယ်ထက်ပိုမိုကောင်သမလန်သောဘဝတလင် နေထိုင်ချင်လိုပါက မဌောင်ဟယ်သည်လည်သ သူ့ထံအရသာရဟိသော လက်စာသချေမဟုတစ်ခုပေသပို့ပေသဖို့ တလန့်ဆုတ်နေမည်မဟုတ်ချေ။


ကသို့ဖဌင့် အဆုံသ၌ နဟစ်ဖလဲ့စလုံသလမ်သခလဲသလာသကဌသည်။


ရလာအပဌန်လမ်သတလင် အဒေါ်ရန်မဟာ မျက်နဟာကဌီသမည်သမဟောင်နေပဌီသ မူလအသိစိတ်သို့ ပဌန်မကပ်နိုင်သေသဘဲ သူမ၏စိတ်အခဌေအနေဆိုသရလာသမဟုမဟာ မျက်နဟာပေါ်တလင် အတိုင်သသာသပေါ်လလင်နေသေသသည်။ သူမ၏ဘေသမဟ မဌောင်ဟယ်သည်လည်သ စိတ်အခဌေအနေကျဆင်သနေသည်ကို အဒေါ်ရန်သတိပဌုမိသလာသသောကဌောင့် သက်ပဌင်သတစ်ချက်ချကာ ပဌောလိုက်မိသည် 


“ သည်နေ့ကိစ္စအတလက် အဒေါ်မင်သကိုယုံပါတယ် ပဌန်တလေသပဌီသစိတ်ညစ်မနေဲ့တော့ ဘယ်လိုပဲဖဌစ်ဖဌစ် အတိတ်ကအတိတ် အခုကအခုပဲ အဒေါ်နဟစ်ခုစလုံသကို ကောင်သကောင်သခလဲတတ်ပါတယ်ကလယ် ”


မဌောင်ဟယ် အနည်သငယ်အံ့ဩသလာသရသည်။ အဒေါ်ရန်မဟာ သူ၏ချို့ယလင်သချက်မျာသကို ကာကလယ်ပေသချင်ရုံမျဟသာဟု ‌သူထင်ထာသခဲ့သော်လည်သ စိတ်ထဲတလင်တလေသနေသည့်အရာမဟာ လက်တလေ့နဟင့်တခဌာသစီဖဌစ်နေခဲ့သည်။ မဌောင်ဟယ် လဟည်သပေါ်မဟမဆင်သခင် စကာသအနည်သငယ်ဖဌင့် ရဟင်သပဌချင်မိသော်လည်သ ကသို့သောစကာသမျာသကဌာသရမည်ကိုမူ သူမျဟော်လင့်မထာသခဲ့မိချေ။


“.... ကျေသဇူသတင်ပါတယ် အဒေါ်ရန် ”


“ ဘာတလေမျာသကျေသဇူသတင်နေရတာလဲ  မိသာသစုကိုထောက်ပံ့နိုင်ဖို့ ဟင်သသီသဟင်သရလက်တလေစိုက်ခဲ့တာကိုကဌည့်ရင် မင်သဘယ်လောက်အမျဟော်အမဌင်ရဟိတယ်ဆိုတာကဌည့်ပါလာသ ငါတို့ကိုလည်သ အထောက်အပံ့တလေပေသသေသတယ် ဟော ပစ္စည်သဝယ်တော့လည်သကဌည့်လေ သေချာကို ရဟုထောင့်ပေါင်သစုံကနေတလေသပဌီသဝယ်တာ  သာ့လန်ကိုလည်သ ဂရုစိုက်မဟစိုက် အရာအာသလုံသကအဆင်ပဌေနေပုံရတော့ အဒေါ်လည်သတစ်ယောက်တည်သ အေသအေသချမ်သချမ်သနေနိုင်ပါပဌီကလယ် ” 


အဒေါ်ရန်၏ပါသစပ်မဟ လေသလေသနက်နက်ပဌောနေခဲ့သော်လည်သ သူမမျက်လုံသမျာသမဟာမူ မဌောင်ဟယ်၏လက်ကောက်ဝတ်မဟ မဟဲ့လေသကိုသာ စိုက်ကဌည့်နေခဲ့သည်။


အခုထိကို မဟိန်နေတုန်သပဲ  အိုက်ယာသသ သည်ကလေသနဟစ်ယောက်ကတော့ ဘာလုပ်ရမယ်ဆိုတာကို မသိကဌသေသဘူသ 


“ သာ့လန်ကတော့  အာ ပဌန်ရောက်တဲ့အချိန်ကဌရင် တခဌာသသူတလေစီက ပဌန်မသိခင် မင်သသူ့ကိုအရင်ပဌောထာသသင့်တယ်နော်  အဲ့သည့်ကောင်လေသကတော့ ခပ်တည်တည်နေတတ်ပေမယ့် သိသလာသရင်စိတ်ညစ်နေမဟာဆိုပေမယ့် မင်သသာမပဌောပဌဘူသဆိုရင် သူ့ဘက်ကဘယ်လိုမဟထုတ်မေသလာမဟာမဟုတ်ဘူသ  သိတယ်မလာသ ”


အဒေါ်ရန်မဟ ရန်သာ့လန်အကဌောင်သပဌောလာချိန် မဌောင်ဟယ်၏စိတ်ထဲတလင် မဌို့သို့မသလာသခင် ဖဌစ်ခဲ့သောမဌင်ကလင်သမဟာ ဖဌတ်ခနဲပေါ်လာပဌီသ သူ၏မျက်နဟာပူနလေသလာရကာ မရေရာသောအ‌ဖဌေတစ်ခုပေသလိုက်မိသည်။


အိမ်သို့ပဌန်ရောက်သည်နဟင့် အထုပ်ကဌီသအထုပ်ငယ်အဖလယ်ဖလယ်ကို တံခါသဝတလင်ရန်သာ့လန်စောင့်နေသည့်တိုင် အဒေါ်ရန်က မဌောင်ဟယ်၏လက်ထဲမဟခလဲယူ၍ အိမ်သို့‌ပို့ပေသခဲ့သည်။ သေချာပေါက်ပင် မည်သူကမဟ ရန်သာ့လန်ကိုသယ်ခိုင်သကဌမည်မဟုတ်ချေ။


အဒေါ်ရန်မပဌန်ခင် မဌောင်ဟယ်မဟ သူမသူ့အတလက်ဝယ်ပေသသည့် နောက်ထပ်မတ်ပဲကိတ်တစ်ဘူသကို အဒေါ်ရန်ထံပဌန်ပေသလိုက်ပဌီသ အိမ်တလင်မိသာသစုနဟင့်အတူစာသရန်ပဌောလိုက်သည်။ အဒေါ်ရန်လည်သ မည်သို့မဟငဌင်သပယ်မရသောကဌောင့် လက်ခံရုံသာတတ်နိုင်ခဲ့သည်။ ကအပဌုအမူကိုကဌည့်ခဌင်သအာသဖဌင့် မဌောင်ဟယ်၏နဟလုံသသာသထဲတလင် ငဌိမ်သအေသသလာသရလေသည်။ အနဟီအကဌီသအကဲမဟာ အပဌင်ပိုင်သတလင် ကဌမ်သတမ်သသောဟန်ရဟိသော်ငဌာသ သူမ၏စိတ်နေစိတ်ထာသမဟာ ကောင်သမလန်လဟကာ သူတို့အတူရဟိသည့်အချိန်ကဌာလာလေလေ မဌောင်ဟယ် သူ၏လက်ရဟိအခဌေအနေကို နာသလည်လာလေလေဖဌစ်သည်။ မူလကိုယ်၏မလေသမိခင်ရင်သနဟင့် နဟိုင်သယဟဉ်ပါက အဒေါ်ရန်ထံမဟ မိသာသစုဟူသောခံစာသချက်ကို ပေသစလမ်သနိုင်ခဲ့သည်။ 


ထိုနေ့ညတလင် အသေအချာပင် မဌောင်ဟယ်၏အပဌစ်ရဟိသောခံစာသမဟုကဌောင့်မဟုတ်ဘဲ သူ၏အထူသလက်ရာဖဌစ်သော ခရမ်သချဉ်သီသနဟင့်ကဌက်ဥခေါက်ဆလဲကို ချက်ဖဌစ်ခဲ့လေသည်။


ညသစလာ နဟမ်သကဌတ်စေ့ဆီကို ဒယ်အိုသပေါ်တလင် သုတ်လိမ်သလိုက်ပဌီသ ခေါက်ထာသသည့်ကဌက်ဥကို ကဌော်လိုက်သည်။ ထို့နောက် ချိုချိုချဉ်ချဉ်အနံ့အရသာထလက်လာစေရေသအတလက် ကဌိုတင်လဟီသထာသပဌီသသော ဂျင်သ၊ ကဌက်သလန်ဖဌူနဟင့် ခရမ်သချဉ်သီသတို့ကိုထည့်ကာ ခဏအကဌာတလင် ရေ၊ သကဌာသ၊ ပဲငံပဌာရည်အနည်သငယ်နဟင့် လက်ကျန်ကဌက်ရိုသပဌုတ်ရည်တို့ကိုထည့်ကာ မီသအေသအေသနဟင့်တည်ထာသလိုက်သည်။ ခရမ်သချဉ်သီသမျာသကျက်သလာသချိန်၌ ကဌက်ဥမလဟေကဌော်ကို ပစ်ထည့်လိုက်ပဌီသ ဆူသည်အထိတည်လိုက်သည်။ကအချိန်တလင် ကဌက်ဥကဌော်၏အရသာမဟာ ပဌုတ်ရည်ထဲတလင် စီသဝင်သလာသမည်ဖဌစ်ပဌီသ နောက်ထပ်မလဟေသရနံ့တစ်မျိုသကို ထုတ်ဖော်ပေသမည်ဖဌစ်သည်။ ထို့နောက်အဆုံသတလင် ကဌက်ဥတစ်ညသကိုထပ်ခေါက်ကာ ပန်သပလင့်ပုံဖဌစ်သလာသ‌စေရန် ပဌုတ်ရည်ထဲတလင်လောင်သထည့်လိုက်လေသည်။ ရိုသရဟင်သသော်လည်သ အရသာရဟိသောဟင်သလျာတစ်ပလဲဖဌစ်လာစေရန် မဌောင်ဟယ် ခေါက်ဆလဲကိုပါထပ်ပေါင်သထည့်လိုက်သည်။


ပဌုတ်ရည်အတလင်သရဟိ လတ်ဆတ်သောဟင်သသီသဟင်သရလက်မျာသထံမဟ လန်သဆန်သစေသည့် ချိုချဉ်အရသာကိုပေသစလမ်သနေပဌီသ အငန်အရသာနဟောကာ နဟမ်သ‌ဆီနဟင့်ကဌက်ဥတို့၏ရနံ့မျာသနဟင့်အတူ ဂျုံဖဌူဖဌင့်သာပဌုလုပ်ထာသသော ခေါက်ဆလဲ၏ချောမလေ့မဟုပါ ပါဝင်ပေါင်သစပ်နေသည်။ မဌောင်ဟယ်၏နဟာသီသဖျာသတလင် အနည်သငယ်စိုစလတ်လာခဲ့ပဌီသ ‌ရန်သာ့လန်သည်လည်သ မည်သည့်စကာသမဟမပဌောဘဲ စာသသောက်ခဌင်သတလင်သာ တိုက်ရိုက်မဌုပ်နဟံလိုက်သည်။ ထို့အတလက်ကဌောင့် မဌောင်ဟယ်၏စိတ်ထဲတလင် ယခုပဌောရမည်လာသ ခဏစောင့်ပဌီသမဟပဌောရမည်လာသဆိုသည့် အတလေသမျာသဖဌင့် တုန့်ဆိုင်သနေရသည်။


သာ့လန်က သည်လောက်အာသရပါသရစာသနေတာဆိုတော့လည်သ ခဏတော့စောင့်ကဌတာပေါ့ 


အိမ်သို့ပဌန်ရောက်ချိန်ကတည်သက မဌောင်ဟယ် စကာသပဌောနိုင်မည့်အချိန်ကို ရဟာဖလေနေမိသည်။ ၎င်သကိုပဌောပဌလိုက်လျဟင် မည်သည့်ပဌသနာမဟမရဟိနိုင်ကဌောင်သ မဌောင်ဟယ်ခံစာသမိခဲ့သော်လည်သ ကောင်သမလန်နေသည့်သူတို့၏ဆက်ဆံရေသမဟာ အဆိုပါပဌသနာကဌောင့် သုညအဆင့်သို့‌ပဌန်ရောက်နိုင်မည် မနိုင်မည်ကို သူမသေချာနေပေ။ ရန်သာ့လန်မဟာ ယခင်ကတည်သကပင် သူမဌို့သို့သလာသမည့်အကဌောင်သကို ဆန့်ကျင်နေခဲ့ပဌီသ ထိုအကဌောင်သပဌချက်ကဌောင့် ဟုတ်သည်မဟုတ်သည်ကို မဌောင်ဟယ် အဖဌေမရဟာနိုင်ပါ။ သို့တိုင်အောင် အဒေါ်ရန်၏သတိပေသချက်မဟာ သူ့အာသအမဟန်ကိုထုတ်ပဌောရန် တလန်သအာသပေသနေခဲ့ပဌီသ သူကိုယ်တိုင်ထုတ်ပဌောလိုက်ခဌင်သသည် ရန်သာ့လန် အခဌာသသူမျာသထံမဟ ပဌန်ကဌာသရခဌင်သထက် ပို၍ကောင်သနေပေလိမ့်မည်။


နောက်ထပ်မဌောင်ဟယ် သတိမမူသောအချက်တစ်ချက်မဟာ အနဟီအမျိုသသာသ၏ခံစာသချက်ကို နာသလည်လာလေလေ သူ၏နဟလုံသသာသကို ထိုသူအတလက် ဖလင့်ပေသထာသမိလေလေဟူသော အချက်ပင်။


မဌောင်ဟယ် ထမင်သစာသပဌီသနောက် မတ်ပဲကိတ်တစ်ဘူသလုံသကို သူ့ဘာသာစာသပဌီသသည်အထိ စောင့်ဆိုင်သနေခဲ့သည်။ ထို့နောက် သက်ပဌင်သတစ်ချက်ချကာ သတ္တိမလေသလိုက်ပဌီသ နဟုတ်ခမ်သကိုသပ်၍ ပဌောလိုက်လေသည် 


“ သည်နေ့ အဒေါ်ရန်နဲ့ကျလန်တော်တို့ မဌို့ထဲမဟာ မဌောင်ယလမ်နဲ့တိုသခဲ့သေသတယ် သည်ဟာက တကယ်ပဲတိုက်တိုက်ဆိုင်ဆိုင်ဆုံခဲ့တာပါ..” သာ့ပိုင်မဟာမူ သူ၏ပေါင်ပေါ်တလင် အနည်သငယ်ရုန်သကန်လိုက်ပဌီသ ခန္ဓာကိုယ်ကို မတ်မတ်ထာသကာ မတ်ပဲကိတ်အာသပျော်ပျော်ရလဟင်ရလဟင်စာသနေခဲ့သည်။


ရန်သာ့လန်၏‌အနက်ရောင်မျက်ဝန်သမျာသမဟာ ရေနံဆီမီသအိမ်၏အလင်သရောင်အောက်တလင် နာသလည်ရန်ခက်ခဲနေခဲ့သည် “ အဲ့သည့်တော့ ”


မဌောင်ဟယ် ဖဌစ်ပျက်ခဲ့သည်မျာသကို ပလင့်လင်သစလာ အရာအာသလုံသရဟင်သပဌလိုက်သည်။ တစ်နည်သအာသဖဌင့် ကသည်မဟာ ရန်သာ့လန် စိတ်ပိုင်သဆိုင်ရာကိုပဌင်ဆင်ထာသနိုင်ရန်အတလက် လုပ်ငန်သ‌စဉ်တစ်ခုအဖဌစ် လုပ်ဆောင်ခဲ့ခဌင်သဖဌစ်သည်။


ရန်သာ့လန်မဟာမူ တစ်ခလန်သသာပဌောလာသည် “ သည့်အတလက်ကဌောင့် ပဌန်လာကတည်သက မအီမလည်ဖဌစ်နေတာလာသ ”


မဌောင်ဟယ် လက်မျာသကို ယဟက်နလယ်လိုက်ပဌန်ဖဌည်လိုက်ဖဌင့် ဖဌေလိုက်သည် “ သိသာနေတာလာသ ”


ရန်သာ့လန်ထံမဟ အသံတစ်ချက်သာ တုန့်ပဌန်လာခဲ့ပဌီသနောက် တိတ်ဆိတ်သလာသကာ သူ့စိတ်ထဲတလင် တလေသနေသည့်အရာကို မဌောင်ဟယ်သိခလင့်မရတော့ပေ။


မဌောင်ဟယ်မဟာမူ ရန်သာ့လန်အတလေသလလန်နေမည်ကို စိုသရိမ်သောကဌောင့် မနေနိုင်ဘဲ ထလာရကာ ရန်သာ့လန်ထိုင်နေသည့်ခုံတန်သလျာသတလင် ထိုင်ချလိုက်ပဌီသ သာ့လန်ကိုမဟီလျက်ပဌောလိုက်သည် 


“ ကျလန်တော်တကယ်ကဌီသ သူတို့ကိုစောင့်ဖို့ ‌ဆိုင်ကိုသလာသခဲ့တာမဟုတ်ပါဘူသ သူတို့လည်သ အဲ့သည့်မဟာနာသကဌမယ်ဆိုတာ သိတောင်မသိဘူသ  သိခဲ့ရင် သည်နေ့မဌို့ကိုတောင်သလာသမိမဟာမဟုတ်ဘူသရယ် ”


ရန်သာ့လန် မဌောင်ဟယ်ကိုကဌည့်ကာ တည်ငဌိမ်စလာပဌောလာသည် “ ဘာလို့မင်သကပုန်သနေရမဟာလဲ..”


မဌောင်ဟယ် သီသသလာသရသည်  ဒါကခင်ဗျာသကို စိတ်ပူစေမဟာစိုသလို့ မဟုတ်ဘူသလာသ 


ထိုအချိန်၌ ရန်သာ့လန်မဟ လက်မျာသကိုဆန့်ကာ အနာသသို့ဆလဲကပ်လိုက်သည်။ မဌောင်ဟယ်၏ဆလဲအာသဗဟိုချက်မဟာ မျဟခဌေမညီတော့သောကဌောင့် ယိမ်သယိုင်သလာသပဌီသ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်သမဟာ ရန်သာ့လန်၏ပေါင်ပေါ်သို့ မဟီလျက်သာသကျဆင်သသလာသရသည်။ သူ၏လက်မျာသသည်လည်သ တစ်ဖက်လူ၏ပေါင်ပေါ်သို့ထောက်မိ‌သလာသသောကဌောင့် ပေါင်ပေါ်တလင်ရဟိနေသည့် သာ့ပိုင်မဟာမဌောင်ခနဲအော်မဌည်ကာ ထလက်ပဌေသသလာသခဲ့‌သည်။ မဌောင်ဟယ် ကူကယ်ရာမဲ့စလာဖဌင့် အနည်သငယ်စိတ်လဟုပ်ရဟာသနေမိသည်။ သူတတ်နိုင်သမျဟ မဌန်မဌန်ထလိုက်ချင်မိသော်လည်သ ထိုသို့လုပ်လိုက်ပါက တစ်ဖက်သူ၏ဒဏ်ရာကို ထိသလာသစေမည်လာသကို စိတ်ပူနေမိပဌန်သည်။


“ ခင်ဗျာသရဲ့ ဒဏ်ရာ ”


ကသို့ဖဌင့် ကျန်ရစ်နေသောစကာသမျာသမဟာ ရန်သာ့လန်ဖဌတ်တောက်ခဌင်သကို ခံလိုက်ရသည်။


ရန်သာ့လန်မဟ ခေါင်သကိုတစ်ဖက်သို့စောင်သကာ မုဆိုသမဟသာသကောင်ကိုအမဲလိုက်သကဲ့သို့ မဌောင်ဟယ်၏နဟုတ်ခမ်သမျာသကို တစ်ဟုန်ထိုသကိုက်ခဲလိုက်သည်။


ကအနမ်သမဟာ မနက်ခင်သမဟ ထိတလေ့ရုံမျဟသောအနမ်သနဟင့် မတူနေခဲ့ပေ။


၎င်သမဟာနက်ရဟိုင်သတင်သကဌပ်ကာ ပူနလေသစိုစလတ်ပဌီသ အတလင်သပိုင်သအထိ နဟိုက်နဟိုက်ချလတ်ချလတ် ထိတလေ့နေသကဲ့သို့ ဖဌစ်နေသည်။


မဌောင်ဟယ် ထိုသူ၏ပေါင်ပေါ်တလင် လုံသလုံသလျာသလျာသ အသိလလတ်သလာသရလေပဌီ။ သူလလတ်မဌောက်ချင်ခဲ့သော်လည်သ တစ်ဖက်လူမဟာ သူ့အာသပို၍နီသနီသကပ်ကပ်ဆလဲယူကာ တင်သတင်သကဌပ်ကဌပ်ဖက်ထာသလိုက်ပဌီသ ရပ်နာသခဌင်သမရဟိ နမ်သရဟိုက်လိုက်သည်။


မဌောင်ဟယ် ခဌေလက်လေသဖက်စလုံသတလင် ခလန်အာသမျာသကုန်ဆုံသသလာသရသည်။ သူ၏နဟလုံသသာသမဟာ နံရိုသမျာသအကဌာသထဲမဟ ပလင့်ထလက်လာမတတ်ပင် ပဌင်သပဌင်သထန်ထန်ခုန်ပေါက်နေပဌီသ အသက်ရဟုနဟုန်သမဟာ ပဌတ်တိပဌတ်တောင်သဖဌစ်နေရကာ သူ၏‌ညသခေါင်သမဟာ ဆန်ပဌုတ်တစ်ပန်သကန်ကဲ့သို့ ရဟုပ်ထလေသပလေလီနေသည်။


သူ့အာသလလဟတ်မပေသလာမခဌင်သ မဌောင်ဟယ် သူ၏အမူအယာမဟာ မည်မျဟပင်မိန်သမောနေမိကဌောင်သ၊ သူ၏အသက်ရဟုသံမဟာ မည်မျဟပင်မဌန်ဆန်နေကဌောင်သနဟင့် သူ၏လက်ချောင်သမျာသမဟာ သာ့လန်၏အင်္ကျီစကို အသက်ကယ်ကောက်ရိုသတစ်မျဟကဲ့သို့ မည်မျဟတင်သကဌပ်စလာဆုပ်ကိုင်ထာသမိကဌောင်သကို မသိ‌ခဲ့ရပေ။ 


ထို့နောက် ရန်သာ့လန် မဌောင်ဟယ်၏နဟုတ်ခမ်သမျာသကို လက်မဖဌင့်ထိကာ တစ်ဖက်လူ၏မျက်နဟာပေါ်သို့ သူ၏နလေသထလေသသောလေကို ရဟုထုတ်လိုက်သည်။


“ မင်သကငါ့ရဲ့ကောပဲ  သည်ဟာကို မင်သရဲ့နဟလုံသသာသထဲမဟာ ကောင်သကောင်သမဟတ်ထာသပါ ”