Chapter 28
Viewers 6k

🧝Chapter 28




နောက်တစ်နေ့တွင် မြောင်ဟယ် နိုးလာသည်နှင့် ဂျင်တစ်လုံးကဲ့သို့လည်ကာ အလုပ်များနေရသည်။


သက်ရှိမြေကြီးကို ခဏမျှထိုးဆွလိုက်ပြီး အသီးအနှံအသစ်များစိုက်ပျိုးရန်အတွက် စိုက်ကွင်းဆီသို့သွားလိုက်သည်။ ပြီးနောက် မြေဩဇာပေါင်းထည့်ထားသည့် အသီးအရွက်စိုက်ကွင်းပေါ်သို့ ဖြူးလိုက်ပြီး သူစိုက်ပျိုးချင်သည့်အရာကို တခဏအတွင်းကြီးထွားလာစေရန်အတွက် ထိုးဆွထားသော သက်ရှိမြေကြီးကို အသုံးပြုလိုက်သည်။ မြောင်ဟယ် သာ့ပိုင်နှင့်ကြက်များကိုပါ အစာကျွေးလိုက်သေးသည်။ လုပ်ငန်းစဉ်အပြီးတွင် ရန်သာ့လန်အား သူ့အတွက် ကြက်သွန်မိတ်နှင့် ဝက်ခြေထောက်ပေါင်းလုပ်ပေးမည်ဟု ရှင်းပြလိုက်ပြီး မီးဖိုချောင်ထဲတွင် သူ့ကိုယ်သူနစ်မြုပ်ထားလိုက်သည်။ ကြက်သွန်မိတ်များပါသည့် ဝက်ခြေထောက်ပေါင်းမှာ သွေးအားဖြည့်ပေးကာ ယောင်ယမ်းမှုများကို လျော့ကျစေသောကြောင့် ရန်သာ့လန်အတွက် အလွန်သင့်လျော်သော အားဖြည့်စာတစ်ခုပင်ဖြစ်သည်။


မြောင်ဟယ် ထိုကိစ္စအား ကောင်းမွန်စွာမကိုင်ကွယ်နိုင်ခဲ့ခြင်းအပေါ် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ခဲ့ပါ။ မည်သည့်ကိစ္စနည်း..အတိအကျပင် ၎င်းမှာ ယမန်နေ့ညတွင် ပြင်းရှရှအနမ်းတစ်ခုမျှဝေပြီးနောက် ရှုပ်ထွေးနေဟန်လုပ်မိခဲ့ခြင်းပင်။ ထိုမျှသာမက နေပွင့်လာသည်နှင့် မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ အိပ်ရာမှထကာ နေ့စဉ်ဘဝတွင်လိုအပ်သည့် ထင်း၊ဆန်၊ဆီ၊ဆားများကို လိုက်လံစုစည်းနေခဲ့သည်။ သူ၏ယခင်ဘဝတွင် လိင်စိတ်တိမ်းညွတ်မှုကို တိတ်တဆိတ်ဖုံးကွယ်ထားခဲ့ပြီး အတိတ်တွင် တစ်ခွန်းတစ်လေလေးမျှပင် မဟခဲ့ဖူးသော မြောင်ဟယ်မှာ ဤသို့အလွန်ခက်ခဲသည့်အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်၌ မည်သို့ကိုင်တွယ်ရမည်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ချေ။


ယနေ့မနက် ရန်သာ့လန်၏မျက်လုံးများနှင့် တွေ့ဆုံရချိန်တွင် သူစိတ်လှုပ်ရှားလာကာ တစ်နေနေရာတွင် ပုန်းအောင်းချင်သလို ခံစားလာရသည်။ ရန်သာ့လန်မှာမူ သူတို့၏မှားယွင်းသောခြေလှမ်းစတင်ခဲ့ခြင်းအပေါ် စိုးရိမ်နေပုံမရပေ။ သူ့ကောငယ်လေး၏ ပန်းရောင်မျက်နှာလေးကို ကြည့်ရုံနှင့်ပင် တစ်ဖက်လူ၏နှလုံးသားထဲမှအရာများကို ချက်ချင်းဆိုသလို သိနိုင်ခဲ့သည်။


သူတို့၏အိမ်တွင်း နွေဦးကဲ့သို့ ပန်းရောင်ပူဖောင်းများ ထူထဲစွာပျံဝဲနေချိန်တွင် မြို့တော်ရှိ နာမည်အကြီးဆုံးယန်ကျိုးလက်ဖက်ရည်ဆိုင် အထူးသဖြင့် ထျန်းဇီအခန်းထဲတွင်မူ ဆောင်းရာသီကဲ့သို့ အေးခဲနေခဲ့သည်။


“ သည်ဟင်း… အရင်တစ်ခေါက်တုန်းက သည်ဟင်းက…”


အပေါ်ဆုံးအထပ် တောင်ပံ‌နေရာရှိ အဆင့်မြင့်ဆုံးပိုးထည်များနှင့်အပြောင်မြောက်ဆုံးကြွေထည်လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ အလှဆင်ထားသောအခန်းထဲတွင် နက်မှောင်နေသောအမူအယာနှင့် လူအိုကြီးတစ်ဦးရှိနေခဲ့သည်။ ထိုသူမှာ ပျော်ရွှင်ခြင်းနှင့်အသက်ရှည်ခြင်းတို့ကို အဓိပ္ပါယ်ဖော်ဆောင်သည့် သံချေးရောင်ဖူရှိုးအကွက်ပုံဖော်ထားသော နီလာအပြာဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ၏ပခုံးများကိုမတ်ကာ ထိုင်နေခဲ့သည်။ သူ့အနောက်တွင်မူ စောင့်ကြပ်ရန်အတွက်ငှားရမ်းထားသော ကောင်းမွန်စွာဝတ်စားထားသည့်အစေခံများစီတန်းရပ်နေသည်။ အနှီလူအိုကြီးမှာ တူများကိုချလိုက်သည်နှင့် ပေါက်ကွဲထွက်လာလေသည်။


ထိုအချိန်၌ လူအိုကြီး၏ရှေ့တွင် စားကောင်းသောက်ဖွယ်များဖြင့် ပြည့်နေသောစားပွဲတစ်လုံးရှိနေပြီး ပန်းကန်လုံးများနှင့် ဒယ်အိုးများမှထွက်ပေါ်နေသည့် အငွေ့အသက်များကြောင့် အရသာရှိသောလေထုတစ်ခုကိုပေးစွမ်းနေသည်။ မည်သို့ပင်ဆိုစေကာမူ ဟင်းလျာတိုင်းကို တစ်ခါသာစားထားပြီး လူအိုကြီးမှညွှန်ပြထားသော ဟင်းနှစ်ပွဲသည်သာ သုံးပုံတစ်ပုံသာကျန်သည်အထိ စားထားခံရသည်။


ဟင်းပွဲတွေကိုတောင် စားလို့မပြီးသေးဘဲ ဘာတွေများလျှောက်အော်နေတာလဲ… လူအိုကြီး၏ဘေးတွင် စောင့်ဆိုင်းနေရသော ဆိုင်ပိုင်ရှင်ကျင်းမှာ အပြင်တွင်မမေးရဲသောကြောင့် စိတ်ထဲတွင်သာမေးခွန်းထုတ်လိုက်ရသည်။ ဆိုင်ပိုင်ရှင်ကျင်းမှာ တောင်ပံအခန်းတွင်းမှ တရိုတသေဖြင့်ထွက်လာခဲ့လိုက်ပြီး စားပွဲထိုးထံအမြန်လုပ်ရန် တုန့်တုန့်ဆိုင်းဆိုင်းဖြင့် မှာကြားလိုက်သည်။


တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသောစားပွဲထိုးမှ သူ၏တောင်းဆိုချက်ကို အင်းဟုအသံပြု၍ လက်ခံလိုက်ပြီး မီးဖိုချောင်စီသို့ ‌အပြေးသွားကာ အမှာစာကိုကမ်းပေးလိုက်သည် “ ထျန်းဇီအခန်းကနေ အသီးအရွက်သုံးမျိုးကြော်တစ်ပွဲနဲ့ ခရုဆီဂေါ်ဖီထုပ်ပေါင်းတစ်ပွဲထပ်မှာထားပါတယ်…”


စားဖိုမှူးရှုဝေ၏လက်တစ်ဖက်မှာမူ ယောက်မကို ရှော့ရစွာဆုပ်ကိုင်ထားလိုက်မိပြီး “ လာမယ်…” ဟု‌အော်ကာ ကျန်လက်တစ်ဖက်မှ အနက်ရောင်အိုးထဲသို့ ဟင်းခတ်များကို ကျွမ်းကျင်စွာထည့်နေခဲ့သည်။ အိုး‌ကိုမီးဖိုပေါ်မှမြှောက်လိုက်သည်နှင့် သူအော်ပြောလိုက်လေသည်


 “ မနေ့ကအသီးအရွက်သေတ္တာထဲမှာ ကျန်သေးလားဟေ့… အကုန်သည်ကိုယူလာခဲ့ချည်..”


ဒုတိယအဆင့်စားဖိုမှူးမှာမူ သူ၏မျက်နှာကို အင်္ကျီလက်ဖြင့်သုတ်ကာ အနည်းငယ်တုန်လှုပ်နေပုံရသည် “ ဆရာရှု သေတ္တာထဲမှာ ဂေါ်ဖီလက်နှစ်ဆုပ်ပဲရှိတော့တာပါ…မုန်ညှင်းစေ့ဆီတွေကတော့ အားလုံးသုံးလို့ကုန်ပါပြီ…”


ရှုဝေ မျက်မှောင်ကြုတ်လိုက်မိသည် “ တခြားသူတွေကိုသွားပြင်ခိုင်းလိုက် မြန်မြန်လေး…”


“ ဟုတ်ကဲ့…”


မီးဖိုချောင်မှာ လူများကို ကြာမြင့်စွာမစောင့်ဆိုင်းစေခဲ့ပါ။ ဟင်းနှစ်ပွဲကိုလျင်မြန်စွာပြင်ဆင်ခဲ့ပြီး ရေခဲတောင်သဖွယ်အေးခဲနေသော ထျန်းဇီအခန်းတွင်းသို့ အပြေးပို့လိုက်သည်။ အတွင်းတွင် လူအိုကြီးမှာ မျက်လုံးများကို တစ်ဝက်သာဖွင့်ထားပြီး လက်နှစ်ဖက်ကိုဆုပ်ကာ ခါးပေါ်တွင်ထောက်ထားခဲ့သည်။ သူ၏တူများကို ထပ်မလှုပ်တော့ဘဲ ဟင်းနှစ်ပွဲရောက်လာသည်ကိုသာ စောင့်ဆိုင်းနေသည်။ ဆိုင်ရှင်ကျင်းမှာမူ စက္ကန့်တိုင်းလိုလို ကျဆင်းလာသောအောက်ဆီဂျင်ကို သတိပြုမိသောကြောင့် အသက်ပင်ဝံ့ဝံ့မရှူရဲခဲ့ပေ။ သူ၏လက်များကိုသာ ငုံ့ကြည့်နေပြီး စဉ်းစားနိုင်သမျှကို စဉ်းစားနေမိသည်။


သူ၏အတွေးမဆုံးခင်မှာပင် စားပွဲထိုးမှ အရသာရှိသောလေထုကို ဦးစွာသယ်ဆောင်လာခဲ့သောကြောင့် ဟင်းပွဲများကို စားပွဲပေါ်သို့ ရိုသေစွာတင်ကာ ပြောလိုက်ရသည် “ လူကြီးမင်းမှာယူထားတဲ့ လတ်လတ်ဆတ်ဆတ်အသီးအရွက်သုံးမျိုးကြော်နဲ့ ခရုဆီဂေါ်ဖီထုပ်ပေါင်းရပြီ… ကျေးဇူးပြုပြီး သုံးဆောင်ပါ…”


ဤသည်ကိုကြားလိုက်သည်နှင့် လူအိုကြီးမှ လက်များကိုရည်ရွယ်ချက်ရှိရှိဆန့်ကာ တူတစ်ချောင်းချင်းကောက်ယူလိုက်သည်။ အသီးအရွက်သုံးမျိုးကြော်ထဲမှ ဂေါ်ဖီမှာ တစ်ကြိမ်ထပ်မံ၍ ပါးစပ်ထဲတွင် အရသာများပေါက်ကွဲသွားပြီး မှိုများ၏ကြွပ်ဆတ်မှုနှင့်အတူ မျှစ်၏ဖျော့တော့သော စပ်ရှမှုနှင့်လိုက်ဖက်ညီနေခဲ့သည်။ လူအိုကြီးမှ ခေါင်းတဆတ်ဆတ်ညိမ့်နေခဲ့သည်။ ဂေါ်ဖီပေါင်းကိုမြည်းစမ်းပြီးသည့်အချိန်၌ လူအိုကြီးမှ သူ၏တူများကိုဒေါသတကြီးစားပွဲပေါ်တွင် ရိုက်ချလိုက်သည်။


“ မီးဖိုချောင်ကိုသွားပြီး အားလုံးကို သည်ကိုခေါ်လာခဲ့…”


ဆိုင်ပိုင်ရှင်ကျင်းမှာ သူ၏နောက်ကျောမှချွေးအေးများကိုပင် ခံစားနေရပြီဖြစ်သည်။ သူ ဦးညွှတ်ကာ အခန်းထဲမှပြေးထွက်လာလိုက်ပြီး သူ၏တည်ရှိမှုကို လျော့ချလိုက်မိသည်။ ထို့နောက် စားပွဲထိုးကို အမြန်ခေါ်ကာ လူတိုင်းကိုဤနေရာသို့လာရန်ပြောလိုက်ရသည်။ ခဏအကြာတွင် စားဖိုမှူးရှုဝေ၊ သူ၏လက်ထောက်၊ ဒုတိယစားဖိုမှူးနှင့်အတူ စွပ်ပြုတ်များနှင့်အချိုပွဲများကိုတာဝန်ယူရသူများပါမကျန် ထျန်းဇီအခန်းတွင်းသို့ရောက်ရှိလာခဲ့သည်။ ကံကောင်းသည်မှာ ထျန်းဇီအခန်းသည် လူများအချင်းချင်းမတိုက်မိသည်အထိ ကျယ်ဝန်းနေခဲ့ခြင်းပင်။ သို့မဟုတ် ဖြစ်နိုင်သည်မှာ လူအများသည် သူတို့၏အရိုးများထဲကပင် ကြောက်ရွံ့မှုကိုခံစားနေရသောကြောင့် သတ္တိမွေးရန်အတွက် ကိုယ်ကိုကျုံ့ထားမိခြင်းကြောင့်လည်း ဖြစ်နိုင်ပေမည်။


“ မင်းတို့က သည်ဟင်းပွဲတွေအားလုံးနဲ့ သာ့ဟယ်ရဲ့တို့ဖူးပူတင်းကိုကျော်‌ချင်နေတာလား…သည်လူအိုကြီးကမေးရပါဦးမယ်… မင်းတို့အဲ့သည့်က တို့ဖူးပူတင်းကို မြည်းကောမြည်းပြီးကြပြီလား…” နေရာရှိမည်သူကမှ ဦးဆုံးမဖြေရဲသောကြောင့် လူအိုကြီးမှ ထပ်ပြောလိုက်သည် “ 


ဆိုင်ရှင်ကျင်း တစ်ယောက်ယောက်လွှတ်ပြီး ချက်ချင်းသွားဝယ်ခိုင်းလိုက်ချည်…သည်လူတွေကို မြည်းစမ်းကြည့်ခိုင်းတော့မှ သူတို့ထင်ယောင်ထင်မှားဖြစ်နေတာကနေ နိုးထလာနိုင်ကြမှာ…”


“ ဒါပေမယ့်လည်း ယှဉ်ပြိုင်စရာတို့ဖူးပူတင်းမရှိရင်တောင် သည်ဟင်းပွဲတွေကတော့ အသစ်အဆန်းဖြစ်မနေသေးဘူး…” လူအိုကြီး၏အသံမှာ ပေါ့ပါးပုံရသော်လည်း စကားလုံးများမှာ လူတိုင်း၏နှလုံးသားများကို ဓားဖြင့်ထိုးနေသကဲ့သို့ ဖြစ်နေခဲ့သည်။


“ အချိန်နဲ့အမျှကွက်တိကျမဲ့ဟင်းလျာ… မင်းတို့သည်စည်းမျဉ်းကို မေ့လျော့သွားကြပြီလို့ ငါထင်တယ်…ရာသီအလိုက် ‌အကောင်းဆုံးဟင်းလျာတွေကို ပေးစွမ်းနိုင်ဖို့က ယန်ရွှေလက်ဖက်ရည်ဆိုင်ရဲ့ အဓိကကျတဲ့တာဝန်ပဲ…မင်းတို့လုပ်ခဲ့တာတွေကိုကြည့်ပါဦး… စိတ်ဝင်စားစရာမကောင်းတဲ့အပြင် လူထုကိုပေါက်ကရ‌ပစ္စည်းတွေနဲ့ ကျေနပ်အောင်ကြိုးစားမယ်ပေါ့…မလျော်ကန်လိုက်တာ…သည်ဟာတွေအားလုံးက လမ်းဘေးဆိုင်ရဲ့ဟင်းသာသာလောက်ပဲရှိတာ သည်လူအိုကြီးမှာယူဖို့ငြင်းပယ်တယ်…”


“ သည်ထဲကမှ စားလို့ရသေးတဲ့အရာက အသီးအရွက်သုံးမျိုးကြော်နဲ့ ခရုဆီဂေါ်ဖီထုပ်ပေါင်းပဲ…သည်ဟင်းပွဲတွေက အသစ်အဆန်းမဟုတ်ပေမယ့် ပါဝင်ပစ္စည်းကောင်းတွေကြောင့် လူတွေရဲ့အာရုံစိုက်မှုကို ဖိတ်ခေါ်နိုင်တယ်…ဒါပေမယ့် ဒုတိယတစ်ခေါက်ရဲ့ ဂေါ်ဖီထုပ်ပေါင်းမှာ ဂေါ်ဖီတွေက မလတ်ဆတ်တော့ဘဲ ဝါးရခက်တယ်… ပထမတစ်ပွဲတုန်းကတော့ လန်းဆန်း နူးညံ့ပြီး ကြွပ်ဆတ်နေတာ… အရည်အသွေးကွာသွားတာပဲ ဘယ်လိုဖြစ်တာလဲ…”


အားလုံးထဲတွင် ထိုအရည်အသွေးပြည့်မီသော ဟင်းသီးဟင်းရွက်များကို ဝယ်ယူခဲ့သူမှာ သူသည်သာဖြစ်သောကြောင့် ရှုဝေ တင်းကြပ်နေသောအသက်ရှုမှုကို ဖြေလျော့လိုက်ပြီး တုန့်တုန့်ဆိုင်းဆိုင်းဖြင့် ပြောလိုက်မိသည် “ သည်အသီးအရွက်တွေကို မနေ့ကမှဝယ်ခဲ့တာပါ… ပါဝင်မှုပမာဏနည်းပါးတော့ သည်နေ့ကြကုန်သွားခဲ့ပါတယ်…သည့်အတွက်ကြောင့်ပဲ တခြားအရာတွေနဲ့အစားထိုးခဲ့ရတာပါ…”


“ ဧည့်သည်တွေက အရူးမဟုတ်ဘူး… ဘယ်တော့မှ သူတို့ကိုသည်လိုမဆက်ဆံမိပါစေနဲ့… ကောင်းမှန်းသိရင် များများဝယ်ထားပေါ့…သည်လူအိုကြီးရဲ့စကားက မမှန်ပေဘူးလား…”


“ အကြီးအကဲချူပြောတဲ့အတိုင်းပါပဲ…” ကြိမ်းမောင်းခံရသော လူအုပ်ကြီး၏ကိုယ်စား နျိုနျိုမှဦးစွာပြောလိုက်သည်။


“ သည်လိုဆိုလည်း အမြန်သွားဝယ်တော့လေ…နောက်ကြရင် မင်းတို့အသီးအရွက်များများဝယ်ထားတာကောင်းမယ်… သည်လောက်အရည်အသွေးမြင့်တဲ့ပါဝင်ပစ္စည်းတွေရှိရင် မင်းတို့ဘာလို့သာ့ဟယ်က တို့ဖူးပူတင်းကိုကြောက်နေဖို့လိုမှာလဲ…ငါတို့လောင်းကြေးထပ်လို့တောင် ရသေးတယ်… လက်ခံလိုက်တာနဲ့ ငါတို့အနေအထားက နည်းနည်းနိမ့်သွားနိုင်တယ်ဆိုပေမယ့် လူတွေကိုငါတို့ကြောက်နေတယ်လို့ မထင်သွားစေနဲ့…သည်တစ်ကြိမ်တော့ စီးပွားရေးကအဆုံးသတ်‌ကို မရောက်တော့ပါဘူး… ဆိုင်ရှင်ကျင်း မင်းလုပ်နိုင်မှာလား…”


ဆိုင်ပိုင်ရှင်ကျင်းမှ ကိုယ်ကိုအမြန်ကိုင်းညွှတ်လိုက်ကာ သူ၏ခန္ဓာကိုယ်မှာ တစ်ဝက်နီးပါးပင် ခေါက်ချိုးသွားရသည် “ သည်လိုကြီးမားတဲ့တာဝန်ကြီးမှာတောင် ကျွန်တော်မျိုးကို ယုံကြည်ပေးထားမှတော့ အကြီးအကဲချူကို စိတ်မပျက်စေရပါဘူး…”


အကြီးအကဲချူဟုခေါ်သည့် လူအိုကြီးမှ လူအုပ်ထဲသို့ တစ်ချက်ကြည့်လိုက်ပြီး မထွက်ခွာခင် တစ်ခွန်းထပ်ပြောလိုက်သည် “ သည်လူအိုကြီးကို စိတ်ပျက်အောင်မလုပ်နဲ့…”


အဆိုပါအဖြစ်အပျက်အပြီးတွင် ယန်ရွှေလက်ဖက်ရည်ဆိုင်မှာ ထိုဟင်းသီးဟင်းရွက်များ၏မူရင်းကို ရူးသွပ်နေသောနွားသိုးများကဲ့သို့ အရူးအမူးလိုက်ရှာခဲ့သည်။ ဝူမျန် ဟင်းသီးဟင်းရွက်သေတ္တာကို လာရောက်ရောင်းချစဉ်အခါက လူအများ၏မျက်လုံးနှင့်နားများကို မရှောင်လွှဲခဲ့သောကြောင့် လုံလောက်စွာပင် ယန်ရွှေလက်ဖက်ရည်ဆိုင်၏ဆိုင်ရှင်ကျင်းမှ သူ့အားခြေရာခံနိုင်ခဲ့သည်။


“ အသီးအရွက်ကိုဆက်ပြီးဝယ်ချင်တာလား…” ဝူမျန်မျက်လုံးကိုလှန်ကာ ပြောလိုက်သည် “ ကောင်းပြီလေ ကျွန်တော့်စီကနေ ဝယ်လို့ရပါတယ်… နေရာကိုသိထားတော့ ကျွန်တော်ပဲ ယူလာခဲ့လိုက်မယ်…”


ထိုစကားကို ကြားရချိန်၌ ဆိုင်ပိုင်ရှင်ကျင်း၏မျက်နှာမှာ ဒီဂရီအနည်းငယ်ခနိ့ ကျဆင်းသွားရသည်။


ဒါက ဝူမျန်အတိအကျကို ဆန္ဒရှိနေတာမဟုတ်ဘူးလား… သည်ကနေ အမြတ်လိုချင်နေတာလေ…


ဟင်းသီးဟင်းရွက်ကောင်းများ


အကယ်၍သာ ၎င်းတို့မှာ သာမန်အသီးအရွက်များဆိုပါက ဆိုင်ရှင်ကျင်း ထိုအရောင်းအဝယ်ထံမှ ငွေအချို့ရယူမည့်အပေါ် များစွာဂရုစိုက်နေမည်မဟုတ်ပေ။ ရောင်းဈေးမှာသင့်တော်နေသေးသ၍ သက်လတ်ပိုင်းလူကြီး‌ဆွေးနွေးပြခဲ့သလို မည်သည့်နည်းဖြင့် သူတို့ကိုယ်တိုင် လယ်ကွင်းများထဲသို့ သွားရောက်ပြီး လယ်သမားများနှင့် မည်သို့ညှိနှိုင်းရမည်ဆိုသည့်အချက်သည်သာ လက်ဖက်ရည်ဆိုင်၏ကိစ္စဖြစ်သည်။


သို့သော်လည်း ယခုတစ်ကြိမ်မှာတော့ ဤသို့မဟုတ်နေပေ။


လက်ဖက်ရည်ဆိုင်လုပ်ငန်း၏နောက်ကွယ်‌တွင်ရှိသော အကြီးအကဲချူသည်ပင် ကိုယ်တိုင်ရှေ့ထွက်လာပြီး မြည်းစမ်းခဲ့ကာ ထိုအသီးအရွက်များ၏အရသာကို သတိပြုမိခဲ့သည်။ ထို့အတွက်ကြောင့် ဆိုင်ရှင်ကျင်းအနေဖြင့် မည်သည့်ကိစ္စပင်ရှိနေပါစေ အမှန်တကယ်စိုက်ပျိုးခဲ့သူကို မသိသေးသ၍ ရပ်တန့်သွားမည်မဟုတ်ချေ။ မဟုတ်ပါက အနှီလောဘကြီးသော ဝူမျန်ကိုသာ အသီးအရွက်များ၏ရင်းမြစ်ကို ဆက်လက်သိထားခွင့် ပေးမိလိုက်လျှင် အနာဂတ်တွင် ထိုသူမှာ ‌လက်ဖက်ရည်ဆိုင်အတွက် အမှီပြုရမည့် အလျော့အတင်းကဒ်တစ်ခုအနေနှင့် ကိုင်ဆောင်သွားပေးလိမ့်မည်။ အချိန်တိုင်းလိုလို သူတို့ထံအလွန်မြင့်မားသည့်ဈေးနှင့် ရောင်းချနိုင်ခြေမှာလည်း အလွန်ပင်မြင့်မားလှသည်။


ဆိုင်ရှင်ကျင်းမှ မျက်မှောင်ကြုတ်လိုက်သည် “ သည်ကညီအစ်ကိုဝူ…မင်းပြောတဲ့ကိစ္စက သိပ်တော့စိတ်ဝင်စားစရာကောင်းမနေဘူးနော်… လက်ဖက်ရည်‌ဆိုင်ကိုဦးစီးနေရတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး ကိုယ့်စီတင်ပို့မဲ့ ဟင်းသီးဟင်းရွက်တွေကိုစိုက်ပျိုးနေတဲ့လယ်သမားကို မသိရမှာလဲ…တကယ်လို့သာ အရည်အသွေးက တစ်ခုခုမှားယွင်းနေတဲ့အခါကြရင် ငါတို့ကမင်းကိုပဲလာရှာရမှာလား…မင်းကကော ဘယ်လိုဝာာဝန်ခံပေးမှာလဲ…”


ဝူမျန်အနေဖြင့် လျန်မိသားစုအိမ်တွင် အလုပ်လုပ်ခဲ့သည်မှာ အချိန်တစ်ခုရှိပြီဖြစ်ပြီး အချက်အလက်များရရန် နည်းလမ်းအချို့လည်းရှိနေသေးသည်ဖြစ်ရာ တုန်လှုပ်မသွားခဲ့ပေ “ သည်လိုဆိုပေမယ့် ဆိုင်ရှင်ကျင်း… ကျုပ်ပြောမယ် ခင်ဗျားတို့အဲ့သည့်ဟင်းသီးဟင်းရွက်တွေကို မြည်းကြည့်ပြီးတော့ အရသာကစိတ်ကျေနပ်စရာကောင်းလို့ သည်ကိုတောင် ကမန်းကတန်းလာမေးရတယ်မဟုတ်လား…တကယ်လို့သာ ဆိုးရွားလာမယ်ဆိုရင်လည်း မဝယ်ဘဲနေရုံပဲလေ… ဟဲဟဲ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျုပ်အတွက်တော့ အဲ့သည့်ဟင်းသီးဟင်းရွက်သေတ္တာက မြင်ဖူးသမျှထဲမှာ အသပ်ရပ်ဆုံးနဲ့အလှဆုံးပဲ… အိုက်ယားး သူတို့ကိုတကယ်ပဲရဖို့ခက်တယ် …”


ထိုတစ်သေတ္တာမှာ ကြက်နှစ်ကောင်မျှဝယ်နိုင်သည့် ငွေသုံးတေးထိုက်တန်သည့်အချက်ကိုပင် မဆိုထားရသေးပေ။


ကြက်နှင့်ပင် အလဲအလှယ်လုပ်နိုင်မည့်အစားအသောက်… သူဤသို့အသီးအရွက်များ တည်ရှိသည်ကို တစ်ခါမျှ မသိခဲ့ရဖူးချေ။


ဆိုင်ရှင်ကျင်း အတွင်းမှဆူပွက်လာသည့် ဒေါသပူဖောင်းများကို ချုပ်တီးနေရပြီး တွ့န့်ချိုးနေသောမျက်ခုံးများသည်သာ ဒေါသထွက်နေ‌ခြင်း၏ တစ်ခုတည်းသောအမူအယာအဖြစ် တည်ရှိနေသည် “ အဲ့သည့်စိုက်ကွင်းဘယ်နေရာမှာရှိမယ်ဆိုတာ ပြောပြရင်ကော.. သည်လိုပြောတာနဲ့ လက်ဖက်ရည်ဆိုင်က မင်းကိုသုံးတေးပေးမယ်ကွာ…”


နောက်ပိုင်းတွင် အဆုံးမရှိအောင် ဝင်လာမည့်ငွေတေးများအကြောင်းကို စဉ်းစားရုံနှင့်ပင် ဝူမျန်မှာ ထိုသူများဟင်းသီးဟင်းရွက်များ ရနိုင်သည့်နေရာကို လုံးဝမသိသည့်အပေါ် ယုံကြည်မှုရှိနေခဲ့သည်။ ထို့ကြောင့် ခေါင်းကိုယမ်းလိုက်ပြီး သူအနေနှင့် စိုးရိမ်နေခြင်းမရှိပေ “ ငွေတေးအနည်းငယ်နဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး… ဆိုင်ရှင်ကျင်း ခင်ဗျားဆိုရင်ကော အနာဂတ်မှာရေရှည်ရလာမဲ့အကျိုးအမြတ်ကို သည်လိုငွေပြားအနည်းငယ်နဲ့ လက်လျော့လိုက်တော့မှာလား…”


ဆိုင်ရှင်ကျင်း၏မျက်နှာမှာ ရှုံ့မဲ့လာသည် “ ငါတို့ရှာမတွေ့နိုင်ဘူးလို့ မင်းထင်နေတယ်ပေါ့…”


ဝူမျန်၏မျက်နှာပေါ်တွင် နှိမ့်ချနေဟန်မရှိသော အပြုံးတစ်ခုဖြစ်ပေါ်လာပြီး သေချာပေါက်ဘယ်ရှာတွေ့နိုင်ပါ့မလဲဟု စဉ်းစားနေခဲ့သည်။ သူအနေနှင့် သည်ဟာပြီးလျှင် ဒုတိယအဆင့်စားဖိုမှူးကြီးထံ ပြန်မေးရန်လည်း လိုအပ်နေသေးသည်လေ။ မည်သို့ပင်ဆိုစေကာမူ လက်ဖက်ရည်ဆိုင်မှ လူလွှတ်၍ လျန်မိသားစုထံမေးလာပါလျှင်လည်း ဒုတိယအဆင့်စားဖိုမှူးနှင့် သူ၏ဦးလေးမိသားစုစီမှ အဖြေရရန်သာ ဖြစ်နိုင်ပေလိမ့်မည်။ အဆုံး၌ ဝူမျန် ၎င်းကို ထင်ထင်ရှားရှားသယ်လာခဲ့ခြင်းသာဖြစ်ပြီး ဤကဲ့သို့ အသီးအရွက်များကို ပယ်ချခဲ့သည်ဟူသော အချက်အပေါ် ဒုတိယအဆင့်စားဖိုမှူးကြီးမှာ လူသိမချင်လောက်ပေဟု သူတွက်ဆထားခဲ့သည်။ ထိုအတွက်ကြောင့်ပင် အလုံပိတ်သေတ္တာကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ အရာအားလုံးကို ချုံငုံကြည့်လိုက်မည်ဆိုလျှင် ၎င်းအသီးအရွက်များ၏ စစ်မှန်‌သောအရင်းမြစ်မှာ ဒုတိယအဆင့်စားဖိုမှူးကြီးသာ သိနိုင်မည်ဖြစ်သည်။


ဆိုင်ရှင်ကျင်းမှ အင်္ကျီလက်များကိုခါကာ ပြောလိုက်သည် “ ရှစ်တေး…”


ငွေရှစ်တေးဖြင့်‌ဆိုပါက မိန်းကလေးတစ်ယောက်ကိုပင် တင်တောင်းနိုင်နေပြီဖြစ်သည်။ ၎င်းမှာ မြို့ခံလူများ နှစ်နှစ်လုပ်ခငွေနှင့်ပင် ကိုက်ညီနေခဲ့သည်။


ဝူမျန်၏အမူအယာမှာမူ ပြတ်ပြတ်သားသားဖြစ်နေခဲ့သည်


 “ ငွေဆယ်တေးပေးမယ်ဆိုရင်တောင် ကျူပ်ကဖွင့်ပြောမှာမဟုတ်ဘူး…ဆိုင်ရှင်ကျင်း ခင်ဗျားပြန်သွားပြီးတော့ ကျုပ်ပြောတဲ့အပေးအယူအကြောင်း ပြန်စဉ်းစားသင့်တယ်…”