Chapter 29
Viewers 6k

🧝Chapter 29




လက်ဖက်ရည်ဆိုင်အတွင်း ဆိုင်ရှင်ကျင်းမှာ မြင့်မားသောပုံရိပ်ရှိပြီး မျိုးရိုးမြင့်သူများအတွက် လူမှုရေးပွဲများ စီစဉ်ပေးရခြင်းနှင့် အရာရှိများနှင့် မကြာခဏပေါင်းသင်းဆက်ဆံနိုင်ခြင်းတို့ကြောင့် မြို့နေလူများ၏ မက်မောသောအိပ်မက်တစ်ခုဖြစ်ခဲ့သည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် မည်သည့်ရာထူးမှမရှိသူ၏ အကျပ်ကိုင်ခြင်းကို ကြုံတွေ့နေရသောကြောင့် ‌ဆိုင်ရှင်ကျင်း၏အမူအယာမှာ စိမ်းသက်လာပြီဖြစ်သည်။


“ ကောင်းပြီ ငါပြန်ပြီးစဉ်းစားကြည့်ဦးမယ်…”


ဉာဏ်ပညာကြီးမားပြီး ပါးပါးနပ်နပ်ရှိသော ဆိုင်ရှင်ကျင်းသည်ပင် ဤမျှအဆိပ်ပြင်းလှသောစကားများကို အဆုံး၌သည်းမခံနိုင်တော့ပါ။ ရွေးချယ်စရာမရှိ ဆုတ်ခွာခဲ့ရပြီးနောက် သူပထမဆုံးလုပ်ချင်သည့်အရာမှာ လျန်မိသားစုထံမေးမြန်းရန်ဖြစ်သည်။


ဝူမျန်မှာမူ အလောကြီးနေခြင်းမရှိသလို ပူပန်နေခြင်းလည်းမရှိပေ။ သူအနေနှင့် ဒုတိယအဆင့်စားဖိုမှူးကြီးထံ မေးရန် လူစောင့်နေရန်သာလိုပြီး ထိုသူထံမှ အမှန်တရားကို မည်သို့မျှပြောလာမည်မဟုတ်ကြောင်းကိုလည်း သူသိနေခဲ့သည်။ လက်ဖက်ရည်ဆိုင်မှလူများနှင့်စကားပြောအပြီးတွင် ဝူမျန် အရင်းအမြစ်ကိုရှာဖွေရန်အတွက် ဒုတိယအဆင့်စားဖိုမှူးထံသို့ ထွက်လာခဲ့လိုက်သည်။ လက်ဖက်ရည်ဆိုင်မှ ရနိုင်မည့်အကျိုးအမြတ်များမှာ မျက်စိကန်းမလုမတတ်ပင် ကြီးမားလှပြီး ဆိုင်ရှင်ကျင်းနှင့်မတွေ့ခင် သူ့ကိုယ်သူအကျပ်ကိုင်၍ ဒုတိယအဆင့်စားဖိုမှူးကြီးနှင့် ဆိုင်ရှင်ကျင်းတို့ အလုပ်အတူတွဲမလုပ်နိုင်ရန်အတွက်ကိုလည်း သူတားဆီးထားနိုင်သည်။


မည်သို့ပင်ဆိုစေကာမူ ဝူမျန်၏ကြက်မှာ အကောင်မပေါက်ခင်ကပင် ထွက်ပြေးသွားနှင့်လေပြီ။


ဆိုင်ရှင်ကျင်းမှာ အလွန်ကြင်နာပြနေသောကြောင့် ဆိုင်ရှင်တစ်ဦးဖြစ်ရခြင်း၏ ရာထူးအနေအထားအပြင် တစ်ဖက်လူ၏လက်ထဲ၌ ကဒ်များပြည့်နေခြင်းကိုမူ ဝူမျန်သိမသွားခဲ့ရပေ။ ပုံမှန်အားဖြင့် ဆိုင်ရှင်ကျင်းမှာ လူသိများလှသောကြောင့် ဧည့်သည်များကို ကြိုဆိုပို့ဆောင်နေရင်းနှင့်ပင် ကျောနှင့်ခါးများကို နှိပ်နယ်နေရပြီး သူ၏ပေါင်းသင်းဆက်ဆံရေးများမှာလည်း အခြေအနေတစ်ခုအထိ လှလှပပရှင်သန်နေခဲ့သည်။ သေချာပေါက်ပင် လျန်မိသားစုမှာလည်း သူ၏ပုံမှန်ဖောက်သည်များစာရင်းတွင် ပါဝင်နေသည်။


ထို့အတွက်ကြောင့် ဆိုင်ရှင်ကျင်းအနေဖြင့် သီးသန့်စုံစမ်းခြင်းမျိုးကို လုံးဝမလုပ်ဆောင်ခဲ့ချေ။ ရိုးရှင်းစွာပင် မိတ်ဆက်စာတစ်ဆောင်ပို့ပေးလိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက် လျန်ယွမ်ဝေရှေ့၌ အရာအားလုံးကိုဖွင့်မချခင် ထိုလ၏နေ့တစ်နေ့တွင် မည်သူက အသီးအရွက်သေတ္တာကိုယူကာ လျန်မိသားစုစံအိမ်မှ ထွက်လာခဲ့ခြင်းကို တိုက်ရိုက်မေးမြန်းလိုက်သည်။ အဆုံး၌ ဤသည်မှာ အကြီးအကဲချူထံမှ ပေးအပ်လာသောတာဝန်တစ်ခုဖြစ်သောကြောင့် ဆိုင်ရှင်ကျင်းအနေဖြင့် အမှားအယွင်းတစ်စုံတစ်ရာမရှိ‌စေရန် ဂရုစိုက်ရမည်ပင်။


“ ဟင်းသီးဟင်းရွက်တွေလား… ဘယ်လိုဟင်းသီးဟင်းရွက်တွေလဲ…ဘယ်လိုဖြစ်ပြီး ကျုပ် ဘာမှမကြားခဲ့ရတာပါလိမ့်…” လျန်ယွမ်ဝေမှာ ထိုကဲ့သို့အရာမျိုးကို ကြားဖူးခြင်း သို့မဟုတ် စားခဲ့ဖူးခြင်းမရှိကြောင်း သေချာနေခဲ့သည်။


လျန်ယွမ်ဝေ သံကိုပူနေတုန်း နာနာရိုက်လိုက်သည် “ မှားနိုင်စရာတော့ မရှိပါဘူး… အသင်တို့ရဲ့အလုပ်သမားငယ်လေးကပဲ ဟင်းသီးဟင်းရွက်တွေ ပို့လာပေးတာလေ… ကျွန်တော်တို့ အစောပိုင်းတုန်းက သေတ္တာကိုစစ်‌ဆေးခဲ့သေးတယ်…ပတ်ပတ်လည်မှာရှိတဲ့ သံမှိုတွေကို အနုစိတ်ထွင်းထုထားပြီး ရေစိုလည်းခံတယ်ဆိုတာ လျန်မိသားစုရဲ့အထူးထုတ်ကုန်မဟုတ်ဘူးလား…သည်နေ့တော့ ကျွန်တော် သေတ္တာကိုပြရအောင် တမင်တကာသယ်လာခိုင်းထားတယ်လေ…လူကြီးမင်း တစ်ချက်လောက်ကြည့်ကြည့်လို့ ရနိုင်မလား…”


သူ၏တိုးပွားလာသော သံသယများအပြင် ၎င်းမှာ လျန်ယွမ်ဝေ၏သိချင်စိတ်ကိုပါ နှိုးဆွပေးခဲ့သည်။ ဆိုင်ရှင်ကျင်းအနေဖြင့် ဤကဲ့သို့ ဟင်းရွက်ဟင်းရွက်များအကြောင်းကို မကြောက်မရွံ့လာမေးခြင်းမှာ ပုံမှန်မကျသောအရာတစ်ခုဖြစ်နေခြင်းကြောင့် လျန်ယွမ်ဝေ ခေါင်းကိုညိတ်ကာ ပြောလိုက်သည်


 “ တစ်ယောက်ယောက်ကို ယူလာဖို့ပြောလိုက်…”


တွေ့ရုံနှင့်ပင် ၎င်းမှာ ညီငယ်ရန်၏မိသားစုထံပေးခဲ့သော သေတ္တာမဟုတ်ပေဘူးလား ဟု တွေးလိုက်မိသည်။


သူအသေအချာသိရှိနေရသည့် အကြောင်းအရင်းမှာ အထူးရိုက်နှိပ်ထားသော သံမှိုများသာမက သူ၏ဇနီးထံမှ သေသေချာချာတောင်းဆိုထားသော အနီရောင်ယွန်းထည်ကြောင့်ပင်။ ပုံမှန်အားဖြင့် သူတို့အနက်ရောင်ယွန်းထည်များကို သုံးလေ့ရှိသော်လည်း သူ၏ဖူးရန်မှ ထိုအရောင်မှာ နာမကျန်းဖြစ်နေသူထံ မပေးသင့်ကြောင်း တွေးမိသည့်အတွက် သူမတမင်တကာပြောင်းလဲခဲ့ခြင်းဖြစ်သည်။


ဤအတွက်ကြောင့်ပင် လျန်ယွမ်ဝေထံတွင် မေးခွန်းများ ပို၍တိုးပွားလာရသည်။


သို့သော်လည်း သေတ္တာ၏မူလအရင်းအမြစ်ကို သိနေခြင်းကြောင့် ခြေရာခံနိုင်ရန် လွယ်ကူသွားခဲ့သည်။ ထို့ကြောင့် ဤကိစ္စထဲတွင် မည်သည့်နေရာမှ ပါဝင်နေကြောင်းမသိရသော ဒုတိယအဆင့်စားဖိုမှူးကြီးနှင့် ဝူမျန်တို့ကိုကျော်သွားလိုက်ပြီး ထိုအစား လျန်မိသားစုစံအိမ်သို့ ဟင်းသီးဟင်းရွက်သေတ္တာပို့လာသောနေ့တွင် တာဝန်ကျသူများကိုသာ တိုက်ရိုက်မေးမြန်းလိုက်သည်။


တံခါးစောင့်တစ်ယောက်ပြီးတစ်ယောက်ကို မေးမြန်းပြီးချိန်၌ ကိစ္စများမှာ တဖြည်းဖြည်းရှင်းလင်းလာခဲ့လေပြီ။ အံ့ဩစရာကောင်းစွာပင် ဤသည်မှာ ညီငယ်ရန်မိသားစု၏ကောငယ်လေးမှ ဆေးခန်းဝန်ထမ်းကျီကွမ်းကို အဖော်ပြုကာ လာပို့ထားသော အသီးအရွက်များဖြစ်နေခဲ့သည်။


လျန်ယွမ်ဝေ ချက်ချင်းဆိုသလို ရွှင်ပြလာပြီး သူ၏မျက်လုံးများတောက်ပလာကာ ၎င်းတို့ထဲမှာ စိတ်လှုပ်ရှားမှုကို ဖုံးဖိမရနိုင်တော့ပေ “ 


ညီအစ်ကိုကျင်း ညီငယ်ရန်ရဲ့ကောလေးက ကျူပ်တို့မိသားစုရဲ့ ကောင်စုတ်လေးဆီပို့လာတဲ့ ဟင်းသီးဟင်းရွက်တွေဆိုမှတော့ ခင်ဗျားတို့အကုန်ယူသွားလို့ မဖြစ်ဘူးနော်…တကယ်လို့သာ အဲ့သည့်ကောင်စုတ်လေးက ‌သဘောကျတယ်ဆိုရင် လျန်မိသားစုအတွက်လည်း နည်းနည်းတော့ခွဲပေးရမယ်… ဘယ်လိုထင်လဲ…”


အမှောင်ညထဲတွင် ရောင်စဉ်တန်းလေးတစ်ခုကို မြင်တွေ့လိုက်ရပြီဖြစ်သောကြောင့် ဆိုင်ရှင်ကျင်း စိတ်ထဲတွင် မျက်ရည်များပင် ကျဆင်းလာရသည်။ ယခုလေးတွင် ပျော်ရွှင်မှုများပြည့်လျှံနေရသော်လည်း ဒုက္ခများနိုင်မည့် တစ်စုံတစ်ရာနှင့် တွေ့ဆုံလိုက်ရသောကြောင့် သူ၏ပါးစပ်ထဲတွင် ခါးသီးလာရကာ မတတ်နိုင်ဘဲ သဘောတူလိုက်ရသည်


 “ သခင်လေးအတွက်ပဲဝေစုပေးမှာနော်… သည့်ထက်တော့မရတော့ဘူး..”


မည်သည့်အရာကို လက်လွတ်ခံလိုက်ရသည်ကိုပင် သတိမမူမိသော လျန်ယွမ်ဝေမှ အပြုံးတစ်ပွင့်ဖြင့်ပြောလာသည် “ ကောင်းတယ် ကောင်းတယ် ကျူပ်လည်း သည်အခွင့်အရေးကိုယူပြီး ညီငယ်ရန်စီ တစ်ခုခုပြန်ပေးရဦးမယ်…သည်လိုနေ့ထူးနေ့မြတ်မျိုးကို လက်လွတ်ခံလိုက်လို့ဘယ်ဖြစ်မလဲ…တကယ်လို့သာ ညီအစ်ကိုကျင်းက သည်နေ့အားမယ်ဆိုရင် ကျူပ်တို့မြောင်ကျားရွာစီ ခရီးထွက်ကြမယ်ဆိုရင်ကော…”


နောက်ဆုံးတော့ အစောပိုင်းရှိ အပြုံးများပြန်ရောက်လာပြီဖြစ်သည့် ဆိုင်ရှင်ကျင်းမှ ပြောလိုက်သည် “ အရမ်းကိုကောင်းတာပေါ့… ဘာလို့များမသွားရမှာလဲ… သည်အရေးမှာတော့ အစ်ကိုလျန်ရဲ့ကျေးဇူးကြောင့် အကူအညီကောင်းကောင်းရသွားခဲ့ပါပြီ…”


အရေးကြီးကိစ္စတစ်စုံတစ်ရာလည်း မရှိသောကြောင့် လျန်ယွမ်ဝေ အစေခံများကို လှည်းတစ်စီးပြင်ခိုင်းလိုက်ကာ ဆိုင်ရှင်ကျင်းနှင့်အတူ ရန်သာ့လန်၏အိမ်သို့ ခရီးထွက်လာလိုက်သည်။


🧝


မြောင်ဟယ် အဆုံး၌ သူ၏ရှက်ရွံ့နေမှုများကို ဖယ်ရှားနိုင်သွားပြီး ရန်သာ့လန်နှင့်ပုံမှန်အတိုင်း စကားပြောဆိုနိုင်သွားခဲ့သည်။ ယနေ့အတွက် မြောင်ဟယ် ပြင်ဆင်နေသော နေ့လယ်စာမှာ ရနံ့မွှေးကြိုင်သော ဂေါ်ဖီစွပ်ပြုတ်တစ်အိုးပင်။ ဂေါ်ဖီနှင့်အတူ ပုစွန်ခြောက်၊ ရှီတာကဲမှိုများ နှင့် လျန်မိသားစုမှပေးထားသည့် ငါးခွေးလျှာခြောက်များဖြင့် ရောစပ်ထားပြီး ပါးပါးလှီးထားသောဝက်သားနှင့် ကြိတ်ထားသည့်ကြက်သွန်ဖြူတို့ဖြင့် ပေါင်းတည်ထားကာ ဂေါ်ဖီမှာ သူ၏သက်ရှိမြေကြီးထံမှရသော ဂေါ်ဖီထုပ်ဖြစ်သည်။


ရန်သာ့လန်၏ဒဏ်ရာအတွက် မြောင်ဟယ် တမင်တကာပင် ဝက်သားအရေခွံကိုခွာကာ ကော်လဂျင်ဓာတ်တိုးစေရန်အတွက် တစ်အိုးထဲပေါင်းတည်ထားခဲ့သည်။ စွပ်ပြုတ်မှာ အနံ့ပြင်းပြင်းနှင့်ကောင်းမွန်စွာကျက်သွားခဲ့ပြီး အိုးအဖုံးကိုဖွင့်လိုက်သည်နှင့် မွှေးပျံ့သောရနံ့ပြပြမှာ တံခါးအပြင်ရှိဧည့်သည်များပင် အနံ့ခံနိုင်သည်အထိ ပေါ်ထွက်လာသည်။


တံခါးဝမှ လှမ်းမခေါ်ခင် ဆိုင်ရှင်ကျင်း၏မျက်လုံးများမှာ စိတ်ဝင်စားမှုကြောင့် တောက်ပသွားခဲ့သည် “ ဘာနံ့မလို့အရမ်းမွှေးနေရတာလဲ… ဂေါ်ဖီလား…ဂေါ်ဖီစွပ်ပြုတ်ပဲဖြစ်ရမယ်…သည်အချိန်ကြီးမှာတောင် ဂေါ်ဖီစားနိုင်သေးတယ်ဆိုတော့ မနှစ်ကဆောင်းတွင်းတုန်းက ခဲထားခဲ့တာနေမှာ…”


ထိုအချိန်မှသာ လျန်ယွမ်ဝေ ရှက်ရွံ့သွားရသည်။ သူသည် အပျော်လွန်နေသောကြောင့် အချိန်ကိုမေ့သွားခဲ့ရခြင်းပင်။ ဇနီးဖြစ်သူမှ သူ့အားအမြဲလိုစိတ်မရှည်တတ်ခြင်းအပေါ် ဆူပူခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင်လည်း ထပ်မံ၍ထိုစိတ်ကြောင့် လွဲခဲ့ရပြန်လေပြီ


 “ ကျူပ်တို့ထမင်းစားချိန်ကြီး ပြေးလာမိပြီထင်တယ်…အခုတော့ပြန်သွားပြီး နောင်ကျမှပြန်လာကြရင်ကော..” ဇနီးနှင့်သားဖြစ်သူတို့အား ကယ်တင်ပေးခဲ့သောကြောင့် ရန်သာ့လန်အပေါ် ရင်းနှီးသူအဖြစ်မှတ်ယူထားပြီဖြစ်ရာ လျန်ယွမ်ဝေ မရိုင်းပြနိုင်ပါ။


သို့သော်လည်း ပန်းတိုင်မှာလက်တစ်ကမ်းအလိုတွင်သာ ရောက်နေပြီဖြစ်သော ဆိုင်ရှင်ကျင်းမှာမူ ဆက်လက်ထိန်းမထားနိုင်တော့ပေ။


 “ ရိုင်းပြသွားတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့က သည်ကိုထမင်းလာစားတာမှမဟုတ်တာ… လာရင်းကိစ္စကိုပြောပြီးတာနဲ့ ပြန်ကြမှာပဲလေ…ပြီးတော့ ကျွန်တော်သည်ကို လက်ဖက်ရည်ဆိုင်ရဲ့ကိုယ်စား ရိုးရိုးသားသားလာခဲ့တာဆိုတော့… ညီအစ်ကိုရန်က ခွင့်လွှတ်ပေးနိုင်မယ်လို့ ယူဆရတာပဲ…”


လျန်ယွမ်ဝေ နားမချရသေးခင်မှာပင် တံခါးမှာပွင့်ဟလာခဲ့သည်။ လှည်းများရောက်လာသည့်အသံမှာ အတော်အတန်ကျယ်လောင်နေသောကြောင့် ယခုလေးတင် နေ့လယ်စာချက်ပြီးသည့် မြောင်ဟယ်မှသတိပြုမိသွားခြင်းဖြစ်သည်။ သူတို့အိမ်မှာ သည်နေရာတွင် တစ်ခုတည်းရှိသောမိသားစုဖြစ်သောကြောင့် လှည်းများရောက်သံကြားရသော်လည်း ခေါ်သံထွက်မလာချိန်တွင် ထူးဆန်းသည်ဟုထင်မိသည့်အတွက် မြောင်ဟယ် လက်ကိုသုတ်ကာ အပြင်ကိုကြည့်ရန်ထွက်လာခဲ့ရသည်။


မြောင်ဟယ် ဧည့်သည်များကိုနှုတ်ဆက်လိုက်ပြီး အိမ်အတွင်းပိုင်းသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ လက်ရှိမှာ နေ့လယ်စာစားချိန်ဖြစ်သောကြောင့် ရန်သာ့လန်မှ ကျောမှီထိုင်ခုံမှ စားပွဲစီသို့နေရာရွှေ့ပြီးခဲ့ပြီးဖြစ်သည်။ စားပွဲပေါ်တွင် ဂေါ်ဖီစွပ်ပြုတ်အိုးကြီးတစ်အိုးနှင့် ထမင်းနှစ်ပန်းကန်ရှိကာ စားပွဲအောက်ခြေတွင်မူ အနက်ရောင်ကြောင်ငယ်လေးတစ်ကောင်မှာ အမြီးယမ်းလျက်စားသောက်ရင်း အလုပ်ရှုပ်နေခဲ့သည်။


လူများရောက်လာသည်ကို မြင်လိုက်ရသောကြောင့် ရန်သာ့လန် နှုတ်ဆက်ရန်ထရပ်လိုက်သော်လည်း လျန်ယွမ်ဝေမှ လက်ကိုယမ်းကာ ရပ်တန့်စေလိုက်သည်။ နှစ်ဖက်စလုံးမှာ အချင်းချင်းနှုတ်ဆက်လိုက်ကြပြီးနောက် သူတို့အားလုံးစားပွဲရှေ့တွင် ထိုင်လိုက်ကြသည်။


“ ကံပါတာပဲ ကျွန်တော်တို့လည်း အခုပဲထမင်းစားကြတော့မလို့…. လူကြီးမင်းတို့ကော စားပြီးကြပြီလား…မစားရသေးရင် တစ်ခါတည်းဝင်စားလိုက်ကြလေ..”


 မြောင်ဟယ် နွေးထွေးစွာ ကြိုဆိုလိုက်သည်။ လျန်ယွမ်ဝေ သူ့ထံအလည်အပတ်လာခဲ့ပြီဆိုမှတော့ သူ၏ဟင်းသီးဟင်းရွက်များကို သဘောကျခဲ့သည့်ပုံပင်။


လျန်ယွမ်ဝေမှ ကပျာကယာပြောလာသည် “ အလုပ်ရှုပ်မခံပါနဲ့တော့…သည်ကိုရုတ်တရက်ပေါက်ချလာပြီး အနှောင့်အယှက်ပေးမိတာနဲ့တင် ရိုင်းပြသလိုဖြစ်နေပါပြီကွာ…”


ဆိုင်ရှင်ကျင်းမှာမူ ဂေါ်ဖီစွပ်ပြုတ်အိုးကိုကြည့်ကာ ရင်းနှီးနေသောခံစားမှုကြောင့် မျက်လုံးများ ရောင်စဉ်တန်းများဖြာထွက်မလိုပင် ဖြစ်နေရသည်။ သူအနေဖြင့် အစားကြူးသူတစ်ဦးဖြစ်သောကြောင့် ကြည့်လိုက်ရုံနှင့်တင် ၎င်းမှာလေ့လာရန်ထိုက်တန်သော ကုန်ပစ္စည်းအသစ်အဆန်းတစ်မျိုးဖြစ်သည်ကို သိနေခဲ့သည်။ အကယ်၍သာ အရည်အသွေးကိုအတည်ပြုနိုင်ခဲ့ပါက ၎င်းနှင့်ပတ်သက်၍ အကြီးအကဲချူထံ အသိပေးရမည်မဟုတ်ပါ၏လော…ထို့အတွက်ကကြောင့် ဆိုင်ရှင်ကျင်း မြောင်ဟယ်၏ဖိတ်ခေါ်မှုအပေါ် ချက်ချင်းသဘောမတူလိုက်သလို ငြင်းပယ်ခြင်းလည်းမပြုလိုက်ပေ။


မြောင်ဟယ် ပြုံးကာပြောလိုက်သည် “ မဟုတ်တာပဲ.. သည်ဟာကထမင်းပန်းကန်လေးနှစ်ခုထပ်တိုးလာရုံပါ… သည်နေ့ကျွန်တော်စွပ်ပြုတ်တစ်အိုးကြီးချက်ထားတာဆိုတော့ မလောက်ဘဲမနေပါဘူးနော်…”


လူတိုင်းမငြင်းနိုင်ခင်မှာပင် မြောင်ဟယ် မီးဖိုချောင်းတွင်းသို့ ဖတ်ခနဲပျောက်သွားကာ ထမင်းနှစ်ပန်းကန်နှင့်တူအစုံကိုယူပြီး ပြန်ထွက်လာခဲ့သည်။ ရန်သာ့လန်သည်လည်း ထိုနည်းတူစွာပင် ဧည့်သည်များအား မိမိအိမ်ကဲ့သို့ သဘောထားရန် ပြောလိုက်လေသည်။


လျန်ယွမ်ဝေ တုန်လှုပ်သွားရသည်။ အစောပိုင်းတွင် ဗိုက်အပြည့်ဖြင့် ဤနေရာသို့လာခဲ့သော်လည်း ယခုတွင်မူ သူ၏အစာအိမ်မှအသံမြည်လာပြန်လေပြီ။ ဂေါ်ဖီစွပ်ပြုတ်အိုး၏ရနံ့မှာ အလွန်မွှေးပျံ့သောကြောင့် အကြိမ်အနည်းငယ်မျှ ငြင်းပယ်အပြီးတွင် လျန်ယွမ်ဝေလက်ခံလိုက်ရကာ လူတိုင်းကိုထမင်းပန်းကန်နှင့်တူများ ဝေပေးလိုက်ရသည်။ အရာအားလုံးအခြေကျသွားသည်နှင့် ဧည့်သည်များမှာ ချီးမွန်းစကားဆိုလာကြသည်။


ဂေါ်ဖီစွပ်ပြုတ်ကို မစားရသေးသည့်တိုင် အလွှာတစ်လွှာချင်းအား အလွယ်တကူ တူနှင့်ပင်ဖဲ့နိုင်မည်ကို မည်သူမဆိုပြောနိုင်သည်။ လျန်ယွမ်ဝေ၏ပါးစပ်ထဲတွင်လည်း သွားရည်များပြည့်လာသောကြောင့် စိမ်းစိုသောအရွက်များပါးစပ်ထဲမဝင်လာခင်အထိ ကူကယ်ရာမဲ့စွာဖြင့် မြိုချလိုက်ရသည်။ နူးညံ့ပြီး အမျှင်ကဲ့သို့ အသွင်အပြင်ရှိသောဟင်းလျာမှာ တစ်ခါဝါးလိုက်ရုံနှင့်ပင် ပျော်ဝင်သွားခဲ့သည်။ ၎င်း၏နောက်မှ ဂေါ်ဖီထုပ်၏ချိုမြမှုမှာ ပွင့်လန်းလာကာ ဟင်းခတ်အမွှေးအကြိုင်များကို ပေါင်းစပ်ထားပုံမှာလည်း အချိုးကျနေသည်။ ထိုအချိန်မှသာ ဆိုင်ရှင်ကျင်း ပင်ပန်းဆင်းရဲစွာဖြင့် ဤဟင်းသီးဟင်းရွက်များအား အဘယ့်ကြောင့်ခက်ခက်ခဲခဲလိုက်လံရှာဖွေနေရကြောင်းကို လျန်ယွမ်ဝေ ပြည့်ပြည့်ဝဝနားလည်သွားရလေသည်။


တစ်ဖက်လူမှာလည်း ဟင်းရွက်များကိုဝါးကာ စိတ်ကျေနပ်မှုအပြည့်နှင့် မျက်လုံးအစုံကို ပိတ်ထားခဲ့သည်။


သည်ဟာပဲလေ… လောင်ချူရဲ့အမြင်က အမြဲတမ်းကိုထက်ရှနေတာ…


သူတို့နှစ်ဦးမှာ အစပိုင်းတွင် လာရင်းကိစ္စကိုအလျင်ဆွေးနွေးရန်အတွက် အားနာပါနာဖြင့် ဝင်စားမည်ဟုသာ ကြံရွယ်ထားကြသော်လည်း တစ်လုတ်စားပြီးသည်နှင့် အားလုံးမှာသတိလွတ်သွားကြကာ တစ်လုတ်ပြီးတစ်လုတ် စားလိုက်မိကြသည်။ ထို့အတွက်ကြောင့် မြောင်ဟယ်မှာလည်း မီးဖိုချောင်သို့အမြန်သွားကာ နောက်ထပ်ဂေါ်ဖီစွပ်ပြုတ်တစ်ပွဲ ပြင်လိုက်ရသည်။


လျန်ယွမ်ဝေ သူ၏မျက်နှာပေါ်မှ တိုးလာသောအပူချိန်ကို အမှန်တကယ်ပင် ခံစားနေရလေပြီ။ သူ့တစ်ယောက်တည်းဖြင့် ဟင်းပွဲတစ်ဝက်ခန့်ကို စားမိခဲ့သည်ဖြစ်ရာ အိမ်ရှင်မှထပ်ထည့်မပေးခဲ့ပါက ရိုင်းပြမိပြီ မဟုတ်ပါ၏လော…သူ၏စိတ်အတွင်း ထိုကဲ့သို့တွေးနေမိသည့်တိုင် ဒုတိယစွပ်ပြုတ်အိုးမှာမူ သူတို့လေးယောက်၏ရှေ့တွင် ပွက်ပွက်ဆူနေခဲ့သည်။ လျန်ယွမ်ဝေ နှလုံးသားထဲတွင်သာ ကျိန်ဆိုလိုက်ရသည်။ သည်ကနေ့အဖြစ်အပျက်ကို လုံးဝဇနီးသည်သိသွားလို့တော့ မဖြစ်ဘူး…


အားလုံးစားသောက်ပြီးချိန်၌ မြောင်ဟယ် ရင့်မှည့်နေပြီးသော ခရမ်းချဉ်သီးအချို့ကို ရေဆေးကာ တစ်ပန်းကန်စာထည့်လာခဲ့သည်။ ထိုခရမ်းချဉ်သီးများကို သက်ရှိမြေကြီးပေါ်တွင် စိုက်ပျိုးထားခြင်းမရှိခဲ့ပါ။ ပင်မအပင်တစ်ပင်ကိုစိုက်ပျိုးခဲ့ပြီးနောက် ၎င်း၏အစေ့များကို ခြံဝန်း၏အခြားနေရာများတွင် ရွှေ့ပြောင်းပေးထားခဲ့ခြင်းဖြစ်သည်။ အသီးအသစ်များသီးလာခဲ့သော်လည်း သက်ရှိမြေကြီးထံမှ ထွက်လာခဲ့ပြီဖြစ်ရာ ၎င်းတို့မှာ ပုံမှန်အပင်များ၏အဆင့်သာ ဖြစ်နေတော့သည်။


ထိုကဲ့သို့ ဝေးဝေးထားကာ စိုက်ပျိုးခဲ့ရသည့်အကြောင်းမှာ လက်ရှိအချိန်တွင် ခရမ်းချဉ်သီးများကို ဟင်းသီးဟင်းရွက်အဖြစ်သာမက အသီးအနှံအနေနှင့်ပင် စားကြခြင်းကြောင့်ပင်။ ထို့အတူ အရည်အသွေးမြင့်မားသော ဟင်းသီးဟင်းရွက်များမှာ သူ၏မိသားစုတွင်သာ ရှိနေခဲ့ပါက အပြင်လူများကို ရှင်းပြနိုင်ရန်လည်း ခက်ခဲသွားပေလိမ့်မည်။ ထို့အတွက်ကြောင့် မြောင်ဟယ် ရင့်မှည့်ချိန်မြန်သော်လည်း အရွယ်အစားပို‌မိုသေးငယ်သော ခရမ်းချဉ်သီးများကို ဒုတိယအဒေါ်ရန်၏အိမ်သို့ အမြဲလိုပေးပို့နေခဲ့သည်။


ခရမ်းချဉ်သီးများကို ဧည့်သည်များထံ သည်အတိုင်းချကျွေးခဲ့ခြင်းမဟုတ်ပေ။ မြောင်ဟယ် ၎င်းကို ပဲငံပြာရည်၊ သကြားနှင့် ကြိတ်ထားပြီးသောဂျင်းဖြင့်ရောစပ်ထားသည့် အချဉ်ရည်နှင့်အတူ ပေးခဲ့သည်။ တို့စားရန်အတွက် အချဉ်ရည်မှာ အချို၊အစပ်၊အငန်အရသာတို့နှင့်အတူ မွှေးပျံသောရနံ့များ ပါဝင်နေသည်ဖြစ်ရာ ချိုချိုချဉ်ချဉ်ရှိသော ခရမ်းချဉ်သီးများနှင့် တွဲစပ်လိုက်ချိန်၌ သိသိသာသာပင် အရသာရှိလှပြီး ၎င်း၏လတ်ဆတ်မှုမှ ခံတွင်းထဲရှိ အဆီစုနေခြင်းများကို ဆေးကြောပစ်နိုင်ခဲ့သည်။


ဆိုင်ရှင်ကျင်း တစ်ကြိမ်မျှမြည်းစမ်းကြည့်လိုက်ရုံနှင့်ပင် သူ၏မျက်လုံးများမှာ တစ်ဖန်ပြန်လည်တောက်ပသွားရသည်။ အဆုံး၌ သူ၏ပထမခရမ်းချဉ်သီးတစ်လုံးမကုန်ခင်မှာပင် ဆက်လက်သည်းမခံနိုင်တော့ဘဲ လာရင်းကိစ္စကို ထုတ်ပြောလိုက်လေသည်။


“ အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျုပ် အစ်ကိုလျန်ကို သည်နေ့သည်ကို‌ခေါ်လာပေးဖို့ တောင်းဆိုခဲ့တာပါ…အဓိကရည်ရွယ်ချက်ကတော့ မင်းတို့ရဲ့အိမ်မှာစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူဖို့ပေါ့… အရင်တစ်ခေါက်တုန်းက သည်ကကောငယ်လေးက လျန်မိသားစုစံအိမ်တော်စီကို ဟင်းရွက်တစ်သေတ္တာပို့ပေးခဲ့တယ်မဟုတ်လား…အဲ့သည့်ဟာက ကျုပ်တို့ယန်ရွှေလက်ဖက်ရည်ဆိုင်ကို တိုက်တိုက်ဆိုင်ဆိုင်ရောက်လာခဲ့ပြီး သည်ဟင်းသီးဟင်းရွက်တွေနဲ့ချက်ထားတဲ့ဟင်းတွေလည်း တကယ်ပဲစိတ်တိုင်းကျခဲ့တယ်လေ…သည့်အတွက်ကြောင့် မစောင့်နိုင်တော့လို့ အစ်ကိုလျန်စီ မင်းတို့နှစ်ယောက်နဲ့မိတ်ဆက်ပေးဖို့ ပြောလိုက်ရတာပါ..”