Chapter 30
Viewers 6k

🧝Chapter 30

သဘောတူညီချက်တစ်ခုရရှိရန်



ဆိုင်ရှင်ကျင်း တစ်ကြိမ်မျှမြည်းစမ်းကြည့်လိုက်ရုံနှင့်ပင် သူ၏မျက်လုံးများမှာ တစ်ဖန်ပြန်လည်တောက်ပသွားရသည်။ အဆုံး၌ သူ၏ပထမခရမ်းချဉ်သီးတစ်လုံးမကုန်ခင်မှာပင် ဆက်လက်သည်းမခံနိုင်တော့ဘဲ လာရင်းကိစ္စကို ထုတ်ပြောလိုက်လေသည်။


“ အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျုပ် အစ်ကိုလျန်ကို သည်နေ့သည်ကို‌ခေါ်လာပေးဖို့ တောင်းဆိုခဲ့တာပါ…အဓိကရည်ရွယ်ချက်ကတော့ မင်းတို့ရဲ့အိမ်မှာစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူဖို့ပေါ့… အရင်တစ်ခေါက်တုန်းက သည်ကကောငယ်လေးက လျန်မိသားစုစံအိမ်တော်စီကို ဟင်းရွက်တစ်သေတ္တာပို့ပေးခဲ့တယ်မဟုတ်လား…အဲ့သည့်ဟာက ကျုပ်တို့ယန်ရွှေလက်ဖက်ရည်ဆိုင်ကို တိုက်တိုက်ဆိုင်ဆိုင်ရောက်လာခဲ့ပြီး သည်ဟင်းသီးဟင်းရွက်တွေနဲ့ချက်ထားတဲ့ဟင်းတွေလည်း တကယ်ပဲစိတ်တိုင်းကျခဲ့တယ်လေ…သည့်အတွက်ကြောင့် မစောင့်နိုင်တော့လို့ အစ်ကိုလျန်စီ မင်းတို့နှစ်ယောက်နဲ့မိတ်ဆက်ပေးဖို့ ပြောလိုက်ရတာပါ..”


လျန်ယွမ်ဝေသည်လည်း ရန်သာ့လန်နှင့်မြောင်ဟယ်တို့အား စံအိမ်တွင်ဖြစ်ပျက်ခဲ့သော သံသယရှိချင်စဖွယ်အဖြစ်အပျက်အချို့ကို အကျဉ်းချုံးရှင်းပြလာသည်။


“ သည်ဟာက မိသားစုကိုစီမံခန့်ခွဲတဲ့နေရာမှာ ကျုပ်ရဲ့လစ်ဟင်းမှုပါပဲလေ..”


 လျန်ယွမ်ဝေမှ ခေါင်းယမ်းကာပြောလာသည်


 “ ကျုပ်တို့မိသားစုရဲ့ ဟူထိုက ဟယ်ကောရဲ့စေတနာကောင်းတွေကို လက်ခံခွင့်မရလိုက်ဘူးဆိုတော့ ကျူပ်လည်းသည်အတိုင်းလက်လွှတ်မပေးချင်ဘူးကွာ… ရန်မိသားစုရဲ့ကောငယ်လေး ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင် လျန်စံအိမ်ဆီ ဟင်းသီးဟင်းရွက်တွေပို့ပေးဖို့ မင်းကိုအနှောင့်အယှက်ပေးရဦးမှာပဲ…သေချာပေါက် ဈေးနှုန်းကလည်း လက်ဖက်ရည်ဆိုင်ကပေးတဲ့ပေါက်ဈေးအတိုင်း ပေးမှာပါ…”


၎င်းမှာ ဆိုင်ရှင်ကျင်းမှ ရောင်းဈေးအား စိတ်တိုင်းကျမနှိမ့်ပစ်စေရန်အတွက် သတိပေးချက်တစ်ခုဖြစ်နေခဲ့သည်။ အကယ်၍သာ ဆိုင်ရှင်ကျင်း ခေါင်းမာမာနှင့်ဈေးနှုန်းကို လျော့ချရန်ကြိုးစားလာပါက လျန်မိသားစုသည်လည်း ဤအတိုင်းထိုင်ကြည့်နေပါမည်လော…သေချာပေါက်မဟုတ်ပေ…


ဆိုင်ရှင်ကျင်းမှာမူ တစ်ဖက်လူ၏စကားများကို သတိမမူမိသည့်အတွက် ဖိအားတစ်စုံတစ်ရာမခံစားခဲ့ရပေ။ လက်ရှိသူ၏စိတ်ထဲတွင် မူလရည်ရွယ်ချက်သာရှိနေပြီး မည်သို့အရာပင်ရှိပါစေ သူသေချာပေါက် ၎င်းအသီးအရွက်များကို ပြန်သယ်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ ယခုထိ စိုက်ခင်းကိုမမြင်ရသေးသော်ငြား ဆိုင်ရှင်ကျင်း ယုံကြည်ချက်အပြည့်ရှိသည်။ အိမ်တွင်ပြင်ဆင်ထားသည့် ဤအရသာရှိသောဟင်းလျာများကို ကြည့်ရုံနှင့်ပင် ၎င်းတို့၏အရည်အသွေးလျော့ကျသွားမည်ကို မည်သည့်အခါကမှ စိတ်ပူနေရန်မလိုချေ။


ဆိုင်ရှင်ကျင်းမှ သူ၏အတွေးများကို ဖွင့်ဟလာသည်


 “ သည်ကနေ့ရဲ့ ဂေါ်ဖီနဲ့ခရမ်းချဉ်သီးတွေကိုပဲကြည့်လေ…သူတို့အားလုံးက အရမ်းအရသာရှိနေတော့ ကျူပ်တို့ဆိုင်ကလည်း ရ‌နိုင်သလောက်အကုန်ပြန်သယ်သွားရမှာပေါ့…အမှာစာတွေကလည်း သေချာပေါက်အကန့်အသတ်ရှိမှာကို မဟုတ်ဘူး… ကဲ ညီငယ်ရန်နဲ့ ညီငယ်ရန်ရဲ့ကောငယ်လေး … ကျုပ်အခုလေးတင်ပြောလိုက်တဲ့အကြံကို ဘယ်လိုထင်သတုန်း…”


ယနေ့ဟင်းထဲတွင်ပါသည့် အသီးအရွက်များမှာ သက်ရှိမြေကြီးတွင် စိုက်ပျိုးထားသောကြောင့် အထူးအရသာရှိနေခြင်းဖြစ်သည် “ သည်ကနေ့ လူကြီးမင်းသုံးဆောင်ခဲ့တဲ့ ဟင်းသီးဟင်းရွက်တွေက အေးခဲထားတာဆိုတော့ ပိုပြီးအရသာရှိနေရတာပါ… ဒါပေမယ့် အေးခဲပြီးသား ဟင်းသီးဟင်းရွက်တွေကတော့ လက်ရှိမှာမရှိတော့ဘူးရယ်…သူတို့ကိုလတ်လတ်ဆတ်ဆတ်ရိတ်သိမ်းရမှာဆိုတော့ အရသာတော့အနည်းငယ်အပြောင်းအလဲရှိမယ်လို့ ပြောရမှာပဲ…သည်လိုဆိုရင်ကော လက်ခံနိုင်မလား…”


ပြောချင်တာက သူ့မှာရောင်းဖို့ဆန္ဒရှိတယ်ပေါ့… ဆိုင်ရှင်ကျင်း ချက်ချင်းဆိုသလိုအဓိကအချက်ကို သဘောပေါက်သွားကာ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည် “ ကောငယ်လေးက တကယ့်ကိုရိုးသားတဲ့လူငယ်လေးပဲ… သည်ဆိုင်ရှင် ကျုပ်က အလိုလိုကိုသိပြီးသားပဲလေ… ပြီးတော့ အရင်တစ်ခါပို့ထားတဲ့ ဂေါ်ဖီတွေနဲ့ မုန်ညှင်းစေ့တွေကလည်း ခြွင်းချက်မရှိကိုကောင်းတာပဲဟာ… ကျူပ်အတွက်ပြသနာမဟုတ်ပါဘူး…”


မြောင်ဟယ်၏နှလုံးသားထဲတွင် နွေးထွေးသွားရသည်။ အဆုံး၌ သူ၏ပူပန်နေမှုများကို လျော့ချနိုင်ခဲ့လေပြီ။ ထို့အတွက်ကြောင့် သူထိန်းမရနိုင်ဘဲ ဂုဏ်ယူနေသော ပီတိဖြာနေသည့်အပြုံးကြီးဖြင့် ရန်သာ့လန်ထံလှမ်းကြည့်လိုက်မိသည်။ သာ့လန်မှာ တိတ်ဆိတ်နေခဲ့သော်လည်း သူ၏မျက်လုံးထဲမှ နူးညံ့မှုမှာတော့ အားပေးထောက်ခံနေမှုကို ပြသနေသည်။


ခဏအကြာတွင် လူတိုင်း နောက်ဖေးခြံဝန်းထဲရှိ အသီးအရွက်စိုက်ခင်းစီသို့ သွားလိုက်ကြသည်။ ဒုတိယအသုတ်စိုက်ပျိုးထားသော အသီးအရွက်များမှာ ရိတ်သိမ်းနိုင်တော့မည်ဖြစ်သည်။ အမှန်စင်စစ်ပင် စိမ်းလန်းစိုပြေနေသော ရှုခင်းတစ်ခုကို ရှူစားရသည့်မှာ သာယာနာပျော်ဖွယ် အတွေ့အကြုံတစ်ခုဖြစ်လေသည်။ သူတို့နှင့်အနီးဆုံးနေရာမှ အသီးအရွက်များမှာ စီးပွားဖြစ်ရောင်းချရန်အတွက်ဖြစ်ပြီး မြောင်ဟယ် ၎င်းတို့ကိုအချိန်အပိုင်းအခြားအလိုက် ရိတ်သိမ်းနိုင်ရန်အလို့ငှာ အတန်းလိုက်စိုက်ပျိုးထားခြင်းဖြစ်သည်။ ထိုမျှသာမက ရိတ်သိမ်းရမည့်အချိန်ကိုလည်း ကွက်တိဖြစ်နေစေရန် ချိန်ညှိထားခဲ့သည်။ ဤအတွက်ကြောင့် ရည်ရွယ်ချက်မှာကောင်းမွန်သော်ငြား သေးငယ်လှသောစိုက်ခင်းမှာ ဆိုင်ရှင်ကျင်းအား စိတ်ညစ်သွားစေသည်။


“ ရန်အိမ်ကကောလေးက ဟင်းသီးဟင်းရွက်တွေစိုက်တဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက်ပဲ…ဒါပေမယ့် စိတ်မရှိရင် ဘာလို့စိုက်ခင်းကသေးနေရလဲဆိုတာ မေးလို့ရမလားမသိဘူး…”


မြောင်ဟယ် အပြုံးလေးတစ်ခုပေးကာ ပြောလိုက်သည် “ အရင်တုန်းက အိမ်မှာမြေမရှိလို့လေ…တကယ်လို့ လူကြီးမင်းက စိုက်ခင်းနေရာအကျယ်ကြီးလိုချင်တယ်ဆိုရင်တော့ ပထမဆုံးရွာလူကြီးစီက မြေဝယ်ရလိမ့်မယ်…”


လျန်ယွမ်ဝေ ရင်ဘတ်ကိုဖွဖွပုတ်ကာ ရုတ်တရက်ထပြောလာသည် “ ကံကောင်းလို့ အရင်တစ်ခါတုန်းက ညီငယ်ရန်ကိုပေးထားတဲ့ တောင်ခြေမှာမထွန်ယက်ရသေးတဲ့ မြေတစ်ကွက်ရှိနေလို့ပေါ့… တကယ်လို့သာ ရန်အိမ်ကကောငယ်လေးက စိုက်ခင်းနေရာချဲ့ချင်တယ်ဆိုရင် အဲ့သည့်နေရာကကွက်တိကျမယ်လို့ ကျူပ်ထင်တယ်…”


 အကယ်၍သာ မြောင်ဟယ်တို့‌များများစိုက်ပျိုးထားပါက လျန်အိမ်အတွက်လည်း ဝေစုပို၍ရလာပေလိမ့်မည်။


ဤနေရာသို့လာသည့်လမ်းတစ်လျောက်တွင် ဆိုင်ရှင်ကျင်း လျန်နှင့်ရန်မိသားစုတို့အကြား ဆက်ဆံရေးကိုအကဲခတ်နိုင်ခဲ့သောကြောင့် ရယ်လျက်ပြောလာသည်


 “ ကောင်းတာပေါ့ တကယ်လို့သာ ဟင်းသီးဟင်းရွက်တွေပိုပြီးရှိတယ်ဆိုရင် ရောင်းမထွက်မှာကိုစိတ်မပူပါနဲ့…ကျုပ်တို့ဆိုင်က သေချာပေါက်အားလုံးကိုဝယ်ဖို့တတ်နိုင်ပါတယ်…”


မြောင်ဟယ်၏မျက်လုံးများတောက်ပသွားခဲ့သည် “ သည်လိုဆိုတော့လည်း သာ့လန်‌ပြန်ကောင်းလာဖို့ပဲ စောင့်ရမှာပေါ့… ကျွန်တော်တို့မတူညီတဲ့မျိုးကွဲတွေတောင် စိုက်ဖို့ဖြစ်လာနိုင်ဦးမှာ…”


ထိုနေ့မပြန်ခင် ဆိုင်ရှင်ကျင်းနှင့်မြောင်ဟယ်တို့စာချုပ်ချုပ်ဆိုခဲ့ကြသည်။


ဆိုင်ရှင်ကျင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် စီးပွားရေးအား စိတ်အားထက်သန်စွာ လေးလေးနက်နက်လုပ်ကိုင်သူဖြစ်သည်။ အသီးအရွက်များကို တရားဝင်မတင်သွင်းခင် စရန်အနေနှင့် ငါးတေးကြိုပေးထားခဲ့ပြီး အသီးအရွယ်‌တစ်ဆယ်သေတ္တာမှာ ငါးတေးနှင့်ညီမျှသည်။ အသီးအရွက်တစ်သေတ္တာအတွက် ထိုအချိန်ဝူမျန်ကိုပေးခဲ့စဉ်ကထက် အနည်းငယ်ပိုကုန်ကျမည်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ အရွက်အစားမှာ အနည်းငယ်ပိုမိုကြီးမားမည်ဖြစ်ရာ တစ်သေတ္တာအတွက် တေးတစ်ဝက်ဟူသောငွေကြေးမှာ အလွန်ကောင်းမွန်သောဈေးနှုန်းဖြစ်သည်။


ယန်ရွှေလက်ဖက်ရည်ဆိုင်အနေဖြင့် အရည်အသွေးကိုအာမခံရမည်ဖြစ်သောကြောင့် ပို့ပြီးသည်နှင့် အသီးအရွက်များကို စစ်ဆေးသွားမည်ဖြစ်ပြီး ပြန်ပို့ပေးမည့်အသီးအရွက်များအတွက် ဈေးကိုလျော့ချသွားမည်ဖြစ်သည်။ အလုပ်ကိစ္စမှာ အလုပ်ကိစ္စသာဖြစ်သောကြောင့် ဤသို့သောစည်းမျဉ်းများကို စာချုပ်ထဲတွင် ထည့်သွင်းရေးသားခဲ့ကြသည်။ နှစ်ဖက်စလုံးမှ သဘောတူညီချက်စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် တရားဝင်ဖြစ်စေရန်နှင့်အငြင်းပွားမှုတစ်စုံတစ်ရာ မရှိစေရန်အတွက် စာချုပ်မိတ္တူတစ်စောင်ကို မြို့တော်စာရေးထံ ပေးပို့သွားမည်ဖြစ်သည်။


ထိုအရေးအတွက် မြောင်ဟယ်အနေဖြင့် မြို့သို့အပြေးအလွှားသွားရန်မလိုလိုက်ချေ။ ဘေးမှနားထောင်နေရင်းဖြင့် လျန်ယွမ်ဝေမှ ရင်ဘတ်ကိုကပျာကယာပုတ်ကာ မြောင်ဟယ်စီသို့ပို့ပေးလိုက်မည်ဟု ကတိပေးလာသည်။ ထို့ကြောင့် အိမ်အပြန်လမ်းတွင် ဆိုင်ရှင်ကျင်းသာမက လျန်ယွမ်ဝေသည်လည်း အသီးအရွယ်သေတ္တာငယ်လေးတစ်ခုစီဖြင့် ပြန်နိုင်ခဲ့သည်။ လမ်းလျှောက်ပြန်လာခဲ့ကြချိန်၌ နှစ်ဦးစလုံး၏မျက်နှာပေါ်တွင် အပြုံးများကိုယ်စီရှိနေပြီး မြောင်ဟယ်သည်လည်း ပြုံးနေခဲ့သည်။


သူစိုက်ပျိုးခဲ့သောဟင်းသီးဟင်းရွက်များကို နောက်ဆုံးတော့ ရောင်းနိုင်ခဲ့လေပြီ။


မြောင်ဟယ် ရန်သာ့လန်ထံ အလွန်ရွှင်ပြနေသောမျက်လုံးများဖြင့် ကြည့်ကာပြောလိုက်သည် “ ဟင်းသီးဟင်းရွက်တွေကို လိုချင်တဲ့သူရှိလာရင် ကျွန်တော်ပဲတာဝန်ယူပါစေ… လက်ဖက်ရည်ဆိုင်အတွက်ရောပေါ့…သည်လုပ်ငန်းစလိုက်တာနဲ့ နောင်ကြရင် ကျွန်တော်တို့ပိုက်ဆံအတွက်စိတ်ပူနေစရာမလိုတော့ဘူး…”


“ အားလုံးက မင်းကြောင့်ပါပဲ…” ရန်သာ့လန် ခေါင်းညိတ်ကာပြောလာသည်။


ထိုစကားများမှာ အနည်းငယ်ကိုယ်ရည်သွေးဟန် ပေါ်နေသောကြောင့် မြောင်ဟယ် ချောင်းဟန့်ကာပြောလိုက်ရသည် “ ခင်ဗျားကြောင့်လည်း ပါပါတယ်နော်… မြေဆွတာနဲ့ မြေဩဇာတူးရတာက ခင်ဗျားပဲလုပ်ခဲ့တာကို… တကယ်လို့သာ စိုက်ခင်းအသစ်ထပ်စိုက်ချင်တယ်ဆိုရင် သည်ဟာတွေကတော့ လုပ်ရ‌ဦးမှာပါပဲ…”


ရန်သာ့လန် တစ်ဖက်လူကို ပွေ့ဖက်ရန်အတွက် အသာအယာဆွဲယူလိုက်သည် “ အင်း အကုန်လုပ်ကြတာပေါ့…” ဤကဲ့သို့ကောင်းမွန်သောကောအား ဘုရားသခင်မှ သူ့ထံတွင် အချိန်မည်မျှကြာကြာပေးထားနိုင်မည်နည်း… ဤသည်မှာ သူ၏စိတ်ထဲမှအတွေးပင်။


မြောင်ဟယ်မှာမူ မျှော်လင့်မထားသောပွေ့ဖက်မှုကြောင့် တောင့်ခဲသွားရသည်။ သူ၏ပါးပြင်ပေါ်တွင် ရှက်သွေးဖြာနေသည့်တိုင် တစ်ဖက်လူအား တုန့်ဆိုင်းခြင်းမရှိ ပွေ့ဖက်ခွင့်ပေးလိုက်သည်။ အတွေးထဲတွင်မူ ဤသည်မှာစိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားခြင်းပေလောဟု တွေးနေမိသည်။


မည်သို့ပင်ဆိုစေကာမူ သူ၏ကြိုးစားအားထုတ်ထားမှုများမှာ အချည်းနှီးဖြစ်ခဲ့ရကာ ခဏအကြာတွင် သူ့အပေါ်အုပ်မိုးလာသည့်အနမ်းတစ်ခုကြောင့် မြောင်ဟယ် လည်ပင်းများပင် ထင်ထင်ရှားရှားနီမြန်းလာရသည်။


မြောင်ဟယ် တစ်ဖက်လူ၏အင်္ကျီစကိုဆုပ်ကိုင်ကာ ခေါင်းကိုစောင်းငဲ့ထားရင်းဖြင့် အတွေးထဲနစ်မြုပ်နေမိသည်။ အဘယ့်ကြောင့် ဤသည်မှာထပ်မံဖြစ်လာရသည်နည်း….


မြောင်ဟယ်၏မိသားစုထံ သွားရောက်သည့်ခရီးမှာ အဆင်ပြေချောမွေ့ခဲ့သည်။ ဆိုင်ရှင်ကျင်း လက်ဖက်ရည်ဆိုင်စီသို့ သတင်းပို့ရန် အလျင်စလိုပြန်သွားခဲ့ရပြီး အကြီးအကဲချူအတွက် ပြန်လည်ယူဆောင်လာသော ခရမ်းချဉ်သီးများပါသည့် ရတနာတစ်သေတ္တာကို တင်ပြရဦးမည်ဖြစ်သည်။


 လျန်ယွမ်ဝေအတွက်မှာမူ ပို၍များသောကိစ္စများစွာ ရှိနေပြီး မြောင်ဟယ် လက်ဆောင်ပေးခဲ့သည့် အသီးအရွက်များကို အိမ်သို့အမြန်ပြန်ယူသွားရန်သာမက မိသားစုအတွင်း၌ ကိုင်တွယ်ရန် လောက်ကောင်နှစ်ကောင်ရှိနေခဲ့သည်။


“ ရွှီပျောင် လောင်ရယ်က မင်းကိုရှာနေတယ်…”


ဒုတိယအဆင့်စားဖိုမှူးဖြစ်သော ရွှီပျောင်မှ အသံပြန်ပေးလိုက်ပြီး ခါးတွင်ပတ်ထားသော ပဝါဖြင့်လက်ကိုသုတ်ကာ ကပျာကယာပြေးထွက်လာရသည်။ လာနေသည့်လမ်းတစ်လျောက် သူ့ဦးလေး၏အသီးအရွက်များကို သဘောကျနှစ်ခြိုက်ကြသောကြောင့် ဈေးနှုန်းတိုးပေးချင်သည့်အတွက် ခေါ်ခြင်းဖြစ်မည်လားကို တွေးတောနေမိသည်။


၎င်းစိတ်အခြေအနေဖြင့်ပင် ခန်းမတွင်းသို့ဝင်လာခဲ့လိုက်သော်လည်း အတွင်းတွင်ရပ်နေသည့်ဝူမျန်ကို မြင်လိုက်ရချိန်၌ သူ၏နှလုံးမှာတစ်ချက်ထခုန်သွားရသည်။ ရွှီပျောင် အမြန်ပြေးဝင်လာကာ အရိုအသေပေး၍ မေးလိုက်သည်


 “ လောင်ရယ် ကျွန်တော့်ကိုခေါ်ထားတာလား..”


လျန်ယွမ်ဝေ မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် စိတ်ကောင်းစေတနာရှိပြီး ကြင်နာတတ်သောလူတစ်ယောက်ဖြစ်ကြောင်း လူအများသိကြပြီးဖြစ်သော်လည်း ၎င်းမှာ သူ၏စီရင်ပိုင်ခွင့်အောက်တွင် ‌ဆုပေးဒဏ်ပေးစနစ်မရှိပါဟု မဆိုပေ။ မဟုတ်ပါက သူအနေနှင့် မြစ်ကမ်းနံဘေးရှိ ကျူးကျော်ချင်နေသူများအား မည်သို့ဖိနှိပ်ထားနိုင်ပါမည်နည်း။


ဇနီးသည်နှင့်သားဖြစ်သူတို့ မြောင်ဟယ်ထံမှယူလာသည့် ခရမ်းချဉ်သီးများကို သဘောကျနှစ်ခြိုက်စွာစားနေကြသည့်မြင်ကွင်းကို ပြန်လည်သတိရသွားပြီး ၎င်းတို့ကို မတည်ခင်းခင် တစ်လုံးချင်းစီ အသေအချာဆေးကြောထားခဲ့သည်။ လျန်ယွမ်ဝေ သူ၏နှလုံးသားမှာ တစ်စုံတစ်ရာမှအညှစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ အနှီပစ္စည်းကောင်းများ၏ အများစုကို ဆိုင်ရှင်ကျင်းမှ မည်ကဲ့သို့ရိတ်သိမ်းသွားနိုင်သည်နည်း။


 သေချာပေါက်ပင် သူ့ထံတွင် မျက်နှာပြောင်ပြောင်နှင့် အခြားဝယ်သူများကို ငြင်းပယ်ကာ သူ၏မိသားစုတစ်ခုထဲထံ အသီးအရွက်များတင်ပို့ရန် ဟယ်ကောထံတောင်းဆိုနိုင်ပါသော်လည်း ဆိုင်ရှင်ကျင်းသာမရှိခဲ့ပါက သူဤအသီးအရွက်များအား မြည်းစမ်းရန်အခွင့်အရေးပင် ရှိလိုက်မည်မဟုတ်ချေ။ ထိုမျှသာမက သူသည်လည်း မြစ်ကိုကူးပြီးသည်နှင့် တံတားဖျက်တတ်သူတစ်ဦးမဟုတ်နေပါ။


အဖြစ်အပျက်တစ်ခုလုံးကို ဇနီးသည်ထံအသိပေးလိုက်ရသည့်အတွက် လျှို့ဝှက်မယားကြောက်အဖွဲ့ဝင်တစ်ဦးဖြစ်သော လျန်ယွမ်ဝေမှာ တုန်တုန်ယင်ယင်နှင့် မရိုးသားခဲ့သူများအား အပြင်းထန်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ရသည်။


“ အခုချိန်ကစပြီး မင်းနဲ့ဝူမျန်တို့ သည်မိသားစုမှာ အမှုထမ်းဖို့မလိုတော့ဘူး… အိမ်တော်ထိန်းဆီက လုပ်အားခထုတ်ပြီးတာနဲ့ သွားလို့ရပြီ…”


ထိုစကားများထွက်လာချိန်တွင် ရွှီပျောင်နှင့်ဝူမျန်တို့မှာ တောင့်ခဲသွားရသည်။


နှစ်ဦးစလုံးမှာ ‌မြေပြင်ပေါ်တွင် ဒူးကိုဘမ်းခနဲထောက်ကာ ပြောလာကြသည် “ လောင်ရယ် ဘယ့်အတွက်ကြောင့်ပါလဲ…”


လျန်ယွမ်ဝေ အေးစက်စက်ပြောလိုက်သည် “ တစ်ယောက်က ဟင်းသီးဟင်းရွက်တွေကိုခိုးယူတယ်… တစ်ယောက်ကတော့ ခိုးရာပါပစ္စည်းကို ရောင်းခဲ့တဲ့အတွက်ကြောင့်ပဲ…ငါတို့ရဲ့လျန်အိမ်တော်မှာ သည်လိုခြေဆော့လက်ဆော့ရှိတဲ့သူတွေကို မထားနိုင်ဘူး…ပြီးတော့ ရွှီပျောင် ဖုန့်မိသားစုကလည်း အခုကစပြီး သူတို့ရဲ့တာဝန်တွေကို ဆက်လက်ဆောင်ရွက်ဖို့ မလိုတော့ဘူးလို့ မင်းပဲပြောလိုက်ပါ… ကောင်းပြီ ထွက်သွားကြတော့…”


နောက်ဆုံးစာသားဆုံးသည်နှင့် ခန်းမ၏တစ်ဖက်တစ်ချက်တွင်ရှိနေသော အရပ်ရှည်ရှည်နှင့်အစောင့်များမှ ထိုသူနှစ်ဦးကို အပြင်သို့ဆွဲထုတ်သွားခဲ့သည်။ လျန်ယွမ်ဝေအဖို့ ထိုကိစ္စမှာ စကားအနည်းငယ်နှင့် ပြီးဆုံးသွားနိုင်သော်လည်း ရွှီပျောင်နှင့်ဝူမျန်တို့အတွက်မှာမူ နွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားရသည်။ နှစ်ဦးစလုံးမှာ ယခုတွင်ဖြစ်ပျက်ခဲ့သည်များအပေါ် ကြောင်အမ်းနေကြသောကြောင့် သူတို့ကိုအပြင်သို့ဆွဲထုတ်လိုက်ရသည့်တာဝန်မှာ အားစိုက်ရန်မလိုလိုက်သော အလုပ်တစ်ခုဖြစ်နေခဲ့သည်။


ဂိတ်တံခါးများပိတ်သွားချိန်၌ အဆုံးတွင် ရွှီပျောင်သတိဝင်လာခဲ့သည်။ ခေါင်းကိုဆတ်ခနဲလှည့်ကာ ‌ဝူမျန်၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည် “ ဘာလို့အဲ့သည့်ဟာတွေကို ကောင်းကောင်းမကိုင်တွယ်ခဲ့ရတာလဲ…ဘယ်လိုဖြစ်တာလဲ… ဘယ်လိုလုပ်ပြီး ရှာတွေ့သွားရတာလဲ…”


ဝူမျန်မှာ ကောက်ကျစ်သောစိတ်ဓာတ်ရှိသော်လည်း လူဆိုးများကိုမူ ကြောက်ရွံတတ်သူတစ်ယောက်ဖြစ်သည်။ သူ့အား အရှင်လတ်လတ်မြိုချတော့မလိုဖြစ်နေသည့် ရွှီပျောင်ကိုမြင်လိုက်ရချိန်တွင် အကြောက်တရားမှာသူ့ပေါ်သို့တွားတက်လာခဲ့သော်လည်း သတ္တိမွေးကာပြောလိုက်မိသည် 


“ ကျ... ကျွန်တော်လည်း မ မသိဘူးလေ…သည်အတိုင်း စားသောက်ဆိုင်ကိုပဲ ရောင်းခဲ့မိ မိတာ… ဘယ်လိုလုပ်ပြီး ကျွန်တော်နဲ့ သက်ဆိုင် ဆိုင်ရမှာလဲ…”


“ စားသောက်ဆိုင်…” ရွှီပျောင် မျက်လုံးထဲမှ ဓားများထွက်လာမတတ်ပင်။ ထိုလတ်ဆတ်လှပသော အသီးအရွက်များကို ပြန်လည်တွေးမိသွားပြီး အော်ပြောလိုက်သည်


 “ အရူးကောင်…စားသောက်ဆိုင်ကိုသာ ရောင်းလိုက်ရင် မင်းကိုခြေရာခံမိသွားမှာမဟုတ်ဘူးလား…”


စားဖိုမှူးကြီး၏ဆုပ်ကိုင်ထားမှုကြောင့် သူ၏လက်မောင်းမှကြွက်သားမှာ လောင်ကျွမ်းမလိုဖြစ်နေရကာ ဝူမျန် ဤသည်ကိုအခွင့်ကောင်းယူ၍ အနည်းငယ်ဖြေလျော့လိုက်သည်


 “ ဈေးကောင်းရအောင်လို့ ကျွန်တော် လက်ဖက်ရည်ဆိုင်ကိုရောင်းလိုက်တာလေ…ရှာတွေ့သွားကြမယ်လို့ ဘယ်လိုလုပ်ပြီးသိမှာလဲ… စားဖိုမှူးကြီးပဲ အဲ့သည့်ဟာတွေကို သေတ္တာနဲ့ထည့်ခဲ့တာမဟုတ်ဘူးလား… ဒါကြောင့်ပဲ ရှာတွေ့သွားတာဖြစ်မှာပေါ့…သည်လိုဆို ကျွန်တော့်အပြစ်မဟုတ်ဘူးမလား…”


“ သေတ္တာလား…” ရွှီပျောင် ဝူမျန်အား မျက်တောင်မခတ်တမ်းကြည့်နေမိသည်။ ခဏအကြာတွင် သူ၏မျက်နှာမှာ ပျက်ယွင်းသွားရသည်။ ရွှီပျောင် အဆုံး၌ မည်သည့်အရာမှားယွင်းနေသည်ကို သိလိုက်ရလေပြီ။


ထိုအသီးအရွက်သေတ္တာမှာ အ‌စကတည်းကပင် ထူးဆန်းနေခဲ့သည်။ သူအနေဖြင့် ၎င်းကိုတစ်နေရာရာတွင် မြင်တွေ့ဖူးသည့်ခံစားချက်မျိုး ရနေခဲ့ပြီး ဤသည်မှာ လျန်မိသားစုမှ လက်ဆောင်အဖြစ်ပေးပို့ခဲ့သည့်သေတ္တာ မဟုတ်ပါ၏လော…


သူထိုအကြောင်းကို စဉ်းစားမိရန် ကျရှုံးခဲ့ပြီး သတိလက်လွတ်အပြင်သို့ထုတ်သွားခဲ့မိသည်။


ဝူမျန်မှ သူ၏သဘောထားကို ဖော်ပြလာသည်


 “ ပြီးတော့ ကျွန်တော်ကခင်ဗျားခိုင်းတာကိုပဲ လုပ်ခဲ့တာနော်…ပြောကြေးသာဆို ကျွန်တော်က ခင်ဗျားကြောင့်နစ်နာခဲ့ရတာ…အဲ့သည့်သေတ္တာကို ခင်ဗျားခိုးခဲ့တယ်ဆိုတာ မသိခဲ့လို့… သိသာသိခဲ့ရင် ကူပေးဖို့အတွေးရှိမှာမဟုတ်ဘူး…အခုတော့ သွားပြီ… အလုပ်လည်းပြုတ်ပြီ… အိမ်ရောက်ရင် မိန်းမနဲ့ကလေးကို ဘယ်လိုမျက်နှာပြရတော့မှာလဲ…သည့်အတွက် လျော်ကြေးပေးသင့်တယ်မဟုတ်ဘူးလား…”


“ ဟင်းသီးဟင်းရွက်တွေရောင်းခဲ့တဲ့ပိုက်ဆံကို မင်းယူသွားတာ အသိသာကြီးပဲလေ…”


“ ဘယ်လိုလုပ်ပြီး သည်ငွေနည်းနည်းလေးကလောက်မှာလဲ…မဟုတ်သေးဘူး… ခင်ဗျားအချိန်ဆွဲနေရဲရင် ကျွန်တော် ခင်ဗျားအိမ်ရှေ့ကို နေ့တိုင်းလာအော်နေမှာနော်…”


“ ဘာကိုလာအော်မှာလဲ… ငါပဲမင်းကိုသည်အလုပ်သွင်းပေးခဲ့တာမဟုတ်ဘူးလား…အခုတော့ပြုတ်ပြီ ငါကဘာများပြောနိုင်ဦးမှာလဲ…ဘာလဲ ပြသနာရှာချင်တာလား.. လာစမ်းပါ အခုအချိန်မှာ ဘာကိုများကြောက်နေရဦးမှာလဲ…ငါ့မှာက ဖုန့်မိသားစုရှိနေသေးတယ်နော်… မင်းသည်အတိုင်းသာလစ်လိုက်တော့….”


“ သည်ဟာက ခင်ဗျားပြောထားသလိုမဟုတ်ဘူးနော်… ပြီးတော့ အရင်တုန်းက ခင်ဗျားယောက္ခမလည်း ကျွန်တော့်အပေါ်မှာ ကျေးဇူးကြွေးတင်နေတာပဲမဟုတ်ဘူးလား… အဲ့သည့်ဟာပါပေါင်းပြီး ပြန်ဆပ်စမ်းပါ…”


နှစ်ဦးစလုံးမှာ လျန်အိမ်တော်တံခါးဝတွင် အော်ဟစ်ဆဲဆိုနေကြခြင်းဖြစ်သောကြောင့် ခဏအကြာ၌ လျန်မိသားစု၏အစောင့်များမှ သူတို့နှစ်ဦးကို အဝေးသို့နှင်ထုတ်လိုက်ရသည်။


ရွှီပျောင်နှင့်ဝူမျန်တို့မှာ အချင်းချင်းလည်ချောင်းများအက်ကွဲလာ

သည်အထိ အော်ဟစ်နေကြသည်။ ဖြစ်နိုင်သည်မှာ ယခုအချိန်၌ သူတို့အနေဖြင့် လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်နေခြင်းကြောင့်လည်း ဖြစ်ပေမည်။