Chapter 78
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]

Ch 78

အသိပညာများ မျှဝေခြင်း(၁)



ဘုန်းတော်ကြီး၀ီလီယမ်မှာ LJJ၏ live streamပလက်ဖောင်းကို ကြည့်ရှုနေကြသူများစွာက   အစားအသောက်များ ဖွင့်ချလျက် သူနှင့်အတူ လိုက်လံစားသောက်နေကြကြောင်း မသိခဲ့ချေ။


အစီအစဥ်မှာ စိုက်ပျိုးရေးဗဟုသုတများ၊ တိရိစ္ဆာန်မွေးမြူရေးများ၊ အရသာရှိသောအစားအသောက်များနှင့် အခြားရသမျိုးစုံလည်း ပါ၀င်သည်ဖြစ်၍ ကြည့်ရှုသူများမှာ မိမိတို့ကိုယ်တိုင်သာမက အခြားသူများကိုလည်း မိမိတို့နှင့်အတူ လာကြည့်စေရန် လှည့်ဖျား သွေးမဆောင်ဘဲ မနေနိုင်ခဲ့ချေ။


LJJ၏ live streamများစွာထဲတွင် ဤချန်နယ်၌ကြည့်ရှုသူဦးရေက ကြိတ်ကြိတ်တိုး များပြားနေခဲ့သည်။


စွေ့ချီချောင်းကမူ မိမိအား ထူးဆန်းသော၀ါသနာရှိသည့် ပရိတ်သတ်များစွာက ကြည့်ရှုနေကြောင်း လုံး၀မသိခဲ့ချေ။ သူက စားဖိုမှူးအား ၀ီလီယမ်အတွက် စပျစ်၀ိုင်ပန်းသီးကို တည်ခင်းစေပြန်သည်။


တစ်ခြမ်းစီလှီးထားသော ပန်းသီးစိတ်များအား ချိုမြမြစပျစ်၀ိုင်ဖြင့် မီးအေးအေးတွင် အရသာ၀င်သည်အထိ ချက်ပြုတ်ထားပြီး အပေါ်မှ အရသာမှုန့်အနည်းငယ်ကို ဖြူးထားခဲ့သည်။ သစ်သီးနှစ်မျိုး၏ ပေါင်းစပ်အရသာမှာ ထူးခြားပြီး စွဲမက်ဖွယ်ကောင်းလှသည်။ မူလက အ၀ါရောင်သန်းနေသောပန်းသီးသားမှာ ယခုတွင်မူ စပျစ်ရောင်လေးသန်းလျက်  စားချင့်စဖွယ်ဖြစ်နေခဲ့သည်။


၀ီလီယမ်မှာ နူးအိသည်အထိ ချက်ထားသော ပန်းသီးကို အသာအယာဖဲ့လျက် ပါးစပ်ထဲသို့ထည့်လိုက်သည်။ ဤစားပုံစားနည်းမှာ တစ်မျိုးသစ်လွင်ဆန်းသစ်ကာ မျိုးရိုးအဆင့်အတန်းကိုလည်း ကောင်းစွာ ဖော်ပြနိုင်သကဲ့သို့ပင်။ ချမ်းသာသော မျိုးရိုးမြင့်များကလွဲလျှင် မည်သူမှ ဤသို့စားသောက်နိုင်မည် မဟုတ်ပေ။


၀ီလီယမ်၏ အာမခံမှုကြောင့် စွေ့ချီချောင်းမှာမိမိ၏ အသစ်စက်စက်ဖောက်၀ိုင်များအပေါ် ယုံကြည်ချက်အပြည့်ဖြင့်ပင် ကုန်သည်အဖွဲ့အား ဘုရားကျောင်းထံသွား၍ ပို့စေခဲ့သည်။ အခြားမျိုးရိုးမြင့်များမှာမူ ထို၀ိုင်၏တစ်စက်ခန့်ကိုမျှ မမြည်းစမ်းလိုက်နိုင်ချေ။ ၄င်းတို့အားလုံးကို ဘုရားကျောင်းမှ တိုက်ရိုက်၀ယ်သွားခဲ့သည်။ ဤအရသာထူးခြားပြီး ကောင်းမွန်လှသည့် နတ်ဘုံသွေးနှယ်၀ိုင်မျိုးကို စီနီယာ ဘုန်းတော်ကြီးချုပ်များသာလျှင် အရသာခံသင့်ပေသည်။


အရသာလေး မြည်းစမ်းရုံမျှဖြင့် နော်သန်ဘာလန်၏၀ိုင်မှာ တစ်စုံတစ်ယောက်၏ ၀ိညာဥ်ထဲအမှတ်တံဆိပ် ခတ်လိုက်သည့်နှယ် စွဲထင်ကျန်ရစ်စေခဲ့သည်။ ထို့အပြင် ဘုရားကျောင်းမှအားလုံးကို  တိုက်ရိုက်ပင် သိမ်းကျုံး၀ယ်သွားခြင်းကြောင့် နော်သန်ဘာလန်မှ ၀ိုင်များမှ အခြား၀ိုင်များနှင့် ကွာခြားသော အဆင့်အတန်းတစ်ခုကို နေ့ချင်းညချင်းရရှိသွားခဲ့သည်။


နယ်မြေငယ်လေးတစ်ခု၏ နယ်စားဖြစ်သူသည်လည်း မြောက်ပိုင်းတစ်ခွင် လူသိများလာတော့သည်။ စွေ့ချီချောင်းအား လူအများသတိထားမိလာသည်နှင့် တစ်ပြိုင်နက် နော်သန်ဘာလန်၏ ကုန်ဖလှယ်အဖွဲ့မှာ သကြားညိုများအပြင် ချည်ထည်များကိုပါ ရောင်းချကြောင်း တဖြည်းဖြည်း သိရှိလာကြတော့သည်။


သူတို့မှာ သကြားညိုများသာ ရောင်းသည်ဆိုလျှင်  ကိစ္စမရှိချေ။ ဘုရားကျောင်းမှာ နယ်မြေကြီးများနှင့် ကုန်ဖလှယ်စဥ်က သကြားမုန်လာစေ့များကိုလည်း ဖြန့်ဝေပေးခဲ့၍ပင်။


သို့သော်လည်း ချည်ထည်စများမှာမူ နော်သန်ဘာလန်အား ပင်လယ်အကျော် နယ်ဝေးမှ ပြည်နယ်ကြီးများနှင့် အဆင့်အတန်းတူလုနီးပါးပင် ဖြစ်စေသည်။ ဒီဇိုင်းမှာ နယ်ခံများ အကြိုက်ပုံစံပင်ဖြစ်ကာ ပြည်နယ်ကြီးများမှ အထည်စနှင့် နော်သန်ဘာလန်မှအထည်စမှာ အတူတူဟုပြောရန်ကမူ မမျှတရာ ကျမည်ပင်။ အဘယ်ကြောင့်မူ နော်သန်ဘာလန်မှ အထည်စများမှာ ကောင်းမွန်လွန်း၍ပင် ဖြစ်လေသည်။


ချက်ကျလက်ကျ ဆိုရသော် သေးငယ်သော နယ်ကလေးမှာ လူအင်အား မလုံလောက်နိုင်ပေ။ သူတို့အတွက် ဤကဲ့သို့ပစ္စည်းများကို ထုတ်လုပ်ရန် ခက်ခဲသင့်ပေသည်။


သို့နှင့် နော်သန်ဘာလန်မှ သတင်းစုံကလည်း အနီးအနားနယ်မြေများမှတစ်ဆင့် တဖြည်းဖြည်းပျံ့နှံ့လာလေသည်။ နော်သန်ဘာလန်က ဤသို့တိုးတက်အခြေအနေကောင်းလာသည်မှာ အသစ်တက်လာသော နယ်စားငယ်၏ နည်းလမ်းများကြောင့် ဖြစ်ကာ နယ်စားငယ်မှာ ဘုန်းတော်ကြီးချုပ်၏ တူဖြစ်သူတော်စပ်သည်ဟုလည်း ဆိုလေသည်။ ထို့အပြင် သူက အရှေ့တိုင်းသို့လည်း ခရီးထွက်ခဲ့ဖူးလေသည်။


သို့နှင့် ဆက်စပ်တွေးကြည့်ကြလျှင် ဘုရားကျောင်း၏ နှောင်းပိုင်းလုပ်ဆောင်မှုများမှာ စွေ့ချီချောင်း၏ လုပ်ဆောင်မှုများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိလာကြလေသည်။


နယ်မြေကြီးများကို ပိုင်ဆိုင်သော မျိုးရိုးမြင့်များမှာ သူတို့အတွက် နော်သန်ဘာလန်က သေးငယ်ပြီး အစွန်အဖျားတွင်သာ တည်ရှိသော နယ်ကလေးဖြစ်သဖြင့် ဂရုမထားခဲ့ကြချေ။ နော်သန်ဘာလန်မှတင်ပို့သော ထုတ်ကုန်များမှာ သူတို့အတွက် ဘာမှမဟုတ်ချေ။ ပစ္စည်းများက အရည်အသွေးကောင်းလျှင်ပင် ထူးခြားမနေချေ။ သူတို့အတွက် ဤနယ်မြေလေးမှာ အဆီတ၀င်း၀င်းနှင့် အသားတုံးကြီးဖြစ်ကာ ဘုရားကျောင်းမှ ကာကွယ်ပေးမှုရှိလျှင်ပင် စစ်တန်ဆာများဆင်ယင်လျက် ကျူးကျော်ရန် မစောင့်နိုင်ကြတော့ချေ။


ဤသည်မှာ ဖြစ်ကိုဖြစ်လာမည့် အရာမျိုးပင်။ အနည်းငယ် နောက်ကျနေခဲ့ရုံသာ ဖြစ်သည်။


သို့တိုင်အောင် စွေ့ချီချောင်းသာမက အစေခံများကပင်လျှင် အနည်းငယ်မျှ စိတ်ပူနေပုံမပေါ်ကြချေ။


ရယ်စရာ မကောင်းနေဘူးလား…


နော်သန်ဘာလန်၏ လယ်ပစ္စည်းများမှာ အထူးအဆင့်မြှင့်ထားကာ သံတူရွင်းများပင်လျှင် ပါ၀င်သေးသည်။


၀က်များကိုလည်း ကောင်းစွာမွေးမြူလေ့ကျင့်ပေးထားသည်မှာ ကျွဲနွားများနှင့်တန်းတူ လယ်ထွန်နိုင်သည်အထိပင်။ ဤတိရိစ္ဆာန်များ လွယ်လွယ်သေရန် စိတ်ပူနေစရာမလိုတော့ချေ။ ထို့အပြင် ခရီးစဥ်တိုင်းမှ ဖမ်းဆီးမိသော သုံ့ပန်းများအားလုံးသည်လည်း နယ်စောင့်စစ်တပ်နှယ် လေ့ကျင့်ခံထားရကာ ယခုဆိုလျှင် ထိုလူများမှာ အိမ်သာသွားချင်လျှင်ပင် တန်းစီရခြင်းကို အကျင့်ဖြစ်နေပြီဖြစ်သည်။ အစစ်အမှန်စစ်သည်တော်များက အနည်းအကျဥ်းသာရှိသော်လည်း ၄င်းတို့မှာ ၀ါရင့်စစ်သည်တော်များဖြစ်နေသေးသည်။


ပထမဆုံးအကြိမ် ကျူးကျော်မှုမှာ လယ်လုပ်သား တိုင်လန်၏ အကြီးဆုံးသား မင်္ဂလာဆောင်သည့်နေ့တွင် ဖြစ်ပွားခဲ့သည်။ နယ်စားမှာ ကြင်နာမှုဖြင့် ထိုအသစ်စက်စက်စုံတွဲအတွက် အခွန်အခများကို ရုတ်သိမ်းပေးကာ စောင်အသစ်တစ်ထည်ကိုလည်း  လက်ဖွဲ့ခဲ့သေးလေသည်။


တိုင်လန်၏သားအကြီးမှာ လွတ်လပ်သော လယ်သမား၏ သမီးဖြစ်သူနှင့် လက်ထပ်ခဲ့ခြင်းဖြစ်ကာ အတိတ်တွင်ဆိုလျှင် ၄င်းကိုစိတ်ကူးပင် ယဥ်နိုင်မည်မဟုတ်ချေ။ လယ်သမားချင်း အတူတူဖြစ်သော်လည်း အဆင့်အတန်းက ကွာခြားလှပေသည်။


သို့သော် တိုင်လန်၏မိသားစုမှာ ကံကောင်းလှသည်။ သားအကြီးဖြစ်သူမှာ သကြားချက်စက်ရုံတွင် အလုပ်ရခဲ့သည့်အပြင် ၂နှစ်အကြာလည်း စစ်ရေးလေ့ကျင့်ခဲ့ရလေသည်။ သို့နှင့် သူက အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။ နယ်စား၏ ရံဖန်ရံခါချီးမြှောက်မှုများအပြင် ထိုအရည်ညှစ်ထားသော သကြားမုန်လာဖတ်များကို နေ့စဥ်လိုအပ်သည်တို့နှင့်လည်း လဲလှယ်နိုင်သေးလေသည်။ သို့နှင့် အမျိုးသားငယ်မှာ မိမိလက်ထပ်ရန် လိုအပ်သမျှကို စုဆောင်းနိုင်ခဲ့သည်။ အတိတ်တွင်ဆိုလျှင် အသက်၄၀မတိုင်မီအထိ လက်ထပ်ရန် ခက်ခဲလှကာ တစ်ကိုယ်တည်းသမားများမှာ မိမိလက်ကိုသာအဖော်ပြုလျက် နေထိုင်ကြရရှာသည်။


ထပ်လောင်းဆိုရလျှင် တိုင်လန်မှာ အမှန်တကယ် အလုပ်ကြိုးစားခဲ့ခြင််းကြောင့် ဤနှစ်သကြားမုန်လာအထွက်တိုးမှုက သူ့အတွက် အကျိုးများစွာရရှိစေခဲ့သည်။


တိုင်လန်၏မိသားစုမှာ ယခင်က တဲစုတ်လေးတွင်နေခဲ့ရသော်လည်း ယခုမူ သစ်သားအိမ်သို့ ပြောင်းသွားခဲ့ပြီဖြစ်ကာ သားကြီး၏အိမ်အသစ်မှာလည်း သစ်သားအိမ်ပင်ဖြစ်လေသည်။


လက်ထပ်ပြီးလျှင် သူတို့က အိမ်ခွဲနေမည် ဖြစ်ကာ 

နယ်စားထံတွင် လက်ထပ်မှတ်ပုံတင်လျက် ကိုယ်ပိုင်လယ်တစ်ခုကို ခွဲစိုက်ကြမည်ဖြစ်သည်။ သို့သော် သားအကြီးမှာ အနည်းငယ်မှ စိုးရိမ်မနေဘဲ အနာဂတ်အတွက် ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။ အဆုံးတွင်မူ သူ၏သကြားကျိုစက်ရုံမှအလုပ်မှာ အခြားသူများထက် စိုက်ပျိုးရေးတာ၀န်ခံအပါအ၀င် အစေခံများနှင့် အနီးကပ်ဆက်ဆံရ၍ပင်။


သို့နှင့် တိုင်လန်တို့မိသားစုမှာ လယ်လုပ်သားများဖြစ်သည့်တိုင် အချို့ လွတ်လပ်သောလယ်သမားမိသားစုများထက် ပို၍အဆင်ပြေလေသည်။ သို့သော်လည်း ၄င်းမှာ နော်သန်ဘာလန်မှ လယ်သမားများအတွက်သာ ဆိုလိုသည်။ အခြားနယ်များမှ လယ်လုပ်သားများအတွက်ဆိုလျှင် မနှိုင်းယှဥ်သည်က ပိုကောင်းလိမ့်မည်။ နော်သန်ဘာလန်တွင် အစေခံများ ကျေးကျွန်များပင် နေစရာအိမ်ရှိပေသည်။


အချုပ်အားဖြင့်ဆိုရလျှင် ကြွယ်၀မှုဖြင့် အဆင့်အတန်းများ ကွဲပြားသွားခဲ့သည်။ တိုင်လန်တို့မိသားစုမှာ အိမ်အသစ်၌ နယ်စားမှလက်ဖွဲ့သော စောင်အသစ်ကို ကြွား၀ါးနေခဲ့သည်။ ငယ်ရွယ်သောစုံတွဲက ထိုစောင်ကို အတူတကွခြုံထားသည်မှာ ကျက်သရေရှိသော လူချမ်းသာများနှယ် ခံစားရစေသည်။


၄င်းမှာ အိမ်အသစ်ဖြစ်၍ လယ်ကွက်အစွန်အဖျား  မွေးမြူရေးခြံအနီးတွင် ဆောက်လုပ်ထားခဲ့သည်။


အတိတ်တွင် နေအိမ်များမှာ နေရာသတ်သတ်မှတ်မှတ်မရှိဘဲ ပြန့်ကျဲလျက် မိမိတို့ပိုင်လယ်အနီးတွင်သာ  အဆင်ပြေသလို ဆောက်လေ့ရှိကြသည်။


နယ်စားမှ ရင်ပြင်အား ဆောက်လုပ်ပေးပြီးနောက်တွင်မှ အားလုံးက ရင်ပြင်တွင် အတူတကွစုလျက် စကားစမြည် ပြောရသည်ကို နှစ်သက်လာခဲ့လေသည်။


လူတိုင်းမှာ လုံလုံလောက်လောက်ပင် ပျော်ရွှင်စွာစားသောက်လျက် စုံတွဲအသစ်စက်စက်လေးအား စနောက်နေခဲ့ကြသည်။ ထိုစဥ် အဝေးမှ ရုတ်ရုတ်သဲသဲ အသံများကြား၍ တိုင်လန် ထွက်ကြည့်လိုက်ရာ စစ်သည် ၇၀-၈၀ နီးပါးခန့်မှာ မြင်းများကိုယ်စီဖြင့် ချီတက်လာကြသည်အား တွေ့လိုက်ရတော့သည်။


တိုင်လန် အော်ဟစ်လိုက်သည်။

"ကျူးကျော်သူတွေကွ… ကျူးကျော်သူတွေ ထပ်ရောက်လာပြန်ပြီ…"


အကယ်၍ တစ်စုံတစ်ယောက်ကသာ သေချာနားထောင်မည်ဆိုပါက တိုင်လန်၏လေသံတွင် ကြောက်ရွံ့စိုးထိတ်မှု တစ်စက်မှမပါ၀င်ဘဲ ၀မ်းသာအားရဖြစ်နေခြင်းသာဖြစ်ကြောင်း ခံစားမိမည်ပင်။


လမ်းခရီးတွင်ရှိသမျှ သူခိုးဓားပြများစွာကို ရေမွန်မှဖမ်းဆီးလျက် နော်သန်ဘာလန်ကို ပို့ဆောင်ခဲ့သည်။ နော်သန်ဘာလန်ကို နောက်ဆုံးကျူးကျော်ခဲ့သည့်အုပ်စုမှာ ဂေဘင်တို့တစ်သိုက်ပင်။


သို့သော် အကယ်၍ ဤလူများကို ဖမ်းဆီးနိုင်ပါက နယ်စားမှ မိမိတို့အားဆုချီးမြှင့်‌ဦးပေမည်။ 


ကြိမ်ဖန်များစွာသော စစ်ရေးလေ့ကျင့်မှုများပြီးနောက်တွင် နော်သန်ဘာလန် လယ်သမားများ၏  မိမိကိုယ်ကိုယုံကြည်မှုများမှာ မိုးအထိ ထိုးတက်သွားတော့မတက်ပင်။ အကယ်၍ နော်သန်ဘာလန်တွင် စစ်မက်များပို၍ ဖြစ်ပွားခဲ့ပါက မိမိတို့မှာ စစ်သည်တော်များ ဖြစ်နေလောက်ပြီဟုပင် ကြွေးကျော်နေကြသည်။


တိုင်လန်မှာ ၀မ်းသာအားရ အော်ဟစ်လိုက်သည်။

"သွားပြီး လက်နက်တွေယူချေ… တခြားလူတွေ ဦးမသွားစေနဲ့…"


မင်္ဂလာပွဲသို့ လူတစ်ဒါဇင်ကျော်ခန့် တက်ရောက်ကြကာ ၄င်းတို့မှာ နှစ်ဖက်မိသားစု၏ အမျိုးအဆွေများပင်။ သူတို့အားလုံးတွင် တူညီသော ရည်ရွယ်ချက်များရှိကြသည်။ တိုင်လန်၏ သားအကြီးမှာ ခြုံစောင်မှ ဖျတ်ခနဲခုန်ထွက်လျက် သူ၏ကိုယ်ပိုင် ကောက်ရိုးဒိုင်းကာနှင့် လယ်ပစ္စည်းများကို ဖမ်းဆွဲလာခဲ့သည်။


"သွားကြစို့ဟေ့ သွားကြစို့…"


သူပြေးလွှားနေရင်း သူ၏မိန်းမဖြစ်သူကိုလည်း နှစ်သိမ့်ရန်မမေ့ချေ။

"အိမ်မှာလုံလုံခြုံခြုံပုန်းနေ… ငါသူခိုးတွေကိုသွားဖမ်းလိုက်မယ်…"


"ကောင်းကောင်းလုပ်ခဲ့နော်…" 

ဇနီးအသစ်စက်စက်လေးမှာလည်း အော်ဟစ်အားပေးလာခဲ့သည်။


ပွဲအနီးအနားတွင် နေထိုင်ကြသော မိသားစုများမှာလည်း မိမိတို့နေအိမ်သို့ အလျင်အမြန် ပြန်ပြေးလျက် တိုင်လန်တို့မိသားစု လုပ်ထုံးအတိုင်း လိုက်လုပ်ကြတော့သည်။ လယ်ပစ္စည်းအများအပြားရှိသူတို့က မိမိတို့သူငယ်ချင်းများကို ငှားလိုက်ကြသေးသည်။


အစပိုင်းတွင် ကျူးကျော်သူများမှာ ပြေးလွှားအော်ဟစ်သံများကိုကြားလျှင် လယ်သမားများမှာ အသက်လု၍ ပြေးလွှားနေကြသည်ဟုသာ မှတ်ယူခဲ့ကြသည်။ သို့သော်အေးစက်စက်မြားများ ပစ်ခွင်းလာသည့်နှယ် ထိုလူများမှာ မိမိတို့ရှိရာဆီ အပြေးအလွှား ချီတက်လာလိမ့်မည်ဟု မထင်ထားကြပေ။


ကောင်းကင်မှာမှောင်မည်းနေပြီဖြစ်၍ ထိုသူတို့ကို စစ်သည်တော်များဟုသာ မှတ်ထင်လျက် နော်သန်ဘာလန်မှစစ်သည်များမှာ အဘယ်ကြောင့် နိုးကြားနေရပါသနည်းဟု မြည်တွန်လိုက်မိကြသေးသည်။ သို့နှင့် အခြားတစ်ဖက်သို့ ဦးတည်လိုက်ပြန်သည့်အခါလည်း နောက်ထပ်လူတစ်စုက အင်ပြည့်အားပြည့် အပြေးအလွှားချီတက်လာသည်အား တွေ့လိုက်ရပြန်သည်။


နော်သန်ဘာလန်တွင် လူဦးရေတစ်ထောင်ခန့်ရှိကာ  လူတိုင်းတွင် ကောက်ရိုးဒိုင်းကာများ၊ လယ်ပစ္စည်းများ၊ လက်နက်များအစသဖြင့် စစ်သည်တစ်ဦးလိုအပ်သော အဆင်တန်ဆာများ အပြည့်အစုံရှိကြသည်။


သူတို့မှာ တစ််နှစ်နေ၍တစ်ခါ သူခိုးတစ်ယောက်ကိုမတွေ့ရ၍ စိတ်ပျက်လက်ပျက် ဖြစ်နေကြသော်လည်း ယခုအခါ အစစ်အမှန် တိုက်ပွဲတစ်ခုကို ဆင်နွှဲရပေတော့မည်။ လယ်သမားများသာမက လယ်လုပ်သားများပါမကျန် ထိုသတင်းကိုကြားသည်နှင့် ရရာလက်နက်ကိုဆွဲကိုင်လျက် အိမ်မှပြေးထွက်လာကြတော့သည်။


သူတို့က အလေ့အကျင့်အတိုင်းပင် မိမိတို့နေထိုင်ရာအနီးတစ်၀ိုက်မှလူများဖြင့် အသင်းတစ်ခုစီ ဖွဲ့စည်းလိုက်သည်။ သူတို့မှာ ကျူးကျော်သူများကို ရိုက်နှက်ရင်း အချင်းလည်း များကြရသေးသည်။


"မင်းကငါတို့အဖွဲ့ရဲ့ တာ၀န်ကို လာလုနေတာလား… ဒီနေ့ တိုင်လန်ရဲ့သား မင်္ဂလာဆောင်ကွ… ဒီကောင်တွေကို တို့အရင်တွေ့တာ…"


"အရူး သူကငါတို့အသင်းဘက်က လွတ်လာတာကွ… ငါကိုယ်တိုင် သူတို့ခေါင်းဆောင်ရဲ့ မြင်းခြေထောက်ကိုအရင်ချိုးခဲ့တာ…"


"မင်းရဲ့ခွေးမျက်လုံးတွေ ကန်းနေပြီလား… လာစမ်းပါ လာ၊ ဒီကောင့်ကိုမေး သူ့ကိုအရင်ဆုံးရိုက်တာ ဘယ်အဖေလဲလို့…"


အဖမ်းခံထားရသော ကျူးကျော်စစ်သည်များမှာမျက်နှာများ ယောင်ကိုင်းနေသည့်ကြားမှ ငိုသံကြီးနှင့်ပြောလာသည်။

"မသိပါဘူးဆို ငါ့ကိုဘယ်သူရိုက်လဲ ငါ ဘယ်လိုသိမှာလဲလို့…"


"ဟေး မျက်လုံးကြီး ပြူးပြူးဖွင့်ထားပြီး မလိမ်စမ်းနဲ့… အခုလေးတင် ငါမင်းကို ထွန်ခြစ်နဲ့ ရိုက်ချခဲ့တာလေ… မင်းရဲ့ကော်လံကိုဆွဲပြီး နှာခေါင်းကို လက်သီးနဲ့ဆော်ခဲ့တာ…"


လယ်သမားမှာ ဥပမာအနေနှင့် သူ၏မျက်နှာအား လက်သီးဖြင့် နောက်တစ်ကြိမ်ထပ်ထိုး၍ အားပါးတရ ငြင်းခုံနေခဲ့သည်။


ထိုစစ်သည်၏နှာခေါင်းမှာ ကျိုးကြေတော့မတက်ပင်။ မတိုင်မီကပင် သူ့ခမျာ လယ်သမားအားတုံ့ပြန်ရန် ခွန်အားပင် မရှိခဲ့ချေ။ သူ၏နှာခေါင်းရိုးမှာ ကောက်ကွေးသွားခဲ့လျှင် ငိုကြီးချက်မဖြင့် ဖြေရတော့သည်။

"မင်းပါ မင်းပါ ငါ့ကိုရိုက်တာ မင်းပါလို့ ကျေးဇူးပြုပြီးမရိုက်ပါနဲ့တော့…"


"ဟင်း... ငါ့အထင်တော့ သူတို့တွေက စစ်သည်တော်တွေဖြစ်မယ်… သူတို့ရဲ့ဒိုင်းကာတွေကိုကြည့်လေ၊ အရည်အသွေး သိပ်မကောင်းပေမယ့်လည်း..."


"ဘာစစ်သည်လဲ ဟာသပြောနေတာလား… မင်း မမြင်လိုက်လို့လား သူတို့တိုက်ခိုက်ပုံကလည်း စာကလေးတွေပျံနေတဲ့တိုင်းပဲ… ကြည့်ရတာ သေချာလေ့မကျင့်ထားဘူးနေမယ်…"


စစ်သည်ဆိုသူများမှာ နော်သန်ဘာလန်၏ လယ်သမားများထံမှ လှောင်ပြောင်ခံနေရလေသည်။ ပုံမှန်ဆိုလျှင် နယ်မြေ၏လုံခြုံရေးကို တာ၀န်ယူရသူမှာ စစ်သည်တော်များသာ ဖြစ်သော်လည်း ၄င်းတို့၏အရေအတွက်က အလွန်နည်းလှသည်။


သို့နှင့် လူတစ်ထောင်ခန့်က လူတစ်ရာခန့်ကျူးကျော်သူအုပ်စုလေးကို ကြက်ကလေးဖမ်းသလို အသာပင်ဖမ်းမိလေသည်။ တိုက်ပွဲပြီးနောက်တွင် ထိုကျူးကျော်စစ်သည်များမှာ နော်သန်ဘာလန်မှ လယ်သမားများထံမှ ဆာလောင်နေသော တစ္ဆေများသဖွယ် လုယက်ခြင်းခံလိုက်ရတော့သည်။ သူတို့မှာ လွန်စွာ အရှက်ရမိသည်။ ထို့အပြင်နော်သန်ဘာလန်ကိုလည်း လွန်စွာကြောက်ရွံ့သွားမိလေသည်။ 


ဒီဟာက ဘယ်လိုသောက်ကျိုးနည်းနေရာကြီးလဲ...


အချိန်မှားယွင်းစွာ ကျူးကျော်မိသည့်အတွက် သူတို့ကိုယ်သူတို့သာ အပြစ်တင်နိုင်လေသည်။ အစောပိုင်းတွင် ဤလယ်သမားများမှာ ဤမျှအရူးအမူးမဖြစ်သေးချေ။ ကျူးကျော်သူများ ရောက်လာသည်ကိုမြင်သော် အနည်းငယ် တွန့်ဆုတ်နေခဲ့ဦးမည်ပင်။


သို့သော် တိုင်လန်၏မိသားစု၀င်များမှာ ဦးဆုံးတွေ့ရှိသွားပြီးနောက် သူတို့ချည်းသက်သက်ပင် ကျူးကျော်စစ်သည် ဆယ့်နှစ်ယောက်ခန့်ကို ဖမ်းဆီးနိုင်လိုက်သည်။ တိုင်လန်၏သားအကြီးမှာ ပို၍ပင် သူရဲကောင်းဆန်သေးသည်။ တစ်ယောက်တည်းနှင့် ကျူးကျော်သူနှစ်ယောက်ကို ဖမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


သို့နှင့် နယ်စားက ထိုရဲရင့်မှုအတွက် ဆုများချီးမြှင့်သောအခါ မကြာသေးမီကမှ လက်ထပ်ထားသောတိုင်လန်၏သားအကြီးမှာ သူ၏မိသားစုအတွက် သိုးအသစ်လေးနှစ်ကောင်ကို လက်ခံရရှိခဲ့လေသည်။ သူကား လွန်စွာပျော်ရွှင်သွားရသည်။ သူ့အနေနှင့် လက်ထပ်ပြီးခါစသာဖြစ်ပြီး အိမ်တွင် မည်သည့်မွေးမြူရေးတိရိစ္ဆာန်မျှ မရှိခဲ့ချေ။ 


သို့နှင့် သိုးများအတွက် တင်းကုပ်လေးတစ်ခုကို အမြန် ဆောက်လုပ်ပေးလိုက်လေသည်။



🌾🌾🌾