Ch-83
Viewers 9k

အခန်း ၈၃


လုယန် ဖိုင်ကိုဖတ်ပြီးတဲ့နောက် ဝမ်းသာဝမ်းနည်းခံစားချက်တို့ ရောထွေးနေကာ ရေခဲပြင်ပေါ်မှာ လဲလျောင်းနေတဲ့ပင်လယ်ခွေးတစ်ကောင်(သင်္ဘောသား)လိုမျိုး ကုတင်ပေါ်တွင် မလှုပ်မယှက် လှဲနေတော့သည်။

"ရှင် အဖေဖြစ်တော့မယ်"

"ရှင်ပျော်လား?"

"ပျော်တာပေါ့"

သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပျော်ပါတယ်လို့ ပြောရုံကလွဲပြီး သူဘာများပြောနိုင်ဦးမှာလဲ? စစ်တပ်အရာရှိဟာ လွန်စွာနောင်တရနေလျက်။ သူ့ရဲ့အားလပ်ရက်လေး... သီးသန့်အားလပ်ရက်လေး... သူတို့စုံတွဲတွေရဲ့ ညဘက်ပျော်ရွှင်မှုတွေအားလုံး သွားပါပြီကွာ။

ချင်းရို့က သူ့ရင်ဘတ်ပေါ်မှာ ငြိမ်သက်စွာအိပ်နေပြီး သူ့စိတ်တွေ ပြန်လည်ကောင်းမွန်လာရန် စောင့်ဆိုင်းနေလျက်။

လုယန် ခေါင်းငုံ့လာကာ ချင်းရို့ရဲ့ နဖူးလေးကို ချစ်မြတ်နိုးစွာ နမ်းလိုက်၏။

သူ့ဇနီးလေးမှာ ကိုယ်ဝန်ရှိနေပြီ။

ယောက်ျားတစ်ယောက်အနေနဲ့ သူချစ်မြတ်နိုးတဲ့ အမျိုးသမီးဟာ သူ့ကလေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အခါ မပျော်ဘူးလို့ပြောရင် လိမ်တာပါပဲ။ သူ ဘယ်လိုလုပ်ပြီး မပျော်ဘဲနေမှာလဲ? နည်းနည်းလေး နောင်တရနေရုံပါပဲ၊ မထင်မှတ်ဘဲ ရောက်လာတဲ့ကလေးကို မငြင်းပယ်ပါဘူး။

- သူအဖေဖြစ်တော့မယ်။

သူ့နှလုံးသားထဲတွင် နွေးထွေးတဲ့ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာပြီး သူက သူ့ရင်ခွင်ထဲမှာ သူ့ဇနီးလေးကို ဖက်ထားလိုက်ရင်း သူမရဲ့နားထဲသို့ ကတိပေးလိုက်၏။ "ဇနီးလေး ကိုယ် ခင်ပွန်းကောင်းရော အဖေကောင်းတစ်ယောက်ပါ ဖြစ်မှာပါ"

ချင်းရို့ ပြုံး၍ ခေါင်းညိတ်ခဲ့သည်။

သူမကိုယ်တိုင်လည်းထထိုင်ကာ လုယန်ဆီ ချဥ်းကပ်ရန် အစပြုလိုက်ပြီး သူ့ရဲ့မေးစေ့ကို နမ်းလိုက်သလို သူ့ရဲ့နှာတံပေါ်က မှဲ့လေးကိုပါ နမ်းလိုက်၏။ ချင်းရို့လည်း ရှက်ရွံ့မှုကို သည်းညည်းခံကာ သူ့နားထဲသို့ စကားနည်းနည်း ပြောလိုက်လေသည်။

လုယန် လှည့်ကြည့်လာကာ သူ့အောက်မှာ သူမကို ဖိထားလိုက်ပြီး သူ့မျက်နှာပေါ်မှာ အပြုံးလေးဖြင့် "တကယ်လား? ကိုယ့်ဆန္ဒအတိုင်းပေါ့လေ?"

"ရှင့်ဆန္ဒအတိုင်းပဲ ရှင့်ဆန္ဒအတိုင်း..."

သူ အဆုံးထိ သွားလို့မရတာက လွဲရင်ပေါ့။

ချင်းရို့ မျက်လုံးတွေကို မှိတ်ထားသော်လည်း သူမဘေးနားက လုယန်ဟာ ဘာမှမလုပ်ဘဲ ဘေးဘက်က ခြုံစောင်ပါးပါးကိုဆွဲကာ သူမကို တင်းတင်းကျပ်ကျပ် ခြုံပေးလာခဲ့သည်။

လုယန်က သူမကို ပွေ့ဖက်လိုက်ကာ သူမရဲ့ နားထဲကို တိုးတိုးလေးပြောလိုက်၏။ "ဇနီးလေး အိပ်တော့၊ ကောင်းကောင်းအနားယူလိုက်"

ချင်းရို့ရဲ့ နှလုံးသားလေးမှာ ချိုမြိန်သွားရကာ "အမ်း"လို့ နူးနူးညံ့ညံ့လေး အသံပြုလိုက်ပြီး လုယန်ရဲ့လက်ကို ဆွဲယူ၍ လက်ချောင်းတွေကို အတူတကွ ချိတ်ထားလျက် "လုယန် မနက်ဖြန်မနက်ကျရင် အရင်ဆုံးထမသွားနဲ့နော်။ ကျွန်မ နိုးနိုးချင်း ကျွန်မဘေးမှာ ရှင်အိပ်နေတာကို မြင်ချင်လို့"

"ကောင်းပါပြီ"

အိပ်ရာက နိုးလာလာချင်း ကိုယ့်ဘေးနားမှာ ကိုယ်ချစ်တဲ့သူကို မြင်ရတာဟာ အရမ်းပျော်ဖို့ကောင်းတယ်လေ။

***

လုယန်က ဆယ်မိနစ်လောက် သူမကို ပွေ့ဖက်နမ်းပြီးတဲ့နောက် နှစ်ယောက်သား ဖြည်းညင်းစွာ ထလိုက်၏။ သူ့ဇနီးလေး ဗိုက်ဆာမှာကိုသာ မကြောက်ရင် လုယန်က သူ့ဇနီးလေးကို အိပ်ရာပေါ်မှာပဲ ဆက်အိပ်ဖို့ ဆွဲထားချင်နေဆဲပင်။

သူက ပင်လယ်စာယာဂုချက်လိုက်ပြီး ဘန်းမုန့်ပေါင်းနည်းနည်း ပေါင်းထားကာ နံနက်ခင်းတွင် ချင်းရို့ထံ လတ်လတ်ဆတ်ဆတ် လာပို့သွားတဲ့ဆိတ်နို့ကို ပြန်ကျိုထားခဲ့သည်။

ဇနီးမောင်နှံနှစ်ဦး မနက်စာစားပြီးနောက် ခြံဝင်းထဲတွင် ထိုင်လိုက်ကြ၏။

လုယန်ထွက်သွားတုန်းကနဲ့ နှိုင်းယှဥ်ပါက သူတို့ရဲ့ ခြံဝင်းလေးမှာ အများကြီးပြောင်းလဲသွားခဲ့ပြီ။ မိသားစုခြံဝင်းထဲတွင် သူတို့ခြံမှာ အလှပဆုံးပင်။ ဟင်းရွက်စိုက်ခင်းဟာ လှိုင်လှိုင်ဖြစ်ထွန်းနေသလို ညာဘက်က မြက်ခင်းလေးကိုလည်း သေသေသပ်သပ် ပုံသွင်းထားလေ၏။ ဘေးဘက်၌ များစွာသော ပန်းရောင်နှင့် အဖြူရောင် ပျိုနီပန်းပွင့်တွေရှိနေလျက်။

ခြံဝင်းထဲ၌ ပျိုနီပန်းများအပြင် နေကြာပန်းများ၊ ခရမ်းရောင်ပဲနွယ်ပန်းများနှင့် ဂန္ဓာမာပန်းများ စသဖြင့် အထူးတလည် လှပစွာ ဖူးပွင့်နေကြလျက်။ (မျက်လုံးထဲမြင်အောင်လို့ ပုံလေးတွေထည့်ပေးထားပါတယ်)






ချင်းရို့က သူမရဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းဥယျာဉ်သို့ သွားရောက်စစ်ဆေးခဲ့ရာ သခွားနွယ်ပင်ကို ခဏတာကြည့်ရှုပြီးနောက် ပွင့်လန်းနေတဲ့ အဖိုပန်းပွင့်ကို ကောက်ကိုင်ကာ အခြားအမပန်းပွင့်နှင့် လက်နဲ့သာ ဝတ်မှုန်ကူးပေးလိုက်၏။ အမ် ဒီတိုင်း ဝတ်ဆံဖိုနဲ့ ပွတ်လိုက်ရုံပါပဲလေ။

နည်းနည်းတော့ ညစ်ပတ်တာပေါ့။

သူမ ခေါင်းကိုလှည့်ကြည့်လိုက်တော့ လုယန်ဟာ သူမ ဂရုတစိုက် စိုက်ပျိုးထားတဲ့ အလှဆုံး ပန်းရောင်နဲ့ အဖြူရောင် ပျိုနီပန်းနှစ်ပွင့်ကို ခူးထားပြီးဖြစ်တာကို တွေ့လိုက်ရလေ၏။

သူ့ကြည့်ရတာ နေကြာပန်းကိုလည်း ခူးချင်နေပုံရတယ်။

ချင်းရို့: "!!!!"

သူက သူမရဲ့ပန်းတွေကို ဖျက်ဆီးနေတာပဲဟ!

ဒီခွေးက အိမ်ကို ဖြိုပစ်နေတာပဲ!

ဒီလိုလှလှပပခြံလေးဖြစ်အောင် သူမက ဂရုတစိုက် ပြုစုပျိုးထောင်ထားခဲ့ရတာလေ။ ဒါပေမဲ့ ဒီခွေးကောင်က ပန်းတွေကို ခူးပစ်နေတယ်ပေါ့။

ချင်းရို့ အဆုံးမရှိတဲ့ စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်လာလျက်၊ သူမတို့ရဲ့ ကလေးလေးကရော အနာဂတ်မှာ ဒီလိုဖြစ်လာမှာလား?

လူအကြီးကြီးရော အသေးလေးရော အဖျက်ကောင်နှစ်ကောင်ဖြစ်လာမှာလား!

"ဇနီးလေး ကိုယ်ခူးထားတဲ့ပန်းတွေကို ကြည့်ပါဦး၊ လှတယ်ဟုတ် ကိုယ် မင်းကိုပေးမယ်" လုယန် အပြုံးလေးနဲ့ ပန်းတွေကို သူမဆီယူလာကာ ပျိုနီပန်းတစ်ပွင့်ကို ယူလျက် သူမရဲ့ဆံနွယ်ထက်မှာ ပန်ပေးလိုက်၏။

ချင်းရို့ရဲ့ ဆံနွယ်နက်နက်လေးဟာ ယနေ့တွင် ပြေလျော့နေပြီး ဘေးတစ်ဖက်စီမှာ ကျစ်ဆံမြီးတစ်ခုစီသာ ကျစ်ထားလျက် အနောက်ဘက်တွင် ချည်နှောင်ထားခဲ့၍ အလွန်ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိလေ၏။

ယခုအချိန်တွင် ပန်းတစ်ပွင့်က သူမရဲ့ ဆံနွယ်ထက်မှာ ရှိနေရာ သူမအား တကယ့်ကို ပိုလို့တောင် လှပသွားစေသည်။

"ရှင် ငယ်ငယ်တုန်းက ရှင့်မားက ရှင့်ကို မကြာမကြာ ရိုက်ခဲ့တယ်မလား ရဲဘော်လုယန်"

"မြတ်စွာဘုရားကို ဆက်ကပ်ဖို့ ပန်းတွေကို ငှားတယ်ပေါ့!"
(idiomပါ၊ တခြားသူရဲ့ ပစ္စည်းကို သုံးပြီးတော့ မျက်နှာသာရအောင်လုပ်တာလို့ ပြောတာပါ)

"ကိုယ့်မှာ ဆက်သဖို့ ထိုက်တန်တဲ့ပန်းတွေရှိရင်တော့ ကိုယ့်ဇနီးလေးကို ဆက်သရမှာပေါ့၊ ကြည့်ပါဦး အရမ်းလှနေတယ်မဟုတ်လားကွာ? ခူးလိုက်တော့ ပိုကြည့်လို့ကောင်းသွားတယ်လေ"

"ကျွန်မ မီးဖိုချောင်ထဲမှာ ဒလိမ့်တုံးသွားယူတော့မယ်..."

"မလုပ်ပါနဲ့"

ဘေးခြံက ကျန်းချန်ပေ့ဟာ ဒုတိယထပ်တွင်ရှိနေကာ တိုးတိုးလေး နှာမှုတ်လိုက်၏။

လူငယ်စုံတွဲဟာ တကယ့်ကို ဆူညံနေတာပဲကွာ။

သူက ချင်းရို့ရဲ့ ခေါင်းပေါ်က ပန်းတွေကို စိတ်အားထက်သန်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့သည်။ သူလည်း သူ့မိန်းမအတွက် ပန်းပင်တွေ စိုက်ပေးချင်နေပြီ။ 

သို့သော် ပန်းပင်ကို ခွေးကိုက်ခံလိုက်ရပြီး ဘာမှလုပ်လို့မရတော့ပေ။

ချင်းရို့က ကင်မရာကို ထုတ်၍ ခြံထဲမှာ သူမရဲ့ ဓာတ်ပုံတွေကို လုယန်အား ရိုက်ခိုင်းလိုက်သည်။ သူ ပန်းပွင့်တွေကို ခူးပြီးသွားပြီဆိုကတည်းက သူမလည်း ရိုးရိုးလေးပဲ အစည်းလိုက်ခူး၍ သူမရင်ခွင်ထဲမှာ ပွေ့ဖက်ထားလျက် ပျော်ရွှင်စွာ ဓာတ်ပုံတွေရိုက်ပါတော့သည်။

လုယန်က သူမ တစ်ယောက်တည်းပုံတွေ နည်းနည်းရိုက်ပေးပြီးနောက် သူက မစ္စတာကျန်းကို ကင်မရာမန်းအဖြစ်သုံးရန် သွားဖမ်းခဲ့သည်။

မစ္စတာကျန်းရဲ့ နှလုံးသားထဲမှာ ရှုပ်ထွေးနေခဲ့ရာ သူ့ကို လာဖမ်းတဲ့ လုယန်ဆီမှ ထွက်ပြေးဖို့ နောက်ကျလွန်းသွားခဲ့ပြီ။ သူက ဒီငယ်ရွယ်တဲ့ စုံတွဲလေးရဲ့ ရန်ပွဲကို ကြည့်ချင်နေခဲ့ပေမယ့် သူတို့ရဲ့ ချစ်ခင်ကြင်နာနေတဲ့ ဓာတ်ပုံတွေကို ရိုက်ပေးဖို့ ဖြစ်လာခဲ့သည်။

ချင်းရို့က သူမရဲ့ ဓာတ်ပုံပညာကို ​ထုတ်ဖော်ကာ သူ့အား ဓာတ်ပုံရိုက်နည်းကို ပြောပြလိုက်၏။

ကျန်းချန်ပေ့က သူသင်ယူသင့်တယ်လို့ ခံစားနေရချိန်တွင် အနှီစုံတွဲဟာ ဒန်းပေါ်တွင် ထိုင်နေတာကို ကင်မရာမှတစ်ဆင့် သူ တွေ့လိုက်ရသဖြင့် သူ့စိတ်ခံစားချက်မှာ ဖော်မပြနိုင်လောက်အောင်ဖြစ်သွားရလျက်။

မစ္စတာကျန်း: "…"

သူက သူ့မိန်းမ ဟွမ်ရှင်းရင် အိမ်ပြန်လာတဲ့အခါ ညည်းညူပြောဆိုခဲ့လေသည်။ ဒါပေမဲ့ သူ့မိန်းမက တခြားဘာမှမမကြားဘဲ ဘေးအိမ်က ရှောင်ချင်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတာပဲ ကြားလိမ့်မယ်လို့ ဘယ်သူသိမှာလဲကွာ။

ဟွမ်ရှင်းရင်မှာ အလွန်အမင်းဝမ်းသာသွားလျက်။

"သူမမှာ ကိုယ်ဝန်ရှိနေတာ၊ မင်းက ဘာလို့ ဒီလောက်ပျော်နေတာလဲကွာ?"

"ကျွန်မပျော်တာပေါ့"

နောက်ဆုံးမှာတော့ ရှောင်ချာကျင်း ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး ကလေးပြုစုပျိုးထောင်ရတဲ့ ဝေဒနာကို တွေ့ကြုံခံစားရတော့မယ်လေ။

Thanks for reading!