Ch-86
Viewers 8k

အခန်း ၈၆


ချန်မျန့်က သူ့ယောက်ဖအိမ်မှာ နေ့လည်စာစားခဲ့ပြီး သူ တကယ်ပဲ သူ့ရဲ့ယောက်ဖကို မနာလိုအားကျမိလေ၏။ 


သူ့မိန်းမရဲ့ ညီမဟာ သူ့မိန်းမလိုမျိုး အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရာ သူမရဲ့ အရင်က ကြမ်းတမ်းလှတဲ့အကျင့်စရိုက်ဟာလည်း များစွာနူးညံ့လာခဲ့ပြီ။ 


သူ့ယောက်ဖဟာလည်း သူ့ဇနီးသည်ကို အမှန်တကယ် ချစ်ခင်နှစ်သက်သူပင်။ 


နောက်ပြီးတော့ သူက အတော်လေးအရသာရှိတဲ့ ဘန်းမုန့်ပေါင်းကြီးတွေနဲ့ ဖက်ထုပ်တွေကိုလည်း လုပ်တတ်တယ်... ဒါကတော့ သူ ယှဥ်လို့မရနိုင်တဲ့အရာပါပဲ။  


သူ တကယ်ပဲ ရှက်ရွံ့မိလေရဲ့။ 


သူလည်း ပြန်သွားပြီးတော့ ဘန်းမုန့်ပေါင်းတွေ စမ်းလုပ်ကြည့်ရမယ်။ ဒီလိုရိုးရှင်းတဲ့အရာလေးကို ပြုလုပ်ဖို့ မခဲယဥ်းလောက်ပါဘူး။ 


*** 


လုယန်က အားလပ်ရက်ရထားသော်လည်း ချင်းရို့ကတော့ အလုပ်သွားရမည်ပင်။ မနက်ခင်းတွင် သူမ စက်ဘီးမစီးနိုင်၍ ဘတ်စ်ကားစီးရုံသာ တတ်နိုင်လေ၏။ သို့သော် ဘတ်စ်ကားကနေ လမ်းတစ်ဝက်လောက်မှာ ဆင်းရပြီး ရေဒီယိုအသံလွှင့်ရုံဆီသို့ ဆယ်မိနစ်ခန့် လမ်းလျှောက်ရပါသေးသည်။ 


လုယန်က အိမ်မှာရှိတာကြောင့် သူမကို အလုပ်လိုက်ပို့ပေးဖို့အတွက် ကားတစ်စီးငှားလိုက်မယ်လို့ လွယ်လွယ်လေးပြောခဲ့ပေမယ့် ချင်းရို့ကတော့ တွန့်ဆုတ်နေခဲ့သည်။  


ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ရာသီဥတုသာယာနေပြီး သိပ်လည်းမဝေးတာမို့ လူနှစ်ယောက်အတွက် လမ်းလျှောက်တာကလည်း ကောင်းတာပဲလေနော်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့ လမ်းများများလျှောက်သင့်တာပဲလေ။ 


သူမက လုယန်ကို မှီပြီး လျှောက်နေခဲ့သော်လည်း ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးတဲ့နောက် ပင်ပန်းလာတာကြောင့် လုယန်က သူမကို ကျောပိုးကာ "မင်း ကိုယ့်ကို ဒီလိုမျိုး ကျောပိုးစေချင်တာ တော်တော်ကြာနေပြီမဟုတ်လား?" 


ချင်းရို့ ရိုးရိုးသားသားလေး ဝန်ခံလေ၏။ "ရှင်က တကယ်ပဲ ဉာဏ်ကောင်းလိုက်တာနော်" 


သူမယောကျ်ားက သူမကို ကျောပိုးပေးတဲ့ ခံစားချက်ကို သူမ တကယ်ပဲ ခံစားဖူးချင်နေခဲ့တာလေ။ 


"မင်း ကိုယ့်ကို ဘာလို့စောစောမပြောတာလဲကွာ? မင်း စောစောတည်းကပြောရင် ကိုယ် အိမ်ကနေ ထွက်လာကတည်းက ချီသွားပေးမှာပေါ့" 


"ရှက်စရာကြီးကို... မိသားစုခြံဝင်းက လူတော်တော်များများက စောင့်ကြည့်နေကြတဲ့ဟာ" 


"ကျွန်မက လေးလား?" 


"...ဇနီးလေး၊ ကိုယ့်ဘာကိုယ် ပိုတွက်မထားပါနဲ့ကွာ၊ မင်းက ငှက်မွှေးလိုပဲ ပေါ့နေတာ" 


"ပေါက်ကရတွေ" 


လုယန်က သူမကို အလုပ်ဆီ လိုက်ပို့ပေးခဲ့သည်။ ဤသည်မှာ သူမရဲ့ လုပ်ငန်းခွင်သို့ သူ ပထမဆုံးအကြိမ်သွားခြင်းဖြစ်လေ၏။ သူမရဲ့ လုပ်ငန်းခွင်သို့ မရောက်မီ ချင်းရို့က လုပ်ဖော်ကိုင်ဖက်တွေဆီက စနောက်ကဲ့ရဲ့ခြင်းမခံရစေရန် လုယန်ရဲ့ နောက်ကျောမှ ဆင်းလိုက်သည်။ 


လုယန်က သူမနှင့်အတူတူ အလုပ်ထဲလိုက်ဝင်လာခဲ့ပြီး အနားတစ်ဝိုက် လည်ပတ်ချင်တယ်လို့ ပြောသောကြောင့် ချင်းရို့က သူ့ကို မိတ်ဆက်ပေးခဲ့ပါသည်။ 


"ချင်းရို့ရေ ဒီလူက ဘယ်သူလဲ?" 


"နင့်ယောကျ်ားလား?" 


"နင်တို့နှစ်ယောက်က တစ်ယောက်က ချောမောပြီးတော့ နောက်တစ်ယောက်က လှပတာပဲ၊ ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့အတိုင်းပဲဟယ်..." 


ချင်းရို့က လုပ်ငန်းခွင်တွင် သူမရဲ့ ခင်ပွန်းအကြောင်း ပြောဆိုခဲသဖြင့် လူတော်တော်များများက သူတို့ရဲ့ ဆက်ဆံရေးဟာ ပုံမှန်ပဲလို့ ထင်ကြေးပေးခဲ့ကြ၏။ နောက်ပိုင်းတွင် ဝမ်လိချွမ်းရဲ့ အဖြစ်အပျက်​ ဖြစ်ပွားခဲ့တာကြောင့် တချို့လူတွေက သူမရဲ့ ထင်ကြေးတွေဟာ မှန်တယ်လို့ သူတို့ရဲ့ စိတ်ထဲမှာ တွေးတောနေခဲ့ကြသည်။ 


ချင်းရို့က ငယ်ရွယ်ပြီး လှပသူပင်။ အသံလွှင့်ရုံတွင် သူမကို တိတ်တဆိတ် သဘောကျနေတဲ့ လူငယ်လေးတွေလည်းရှိခဲ့သည်။ ချင်းရို့က သံသယတွေကို ရှောင်ရှားပြီး တခြားသောအမျိုးသားတွေနှင့် ရင်းရင်းနှီးနှီးပတ်သက်မှု တစ်စုံတစ်ရာမှမရှိခဲ့သော်လည်း သူမက လူတွေရဲ့ အာရုံစိုက်မှုကို ခံနေရဆဲပင်။ 


သူမခင်ပွန်းရဲ့ အခြေအနေဟာ အလွန်ကောင်းမွန်လှ၏။ သူက ရေတပ်အရာရှိတစ်ဦးဖြစ်ပေမယ့် မကြာခဏ အိမ်နဲ့ ဝေးကွာနေရသူမို့ သူက ရိုမန့်တစ်မဆန်သူဖြစ်နိုင်လေ၏။ သာယာလှတဲ့အသံပိုင်ရှင် ချင်းရို့ဟာ လှပချောမောသလို ကြေညာသူတစ်ဦးလည်းဖြစ်တာမို့ သူမရဲ့ အခြေအနေဟာလည်း မဆိုးလှဘူးဆိုတော့ သူမဆီမှာလည်း တခြားအတွေးတွေရှိကောင်းရှိနိုင်တာပဲလေ။ 


သို့သော် ချိုမြိန်နေတဲ့ အပြုံးလေးတွေနဲ့ အနှီစုံတွဲရဲ့ အချစ်တွေကို မြင်လိုက်ရတဲ့အခါ သူတို့နှစ်ယောက်ကို ကြည့်ရုံနဲ့ ချစ်ခင်မြတ်နိုးနေကြတဲ့စုံတွဲမှန်း ပြောနိုင်ပါသည်။ အသံလွှင့်ရုံ၌ အပြုံးဖျော့ဖျော့လေးသာ ပြုံးလေ့ရှိတဲ့ ချင်းရို့က သူမရဲ့ ချောမောခန့်ညားတဲ့ ခင်ပွန်းအရှေ့မှာတော့ လှပစွာ ပြုံးနေခဲ့သလို အရင်တုန်းက တွေ့ရခဲတဲ့ နူးညံ့သိမ်မွေ့လှတဲ့ အကြည့်တွေနဲ့ သူမရဲ့ ခင်ပွန်းကို ကြည့်နေခဲ့၏။ 


ချင်းရို့နှင့် အလုပ်တွဲလုပ်တဲ့ ကြေငြာသူ ကျန်းရွှယ်ချင်းက ဆိုလေ၏။ "အကောင်းဆုံးကို မြင်ပြီးတာနဲ့ ကျန်တာတွေက ကြည့်ဖို့တောင် မတန်တော့ဘူးဟယ်" 


"ဒီလိုယောကျ်ားမျိုးးနဲ့ဆိုရင် ချင်းရို့က တခြားဘယ်သူတွေကိုများ ကြိုက်ဦးမှာလဲဟယ်? သူတို့ စဥ်းစားနေတာတွေ ရပ်သင့်ပြီနော်၊ စစ်အိမ်ထောင်ရေးကို ဖျက်ဆီးတာက ပြစ်မှုကျူးလွန်တာပဲ" 


"နောက်ကွယ်မှာ အတင်းအဖျင်းပြောနေတာ ရပ်လိုက်ကြတော့" 


*** 


လုယန်ရဲ့ မိဘတွေက ချင်းရို့အတွက် အဝတ်အစားတွေချုပ်ဖို့ ပေးလိုကြောင်းပြောကာ ချုံကျိုးကျွန်းသို့ အထည်စတွေအများကြီး ပို့လိုက်လေ၏။ သူတို့ရဲ့ ချွေးမလေးဟာ လှပချောမောသူဖြစ်​​၍ အဝတ်အစားအသစ်တွေဝတ်ရတာ ကြိုက်မယ်ဆိုတာကို သူတို့သိပေသည်။ သူမက အခုမှ အိမ်ထောင်ကျခါစဖြစ်တာကြောင့် အဝတ်အစားအသစ်တွေ ပိုပြီးချုပ်ဖို့လိုနေမှာပဲ။ (T/N: ယောက္ခမကြီးတွေနဲ့ တွေ့တောင်မတွေ့ရသေးပေမယ့် အချစ်ခံနေရပြီဟေ့ 😁) 


လုမိသားစုရဲ့ မိဘနှစ်ပါးစလုံးဟာ ပင်စင်လစာများရှိကြပြီး ငွေမလုံလောက်တာမျိုးမရှိပေ။ ထို့ကြောင့် သူတို့က အခြားသူတွေနှင့် အထည်လက်မှတ်များစွာ လဲလှယ်ကာ အထည်မျိုးစုံကို ဝယ်ယူပြီး ကျွန်းသို့ ပို့ပေးခဲ့သည်။ မူလကတော့ အဝတ်အစားတွေ တစ်ခါတည်းချုပ်ပြီး ပေးပို့ချင်ပေမယ့် သူတို့ချွေးမလေး မကြိုက်မှာ၊ အဆင်မပြေမှာကို ကြောက်လို့ အထည်စတွေကို ရိုးရိုးရှင်းရှင်းပဲ ပို့ပေးလိုက်တော့သည်။ 


လုယန်သည် အထည်စတွေကို လက်ခံရရှိပြီးနောက် သူ့ဇနီးလေး ပျော်သွားအောင်လို့ အမြန်ပြန်ယူသွားခဲ့သည်။ ယခုခေတ် ချည်ထည်တွေဟာ ရိုးရိုးရှင်းရှင်းပုံစံသာဖြစ်ပြီး အခြားဆန်းဆန်းပြားပြားပုံစံမရှိသေးပေ။ ၎င်းတို့အားလုံးဟာ ပုံမှန်အထည်များသာဖြစ်ကြပြီး အနီရောင်၊ စစ်စိမ်းရောင်၊ အဖြူရောင်နှင့် အပြာရောင်တို့အပြင် အတော်လေးကို စတိုင်လ်ကျပြီး ဆန်းသစ်တဲ့ ပန်းပွင့်အဆင်တွေနဲ့ အကွက်အဆင်များပင်။ 


လုမိသားစုဝင်အများစုမှာ စစ်တပ်တွင် ရှိကြပြီး လုယန်ရဲ့ မိဘတွေမှာလည်း စစ်ယူနီဖောင်းဟောင်းများစွာရှိသဖြင့် အထည်လက်မှတ်တွေကို သိမ်းဆည်းထားခဲ့ကြ၏။ ယခုအချိန်မှာတော့ ဒီလိုအထည်စများစွာရရှိခြင်းမှာ အမှန်တကယ်ပင် ကြီးကြီးမားမားကိစ္စဖြစ်လေသည်။ 


"ဇနီးလေး အဝတ်အစားအသစ်တွေ နည်းနည်းပိုလုပ်လိုက်နော်" 


"မင်းရဲ့ယောက္ခမတွေက မင်းကိုပေးတာတွေပဲ" 


ချည်ထည်ကို လက်ခံရရှိတဲ့ လုယန်ဟာ သူ့မိဘတွေက တောင်ဘက်သို့ ခရီးထွက်လာပြီဖြစ်မှန်း မသိသေးသလို၊ သူ့ဇနီးလေး ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းကို သူတို့အား မပြောပြရသေးပါချေ။ 


ထို့ကြောင့် သူ့မိဘတွေဟာ လုယန်အိမ်မှာ ယမ်းမှုန့်တွေနဲ့ ပြည့်နေတဲ့ စစ်မြေပြင်ဖြစ်နေမှာကို စိုးရိမ်နေခဲ့ကြပေသည်။ 


Thanks for reading!