Ch-87
Viewers 8k

အခန်း ၈၇


ချင်းရို့က အဝတ်အစားတွေပြုလုပ်ရန် အစ်မဖြစ်သူ ချင်းမျန့်အိမ်သို့ အထည်စတွေကို ယူသွားခဲ့သည်။ ချင်းမျန့်ရဲ့ အိမ်ဟာ စိုက်ပျိုးရေးခြံအနီးရှိ ကျောင်းတစ်ကျောင်းထဲတွင် ဖြစ်လေ၏။ ထိုကျောင်းဟာ လွန်စွာပျက်စီးယိုယွင်းနေပြီး သက်ကယ်တဲငယ်လေးတွေ အနည်းငယ်ဖြင့်သာ ကျောင်းအဖြစ်ဆောက်လုပ်ထားခြင်းပင်။ 


ပင်းချန်စိုက်ပျိုးရေးခြံမှာရှိတုန်းက အခြေအနေနဲ့ နှိုင်းယှဥ်လို့မရနိုင်ပါချေ။ အဲဒီတုန်းက သူတို့ အုတ်အိမ်မှာ နေထိုင်ခဲ့ကြကာ ယခုချိန်မှာတော့ သက်ကယ်တဲနဲ့ နေထိုင်နေခဲ့ကြရပြီ။ 


ကျောင်းတွင် ဆရာ၊ ဆရာမ အနည်းငယ်နှင့် ကျောင်းအုပ်သာရှိပြီး လူသိပ်မများသလို ကျောင်းသားအများစုသည်လည်း အဝတ်အစားအစုတ်အပြဲတွေကိုသာ ဝတ်နိုင်ပြီး ခြေဗလာဖြင့်သာ ကျောင်းသို့လာနိုင်ကြတဲ့ အနီးနားကျေးရွာများမှ ဆင်းရဲနွမ်းပါးတဲ့ မိသားစုများမှ ကလေးတွေပဲ ဖြစ်ကြ၏။ 


ချင်းမျန့်က ဤကလေးငယ်များအတွက် စုတ်ပြဲနေတဲ့ အဝတ်အပိုင်းအစတချို့နှင့် ဘောင်းဘီတိုလေးတွေကို ချုပ်ပေးခဲ့သည်။ နေ့ခင်းဘက် နေရောင်ဟာ တောက်ပထိန်လင်းနေသော်လည်း ကလေးတွေမှာ ထီးမရှိကြပါချေ။ သူတို့လေးတွေက အရိပ်ရရန်အတွက် ရှဥ့်လေးများကဲ့သို့ အုန်းရွက်တွေကို အုပ်ဆောင်း၍ အတန်းလာတက်ကြ၏။ 


အရင်တုန်းကတော့ ဒီနေရာက ဆရာတွေဟာ ပညာအရမ်းတတ်သူများမဟုတ်ကြ။ အလယ်တန်းနှင့် အထက်တန်းကျောင်းပြီးသူတွေက မူလတန်းပြဆရာတွေ ဖြစ်လာခဲ့သည်ပင်။  


သို့သော် ယခု ချန်မျန့် ရောက်လာပြီးနောက်ပိုင်းတွင် "ကောလိပ်ကျောင်းသား"ဖြစ်တဲ့သူဟာ တစ်ကျောင်းလုံးတွင် စာအတတ်မြောက်ဆုံးဆရာဖြစ်လာခဲ့လေသည်။ မူလက တက္ကသိုလ်ဆရာဖြစ်ခဲ့တဲ့ သူ့အဖေ ချန်ယွီပိုင်ကိုဆို ပြောမနေပါနဲ့တော့။ 


ချန်မျန့်က အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်သူဖြစ်၍ ကလေးတွေကို နိုင်ငံခြားဘာသာစကားနှင့် သင်္ချာဘာသာရပ်ကို သင်ကြားပေးခဲ့သလို သူ့အသင်အပြဟာလည်း အလွန်ကောင်းမွန်လှ၏။ ကျောင်းအုပ်ကြီးနှင့် အခြားဆရာတွေက သူတို့မိသားစုကို အရမ်းလေးစားကြ၏။ 


ချန်ယွီပိုင်က သမိုင်းစာအုပ်တွေ မရေမတွက်နိုင်အောင် ဖတ်ဖူးသူဖြစ်ရာ ကလေးတွေကို ပြောပြရန် ဇာတ်လမ်းပေါင်းများစွာ ရှိနေတတ်သည်။ ကျောင်းသားလေးတွေဟာ အဖိုးချန်ဆီသွားပြီး ပုံပြင်တွေ နားထောင်ရတာကို သဘောကျကြလေ၏။ 


ဤနေရာရှိ ကျောင်းသားမိဘတွေက ပညာတတ်သူတွေမဟုတ်ကြပေမယ့် ဆရာတွေကို ရိုသေလေးစားကြပါသည်။ ပင်လယ်ကမ်းစပ်က ငါးလေးတွေ၊ ပုစွန်လေးတွေဟာ တန်ဖိုးမကြီးတာကြောင့် ဆရာတွေ စားဖို့အတွက် ကလေးတွေကို ယူသွားခိုင်းတတ်ကြ၏။ 


ဤအချိန်တွင် တောင်ပေါ်မှာ တောရိုင်း အသီးအနှံတွေ ပေါများလှသဖြင့် ချန်မိသားစု၊ ကျင်းရိလေးနဲ့ တခြားကလေးတွေဟာ တောထဲ၌ အသီးတွေကို အတူတူသွားခူးကြကာ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် စားသောက်ကြလေသည်။ 


ရွာသားတော်တော်များများကလည်း သီးပင်စားပင်တွေလည်း စိုက်ထားကြသည်။ 


ဟုတ်တာပေါ့၊ အသီးအနှံတွေက တန်ဖိုးအများကြီးမရှိဘူးလေ။ တောင်ပေါ်ရှိ လိုင်ချီးပင်တစ်ပင်လုံးမှ ဆင့် ၅၀သာ ရှိလေရဲ့။ 


သူတို့ စားမကုန်နိုင်ရင် ပုပ်သွားနိုင်လေသည်။ ယခုအချိန်မှာ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာတွေ မရှိသေးသဖြင့် အပြင်ဘက်ကို သယ်သွားလို့မရပါချေ။ အပူချိန်မြင့်တာမို့ လမ်းမှာတင် ပုပ်သွား၊ ​ပျက်စီးသွားနိုင်၏။ ၄င်းတို့ကို အခြောက်ခံနိုင်သော်လည်း အများကြီး အသုံးမဝင်နိုင်ဘူးလေ။ 


ချန်မိသားစုဟာ ဤနေရာတွင် ငါးလေးတွေ၊ ပုစွန်လေးတွေနဲ့ တောရိုင်းအသီးအနှံတွေ စားသောက်ကာ နေထိုင်ကြ၏။ ဤနေရာရှိ အခြေအနေမှာ သိပ်မကောင်းသော်လည်း သူတို့ ဆာလောင်လိမ့်မည်မဟုတ်ပေ။ ချင်းရို့ကလည်း ဒုတိယထပ်မှာ စိုက်ပျိုးထားတဲ့ ကြက်သွန်မြိတ်၊ ဆလတ်နှင့် ခရမ်းချဥ်သီး သေတ္တာတစ်ချို့ကို ယူလာပေးခဲ့သည်။ 


ကျောင်းကလည်း သူတို့မိသားစုအတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့ မြေကွက်တစ်ကွက် ချပေးခဲ့၏။ ချင်းမျန့်က ညီမဖြစ်သူရဲ့ နည်းလမ်းအတိုင်း ကောင်းကောင်းမွန်မွန်လုပ်ရန် စီစဥ်ထားပါသည်။ 


လုယန်က ချင်းရို့ကို လိုက်ပို့ပေးဖို့အတွက် သယ်ယူပို့ဆောင်ရေးကားတစ်စီးငှားလိုက်၏။ ထို့နောက် နောက်ထပ်အိမ် ၂လုံး၊ ၃လုံးဆောက်ဖို့ ပြင်ဆင်ရန်အတွက် ပျဉ်ပြားနှင့် သက်ကယ်အချို့ကို သွားသယ်ယူဖို့ သူ့ယောက်ဖနှင့်အတူ လိုက်သွားခဲ့သည်။ 


ယခု ချန်မိသားစုနေထိုင်တဲ့ အိမ်ဟာ အဆင်ပြေသော်ငြား တိုင်ဖွန်းတိုက်ခတ်လာတဲ့အခါ နေထိုင်ဖို့ သင့်လျော်မည်မဟုတ်ပေ။ တိုင်ဖွန်းကို ရှောင်ရှားဖို့အတွက် စာသင်ကျောင်းထဲမှာ ပုန်းအောင်းနေရမည်ဖြစ်သည်။ 


သက်ကယ်တဲရှိ ပြတင်းပေါက်တွေ ပွင့်နေကာ နေ့ခင်းဘက် အလင်းရောင်မှာ အလွန်ကောင်းမွန်လှ၏။ ချင်းမျန့်က အပ်ချုပ်စက်ရှေ့မှာထိုင်ပြီး သူမရဲ့ ညီမ ယူလာတဲ့ပိတ်စတွေကို လှန်လှောနေရင်း ချီးကျူးလာခဲ့သည်။ "ဒါတွေက အထည်ကောင်းတွေပဲဟ။ ဈေးလည်းမပေါဘူးနော်။ နင်အိမ်ထောင်ကျခါစဆိုတော့ အဝတ်အစားအသစ်တွေများများ လုပ်ထားသင့်တယ်။ နင့်အတိုင်းအတာတွေ ယူခွင့်ပေးဦး၊ ငါ နင့်အတွက် အခုချက်ချင်း လုပ်ပေးလိုက်မယ်" 


"အနီတစ်ထည်ရှိတယ်မလား? ငါ နင့်အတွက် အနီရောင်ဂါဝန်တစ်ထည် ချုပ်ပေးလိုက်မယ်  နင်မဝတ်ချင်ရင်တောင် သိမ်းထားလို့ရတာပဲ" 


ဤခေတ်ကာလ လူတွေအတွက်ကတော့ လက်ထပ်ပွဲဆိုတာ ကြီးကျယ်ခမ်းနားလှတဲ့ ပွဲတစ်ပွဲပင်။ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ ခက်ခဲနေပါစေ သူတို့ အိမ်ထောင်ပြုတဲ့အခါ ငွေတော်တော်များများ သုံးစွဲကြလေ၏ - အဝတ်အစားတွေချုပ်ကြတယ်၊ စီးကရက်တွေ၊ အရက်တွေ ဝယ်ကြတယ်... 


"ဒီပန်းပွင့်အထည်တွေကို ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျီ ဒါမှမဟုတ် စကတ်တွေ ချုပ်လို့ရတယ်။ အဖြူတွေကိုတော့ အပေါ်ပိုင်းအတွက် ချုပ်ပြီးတော့ စစ်စိမ်းရောင်ကိုတော့ ဘောင်းဘီရှည်အဖြစ် လုပ်လို့ရတယ်... ဘောင်းဘီတိုလုပ်ဖို့တော့ မလိုဘူး။ ငါ အဲဒါအတွက် လုယန်ရဲ့ အဝတ်ဟောင်းတွေကို ပြင်ပြီးတော့ ဝတ်လို့ရတယ်။ သူတို့ဆီမှာ စစ်ယူနီဖောင်းအသစ်တွေထုတ်ပေးလာပြီလေ... ပိတ်စတွေလည်းရှိသေးတာဆိုတော့ ငါ့တူလေးအတွက်လည်း နှစ်ထည်လောက်လုပ်ပေးလိုက်ဦးနော်" 


"နင် အရင်ကလည်း သူ့အတွက်လုပ်ပေးထားပြီးလေ။ သူ့မှာ သူ့အစ်ကိုရဲ့ အဝတ်ဟောင်းတစ်ချို့လည်းရှိပါသေးတယ်ဟယ်။ နင့်ပိတ်စကောင်းတွေကို ဘယ်လိုလုပ်ပြီး ဖြုန်းတီးပစ်နိုင်မှာလဲ? အစုတ်တွေဆိုရင်တော့ ငါက ယဉ်ကျေးနေမှာမဟုတ်ဘဲ သူ့အတွက် အဝတ်အစားတွေ လုပ်ပေးလိုက်မှာပေါ့" 


… 


"မမရေ နင့်မိသားစု ဒီမှာ အဆင်ပြေကြတယ်မလား?" 


"ဒါပေါ့ဟယ်၊ နင်ကြည့်ရုံနဲ့ မပြောနိုင်ဘူးလားဟ။ နင့်ခဲအိုနဲ့ သူ့အဖေကို ကြည့်ပါဦး၊ သူတို့တွေ စိတ်ဓာတ်ပိုတက်ကြွလာတာ..." 


ချင်းမျန့်က တောင်ပေါ်မှာ နေထိုင်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ဦးဖြစ်တာကြောင့် ဒီလိုနေရာမျိုးကို သဘာဝအတိုင်း သဘောမကျတာမရှိပါချေ။ သူမရဲ့ ခင်ပွန်းနဲ့ ယောက္ခမ မကြိုက်မှာကိုပဲ စိုးရိမ်နေမိခဲ့ပေမယ့် ရလဒ်ကတော့ အနှီလူနှစ်ဦးဟာ အဆင်ပြေနေကြပြီး သူတို့က ဤဒေသကို ပိုလို့တောင် သဘောကျနေပါသေးသည်။  


သူတို့က ဤနေရာရှိ နေရောင်ခြည်နဲ့ လေထုကို သဘောကျ​တာ ဖြစ်ကောင်းဖြစ်နိုင်လေ၏။ ထို့ကြောင့် ဘဝဟောင်းကို လွယ်လွယ်လေး နှုတ်ဆက်နိုင်သွားတာပဲဖြစ်ရမယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ လူသစ်တွေအများကြီးရှိလာပြီး အကုန်လုံးကလည်း ကြင်နာတတ်သူများပင်။ ကျောင်းသားလေးတွေက အနည်းငယ် ဆိုးသွမ်းကြသော်လည်း သူတို့ဆရာကိုတော့ အလွန်လေးစားကြလေသည်။ 


သူတို့က နေ့တိုင်း ကြည်လင်နေတဲ့ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူလေးတွေ၊ စူးရှတောက်ပတဲ့ နေရောင်ခြည်၊ စိမ်းလန်းနေတဲ့ တောင်တန်းတွေကို မြင်နိုင်သလို လေကောင်းလေသန့်ကိုလည်း ရှုရှိုက်နိုင်လေသည်။ သက်ကယ်တဲအိမ်လေးမှာ နေရတာတောင်မှ စိတ်ကြည်လင်နေသလို ခံစားနေရ၏။ 


အထူးသဖြင့် သူမယောက္ခမရဲ့ ခန္ဓာကိုယ်ဟာ ဒီကို ရောက်လာပြီးနောက်ပိုင်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာကာ သန်မာကြံ့ခိုင်တဲ့ အဘိုးအိုတစ်ယောက် ဖြစ်လာခဲ့သည်။ 


တစ်ခါတရံ သူက စက်ဘီးပတ်စီးနေကာ ရွာရှိလူအိုကြီးတွေနဲ့ စကားစမြည်ပြောတတ်လေ၏။ ဤနေရာရှိ လူအိုကြီးတွေဟာ အလွန်အသက်ရှည်ရှည်နေနိုင်ကြကြောင်း ကြားသိခဲ့ရသဖြင့် သူလည်း အသက်ရှည်ရှည်နေလိုခဲ့ပါသည်။ 


Thanks for reading!