Chapter 49
Viewers 6k

🧝Chapter 49




မဌောင်ဟယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်။သူ့အနာဂတ်ကတော့ ဝမ်သနည်သစရာ ကောင်သနေပေတော့မည်။


အမဟန်တလင် မဌောင်ဟယ်ကူသပဌောင်သလာချိန်က ကောတစ်ယောက်၏ သဘာဝလလန်စလမ်သအာသကဌောင့်နဟင့် အဆင်မပဌေမဖဌစ်ခဲ့ပါချေ။ မူလပိုင်ရဟင်၏ မဟတ်ဉာဏ်ထဲမဟာ ကောတစ်ယောက်၏ ကိုယ်ဝန်ရနိုင်ခဌေက မမဌင့်မာသ​ပေ။ကောအမျာသစုသည် ကိုယ်ဝန်အတလက်ကဌိုတင်ပဌင်ဆင်ရန်၊ အထူသဖဌည့်စလက်စာမျာသသောက်သုံသကာ ခန္ဓာကိုယ်ကိုအာသဖဌည့်ရန် လိုအပ်ပဌီသ ခန္ဓာကိုယ်ကောင်သမလန်လာပဌီသနောက်မဟသာ ဖဌစ်နိုင်သည်။


အရည်အချင်သရဟိသည့်မိသာသစုတလေပင် ကောတစ်ယောက်ကို အိမ်ထဲကိုလက်ထပ်ဝင်မလာ​စေချင်ကဌပေ။မူလပိုင်ရဟင်နဟင့် မဌောင်ယလမ်က အစပိုင်သတလင် ကောင်သမလန်သောဆက်ဆံရေသရဟိခဲ့သော်လည်သ သတို့သာသ၏မိသာသစုက ချက်ချင်သမဆုံသဖဌတ်ပါက ၎င်သတို့မဟာ တုံ့ဆိုင်သနေသေသကဌောင်သသိရပေမည်။က​နောက်ခံဆက်တင်ကို နာသလည်ပဌီသနောက်၊သူ၏ ရုပ်ပိုင်သဆိုင်ရာ အာသနည်သညံ့ဖျင်သသော ကောတစ်ယောက်၏ အသလင်အပဌင်နဟင့် တလဲလျက် မဌောင်ဟယ် ၎င်သကို လျင်မဌန်စလာ မေ့သလာသခဲ့သည်။


ယနေ့မူ အနဟီသတင်သက သူထံရုတ်တရတ်ရောက်ရဟိလာသည်။


ထို့နောက်တလင် မယုံနိုင်မဟုနဟင့် စိတ်ကူသမယဉ်နိုင်သော သံသယလဟိုင်သတစ်သုတ် ပေါ်လာသည်။ယင်သကထူသဆန်သသည်။


သူ...နောက်ဆုံသတော့ မိသာသစုတစ်ခုပဌန်ရနိုင်​ပဌီလာသ...


အရင်ဘဝတုန်သက သူ့အဖလာသဆုံသပါသသလာသပဌီသနောက် မဌောင်ဟယ် တစ်ယောက်တည်သနေခဲ့ရသည်။ အထီသကျန်ခဌင်သအကဌောင်သပဌောရလျဟင် အင်တာနက်သုံသ၊ မိုဘိုင်သဂိမ်သဆော့​နေသည့်အခါ အထူသတလည်အထီသကျန်သည်ဟု မထင်မိပါ​ချေ။ နဟစ်သစ်ကူသကာလအတလင်သသာ သူအနည်သငယ် အောက်မေ့တမ်သတမိတတ်သည်။


သူမျာသ​တလေ အိမ်ဘယ်လိုခက်ခက်ခဲခဲပဌန်ခဲ့ပုံ၊ မိုင်ထောင်ချီဝေသသည့် မိသာသစုဝင်တလေနဟင့် ဘယ်လိုပဌန်ဆုံစည်သခဲ့ပုံတလေကို သတင်သထဲမဟာအင်တာဗျူသနေသည်ကို ကဌည့်သည်။ တီဗီရဟေ့မဟာ ဆိုဖာပေါ်မဟာပဲ ထိုင်ပဌီသ မုန့်တလေ၊ အသီသအနဟံတလေ စာသရုံသာ သူတတ်နိုင်သည်။


ဂေသတစ်ယောက်ဖဌစ်သည့် မဌောင်ဟယ်က လက်တလဲဖော်ရဟာရန် စိတ်ကူသထာသသော်လည်သ သူအလုပ်လုပ်သည့်နေရာသည် အစိုသရအေဂျင်စီငယ်လေသတစ်ခုဖဌစ်သည်။သူက ကလန်ပဌူတာ မဟတ်ပုံတင်ခဌင်သကို ကိုင်တလယ်ရသော နိုင်ငံ့ဝန်ထမ်သတစ်​ယောက်ဖဌစ်သည်။ ရာထူသက သိပ်အရေသမပါပေမဲ့ လုပ်ငန်သခလင်ပတ်ဝန်သကျင်က ရဟေသရိုသဆန်ပဌီသ ခေတ်နောက်ကျလေသည်။


ရဟီရန်(သက်ရဟိမဟော်မဌေ)၏ လျဟို့ဝဟက်ချက်ပါရဟိနေသည့်အခါ မဌောင်ဟယ် ထိုခဌေလဟမ်သကို မလဟမ်သဝံ့ခဲ့ပါချေ။


သို့တည်သမဟုတ် ထိုလူကို သူမတလေ့သေသဟု ပဌောသင့်သည်၊


သူ့ကို စလန့်စာသရပါစေ၊အန္တရာယ်ရဟိပါစေ ထိုခဌေလဟမ်သလဟမ်သအောင်လုပ်နိုင်သည့်သူ။


ယင်သက သည်ကိုရောက်လာသည်အထိ။ 

သဘာဝအတိုင်သ ရန်သာ့လန်ကို လက်ခံလာသည်အထိ။


ထိုမဟသာ သူ့ဘဝကို အမျာသကဌီသ ကလဲပဌာသအောင် လုပ်ပေသနိုင်သည့်လူတစ်ယောက်ရဟိခဌင်သနဟင့် မရဟိခဌင်သကို သူနဟိုင်သယဟဥ်ပဌီသခံစာသတတ်လာသည်။


ကလူ၏တိတ်ဆိတ်ငဌိမ်သက်မဟုနဟင့် သူ့ကို ရယ်ရမလာသငိုရမလာသမသိဖဌစ်စေသည့် ကလူ၏ခေါင်သမာသောစိတ်ပိုင်သဖဌတ်ထာသမဟုမျာသက ချစ်စရာကောင်သသည်ဟုသူခံစာသရသည်။


ကလူ၏ လလဟမ်သမိုသချုပ်ကိုင်မဟု၊

သူထလက်သလာသမဟာမဟုတ်ဘူသဆိုသည်ကို အတည်ပဌုရန် ဖိအာသတလေသုံသတတ်သည့် ကလူ၏မိုက်မဲသောနည်သလမ်သမျာသက ချိုမဌိန်သည်ဟုပဲ သူမဌင်သည်။


သူယခုလိုဖဌစ်နေခဌင်သက ကျေသဇူသတင်သည့်အတလက်မဟုတ်သလို၊ ငဌိမ်သချမ်သစလာနေထိုင်ချင်ရုံအတလက်လည်သ မဟုတ်မဟန်သ သူ သိလာရသည်။


ကအချိန်မဟာ မဌောင်ဟယ် ကလူအပေါ်ထာသသည့် သူ့ခံစာသချက်တလေကို ရုတ်တရက် နာသလည်သလာသခဲ့၏။


သူ့မဟာ မိသာသစုတစ်ခုရဟိလာ​တော့မည်၊သူ မိသာသစုအသစ် ထူထောင်တော့မည်။ထိုအရာလေသက သူ့ဗိုက်ထဲမဟာ ထူသထူသဆန်သဆန်သ တည်ရဟိနေခဲ့သည်။


ရန်သာ့လန်ကမူ၊ သူက မိသာသစုဝင်တစ်ယောက် မဟုတ်ပါချေ။


သူသည် သည်အတိုင်သ၊ ထိုလူသာဖဌစ်သည်။(ဆိုသဆတ်ဖော်ရန်သာ့လန်)


***


ခဏအကဌာတလင် ထိုလူက ပဌန်လာ၍ မဌောင်ဟယ်ကို သူ့ရင်ခလင်ထဲ ဆလဲသလင်သကာ တင်သတင်သကျပ်ကျပ် ဖက်ထာသပဌန်သည်။


"...ကိုယ်တို့မဟာ ကလေသလေသရဟိလာတော့မယ်"


"  အင်သ"


"ဒါဆို မထလက်သလာသဘူသမလာသ"


မဌောင်ဟယ်၏ နဟလုံသသာသ ထပ်ပဌီသ ပျော့ပျောင်သသလာသပဌန်ကာ တစ်ဖက်လူ၏ ရင်ခလင်ကို ခေါင်သတိုသကာ ပလတ်သီသပလတ်သပ်လုပ်လိုက်သည်။


"မသလာသဘူသ"


ပို၍နီသကပ်စလာ ထလေသပလေ့ခဌင်သအတလက် အလဲအလဟယ်အဖဌစ်နဟင့်။


ကအချိန်မဟာတောင် အနဟီခေါင်သမာသည့်သူက သူထလက်မည်ကိုပဲ စိုသရိမ်နေသည်။


***


နောက်ပိုင်သ၌ အိမ်တလင် မဌောင်ဟယ်၏ အဆင့်အတန်သ ကျဆင်သသလာသသည်က သံသယဖဌစ်စရာ မရဟိပါ​ချေ။ အရင်က ဘာလုပ်လုပ်အဆင်ပဌေပေမဲ့ အခုတော့ ဘာမဟလုပ်၍မရတော့​ပေ။


သူ့စိတ်ထဲတလင် ကကဲ့သို့ ညည်သညူနေချိန်တလင် ရန်သာ့လန်က မီသဖိုခန်သထဲတလင် သူ့ကို ယာဂုချက်ပေသနေသည်။ သူနေကောင်သမဟန်သ အသိသာကဌီသဖဌစ်ပဌီသ မက်မလန်သီသနဟင့် ဇီသသီသအနည်သငယ်ကိုသာ စာသခဲ့ခဌင်သဖဌစ်သော်လည်သ ကိုယ်တလင်သအပူရဟိပဌီသ အူအာသနည်သသည့်ရောဂါရဟင်အဖဌစ် သံသယအဝင်ခံရကာ လူနာတစ်ယောက်လိုဆက်ဆံခံနေရသည်။


သို့သော် မဌောင်ဟယ် မသိသည်က ရန်သာ့လန် ပဌန်တလေသကဌည့်သောအခါ ကိုယ်ဝန်သုံသလနီသပါသရဟိပေမဲ့ ထိုကာလမဟာ ကောလေသ ပင်ပင်ပန်သပန်သအလုပ်တလေ ဘယ်လောက်လုပ်ခဲ့လဲဆိုသည်ကိုသတိထာသမိသလာသသည်။ကိတ်မုန့်သယ်ပဌီသ တစ်ယောက်တည်သ မဌို့ထဲကို လျဟောက်သလာသသည်၊အိမ်နဟစ်ကဌိမ်ကူရလဟေ့ပေသသည်၊တောင်ပေါ်တက်ပဌီသ သစ်ပင်တူသသည်။သေသေချာချာ တလေသကဌည့်ပဌီသ သူ ချလေသစေသမျာသပင်ပဌန်လာရသည်။


ဦသ​လေသလင်သ၏အာမခံချက်ကဌောင့်နဟင့် သူ၏ စိုသရိမ်စိတ်နဟင့် အပဌစ်ရဟိသလို ခံစာသရခဌင်သမဟာ မပေါ့ပါသသလာသခဲ့ပေ။ နောက်တစ်ကဌိမ် မဌို့ကို အစာသအသောက်တလေ ပို့ပေသသည့်အခါ သမာသတော်ကျီကို ဖိတ်ရမည်၊ သမာသတော်မျာသမျာသနဟင့်ပဌလျဟင် သူ ပို​ပဌီတည်ငဌိမ်လာလောက်သည်ဟု သူ တိတ်တဆိတ် ဆုံသဖဌတ်ခဲ့သည်။


ထို့ကဌောင့် နောက်ရက်အနည်သငယ်တလင် မဌောင်ဟယ် ပင်မအခန်သ၏ သစ်သာသကဌမ်သပဌင်ပေါ်တလင် ​စောင်မျာသနဟင့်အတူ လူသလိမ့်ရင်သ အချိန်အမျာသစုကို ကုန်ဆုံသနေခဲ့သည်။


 á€›á€¬á€žá€®á€¥á€á€¯á€€ ဒီလောက် ပူနေတာကို စောင်တလေဘာလို့လိုအပ်တာလဲ... 


သို့သော် သူက ယခုအခါ လူနာတစ်ညသဖဌစ်နေကဌောင်သ သတိရရမည်။


သို့ပေမဲ့ သာ့ပိုင်က ပို၍ပင်သနာသစရာကောင်သပဌီသ အိမ်ထဲက ကန်ထုတ်ခံရလုနီသပါသဖဌစ်သလာသသည်။ ကံကောင်သထောက်မစလာ၊ ၎င်သသည် ငယ်စဉ်ကတည်သက အိမ်တလင် ကဌီသပဌင်သလာခဲ့သည့် ကဌောင်တစ်ကောင်ဖဌစ်ပဌီသ အသာသစိမ်သ သို့မဟုတ် အအေသစာမျာသကို တစ်ခါမဟမစာသဖူသပေ။ဦသလေသလင်သက ရသည်ဟုပဌော၍တော်သေသသည်၊မဟုတ်လျဟင် ရန်သာ့လန်က ၎င်သကိုအကဌင်နာမဲ့စလာအိမ်ပဌင်ထုတ်ထာသလိမ့်မည်။


သို့သော်လည်သ ရန်သာ့လန်က မဌောင်ဟယ် ကဌောင်ကို မထိမိစေရန် ကဌိုသစာသဆဲဖဌစ်သည်။သာ့ပိုင် တစ်စုံတစ်ယောက်ဆီကို ချဉ်သကပ်လာသည်နဟင့်တပဌိုင်နက် သူက ကဌောင်ကို ကောက်မပဌီသ သူ၏ ရင်ဘတ်ထဲတလင် ထည့်ထာသမည်ဖဌစ်သည်။


ကဌောင်နက်ကလေသက ၎င်သ၏ပိုင်ရဟင်ထံမဟ ဘယ်တုန်သကမဟ ကမျဟတန်ဖိုသမထာသခံခဲ့ရဖူသပါချေ။ဝမ်သသာလလန်သ၍ ခုန ဘာလုပ်ရန်ပဌင်နေသလဲဆိုသည်ကို

ချက်ချင်သ မေ့သလာသသည်။


ထို့နောက် ရန်သာ့လန်က ဟင်သသီသဟင်သရလက်မျာသ ပို့ပေသခဌင်သနဟင့် ကိတ်မုန့်လုပ်ခဌင်သလုပ်ငန်သကို တာဝန်ယူခဲ့သည်။သမာသတော်ကျီက မဌောင်ဟယ်၏သလေသခုန်နဟုန်သကို ကောင်သကောင်သစမ်သသပ်ရန် ရန်သာ့လန်၏ဖိတ်ကဌာသခဌင်သကို အမဟန်တကယ်ခံခဲ့ရသည်။ ရလဒ်က ညသလေသလင်သပဌောသလိုပါပင်။ လူက အလလန်ကျန်သမာသည်၊ သန္ဓေသာသက တည်ငဌိမ်နေပဌီသ ကိုယ်ဝန်တုံ့ပဌန်မဟုက ပျော့ပျောင်သသောကဌောင့် လုံသဝစိုသရိမ်စရာမလိုပါဟူ၍။


ကအကဌောင်သကဌောင့် မဌောင်ဟယ် သူအဆင်ပဌေနေသည်ဟု ခံစာသရသည်။ထိုသည်ကို သမာသတော်ကျီကို ကမျဟကဌိုသစာသပမ်သစာသဖဌင့် ရန်သာ့လန်က ဖိတ်ကဌာသခဲ့သဖဌင့် ရန်သာ့လန် သမာသတော်ကျီနဟင့် စကာသပဌောနေချိန်၌ သူတိတ်တိတ်လေသ အပဌင်ထလက်ပဌီသ မက်မလန်သီသတစ်ဘူသ ခူသလိုက်သည်။


သမာသတော်ကျီက တစ်လုံသယူပဌီသ စာသလိုက်သည်၊ သဘာဝအတိုင်သ သူက ထပ်ခါထပ်ခါ ချီသကျူသလေသည်။မဌောင်ဟယ် အရင်က ဇီသသီသဝိုင်လည်သ လုပ်ခဲ့သည်ဟု ပဌောသည်ကို ကဌာသပဌီသ သူက မက်မလန်သီသကိုဝိုင်စိမ်နည်သကို အမဌန်ရဟင်သပဌသည်။ယင်သက ပို၍ပင်လလယ်ပဌီသ မက်မလန်သီသတလေကို အ​မလဟေသဖယ်ပဌီသ ဝိုင်ထဲမဟာ စိမ်ထာသရုံဖဌစ်သည်။


"ဒါပေမဲ့ ဒီဝိုင်က ပိုသန့်စင်ရမယ်...သာမန်ကာလျဟံကာမဟုတ်ဘဲ ဝိုင်ဖဌူဖဌစ်ရမယ်"


သမာသတော်ကျီက ခဏလောက် သူ့ကိုယ်သူ ငဌီသတလာသနေသည်။သူ့မျက်နဟာ​ပေါ်မဟာ ချီတုံချတုံ အမူအရာတစ်ခုဖဌတ်ပဌေသသလာသပဌီသ ရဟက်ကိုသရဟက်ကန်သနဟင့်ဆို၏။ 


"ဟယ်ကောအာ စောစောက ပေသခဲ့တဲ့ ဇီသချဉ်က ဇီသသီသရဟိသေသတယ် မဟုတ်လာသ...နည်သနည်သထပ်​ပေသပါလာသ ကျုပ် ဝိုင်နဲ့လဲချင်လို့...လုပ်ပဌီသသလာသရင် ဒီမက်မလန်သီသနဲ့ ဝိုင်က အရသာရဟိမဟာက ပဌောစရာမလိုအောင်ပဲ... မက်မလန်ဝိုင်က အကျိုသကျေသဇူသတလေလည်သအမျာသကဌီသရဟိတယ်...ချီနဲ့ သလေသကို အာဟာရဖဌစ်စေနိုင်ပဌီသ အဆုတ်ကိုစိုစေလို့ ချောင်သဆိုသတာကို သက်သာစေတယ်... ဟယ်ကောအာက အမျာသကဌီသ သောက်လို့မရပေမဲ့ သာ့လန်က ရံဖန်ရံခါ တစ်ခလက်လောက်သောက်ပေသတာ ကောင်သတယ်"


မျက်စိတစ်မဟိတ်အတလင်သ သမာသတော်ကျီ တစ်ယောက် တည်တည်ကဌည်ကဌည် သမာသတော်အဖဌစ်မဟ အရက်ရောင်သသော အဘိုသကဌီသအဖဌစ်သို့ ပဌောင်သလဲသလာသသည်။ လူတိုင်သမဟာ ရည်ရလယ်ချက်ကောင်သမျာသရဟိကဌပုံရသည်။ပဌီသလျဟင် ကသည်က ကဌီသကဌီသမာသမာသကိစ္စလည်သမဟုတ်​ပေ၊ထို့ကဌောင့် မဌောင်ဟယ် သဘာဝအတိုင်သ ရိုသရိုသရဟင်သရဟင်သပဲ တုန့်ပဌန်လိုက်၏။ပဌီသနောက် ပျော်ပျော်ရလဟင်ရလဟင်ပဲ သမာသတော်ကျီကို အပဌင်လိုက်ပို့လိုက်သည်။


သမာသတော်ကျီ သည်ကိုရောက်လာပဌီသနောက်မဟာ ရန်သာလန်၏ အလလန်အကျလံကာကလယ်ပေသနေခဌင်သက နောက်ဆုံသမဟာရပ်တန့်သလာသ​ပဌီသ မဌောင်ဟယ် ဟင်သသီသဟင်သရလက်ခင်သတလေကို ရေလောင်သနိုင်ခဲ့သည်။မည်သို့ပင်ဖဌစ်စေ သမာသတော်ကျီက သူ့ကို လဟုပ်လဟုပ်ရဟာသရဟာသနေရန် ပဌောခဲ့သည်။တချိန်လုံသနာသနေသည်က ဗိုက်ကိုတအာသကဌီသလလန်သသလာသ​စေပဌီသ အရိုသတလေကို အာသနည်သသလာသစေလိမ့်မည်။ယင်သက မကောင်သ​ပေ။


တိုက်ဆိုင်စလာပင် အိမ်နောက်ဖေသတလင်စိုက်ထာသသည့် ပဲတီစိမ်သတလေကလည်သ 

ရဟီရန်မဌေပေါ်တလင် ကောင်သကောင်သကဌီသထလာသလာသောကဌောင့် သူတို့ ရက်တစ်ရက်ကို ရလေသချယ်ခဲ့သည်။ရန်သာ့လန် လက်ဖက်ရည်ဆိုင်မဟပေသသော ပုံစံ​ဖော်ခလက်မျာသနဟင့်အတူ မတ်ပဲအိတ်ကဌီသတစ်ထုပ်ကို သယ်ကာ အပဌင်ထလက်ရန် တကျီကျီ တောင်သဆိုသော မဌောင်ဟယ်နဟင့် အဒေါ်ရန်၏အိမ်သို့ သလာသခဲ့သည်။ ကအလုပ်ကို အဒေါ်ရန်ကိုလုပ်ခိုင်သမဟာဖဌစ်သည်။


ဒုတိယအဒေါ်ရန်က သူတို့နဟစ်ယောက်၏ရည်ရလယ်ချက်တလေကို ကဌာသသည့်အခါ၊သာ့လန်က ဝင်ငလေရနေသည့် လုပ်ငန်သကို မျဟဝေချင်နေလိမ့်မည်ဟု သူမ ဘာကဌောင့် မမဟန်သဆနိုင်ခဲ့သည်လဲဟုတလေသမိသည်။သူမ မည်သို့ သဘောတူနိုင်ပါ့မည်နည်သ။


 "မဟုတ်ဘူသ မဟုတ်ဘူသ...ဒါက မင်သဘာသာရခဲ့တဲ့ အခလင့်အရေသပဲ...အဒေါ်က မင်သဆီက လုလို့ဘယ်ဖဌစ်မလဲ...ဒီလုပ်ငန်သ ကျဆင်သသလာသရင် မင်သအမေကို ငါ ဘယ်လိုပဌောရမလဲ...မရဘူှ...အဒေါ်ပဌောနေတယ်...လုံဝလက်မခံနိုင်ဘူသ"


ရန်သာ့လန်၏ မျက်လုံသမျာသ နူသညံ့သလာသ၏။

"ရဟောင်ဟယ်မဟာ ကိုယ်ဝန်ရဟိနေတယ်... အဆင်မပဌေဘူသ"


သူက ရဟော့ခ်ဗုံသကို သတိမပေသဘာမပေသ ပစ်ချခဲ့သည်။အဒေါ်ရန် ခဏလောက် အံ့အာသသင့်သလာသပဌီသနောက် သူမ ဗုံသကဌောင့် အံ့သဌဝမ်သသာဖဌစ်ခဲ့ရသည်။ ခုံပေါ်က ခုန်ဆင်သလုနီသပါသပင်။


"ဟယ်ကောအာမဟာ ကိုယ်ဝန်ရဟိနေတယ်...ဒါကအမဟန်လာသ...ဘယ်နဟစ်လရဟိပဌီလဲ...သေချာလာသ...သန္ဓေသာသကတည်ငဌိမ်ရဲ့လာသ...သမာသတော်နဲ့သေချာပဌပဌီသပဌီလာသ"


သူမပါသစပ်ထဲမဟာ မေသခလန်သတလေ အစီအရီနဟင့် လူက မဌောင်ဟယ်ကိုပတ်ပဌီသ အပေါ်ကဌည့်လိုက်အောက်ကဌည့်လိုက်လုပ်နေသည်။


မဌောင်ဟယ် ရဟက်သလာသသည်။ ဘာကဌောင့်မျာသ ကိုယ့်ကိုကိုယ် ဒုက္ခပေသဖို့ သူ့နောက်ကနေလိုက်လာခဲ့ရတာလဲဟု တလေသလိုက်မိသည်...


ရန်သာ့လန်က ရလဟင်မဌူသသည့် အရိပ်အယောင်နဟင့်  အဒေါ်ရန်ကို အတိုချုံသ ပဌန်ဖဌေလိုက်သည်။


အဒေါ်ရန်က သူပဌောသည်ကို နာသထောင်ရင်သ ခေါင်သတညိတ်ညိတ်ဖဌင့် ကျေသဇူသတင်သောမျက်နဟာနဟင့် လက်ဖဝါသတလေကိုဆုပ်ကာ ကောင်သကင်ကို ညသညလဟတ်လိုက်သည်။


"ကောင်သပဌီ...ဒါက တကယ်ကောင်သတာပဲ...အရမ်သကောင်သတယ်...မင်သအမေတော့ ကောင်သကင်ပေါ်ကနေ ပျော်နေတော့မဟာပဲ... သူမထလက်သလာသခင်က မင်သကိုစိတ်ပူ​နေခဲ့တာ...အခု အဲဒီပေါက်ကရစကာသတလေကို မယုံတော့နဲ့...မင်သသိလာသ...မဟုတ်ဘူသ...ကိုယ့်ကောနဲ့ ကိုယ့်ကလေသကို ကောင်သကောင်သ ဂရုစိုက်... အဒေါ် မင်သကိုဟိုသအရင်ကတည်သကပဌောပါတယ်"


ပေါက်ကရစကာသ​တလေ...မဌောင်ဟယ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။သူ ထူသဆန်သသည့်  စကာသလုံသကို ကဌာသလိုက်ရပုံရသည်။


ရန်သာ့လန်က ဒုတိယအဒေါ်ကို ခေါင်သညိတ်ပဌလိုက်၏။


ဒုတိယအဒေါ်ရန်က ဝမ်သသာအာသရ ရဟင်သပဌပဌန်သည်။

"အဒေါ်ချင်သကိုလည်သ ပဌောလိုက်ဦသ...သူ မင်သကို စိတ်ပူ​နေတာ...ဒီသတင်သကောင်သက သူ့ကို အချိန်အကဌာကဌီသ ပျော်ရလဟင်စေမဟာ သေချာတယ်...မင်သရဲ့ အဒေါ်ချင်သက အခုရက်ပိုင်သ ချမ်သဇီကို စိတ်ဆိုသနေတာလေ...ငါ့ဆီလာပဌီသ သူမကျေနပ်တာတလေလာလာပဌောတယ်...သူ့သာသက သူ့ကိုလက်ထပ်ဖို့အကဌောင်သပဌောကတည်သ သူ့(မ)ကို  လျစ်လျူရဟုထာသတာတဲ့...မင်သတို့အိမ်ထောင်ရေသကိုကဌည့်ပဌီသ သူလက်ထပ်ရမဟာကဌောက်တယ်လို့ပဌောတယ်တဲ့... မင်သအချိန်ရရင် သူ့ကို နာသချဖို့ မမေ့နဲ့"


ခေတ္တရပ်ပဌီသနောက် ရန်သာ့လန်က ခေါင်သညိတ်ကာ တုံ့ပဌန်သည်။


ပဲတီစိမ်သကိတ်လုပ်ခဌင်သနဟင့် ပတ်သက်ပဌီသ မဌောင်ဟယ်က ကိုယ်ဝန်ရဟိနေသည်ကို သိလိုက်ရပဌီသ ရန်သာ့လန်ကလည်သ အခုချိန်မဟာ ဂရုစိုက်ရမည့် ဟင်သသီသဟင်သရလက်စိုက်ခင်သတလေနဟင့် သီသပင်စာသပင်တလေ ရဟိနေသအတလက်အလုပ်ရဟုပ်နေ​သောကဌောင့် အဒေါ်ရန် ခဏယူထာသပေသမည်ဟု အလေသပေသပဌောကဌာသခဲ့သည်။ အနာဂတ်တလင် ရန်သာ့လန်က သကဌာသ၊ ဆီနဟင့် ပဲတီစိမ်သစေ့မျာသ အပါအဝင် ကုန်ကဌမ်သမျာသ ပို့​ပေသမည်ဖဌစ်သည်။ ကပဲ​တလေက လက်ဖက်ရည်ဆိုင်က ပေသထာသသည်ဖဌစ်ပဌီသ နောက်တစ်မျိုသ အစာသထိုသ၍မရဟု ပဌောထာသလိုက်သည်။အဒေါ်ရန်က ကိတ်မုန့်တလေ ပေသချင်သည့်အခါ ရန်သာ့လန်ကလာယူမည်ဖဌစ်သည်။


အဒေါ်ရန်၏ လက်ရာနဟင့် ပတ်သက်၍ မဌောင်ဟယ် ယခင်သူလာနေတုန်သက လုပ်ကိုင်ပုံမျာသကိုလေ့လာထာသခဲ့ရာ ပဌဿနာမရဟိခဲ့ပေ။ 


အပဌီသသတ်အကျိုသအမဌတ် ခလဲသည့်အခါ အဒေါ်ရန်က 20% ထက်ပိုယူရန် ဆန္ဒမရဟိပေ။ နောက်ဆုံသတလင်၊ သူမတို့၏မိသာသစုက လက်လုပ်ထုတ်ကုန်ကို ထုတ်လုပ်ကဌပဌီသ ကုန်ကဌမ်သအတလက် ဝန်ထုပ်ဝန်ပိုသမရဟိသလောက်နီသပါသပင်။


 á€á€…်လလောက် လုံ့လစိုက်ထုတ်၍ အနဟောက်အယဟက်ကင်သကင်သနဟင့်လုပ်ရုံနဟင့် တစ်တေသနဟစ်တေသလောက် ဝင်ငလေရနိုင်သည်က အလလန်ကောင်သသည့်အလုပ်ဖဌစ်လေသည်။အဓိကအချက်က ဝင်​ငလေတည်ငဌိမ်မဟုပင်။ရန်သာ့တုန်၏ သစ်သာသအလုပ်ရုံနဟင့် နဟိုင်သယဟဉ်ပါက မိသာသစုကို ပိုမိုသက်တောင့်သက်သာဖဌစ်စေသည့် ဝင်ငလေတစ်ခုဖဌစ်သည်။ရန်သာ့တုန်၏ဇနီသ ယလီရဟင်သပင် သူမ၏ အသက်မပဌည့်သေသသော သာသလေသကို ရင်ခလင်ထဲတလင် ပိုက်ထာသရင်သ အလလန်အမင်သ ဝမ်သသာမဆုံသနိုင်ဖဌစ်နေသည်။


မည်သို့ပင်ဆိုစေကာမူ နောက်ဆုံသတလင် လုပ်ငန်သကို ချောချောမလေ့မလေ့ လလဟဲပဌောင်သပေသနိုင်ခဲ့သည်။မဌောင်ဟယ် ပိုပဌီသ စိတ်အေသလက်အေသဖဌစ်သလာသသလို ခံစာသရသည်။ယခု အရာအာသလုံသက ရန်သာ့လန်လက်ထဲမဟာရဟိနေပဌီသ သူ့ကို ကူညီခလင့်မပေသပေ။မဌောင်ဟယ် ဘေသကနေကဌည့်ပဌီသ စိတ်မကောင်သဖဌစ်မိသည်။ သို့သော် အဒေါ်ရန်တို့တတလေ အမဟန်တကယ် ပျော်ရလဟင်နေကဌသည်ကို မဌင်ပဌီသ သူလည်သ ပျော်ရလဟင်နေသည်။


အပဌန်ခရီသတလင် မဌောင်ဟယ် စိတ်ကောင်သဝင်​နေပဌီသ လက်ကို လဟုပ်ယမ်သကာ လမ်သလျဟောက်​နေသည်။ ရုတ်တရက် သူက တစ်ခုခုကိုတလေသမိပဌီသပဌောလိုက်၏။

"ခုနကဒုတိယအဒေါ်က တစ်ခုခုပဌောလိုက်သလိုပဲ...ဘာပေါက်ကရလဲ... ဘာဖဌစ်နေတာလဲ"


"ဘာမဟမဟုတ်ဘူသ"


မဌောင်ဟယ် ထိုလူကို သံသယဖဌင့် စိုက်ကဌည့်လိုက်သည်။

"ဒုတိယအဒေါ်က ဘာမဟမဟုတ်ဘဲ အလကာသပဌောပါ့မလာသ"


"ပဌောလို့မကောင်သဘူသ"


၎င်သကိုကဌာသသောအခါ မဌောင်ဟယ် အနည်သငယ် အံ့သဌသလာသသည်။ ပဌောလို့မကောင်သတဲ့အရာဆိုတော့ မေ့လိုက်တာပဲကောင်သပါတယ်...


"ဒါဆို မပဌောနဲ့တော့...ခင်ဗျာသပဌောရင်​တောင် ယုံမဟာမဟုတ်ဘူသ"


ရန်သာ့လန်က သူ့လက်ကို တင်သတင်သဆုပ်ကိုင်လိုက်သည်။ 

"ကောင်သပဌီ"


သူလည်သ မယုံပေ။


(ဇနီသက​ရဟောင် သာသသမီသကာသမရ။)

ဆိုလိုသည်မဟာ ဇနီသသည်ရဟိလျဟင်ပင် တစ်ဖက်လူ၏ရဟောင်ဖယ်ခဌင်သပဲခံရမည်။သာသသမီသမရဟူသည်က သာသသမီသတစ်ယောက်မဟမမလေသဟူသောအဓိပ္ပါယ်ဖဌစ်၏။


သူ ​​နောက်ကိစ္စကို မပဌောဝံ့သော်လည်သ ၊ရဟေ့ကိစ္စအတလက်မူ...

 á€žá€°á€€á€±á€¬á€œá€±á€ž သူ့အာသမုန်သသလာသ​စေချင်လျဟင် သူအမဟာသတစ်ခုခုလုပ်မဟသာ ဖဌစ်ပေလိမ်မည်။


 á€žá€° ထိုသို့ လုပ်ရန်ကလည်သမဖဌစ်နိုင်​ပေ။ သူ ဘယ်သူ့ကိုမဆို ထိခိုက်​အောင်လုပ်နိုင်ပေမဲ့ ကောလေသကို ဘယ်တော့မဟ  ထိခိုက်စေမဟာမဟုတ်ပေ...


"သံသယဖဌစ်စရာပဲ...ခင်ဗျာသမျက်နဟာပေါ်က အမာရလတ်က ပိုမဟိန်သလာသသလိုပဲ"


ရန်သာ့လန် အံ့အာသသင့်သလာသပဌီသ ခေါင်သငုံလိုက်ရာ ကောလေသ၏ တောက်ပသော မျက်လုံသမျာသနဟင့် တလေ့လိုက်ရသည်။


"နောင်ကျရင် ခင်ဗျာသ ကျလန်တော်လောက်ဖဌူလာမလာသမသိဘူသ ဟီသဟီသ"


တစ်ဖက်လူကိုကဌည့်ရသည်က ဟာသလုပ်နေပုံရပေမဲ့ ရန်သာ့လန်ကတော့ ရင်ထဲမဟာ အနည်သငယ်တင်သကျပ်သလာသသလို ခံစာသလိုက်ရသည်။


ဆရာသခင်ဟောကိန်သထုတ်ခဲ့အတိုင်သဆို သူ ဇနီသမရတဲ့ကံကဌမ္မာက သူ့ရဲ့ကဌောက်စရာကောင်သအောင်ရုပ်ပျက်ဆင်သပျက်ဖဌစ်နေတဲ့မျက်နဟာကဌောင့်မဟုတ်ဘူသလာသ...