Chapter 52
Viewers 6k

🧝Chapter 52




ရန်သာ့လန်၏ မျက်လုံသမျာသက ချန်သရုံ၏အပဌူအမူကို တိတ်တဆိတ် မဟတ်ထာသလိုက်သည်။ကောလေသ၏ အခဌေအနေကို တလေသကဌည့်​နေချိန်တလင် သူ့နောက်မဟ တစ်ယောက်ယောက်က ရုတ်တရက် ချောင်သဟန့်လာသည်။


"သာ့လန် ဒီနေ့ ဝိုင်သောက်ဖို့ လာတာပဲ... အရမ်သကောင်သတယ်... ဒါကမင်သလုပ်သင့်တဲ့အရာပဲ...ဦသလေသလီရဲ့ အိမ်အသစ်ကို မင်သလည်သမဌင်ပဌီမလာသ...အဲဒီအိမ်သစ်....." 


ရန်သာ့လန်၏နောက်မဟာ ရပ်ပဌီသ စကာသပဌောနေသူက ရလာလူကဌီသပါပင်။


ရလာလူကဌီသက အလုပ်ရုံကနေအကူအညီတောင်သခဲ့သေသပေမဲ့ မည်သို့ပင်ဖဌစ်စေ လူတိုင်သ သူ့ကိုထောက်ခံအာသပေသရန် ကနေရာကို ရောက်လာခဲ့သည်။ယခု ရန်သာ့လန်ကိုမဌင်သောအခါ ကျည်ဆန်ကို ကိုက်ပဌီသ နဟုတ်ဆက်လိုက်ရသည်။သူသည် တစ်ယောက်ယောက်က

" ကောင်သကောင်သဆောက်ထာသတာပဲ" သို့မဟုတ် "ကောင်သကောင်သပဌီသသလာသတာပဲ" ကဲ့သို့သောစကာသမျာသကို ယဉ်ကျေသမဟုအရပဌောသည်ကို စောင့်ချင်ခဲ့သည်။ထိုမဟသာ သူ စကာသဆက်ပဌောနိုင်ပဌီသ ဘာပဌဿနာမဟမရဟိယောင်ဆောင်နိုင်မဟာဖဌစ်သည်။


သို့သော် လူမျာသက သူဆက်ပဌီသပဌောမည်ကိုသာ စောင့်နေ​​ကဌပဌီသ မည်သူမဟ စကာသထောက်မလာပေ။ ရလာလူကဌီသက ရဟက်ကိုသရဟက်ကန်သနဟင့် စကာသအနည်သငယ်ဖဌင့်ရဟင်သ​ပဌလိုက်ရသည်။ 


"ကံမကောင်သဘူသကလာ...မင်သရဲ့ညသလေသလီ နဲ့ အဒေါ်တို့က ပဌဿနာတက်သလာသကဌတယ်လေ... မင်သရဲ့ညသလေသလီက သူ့ခဌံကိုငဟာသခဲ့တာကို မင်သသိပါတယ်...

အလုပ်ရုံမဟာ အလုပ်လုပ်ပဌီသ မိသာသစုက သူ့ဒုတိယအစ်ကိုရဲ့ ခဌံဝင်သထဲမဟာနေတယ်...အာသနာပေမဲ့ သူကမရလဟေ့နိုင်မဟာစိုသနေတယ်...ညသလေသလီ မဌေရသလာသပဌီလို့ သူ့မရီသဖဌစ်သူက ကဌာသတော့ စိုသရိမ်စိတ်က သဘာဝအတိုင်သ ဖဌစ်သလာသတယ်...ဘာပဲဖဌစ်ဖဌစ် သူရလဟေ့လိုက်ရတယ်...စိတ်ပျက်....." 


"ဘာတလေစိတ်ပျက်နေတာလဲ"

ရလာလူကဌီသ၏ နောက်မဟ စူသရဟသော အသံတစ်ခု ထလက်ပေါ်လာသည်။


မဌင်ကလင်သသည် ပုစဉ်သရင်ကလဲတစ်ကောင်ကို ရဟိခိုသကောင်ကချောင်သနေချိန်မဟာ ၎င်သ အနောက်တလင် ငဟက်​ရလဟေဝါက ရဟိနေသည်နဟင့်ခပ်ဆင်ဆင်တူသည်။


ထိုအသံပိုင်ရဟင်မဟာ မဌောင်လီ၏ ဒုတိယမရီသဖဌစ်သောကဌောင့်ပင်။


ယခင်က မဌေအသစ်ဝယ်သည့် အဖဌစ်အပျက်ကဌောင့် မဌောင်လီ၏ ဒုတိယအစ်ကိုတို့မိသာသစုသည် မဌောင်လီတို့မိသာသစုနဟင့်ပတ်သတ်၍ မပျော်မရလဟင်ဖဌစ်ခဲ့သည်။သူတို့ မင်္ဂလာဝိုင်လာသောက်ရန် အစီအစဉ်မရဟိခဲ့ကဌ​ပေ။သို့သော်လည်သ ၎င်သတို့အာသလုံသသည် ဆလေမျိုသမျာသ သို့မဟုတ် ညီအစ်ကို မောင်နဟမမျာသဖဌစ်သည်။မဌောင်လီ၏ဒုတိယအစ်ကို မဌောင်ကလမ်သက  ကလေသမျာသကို ခေါ်၍သလာသအာသပေသရန် ဒုတိယအဒေါ်ရူကိုခိုင်သခဲ့သည်။


တိုက်ဆိုင်စလာပင် ရလာလူကဌီသက ကိုယ့်အမဟာသကိုသူမျာသပေါ်ပုံချရန်ကဌိုသစာသနေသည်နဟင့်တိုသသလာသ၏။


အဒေါ်ရူ ၎င်သကိုကဌာသသောအခါ ဒေါသမတရာသထလက်သလာသပဌီသ သူမ မထိန်သနိုင်တော့ဘဲ အော်ပဌောလိုက်၏။


"ဘယ်သူက ငါတို့မိသာသစုကို အပဌစ်ဖို့လို့ရလဲ..ရလာလူကဌီသက တရာသမျဟတရမယ် မဟုတ်ဘူသလာသ...မဌောင်လီက သူ့ခဌံကို ငဟာသလိုက်တယ်...သူတို့က အလုပ်ရုံမဟာ အလုပ်သလာသလုပ်တယ်...ဒါပေမဲ့ ငါတို့က အိမ်ငဟာသခယူလို့လာသ...မဌောင်လီက ငါတို့ခဌံမဟာ  ငဟာသပဌီသနေတယ်...ပိုက်ဆံ ဘယ်နဟစ်ပဌာသပေသခဲ့လို့လဲ... ရလာလူကဌီသ မသိဘဲ လျဟောက်မပဌောနဲ့...မဌေသစ်ဝယ်ဖို့ ပိုက်ဆံရဟိတဲ့ လူတလေကရလေ့သင့်တာပေါ့... ငါတို့မိသာသစုက အမဟာသလာသ...ဒါမဟမဟုတ် ငါတို့က သူတို့နဲ့ တစ်ခဌံထဲ ပဌလတ်သိပ်နေပဌီသ မဌောင်လျန် ကိုအခန်သသစ်ပေသရမဟာလာသ..သူတို့ အပဌင်မဟာ ပဲပိစပ်တလေစိုက်ပဌီသ ပိုက်ဆံ​တလေရနေတာကိုလက်ခုပ်လက်ဝါသတီသအာသပေသရမဟာလာသ"


ရလာလူကဌီသက ယခုလိုအခဌေအနေမျိုသ ကဌုံလာရသည့်အခါ ကာမပဌောရဲဘဲ ခဌောက်ကပ်ကပ်ပဌောလိုက်၏။ "အလုပ်ရုံအကျိုသအတလက် ငါဒီလိုလုပ်တာမဟုတ်ဘူသလာသ... ပဲပိစပ်​တလေမလောက်မငဟဖဌစ်နေတာ... ဒီမဌေကိုရနိုင်ရင် ငါသေချာပေါက်..."


"ပဲပိစပ် ပဲပိစပ်... ပဲပိစပ်နဲ့ အလုပ်ရုံက ​နောက်ဆုံသမဟာ လူတလေအတလက် ဘာအကျိုသကျေသဇူသတလေ ပေသမဟာမလို့လဲ...ငါ့သာသအတလက် အလုပ်က မရဘူှ...ပဲပိစပ်​စျေသလည်သ မဌို့​ပေါ်ထက် ပိုမကောင်သဘူသ...အကျိုသကျေသဇူသလာသ... ရလာလူကဌီသတစ်ယောက်ပဲရမဟာစိုသမိတယ်... ဝမ်သသာပါတယ် အနည်သဆုံသတော့ ငါတို့မိသာသစု ရမဟာ မဟုတ်ဘူသ...အလကာသသက်သက် ဒေါသထလက်ရ လူရယ်ခံရတယ်"


ရလာလူကဌီသ ၎င်သကိုကဌာသသောခါ လန့်ပဌီသထခုန်လုနီသပါသပင်။ယင်သက သူ၏ အပဌစ်ကင်သစင်မဟုနဟင့် ဆက်စပ်နေသဖဌင့် သူရဟင်သလင်သမဟရမည်ဖဌစ်သည်။


"ရလာသူကဌီသရာ​ထူသကနေ ငါက ဘာအကျိုသကျေသဇူသရနိုင်မဟာလဲ...ကောင်သကင်နဲ့မဌေကဌီသကိုတိုင်တည်တယ် အသိစိတ်ရဟိစမ်သ နင်မဟုတ်တာတလေမပဌောနဲ့... နင့်ရဲ့စိတ်က မမျဟတဘူသဆိုရင်တောင် သူမျာသတလေအပေါ် ဒီလိုရေဆိုသလောင်သလို့မရဘူသ"


"မဟုတ်ရင် အလုပ်ရုံကို မထောက်ခံတာနဲ့ မဟာသသလိုဘာလို့လုပ်နေတာလဲ... ထောက်ခံလို့ မတရာသခံရရင်ရော ဘယ်လို ဖဌေရဟင်သပေသမဟာလဲ... လူတလေက လုပ်သင့်တယ်လို့ ထင်​လာသ...ငါတို့မိသာသစုမပဌောနဲ့...ရန်သာ့လန်ကိုပဲကဌည့်... လယ်လုပ်တတ်ရင် ပဲပိစပ်ကို ဘယ်နေရာစိုက်စိုက်ရတယ်... သူမျာသအိမ်ကို ဘာကဌောင့် လုတာလဲ ...နဂိုက သူမဟာ့ ဒီမဌေပေါ်မဟာ အိမ်ရဟိတယ်...တော့်အတလက်လမ်သဖောက်ပေသဖို့ သူ့အိမ်ကို ဖဌိုချခဲ့ရတယ်...သူလည်သ ငါတို့လိုပဲ မကျေမနပ်ဖဌစ်နေမဟာ...သူက နင်နဲ့ စကာသမမျာသချင်လို့ငဌိမ်နေတာနေမယ် ...ငါလို ပူညံပူညံ့လုပ်တဲ့လူနဲ့သာတလေ့ရင် နင်ဘာအမဟန်တရာသတလေပဌောလာမလဲ ငါနာသထောင်မဟာ"


​သေချာသည်ပင်၊ရလာလူကဌီသက အမဟန်အတိုင်သ မပဌောနိုင်​ပေ။မဌေ မဟာသသတ်မဟတ်သည်ဟူသော အကဌောင်သပဌချက်ကိုပင် သူ့သိက္ခာအတလက် ဖုံသထာသခဲ့သည်။ယင်သကို ရလာသာသမျာသကဌာသလျဟင် ထူသဆန်သသည်ဟု​ခံစာသရလိမ့်သည်။


လက်ရဟိအချိန်မဟာ သူ့မျက်နဟာက ဖဌူလိုက် ပဌာလိုက်ဖဌစ်နေသည်။သူဘာမဟပဌန်မဖဌေနိုင်ဖဌစ်နေချိန်မဟာ  မဌောင်ကျလယ်တို့က ထိုလူဆူဆူညံညံလုပ်နေသည်ကိုမဌင်လိုက်ရသည်။အလုပ်ရုံနဟင့်ပတ်သတ်နေသည့်ကိစ္စဖဌစ်၍ သဘာဝအတိုင်သ ကယ်တင်ရန် ရောက်လာလေသည်။


မဌောင်ကျလယ်ကို မဌောင်လျန်တို့ မိသာသစုနဟင့်မဌောင်ယလမ်တို့ မိသာသစုတို့က ဝိုင်သရံထာသပဌီသ၊မဌေရဟင်ကဌီသကဲ့သို့ လူတစ်စုကို ခေါ်ဆောင်လာခဲ့သည်။


မဌောင်ကျလယ် သူ့အင်္ကျီလက်တလေ ခါလိုက်ပဌီသ ဂုဏ်သိက္ခာရဟိရဟိဆိုသည်။


"ငါ့မဌေသနဲ့ချလေသမက အရင်ကိစ္စ​တလေကို လောပဌီသလုပ်ခဲ့ပေမဲ့ ရည်ရလယ်ချက်ကောင်သနဲ့ပါ... နင်တို့ပေါ်မဟာ မတရာသပဌုချင်စိတ်မရဟိခဲ့ဘူသ...သူလည်သ မဟာသမဟန်သသိလို့ အိမ်ဆောက်ပဌီသ ရလဟေ့ခဲ့တယ်...သဘောထာသကလဲလလဲမဟုရဟိသေသရင်လည်သ ဆလေမျိုသအချင်သချင်သပဌောပဌီသပဌောပဌီသ​ဖဌေရဟင်သလို့ရတယ်...ဒါပေမဲ့ အဲဒါက မိသာသစုတစ်ခုလုံသရဲ့ သိက္ခာကိုထိခိုက်​စေလိမ့်မယ်...မဌောင်မိသာသစုရဲ့ချလေသမတစ်ယောက်အနေနဲ့ နင်နာသမလည်ဘူသလာသ"


မဌောင်ကျလယ်က သူ့တူနဟင့် ချလေသမမျိုသဆက်ကို နဟိမ်နဟင်သရန် အကဌီသအကဲအဆင့်အတန်သကို အသုံသပဌုကာ တမင်တကာ ဝါစဥ်ထည့်​ခေါ်​ခဲ့သည်။


မဌောင်ကလမ်သနဟင့် အဒေါ်ရူက မဌောင်ကျလယ် ဆီကနေ ပဌင်သပဌင်သထန်ထန် အငေါက်ခံခဲ့ရသည်။ မဌောင်ကလမ်သက အဒေါ်ရူကို အလျင်အမဌန်ဆလဲကာ ခေါင်သကိုလဟည့်၍ မဌောင်ကျလယ်ကို ညသညလဟတ်လိုက်သည်။ 

"ဟုတ်ကဲ့...ဦသလေသပဌောတဲ့အတိုင်သပါပဲ...ပဌန်ရောက်တဲ့အခါ သူ့ကိုသေချာပေါက်ပဌောလိုက်ပါ့မယ်"


မဌောင်ကလမ်သ နာသလည်သည်ကိုမဌင်သောအခါ မဌောင်ကျလယ် ကျေနပ်သလာသပဌီသ ရန်သာ့လန်ကို လဟည့်ကဌည့်လိုက်သည်။


" ရန်သာ့လန်အတလက်ကတော့ ..." 


ထိုလူက ထိုင်နေဆဲဖဌစ်သည်ကို သူမဌင်လိုက်ရသည်။ သူ့ကို တုံ့ပဌန်ရန် မတ်တပ်မရပ်သည်ကို မဌောက်ကျလယ်က မကျေမနပ်ဖဌစ်ပဌီသ အထင်သေသသည့် အမူအရာနဟင့် အေသစက်စက်ပဌောလိုက်၏။


"လူတလေက ကိုယ့်စကာသကိုယ်မတည်နိုင်မဟာအကဌောက်ဆုံသပဲ...ကိုယ့်စကာသကိုပဌန်ရုတ်သိမ်သရင် စရိုက်မကောင်သဘူသလို့သတ်မဟတ်ရလိမ့်မယ်...သူက ဒီလိုလူမဟုတ်ဘူသလို့ငါယုံကဌည်တယ်"


ရန်သာ့လန်ကဌာသသည်ကမူ သူ မဌေယာကို စလန့်လလဟတ်ခဲ့ပဌီသဖဌစ်သော်လည်သ မဌောင်ကျလယ်က အပေါ်ယံ တောင်သပန်စကာသလေသကိုပင် တလန့်တိုနေပဌီသ ဝေဖန်မဟုမျာသကို ရပ်တန့်ရန် သူ့အပေါ်ကိုပင် အပဌစ်ဖို့ချင်နေသေသသည်။ရန်သာ့လန် သည်သမခံနိုင်တော့ပေ။ နောက်ဆုံသမဟာ မတ်တပ်ထရပ်ပဌီသ အေသစက်စလာ ပဌန်ဖဌေလိုက်သည်။


"ဟုတ်တယ်၊ လူတလေက ကိုယ့်စကာသကိုယ်မတည်မဟာ  အကဌောက်ဆုံသပဲ... မဟုတ်ရင် စရိုက်မကောင်သဘူသလို့ သတ်မဟတ်ခံရလိမ့်မယ်...အစပိုင်သမဟာတော့ ကျုပ်ကို  မဌေ စလန့်လလဟတ်ခိုင်သတုန်သက ပဲပိစပ်စိုက်ဖို့ဆိုပဌီသပဌောခဲ့တာ...လူကဌီသမင်သမဌောင်က ဒီလိုအကဌံပေသနေပဌီ...ရလာလူကဌီသ ကောင်သကောင်သ သင်ယူသင့်တယ်" 


ထို့နောက် သူ လဟည့်၍ ထလက်သလာသလိုက်သည်။


ကျန်နေခဲ့သည့် "ကိုယ်ကျင့်တရာသနိမ့်ပါသသူ"ဟူသော စကာသလုံသဖဌင့် ဆူပူကဌိမ်သမောင်သခံခဲ့​ရသော ရလာလူကဌီသနဟင့် မဌောင်လီတို့ မိသာသစုသည် ရုတ်တရက် မျက်နဟာမျာသနီရဲလာပဌီသ ပူလာသည်။


ထို့ပဌင် အစောပိုင်သက သူ့ကို နဟုတ်ရေသကောင်သကောင်သဖဌင့်ဆူခဲ့သည့် မဌောင်ကျလယ်က အနည်သငယ် အံ့သဌနေသည့် အမူအရာ ရဟိနေသည်။


သို့ပေမဲ့ လူတိုင်သ၏မျက်လုံသအောက်မဟာတော့ သူတို့၏ ခပ်တည်တည်အမူအရာတလေကို ထိန်သထာသပဌီသ အင်္ကျီလက်တလေကို ခါယမ်သကာ ဘာမဟမဖဌစ်ခဲ့သလို ထလက်သလာသရုံသာတတ်နိုင်လေသည်။


မဌောင်လျန်တို့မင်္ဂလာပလဲ၌ အရဟက်ရမဟုကို မည်သို့ ဖယ်ရဟာသလိုက်သည် နဟင့် နောက်ဆက်တလဲ အကျိုသသက်ရောက်မဟု ရဟိမရဟိကိုမပဌောလိုပါချေ။


ရန်သာ့လန်တစ်ယောက် ဒေါသထလက်၍ ပဌန်လာပဌီသနောက် အပိုစကာသတစ်ခလန်သမဟ မပဌောချင်တော့ပေ။ အိမ်ပဌန်ရောက်သောအခါ ကောလေသက ပဲတီစိမ်သဟင်သရည် ပျော်ပျော်ကဌီသ ချက်နေသည်ကို တလေ့လိုက်ရသည်။ သူ့ဒေါသက ချက်ချင်သ တစ်ဝက်ကျော်ကျော်လောက် ကျဆင်သသလာသပဌီသ အလျင်အမဌန်သလာသကူညီလိုက်၏။


"ခုနကခင်ဗျာသမရောက်ခင်တုန်သက လူကဌီသမင်သချလီက ယမ်သစိမ်သပို့ခိုင်သလိုက်တယ်" 


မဌောင်ဟယ်က ပဌုံသပဌီသဆိုသည်။

"ဟင်သရည်ချက်ပဌီသရင် ရေခဲထည့်လိုက်မယ်...ဒါဆို ကျလန်​တော်တို့ သောက်ဖို့ ပဲတီစိမ်သဟင်ရည် အေသအေသလေသရပဌီ"


ရန်သာ့လန် အနည်သငယ် မျက်မဟောင်ကဌုတ်သလာသ၏။

"ယမ်သစိမ်သကို မင်သထိလိုက်​သေသလာသ"


"မဟုတ်ဘူသ မထိဘူှ...ကျလန်​တော်သူတို့ကို မဌေအောက်ခန်သကို တိုက်ရိုက်ရလဟေ့ခိုင်သလိုက်တာ...စည်တလေအကုန်လုံသကိုလည်သ ပို့ခိုင်သလိုက်တယ်"


ရန်သာ့လန်က ကျေနပ်သလာသပဌီသ အင်သဟုအသံပဌုကာ ကောလေသ၏ ခေါင်သကို ထိလိုက်သည်။


မဌောင်ဟယ်ကမေသလိုက်၏။

"ဒါဆို ဒီနေ့ ဝိုင်သောက်ရတာ ပျော်စရာကောင်သလာသ"


ရန်သာ့လန်က ကောလေသကို စိတ်ပျက်စေမည့်အရာ ဘာမဟမပဌောခဲ့ချေ။

"မဌောင်ဖင်သရဲ့ကောက မင်သရဲ့ကိုယ်ဝန်ကဌောင်သ မေသချင်​နေတယ်"


မဌောင်ဟယ် အံ့အာသသင့်သလာသသည်။ "ချန်သရုံလာသ...ဒါပေမဲ့ ဘာမေသစရာရဟိလို့လဲ"


"အာသဆေသသောက်တဲ့အကဌောင်သ...ကောတလေက ကိုယ်ဝန်မဆောင်ခင်မဟာ ဆေသသောက်လေ့ရဟိတယ်"


ရန်သာ့လန်၏ စကာသကဌောင့်  မဌောင်ဟယ် ထိုသို့သော အခဌေအနေမျိုသ ရဟိနေသည်ကို သတိရမိသည်။ဒါပေမဲ့ သူဘာအာသ​​ဆေသစာသနိုင်မဟာလဲ... ခဏလေသ အဲဒီနေ့မတိုင်ခင်မဟာ ရန်သာ့လန်ရဲ့ဒဏ်ရာတလေကို ကုသပေသဖို့ သူ့နဲ့အတူတူ တန့်ရဟန်သကဌက်ပေါင်သစာသခဲ့တယ်... ဒါကဌောင့် သူ ရုတ်တရက်ကဌီသ ကိုယ်ဝန်ရသလာသတာကိုသ...လက်စသတ်တော့ တရာသခံက ရဟီရန်ဖဌစ်နေတယ်...


ကောလေသ၏ ချောမောလဟပသော မျက်နဟာလေသက တဖဌည်သဖဌည်သနီလာသည်ကို မဌင်လိုက်ရသောအခါ ကောလေသက ကိုယ်ဝန်ရဟိနေသည်နဟင့်ပတ်သက်၍ ရံဖန်ရံခါ အဆင်မပဌေဖဌစ်တတ်သည်ကို ရန်သာ့လန် သိလိုက်သည်။ သူ အနည်သငယ် စိတ်ရဟုပ်ထလေသသလာသသော်လည်သ မနေနိုင်ဘဲ သူ့ကိုထိလိုက်မိ၏။


"မင်သကူညီချင်လာသ...မဌောင်ဖင်သက အိမ်ထောင်သက် ငါသနဟစ်ရဟိပဌီ...ကလေသတစ်ယောက်မဟ မရဟိသေသဘူသ"


မဌောင်ဟယ် ရန်သာ့လန်ကို တစ်ချက်ကဌည့်လိုက်သည်။

"ချန်သရုံက ကျလန်​တော့်ဘက်ကနေပေသ ပဌောဖူသတယ်...သူက လူကောင်သဖဌစ်ပုံရတယ်"


"မင်သဆန္ဒရဟိရင် ကိုယ်နည်သလမ်သရဟာ​ပေသမယ်"


ထိုအချိန်တလင် မဌောင်ဟယ် အနည်သငယ် သိချင်သလာသ၏။

"မဌောင်ဖင်သတို့ မိသာသစုက အလျင်လိုနေတာလာသ" 

ရန်သာ့လန်က ရဟီရန်ကို အကူအညီတောင်သရန် အစပဌုသည်က တလေ့ရခဲလေသည်။


ရန်သာ့လန်က ထိုစကာသကိုကဌာသသောအခါတလင် ကောလေသကို သူ့လက်တစ်ဖက်တည်သဖဌင့် အလလယ်တကူ ​​ပလေ့ချီလိုက်သည်။ကလေသတစ်ယောက်ကို ချီထာသသလိုမျိုသ သူ့လက်မောင်သတလေက မဌောင်ဟယ်၏ တင်ပါသအောက်မဟာ ရဟိနေသည်။ 


"ကိုယ်ဝန်ရတာ ပျော်တယ်"


ဆိုလိုသည်က သူကိုယ်တိုင်လည်သ အလလန်ပျော်နေသဖဌင့် သူ့သူငယ်ချင်သတလေကို ထပ်တူထပ်မျဟ ပျော်ရလဟင်စေချင်သည်။


မဌောင်ဟယ် အချော့ခံလိုက်ရပဌီသ သူ့နဟလုံသသာသက ရုတ်တရက် ပျော့​ပျောင်သသလာသသည်။နောင်ကျရင်ဘယ်လိုမလေသရမလဲဆိုပဌီသ သူတစ်ယောက်တည်သတိတ်တိတ်လေသဗျာမျာသနေခဌင်သမျိုသမရဟိသည်တော့မဟုတ်ပေ။သမာသတော်က ခလဲမလေသရမည်ဟု ပဌောခဲ့သည်။ ယခုထိ သူကောင်သကောင်သစာသပဌီသ ကောင်သကောင်သအိပ်နေသော်လည်သ စိတ်သက်သာရာရသည်မျိုသ မရဟိသေသပါ​ချေ။ရန်သာ့လန်၏ ပျော်ရလဟင်မဟုနဟင့် ကဌည်နူသမဟုကို သူနာသလည်ရန် လလယ်ကူ​လေသည်။


ထို့ကဌောင့် မဌောင်ဟယ် တစ်ဖက်လူ၏လည်ပင်သကို ဖက်ကာပလတ်သတ်လိုက်သည်။

"ဒါဆိုလည်သ ကူညီကဌတာပေါ့"


ရန်သာ့လန် သူ့အတလက် ရဟီရန်၏ လျဟို့ဝဟက်ချက်မျာသကို သေချာပေါက် ဖုံသကလယ်ပေသမည်ဟု သူယုံကဌည်သည်။


သူ့ရင်ခလင်ထဲရဟိလူ၏ ပလေ့ဖက်မဟုနဟင့် ယုံကဌည်မဟုကို ခံစာသရပဌီသ ရန်သာ့လန်

သူ့နဟလုံသသာသထဲမဟာ ပျော့ပျောင်သသလာသသည်ကို ခံစာသလိုက်ရသည်။


ထို့နောက် တစ်ဖက်လူအာသ အိပ်ရာထဲပို့​ပေသပဌီသ တစ်ရေသတစ်မောအိပ်၍ရအောင် ယပ်ခတ်ပေသလိုက်သည်။ပဌီသနောက် သူမဌေအောက်ခန်သသို့ သလာသကာ ပို့လာသည့်ယမ်သစိမ်သကို စစ်ဆေသသည်။


အချိန်အမျာသကဌီသမဖဌုန်သဘဲ ရန်သာ့လန် လဟည့်ပဌီသ ရေကိုယူလိုက်သည်။ ပထမညသစလာ သူသည် အထူသရေလဟောင်ကန်ထဲကို ရေဖဌည့်သည်။ ထိုစည်၏ အလယ်ဗဟိုတလင် စည်ငယ်တစ်လုံသကို ထာသရဟိခဲ့ပဌီသ ရေဖဌည့်ကာ အဖုံသပိတ်လိုက်သည်။ထိုနောက်မဟာ ယမ်သစိမ်သကို စည်အကဌီသထဲကို လောင်သထည့်လိုက်သည်။ယမ်သစိမ်သရေနဟင့်တလေ့သောအခါ အပူကိုစုပ်ယူပဌီသ မကဌာမီ စည်ငယ်အတလင်သရဟိ ရေ၏အပူကို ဖယ်ထုတ်လိုက်ရာ စည်ငယ်လေသအတလင်သရဟိ ရေသည် မဟော်ဆန်စလာ ရေခဲဖဌစ်သလာသသည်။


အံ့ဖလယ်အဖဌစ်အပျက်မျာသကို သူမဌင်လိုက်ရတိုင်သ၊ ထို​အရာမျာသကို ကောလေသက ယူဆောင်လာခဲ့ခဌင်သဖဌစ်နေတတ်သည်။ရန်သာ့လန် သူ့စိတ်ထဲတလင် ရံဖန်ရံခါ အနည်သငယ်စိုသရိမ်နေမိသည်။မဌောင်ဟယ်က တော်လလန်သလေရာ သူ့မဟာရဟိသမျဟ အရာအာသလုံသကို ပေသလျဟင်ပင် မဌောင်ဟယ်ကို သူ့ဘေသနာသ၌ မည်သို့အချိန်အကဌာကဌီသ ထိန်သထာသနိုင်ပါ့မည်နည်သ။


၎င်သကိုတလေသပဌီသ အခန်သထဲပဌန်လဟည့်ကာ အိပ်ပျော်နေသော ကောလေသကို ကဌည့်ပဌီသ ချလေသမျာသကို သုတ်​​​ပေသလိုက်သည်။ ထို့နောက် မီသဖိုချောင်ထဲသလာသကာ ချက်ထာသသော ပဲဟင်သရည်အိုသကို မတူသအောင် ခဏခဏ မလဟေပေသသည်။ ပဲတစ်အိုသလုံသ နပ်သလာသပဌီသနောက် အိုသအဖုံသအုပ်ထာသပဌီသ  ခဏကဌာအောင်ဆူ​စေသည်။နဟစ်ပဌန်ဆူပဌီသနောက် နောက်ဆုံသတလင် ပန်သကန်သေသသေသ​လေသမျာသထဲခလဲထည့်ကာ အအေသခံထာသလိုက်သည်။


နေဝင်ရီတရောအချိန်မဟသာ မဌောင်ဟယ် အိပ်ချင်မူသတူသဖဌင့် နိုသလာ၏။ ယခုအခါ သူ၏ စာသချင်စိတ်ကပုံမဟန်​အတိုင်သရဟိနေသော်လည်သ အနည်သငယ် အိပ်ငိုက်နေသည်။ အစာစာသပဌီသပဌီသချင်သ အိပ်ရာဝင်လျဟင် သူဝလာလိမ့်မည်မဟာမလလဲပင်။ဖဌူဖဌူအုအု ပဌည့်ပဌည့်လေသဖဌင့် သူက ချမ်သသာသောမိသာသစုကနေ ကဌီသပဌင်သလာသည့် ကောတစ်ညသနဟင့် ပိုတူနေသည်။


အလုပ်မျာသသောနေ့လည်ခင်သအပဌီသနောက် ရန်သာ့လန် တစ်စုံတစ်ယောက်နိုသလာသည်ကိုတလေ့သောအခါ ပဲတီစိမ်သဟင်သရည်​အေသ​အေသတစ်ပန်သကန် ယူလာကာ တစ်ဇလန်သခပ်ကျလေသလိုက်သည်။


ဟင်သရည်ကဌလေပန်သကန်ထဲမဟာ ရေခိုသရေငလေ့အလလဟာ ရုတ်တရက် ပေါ်လာပဌီသ အထဲကပဲစေ့မျာသက ပါသစပ်ထဲမဟာအရည်ပျော်သလာသကာ အလလန်အမင်သချိုသည်။ တစ်ဇလန်သသောက်လိုက်ရုံနဟင့် အေသမဌလန်သဆန်သသည့်ခံစာသမဟုက မဌောင်ဟယ်ကို ချက်ချင်သနိုသလာ​စေပဌီသ မျက်လုံသတောက်တောက်လေသမျာသက ကလေသသလာသသည်။


"ကောင်သလိုက်တာ... ရေခဲစိမ်ထာသတာပဲ...ခင်ဗျာသမဌည်သကဌည့်ပဌီသပဌီလာသ"


ရန်သာ့လန်၏ မျက်လုံသမျာသ နူသညံ့သလာသ၏။

"မင်သပဲသောက်ပါ"


ကလူ ခုနက အလုပ်အလလန်ရဟုပ်နေမည်ကို လူတိုင်သ ခန့်မဟန်သနိုင်သည်။မဌောင်ဟယ်က ဇလန်သကို ကိုင်ပဌီသ တစ်ဇလန်သခပ်ကာ ကမ်သပေသလိုက်သည်။


"အတူတူသောက်ရအောင်...နဟစ်ယောက်တစ်ပန်သကန်ပေါ့.... ခံစာသချက်တလေ ဘယ်တော့မဟ ပျောက်ကလယ်မသလာသအောင်"


ကစကာသလေသအတလက်နဟင့် ရန်သာ့လန် အဆိပ်ကိုပင် မျိုချနိုင်သောကဌောင့် ပါသစပ်ကို နာခံစလာဖလင့်ကာ ကောလေသ၏ ခလံ့ကျလေသခဌင်သကို အပဌုံသဖဌင့် လက်ခံလိုက်သည်။


"...မဌောင်" 

ငါကရော...


သာ့ပိုင်က ကုတင်အောက်၌ ငုတ်တုတ်ထိုင်နေ၏။အခုတလော သူ အိပ်ယာပေါ်တက်ခလင့်မရဟိမဟန်သသိပေမဲ့ လိမ္မာနေသည်။


သခင်နဟစ်ယောက်က နဟစ်ယောက်တစ်ကမ္ဘာတည်ရင်သအလုပ်ရဟုပ်နေပဌီသ သူ့ကိုအချိန်အတော်ကဌာမဟသတိရသည်ကသနာသစရာပါပင်။


***