Chapter 51
Viewers 6k

🧝Chapter 51



သူတို့နှစ်ယောက် ကြက်​​ခြံဆောက်ရန် အလုပ်ရှုပ်နေချိန်၌ မြောင်လီတို့ မိသားစုက ဆောက်နေသည့် မြေသားအိမ်အသစ်ကလည်း ​ပြီးလုနီးပါးပင်။


သူတို့၏ မြေအိမ်ကို တည်ဆောက်မှုက ရန်သာ့လန်တို့ထက်တစ်လနောက်ကျသည်။အကြောင်းမှာ သူတို့က မြောင်လျန်၏ မင်္ဂလာပွဲကို အမီလုပ်လို၍ အိမ်ကြီးကြီးတစ်လုံး ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။ ရွာကလူတော်တော်များများကို အိမ်ကူဆောက်ရန် အကူအညီတောင်းခဲ့သည်။ 


ယခုအချိန်တွင် လယ်ယာလုပ်ငန်းက အလုပ်များသည်တော့မဟုတ်ပေ။ တချို့လူတွေက အစားအသောက်ကောင်းကောင်းစားရလျှင် ကူညီချင်စိတ်ရှိကြသည်။


မြောင်လီတို့မိသားစုကလည်း ဤကဏ္ဍတွင် တွန့်တိုရန် စိတ်ကူးမရှိ​ပေ၊သူတို့က အမြဲတမ်း လူ​ကောင်းတစ်ဦးဖြစ်ရာတွင် အလွန်​တော်​ကြသည်။အဒေါ်လီက စရိတ်စကအတွက် စိတ်မကောင်းဖြစ်မိလျှင်ပင် မြောင်လီ နှင့် သူမသားကြီး မြောင်လျန်တို့က တာဝန်ခံထား၍ သူမမှာ ပြောပိုင်ခွင့်မရှိပါ​ချေ။ဤအိမ်ဆောက်ရသည့် အကြောင်းရင်းကို မဆိုထားနှင့်၊ အကြောင်းပြချက် အများစုက မြေယာလွှဲပြောင်းသည့်နေ့မှာ အဒေါ်လီက အပြောမှားပြီး သူများအိမ်ကို ခိုးချင်သည့်အတွက် ရွာသားတွေ၏ ရယ်မောခြင်းကိုခံခဲ့ရစေခဲ့သည်။


ယင်းကြောင့် ယခု အလုပ်ရုံ၌ အလုပ်လုပ်နေသော ဂုဏ်သတင်းကောင်းရှိသည့် မြောင်လျန်က ၎င်းကိုကြားရလွန်းပြီး နားမထောင်နိုင်တော့ပေ။မြောင်လီလို ယောကျာ်းမျိုးပင် သူ့စိတ်ထဲမှာ သူများတွေပြောသည်ကို အမှန်တကယ်တွင် ဂရုစိုက်​လေသည်။ သားအဖနှစ်ယောက် စေ့စပ်ညှိနှိုင်းကြပြီး အံကြိတ်ကာ မြောင်ယွမ်ဆီသွား ငွေချေး၍ သူတို့၏မြေအသစ်စက်စက်ပေါ်တွင် အခန်းခြောက်ခန်းပါ ခြံဝင်းတစ်ခု ဆောက်လုပ်ခဲ့သည်။


ရည်ရွယ်ချက်မှာ အိမ်ကြီးကြီးသာမဟုတ်လျှင် သူတို့အိမ်မှာ နေရန်မလုံလောက်ဟု ဖော်ပြလိုခြင်းပင်။ရန်သာ့လန်ရဲ့အိမ်ကို သူတို့က ဘယ်လိုလုပ် လောဘတက်တာဖြစ်နိုင်မှာလဲ...


 ကူလုပ်သည့် ရွာကလူတွေက"ဘာလို ပဲပိစပ်မစိုက်ဘဲ အိမ်ဆောက်တာလဲ"ဟူ၍ စကားနည်းနည်းမေးကြသည်။


မြောင်လျန်က အပြင်လူ​တွေဆီမှတ်ချက်ပေးရာတွင် မယဉ်ကျေးသူဖြစ်သည်။သူက သူ၏ဒုတိယဦးလေး၏ဇနီး အဒေါ်ရူကိုအမြဲအပြစ်တင်ကာ သူတို့မိသားစုနှင့် ခွဲနေသည်က ပိုမိုလွယ်ကူသည်ဟုခံစားရသောကြောင့် သူ၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ အရင်ဆုံးပြောင်းရွှေ့ရန်ဖြစ်သည်ဟုပြောလေ့ရှိသည်။


ဤသည်လည်းမှန်ပေမဲ့ ဆွေမျိုးတွေကြား သဘောထားကွဲလွဲသည်ကို အပြင်လူတွေကိုထုတ်ပြောသည်က ကြင်နာရာမကျပေ။ယင်းက အဒေါ်ရူကို ဒေါ်သထွက်စေသည်။


ဟုတ်သည်၊ မြေအသစ်ရှိလျှင် ပြောင်းရွှေ့သင့်သည်ဟု သူမ ခံစားရပေမဲ့ မှားသည့်သူက မြေအသစ်ရှိပြီး ပြောင်းရွှေ့ရန်မစီစဉ်ထားဘဲ သူများခြံထဲမှာ မရမကကပ်နေနေသော မြောင်လီတို့ မိသားစုဖြစ်သင့်သည်မဟုတ်ပါလော။ ယခုအချိန်တွင် မြောင်လီတို့ မိသားစု၏အရေးကိစ္စများသည် သူမတို့မိသားစုကို ရေထဲသို့ ဆွဲချ​နေဆဲပင်။ 


လူတွေက သူ့ကို ရယ်ကြသည့်အခါ သူက မနာလိုသည့်ဆွေမျိုးများအကြောင်း စကားတစ်ခွန်း နှစ်ခွန်းလောက် ပြောရန် မမေ့​ပေ။ဥပမာ 'ဒါကိုကြားတော့ ကျွန်တော့်အဒေါ်က ကောင်းကင်ကို လက်ညှိုးထိုးပြီး သူ့အဘိုးကြီး ကို ဒေါသတကြီးနဲ့ ပြောတယ်၊ ​တော့်ရဲ့ တတိယညီကို ထပ်ပြီး ကူညီချင်ရင် ကျုပ်နဲ့ပေါင်းမနေနဲ့ ​တော့်ကိုယ်​တော်သာ တော့်မိန်းမလိုဆက်ဆံလိုက်တော့ဆိုပြီး' စသဖြင့်။


ထို့ကြောင့် ယေဘုယျအားဖြင့် မြောင်လီတို့အိမ်သည် အပြင်ဘက်မှ အလွန်တောက်တောက်ပြောင်ပြောင်ရှိနေပုံရသည်။


တကယ်တော့ မဟုတ်ပေ၊ မြေအသစ်ဝယ်ရန် ပိုက်ဆံကုန်သည်။ အိမ်အသစ်ဆောက်ရန် ပိုက်ဆံကုန်သည်။မြောင်လျန်က သူ့ကောနှင့် လက်ထပ်သည့်အခါ ဝိုင်ကမ်းရသည်နှင့် ပိုက်ဆံပိုကုန်ဦးမည်။အထက်ပါကုန်ကျစရိတ်အားလုံးကို တင်တောင်းပစ္စည်းအဖြစ် မသတ်မှတ်ပေ။ စုစုပေါင်း ပေါင်းလိုက်လျှင် အနည်းဆုံး ဆယ်တေးလောက်ကပြေးမလွတ်ပေ။


သို့သော် မြောင်လီတို့မိသားစုက မည်သို့ တချိန်လုံး မျက်တောင်တစ်ချက်မခတ်ဘဲ ထိုမျှပျော်ရွှင် တက်ကြွနေရသနည်း။


အလုပ်ရုံတွင်အလုပ်လုပ်သော မြောင်လျန်က ဆီနှင့်ရေများစွာရနေပုံရသည်။

ဟေး အဲဒါက တကယ်ကို မနာလိုစရာကောင်းတယ်...


မြောင်လီတို့ မိသားစုအား သရော်လှောင်ပြောင်မှုသည် အချိန်အတိုင်းအတာတစ်ခုအထိ နည်းပါးသွားခဲ့သည်။


 အနှီအခြေအနေမှာပင် မြောင်လျန်နှင့်မြောင်မင်းတို့ လက်ထပ်ပြီး ဝိုင်ကမ်းသည့်နေ့ ရောက်လာခဲ့​လေပြီ။


မြောင်ဟယ်သည် မြောင်လျန် နှင့်မြောင်မင်းတို့၏ ပွဲသို့  ယခင်က တက်​ရောက်ရန် သဘောတူခဲ့သည်။ မကြာသေးမီက ၎င်းတို့သည် မြောင်လီတို့မိသားစုနှင့် သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း သူတို့တကယ်ကြီး မပြတ်စဲသွားခဲ့ပေ။


မြောင်ဟယ်ကို မြောင်မင်းက ဖိတ်ကြားမှာဖြစ်သည်။ သူတို့နှစ်ဦးကြားက ခင်မင်ရင်းနှီးမှုအရ မြောင်ဟယ် တက်ရောက်သင့်​ပေသည်။


သို့သော် ယခု သူက ကိုယ်ဝန်ရှိနေပြီ​ဖြစ်သည်။အဒေါ်ရန်၏ အဆိုအရ ကိုယ်ဝန် လေးလအောက်ရှိသေးလျှင် မင်္ဂလာဆောင်တက်ခြင်းက ကြီးမားသောတားမြစ်ချက်ကြီးတစ်ခုဖြစ်သည်။မြောင်ဟယ်အတွက်ရော လက်ထပ်ခါစဇနီးမောင်နှံအတွက်ရောမကောင်းပေ။ထို့ကြောင့် မြောင်ဟယ် သွားစရာ မလိုသဖြင့် ရန်သာ့လန်ကိုပဲ သူ့လူတွေခေါ်ပြီးလွှတ်လိုက်ရုံပါပင်။


ရန်သာ့လန်က ဘာဝိုင်မှ သောက်ရန်မစီစဥ်ထားပေ။စာအိတ်အနီပေးပြီးနောက် ထွက်သွားချင်ခဲ့သော်လည်း မျက်လုံးအ​မြင်စူးရှသော မြောင်မင်းက သူ့ကိုမြင်သောအခါ ခင်ပွန်းအသစ်စက်စက်ကို ဆွဲပြီး ချက်ချင်း​ရောက်လာသည်။


ကောတစ်ယောက်နှင့် လက်ထပ်သည်က သတို့သမီးနှင့် လက်ထပ်သည်နှင့် မတူပါ​ချေ။သတို့သမီးက လက်ထပ်သည့်နေ့မှာ ဘယ်သူနှင့်မှ မတွေ့ရပေ။

ကောက ကောင်းကင်နှင့်မြေကြီး နှင့် ဘိုးဘေးများကို ကန်​တော့ပြီးသည့်နောက်၊ ကျေးလက်တောရွာမှာဆိုလျှင် အပြင်ထွက်ပြီး အတူတူ ခွက်ချင်းတိုက်၍ရသေးသည်။


သည်ကနေ့ မြောင်မင်းက ရွှေချည်ဖောက်ထားသည့် အနီရောင်တောက်တောက်ပိုးထည်ဝတ်စုံကို ၀တ်ဆင်ထားပြီး ထိုနေ့က အထည်ဆိုင်မှာ တွေ့သည့်ပုံစံအတိုင်းဆင်မြန်းထားသည်။ နောက်ဆုံးမှာတော့ သူ့အမေက အထည်ဆိုင်မှာ မျက်နှာပျက်သွားပြီးနောက် ခေါင်းညိတ်ကာ မြောင်မင်းကို ဝယ်ခိုင်းလိုက်သည်။ထို့နောက် မြောင်မင်း၏အမေက မြောင်မင်းကို ဟယ်ကောအာနှင့် မတွေရန့်တားမြစ်ခဲ့ပေမဲ့ မြောင်မင်းက သူ့အရင်းနှီးဆုံးသူငယ်ချင်းကို သူ့ပုံစံကို ​မြင်စေချင်နေတုန်းပါပင်။


ထို့အပြင် မြောင်လျန်တို့ မိသားစုတွင် ကြီးမားပြီး လှပသည့် အိမ်အသစ်လည်း ရှိသည်။ ယခုအချိန်မှစ၍ သူသည် ဤမျှသာယာလှပသော အိမ်ကြီးတွင် နေထိုင်နိုင်ပြီဖြစ်သည်။ထိုသို့ပျော်ရွှင်မှုကို ဘယ်သူနှင့်မမျှဝေလျှင် တစ်ခုခုလိုနေသလိုခံစားရသည်။

အိမ်သစ်ကို ဘယ်သူမှ လာမလည်နိုင်သည်က စိတ်မကောင်းစရာပင်။ မဟုတ်လျှင် သူမြောင်ဟယ်ကို သူတို့၏အိမ်သစ်ထဲကို ဆွဲခေါ်ချင်မိသည်။ထိုမှသာ သူ့အခန်းထဲမှာရှိသည့် ပရိဘောဂအသစ်တွေအကြောင်း မြောင်ဟယ်ကို ပြောပြနိုင်မှာဖြစ်၏။


မြောင်လျန်တို့ မိသားစု၏ မြေယာလုမှုမှာ မြောင်မင်း၏ သဘောထားကိုလည်း ထည့်ပြောရမည်ပင်။


တကယ်တမ်းတွင် မြောင်မင်းသည် အစောပိုင်းက သူ့အမေ၏ လုပ်ရပ်များကိုမသိခဲ့ချေ။


သို့သော် နောက်ပိုင်းအဖြစ်အပျက်များကို ရွာမှလူတိုင်းနီးပါး သိကြလေရာ သူ မည်သို့မကြားဘဲနေမည်နည်း။


သို့သော် မြောင်မင်း၏အမြင်အရ အလုပ်ရုံကို ကူညီသည်က တခြားအရာတွေထက် ပိုအရေးကြီး​လေသည်။မြောင်ကျားရွာအတွက် ကောင်းသည့်အပြင် ရွာလူကြီးကိုယ်တိုင်ကပင်ထောက်ခံခဲ့သည်။


ထို့ကြောင့် မြောင်ဟယ်နှင့် ရန်သာ့လန်တို့ မြေကို စွန့်လွှတ်သည်က ဘာမှ မမှားပါချေ။ ထို​နေရာမှာ ပဲပိစပ်မစိုက်ဘဲ အိမ်အသစ်ဆောက်လိုက်သော်လည်း ၎င်းက မြောင်လျန်၏ ဒုတိယအဒေါ်အပြစ်ဖြစ်လေသည်။


ထို့ကြောင့် မြောင်မင်းက မြောင်လျန်တို့မိသားစု ဒုတိယအဒေါ်အား ဆူပူကြိမ်းမောင်းရာတွင် ကူညီခဲ့သည်။


မမျှော်လင့်ဘဲ စားပွဲဝိုင်းကို လှမ်းကြည့်ပြီးနောက် မြောင်ဟယ်ကို မတွေ့ရလေရာ မြောင်မင်း သဘာဝအတိုင်း စိတ်ပျက်သွားသည်။


သူ ထွက်ခွာရန်ပြင်နေသော ရန်သာ့လန်အား တားပြီးမေးလိုက်၏။


"ရန်သာ့လန် ခဏနေပါဦး...ဟယ်ကောအာကို ဘာလို့ မတွေ့တာလဲ...အိမ်သာများ သွားနေတာလား...ငါ တစ်ယောက်ယောက်ကိုလွှတ်ပြီး သူ့ကို အထူးတလည် ဖိတ်ခိုင်းလိုက်ပါတယ် သူလာကိုလာရမယ်ဆိုပြီး...သူငါ့ကိုလာမယ်လို့ ကတိပေးထားတယ်"


ယနေ့တွင်၊ မြောင်မင်းက ပွဲပိုင်ရှင်ဖြစ်သဖြင့် ရန်သာ့လန်၏အရှိန်အဟုန်ကို သိပ်မကြောက်ပေ။ 


ထို့အပြင် မြောင်မင်းက မြောင်ဟယ်နှင့် ဆက်ဆံရေးကို ပြုပြင်ရန်အတွက် မြောင်ဟယ် နှင့် မြောင်ယွမ်တို့ တွေ့ဆုံနိုင်အောင်  ကူညီ​ပေးရန် စီစဉ်ထားသည်။မြောင်ဟယ်က သူ့ကို အထည်ဆိုင်မှာ အထင်လွဲခဲ့ဖူးသည်။ ယခု မလာသည့်အခါ သူ အနည်းငယ် စိုးရိမ်​နေသည်။


ရန်သာ့လန်က ပြန်ဖြေလိုက်၏။

"သူက ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေလို့ မလာနိုင်ဘူး"


၎င်းကို ကြားသောအခါ မြောင်မင်းက မတရားစိုးရိမ်နေသည့် အမူအရာနှင့်ပြောလေသည်။

"ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေတာလား ဘာလို့ ဒီလောက်ကံမကောင်းတာလဲ... သူက ဒီနေ့ကို စောင့်မျှော်နေတယ်ဆိုတာ ငါသိတယ်...ရုတ်တရက်ကြီး ဘယ်လိုလုပ် နေမကောင်းထဖြစ်တာလဲ...သူ့ခန္ဓာကိုယ်က အမြဲတမ်းအဆင်ပြေ​နေတာမဟုတ်လား ...စောစောကအိမ်ပြောင်းတာကြောင့် ပင်ပန်းသွားတာများလား... ဒါနဲ့ မင်းတို့အိမ်အသစ်က ပြီးပြီလား"


မြောင်မင်း ၏မေးခွန်းက ခင်ပွန်းအသစ်စက်စက်လေး မြောင်လျန်ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။


မြောင်လျန်က မြောင်မင်းနှင့်သူ့အမေကို အတော်လေးဘဝင်မကျဖြစ်နေပေပြီ​။သူသာ ကောများကိုပဲမဟုတ်ဘဲ မိန်းကလေးများကိုသာ ချစ်သည်ဆိုပါက၊ ဤမြောင်မင်းက သူ့အား နာခံလိမ့်မည်၊ယင်းက သူ့ကိုအလွန်ကျေနပ်စေသည်။ထိုသို့မှမဟုတ်လျှင် သူက မြောင်မင်းကို သည်အတိုင်းလက်ထပ်ချင်လိမ့်မည်မဟုတ်ပေ။


မြောင်မင်း၏ဝတ်စုံက တစ်တေးနှစ်တေးလောက်ကုန်ကျသည်။


ယခင်က မိသားစုတွင် ကုန်ကျစရိတ်အများကြီးမရှိသောကြောင့် မြောင်လျန်သည်  ယင်းကဂုဏ်ရှိစေရန်ဖြစ်၍ ငွေကုန်ရန် ထိုက်တန်သည်ဟု ခံစားခဲ့ရသည်။သို့သော် သူတို့ မြေဝယ်ပြီး အိမ်ဆောက်ချိန်၌မူ  တခြားမိသားစုများဆီမှ ပိုက်ဆံချေးရေသာကြောင့် မြောင်မင်း ၏ဝတ်စုံက တကယ်ဖြုန်းတီးရာကျသည်ဟုတွေးမိလေ၏။


ယခုလည်း သူက ရန်သာ့လန်ကို မျက်တောင်တစ်ချက်မခတ်ဘဲ ဤမေးခွန်းကို မေးလိုက်သည်။ သူ့ပတ်ဝန်းကျင်က လူများ၏ အာရုံက သူတို့ဆီ လှည့်လာသည်ကိုမြင်ပြီး မြောင်လျန် အလောတကြီး ဝင်ပြောလိုက်၏။


"သာ့လန် ငါ့အဖေက ​ပြီးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကိုပြောတယ်... တကယ် စိတ်မကောင်းပါဘူး...ကိစ္စ​တွေက အများကြီးဖြစ်သွားတာ...အဲဒါက ကံမကောင်းတဲ့ကိစ္စတစ်ခုပါပဲ... မင်းက ဒီနေ့ဒီကိုလာမှတော့ ဆက်​နေပြီး သောက်ပါကွာ...ငါတို့ နှစ်ခွက်နှစ်ဖလားလောက်သောက်ကြတာပေါ့...မင်းမှာစိတ်ပူစရာတွေရှိရင် ဒီအခွင့်အရေးကိုသုံးပြီး ဖွင့်ထုတ်ကွာ"


ရန်သာ့လန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။


"ဟင့်အင်း အိမ်ပြန်ပြီးငါ့မိသားစုကို ပြုစုရမယ်"


"ထမင်းလေးတစ်နပ်ကိုကွာ...ရန်သာ့လန် မင်းဆက်နေပြီးတော့ ဒီတစ်နပ်ကိုတော့ စားသင့်တယ်" 


ဘေးနားက တစ်ယောက်ယောက်က ကြားပြီးအော်လိုက်၏။


"ဒီထမင်းက မင်္ဂလာဝိုင်တင်မဟုတ်ဘဲ သူတို့ကအိမ်သစ်အတွက် ထမင်းကျွေူဆိုလည်းဟုတ်တယ်...အိမ်ရှင်ဟောင်း မင်းက သေချာပေါက် စားရမှာပေါ့... ဒါက မင်းရဲ့တာဝန်ပဲ မဟုတ်ဘူးလား"


စကားပြောပြီးနောက်တွင် ရယ်သံများထွက်လာပြီး မြောင်လျန်၏မျက်နှာပေါ်ရှိအပြုံးက အနည်းငယ် ​​တောင့်တင်းသွာူသည်။ ကံကောင်းထောက်မစွာ၊ ထိုအချိန်တွင် တစ်ဖက်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး မြောင်ကျွယ် နှင့် မြောင်ယွမ်တို့ အတူလာနေသည်ကို တွေ့လိုက်ရသည်။မြောင်လျန်က သက်ပြင်းတစ်ချက်ချကာ အမြန်ပြောလိုက်သည်။ 


"လူကြီးမင်းမြောင်ရောက်လာတာပဲ... တောင်းပန်ပါတယ် အားလုံးကို... ကြိုဆိုပါတယ်...သာ့လန် မင်းနေပါဦး"


ထို့နောက် ဘယ်သူ တုံ့ပြန်သည်ကိုမှ စောင့်ဆိုင်းမနေဘဲ မြောင်မင်းကို ထိုနေရာသို့ အမြန်ခေါ်ဆောင်သွားခဲ့သည်။


မြောင်ဖင်းက အနီးနားရှိ စားပွဲတစ်ခုတွင် ထိုင်နေလေသည်။ သူက ရန်သာ့လန်ကိုခေါ်လိုက်သည်။

"ဒီမှာထိုင် သာ့လန်... တစ်လုတ်နှစ်လုတ်လောက် စားတာအဆင်ပြေပါတယ်... မင်းအိမ်အသစ်ဘယ်လိုနေလဲ ငါလည်း မေးချင်​နေတာ...အရင်က မင်းကို ကူညီခွင့်မပေးဘူး...အခုတော့ ပိုကောင်းသွားတော့ပေါ့"


မြောင်ဖင်း ၊ မြောင်ကောင်း ၊ မြောင်သာ့ဟူ နှင့် ဦးလေးလင်းတို့ အတူတူထိုင်နေကြတာကိုမြင်သောအခါ သူတို့အားလုံး အချင်းချင်း ကောင်းကောင်းသိကြသဖြင့် ရန်သာ့လန် စဥ်းစားပြီး ထိုစားပွဲမှာ ဝင်ထိုင်လိုက်သည်။


"အင်း...အိမ်တက်ထမင်းကျွေးဖို့က စီစဥ်ထားပြီးပါပြီ...အချိန်ကျရင်ဖိတ်လိုက်ပါ့မယ်"


"လာရ​မှာ​ပေါ့...ဒီနေ့ မြောင်လျန်ရဲ့မင်္ဂလာပွဲ​ဖြစ်တာကြောင့်နဲ့ ​ဆွေမျိုးနည်းနည်း​တော်လို့သာမဟုတ်ရင် ငါတကယ် မလာချင်ဘူး... ရွာလူကြီးက မင်းမြေကို စွန့်လွှတ်ခိုင်းလို့ မင်းက သဘောကောင်းပြီး လက်လျော့လိုက်တယ်ဆိုတာ ငါမယုံဘူး... တစ်ခုခုတော့ မှားနေတယ်...မင်းငါ့ကို မပြောတာနဲ့ ငါကမခန့်မှန်းနိုင်ဘူးတဲ့လား" 


မြောင်ဖင်းက အဝေးရှိ မြောင်ကျွယ်ကို နွေးထွေးစွာ နှုတ်ဆက်​နေသည့် မြောင်လျန်တို့ မိသားစုကို ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။


မြောင်ဖင်း၏အဖေ မြောင်ကျစ်က မြောင်ဟောက်ရှန်းကဲ့သို့ပင် ရွာ၏ဘိုးဘွားခန်းမကြီး၏ မျိုးဆက်ဟောင်းများမှ ရွာလူကြီးအဖြစ် ရွေးချယ်ရန်အတွက် ထောက်ခံပေးခြင်းခံရသူဖြစ်ကြောင်း ရန်သာ့လန်  ရုတ်တရက် သတိရသွားသည်။​ထောက်ခံ ခံရသူ အနည်းငယ်မှာ မြောင်ကျားရွာရှိ မိသားစုကြီးများကချည်းဖြစ်သည်။သို့ပေမဲ့ မြောင်ဟောက်ရှန်းကို နောက်ပိုင်းတွင် ရွေးချယ်ခဲ့သည်။


မြောင်ကျစ်ကလည်း ဒီရာထူးကို တွေး​နေတယ်လို့ ဆိုလိုတာလား....


ရန်သာ့လန်၏ မျက်လုံးများက တောက်ပလာ၏။


 မြောင်ဖင်း၏တစ်ဖက်တွင်ထိုင်နေသော ချန်းရုံက မြောင်ဖင်း၏​ကောဖြစ်သည်။ သူက မြည်းလှည်းထဲတွင် မြောင်ဟယ်ဘက်မှနေ၍ စကားပြောပေးဖူးသူဖြစ်သည်။သူက စိုးရိမ်တကြီးမေးလာ၏။


"ဟယ်ကောအာ လှည်းနဲ့အစားအသောက်ပို့တာကို မမြင်တာကြာပြီ...သူတကယ်ကျန်းမာရေးမကောင်းတာလား"


ရန်သာ့လန် ခုနကမြောင်မင်းကိုမဖြေခဲ့ခြင်းမှာ သူက မြောင်မင်းနှင့်မရင်းနှီးသောကြောင့်ဖြစ်သည်။ယခုက သူ့အသိမိတ်​ဆွေတွေချည်းဖြစ်၍ သူကပြောလိုက်၏။


"သူ ကိုယ်ဝန်ရှိနေပြီ...လာဖို့ အဆင်မပြေဘူး"


"ကိုယ်ဝန်... ဟေး ဒါက ဝမ်းသာစရာ မဟုတ်ဘူးလား... ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်ကွာ"


"ကောင်းလိုက်တာ သာ့လန်...အေးစက်စက်မျက်နှာနဲ့သာဆိုတယ်... ဒီအချိန်မှာ မင်းစိတ်ထဲမှာ ဘယ်လောက်ပျော်နေလဲမသိဘူး"


"ဘယ်နှစ်လရှိပြီလဲ... သုံးလတော့ကျော်ပြီနေမယ်... ဒီအရှိန်က တကယ်မြန်တယ်...အံ့သြစရာပဲ"


"ဦး​လေးလင်းလည်း သိကိုသိရမယ်...ကျုပ်ကို ဘာလို့ တစ်ခွန်းမှ မပြောတာလဲ... အားလုံးပျော်ကြမဲ့ဟာကို"


"ဒီအကြောင်းကို တခြားတစ်ယောက်ယောက်က ပြောပြလို့ရမလား.. ကိုယ်တိုင်ကြေညာရမှာပေါ့ ...ဟီးဟီး သာ့လန်.. ဟယ်ကောအာ အဆင်ပြေရဲ့လား"


"အရမ်းအဆင်ပြေပါတယ်... ကျေးဇူးတင်ပါတယ် ဦးလေးလင်း"


လေထုက ချက်ချင်းအသက်ဝင်သွားသည်။


နောက်ထပ်မေးခွန်းတွေဆက်မေးနေသည့် ချန်းရုံလည်း အံ့သြနေပေမဲ့ အချိန်အတော်ကြာပြီးနောက်မှာ ရုန်းကန်ပြီး ကိုးရိုးကားယား ပြောလိုက်သည်။ 


"ဟယ်​ကောအာ အား​ဆေးသောက်ခဲ့တာလား...ဒါဆို ဆေးက ဘယ်က..."


၎င်းကိုကြားသောအခါ မြောင်ဖင်းက ချန်းရုံ၏ပခုံးကို ပုတ်လိုက်သည်။ 


"အလျင်မလိုဘူးလို့ ကိုယ်ပြောတယ်လေ... စိတ်မပူနဲ့... အိမ်က ဘယ်သူမှ ​လောဘူး" 


သူတို့အိမ်ထောင်သက် ငါးနှစ်ရှိပြီဖြစ်​ပြီး ချန်းရုံလည်း ဆေးဝါးများသောက်သုံးနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ဦး​လေးလင်း ညွှန်းသော မြို့တွင်းရှိ အားဆေးများအားလုံးကို သောက်ခဲ့သော်လည်း သူ့ဗိုက်ထဲတွင် ဘာသတင်းမှ မရှိသေးပေ။ထို့ကြောင့် အခွင့်အခါ မှားခဲ့လျှင်ပင် ချန်းရုံ မမေးဘဲ မနေနိုင်။ ယခု မြောင်ဖင်းပြောသည်ကိုကြားသောအခါ သူ့မှာရွေးချယ်စရာမရှိတော့၊နှုတ်ခမ်းကိုတင်းတင်းစုဝိုင်းကာ ခေါင်းညိတ်ပြပြီး ထပ်မမေးတော့ပေ။