Chapter 54
Viewers 6k

🧝Chapter 54




မ​ကြာမီ မြောင်ဟယ်တို့ မိသားစု၏ အိမ်တက်ထမင်းကျွေးသည့်နေ့ မတိုင်ခင်ရက်ကိုရောက်လာသည်။


ဤနေ့တွင်၊မြောင်ဟယ်တို့အိမ်ကို သပ်ရပ်အောင်ရှင်းလင်းပြင်ဆင်ထားသည်။မနက်ဖြန်တွင် ပွဲကျင်းပမည့်နေရာဖြစ်သော ဧည့်ခန်းမကိုလည်း သေချာရှင်းလင်းထားသည်။ဤအချိန်၍ ​ပေါ်မလာသင့်သော အသီးအနှံပင်များပေါ်ရှိ အချို့သော "မတော်တဆ" များကိုလည်း ဂရုတစိုက် စစ်ဆေးပြီး ပြုပြင်ထားသည်။ 


ထိုအချိန်တွင် မထင်မှတ်ပဲ၊ တံခါးဘဲလ်အသံက သူတို့၏ မူလအစီအစဉ်ကို ဖျက်ပစ်လိုက်သည်။


အဒေါ်ကုံးက လက်ညိုးတွေကို လိမ်ကျစ်ရင်း ခြံစည်းရိုးနောက်ကွယ်မှာ ဝှက်ထားသည့် အပြာရောင် အုတ်အိမ်ကြီးကို ငေးကြည့်နေမိသည်။


တကယ် တကယ်ကို အပြာရောင်အုတ်များနှင့် တလက်လက်တောက်ပနေသော အနက်ရောင်အုပ်ကြွပ်ပြားတွေပင်။အပေါ်ပိုင်းရှိ လှပသောပုံစံများ၊ မဟော်ဂနီသားဖြင့် ထွင်းထုထားသော ပြတင်းပေါက်များ၊ အိမ်ပတ်လည်ရှိ စိမ်းလန်းစိုပြေသော သစ်ပင်များသည် သူမမြင်ဖူးသော ချမ်းသာပြီး ကျော်ကြားသူများ၏ အိမ်များကဲ့သို့ပင်။​ခြံဝင်းတစ်ခုလုံးက လှပသော လေထုနှင့် ထူးကဲသော အရှိန်အဝါတို့ဖြင့် တည်ရှိနေသည်။ ဒီလိုအိမ်မျိုးဆောက်ဖို့ ငွေဘယ်လောက်လိုလိုက်မလဲ...


အချိန်အတော်ကြာအောင်နေပြီးနောက် အဒေါ်ကုံး စိတ်ထဲမှာ နောင်တရလာသည်။


ရန်သာ့လန် ဒီလိုအိမ်မျိုးဆောက်နိုင်မယ်လို့ ဘယ်သူထင်မှာလဲ...ရွာကလူတွေသာ ဒီအကြောင်းကို သိရင် သူမ သူများကို ဒီလိုလွယ်လွယ်လေး လျှော့တွက်မိမှာတဲ့လား... 


ရုတ်တရက် နောင်တတရားနှင့် ထိတ်လန့်မှုက နှလုံးသားထဲ ရောက်လာသော်လည်း ကိစ္စများကိုသဘောတူပြီးပြီဖြစ်၍ သူမနောင်တနေလည်းမထူးတော့ပေ။


"ငါ တကယ် တောင်းပန်ပါတယ် ရန်သာ့လန်...ငါအဒေါ်ကုံးက တကယ်ကို ကတိဖျက်တတ်တဲ့လူမျိုးမဟုတ်ပါဘူး...ဒါပေမဲ့ မနက်ဖြန်မှာ လူကြီးမင်းမြောင် ရဲ့ ဧည့်ခံပွဲကို လက်မခံဘူးဆိုရင် ငါ့မြေးလေး အနာဂတ်မှာ စာတတ်တော့မှာ မဟုတ်ဘူး.... ပိုက်ဆံပြန်အမ်းတာပဲ ဖြစ်ဖြစ်၊လျှော်ကြေးလိုချင်တာပဲဖြစ်ဖြစ် ငါ အဒေါ်ကုံး ပြောစရာမရှိပါဘူး...ရန်သာ့လန် ငါ မင်းကို တောင်းပန်ရုံပဲ တတ်နိုင်တယ်"


အဒေါ်ကုံးက ဦးညွှတ်တောင်းပန်ရင်းဆိုလာသည့်စကားများက အလွန်ရှုပ်​ထွေး၍​နေသည်။


မြောင်ဟယ် အစက နေရာလာကြည့်သည်ဟုထင်ခဲ့မိသည်။ သူ အ​ဒေါ်ကုံးထံမှကားကို နားလည်ရန် အချိန်အတော်ကြာခဲ့၏။


မြောင်ကျွယ်က မနက်ဖြန်တွင် သူ့အိမ်တွင် ဧည့်ခံကျွေးမွေးပွဲတစ်ခုလုပ်မှာဖြစ်လေသည်။အကြောင်းရင်းမှာ ခရိုင်မြို့မှ ကျောင်းသားတစ်ဦးက ၎င်း၏ဆရာမြောင်ကျွယ်ထံသို့ အလည်အပတ်သွားရောက်ရန် ဇာတိမြို့သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။မြောင်ကျွယ် အပျော်ကြီးပျော်သွားပြီး သူ့ကိုအစားအသောက်အဖျော်ယမကာများနှင့် ကျွေးမွေးပြုစုပါမည်ဆိုကာ ဖိတ်လိုက်သည်။သူ့ကို စာတတ်မြောက်အောင် သင်ပေးခိုင်းသည့် ရွာက ဘယ်သူမဆို၊နောင်မှာ သူဆီကနေသင်ချင်သည့်ဘယ်သူမဆို လာရောက်ပြီး ဤကျောင်းသားနှင့် စကားစမြည်ပြောပြီး ပျော်၍ရသည်ဟုလည်းဆိုလိုက်၏။


ဧည့်ခံပွဲလုပ်ရန် ရုတ်တရတ် ဆုံးဖြတ်ချက်ချပြီးသည့်နောက်မှာ သဘာဝအတိုင်း သူက အဒေါ်ကုံးဆီကိုသွားခဲ့ပြီး တန်းကျော်ချင်ခဲ့သည်။အဒေါ်ကုံးမှာ ရွေးချယ်စရာမရှိပေ။သူမမြေး၏ အနာဂတ် စာတတ်မြောက်ရေး အတွက် လူကြီးမင်းမြောင်ကဲ့သို့ စျေးချိုသောသူကို ရှာ​တွေ့ရန် ခဲယဉ်းလေသည်။ထို့ကြောင့် မြောင်ကျွယ်၏ ပွဲကို လက်ခံလိုက်ရလေသည်။ ​သေချာသည်ပင်၊ လုပ်အားခကလည်း ပိုများလေ၏။ ပြီးနောက် သူမ အလျင်အမြန်ပဲ  ရန်သာ့လန်တို့မိသားစုကို တောင်းပန်ခဲ့သည်။



ရန်သာ့လန်၏မျက်နှာက အရုပ်ဆိုးသွားပြီးပြောလေသည်။


"အဒေါ်ကုံး ကျွန်​တော်တို့ မနက်ဖြန်ဘယ်လိုဖြစ်သွားမလဲဆိုတာ စဥ်းစားဖူးလား"


အဒေါ်ကုံး၏ မျက်နှာအိုကြီး နီမြန်းသွားသည်။ သူမ ပြောစရာစကားမရှိဖြစ်နေသည်။


ရန်သာ့လန်က သူ့မြေကို လက်လွှတ်ခဲ့သည်ဟူသော သတင်းကို သူမကြားသိရသောအခါတွင် သူမ ၎င်းကို အလွန်​ကြီးအလေးမထားသော်လည်း ရန်သာ့လန်က ရက်စက်ပုံရသော်လည်း စိတ်သဘောထားကောင်းသည်ဟု ခံစားရသည်။​သို့သော် သူမ အိမ်ကိုပင် သွားမကြည့်မိခဲ့​ပေ။


သူမတွင် အသေအချာ ရှင်းပြစရာ စကားမရှိပေ။ 

အကြွေစေ့နည်းနည်းလောက်သုံး၍တောင်းပန်လျင်  ဖြေရှင်းနိုင်မည်ဟုထင်ခဲ့မိကြောင်း သူမ ဝန်မခံရဲပေ။


...သူတို့က အိမ်အသစ်ဆောက်ပြီးခါစဖြစ်၍ ပိုက်ဆံပြတ်လပ်နေလောက်သည်ဟု သူမထင်ခဲ့သည်။ယခုမူ အပြာရောင်အုတ်အိမ်ကြီးတွင် နေထိုင်သော လူများကို မြင်လျှင် အဒေါ်ကုံး ​နောက်ကစကားကို ဆက်မပြောရဲ​တော့ပေ။


မြောင်ဟယ်သည် မင်္ဂလာပွဲ၌ ဘာဖြစ်ခဲ့သည်ကိုမသိသော်လည်း ရန်သာ့လန် ဒေါသမတရားထွက်နေပြီး လက်သီးများပါ ဆုပ်ထားသည်ကိုမြင်ရာတွင် တစ်ခုခုမှားနေပြီဆိုသည်ကိုသိလိုက်သည်။သူ တစ်ဖက်လူ၏လက်ကို အရင်ဆုံးထိလိုက်ပြီး မျက်မှောင်ကြုတ်ကာ အဒေါ်ကုံးအား ပြောလိုက်သည်။


"အဒေါ်ကုံးက အဲဒါကို တစ်ခါမှမစဉ်းစားမိဘူးပဲ...နောင်မှာ သေသေချာချာ စဉ်းစား​နေရမှာစိုးမိတယ်...ကျွန်​တော်တို့ အဒေါ့်ကို အတင်းအကြပ် ပွဲရွေးခိုင်းလို့မရဘူး... အတင်းလာခိုင်းလို့မရဘူး... ဒါပေမဲ့ သတင်းက လွှင့်ထားတာကကြာပြီ...ဒါကြောင့် ကျွန်တော်တို့ဘယ်သူ့ဆီကမှဖုံးထားလို့မရဘူး... နောင်မှာ ဘယ်သူကအဒေါ်ကုံးကိုစားပွဲဝိုင်းပြင်ခိုင်းစေချင်ပါစေ ရန်သာ့လန်ရဲ့စကား​တွေကို သေချာပေါက် တွေးမိကြမှာပါ"


အဒေါ်ကုံ၏ မျက်နှာ ပြောင်းလဲသွားပြီး သူမ နားထောင်ပြီးနောက် ပို၍ပင် နောင်တရသွားသည်။ 


"ဒါမှမဟုတ် ငါ့ချွေးမကို လာကူခိုင်းလိုက်မယ် ...သူကလည်း ဟင်းချက်အရမ်းကောင်းတာ"


မြောင်ဟယ်က ရယ်ပြီးပြော၏။

"ဒါဆို ကျွန်​တော်တို့ စောစောက မှာထားတဲ့ အသီးအရွက်နဲ့ အသားကို သုံးလို့ရလား"


အဒေါ်ကုံး သူမ၏ပါးစပ်ကိုဖွင့်လိုက်ပေမဲ့ ဆွံ့အနေသလိုမျိုး နှုတ်ဆိတ်နေသည်။ ပြဿနာက လူအင်အားနှင့် မဆိုင်ပါ​ချေ၊ အဓိက အကြောင်းရင်းက ဟင်းသီးဟင်းရွက်နှင့် အသားများ အိုးများ၊ စားပွဲ၊ ကုလားထိုင်များနှင့် တူများကို အချိန်တိုအတွင်း မည်သို့ပြင်ဆင်ရမလဲဆိုသည်ပင်။


မြောင်ဟယ် ခေါင်းယမ်းပြီး သူမကိုအပြင်လိုက်ပို့လိုက်သည်။

"အဒေါ် ဒီနေ့ ဆိုလိုတာကို ကျွန်တော်တို့ သိပါတယ်... ပြောစရာ မရှိပါဘူး... အဒေါ့်ဆီက လျော်ကြေးငွေပဲ ယူလိုက်ပါ့မယ်... လုပ်ထုံးလုပ်နည်း ပြီးတာနဲ့ အဒေါ်နဲ့စာရင်းရှင်းပါ့မယ်"


အရုပ်ဆိုး​နေသော အဒေါ်ကုံး၏မျက်နှာက သူက အမှန်တကယ် လျော်ကြေး​ငွေလိုချင်​နေကြောင်း ကြားသောအခါ ဖြူဆုပ်သွားသည်။ သို့သော် အပြာရောင်အုတ်အိမ်ကြီးတွင် နေထိုင်သော လူငယ်စုံတွဲနှင့် ရင်ဆိုင်ရသောအခါတွင် သူမ လှည့်ကွက်များ လုံးဝ မကစားဝံ့ဘဲ မကြာမီ အိမ်အပြင်သို့ နှင်ထုတ်ခံခဲ့ရသည်။


ပြန်လှည့်လာပြီးနောက် မြောင်ဟယ် သူ့ဘေးက ရန်သာ့လန်ကို ဖက်လိုက်သည်။ထိုလူက ချက်ချင်းသူ့ကိုတင်းတင်း​ကြပ်​​ကြပ်ပြန်ဖက်လာပြီး အက်ရှရှအသံနှင့် သူ့ကိုယ်သူ အပြစ်တင်လေသည်။


"ကိုယ့်အ​ပြစ်ပါ"


မြောင်ဟယ် တစ်စုံတစ်ယောက်က ဤစကားကို သေချာပေါက်ပြောလာလိမ့်မည်မှန်း သိလေသည်။သူက တစ်ဖက်လူ၏ရင်ဘက်ကို သူ့ခေါင်းနှင့်ပွတ်သပ်လိုက်၏။


"ဘယ်လိုလုပ်ဟုတ်မှာလဲ...သေချာပေါက် မြောင်ကျွယ်အပြစ်လေ... အဘိုးကြီးက လူဆိုးဖြစ်ပုံပဲ...ဒီအချိန်မှာ အဒေါ်ကုံးရဲ့အချိန်က ရက်ချိန်းယူရခက်တယ်...ဒါကိုသူက မရမကယူတယ်...  အဲဒါ ကျွန်​တော်တို့ကို ပစ်မှတ်ထားနေတာပဲ​ဖြစ်ရမယ် ... မင်္ဂလာ​ဆောင်မှာ ဘာဖြစ်ခဲ့လို့လဲ....တွေးကြည့်တော့ အခုတလောအဲဒါပဲဖြစ်နိုင်ချေရှိတယ်"


ရန်သာ့လန်က ဤအချိန်တွင် အလွန်ဒေါသထွက်၊ စိတ်ဆိုးပြီး အပြစ်ရှိစိတ်​ဖြစ်နေသည်။


သူက ဤလူကို ဂရုတစိုက်ကာကွယ်လိုသည်မှာ သိသာထင်ရှားသော်လည်း သူက တစ်ဖက်လူကို အမြဲအနိုင်ကျင့်လွယ်စေသည်။ သူက လုံလောက်အောင်မကောင်းသလို လုံလောက်သော  အင်အားလည်း မရှိပေ။ မဟုတ်ရင် မြောင်ကျွယ်က ဒီလို မည်းနက်နေတဲ့ တွက်ချက်မှုတွေကို ထေ့ငေါ့ပြောတာ​လေးအတွက်နဲ့ ဘယ်လိုလုပ် လွယ်လွယ်ကူကူ လုပ်နိုင်မှာလဲ... မြောင်ကျွယ်က သူ့အင်အားကိုသုံးပြီး သူတို့ကို လွယ်လွယ်ကူကူဖိနှိပ်နိုင်တာက သူ ရန်သာ့လန်ရဲ့အင်အားကလုံလောက်အောင်မကြီးလို့မဟုတ်ဘူးလား...


ရန်သာ့လန်က ပြန်မဖြေဘဲ ခေါင်းငုံ့ကာ မြောင်ဟယ်၏နဖူးကို နမ်းလိုက်သည်။


 "မနက်​ဖြန်​ပဲလုပ်လိုက်ပါ...ကိုယ် ကိုင်တွယ်လိုက်မယ်"


"ခင်ဗျား..." 


အပြစ်ရှိစိတ်တို့ဝေ့သီနေသာထိုမျက်ဝန်းနက်နက်များနှင့်ဆုံလိုက်ရသောအခါ မြောင်ဟယ် သူပြောမည့်စကားများကို မျိုချလိုက်သည်။


"ဒါပေါ့ ခင်ဗျားလုပ်ရမှာပဲလေ...ကျွန်တော်က ကိုယ်ဝန်ရှိနေတာ...အနားယူရမယ်"


ရန်သာ့လန်၏နှလုံးသားနူးညံ့၍သွား၏။

"အင်း မင်း အနားယူ"


"ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို အကြံဥာဏ်တွေ ပေးနိုင်ပါ​သေးတယ်...ကြားချင်လား"


ကောလေး၏ စိတ်ပူနေပေမဲ့ နှစ်သိမ့်​နေဟန်မျက်လုံးတွေကို ငုံ့ကြည့်ရင်း ရန်သာ့လန် မနေနိုင်ဘဲ ခေါင်းငုံ့ကာ သူ့ကို ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။


ယခုချိန်ထိ သူ့ကောလေးက သူ့ကို ဂရုစိုက်ပေးနေဆဲဖြစ်သည်။


သူက အလွန်ကောင်းသည် ၊ သူကကောင်းလွန်း၍ မိမိနှင့်မထိုက်တန်လျှင်ပင် ရန်သာ့လန် ဘယ်တော့မှ လက်လွှတ်​မှာမဟုတ်ပေ။


၎င်းနောက် ကြောင်သစ်ပင်ထိပ်မှာ လဲလျောင်းနေသည့် ကြောင်နက်ကလေးမှာ ပိုင်ရှင်နှစ်ယောက်ကို နမ်းနေ​ပြန်သည်ကို တွေ့လိုက်ရ၏။သူ သမ်း​ဝေလိုက်သည်။


သည်ကနေ့ ကြီးကြီးမားမား အဖြစ်အပျက်တွေ မရှိသည့် နောက်တစ်နေ့ဟု ဆိုနိုင်သည်။သူ ဆက်ပြီးအိပ်၍ရသည်။ 


မြောင်...



****


နောက်တစ်နေ့တွင် ဧည့်သည်များကို ဧည့်ခံရန် အချိန်မကျမီတွင် မြောင်ကျွယ်၏ အိမ်ရှေ့ရှိ မြေကွက်လပ်၌ စားပွဲများ တစ်ခုပြီးတစ်ခု ပြင်ဆင်ထားလေသည်။


ဆရာ့ကို ကျေးဇူးတင်ရန်ပြန်လာသည့် ကျောင်းသားတစ်ယောက်ကို မြောင်ကျွယ်တို့မိသားစုက ပြုစုဧည့်ခံရန် စီစဉ်နေကြောင်း ရွာသားတော်တော်များများ ကြားသိခဲ့ရသည်။ဤကိစ္စက အတော်လေူ ဂုဏ်ယူစရာကောင်းပြီး ထမင်းဟင်းလည်းအလကားစား၍ ရသည်။ လူတိုင်းက ပွဲမှာ ပါဝင်ရန်ဆန္ဒရှိ​ကြသည်။ စားပွဲဝိုင်းဖွင့်လိုက်သည်နှင့် လူများ တစ်ယောက်ပြီး တစ်ယောက် လာထိုင်ကြသည်။


"အိုး..ဦး​လေးမာလည်း ရောက်နေတာပဲ...ဒေါ်လေးမာကို ဘာလို့ မခေါ်လာတာလဲ...ဒီနေ့ ဒေါ်လေးမာမပါရင် ထမင်းမြိန်မှာမဟုတ်ဘူး...ပြီးမှဒေါ်လေးမာကို သွားပြီးသေအောင်အနှောက်အယှက်ပေးပစ်ဦးမယ်"


အစောကတည်းက သည်မှာထိုင်နေသည့် လူငယ်တစ်ယောက်က ဦးလေးမာရောက်လာသည်ကို မြင်သောအခါ အစပြု၍ နှုတ်ဆက်လိုက်သည်။


"မင်အဒေါ်က လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ သူ့မိသားစုအိမ်ကို ပြန်သွားတယ်... သူ ဒီမှာမရှိဘူး...ဟေး ဝါကျစ်... အဲဒီကျောင်းသားက ဘယ်သူလဲဆိုတာ မင်းသိလား ...လူကြီးမင်းမြောင်က တကယ် သူ့အတွက် ဧည့်ခံပွဲလုပ်တာလား...သူက အရာရှိလား"


"ဘယ်သူသိမှာလဲ ...ပြီးရင် နောက်သေချာပေါက်တွေ့ရမှာ...မ​လောပါနဲ့"


"နောက်တစ်ပွဲရှိသေးတယ်မလား...ရန်သာ့လန်ကလည်း ဒီနေ့အိမ်တက်ထမင်းစားဖို့ ကျွန်တော့်ကိုဖိတ်ထားတယ်...​ပြီးသွားပြီထင်တယ်... အိမ်သစ်ကို သွားကြည့်ဦးမယ်"


"ဟေ့ ဦလေးမာ သွားလို့ရပါ့မလား" 


လူငယ်က တက်ကြွလာပြီး မမျှော်လင့်ဘဲ မေးသည်။


"အယ်... ငါသွားရမှာပေါ့....နည်းနည်းတော့နောက်ကျလိမ့်မယ်... မသွားဖြစ်ရင် အားနာစရာ... သာ့လန်တို့မိသားစုက ကောက ငါ့မြည်းလှည်းကို ခဏခဏ စီးတာကွ"


ထိုလူငယ်၏စကားသံက ရုတ်တရက် အသံနိမ့်သွားသည်။


"ဦးလေးမာ မကြား​ရ​​သေးဘူးလား... ရန်သာ့လန်တို့ အိမ်က အိမ်တက်ထမင်း​ကို သွားစားရင် နောင်မှာ အလုပ်ရုံက ပဲပိစပ်ကို လက်ခံမှာ မဟုတ်ဘူးတဲ့...အထူးသဖြင့် အလုပ်ရုံကလူတွေကလမ်းဆုံမှာတားဖို့စောင့်နေတယ်"


"ဟမ် ဘာလို့လဲဟ"

ဦးလေးမာ ရှော့ရသွားသည်။သူ့မိန်းမကလည်း အလုပ်ရုံမှာ ပဲပိစပ်ရောင်းသလိုပင်။


"ဒီဧည့်ခံပွဲက မြောင်မိသားစုက လူငယ်တွေက မြောင်ကျွယ်ပျော်အောင်စီစဉ်ပေးတာလို့ ပြောတယ်...သူက အဘိုးကြီးကို တခြားသူတွေနဲ့ ပျော်စေချင်တာ...ဒါကြောင့် မြင်ကွင်းကို စည်စည်ကားကား​ဖြစ်အောင်သူလုပ်ရတာ...ဒီနေ့ မလာတာပဲဖြစ်ဖြစ် တခြားနေရာကို သွားစားတာပဲဖြစ်ဖြစ် မြောင်မိသားစုကလူငယ်တွေက အလုပ်ရုံကို ဂရုမစိုက်တဲ့အတွက်ကြောင့်ဆိုပြီး ပဲပိစပ်ကို လက်မခံဖို့ ဆုံးဖြတ်လိုက်တယ်... ဒါကဘာလဲ...လောကဝတ်အလဲအလှယ်လို့ခေါ်တာလား ကျွန်တော်လည်းမသိဘူး..."


"ဒါတကယ်လား... ရွာသားတွေ မလာလို့​တောင်မရဘူးလား"


ဦးလေးမာက ၎င်းကို ကြားရာတွင် အံ့ဩသွားပြီး စဥ်းတောင်မစဥ်းစားဘဲ အဓိကအချက်ကိုမေးလိုက်သည်။


လူငယ်က ရယ်သည်။

"ဟုတ်တယ်... စားပွဲအရေအတွက်ကို ကြည့်... စားပွဲတစ်ဒါဇင်​လောက်ပဲရှိတယ်...လူဘယ်နှစ်ယောက် ထိုင်နိုင်မှာလဲ...ရွာကလူတိုင်း ဘယ်လိုလုပ်လာဖို့​ဖြစ်နိုင်မလဲ...ကျွန်တော် အဒေါ်ကုံးကိုတိတ်တိတ်လေးမေးကြည့်တော့ မှာယူထာားတဲ့ စားပွဲဝိုင်းအရေအတွက်ကဆယ့်နှစ်ဝိုင်းတင်တဲ့"


"ဒါဆိုဘာလို့ ရန်သာ့လန်ဆီမသွားဖို့ပြော…"

ဦးလေးမာက လမ်းတစ်ဝက်တင် ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ 


"ဒါဆို ဦးလေးမာ ရန်သာ့လန်ဆီသွားဦးမှာလား"


၎င်းကိုကြားသောအခါ ဦးလေးမာ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။


ရွာမှာ သူ့မြည်းလှည်းက ရောက်သည်နှင့် မောင်း၍ရပြီး ပုံသေ ပို့ရမည့်နေရာတချို့ရှိသည်။ရန်သာ့လန်တို့ကိုမတင်ရလည်း အခြား ဖောက်သည်များကို အမြဲ လက်ခံရရှိမည်ဖြစ်သည်။ သို့သော် သူ့ဇနီးက အလုပ်ရုံတွင် ပဲပိစပ်ကို တစ်ခါရောင်းခဲ့ဖူးပြီး စျေးနှုန်းကမဆိုး​ပေ။ မကြာသေးမီက သူမက ဟင်းသီးဟင်းရွက် စိုက်ကွက်တချို့ကို ပဲပိစပ်ပြောင်းစိုက်ခဲ့ပြီး ၀င်ငွေပိုရနိုင်သည်ဟု ဆိုသည်။ အလုပ်ရုံက နောင်တွင် ပဲပိစပ်ကို လက်မခံပါက သူ့မိန်းမကို နောင်ကျ ဘယ်လိုရှင်းပြရမလဲ...


သို့ပေမဲ့ လူ့ခံစားချက်အရမူ သူက ဟယ်ကောအာပေးသည့် မုန့်တွေ အများကြီးစားခဲ့ပြီး အ​ခေါက်တိုင်းမှာလည်း မုန့်များက အရသာရှိ​​လေသည်။ရန်သာ့လန်က သူ့လှည်းကို တစ်ယောက်တည်း စီးသည်က ရှား၏။ စီးလျှင်လည်း ခဏခဏ သူကပစ္စည်းကူတင် ကူချပေးတတ်သည်။ယခု အိမ်သစ်ကိုပြောင်းသောအခါ သူ့ကိုထမင်းစားရန်ဖိတ်ဖို့ အမှတ်ရ​နေလေသည်။


ဦး​လေးမာ သူ့စိတ်ထဲမှာ ပျော်နေပြီး သူလူတွေနှင့် ပိုရင်းနှီးလာသည်ဟု အမြဲခံစားရသည်။ ဤအသေးအဖွဲအရာများပေါ်တွင်အခြေခံ၍ လူသားတို့၏ ဆက်ဆံရေးများစွာက တဖြည်းဖြည်း ခိုင်မြဲလာသည်။


ယခု အလုပ်ရုံကြောင့်...ဦးလေးမာက သူ့စိတ်ထဲမှာ အကြောင်းရင်းနှင့် နောက်ဆက်တွဲတွေကို တွေးပြီး ဤကိစ္စက နည်းနည်းတော့ သည်းမခံနိုင်စရာဟု ခံစားရသည်။ ဟုတ်တယ်၊ သူများတွေ စိုက်ပျိုးထားတဲ့ ပဲပိစပ်တွေကို ရိတ်သိမ်း(ဝယ်ယူ)ဖို့ ဆန္ဒရှိနေတာ ကောင်းပါတယ်၊ ဒါပေမဲ့ ဒီအတွက်နဲ့ လူတိုင်းက သူတို့မိသားစုစကားကိုနားထောင်ရမှာလား...


သူ့ဘေးပတ်ပတ်လည်ရှိ ပျားပန်းခတ်လှုပ်ရှားမှုတွေကိုကြည့်ပြီး ဦးလေးမာ ရုတ်တရက် ထိုင်ရသည်က အဆင်မပြေ​တော့​ပေ။သူတို့က ပွဲမှာလာပျော်ရန် ဖိတ်ခေါ်ခံရပြီး အခမဲ့ ထမင်းလည်း စားရတယ်၊ ဒါပေမဲ့ ဘယ်သူက တကယ် ချီးမွမ်းခံခဲ့ရပြီး...ဘယ်သူက နှိမ်ချခံခဲ့ရတာလဲ...


"စောစောက မင်းပြောခဲ့တာတွေက မှန်ပါတယ်...ငါ ဦး​လေးမာ ဒီနေ့ ထမင်းစားချင်ပါတယ်...ဒါပေမဲ့ မင်းအဒေါ်သိရင် ကောင်း​ကောင်းအဆုံးသတ်မှာ မဟုတ်ဘူး...စဉ်းစားကြည့်...ငါပြန်လိုက်မယ်" 


ဦးလေးမာ အချိန်အတော်ကြာ စဉ်းစားပြီးမှ ဤဆုံးဖြတ်ချက်ကို ချလိုက်ခြင်းဖြစ်သည်။


ဦးလေးမာနှင့် စကားပြောနေသူက အံ့ဩသွားသည်။

"အာ အခုပြန်ရတော့မှာလား... မစားတော့ဘူးလား"


"ဘာပဲဖြစ်ဖြစ်၊ ဒီမှာ နေရာမှ သိပ်မရှိတာ...ငါထွက်သွားရင် တစ်ယောက်ယောက်ရောက်လာမှာသေချာတယ်... ငါ မရောက်ခဲ့ဖူးသလိုပဲထားလိုက်ပါ"


ဦးလေးမာက သူ့လက်ကို ဝှေ့ယမ်းကာ ထ၍ ထွက်သွားလေသည်။သူ့ဇနီး၏ ပဲပိစပ်ရောင်းမည့် အစီအစဉ်ကို မချိုးဖျက်ဘဲ ရန်သာ့လန်၏ ထမင်းကျွေးကို သွားကာစားနိုင်ပေမဲ့လည်း သူ အမြဲတမ်း ဘယ်ဘက်မှမပါရန်သာ ရွေးချယ်မည်ဖြစ်သည်။နှစ်ခုထဲက တစ်ခုကို ရွေးစေချင်လျှင် သူရွေးရန်ဆန္ဒရှိလား ဆိုသည်ကိုလည်း ကြည့်ရပေမည်။


ရန်သာ့လန်အတွက်မူ ယခုတစ်ကြိမ်အတွက် အလျော်အနေဖြင့်

လှည်းခကို အနာဂတ်တွင် 20% လျှော့စျေးပေးမည်ဖြစ်သည်။ 


ဦး​လေးမာနှင့် စကားပြောနေသော လူငယ်က မြောင်မာထွက်ခွာသွားသည်ကိုကြည့်ကာ ခေါင်းယမ်းပြီး မှတ်ချက်ပေးသည်။ 


"​နောက်ဆုံးမှာ ပဲပိစပ်အတွက်နဲ့ မြောင်ကျွယ်ဘက်ကိုရွေးချယ်ခဲ့တဲ့ ဟယ်ကောအာရဲ့အမေ့ဘက်ကမိသားစုနဲ့အတူတူပဲဖြစ်လိမ့်မယ်လို့ထင်ခဲ့တာ... တချို့လူတွေက တစ်ခုခုမှားနေတယ်လို့ ​​တွေးနေပုံရတယ်"


ဤလူငယ်လေးက တကယ်တမ်းတွင် အဒေါ်ယွီ၏သားထွေးဖြစ်၏။အဒေါ်ယွီက အလုပ်ရုံနှင့်ပတ်သက်ပြီး မကောင်းတာတွေ အများကြီးပြောခဲ့ပေမဲ့ သည်ကနေ့ သူမကိုယ်တိုင် မလာရဲသည့်အတွက် သူမသားထွေးကို ပျော်ပျော်ကြီးလွှတ်လိုက်သည်။သူ၏သားထွေးက ​မြောင်ဝါဟုခေါ်ပြီး အဒေါ်ယွီ၏ စိတ်နေစိတ်ထားကို အမွေဆက်ခံထားပြီး ပွဲကြည့်ရခြင်းကို နှစ်သက်သည်။သူက စကားပြောရာတွင်ပိုသတိထားပေမဲ့ အဒေါ်ယွီနှင့်အမြင်ချင်းမတူပေ။


သူယခုလို ရေရွတ်နေချိန်တွင်  အစွန်အဖျားတွင် ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


"ရထားလုံးဟဲ့...ရထားလုံးလာနေတယ်"


"ဟဲ့ ရထားလုံးတွေအများကြီးပဲ...လူကြီးမင်းမြောင် ဖိတ်ကြားထားတဲ့ ဧည့်သည်​တွေလား"


"ဝါး... ဒီလိုခမ်းခမ်းနားနားနဲ့...သူကအရာရှိပဲဖြစ်ရမယ်"


"ဝိုး...အရာရှိဆိုရင် မြောင်မိသားစုက အနာဂတ်မှာ ပိုကောင်းလာမှာမဟုတ်ဘူးလား"


"ဟေး... အခု သူတို့မိသားစု အရမ်းအင်အား​ကြီးနေပြီ မလား...အလုပ်ရုံတစ်ခုလည်း ဆောက်ထားတယ်... တစ်အိမ်လုံးပေါ်လာဖို့ မမျှော်လင့်ထားလောက်ဘူး မလား"


"ကြည့်စမ်း...ရထားလုံးက လာနေ...လာ​နေ ဒါပေမဲ့ ခဏလေး... ဘာလို့ ထွက်သွားတာလဲ"


"ဟုတ်​တယ်​...ဧည့်​သည်​​တွေကို ​ဧည့်ခံမှာမဟုတ်​ဘူးလား... လမ်းပြက မှားသွားတာလား!"


"တစ်ယောက်ယောက်ကိုလိုက်ခိုင်းရအောင်... ငါတို့အားလုံးက ဒီမှရှိနေကြတာ...အမှားလုပ်မိရင်သိသာတယ်..." 


"ရထားလုံးကတော့ မှား​နေမှန်းသိရင် ပြန်လှည့်လာလိမ့်မယ် ...စောင့်နေရုံပဲ"


"ဟုတ်တယ်...ငါ သူတို့ စောစောလာဖို့ မျှော်လင့်တယ်...မနက်စာမစားခဲ့ရဘူး"


"ငါရောပဲ...ဟေး...ငါတို့အတွက် အရံဟင်းအရင်ချပေးလိုက်ပါ့လား"


"ဘာပဲဖြစ်ဖြစ် ပြီးရင်စားမှာပဲကို... စားပွဲထိန်းဆီသွားရအောင်..."


****