၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၉၂)
လုကျုံးရီနှင့် တခြားသူတွေ ခေါင်းလှည့်ကြည့်လိုက်တော့ အဖြူရောင်စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ အရပ်ရှည်ရှည် ခပ်ချောချော အမျိုးသားကို တွေ့လိုက်ရသဖြင့် သူတို့အားလုံး ထိုအမျိုးသားကို မမှတ်မိလုနီးပါးဖြစ်သွားရလျက်။
"လု... လုယန်?" လောင်ဝမ်သည်လည်း ဘေးအိမ်က အငယ်ဆုံးသားကို မမှတ်မိလုနီးနီးပင်။
လုမိသားစုမှ ဒီကလေးဟာ တကယ့်ကို ရုပ်ရည်ချောမောပြီး တပ်ထဲဝင်ရန်အတွက် ကြေညာပေးဖို့ ပရိုမိုးရှင်းဓာတ်ပုံရိုက်နေသည့်အလား။
"ကျွန်တော် မကြာသေးခင်က ဖုန်းဆက်လိုက်သေးတယ်ဗျာ။ ရှောင်လီပြောတော့ အမေတို့နှစ်ယောက်က ဦးလေးဝမ်ရဲ့ သားအိမ်ကို သွားလည်ကြတာဆို၊ ဒါပေမဲ့ အားလုံးက အခု ချုံကျိုးကျွန်းကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူးဗျာ"
သူ့ဇနီးလေးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်လို့ လုယန်က သူ့မိဘတွေကို ပြောပြဖို့ရာ ဖုန်းဆက်ခဲ့ပေမယ့် ရလဒ်အနေနဲ့ကတော့ သူတို့က အိမ်မှာမရှိကြသဖြင့် အကြောင်းကြားဖို့ အချိန်တစ်ခုလောက်စောင့်ဖို့ ရည်ရွယ်ထားခဲ့သည်ပင်။
မမျှော်လင့်စွာပင် သူ့မိဘတွေဟာ ဦးလေးဝမ်တို့ကို သူ့အိမ်ဆီ အလည်ခေါ်လာခဲ့တာပဲ။
သူ့ဇနီးလေးလည်း သူမရဲ့ ယောက္ခမတွေနဲ့ တွေ့ရတော့မှာပေါ့။
"သား၊ မင်း-" လုကျုံးရီက သူ့အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။ အကယ်၍ ဒီအချိန်မှာ အပြင်လူတွေမရှိခဲ့ရင် သူက ဒီကလေးရဲ့ ကော်လာကိုဆွဲပြီးတော့ မေးလိုက်ချင်တာ - 'မင်းရဲ့ခြံဝင်းက ဘာလို့များ ဒီလောက်ထိဆိုးရွားနေရတာတုန်းကွာ?'
လုယန်က ဒီနေ့ စောစောအိမ်ပြန်လာခဲ့သည်ပင်။ မူလကတော့ သူ ဘန်းမုန့်ပေါင်းတွေ လုပ်ဖို့အတွက် မုန့်ညက်နယ်ရန်၊ ထို့နောက် အိမ်ကစောင်တွေကို နေပူထုတ်လှန်းရန် နှင့် သူ့ဇနီးလေးအတွက် ညစာချက်ပြုတ်ပြင်ဆင်ထားရန် အိမ်စောစောပြန်လာခဲ့လေ၏။
သို့ရာတွင် ယခုအချိန်တွင် ဧည့်သည်တွေ အများကြီးရောက်လာသဖြင့် ညစာအတွက် စားပွဲအကြီးကြီး ကောင်းကောင်းလေးပြင်ဆင်သင့်တာပဲလို့ တွေးနေမိချေပြီ။
"အိမ်ထဲ အရင်ဝင်ကြရအောင်လေ၊ အပြင်မှာ နေပူနေတယ်" လုယန်က လူအိုကြီးအုပ်စုကို ဖြတ်လျှောက်လာကာ သူ့အိမ်ဆီသို့ လျှောက်သွားလိုက်သည်။
လုကျုံးရီနှင့် ကျန်းဖျင်တို့က သူတို့သားဟာ ဘေးအိမ်သို့ လျှောက်သွားတာကို ကြည့်နေလျက်၊ နံဘေးက လောင်ဝမ်သည်လည်း အံ့အားသင့်နေကာ "ရှောင်လုရေ မင်းဘယ်သွားမလို့လဲ?"
"ဒီမှာလေ" လုယန်က သူ့ခြံကို လက်ညှိုးထိုးပြရင်း "ဒါ ကျွန်တော့်အိမ်လေ၊ လူတိုင်း ဝင်လာကြပါဗျာ"
လုကျုံးရီ၊ ကျန်းဖျင်၊ လောင်ဝမ် : "ဟမ်?"
'မင်းက မစ္စတာကျန်းရဲ့ ခြံထဲမှာ ရပ်နေတာပဲ'
'အမ်... ဒါ တကယ်ကြီးလားဟ?'
လုကျုံးရီက သူ့အဖွဲ့နဲ့အတူတူ ဘေးခြံထဲသို့ လုယန်အနောက်ကနေ လိုက်ဝင်သွားခဲ့သည်။
လောင်ဝမ်: "..."
ငါကတော့ အခုလေးတင် ခြံဝင်းနှစ်ခုကို နှိုင်းယှဥ်လိုက်တာလေ၊ ဒါပေမဲ့ အမှန်မဟုတ်ဘူးတဲ့လားဟ?!
လောင်လုနှင့် ရှောင်လုတို့က သူတို့ကို လှည့်စားဖို့ ကြိုတင်ပူးပေါင်းထားတာများ ဖြစ်နိုင်မလားဟေ?
ဒီလောင်လုက အရင်ကထက် ပိုပြီးတော့ စဥ်းလဲတတ်လာတာပဲကွ!
နည်းပရိယာယ်တွေ လှည့်စားဖို့အတွက်နဲ့ လူတွေရဲ့ နှလုံးသားဟာ မည်းညစ်လာတာပဲ။ လောင်လုရဲ့သားက စစ်ဦးစီးချုပ်ဖြစ်လာကတည်းက သူ့နှလုံးသားဟာ မည်းညစ်နေပြီးသားပဲ ဖြစ်ရမယ်။
ကျန်းဖျင် ခြံထဲကို ဝင်လိုက်သည်နှင့် စူးစမ်းစွာဖြင့် လှည့်လည်ကြည့်ရှုလိုက်၏။ ခြံဝင်းဟာ အင်မတန်လှပနေလေရဲ့။
သူမ ခုနတုန်းက အပြင်ကနေ လှမ်းကြည့်လိုက်တော့ ဒီခြံဝင်းဟာ လှလှပပလေး အလှဆင်ထားမှန်း သိနိုင်လေသည်။ သူမ အထဲကို ဝင်လာချိန်မှာတော့ ဒီခြံပိုင်ရှင်ဟာ ပန်းတွေနှင့် အပင်တွေကို ကောင်းကောင်းမွန်မွန် ဂရုတစိုက်ပြုစုယုယထားမှန်း တွေ့ရှိလိုက်ရ၏။
လှပသော ဟင်းသီးဟင်းရွက်စိုက်ခင်းလေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဟင်းသီးဟင်းရွက်တွေက နူးညံ့နေသလို အသီးအနှံတွေဟာလည်း လွန်စွာလှပနေကာ မျက်စိပဒေသာဖြစ်လှ၏။ အဝါရောင်ငရုတ်ပင်တွေနှင့် ဘေးဘက်ရှိ အစိမ်းရောင်အသီးအနှံတွေဟာ မွှေးရနံ့သင်းသင်းလေးတွေ ထုတ်လွှင့်နေပုံရလေရဲ့။
ကောက်ရိုးထီးအောက်တွင် စားပွဲနှင့် ကုလားထိုင်တွေရှိနေပြီး ဘေးဘက်ရှိ မြက်ခင်းငယ်ပေါ်တွင် ပျိုနီပန်းလေးတွေ ပွင့်လန်းနေကြကာ နွယ်ပင်တွေကလည်း ဒန်းတစ်ဝိုက်တွင် ရစ်တွယ်နေလျက်၊ ဒန်းအပေါ်တည့်တည့်၌ ခရမ်းရောင်ပဲနွယ်ပန်းလေးတွေ အစုလိုက် အပုံလိုက် တွဲလွဲကျနေသလို ဘေးဘက်မှာလည်း အခြားသောပန်းပွင့်တွေ ရှိနေပါသေးသည်။
ဒါက သူမသားရဲ့ အိမ်ပေါ့လေ?
မဖြစ်နိုင်လိုက်တာ!
ကျန်းဖျင်က လောင်လုကို မနေနိုင်တော့ဘဲ အကြည့်တစ်ချက်ပေးကာဖြင့် - ရှင်က အခုထိ ဟန်ဆောင်နေတုန်းပဲ မဟုတ်လား?
ဒီရဲဘော်လောင်လုကတော့ သူ့မျက်နှာမပျက်ဖို့အတွက် တကယ်ကြီး စွန့်စားနေတာပဲဟ!
ကျစ် ကျစ် ဒီသားအဖနှစ်ယောက်ကတော့ သူမအပေါ် ဖုံးကွယ်နေတုန်းပဲ...
လုကျုံးရီ: "…"
လုကျုံးရီလည်း သူ့မိန်းမရဲ့ မျက်လုံးထဲက အရိပ်အမြွက်ကို နားမလည်နိုင်ခဲ့ပါချေ။ သူ့မိန်းမက သူ့မျက်နှာကို ကယ်တင်ပေးဖို့အတွက် သူ့သားနှင့် ကြိုတင်ပြီး ဇာတ်တိုက်ထားတာများလားလို့ တွေးနေမိသည်။
မဟုတ်ရင် ဒီကောင်စုတ်လေးက ဘာလို့များ ဒီလောက်အချိန်တိတိကျကျကြီး သူတို့ကို စောင့်နေမှာလဲကွာ။
လုကျုံးရီက သူ့သားအနားသို့ ချဥ်းကပ်လာကာ သူ့ကို ဘေးဘက်သို့ ဆွဲထုတ်သွားရင်း တိုးတိုးလေး မေးလိုက်၏။ "မင်းရဲ့ လျှို့ဝှက်ချက်ကို ဒီလိုမျိုး ထုတ်ဖော်မှာ မဟုတ်ဘူးမလား?"
… တစ်ခြားတစ်ယောက်နဲ့ အိမ်ကို တမင်တကာ လဲထားတာလားဟေ?
ဒီလျှို့ဝှက်ချက်ကြီးက နောက်မှပေါ်လာရင် ပိုရှက်စရာကောင်းသွားလိမ့်မှာပဲ။
ဘေးနားက လောင်ဝမ်က သူ့စကားတွေကို ကြားတဲ့အခါ ဒါဟာ တကယ်ပဲလို့ ထင်သွားလေ၏။
လုယန်: "...ပါး ဘာတွေပြောနေတာလဲ?"
လုကျုံးရီ: "…"
လောင်ဝမ်: "…"
ထိုအခိုက်အတန့်ဝယ် လောင်ဝမ်နှင့် လောင်လုတို့က တစ်စုံတစ်ခုကို တွေးမိသွားရလျက် - ဟန်ဆောင်နေလိုက်၊ မင်း ဟန်ဆောင်နိုင်ပါတယ်၊ မင်းဘယ်လောက်ဟန်ဆောင်နိုင်မလဲ စောင့်ကြည့်ကြတာပေါ့ကွာ။
ကျန်းဖျင်: "သားရေ ခြံအပြင်ကို မင်း သန့်ရှင်းရေးလုပ်ထားတာလား?"
"ကျွန်တော့်ဇနီးလေးက အဲဒါကို ပုံမှန်လုပ်လေ့ရှိပါတယ်"
လုယန် သူတို့ကို အိမ်ထဲ ဖိတ်ခေါ်လိုက်ပြီးနောက် သူတို့အတွက် လက်ဖက်ရည်ကြမ်းလုပ်ပေးဖို့ ရေနွေးသွားတည်လိုက်၏။ လုကျုံးရီနှင့် တခြားသူတွေက အိမ်ထဲကို လျှောက်ကြည့်တဲ့အခါ အိမ်က သန့်ရှင်းသပ်ရပ်နေပြီး အလွန်နွေးထွေးစွာ အလှဆင်ထားတာကို တွေ့လိုက်ရလေသည်။
Thanks for reading!