၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၉၆)
အဆုံးတွင်မူ ပဲစောင်းလျားသီးကြော်ဟာ အလွန်ရေပန်းစားသွားလေသည်။ ချင်းရို့က ခြံထဲမှာ ပဲစောင်းလျားသီးတွေအများကြီး စိုက်ထားသည်ဖြစ်၍ အများအပြားခူးဆွတ်ခဲ့ကာ ပန်းကန်ပေါင်းများစွာ ကြော်ထားခဲ့သည်။
စားပွဲကြီးပေါ်ရှိ ဟင်းပွဲတွေအားလုံး အပြောင်ရှင်းခံလိုက်ရကာ ဘန်းမုန့်ပေါင်းကြီးတွေတောင် မကျန်ခဲ့ပါချေ။
အရမ်းစားလို့ကောင်းတာပဲဟေ့။
လုကျုံးရီ စားသောက်ပြီးတဲ့နောက် ပျော်ရွှင်သလိုရော စိတ်မသက်သာသလိုပါ တစ်ပြိုင်နက်တည်း ခံစားခဲ့ရသည်။ မူလက သူ့သားငယ်လေးဟာ တောင်ဘက်ရှိ ကျွန်းငယ်လေးတစ်ကျွန်းပေါ်မှာ ဒုက္ခခံနေရတယ်လို့ သူထင်နေခဲ့သော်ငြား သူတွေ့ရှိခဲ့ရသည်မှာ ဒီသားဟာ ချောမောလှပတဲ့ ဇနီးသည်ကို ပိုင်ဆိုင်ထားသည့်အပြင် သူမက အချက်အပြုတ်လည်း ကျွမ်းကျင်နေသေး၏။ အဓိကအချက်ကတော့ သူမစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေက ချိုမြနေတာပဲ!
အနံ့လေးမွှေးသလို ချိုလည်းချိုတယ်!! ထမင်းစားပြီးသည်နှင့် သူတို့အားလုံး ရေဆေးထားတဲ့ ခရမ်းချဥ်သီးသေးသေးလေးတွေကို မြည်းကြည့်ခဲ့ရ၏။
သူတို့နှစ်ယောက်ဟာ သားအဖတွေ ဆိုတာ ထင်ရှားနေပါရက်နဲ့ သူတို့ရဲ့ ဇနီးသည်တွေက ဘာလို့ ဒီလောက်တောင် ကွာခြားနေခဲ့ရတာတုန်းကွာ?
လုကျုံးရီ သခွားသီးသေးသေးတစ်လုံးကို ရေဆေးလိုက်ပြီး စားကြည့်လိုက်ရာ သူ့ချွေးမလေး စိုက်ပျိုးထားတဲ့ သခွားသီးတွေကလည်း အလွန်ချိုမြိန်ပြီး အရည်ရွှမ်းကာ ထူးထူးခြားခြားပင် အရသာရှိနေကြောင်း တွေ့ရှိခဲ့ရသည်။
ဆောင်းရာသီတွင် ဟင်းရွက်ချဥ်တွေချည်း စားရတာနှင့်ယှဥ်ပါက လတ်ဆတ်နူးညံ့တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ပို၍ပင် အရသာရှိလေ၏။
လောင်လု၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က ခြံထဲရှိ ကောက်ရိုးထီးအောက်တွင် ထိုင်ကာ လေကောင်းလေသန့်ရှုနေကြသည်။
လောင်လုက သက်ပြင်းချလျက် ဝမ်းနည်းစွာဖြင့် "အတိတ်တုန်းက နေ့ရက်တွေကို ပြန်သတိရမိတယ်ကွာ"
"ငါ့သားအငယ်ဆုံးက အိမ်ထောင်ပြုပြီးသွားခဲ့ပြီ။ ငါကတော့ တကယ်ပဲ အသက်ကြီးလာခဲ့ပြီကွာ၊ အသက်ကြီးလာပြီ..."
"အင်းလေ..."
လောင်ဝမ်က သူ့ကို အလျင်စလို တားမြစ်လိုက်ကာ "လာဟန်ဆောင်မနေနဲ့ကွ။ မင်း ငါ့ကို မနာလိုဖြစ်စေချင်ရုံပဲမလား၊ ငါဘယ်တော့မှ မဖြစ်ဘူးကွ!"
ယင်းသည်ကား ရဲဘော်လောင်ဝမ်ရဲ့ နောက်ဆုံးသောခေါင်းမာမှုပင်။
လုကျုံးရီ ခါးသီးစွာဖြင့် "…" ငါလည်း ငါ့သားကို မနာလိုဘူးကွ။
***
ထိုညတွင် ဧည့်သည်အားလုံး အိမ်မှာတည်းခဲ့ကြ၏။ သူတို့အိမ်က လုံလုံလောက်လောက်ကျယ်ဝန်းသလို အရင်ကတည်းက အိပ်ရာအပိုတွေရှိလေသည်။ အရမ်းမအေးတဲ့အတွက် စောင်တောင်မလိုပါချေ။ သူတို့ဝတ်ထားတဲ့ စစ်အင်္ကျီတွေကိုပဲ အသုံးပြုခဲ့ကြသည်။
ယခုအချိန်မှာ လူနာ၁၂လမြောက်နှင့် ဆောင်းရာသီဖြစ်သည်မှာ သိသာထင်ရှားလေသည်!
ချင်းရို့ ကုတင်ပေါ်မှာ လဲလျောင်းနေကာ လုယန်က ကုတင်ပေါ်တက်ကာ သူမအား သူ့ရင်ခွင်ထဲ ထည့်လိုက်လေ၏။ ချင်းရို့က စားသောက်နေစဥ်အတွင်း သူတို့အားလုံး ဘန်းမုန့်ပေါင်းကြီးတွေကို သေသပ်စွာ စားသောက်နေကြတာကို ပြန်လည်တွေးနေမိဆဲ။
ထို့နောက် နောက်ထပ်ဝမ်းနည်းစရာကောင်းတဲ့အချက်တစ်ခုသည်ကား - သူမက မိသားစုထဲမှာ အရပ်အပုဆုံးပဲ! အပုဆုံးတဲ့!
(Me: မတတ်နိုင်ဘူး ရုတ်တရက်ကြီးရယ်ချင်လာလို့ 😆😆)
လုယန် မိဘတွေရဲ့ အရပ်အမြင့်ကို ပြန်တွေးကြည့်ပါက သူ့ရဲ့မောင်နှမတွေဟာလည်း အရပ်ပုလိမ့်မည်မဟုတ်ကြောင်း မှန်းဆနိုင်လေ၏။ နောက်ပြီးတော့ သူ့ရဲ့ဒုတိယမရီးဆိုလည်း... ဒီတော့ သူမက မိသားစုထဲမှာ အပုဆုံးပေါ့၊ ငှက်ငယ်လေးလိုမျိုး သေးသွယ်ပြီး နူးညံ့လှပတဲ့ အိတ်ကပ်အရွယ်လေးပေါ့လေ။
ယောက္ခမကျန်းဖျင်ကလည်း နောက်ကျရင် မိသားစုဓာတ်ပုံအတူတူရိုက်ကြမယ်လို့ အဆိုပြုလာခဲ့ရာ သူမကတော့ မိသားစုထဲမှာ အရပ်အပုဆုံးဖြစ်နေတော့မှာပဲနော်။
အနာဂတ်မှာရော သူမက အရပ်အပုဆုံးဖြစ်နေဦးမှာပဲလား?!
ချင်းရို့ ရုတ်တရက် စကားတစ်ခွန်းကို သတိရမိသွား၏။ "ဒီမိသားစုကို ခွဲပစ်ဖို့ ငါ ဒီမှာရှိနေတာမဟုတ်ပါဘူး။ ဒီမိသားစုထဲဝင်ဖို့ ရောက်နေတာပါ"
လုယန်: "...?"
***
နောက်တစ်နေ့တွင် လုယန်မိဘတွေ၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က ချုံကျိုးကျွန်းတစ်ဝိုက် လှည့်လည်သွားလာနေခဲ့ကြသည်။ သူတို့က အနှီတောင်ဘက်ကျွန်းငယ်လေးရဲ့ ဓလေ့ထုံးတမ်းများနှင့် ရင်းနှီးလာခဲ့ကြပြီ။ ဒီနေရာက ဆောင်းရာသီဟာ အလွန်သက်တောင့်သက်သာရှိလေရဲ့။
"နှင်းမကျရင်လည်း ကိစ္စမရှိဘူး။ ဒီလိုမျိုး ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူလေးတွေရှိနေတာကပဲ တကယ့်ကို အဆင်ပြေနေပြီ"
"ပြန်တောင်မပြန်ချင်တော့ဘူးကွာ"
…
လုယန်အိမ်မှာ ဓာတ်ပုံများစွာကို မြင်နေခဲ့ရလို့ ဧည့်သည်တွေလည်း လှုံ့ဆော်ခံလိုက်ရသလိုပင်။ သူတို့က ကင်မရာငှားနိုင်မလားလို့ လုယန်အား မေးမြန်းခဲ့ကြပြီး လူအိုကြီးစုံတွဲတွေလည်း ဓာတ်ပုံရိုက်ချင်ခဲ့ကြသည်။
ဓါတ်ပုံရိုက်ရတာဟာ တကယ့်ကိုပဲ စွဲလန်းစရာပင်။ ဒီအငြိမ်းစားရဲဘော်တွေမှာ ကိုယ်ပိုင်ပင်စင်ငွေတွေရှိကြသဖြင့် ပိုက်ဆံပြတ်လတ်တာမျိုးမရှိသလို တခြားသော ပိုက်ဆံဖြုန်းတဲ့ဝါသနာတွေလည်းမရှိခဲ့ပါချေ။
အခုတော့ သူတို့ ပိုက်ဆံသုံးဖို့ နည်းလမ်းတစ်ခု ရှာတွေ့သွားချေပြီ။
ဓာတ်ပုံရိုက်မယ်! သူတို့ ကင်မရာတစ်လုံး ဝယ်ချင်တယ်!
လုကျုံးရီက ဝမ်းသာအားရဖြစ်နေလျက်။ သူ့အသက်အရွယ်အရဆို သူ့သားနဲ့ ချွေးမလေးတို့ထက် ဓာတ်ပုံတွေ ပိုများများရှိချင်နေခဲ့သည်။
လူတွေက ဓာတ်ပုံရိုက်ရတာကို စတင်စွဲလန်းလာသည်နှင့်အမျှ ထိန်းချုပ်လို့မရနိုင်တော့။ လူအိုစုံတွံနှစ်တွဲဟာ သင်ယူရာတွင် အလွန်ကောင်းမွန်ကြ၏။ သူတို့က ကိုးကားဖို့အတွက် လုယန်နှင့် ချင်းရို့တို့ရဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို အထူးတောင်းဆိုခဲ့ကြသဖြင့် ချင်းရို့လည်း မငြင်းနိုင်တော့ဘဲ သူမရဲ့ယောက္ခမတွေကို ဓာတ်ပုံအယ်လ်ဘမ်ပေးလိုက်ရလေ၏။
ချင်းရို့က လုယန်ရဲ့ ခန္ဓာကိုယ်နှင့် ပုံပန်းအသွင်အပြင်ကို အထူးနှစ်သက်လေ၏။ လုယန် အိမ်မှာမရှိတဲ့အခါ ညဘက်တွင် သူမရဲ့ ပျင်းရိငြီးငွေ့မှုကို ပြေပျောက်စေဖို့အတွက် လုယန်ရဲ့ ဓာတ်ပုံတွေကို ကြည့်လေ့ရှိသည်။ ဒီလိုနဲ့ပဲ လုယန်အိမ်မှာမရှိရင်တောင်မှ သူ့ဓာတ်ပုံများစွာကို နေရာတိုင်းမှာ တွေ့နိုင်လေရဲ့။
ချင်းရို့က သူမရဲ့ မပြောပြနိုင်တဲ့ အတွေးဆန္ဒတွေကို ကျေနပ်စေရန်အလို့ငှာ လုယန်အား သေချာပြင်ဆင်ခိုင်းကာ သူ့ရဲ့ချောမောလှတဲ့ ဓာတ်ပုံများစွာကို ရိုက်ယူခဲ့လေသည်။
ရလဒ်အနေဖြင့် လောင်လု၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က လုယန်ရဲ့ ဓာတ်ပုံကို ကြည့်ကာ "ဒါပဲ၊ ရှောင်ချင်းရေ ငါ့အတွက်လည်း ဒီလိုမျိုးရိုက်ပေး"
ချင်းရို့: "..."
ဒါက နည်းနည်းတော့ ခက်ခဲတယ်လေနော်။ လူတိုင်းက ဒီလိုပို့စ်မျိုးနဲ့ ကြည့်ကောင်းမှာ မဟုတ်ဘူးလေ။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကောင်းပါပြီ..."
သို့သော် ဒါဟာ လူကြီးတွေရဲ့ တောင်းဆိုချက်ဖြစ်နေတာကြောင့် သူမ ဘယ်လိုငြင်းနိုင်မလဲနော်? ချင်းရို့လည်း သူတို့အား ဓာတ်ပုံရိုက်ဖို့ ကူညီပေးရုံပေါ့လေ။
ကျန်းဖျင်နှင့် လောင်ဝမ်မိန်းမတို့က ထိုမြင်ကွင်းကို ဘေးကနေ ကြည့်နေခဲ့ကြကာ သည်းမခံနိုင်တော့သဖြင့် "ရှောင်ချင်းကို သွားမရှုပ်ကြပါနဲ့။ သူမက ကိုယ်ဝန်ဆောင်နော် ဓာတ်ပုံရိုက်ချင်ရင် ကိုယ့်ဘာသာရိုက်ကြလေ"
"ရှောင်ချင်းရေ မားကို ဒန်းပေါ်မှာ နှစ်ပုံလောက်ရိုက်ပေးပါဦး"
လောင်လု၊ လောင်ဝမ်၊ လောင်ဟယ်: "…"
Thanks for reading!