Chapter 59
Viewers 6k

🧝Chapter 59




အိမ်တက်ထမင်းကျွေးပြီး နောက်တစ်နေ့တွင် မြောင်ဟယ် နိုးလာပြီးနောက် ခန်းမထဲတွင် သာ့ပိုင်က သေတ္တာထဲမှ ခွေးလေးကောင်ကို ပြေးတက်ဖိသည်ကို​တွေ့ရလေသည်။ ခွေးပေါက်လေးတွေက သာ့ပိုင်၏ဗိုက်အောက်မှာ အိပ်ပျော်နေတုန်းပင်...


"သာ့ပိုင် မင်းခွေးမလိုချင်ဘူးလား"


ကြောင်နက်လေး (အထီး) က သူ၏ အစိမ်းဖျော့ဖျော့ တရုတ်ဇီးသီး​မျက်လုံးများဖြင့် နားမလည်နိုင်စွာ ပြန်ကြည့်သည်။


မဟုတ်ဘူးလား မြောင်... အခု သူတို့က ရှင်ဘုရင်ရဲ့ခြေ​တော်ရင်းမှာ လက်နက်ချ​နေကြပြီလေ...


မြောင်ဟယ်က ကြောင်နက်ကလေး၏ ခေါင်းကို ပွတ်​ပေးလိုက်​သည်။ 


ထို့နောက် သူတစ်စုံတစ်ယောက်ကိုရှာရန် အပြင်ထွက်လာခဲ့သည်။


ရန်သာ့လန်က ဟင်းသီးဟင်းရွက်ခင်းထဲ၌ ချွေးတလုံးလုံးဖြင့် ဟင်းသီးဟင်းရွက်တွေခူးနေသည် ။သည်ကနေ့က အသီးအရွက်တွေ ပို့ပေးရမည့်နေ့ဖြစ်၏။


ရန်သာ့လန်၏ ယနေ့စတင်မည့် "သင်တန်းအသစ်" ကိုတွေးတောရင်း မြောင်ဟယ် အမြန်ပြန်သွားကာ သန့်ရှင်းသောအဝတ်အစားများပြင်ဆင်​ပြီး တစ်ဖက်လူကိုယ်လက်ဆေးကြောမည်ကိုစောင့်နေလိုက်သည်။ထို့နောက် မီးဖိုသို့သွားကာ လှည့်ပတ်ကြည့်လိုက်သောအခါ ဘာမှ သိပ်မကျန်တော့သည်ကို တွေ့လိုက်ရသောကြောင့် မုန်လာဥခြောက်နှင့် ကြက်ဥတို့နှင့် ထမင်းလုံးခပ်ကြီး​ကြီးအနည်းငယ်ကို လုပ်ရန် ဆုံးဖြတ်လိုက်သည်။


တစ်နေ့လုံး အပြင်မှာ နေရမှာဖြစ်၍ ကောင်းကောင်းစားရန်လိုသည်။


မြောင်ဟယ်က သူ့အင်္ကျီလက်ကို လှန်တင်လိုက်ပြီး ထမင်းကို နယ်လိုက်သည်။အဒေါ်ရန် အချည်တည်နည်း သင်ပေးထားသော မုန်လာဥခြောက်ကို မနှောင့်နှေးဘဲ လှီးဖြတ်လိုက်​ပြီး မွှေးလာသည်အထိဆီပူလှိမ့်လိုက်သည်။ ထမင်းလုံးထဲကို အသားမျှင်ထည့်လျှင် ပိုကောင်းပေမဲ့ သူ့မှာအရန်သင့်ဘာမှရှိမနေပေ။မြောင်ဟယ် ၎င်းကိုစဉ်းစားပြီး ဝက်ပေါင်ခြောက်အကျန်တွေကို သုံးလိုက်သည်။၎င်းတို့ကို အတုံးတုံးကာ ကြက်ဥမွှေကြော်ထဲထည့်ပြီး ထမင်းထဲထည့်လုံးလိုက်သည်။


ဤအိတ်ထဲတွင် ခြောက်ခုပါရှိသည်။နေ့လည်စာအတွက်နှစ်ခု ယူပြီး မနေ့ကကျန်သည့် ကြာရွက်နှင့်ထုပ်ထားလိုက်သည်။မနက်စာအတွက် လေးခု စားမှာ​ဖြစ်၏။ ယခု သူက ရန်သာ့လန်စားသလောက်စားနိုင်သည်။ရန်သာ့လန် နှစ်ခု သူလည်း နှစ်ခုဖြစ်သည်။


အားလုံးပြီးသွားသည့်အခါ ရန်သာ့လန်ကလည်းအသီးအရွက်တွေကိုထုပ်ပိုးလိုက်သည်။မြောင်ဟယ် မီးဖိုထဲက ခေါင်းထွက်ပြီး အော်လိုက်သည်။

"သွား ရေချိုးချေတော့...ကျွန်တော်ခင်ဗျားအတွက် အဝတ်အစားတွေ ပြင်ထားပြီးပြီ"


ရန်သာ့လန် မူလက ချွေးတွေကို ပဝါဖြင့် သုတ်လိုက်သော်လည်း ထိုစကားကြားသောအခါ ရေချိုးခန်းသို့ သွားလိုက်သည်။


ရေချိုးပြီးနောက် ပင်မအခန်းကိုပြန်လာခဲ့ပြီး မြောင်ဟယ်ကလည်း မနက်စာပြင်ဆင်ပေးသည်။

"ဒီအိတ်က ခင်ဗျားအတွက် ဘန်တို(bento)...ထမင်းလုံးနှစ်လုံးပါတယ်...နေ့လည်ကျ ဗိုက်ဆာရင် စားလိုက်"


"ဘန်တို..."


"အာ...ထမင်းအိတ်လို့ပြောတာ"


ရန်သာ့လန်က မျက်ခုံးပင့်လိုက်​လေသည်။မြောင်ဟယ် ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်၏။


"စကားမစပ် အိမ်မှာ အသားတွေ ကုန်လုနီးပါးဖြစ်နေပြီ...ရှောင်မောင်တို့တွေက အရိုးစွပ်ပြုတ်တွေ ပြုတ်တိုက်လို့ရတယ် သူတို့က သာ့ပိုင်အတိုင်း အမြဲတမ်း လိုက်သက်သတ်လွတ်မစားနိုင်ဘူးလေ... ဒီနေ့ ဝယ်လာဖို့ မမေ့နဲ့"


ရှောင်မောင်တို့တတွေက မိသားစု၏ အဖွဲ့ဝင်အသစ်များဖြစ်သည်။ရှောင်မောင်၊အားမောင်၊စန်းမောင်၊စစ်မောင်...ဘယ်လောက် ခေါ်လို့ကောင်းလိုက်သလဲ...မြောင်ကျွယ်က ခွေးမျိုးစိတ်များကို အလွန်ကြီး မလေ့လာဖူးသောကြောင့် အနှီအညိုရောင်ဖျော့ဖျော့ အမွှေးပွပွ ဖက်ထုပ်လုံးလေးလုံးကို ဘာမျိုးစိတ်မှန်းမသိပေ။နောင်တွင်၊ သူတို့က အမဲလိုက်ရာနှင့်အိမ်စောင့်ရာတွင် ကြီးစွာအကူအညီ​ပေးမည့် ချောင်ချောင်( Chow Chow)ခွေးပေါက်လေးများဖြစ်လာမည်ဖြစ်သည်။​ချောင်​ချောင်ခွေးလေးတွေက အလွန်ချစ်စဖွယ်ကောင်းပြီး ရိုးသားသဖြင့် မြောင်ဟယ် ၎င်းတို့ကို အလှမွေးတိရစ္ဆာန်အဖြစ် မတော်တဆ ​​မွေးမိခဲ့သည်။


"ကောင်းပြီ" 


ရန်သာ့လန်က ထမင်းဆုပ်ကို ကိုက်လိုက်သည်။ ချိုမြိန်​ပြီး ကြွတ်ဆတ် မုန်လာဥခြောက်ကို ထမင်း​ပျော့​ပျော့နှင့် ရောစပ်ထားပြီး ဝါးလိုက်လျှင် "တဂျောက်ဂျောက်"နှင့်ဖြစ်၏။ယင်းက ဝက်ပေါင်ခြောက် နှင့် ကြက်ဥတို့ရနံ့များဖြင့် ရောစပ်ပြီး အငန်ရော အချိုရော ရောကာ အရသာက အလွန်ကောင်းမွန်​လေသည်။ တစ်ကိုက်ကိုက်ပြီးပြီးချင်းမှာပဲ အကိုက်ကြီးကြီးတွေနောက်ကလိုက်ပါလာတော့သည်။


မြောင်ဟယ်က ရှောင်မောင်တို့တတွေအတွက် ထမင်းပန်းကန်လုံးလေးတွေအဖြစ်သုံးရန် ပန်းကန်လုံးသေးသေးလေးလေးလုံးလည်းလိုကြောင်းပြောရင်း တက်ကြွစွာ မှာကြားနေသည်။ မှတ်မိနိုင်စေရန်အတွက် ၎င်းတို့၏လည်ပင်းတွင် ရောင်စုံဖဲကြိုးလေးများဖြင့် ချည်နှောင်ထားခြင်းက ပိုကောင်းမည်ဖြစ်ပြီး၊ထိုသို့ဆိုလျှင် တခြားသူများက ပိုင်ရှင်မရှိသော ခွေးများအဖြစ် အထင်လွဲ​ပြီး ဆွဲသွား​တော့မည်မဟုတ်ပေ။ 


ရန်သာ့လန်က တုံ့ပြန်လိုက်ပြီး မြောင်ဟယ်က အစားအသောက်တွေပို့ပေးပြီးလျှင် ကိုယ့်ကိုကိုယ်သပ်သပ်ရပ်သပ်ရပ်​ပြန်လုပ်ရမည်ဟုရေရွတ်ရင်း သူ့ခြင်းတောင်းထဲကို ထမင်းအိတ်၊ ရေဘူးနှင့် မျက်နှာသုတ်ပုဝါတွေ ထိုးထည့်ပေးသည်ကိုခွင့်ပြုပေးလိုက်သည်။ အပြင်လူတွေက ချွေးတရွှဲရွှဲနှင့်မြင်လျှင် ခင်ဗျားကို အထင်အ​မြင်​သေးပြီး အနိုင်ကျင့်လိမ့်မည်ဟုလည်းသူကဆို၏။


"ဒီနေ့ ဦးလေးမာရဲ့လှည်းနဲ့ လိုက်ပါလား"

မြောင်ဟယ် မ​နေနိုင်ဘဲပြောလိုက်သည်။


"မလိုဘူး" 

ရန်သာ့လန် ကောလေး၏ မျက်နှာဝိုင်းဝိုင်းလေးကို ထိပြီးပြောလိုက်၏။


"အိမ်မှာ သတိထားနော်" 


သူ မူလက ဒုတိယအဒေါ်ကို အိမ်လာ​ပြီး မြောင်ဟယ်ကိုအဖော်လုပ်ခိုင်းချင်ခဲ့သည်။သို့​ပေမဲ့မြောင်ဟယ်က သူလာလျှင် ပဲတီစိမ်းစေ့တွေကို ရှီရန်နှင့်ကြီးထွားစေနိုင်မှာမဟုတ်၊ အဆင်မပြေဖြစ်လိမ့်မည်ဟုဆိုသည့်အတွက် သူလက်လျှော့လိုက်သည်။


မြောင်ဟယ်က နှာခေါင်းရှုံ့လိုက်၏။

"အိမ်မှာနေတာ ဘာဖြစ်နိုင်မှာလဲ... စိတ်မပူပါနဲ့"


ဘယ်အချိန်က သည်လိုပြော​နေ​ကြမှန်း မသိပေမဲ့ အခုနောက်ပိုင်း အပြင်ဘက်မှာ ကောလာဟလတွေ အများကြီး ထွက်နေသည်။


တစ်ချို့လူတွေက အပြာရောင်အုတ်ကြွပ်မိုးအိမ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်မျက်စိနှင့် မြင်ချင်​နေကြသည်။


***


စမ်းချောင်းဘေး


"ဟေ့ မနေ့ကအကြောင်း ကြား​ပြီး​ပြီလား"


"မနေ့ ကလား...လူကြီးမြောင် ရဲ့ အိမ်ကို ဝိုင်သောက်ဖို့အဖိတ်ခံရတာ... ငါလည်း သွားတယ်...အရမ်းလူစည်တာ... တို့ဟူးနှောင်းတွေလည်း ရှိတယ်

...ပဲပိစပ်ကနေ ဒီလောက် နူးညံ့အိတုံနေတဲ့ ဟင်းကို လုပ်နိုင်မယ်လို့ မမျှော်လင့်ထားဘူး...အရမ်းစျေးကြီးတာ အံ့သြစရာမရှိဘူးပဲ...ဒါပေမဲ့ အရသာက နည်းနည်းဖွယ်တယ်(ပေါ့တယ်)"


"ဘာတွေပေါ့နေတာလဲ... သူ့တို့ဟူး​နှောင်းကို ဘယ်သူက ဂရုစိုက်လို့လဲ...နင် မသိလို့ မနေ့က လူကြီးမင်းမြောင်တို့ အိမ်မှာ စားပြီးတော့ တစ်ယောက်က ရန်သာ့လန်တို့ ခြံစည်းရိုး​ရှေ့ကို သွားပြီး စောင့်နေခဲ့တယ်... ​​ရလဒ်အနေနဲ့ နေဝင်ရီတရောအချိန်မှာ တကယ်ကြီး မြောင်မိသားစုကဖြတ်သွားတဲ့ ရထားလုံးအကုန်လုံးကရန်သာ့လန်တို့အိမ်ကနေထွက်လာတာတဲ့...​အ စီးရေ တစ်ဒါဇင်လောက်ကတော့ ပြေးမလွတ်ဘူး...ရန်သာ့လန် အထဲမှာဘယ်သူ့ကိုဖိတ်ထားလဲမသိဘူး"


အဒေါ်ဖန် အံ့သြသွားသည်။

"တကယ်လား အဲဒီလှည်းတွေက ရန်သာ့လန်တို့အိမ်ကို တကယ်သွားတာလား"


"ဒါက တဆင့်စကားပဲရှိသေးတယ်... တစ်ယောက်က ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်တပ်တပ်မြင်လိုက်တာတဲ့"

သတင်းဖြန့်​ဝေသည့် အဒေါ်ကျင်းက မေးမေ့ကာဆို၏။


"အရင်က ရုံကောအာ စမ်းချောင်းကို အဝတ်လာလျှော်တော့ ငါသူ့ကို

မေးကြည့်တာ... နင်သိလား... သူဘာ​​ပြောလဲမှတ်... ရန်သာ့လန်တို့အိမ်သစ်က အပြာရောင်အုတ်​ကြွပ်မိုးအိမ်ကြီတဲ့"


"အပြာ​ရောင်အုတ်ကြွပ်မိုးအိမ်... တကယ်​ကြီးလား...ငွေဘယ်လောက်ကုန်လဲမသိ...ရန်သာ့လန်က မြေအလုခံရချိန်တုန်းက ဘာမှပြန်မပြောခဲ့တာ အံ့သြစရာမဟုတ်ဘူးပဲ...သူ့မိသားစုက သေချာပေါက်ချမ်းသာလို့ပဲ"


"ဟုတ်တယ်...ငါတကယ်မသိခဲ့ဘူး...စဉ်းစားကြည့်...ရန်သာ့လန်ရဲ့ ကံကောင်းမှုတွေက တစ်ခုပြီးတစ်ခုပေါ်လာတယ်...ဟယ်ကောအာရဲ့ယောကျ်ားက ချမ်းသာမှန်း​အရင်ကဘယ်သူမှမပြောခဲ့​ကြဘူး... ငါတော့အမှန်လို့ထင်တယ်... ဟယ်​ကောအာရဲ့အ​မေတို့မိသားစုကဘာ​တွေ​တွေး​နေ​ကြလဲမသိဘူး...မနေ့က သူတို့အားလုံး လူကြီးမင်းမြောင်ရဲ့ဧည့်ခံပွဲမှာရှိနေခဲ့ကြတာ...သူတို့ ဟယ်ကောအာတို့ အိမ်မှာ အိမ်တက်ထမင်း သွားမစားခဲ့​လောက်ဘူး"


အဒေါ်ဖန်က စကားချိုသူ​ဖြစ်သည်။

"နင်ပြောမှပဲ...ငါ​မနေ့က သူတို့နဲ့ တစ်စားပွဲထဲ ထိုင်တာ ဟယ်​ကောအာရဲ့အမေနဲ့ ဒုတိယအဒေါ် နှစ်ယောက်စလုံးက ကလေးကိုပါခေါ်ပြီးလာတယ်... ဒုတိယအဒေါ်ကဆို ပဲပိစပ် ဘယ်လောက်ရောင်းရကြောင်းတောင် ပြော​သေးတယ်...အလုပ်ရုံမှာ ဒီအကြောင်းပြချက်ကိုသုံးပြီး တို့ဟူး​နှောင်းတစ်ခွက် ထပ်တောင်းလိုက်သေးတယ်"


"ဟေ့ အမေဘက်ကမိသားစုက တစ်ယောက်မှ မလာဘူး...တကယ်မျက်နှာပျက်စရာ... ငါသာရန်သာ့လန်ဆိုရင် လမ်းမှာ​တောင်မတွေ့ချင်—" 

ထိုနေရာသို့အရောက်တွင် အဒေါ်ကျင်းက ရုတ်တရက် ရပ်သွားသည်။


မြောင်ဟယ်၏ဒုတိယအဒေါ်ကျန်းမြန်က ညစ်ပတ်နေ​သောအဝတ်အစားတစ်ဇလုံကိုကိုင်ကာ အဝေးမှလာနေသည်ကို တွေ့လိုက်၏။


သူမကလည်း ဤအချိန်မှာ စမ်းချောင်းကို အဝတ်​လျှော်လာရသည်ကို ကြိုက်သည်၊ နေကလည်း သိပ်မပူသဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။စမ်းချောင်းဘေးက အဒေါ်နှစ်ယောက်က သူမကို လှမ်းကြည့်နေပြီး အဝေးကနေ တစ်ယောက်ယောက်က သူမကို ပြုံးပြနေသည်ကိုမြင်ပြီး ကျန်းမြန် အနည်းငယ် ထူးဆန်းသလိုခံစားရသည်။


"အဒေါ်နှစ်ယောက်လည်း ဒီကိုအဝတ်လျှော်ဖို့လာတယ်...အားလုံးက ဘာလို့ ငါ့ကိုကြည့်နေကြတာလဲ... တစ်ခုခုမှားနေလို့လား"



အဒေါ်ကျင်းက ပွဲကြည့်နေဟန်ဖြင့်ဆိုသည်။

"အဒေါ်မြန်ကို မေးချင်နေတာ... မနေ့က အိမ်တက်ထမင်းစားဖို့ ရန်သာ့လန်တို့အိမ်ကို သွား​သေးလား"


ကျန်းမြန်က ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်ပြီးဆိုသည်။

"မနေ့ကလား...မနေ့က ငါတို့တစ်မိသားစုလုံး လူကြီးမင်းမြောင် ရဲ့ ဧည့်ခံပွဲကို သွားတာလေ... ဘယ်မှာ အားမှာလဲ...အ​ဒေါ်ဖန် ငါတို့ အတူတူ တစ်စားပွဲထဲမှာထိုင်ခဲ့ကြတာလေ"


အ​ဒေါ်ဖန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး အဒေါ်ကျင်းကဆို​လေသည်။ 

"ဘာပဲဖြစ်ဖြစ် ​ရန်သာ့လန်က နင့်ရဲ့တူသမက်ပဲ မဟုတ်ဘူးလား...သူဖိတ်ထားတဲ့ အိမ်တက်ထမင်းကို သွားမစားရင် မျက်နှာသာမ​ပေးရာကျလွန်းတယ်မဟုတ်လား"


ကျန်းမြန်က ၎င်းကိုကြားသောအခါ နှာခေါင်းရှုံ့၏။


"မျက်နှာလား... မျက်နှာနဲ့ပတ်သတ်ပြီး ပြောရရင် သာ့လန်တို့မိသားစုက လူကြီးမင်မြောင်တို့ မိသားစုထက် မျက်နှာ ပိုကြီးနိုင်ပါ့မလား...ပြီးတော့ ဟယ်ကောအာကို လက်ထပ်တုန်းက ရန်သာ့လန်ပေးတဲ့လက်ဆောင်က တကယ်ကိုပါးစပ်ထဲထည့်ပြောလောက်အောင်မရှိဘူး...ဟိုတလောက တောင်ရတော့လည်း တောင်ပေါ် ကအသီးအနှံတွေတောင် ပြန်မသယ်လာဘူး...ဒီမျက်နှာသာက သူပေးသလောက် ကိုယ်ပြန်ပေးတာလေ...ဘယ်သူက အပြစ်တင်လို့ ရမှာလဲ"


ဤသည်က တကယ့်ကို ဘက်လိုက်မှုပင်။ သတို့သမီးကြေးကို မူလက မြောင်ဟယ်တို့မိသားစုက ပထမနေရာမှာထား လက်ခံထားပေမဲ့ ယခု မတတ်နိုင်ဘူး၊မရဘူးဘာညာပြောနေသည်က ကိုယ့်စကားကိုယ်​ပြန်ရုန်သိမ်းသည့် သဘော သက်ရောက်နေပေသည်။တောင်ပေါ်ထွက်ပစ္စည်းနှင့် ပတ်သက်ပြီးမူ ကျန်းမြန်က ၎င်းကိုထည့်မပြောခဲ့ပါချေ။ရန်သာ့လန် ဒဏ်ရာရပြီး နာလန်ထူအောင်အားမွေးနေချိန်မှာ မြောင်ဟယ်တို့ မိသားစုက သူ့ဆီ တစ်ခေါက်မှလူမမာလာမမေးဖူးပါ​ချေ။သေချာ​သည်ပင်၊ ပိုက်ဆံတောင်းရန်သွားသူများကိုလည်း ထည့်မတွက်ထားပါချေ။


သို့ပေမဲ့ အဒေါ်ကျင်းကလည်း တကယ်ကို တစ်ဖက်အားစိတ်မပျော်အောင်လုပ် ချင်နေသည်။


"မအံဩတော့ပါဘူး...ခုနကပဲပြောနေတာ... ဒီရန်သာ့လန်က အပြာရောင် အုတ်​ကြွပ်မိုးအိမ်ကြီးမှာ နေတာကို ဘာလို့ မြောင်ဟယ်တို့ မိသားစုက ဒီအိမ်တက်ထမင်းကျွေးမသွားရတာလဲဆိုပြီး ...လက်စသတ်တော့ ဒီအကြောင်းပြချက်တွေကြောင့်ကိုး"


"အပြာ​ရောင်အုတ်​ကြွပ်မိုးအိမ်..." 

ထိုစကားကိုကြားသောအခါ ကျန်း​မြန်အံ့ဩသွားသည်။


အဒေါ်ကျင်းက ပြုံးပြီးပြောသည်။ "ဟုတ်တယ်... မနေ့က ထမင်းသွားစားတဲ့ ရုံကောအာက သာ့လန်တို့ အိမ်အသစ်က အုတ်အပြာ​တွေနဲ့ ဆောက်ထားတာလို့ ပြန်လာ​တော့ပြောတယ်...ငါ နင့်ကိုမေးချင်နေတာ... မနေ့က ဘယ်လိုဖြစ်သွားတာလဲ"


ကျန်းမြန် မထိန်းနိုင်ဘဲ အသံကို​မြှင့်လိုက်မိသည်။ 

"နင်ဘာပြောလိုက်တာ...အုတ်အပြာတွေနဲ့ဆောက်ထားတာ..."


အဒေါ်ကျင်းက စကားပြောရန် ​ပြင်လိုက်သော်လည်း ကျန်း​မြန်၏ အမူအရာ ပြောင်းလဲသွား​ပြီး သူမပြန်ပြောသည်ကို မစောင့်ဘဲ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသည်။အဒေါ်ကျင်းက ပခုံးတွန့်ပြပြီး ခေါင်းကို လှည့်ကာ အ​ဒေါ်ဖန်ကိုဆိုသည်။

"ကြည့်ပါဦး အရင်ကကျ သူများကို အထင်သေးနေခဲ့ပြီး... အခုကျ သူများက သူ့ကို အကြွေးတင်နေတဲ့အတိုင်းပဲ"


အ​ဒေါ်ဖန်က အနည်းငယ် စိတ်ပူသွားသည်။

"ဒါဆို တစ်ခုခု ​ဖြစ်သွားမလား"


"အဆင်ပြေပါတယ်...အခုချိန်မှာ ရွာကလူတွေက စိတ်အားထက်သန်နေကြတာတအား... ဘယ်လိုပဲဖြစ်ဖြစ် သူတို့နားထဲကို အ​နှေးနဲ့အမြန်ရောက်သွားမှာပဲလေ..."


ထို​နောက်မှာကား အဒေါ်နှစ်ယောက်က သူတို့၏အဝတ်အစားတွေကို လျှော်ဖို့ စကားစမြည်ဆက်ပြောကြပေမဲ့ ကျန်း​မြန်ကမူ အိမ်ပြန်ခဲ့သည်။



အ​ပြာရောင်အုတ်​​ကြွပ်မိုးအိမ်...အဲဒါကို ဆောက်ဖို့ ငွေဘယ်လောက်ကုန်ကျလိုက်မလဲ...


ရန်သာ့လန်က ဒီလိုအိမ်မျိုးဆောက်ဖို့ ပိုက်ဆံတကယ်ရှိနေတယ်...ဘာလို့ ဟယ်ကောအာက အိမ်ကို ဘယ်တုန်းကမှ မပြောခဲ့တာလဲ...


အရမ်းကို တွက်ချက်တတ်တဲ့ လီကျောက်တိက အရင်က ဟယ်​ကောအာတို့အိမ်ကို တစ်ခေါက်နှစ်ခေါက် သွားဖူးတယ်... သူဘယ်လိုမှ မသိဘဲမနေ...


ခဏလေး မဟုတ်ဘူး...သူမသိလောက်ဘူး...


မဟုတ်ရင် သူ့စိတ်နဲ့ဆို ဟယ်ကောအာဆီက ဘယ်လိုလုပ် ပိုက်ဆံမတောင်းဘဲနေမှာလဲ...


ဟုတ်တယ်....


အခု​နောက်ပိုင်း အိမ်မှာ ကြက်သားဟင်းနံ့ကို ရပေမဲ့ ဘယ်ကမှန်းရှာမတွေ့ဘူး...


ဖြစ်နိုင်တာက...


ကျန်းမြန် အသက်ရှူကြပ်လာသည်။သူမအိမ်ပြန်ရောက်သောအခါ တစ်ခုခုမှားနေသလိုခံစားရသဖြင့် အသံကိုလျှော့ကာအသာလေးလျှောက်လာခဲ့သည်။


သူမ တံခါးကို တိတ်တဆိတ်ဖွင့်ကာ ခြံဝင်းအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာသည်။​ပြီး​နောက် တတိယမိသားစု၏အခန်းသို့ တိတ်တိတ်လေး သွားခဲ့သည်။


နှာခေါင်ရှုံ့ကာ အနံ့ခံကြည့်သောအခါ ကြက်စွတ်​ပြုတ်အနံ့ သင်းသင်းလေး တကယ်ရှိနေသည်။


ကောင်းပြီ (မြောင်လီ)လီကျောက်တိ... နင် ဘာပြောနိုင်ဦးမလဲ ငါကြည့်မယ်...


ကျန်းမြန် အသက်ပြင်းပြင်းရှူရင်း တံခါးကို ဆတ်ခနဲ ကန်ချလိုက်ပြီး တစ်ချိန်တည်းမှာပဲ အော်ခေါ်လိုက်သည်။


"တိမေ့ ရှိလား"


မျှော်လင့်ထားသလိုပင် အိမ်ထဲမှာ "အိုက်ယိုး..."ဆို​ပြီး သံထွက်လာသည်။ထို့နောက် ကြက်စွတ်​ပြုတ်နံ့ဖျော့ဖျော့ပါ သင်းပျံ့လာသည်။


ကျန်းမြန်က တစ်ခုခုကို ဖမ်းမိရန်ကြိုးစား​နေသလိုမျိူး အခန်းကိုပတ်ကြည့်သည်။

"ထူးဆန်းတယ် အခန်းထဲက ဘာအနံ့လဲ...တိမေ့ ဘာလုပ်နေတာလဲ"


လီကျောက်တိက မျက်နှာပေါ်တွင် မကျေနပ်ဟန်အမူအရာဖြင့် ထလာသည်။ 

"အားစောင်... ဘာလို့ တံခါးကိုကန်တာလဲ...ခေါ်ရင်ထွက်လာမှာပေါ့...ဒီလိုမျိုး ဝုန်းဝုန်းဒိုင်းဒိုင်းဝင်လာတော့ အထဲက ရှောင်ပေါင် လန့်သွားရင် ဘယ်လိုလုပ်မလဲ"


ကျန်းမြန် မျက်လုံးဝေ့ကြည့်လိုက်သော်လည်း စားပွဲပေါ်တွင် အပ်ချည်ဘူးကိုသာ မြင်လိုက်ရသည်။လီကျောက်တိက လက်ထဲတွင် အထည်တစ်စကိုလည်း ကိုင်ထားသည်။ ခုနက တံခါးကနေဝင်လာသံကြောင့် လန့်သွား၍လက်ကိုအပ်စူးသွားခြင်းဖြစ်မည်။ကြက်စွပ်ပြုတ်အနံ့ကိုရပေမဲ့ ခြေရာလက်ရာ မ​တွေ့ပေ။


ကျန်းမြန် စိတ်ထဲကနေ ကြိတ်ငြှိုးလိုက်ပြီး မျက်နှာပေါ်မှာမူ ပြုံး၍ပဲဆိုလိုက်သည်။

"တိမေ့ ဒီအားစောင်ကို ခွင့်လွှတ်ရမယ်နော်... သတင်းအကြီးကြီး ကြားလို့ နင့်ကိုလာပြောတာ"


"ဘာ ဘာသတင်းအကြီး​ကြီးလဲ" 


လီကျောက်တိ အပြစ်ရှိစိတ်ကိုဖုံးကွယ်လိုက်သည်။ ကံကောင်းထောက်မစွာ၊ သူမက ကြက်စွပ်ပြုတ်ချက်သည့်အခါတိုင်း တံခါးကို အမြဲအာရုံစိုက်နိုင်ခဲ့သည်။ တံခါးဝမှာ လှုပ်ရှားမှု​အသေးလေးရှိသည်နှင့် ပန်းကန်လုံးကို ချက်ချင်းဝှက်ထားလိုက်သည်။ကံကောင်းပေလို့ ကံကောင်းပေလို့ပဲ...တလက်စတည်း ပြောရဦးမည်၊သူမ၏ကြက်စွပ်ပြုတ်က အပြင်မှာ ချက်ပြီး အိမ်ထဲကို ခိုးသွင်းလာခြင်းဖြစ်သည်။


"ဟယ်​ကောအာနဲ့ ရန်သာ့လန်တို့ ဆောက်ထားတဲ့ အိမ်အသစ်လေ...လူတွေကပြောနေကြတာ...အိမ်သစ်က အပြာ​​ရောင်အုတ်တွေနဲ့ဆောက်ထားတာတဲ့...အမှန်သာဆိုရင် တကယ်ကောင်းတာပဲဟုတ်တယ်မလား"


"အမ်...အပြာရောင်အုတ်..."

လီကျောက်တိလည်း မျက်လုံးပြူးသွားလေသည်။