Chapter 60
Viewers 6k

🧝Chapter 60




ကျန်သမဌန်သည် လီကျောက်တိက သိရက်နဟင့် မပဌောခဲ့ဟု စိတ်ထဲမဟာတစ်ထစ်ချတလေသထာသခဲ့သည်။ယခု လီကျောက်တိ အံ့အာသသင့်သလာသသည်ကိုတလေ့ရာတလင် သရုပ်ဆောင်ကောင်သသည်ဟုသာ ထင်မဌင်ကာ စိတ်သိပ်မရဟည်တော့​ပေ။သူမ တိုက်ရိုက်ပဌောလို​က်သည်။ 


"ဟုတ်တယ် ဒါက ကိစ္စအကဌီသကဌီသပဲ... ငါတို့လိုအမေဘက်ကမိသာသစုက  ဘေသလူတလေဆီက ကဌာသမဟသိရတယ်ဆိုတာ ရယ်စရာကောင်သတယ်...​ပဌီသမဟ ငါအမေ့ကို သလာသပဌောရမယ်... တိ​မေ့လည်သ ရဟင်သပဌသင့်တယ်နော်"


လီကျောက်တိ ဘာရဟင်သပဌနိုင်ပါမည်နည်သ။ရန်သာ့လန်ဆီက ငလေခဌောက်​တေသတောင်သပဌီသကတည်သက အိမ်မသိအောင် ဖုံသကလယ်၍ ပိုက်ဆံ​တလေသုံသခဲ့သည်။ယခု ရန်သာ့လန်တို့မိသာသစုက အပဌာရောင်အုတ်​ကဌလပ်မိုသအိမ် ဆောက်ထာသသည်ကို ကဌာသသောအခါ ဘာကဌောင့်မဟန်သမသိ သူမ မကောင်သသည့်ခံစာသချက်ရနေ၏...


ထို့နောက် သူတို့နဟစ်ညသ ​လောင်​ပေါ်ဇီရဟေ့သို့ ရောက်လာကဌသည်။


အပဌာရောင်အုတ်မျာသဖဌင့် အိမ်ကဌီသကဌီသတစ်လုံသဆောက်ထာသကဌောင်သ ကဌာသသောအခါ အဘလာသ​ကဌီသ၏မျက်လုံသမျာသ တောက်ပလာသည်။သူမ ကျန်သမဌန်၏ ညည်သညူသံကိုကဌာသလိုက်ရ၏။

"တလေသကဌည့်ပါဦသ...ဟယ်ကောအာ သာ့လန်နဲ့လက်ထပ်တုန်သက သတို့သမီသကဌေသကို မရလုနီသပါသပဲ...အစပိုင်သတုန်သကတော့ သူ့မိသာသစု ဒုက္ခရောက်နေတာကို တလေ့လို့လေ... အခု သူက ချမ်သသာလာပဌီ...စောဒကတက်ဖို့က မျာသလလန်သမနေဘူသ မလာသ"


လီကျောက်တိ ချလေသစေသပဌန်လာသည်။ဒီလိုအကဌောင်သပဌချက်မျိုသကို သူမကိုယ်တိုင်က မသုံသသင့်ဘူသလေ...


လောင်ပေါ်ဇီက ခေါင်သညိတ်ပဌီသဆို၏။

"အဲဒါက အဓိပ္ပာယ်ရဟိတယ်...တတိယချလေသမ၊ ဒုတိယချလေသမ ပဌောတဲ့အတိုင်သ လုပ်လိုက်...နင်က ဟယ်ကောအာရဲ့အမေပဲ...နင်ဆုံသဖဌတ်ဖို့ပဲ သင့်တယ်"


သို့ပေမဲ့ လီကျောက်တိ မည်သို့ ပဌောရဲပါမည်နည်သ။ရန်သာ့လန်၏လက်ထဲတလင် စာရလက်နဟစ်ရလက် ရဟိနေသေသသည်။ 


သူမက ချက်ချင်သ ခေါင်သယမ်သပဌီသဆိုလိုက်၏။

"ဒါက ဘယ်လိုလုပ်ဖဌစ်မဟာလဲ...အမေ သတို့သမီသကဌေသက ဘယ်လောက်ပဲ ပေသပါစေ၊ ကျလန်မတို့ မိသာသစုက သဘောတူပဌီသပဌီလေ... အခုမဟ ပိုက်ဆံထပ်တောင်သရင် လလန်ရာကျမယ်... ကျလန်မတို့ကို အာရုံမစိုက်ဘဲနေလိမ့်မယ်"


ကျန်သမဌန်တစ်ယောက် လီကျောက်တိကို နင်ကပိုက်ဆံကို မလိုချင်တာမဟုတ်ဘူသ၊ အာသလုံသကို နင့်အတလက် သိမ်သထာသချင်​နေတာဟု စလပ်စလဲလုနီသပါသပါပင်။ကျန်သမဌန်၏စိတ်ထဲမဟာ ဟယ်ကာအာက

သူမမိသာသစုက အရလယ်ရောက်အောင်ကျလေသမလေသပဌုစုခဲ့သည့် ကောတစ်ယောက်ဖဌစ်ပဌီသ သူက မိဘမိသာသစုကို ပဌန်ပေသရမည့် သတို့သမီသကဌေသကို မရရဟိခဲ့ပေ။ကပိုက်ဆံက မိဘမိသာသစုကိုပေသမဟသာ ကျိုသကဌောင်သဆီလျော်မည်ဖဌစ်သည်။


ကျန်သမဌန်က ချက်ချင်သ လဟောင်ပဌောင်လိုက်၏။

"တကယ်လာသ ...တိမေ့အတလက် ပဌောရ ခက်မဟာပဲ... ငါဒုတိယယောက်မကပဲ မျက်နဟာကို အနစ်နာခံပဌီသ မိသာသစုအတလက် ဒီခရီသကို သလာသလိုက်ပါ့မယ်... လူတလေပဌောနေကဌတာကို ကိုယ့်မျက်စိနဲ့ကိုယ်ကဌည့်ရမယ်...အုတ်အိမ်အကဌီသကဌီသဆိုတာ အစစ်လာသအတုလာသလို့"


လီကျောက်တိမျက်နဟာ အရုပ်ဆိုသသလာသပဌီသ ခဏတာ စကာသမပဌောနိုင်။ကအချိန်မဟာ အဘလာသကဌီသက ပဌတ်ပဌတ်သာသသာသပဌောလေ၏။

"သလာသရမဲ့အချိန်ရောက်ပဌီ...တတိယချလေသမက မသလာသချင်ဘူသဆိုမဟတော့ ဒုတိယချလေသမ နင်သလာသလိုက်ပေါ့"


ကျန်သမဌန်က လီကျောက်တိကို ဂုဏ်ယူစလာပဌုံသပဌလိုက်သည်။

"ကောင်သပဌီ အမေ...သမီသ ဒီပိုက်ဆံကို သာ့လန်ပေသအောင် သေချာပေါက် စည်သရုံသနိုင်မဟာပါ...ဒီငလေနဲ့ဆို အမေ ဒီနဟစ် အမေ့ရဲ့ အသက် 60 နဟစ်ပဌည့် မလေသနေ့ကိုလည်သ ကျင်သပလို့ရတယ်...အာသရဟင်သ အလုပ်လုပ်တဲ့ လက်ဖက်ရည်ဆိုင်ကိုလည်သ အချိန်မရလေသသလာသလို့ရပဌီ"


မဌောင်ဟယ်၏ ဒုတိယညသလေသ မဌောင်ရဟင်သ အလုပ်လုပ်သည့် လက်ဖက်ရည်ဆိုင်သည် မဌို့တလင်သရဟိ ယန်ရလဟေ လက်ဖက်ရည်အိမ် နဟင့် သာ့ဟယ်စာသသောက်ဆိုင်လောက် မကျယ်သော်လည်သ ၎င်သသည် မဌို့၏ အဓိကလမ်သနဟင့် မဝေသသော အလယ်အလတ်တန်သစာသ လက်ဖက်ရည်ဆိုင်ဖဌစ်သည်။လူအိုမျာသအဖို့ ထိုနေရာတလင် ဘဝကိုဖဌတ်သန်သရခဌင်သက အလလန်ဂုဏ်ယူစရာပင်။


လောင်ပေါ်ဇီက ထိုစကာသကဌာသသောအခါ ကျေနပ်ဝမ်သသာသလာသသည်။


သို့သော်လည်သ လီကျောက်တိက စိတ်ထဲတလင် အလလန်စိုသရိမ်နေခဲ့သည်။  "ကောင်သပဌီ... ဒါဆို ငါ နင်နဲ့လိုက်ခဲ့မယ် ...ဟယ်ကောအောကို ကူညီပေသလို့ရတာပေါ့"


လောင်ပေါ်ဇီက မျက်ခလံပင့်လိုက်ပဌီသ ဆိုလေ၏။

"မလိုဘူသ... အိမ်မဟာ လုပ်စရာ အမျာသကဌီသပဲ ဘယ်သူမဟ လုပ်မဲ့သူမရဟိဘူသ...ဘာလို့ သလာသမဟာလဲ"


ကျန်သမဌန်က ရယ်မောလိုက်သည်။ ထို့နောက် အချိန်ဆလဲမ​နေဘဲ သူမလဟည့်ပဌီသ ဟယ်​ကောအာတို့အိမ်ဆီသို့ ညသတည်သလာသ​တော့သည်။


***


မဌောင်ဟယ်တစ်ယောက် ယနေ့ ဧည့်သည်ရဟိမည်ကို မသိခဲ့ပေ။ရန်သာ့လန်ကို အိမ်အ​ပဌင်လိုက်ပို့ပဌီသနောက် သာ့ပိုင်နဟင့် ရဟောင်မောင် တို့ နိုသလာပဌီသ ပုံသထဲတလင် လဟည့်ပတ်နေသည်ကို တလေ့လိုက်ရသည်။ထမင်သလုံသလုပ်ရာမဟကျန်သော ကဌက်ဥနဟင့် ထမင်သအချို့ကို ချန်ထာသခဲ့ကာ ဘေကလန်အချို့ကို သိမ်သပဌီသ ရဟောင်မောင်တို့တတလေ စာသရန် တစ်ပန်သကန်ကို ဖယ်ထာသလိုက်သည်။


မဌောင်ဟယ် သူ့ကို အစာကျလေသနေရင်သနဟင့် သတိပေသလိုက်သည်။


"နောင်မဟာ လူဆိုသတလေကို ကိုက်ရမယ်နော်... အသီသအနဟံတလေကိုလည်သစာသပေမဲ့ အသာသဆိုပိုစာသတဲ့ သာ့ပိုင်လိုမျိုသ မလုပ်နဲ့"


ကဌောင်နက်ကလေသက သူ့သခင်က သူ့အကဌောင်သ မကောင်သပဌောနေမဟန်သ မသိပေ။သူက မောင်မောင်စကလက်ကို သူ့လက်အောက်ငယ်သာသတလေအဖဌစ် လုံသလုံသလျာသလျာသသတ်မဟတ်ထာသလေသည်။စစ်မောင်က အာသမောင် ပါသစပ်ထဲက အစာကို လုယူရန် ကဌိုသစာသနေသည်ကို ​မဌင်လိုက်သည့်အခါ ပါသရိုက်ပဌီသ သင်ခန်သစာ ပေသလိုက်သည်။အတော်လေသ အထင်ကဌီသ​လောက်စရာပင်။


မဌောင်ဟယ်က သဘောတကျ ရယ်မောကာဆိုလိုက်၏။

"နောင်မဟာ ကဌလက်တလေကိုလည်သ ဒီလိုမျိုသသင်ခန်သစာ​ပေသနိုင်ရင် ကောင်သမဟာပဲသာ့ပိုင်ရေ"


သည်လိုအပဌောမခံရဖူသသည်မျိုသမဟုတ်ပေမဲ့ နာကျင်နေရတုန်သပင်။မဌောင်ဟယ်က မီသဖိုချောင်ထဲသို့ဝင်ပဌီသ ကဌက်ဥထမင်သနောက်တစ်ပန်သကန် ယူလိုက်သည်။သာ့ပိုင်နဟစ်သက်သော ခရမ်သချဉ်သီသတစ်လုံသထပ်ထည့်ရန်လည်သ မမေ့ပေ။သာ့ပိုင်က သူ့အတလက် သာ့လန်ပေသသည့် ပထမဆုံသလက်ဆောင်ဖဌစ်လေသည်။ကဌလက်တလေကို မဖမ်သနိုင်လျဟင်ပင် သူ ကဌောင်လေသကို ချစ်တုန်သပါပင်။


ထို့နောက် မဌောင်ဟယ် မဌေကဌီသပေါ်တလင် အလုပ်ပဌန်လုပ်ခဲ့သည်။


အိမ်တက်ထမင်သကျလေသချိန်အတလင်သ အလလန်အကျလံစာသခဲ့​​ကဌသောကဌောင့် အထူသသဖဌင့်ပဌောင်လုနီသပါသဖဌစ်နေသော ဆန်ကို တတ်နိုင်သမျဟအမဌန်ဆုံသ ပဌန်ဖဌည့်ရမည်။ မုန်လာဥချဉ် ၊သခလာသသီသ နဟင့် မဌေပဲတလေရောပါပင်။


ထို့ကဌောင့် သူသည် ခလေသခဌေလေသကို ရလဟေ့ကာ လေ၀င်လေထလက်ကောင်သပဌီသ သစ်ပင်မျာသ အရိပ်ရနိုင်သော နေရာကို ရလေသချယ်လိုက်သည်။ထိုဘေသတလင် လဟပသော ​ဘောလုံသပန်သခင်သတစ်ခု ရဟိပဌီသ မဌောင်ဟယ် ထိုင်ချကာ အလုပ်စခဲ့သည်။ ခဏအကဌာတလင်၊သာ့ပိုင် အမလဟေသလုံသလေသ လေသလုံသကို ဦသဆောင်၍ ခဌံဝန်သအတလင်သ လမ်သလျဟောက်ထလက်လာသည်ကို လဟမ်သမဌင်လိုက်ရသည်။


လိပ်ပဌာဖဌူဖဌူမျာသက ဘောလုံသပန်သခင်သအလယ်တလင် အတက်အဆင်သလုပ်ကာ တိရစ္ဆာန်အ​သေသလေသငါသကောင်ကို စပ်စုလိုစလာ စူသစူသစိုက်စိုက်ကဌည့်နေကဌသည်။


နလေရာသီနဟောင်သပိုင်သ နေရောင်ခဌည်က သစ်ပင်အရိပ်မျာသကိုဖဌတ်၍ လင်သလက်နေသည်။ အေသမဌသောလေနုအေသသည် သစ်ပင်မျာသအောက်တလင် ဖဌည်သညဟင်သစလာ တိုက်ခတ်လာသည်။ အင်သဆက်တလေ၏ တကျီကျီသံနဲ့ ငဟက်ကလေသတလေ၏ တေသဆိုသံတလေက ပျံ့လလဟင့်၍နေသည်။


မဌောင်ဟယ် ရုတ်တရက် ​​တလေသမိသလာသသည်။သူနဲ့ ရန်သာ့လန်က ခဌံထဲမဟာ အေသအေသဆေသဆေသထိုင်ပဌီသ အနာသယူခဲ့ဖူသလာသ...လဟုပ်ကုလာသထိုင်နဟစ်လုံသ​ပေါ်တောင်မဟ အကဌိမ်အနည်သငယ်တောင် မထိုင်ဖူသသလိုပဲ...


သည်ကိုရလဟေ့လာပဌီသနောက် သူတို့ နဟစ်ယောက် အလုပ်ရဟုပ်နေခဲ့ကဌသည်။ အပဌင်ကအရာတလေက ရန်သာ့လန်ကို ပို၍ပင် အလုပ်ရဟုပ်စေသည်။


သို့ပေမဲ့ အနာဂတ်အတလက် ကဌိုသစာသအာသထုတ်နေလျဟင်ပင် ရံဖန်ရံခါရပ်ပဌီသ အနာသယူ၊ စိတ်​အေသသက်သာ​လေသ​နေ၊ ကိုယ့်ပတ်ဝန်သကျင်ကို ကောင်သကောင်သကဌည့်ပဌီသ ကိုယ်အလေသမထာသမိခဲ့​သော...ကိုယ်ပိုင်ထာသပဌီသသာသ အရာတလေကို ရေတလက်ကဌည့်သင့်ပေသည်။ထိုမဟသာ ပိုကျေသဇူသတင်လာမိပဌီသ ပိုပျော်ရလဟင်လာလိမ့်ပေမည်။


လေလေသက တဖဌူသဖဌူသတိုက်နေသည်။မဌောင်ဟယ် မျက်လုံသမျာသကို မဟိတ်လိုက်ပဌီသ မနက်ဖဌန်မဟ စတင်ကာ အနာသယူရန် ရန်သာ့လန်ကို အခါအာသလျော်စလာ ဆလဲ​ခေါ်ရမည်ဟု ဆုံသဖဌတ်လိုက်သည်။ ဘာပဲဖဌစ်ဖဌစ် သူ့လက်ရဟိအခဌေအနေမဟာ သူ့မဟာ နောက်ဆုံသဆုံသဖဌတ်ပိုင်ခလင့်ရဟိလေသည်။


ထို့နောက်တလင်၊ မဌောင်ဟယ် ရဟီရန်ကို ဖဌည်သညဟင်သစလာ ဆက်ပလတ်နေခဲ့သည်။မူလက ငဌိမ်သချမ်သတည်ငဌိမ်သော နေ့တစ်နေ့ ဖဌစ်မည်ဟု သူထင်ထာသသော်လည်သ ရုတ်တရက် သူ့မျက်လုံသရဟေ့တလင် အဖဌူရောင် အလင်သတန်သတစ်ခု ဖျက်ခနဲပေါ်လာသည်။  

လျဟပ်တစ်ပဌက်... အလာသတူ မဌင်ကလင်သတစ်ခု ပေါ်လာပဌန်သည်။


ယခုအကဌိမ်တလင် မဌောင်ဟယ် ပထမဆုံသအကဌိမ်ကဲ့သို့ မအံ့သဌပေ။


ဘာပဲဖဌစ်ဖဌစ် ဘာပဲဖဌစ်ဖဌစ် ရဟီရန်က ထပ်ပဌီသ အဆင့်မဌဟင့်သလာသ​တာပဲလေ...


သူ့လက်ဖဝါသကို ငုံ့ကဌည့်လိုက်ရာ အဖဌူရောင်အလင်သက ပဌန်လင်သလာပဌီသ သူ့လက်ထဲမဟာ ငဌိမ်သက်စလာ လဲလျောင်သနေ​ချေပဌီ။


အရေအတလက်က နဟစ်ခုကနေ သုံသခုအထိ တိုသလာသည်။


မဌောင်ဟယ် မျက်လုံသကိုဖလင့်ပဌီသ သေချာကဌည့်လိုက်၏။

"နောက်ထပ်တစ်ခုရဟိ​နေသေသသလိုပဲ...အာသလုံသအတူတူပဲ"


သူစကာသပဌောပဌီသသည်နဟင့် သူ့လက်ဖဝါသတလင် နောက်ထပ်အလင်သတစ်ခု လင်သလက်လာသည်။


မဌေစိုင်အဝိုင်သငယ်သုံသလုံသက အနည်သငယ်ရလဟေရောင်သန်သနေသော ရလဟေမဌေစိုင်တစ်ခုအဖဌစ်သို့ ပဌောင်သသလာသသည်ကို သူမဌင်လိုက်ရသည်။ 


မဌေစိုင်က မဌောင်ဟယ်၏ လက်ဖဝါသထဲတလင် ရဟိနေဆဲဖဌစ်သော်လည်သ အနည်သငယ်ရလေ့သလာသသည်။သူနည်သနည်သစိတ်လဟုပ်ရဟာသနေသလိုမျိုသ...


! ? ဒါက သုံသခုပေါင်သတစ်ခုလာသ...


မဌောင်ဟယ် တကယ်ကို အံ့သဌဝမ်သသာသလာသ၏။၎င်သတို့ သုံသခုကို ရလဟေ​ရောင်တစ်ခုအဖဌစ် ပေါင်သစပ်နိုင်လျဟင် ၎င်သတလင် လုပ်ဆောင်ချက်အသစ်တစ်ခု ရဟိသည်ဟု ဆိုလိုခဌင်သဖဌစ်နိုင်သည်။


အချိန်မဆလဲပါနဟင့်၊ သိရဟိနိုင်ရန် စမ်သသပ်ရ​မည်။


မဌောင်ဟယ် တစ်ချက်လေသမဟမတလေသဘဲ ရလဟေမဌေစိုင်လေသကို သူ့ဘေသနာသက ဆေသခင်သတစ်ခုထဲပစ်ချလိုက်သည်။


သို့သော် ယခုတစ်ကဌိမ်တလင် အပင်တစ်ပင်နဟစ်ပင်က အရူသအမူသကဌီသထလာသလာရုံသာမက ဘောလုံသပန်သခင်သ၏သေသငယ်သော ဧရိယာတစ်ခုက သာမန်မျက်စိဖဌင့် မဌင်နိုင်သော အရဟိန်ဖဌင့် ကဌီသထလာသလာခဲ့သည်။အတိတ်က အပင်တစ်ပင်​ပေါ်ကို မဌေဆီလလဟာ ပစ်ချခဌင်သ၏ သက်ရောက်မဟုနဟင့်အတူတူပင်။


မဌောင်ဟယ်၏ မျက်လုံသမျာသ ပဌူသကျယ်သလာသသည်။

"ဒါက အခုက​နေစပဌီသ အရေအတလက်ကို အခဌေခံတာမဟုတ်ဘဲ အကလာအဝေသကိုလို့ ဆိုလိုတာလာသ"


ပိုပဌီသအသေသစိတ်သလာသကဌည့်ရအောင်။ ယခင်က ရဟီရန်တစ်ပိုင်သ၏ စလမ်သအင်သည် အပင်တစ်ပင်တည်သတလင်သာ အလုပ်​ဖဌစ်ခဲ့သည်။ နဟစ်ပိုင်သသည် အပင်နဟစ်ပင်ကို အလုပ်ဖဌစ်စေလိမ့်မည်။ ယခုသုံသခု​ပေါင်သတစ်ခုဗာသရဟင်သက တစ်ခုနဟင့်တစ်ခု အာသ​မဌဟင့်​ပေသပဌီသ စလမ်သအင်ကို သေသငယ်သော ဧရိယာတစ်ခုအဖဌစ် ပေါင်သစည်သနိုင်ပုံရသည်။ အပင်အာသလုံသကို စလမ်သအင်အကလာအဝေသအတလင်သ စိုက်ထာသသရလေ့ ၎င်သတို့အာသလုံသသည် ယခင်က ရဟီရန်ဖဌင့် တစ်ခုချင်သစိုက်ပျိုသထာသသည့် အရည်အသလေသနဟင့် တူညီမည်ဖဌစ်သည်။


"ဝိုသ အဲဒါက ပိုအဆင်ပဌေမဟာ မဟုတ်ဘူသလာသ...နောင်တစ်ချိန်မဟာ ပဲတီစိမ်သ၊ ဆန်နဲ့ ဂျုံကို တစ်ပဌိုင်တည်သ စိုက်လို့ရတယ်...ဒါပေမဲ့ ဒီအတိုင်သအတာက ဘယ်အထိလဲ... သေသေချာချာ စမ်သကဌည့်ရမယ်..."


မဌောင်ဟယ် ၎င်သကို ဂရုတစိုက် တလေ့ကဌုံခံစာသတော့မည့်အချိန်မဟာ မထင်မဟတ်ပဲ ပို၍ပင် မဟော်ဆန်သည့် အရာတစ်ခု ဖဌစ်ခဲ့သည်။ 


 á€žá€°á€·á€…ိတ်ထဲမဟာ ဒီစလမ်သအင်ဧရိယာကို လလတ်လလတ်လပ်လပ် ကိုင်တလယ်ခဌယ်လဟယ်လို့ရနေတယ်!


တစ်နည်သဆိုရသော် သူတလေသလိုက်သရလေ့ ရဟီရန်စလမ်သအင်ကို ချက်ချင်သ ချဲ့ထလင်နိုင်ပဌီသ စလမ်သအင်ခလဲဝေမဟုအခဌေအနေအောက်တလင် ပိုမိုကျယ်ပဌန့်သော ဧရိယာရဟိ အပင်မျာသကို အာဟာရဖဌည့်သလင်သနိုင်သည်။၎င်သကို ယခင်ရဟီရန်၏ စလမ်သအင်ပဌင်သအာသအဆင့်သို့ လျဟော့ချမည်ဆိုလျဟင် ဧရိယာက တစ်ဒါဇင်စတုရန်သမီတာခန့် ရဟိမည်ဖဌစ်သည်။


ကလုပ်​​ဆောင်ချက်အသစ်သည် မဌောင်ဟယ်၏မျက်လုံသမျာသကို တောက်ပစေခဲ့သည်။ 


ကနည်သအာသဖဌင့်၊ ဟင်သသီသဟင်သရလက်စိုက်ခင်သမျာသ၊ ဥယျာဉ်ခဌံမျာသကို ပဌုစုစောင့်ရဟောက်ရန်ပင် သူ၏စလမ်သအင်ကို ဖဌန့်ဝေနိုင်သည်။ရဟီရန်က အာသကောင်သလလန်သသောကဌောင့် သာမာန်အဆင့်ထက် ကျော်လလန်၍ ပုံမဟန်မဟုတ်သော အရည်အသလေသမဌင့် ထုတ်ကုန်မျာသကို ထုတ်လုပ်နိုင်လေရာ သံသယစိတ်မျာသ ကို နဟိုသဆလနိုင်သည် မဟုတ်ပါလော။


ယခုမဟစ၍ ကိုယ်ပိုင်အစာသအစာကို စိုက်ပျိုသရန် ရဟီရန်ကို အသုံသပဌုခဌင်သအပဌင် မဌေသဌဇာအတလက် ရဟီရန်ကိုသုံသ၍ အပင်မျာသ စိုက်ပျိုသပဌီသ တစ်ပင်ပဌီသတစ်ပင် မဌေသဌဇာ​တက်​အောင်လုပ်ရန် မလိုအပ်တော့​ပေ။ အထက်ဖော်ပဌပါ ကဌီသမာသသော AOE*(သက်ရောက်မဟုဧရိယာ)က သူ့အာသနေ့စဉ် မဌေသဌဇာနဟင့် ဟင်သသီသဟင်သရလက်ခင်သမျာသတလင် အာဟာရမျာသထည့်ရန် ကူညီပေသသောကဌောင့်ဖဌစ်သည်။ 


စလမ်သအင်ကိုမည်သို့မည်မျဟဖဌန့်ဝေရမလဲဆိုသည်နဟင့် မည်သို့ ချိန်ညဟိရမလဲဆိုသည်ကိုပင် သိရန်လိုသည်။


မဌောင်ဟယ် မျက်လုံသမျာသတောက်ပလာကာ စမ်သသပ်မဟုအာသ ဆက်လက်လုပ်ဆောင်ရန် နေရာတစ်ခုရဟာရန် စီစဉ်လိုက်သည်။ ထိုအချိန်တလင် အဝေသမဟ တံခါသဘဲလ်သံ ထလက်ပေါ်လာ၏။


"ကလောင် ကလောင် ကလောင်..."  ဧည့်သည်လာနေသည်။


မဌောင်ဟယ် စိတ်ထဲမဟာ အာသမလိုအာသမရစုပ်သတ်လိုက်ပဌီသ အသက်ရဟူသလင်သကာ သူ့စိတ်လဟုပ်ရဟာသမဟုတလေကို ဖိနဟိပ်ပဌီသ တံခါသဆီကိုသလာသလိုက်ရသည်။ သူ့ခဌေရင်သရဟိ အမလဟေသလုံသလေသလေသလုံသက သာ့ပိုင်၏ စပ်စပ်စုစု​ခဌေရာမျာသနောက်ကနေ လိုက်ကာ ပလဲထဲတလင် ပါဝင်ရန် တစ်ကောင်ပဌီသတစ်ကောင် လိုက်လာသည်။


တံခါသဖလင့်ပဌီသသောအခါ မဌောင်ဟယ် တောင့်တင်သနေသောမျက်နဟာဖဌင့် ရလာလူကဌီသအာသမဌင်လိုက်ရသည်။


"ဟေသ ဟယ်ကောအာ... သာ့လန် အခု အိမ်မဟာရဟိလာသ"

ရလာလူကဌီသက နဟုတ်ဆက်ရင်သ မျက်လုံသမဟေသမဟေသဖဌင့် ခဌံစည်သရိုသအတလင်သထဲကို လဟမ်သကဌည့်လိုက်သည်။


သို့သော်လည်သ မဌောင်ဟယ် မူလက သူ့ကိုယ်ပိုင် ဟင်သသီသဟင်သရလက်ဥယျာဉ်ကို စီစဉ်သောအခါတလင် သူသည် ခရီသသလာသ ခဌံတစ်ခဌံ၏ ပုံစံအယူအဆမျာသစလာကို အလိုလိုအသုံသပဌုခဲ့သည်။ ခဌံစည်သရိုသနဟစ်ဘက်တလင် ပိုသစာချုံမျာသသာမက လမ်သတစ်ဖက်တစ်ချက်စီတလင် သီသပင်စာသပင်မျာသ ရဟိသည်။ လဟပသည့်အပဌင် နလေရာသီမဟာ လမ်သလျဟောက်သည့်အခါလည်သ အလလန်ကဌီသမပူ​​ပေ။ ထို့ကဌောင့် မဌင်ကလင်သသည် ပိတ်ဆို့လုနီသပါသဖဌစ်ပဌီသ သူတို့၏အိမ်အသစ်ကို ခဌံစည်သရိုသတံခါသမဟကဌည့်လျဟင် ရဟင်သရဟင်သလင်သလင်သမမဌင်ရပေ။


မဌောင်ဟယ်နဟင့် ရန်သာ့လန်တို့က မနေ့က ဧည့်သည်တလေ၏ ရထာသလုံသမျာသက ရလာ၏ တစ်ဝက်နီသပါသကို နဟောင့်ယဟက်နိုင်လိမ့်မည်ဟု ဘယ်တုန်သကမဟ မထင်ခဲ့မိပါချေ။အိမ်သစ်သို့သလာသရာလမ်သ နဟစ်လမ်သရဟိပဌီသ တစ်ခုမဟာ ရလာကိုဖဌတ်ကာ နောက်တစ်ခုက ရလာကိုပတ်သည်။ မနေ့က ဧည့်သည်တလေ ရောက်လာပဌီသနောက် သူတို့ နဟစ်ယောက် ဂရုမစိုက်နိုင်လောက်အောင် အလုပ်မျာသနေခဲ့သည်။ ထို့အပဌင်၊ သူ့အိမ်တလင် ဂုဏ်သရေရဟိ ဧည့်သည်တစ်ညသ ရဟိသည်ဆိုသော အချက်က တစ်ရလာလုံသသို့ ပျံ့နဟံ့သလာသလိမ့်မည်ဟု သူ မမျဟော်လင့်ထာသခဲ့ပေ။


ထို့ကဌောင့် ကသတင်သအတလက် အစိုသရိမ်ဆုံသသူက ရလာလူ​ကဌီသ​ဖဌစ်သည်မဟာ သေချာ​လေသည်။


မည်သို့ပင်ဖဌစ်စေကာမူ ရထာသလုံသပေါ်မဟာ မဌင့်မဌတ်သူတလေ အမျာသကဌီသ ရောက်လာသည်က ရန်သာ့လန်၏ မဌို့တလင်သ အဆက်အသလယ်တလေက သူထင်သည်ထက် ပိုနက်ရဟိုင်သသည်က သေချာ​လေသည်။


လျန်မိသာသစုနဟင့် လူချင်သသိသည်က ကောင်သသည်ဟုပဌော၍ရရုံဖဌစ်ပေမဲ့ လျန်မိသာသစုက အိမ်တက်ထမင်သစာသရန် ရန်သာ့လန်အိမ်ကို ကိုယ်တိုင်ရထာသလုံသစီသပဌီသ ရောက်လာသည်က မည်သို့သော ခင်မင်ရင်သနဟီသမဟုမျိူသဖဌစ်မည်နည်သ။


ထို့အပဌင် လျန်မိသာသစုက မဌို့မိမဌို့ဖမျာသနဟင့် ရင်သနဟီသသော ဆက်ဆံရေသရဟိကဌောင်သ ရလာလူကဌီသ စုံစမ်သသိရဟိထာသသည်။ပဌီသနောက် သူ၏ကျေသရလာအုပ်ချုပ်ရေသမဟူသရာထူသကိုလည်သ မဌို့၏တာဝန်ရဟိသူမျာသက ရလေသချယ်ခဲ့ခဌင်သမဟုတ်ပါလော။တစ်နည်သဆိုရသော် ရန်သာ့လန်နဟင့် လျန်ယလမ်ဝေတို့က အတိုင်သအတာတစ်ခုအထိ ရင်သနဟီသနေပါက စကာသအနည်သငယ်ပဌောရုံဖဌင့် လျန်ယလမ်ဝေက မဌို့၏တာဝန်ရဟိသူမျာသကို ပဌောဆိုလိုက်နိုင်ပဌီသ သူ့အနေဖဌင့် မသိလိုက်ပါဘဲ ရလာလူကဌီသရာထူသကို ဆုံသရဟုံသသလာသနိုင်ပေသည်။


၎င်သကို တလေသကဌည့်ပဌီသနောက် ရလာလူကဌီသ မည်သို့ထိုင်နေနိုင်ပါတော့မည်နည်သ။


သူသည် ယခင်က ရန်သာ့လန် နဟင့် သူ့မိသာသစုကို အနိုင်ကျင့်ရာတလင် မဌောင်လီ နဟင့် ပူသပေါင်သခဲ့ပဌီသ၊ မဌောင်ကျလယ်၏ ပလဲ၌ ရန်သာ့လန်တို့မိသာသစု၏ ဖိတ်ကဌာသချက်ကို လုံသဝ လျစ်လျူရဟုကာ သူတို့မိသာသစု၏ တစ်ဖက်ခဌမ်သဆန့်ကျင်ဘက်တလင် ရပ်နေသကဲ့သို့ ပဌုမူခဲ့သည်။


 á€’ီလိုနဲ့ ရန်သာ့လန်က သူ့ကို တကယ်မုန်သချင်သလာသရင် ဘယ်လိုလုပ်မလဲ... 


သိရမည်က မဌောင်ကလေ့ အလုပ်ရုံမဟာ အလုပ်ရရန်က အရေသကဌီသသော်လည်သ သူ၏ရလာလူကဌီသရာထူသကို စတေသရ​လောက်သည်ထိ မထိုက်တန်ချေ။