အပိုင်း (၆)
Viewers 818

အပိုင်း (၆) မင်းကို လူကြားထဲမှာ သယ်သွားရအောင် ဖိအားမပေးနဲ့!



'မင်းနဲ့ ဖဝါးထပ်ကြပ်မကွာ' တွင် ဧည့်သည်အဖြစ် စုံတွဲငါးတွဲ ဖိတ်ခေါ်ထားပြီး အခြေခံအားဖြင့် အနုပညာအသိုင်းအဝိုင်းမှ စုံတွဲများ ဖြစ်သည်။ ဖုန်းစစ်ရွေ့ကဲ့သို့ အနုပညာ အသိုင်းအဝိုင်းအပြင်ဘက်မှ တစ်စုံတစ်ယောက်လည်း ရှိသည်။ 


လင်လုဖေးက မြို့တော်၌ လူသိများသော ရှေ့နေတစ်ယောက် ဖြစ်သည်။ ချမ်းသာသော မျိုးရိုးကြီး မိဘများနှင့် နိုင်ငံရေးဘက်မှ ဆွေမျိုးများ ရှိသည်။ တောက်ပသော အနာဂတ်နှင့် ကောင်းမွန်သော လူငယ်လေးတစ်ယောက် ဖြစ်၏။ 



သူက အနုပညာရှင်တစ်ယောက်နှင့် လက်ထပ်လိုက်သည့်အခါ မိသားစု၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းကို ခံခဲ့ရသည်။ သို့သော် အချို့သော အမည်မသိအကြောင်းပြချက်ဖြင့် နောက်ဆုံးတွင် သူ့မိသားစုက လက်ထပ်ခြင်းကို ခွင့်ပြုပေးခဲ့ပေသည်။ 


သူ၏ လက်တွဲဖော်ကိုမူ ရှန်ယွိက အလွန် ရင်းရင်းနှီးနှီး သိရှိသည်။ 



သူတို့က တစ်နှစ်တည်းတွင် ပွဲဦးထွက်ခဲ့သော်လည် နောက်ပိုင်းတွင် တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်ဘက်၌ ရပ်တည်ခဲ့၏။ ထိုအရာအားလုံးမှာ ယန်ချီချီက ရှန်ယွိ၏ အရင်းအမြစ်များကို နောက်ကွယ်၌ တိတ်တိတ်လေး ခိုးယူသွားခြင်းမှ စတင်ပေသည်။ 


အာ... ချောင်ချောင်အကြောင်း ပြောရင် ချောင်ချောင် ရောက်လာတာပဲ။ 



"ရှောင်ယွိ မင်း အစောကြီး ရောက်နေတာပဲ။" ယန်ချီချီက ခင်မင်ရင်းနှီးစွာဖြင့် ထိုင်ချလိုက်ပြီး သူ့မျက်လုံးထောင့်မှ ဖုန်းစစ်ရွေ့ကို လှမ်းကြည့်လိုက်သည်။ သူ့နှုတ်ဖျားမှ ထွက်လာသည့် စကားများက နူးညံ့ညင်သာ၍ ယဥ်ကျေးသိမ်မွေ့နေသည်။ "မင်းလည်း ဒီရှိုးမှာ ပါမယ်လို့ ကြားတာကြောင့် ငါ အလုပ်တွေ အကုန် ပစ်ချပြီး အမြန်လာခဲ့တာ။"



ရှန်ယွိက ဘေးသို့ အလျင်အမြန် တိုးသွားပြီး သူ့ကို နှောက်ယှက်လိုက်သည်။ "လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ Biowater ကြော်ညာကို ငါ့ဆီကနေ ခိုးသွားတဲ့ကောင်က ငါတို့ အချင်းချင်း ကောင်းကောင်းသိသလိုမျိုး လာမပြောစမ်းနဲ့။"


(Bio-Water အလှကုန်နဲ့ပတ်သတ်တာပါပဲ။) 


ယန်ချီချီ၏ မျက်နှာထက်မှ အပြုံးက အေးခဲသွားသည်။ "ငါ... ငါ ဒီအကြောင်းကို မသိလို့ပါ။ ခဏလေး ငါ ပြီးမှ ငါ့အေးဂျင့်ကို သွားမေးလိုက်မယ်။ တစ်ခုခု နားလည်မှုလွဲနေတာ ရှိမယ် ထင်တယ်။" 


-- 'မင်းဖင်ကြီးကို နားလည်မှုလွဲလိုက်။ ငါ့ အရင်းအမြစ်တွေကို လုယူဖို့ ရုံးခန်းထဲမှာ ပြောင်ပြောင်တင်းတင်း လာမေးနေတဲ့ မင်း မျက်ခွက်ကြီး ငါက မမြင်လိုက်လို့လား။ အခုထိ ခေါင်းရှောင်ဖို့ လုပ်နေတုန်းပဲ။' 


ရှန်ယွိက မျက်လုံးကို လှိမ့်လိုက်ပြီး ရုတ်တရက် လင်လုဖေးက သူ့ကို ကြည့်နေသည်အား မြင်တွေ့သွားသည်။ သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းကို အဝေးသို့ လှည့်လိုက်၏။ 


-- 'ယန်ချီချီက ငါနဲ့ လင်လုဖေးအကြောင်း သိပြီး ငါ့ကို ဒုက္ခပေးနေတာ သေချာပေါက်ပဲ။' 


သူ့အတွေးများ၏ တစ်ဝက်ခန့်တွင် ဖုန်းစစ်ရွေ့က ရုတ်တရက် ရှန်ယွိဘက်သို့ ခေါင်းလှည့်လာပြီး သူ့မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုတွေးဆနေဟန်ဖြင့် လင်လုဖေးကို လှမ်းကြည့်လိုက်၏။ 



ဆယ်မိနစ်ကြာပြီးနောက် စုံတွဲငါးတွဲလုံး ရောက်ရှိလာကြပြီ ဖြစ်လေသည်။ သူတို့က အနားယူသည့် ဧရိယာတွင် ထိုင်နေကြပြီး အချင်းချင်း စတင်မိတ်ဆက်လိုက်ကြသည်။ 


ရှန်ယွိက တောင့်တင်းသည့် အပြုံးတစ်ခုနှင့် သူတို့အား ကြည့်လိုက်သည်။


-- 'ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ။ ဒီနေရာမှာ ရှိနေတဲ့လူတိုင်းက ငါနဲ့ ထိပ်တိုက်တွေ့ဖူးတဲ့ လူတွေချည်းပဲ။ ခြယ်လှယ်ဖို့ မဖြစ်နိုင်တဲ့ အွန်လိုင်းမဲပေးမှုကြောင့်သာ မဟုတ်ရင် ဒီပရိုဂရမ်အဖွဲ့က ငါ့ကို တမင်သက်သက် အငြိုးထားနေတယ်လို့တောင် ထင်မိတော့မလို့။' 


ထိုသို့တွေးလိုက်မိသည့်အခါ သူက ဖုန်းစစ်ရွေ့ကို မသိမသာ လှမ်းကြည့်လိုက်သည်။ 


-- 'ဒီခွေးကောင်ကြောင့်သာ မဟုတ်ရင် ငါ သူတို့ကို တမင်သက်သက် ဆန့်ကျင်မိမှာတဲ့လား။'


-- 'ဒီလူတွေက မကောင်းဘူးဆိုရင်တောင် ငါ သူတို့ရဲ့ မျက်နှာကို ဒီလောက်အဆင့်ထိ စုတ်ဖြဲပစ်ချင်တာတော့ မဟုတ်ဘူးလေ။'


ဖုန်းစစ်ရွေ့သည် သူက ထပ်ပြီး အချောင်အပြစ်တင်ခံလိုက်ရသလို ခံစားမိလိုက်ပေသည်။ သူက ရုပ်ပိုင်းဆိုင်ရာရော စိိတ်ပိုင်းဆိုင်ရာပါ မောပန်းနွမ်းနယ်လာသဖြင့် အခြားဧည့်သည်စုံတွဲများကို တစ်ခါ ထပ်ပြီး ကြည့်လိုက်သည်။ 


သူ အခုလေးတင် တွေ့ခဲ့ရသည့် လင်လုဖေးနှင့် ယန်ချီချီမှလွဲ၍ အခြားသူများမှာ မရင်းနှီးသော မျက်နှာများ ဖြစ်ကြပေသည်။ 


အင်တာနက်ပေါ်တွင် ရပ်တည်နိုင်စွမ်းရှိသည့်အတွက် သူတို့က အတော်လေး ကျော်ကြားသူများ ဖြစ်ကြပေလိမ့်မည်။ ပရိတ်သတ်များ လေးစားချစ်ခင်ကြသည့် စုံတွဲတို့က ခင်ပွန်းနှင့်ဇနီးကြားမှ အပြန်အလှန် တုန့်ပြန်မှုတို့မှ ချစ်ခြင်းမေတ္တာတို့နှင့် ဆက်ဆံရေးကို အထူးတလည် ပြသကြသည်။ ထိုလူများကို ရှန်ယွိ၏ မျက်လုံးထဲ၌ မည်သို့ သည်းခံနိုင်ပါမည်နည်း။ 


သူက မင်းသမီးဝမ်ရှင်းအာနှင့် သူမ၏ ဒါရိုက်တာ ခင်ပွန်း မုန့်ချီရှန် ကို မြင်သည့်အခါ... 


-- 'ဒီရှောင်စန်းလေးက ဘယ်လို နွားသိုးကောင်မျိုးကို လက်ထပ်ထားတာလဲ။ ငါသာဆိုရင် ဒီလို အိမ်တွင်း အကြမ်းဖက်တတ်တဲ့ကောင်ကို အချိန်အကြာကြီးကတည်းက ထားပစ်ခဲ့လိုက်ပြီ။ အရင်းအမြစ်တွေ ရဖို့အတွက်နဲ့ ဘာလို့ ဒီလိုကောင်ပေါ် မှီခိုနေရတာလဲ။' 


(Note: ရှောင်စန်းလေး ဆိုတာ ဗန်းစကားအနေနဲ့ ရေးထားပြီး ဂျူနီယာ သို့မဟုတ် အငယ်အနှောင်းလို့ ဆိုလိုပါတယ်တဲ့။ ဒါပေမယ့် ဝမ်ရှင်းအာက မုန့်ချီရှန် နဲ့ လက်ထပ်ထားတာဆိုတော့ ဂျူနီယာလေးလို့ ပြောချင်တာလို့တော့ ထင်ပါတယ်။) 


ပေါ့ပ်အဆိုတော် ချီလုလုနှင့် သူမ၏ ပရိုဂျူဆာ ခင်ပွန်း လွီကျန့်ယွီကို မျက်နှာချင်းဆိုင်လိုက်သည့်အခါ..,


-- 'လင်ရော မယားရောက တစ်ယောက်နဲ့ တစ်ယောက် ဖောက်ပြန်နေကြပြီးတော့ ဒီရှိုးလာပြီး လင်မယားအချစ်တွေ ပြသနေတာ မရှက်ကြဘူးလား။ ဒီလိုသရုပ်ဆောင်ပြနေတာ ရွံစရာကောင်းတယ်လို့များ မခံစားမိဘူးလား။' 


-- အော်ပရာသရုပ်ဆောင် ဖုန်ဟွမ့်မေ နှင့် လတ်ဆတ်သည့် အသားတုံးလေး ချီထျန်းယီး...,


-- 'ဒါက ဒုတိယအကြိမ် လက်ထပ်ထားတာ ဆိုပေမယ့် ဒီပုဂ္ဂိုလ်မှာ အခုထိ ကြည့်တတ်တဲ့ မျက်လုံး မရှိသေးဘူး။ လောဘကြီးပြီး တဏှာလည်း လွန်ကဲတဲ့ ကောင်မျိုးကို ရှာထားသေးတယ်။ ဒီလိုကောင်မျိုးက နေ့ဘက်မှာတောင် မူးရူးနေမှာ သေချာသလောက်ပဲ။' 


စုံတွဲအားလုံးကို အကြမ်းဖျင်းမှတ်ချက်ပြုပြီးနောက် ရှန်ယွိ​က ရုတ်တရက် မျက်လွှာပင့်ကာ ဖုန်းစစ်ရွေ့ကို အဓိပ္ပါယ်ရှိရှိ ကြည့်လာခဲ့သည်။ 


-- 'ငါကတော့ သိပ်မဆိုးသေးပါဘူး။ သုံးနှစ်လုံးလုံး လရောင်ဖြူလေးကို နှလုံးသားထဲ ထည့်သိမ်းထားတဲ့ လူတစ်ယောက်ကို လက်ထပ်မိရုံပါပဲ။ ဒီလိုတွေးလိုက်တော့လည်း.....'


ဖုန်းစစ်ရွေ့ : "..." ဘယ်တုန်းက ငါ့ နှလုံးသားထဲမှာ လရောင်ဖြူလေး ရှိသွားတာလဲ။ 


သူက ယန်ရွေ့ချင်းကို ပြောနေတာလား။ 



ငါနဲ့ သူ့ရဲ့ ပတ်သတ်မှုက အရမ်းကို သည်းမခံနိုင်စရာ ကောင်းနေတာလား။ 



နန်နီကားထဲ၌ ထိုင်နေရင်း သူတို့နှစ်ယောက်က တိတ်ဆိတ်နေပြီး ရိုက်ကူးနေသည့် ကင်မရာမန်းကို အနည်းငယ် ရှက်ရွံ့လာအောင် ပြုလုပ်နေသည်။ "ကျွန်တော်တို့ အခု လေဆိပ်ကို သွားနေတာ။ ခရီးစဥ်အချိန်က မိနစ်လေးဆယ်လောက် ကြာမှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုက အခု စ နေခဲ့ပြီ။ ပရိတ်သတ်တွေနဲ့ မိတ်ဆွေတွေကို တစ်ခုခု ပြောချင်တာများ ရှိလား။" 



"မရှိဘူး။" ဖုန်းစစ်ရွေ့က အေးစက်စက် ပြန်ဖြေလိုက်သည်။ 


ကင်မရာမန်း , "..."



စိတ်ဓာတ်ကျစွာနှင့် သူက ရှန်ယွိဘက်သို့ လှည့်လိုက်သည်။ 



"တကယ်တော့ ကျွန်တော့်မှာလည်း ပြောစရာအများကြီး မရှိပါဘူး။ ဒီလိုအပြစ်အနာအဆာမရှိ ပြီးပြည့်စုံတဲ့ ခင်ပွန်းတစ်ယောက်ရှိနေတာက ကြည့်ရှုသူတွေကို မနာလိုဖြစ်အောင် လုပ်ဖို့အတွက် လုံလောက်နေပြီလေ။" 



"ရှန်လောင်ရှီး ဒီရိုက်ကူးရေးက တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတယ်ဆိုတာရော သိရဲ့လား။" ကင်မရာနောက်မှ လူက ချွေးအေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။ 



သူက အမှန်တကယ် နားမလည်နိုင်ပေ။ 



ရှန်ယွိက ဘာလို့ အမြဲတမ်း အချိန်တိုင်းမှာ အမုန်းတွေ စုဆောင်းနေရတာလဲ။ 



သူက ဒီအသိုင်းအဝိုင်း တစ်ခုလုံးကနေ ကန်ထုတ်ခံချင်နေတာလား။ 



သေချာပေါက်ပင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း Barrage တွင် အမျိုးမျိုးသော မှတ်ချက်များ စတင် ပေါက်ကွဲထွက်ပေါ်လာပေသည်။ 



[ဒါက လက်ထပ်မှုတစ်ခုပဲ မဟုတ်ဘူးလား။ နင်က ဘာလို့ ဒီလောက် ဂုဏ်ယူဝင့်ကြွားနေတာလဲ။ နင့်ယောက်ျား နင့်ကို ထားသွားမယ့် နေ့ရောက်တဲ့အထိသာ စောင့်နေလိုက်!]



[ငါ ရှန်ယွိ ဆိုးဆိုးဝါးဝါး ပြုမူတာကို မျှော်လင့်နေပေမယ့် ဒီလောက် မြန်မြန်ဆန်ဆန် လုပ်ဆောင်လာမယ်လို့ ထင်မထားမိဘူး။ ဒီပရိုဂရမ်အဖွဲ့က သူ့ကို ဖယ်ထုတ်ဖို့ တကယ်ကြီး စီစဥ်ထားတာတော့ မဟုတ်ဘူးမလား။]



[ဒါကို ကွာရှင်းခြင်းရသစုံရှိုးအဖြစ် ပြောင်းလဲလိုက်။ ရှန်ယွိနဲ့ သူ့ယောက်ျားဖုန်းတို့က ပြည်သူလူထုရဲ့ စိတ်ထဲက ထိပ်ဆုံးစာရင်းမှာ ရှိလိမ့်မယ်။]



ရှန်ယွိက တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များကို မမြင်နိုင်ပေ။ သူ့မျက်နှာထက်တွင် ချိုမြိန်သော အပြုံးတစ်ခုရှိနေပြီး သူက ဖုန်းစစ်ရွေ့၏ လက်မောင်းကို တွယ်ချိတ်ထားလိုက်သည်။ "ဒီရှိုးမှာ ကျွန်တော့်လောင်ကုန်းနဲ့အတူ ပါဝင်ခွင့်ရတာ အရမ်းကို ပျော်တာပဲ။" 


-- 'ခွေးကောင် ငါ့ကို တွန်းလွှတ်ရဲရင် ညဘ​က်ကျ ခင်ဗျား ပါးစပ်ထဲ ချီလီငရုတ်ရည်တွေ လောင်းထည့်ပြမယ်။' 


-- 'ကြာပန်းဖြူလေးရဲ့ စကားအရဆိုရင် ခင်ဗျားက ငရုတ်သီးနဲ့ ဓာတ်မတည့်မှုရှိတယ်ဆို။' 


ဖုန်းစစ်ရွေ့က သူ၏ သည်းခံနိုင်မှုကို လေ့ကျင့်ရင်း ရှန်ယွိအား လှမ်းကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်စွန်းများက တောင့်တင်းစွာ ကွေးညွှတ်သွားပြီး ပြောလိုက်သည်။ "မင်း ပျော်တယ်လို့ ခံစားရတော့ တော်သေးတာပေါ့။" 



ကင်မရာမန်း , "..." သူက အမြဲတမ်း တစ်ခုခု မှားယွင်းနေသလို ခံစားရသော်လည်း မည်သို့ ဖော်ပြရမည်ကို မသိပေ။ 


အချိန်က ကုန်ဆုံးသွားပြီး မကြာခင်၌ လေဆိပ်သို့ ရောက်လာကြပေသည်။ 



ထုတ်လုပ်သူက ပရိုဂရမ်အဖွဲ့အတွက် သီးသန့်ဝင်ပေါက်ကို အထူးစီစဥ်ပေးထားပြီး သူတို့အားလုံးက စောင့်ဆိုင်းသည့် အခန်းသို့ တိုက်ရိုက်ဝင်ရောက်သွားနိုင်ပေသည်။ 



ပရိုဂရမ်အဖွဲ့က ဧည့်သည်တစ်တွဲစီအတွက် စီစဥ်ပေးထားသော ကတ်များကို ပေးလိုက်ပြီး စိတ်ရှည်ရှည်နှင့် ရှင်းပြလာသည်။ "ရိုက်ကူးရေးအကျိုးသက်ရောက်မှုရရှိပြီး အပြင်လူတွေရဲ့ ဝင်ရောက်စွက်ဖက်မှု မရှိစေရေးအတွက် ကျွန်တော်တို့ ဒီတစ်ခေါက်သွားမယ့် နိုင်ငံက A နိုင်ငံပါ။ အဲဒီမှာဆို သူတို့က ခင်ဗျားတို့ကို မရင်းနှီးတာမို့လို့ အများပြည်သူတွေကလည်း မတူကွဲပြားသလို ဆက်ဆံမှာ မဟုတ်သလို ကြယ်ပွင့်နောက်လိုက်တဲ့ အပြုအမူမျိုးတွေလည်း လုပ်ကြမှာ မဟုတ်ပါဘူး။" 



"ဒီခရီးရဲ့ ရည်ရွယ်ချက်က A နိုင်ငံမှာရှိတဲ့ နာမည်ကျော်သဘာဝရှုခင်းနေရာတိုင်းကို သွားရောက်လည်ပတ်ဖို့ ရရှိထားတဲ့ ငွေကြေးကို ချွေတာသုံးစွဲရမှာပါ။ အောင်မြင်သွားရင် နောက်ထပ် မြေပုံထဲက နေရာတွေကို သွားလို့ရနိုင်ပါပြီ။" 



"ဒီပရိုဂရမ်အဖွဲ့ရဲ့ မိတ်ဆက်ပြောပြခဲ့တာက အတော်လေး ရိုးရှင်းတယ်ဆိုပေမယ့် တကယ်တမ်းကျ မရိုးရှင်းပါဘူး။ A နိုင်ငံမှာ ရှင်သန်နိုင်ပြီး ရည်မှန်းချက်ပြည့်တဲ့အထိ ခရီးသွားဖို့ဆိုတာ ဒီငွေကြေးကို ခွဲခြမ်းအသုံးပြုဖို့က မလွယ်ကူနိုင်ဘူး။ စုံတွဲတစ်တွဲချင်းစီက အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်။ အ​စောဆုံး ရောက်ရှိမှုကို မှတ်တမ်းတင်နိုင်တဲ့အဖွဲ့က မြေပုံကို မြန်မြန် ဖွင့်နိုင်ပြီး ခရီးသွားစရိတ် အများဆုံး ရရှိမှာ ဖြစ်ပါတယ်။" 



"မျှတမှုအတွက် ခရီးစဥ်ကို စတင်တဲ့အချိန်မှာ စုံတွဲ တစ်တွဲချင်းစီအတွက် ခွဲဝေပေးမယ့် ပိုက်ဆံက ပမာဏ အတူတူပါပဲ။"



စီနီယာ အောပရာသရုပ်ဆောင် ဖုန်ဟွမ့်မေက ပိုက်ဆံအိတ်ကို ဖွင့်၍ အထဲကို ကြည့်လိုက်ကာ ချက်ချင်း မပျော်မရွှင် ဖြစ်သွားသည်။ "ဘာလို့ A နိုင်ငံရဲ့ ပိုက်ဆံ တစ်ထောင်တည်း ရှိရတာလဲ။ ငါ A နိုင်ငံကို ရောက်ဖူးတယ်။ ဒီမှာ စျေးနှုန်းတွေက ခေါင်ခိုက်နေတာ။" 



"ဒီပိုက်ဆံလေးနဲ့ဆို သင့်တော်တဲ့ ဟိုတယ်တောင် ရှာလို့ မရနိုင်ဘူး။" 



"ဒါက ခြိုးခြံချွေတာတဲ့ ခရီးစဥ်ကို သွားရဖို့ ရည်ရွယ်ထားတဲ့ ရှိုးလေ။ ခင်ဗျားက အားလပ်ရက် ခရီးထွက်နေတယ်လို့များ ထင်နေတာလား။" 



ရှန်ယွိက ဘုနှင့်ဘောက် အသံဖြင့် ပြောလိုက်ပြီး ဖုန်ဟွမ့်မေအား အထင်အမြင်သေးသလို လှမ်းကြည့်လိုက်သည်။ သူက မျက်ဝန်းထောင့်မှနေ၍ ဖုန်းစစ်ရွေ့အား ကြည့်လိုက်သေးသည်။ 


-- 'ခွေးကောင် ငါ့လုပ်ရပ်ကို မြင်လား။ အဲဒါက ငါ ပုံမှန်ဆို ဘယ်လောက်တောင် အဆိပ်ပြင်းလဲဆိုတာကို ပြပေးနေတာပဲ။' 


-- 'ဘာလို့ ငါ့ကို မြန်မြန် ကွာရှင်းပြီး ခင်ဗျားရဲ့ အားနည်းလှတဲ့ ကြာပန်းဖြူလေးကို သွားမရှာသေးတာလဲ။' 


ကျိုးကြောင်းဆီလျော်စွာ ပိုင်းခြားနိုင်သည့် သည်းခံနိုင်စွမ်းတို့ ကုန်ဆုံးသွားတော့မည့် ဖုန်းစစ်ရွေ့က ပြောလိုက်သည်။ "သန့်စင်ခန်းကို ငါနဲ့အတူ လိုက်လာခဲ့။" 



"လောင်ကုန်း ခင်ဗျားက အရမ်းကို တွယ်ကပ်တတ်တာပဲ။" 



ရှန်ယွိက တမင်သက်သက် စိတ်ပျက် ရွံရှာဖွယ်ကောင်းလောက်အောင် သရုပ်ဆောင်နေသည်။ 


-- 'ဒီလောက် အသက်ကြီးနေပြီကို ခင်ဗျားကို သေးလိုက်တည်ဖို့ တစ်ယောက်ယောက် လိုအပ်နေတုန်းလား။' 


"ရှန်ယွိ!" ဖုန်းစစ်ရွေ့က အံကြိတ်ကာ ခေါ်လိုက်သည်။ သူက ရှန်ယွိ၏ နားနားသို့ နီးကပ်လာအောင် ကိုယ်ကို ကိုင်းလိုက်ကာ ထွက်သက်လေ ပူနွေးနွေးက မီးတောက်တို့ကို မှုတ်ထုတ်လိုက်သလို ထင်မှတ်ရစေပေသည်။ "မင်းကို လူကြားထဲမှာ သယ်သွားရလောက်အောင် ငါ့ကို ဖိအားမပေးနဲ့နော်။" 


===========