အပိုင်း (၅)
Viewers 447

အပိုင်း (၅) မင်းအတွေးတွေကို ဘေးဖယ်လိုက်! တစ်ချိန်လုံး ကွာရှင်းစာချုပ်ရဖို့ပဲ တွေးမနေနဲ့! 


'မင်းနဲ့ ဖဝါးထပ်ကြပ်မကွာ' ရသစုံရှိုးက အစောပိုင်းအဆင့်ကတည်းက အားပေးမှုကောင်းကောင်း ရရှိခဲ့သည်။ ပါဝင်သည့် ဧည့်သည်များကိုလည်း လက်ရှိရေပန်းအစားဆုံး စုံတွဲများထဲမှ ရွေးချယ်ကာ အွန်လိုင်းတွင် မဲပေးကာ ဆုံးဖြတ်စေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပရိတ်သတ်များသည် အစီအစဥ်ထုတ်လွှင့်မှုကို မြင့်မားသော မျှော်လင့်ချက်များ ထားရှိကြပေသည်။ 


ရှန်ယွိကို ဖိတ်ခေါ်ခဲ့သည့် အကြောင်းပြချက်များထဲမှ တစ်စိတ်တစ်ပိုင်းမှာ ရှိုး၏ ကျော်ကြားမှုကို မြှင့်တင်ရန်အတွက်ကြောင့် ဖြစ်သည်။ နောက်ထပ် အကြောင်းပြချက်မှာ ချင်းယွီဟန့်က ကျော်ကြားသည့် ​အေးဂျင့်တစ်ယောက် ဖြစ်သောကြောင့် ဖြစ်၏။ 



သို့သော် ထိုမျှလောက်လေးနှင့် ပရိုဂရမ်၏ ကျော်ကြားမှုဟု ခေါ်ရန် အနည်းငယ် ခက်ခဲပေသည်။ 



အခြားဧည့်သည်များ၏ ကျော်ကြားမှုကို မြှင့်တင်ရန် ခြားနားမှုကို မီးမောင်းထိုးပြနိုင်သည့် ဆန့်ကျင်ဘက် ဥပမာပြုစရာများ အမြဲ ပါရှိတတ်သည်။ 


ထို့ကြောင့် ရှန်ယွိက ထိုသို့ပြုလုပ်ရန် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။ 


သူက နက်ဝေါ့ခ်တစ်ခွင်လုံး၌ လုံးဝမည်းနက်နေသည် မဟုတ်သော်လည်း အလွန် ဆိုးဝါးသည့် ဂုဏ်သတင်းရှိနေဆဲ ဖြစ်သည်။ သူက အသစ်လေးများကို အနိုင်ကျင့်သည်အား ဝေးပေါ်ထက်၌ မကြာခဏ မြင်နိုင်ပေသည်။ 



ပရိုဂရမ်၌ ထိုသို့သော အကျင့်မကောင်းသည့်သူမျိုး ရှိနေလျှင် ပရိတ်သတ်များ၏ ဆူပူမှုကို ခံရပြီး အာရုံစိုက်မှုကို ဆွဲဆောင်ရန် သူ့အတွက် လွယ်ကူပေလိမ့်မည်။ဤကဲ့သို့သော သက်ရောက်မှုက ရှိုး၏ ကျော်ကြားမှုကို မြှင့်တင်ပေးနိုင်သည့်အတွက် ကောင်းမွန်သော သက်ရောက်မှု ဖြစ်ပေသည်။ 


ထို့ပြင် နောက်ထပ် အချက်တစ်ချက် ရှိသေးသည်။ 



ဤဇနီးမောင်နှံပရိုဂရမ်၏ ဒါရိုက်တာက ချင်းယွီဟန့်၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပြီး သူမကလည်း ပါးစပ်ဖွင့်ကာ အကူအညီတောင်းခဲပေသည်။ 



သို့သော်... 



ရှန်ယွိ၏ ခင်ပွန်းက မည်သူဖြစ်ကြောင်း မသိသည့်သူ မည်သူရှိသနည်း။ 



ဖုန်းအုပ်စု၏ ဥက္ကဋ္ဌ ဖုန်းစစ်ရွေ့ ဖြစ်သည်။ 



သူက အချမ်းသာဆုံး စာရင်း၏ ထိပ်ဆုံးတွင် ရပ်တည်နေရုံသာမက အလွန်မြင့်မားသည့် အရည်အသွေးနှင့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသေးသည်။ သူက လက်ထပ်ထားပြီးသား ဖြစ်နေခဲ့လျှင်ပင် နှစ်စဥ်နှစ်တိုင်း ရွေးချယ်သည့် အမျိုးသမီးများ၏ လက်အထပ်ချင်ဆုံး အမျိုးသားများထဲမှ တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ 



မစ္စတာဖုန်းနှင့် ရှန်ယွိ လက်ထပ်ပြီးကတည်းက သူတို့နှစ်ယောက်သည် ဘောင်တစ်ခုအတွင်း မည်သည့်အခါမှ အတူတူ ထွက်ပေါ်လာဖူးခြင်း မရှိပေ။ ကောလာဟလများအရ သူတို့နှစ်ယောက်က စာချုပ်အရ လက်ထပ်ထားပြီး တစ်ယောက်နှင့် တစ်ယောက် ခံစားချက်မရှိဟု ဆိုကြပေသည်။ သူတို့က အနှေးနှင့်အမြန် ကွာရှင်းကြမည် ဖြစ်သည်။  



ဒါရိုက်တာက သူတို့နှစ်ယောက် ပါဝင်ရန် မဖြစ်နိုင်ကြောင်း သေချာနေပြီး သူတို့ကို ပရိုဂရမ်မှ ဖယ်ထုတ်ပစ်ရန်ပင် အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။ 



မမျှော်လင့်ဘဲ ရေပန်းစားနေသည့် ကြယ်ပွင့်များကိုပင် ဖိနှိပ်နိုင်လောက်အောင် နာမည်ကြီးသည့် ဖုန်းစစ်ရွေ့က အမှန်တကယ် သဘောတူလိုက်ပေသည်။ 



ဒါရိုက်တာက ရုတ်တရက် ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရ၏။ 



ဥက္ကဋ္ဌဖုန်းက သူတို့၏ ရှိုးကို ကျိန်းသေပေါက် ကျော်ကြားမှုနှုန်းများ မြင့်တက်လာအောင် ပြုလုပ်ပေးမည်ကို သိသည့်အတွက် ပျော်ရွှင်မှုတစ်ခု ခံစားရသည်။ 



သို့သော် အဖွဲ့သားများ၏ ဝန်ဆောင်မှုက ဥက္ကဋ္ဌဖုန်းကို လုံလုံလောက်လောက် စိတ်ကျေနပ်စေခြင်းမရှိမည်ကို ကြောက်ရွံ့စိုးရိမ်စိတ်လည်း ခံစားနေရပေသည်။ သည်ရေခဲစိုင်ကြီးက စိတ်မကျေနပ်၍ သူ၏ အခွင့်အလမ်းအရင်းအမြစ်များကို ပိတ်ပင်တားဆီးလိုက်လျှင် မည်သို့ လုပ်ရပါမည်နည်း။ 



နောက်ထပ် သတိထားရမည့် အန္တရာယ်များသည့် အချက်တစ်ခု ရှိသေးသည်။


ဤရှိုးက ဇနီးမောင်နှံကြား ဆက်ဆံရေးကို တိုးမြင့်လာစေရန် ရည်ရွယ်သည့် ငွေကုန်ကြေးကျနည်းနည်းနှင့် ခရီးသွားရမည့် အစီအစဥ်ဖြစ်သည်။ ဖုန်းစစ်ရွေ့နှင့် ရှန်ယွိက အစီအစဥ် တစ်ဝက်လောက် ရောက်ကာမှ သဘောတူညီမှုမရှိတော့ဘဲ ကွာရှင်းပြတ်စဲရန် အော်ဟစ်ရန်ဖြစ်နေကြလျှင် သူတို့ အစီအစဥ်၏ အဓိကရည်ရွယ်ချက်နှင့် ဆန့်ကျင်သွားပေလိမ့်မည်။ 



ဒါရိုက်တာ၏ စိုးရိမ်ပူပန်မှုက ထုတ်လုပ်သူကြောင့် အလျင်အမြန် ဖယ်ရှားခံလိုက်ရသည်။



"ဒီရှိုးက အစကတည်းက ပွင့်လင်းမြင်သာတဲ့ ရသစုံရှိုးတစ်ခုပဲ။ စိတ်သဘောထား မတိုက်ဆိုင်မှုများလေ ပိုပြီး ကျော်ကြားလေ ဖြစ်လိမ့်မယ်။ သူတို့ ကွာရှင်းတာ မကွာရှင်းတာကို ဘာလို့ ဂရုစိုက်နေတာလဲ။ အဲဒါကပဲ ပရိတ်သတ်တွေ မြင်ချင်နေတဲ့အရာ မဟုတ်ဘူးလား။" 



ရှိုးစတင်မရိုက်ကူးခင်နေ့တွင် ရှိုး၏ ပရိုမိုးရှင်းပိုစတာကို ပြောင်းလဲပြုပြင်ခဲ့ပြီး ဖုန်းစစ်ရွေ့နှင့် ရှန်ယွိ၏ နာမည်ကို ပို၍ အသားပေးဖော်ပြခဲ့သည်။ 



သူတို့က ပြည်သူလူထုကို အုတ်အုတ်ကျက်ကျက် ဖြစ်လာစေရန် အပူပေးရန်ပင် မလိုအပ်ဘဲ ရှန်ယွိတွင် ကောင်းမွန်သည့် ဂေါ်ဖီထုပ်ကို တူးယူသွားသော ဝက်ဟူသည့် မကောင်းသော အနက်ရောင်ဂုဏ်သတင်းကြီး ရှိနေပေသည်။ 



စတင်ရိုက်ကူးသည့်နေ့တွင် ရှန်ယွိက လက်ထဲတွင် ခရီးဆောင်လက်ဆွဲသေတ္တာကို ကိုင်ကာ ခက်ခဲသည့် လှုပ်ရှားမှုကို ပြုလုပ်နေရသလို ဟန်ဆောင်၍ ဗီလာအတွင်းမှ တစ်လှမ်းချင်း ထွက်လာနေသည်။ သူက ရိုက်ကူးရေးပြုလုပ်မည့် နေရာသို့ သွားနေခြင်းမဟုတ်ဘဲ သေဒဏ်စီရင်မည့် နေရာသို့ သွားရမည့်လူကဲ့သို့ ပြုလုပ်နေလေသည်။



ဗီလာအပြင်ဘက်တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး လည်သာရှူးဖိနပ် စီးထားသည့် အမျိုးသားတစ်ယောက်က ရှန်ယွိအနားသို့ အလျင်အမြန် ချဥ်းကပ်လာပြီး သူ့လက်ထဲမှ လက်ဆွဲသေတ္တာကို ဆွဲယူကာ အေးစက်သည့် စကားတစ်ခွန်းပြောလိုက်သည်။ "မစ္စတာဖုန်းက ကားထဲမှာ စောင့်နေတယ်။ အချိန်ဆွဲမနေနဲ့။" 



ထို့နောက် သူက လှည့်ထွက်သွားသည်။ 



ရှန်ယွိ , “…” ဘယ်သူက သူတို့ရဲ့ သင်္ချိုင်းကို စောစောသွားချင်မှာ မို့လို့လဲ။ 


သူက မကျေနပ်မှုများကို စိတ်ထဲမှာသာ သိမ်းဆည်းထားနိုင်ပေသည်။ သူက မုသားစကားများ ဖောဖောသီသီ ရောင်းချရင်း အချစ်ရူးနေသောသူဟူသည့် ဇာတ်ကောင်ကို ဟန်ဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ကားထဲသို့ ရောက်သည့်အခါ ချစ်ခင်နှစ်သက်စွာဖြင့် ပြောလိုက်၏။ "လောင်ကုန်း ခင်ဗျားက အရမ်းကောင်းတာပဲ။ ကျွန်တော့်ကို အကြာကြီး စောင့်နေပေးခဲ့တာလား။" 


—— ‘သေစမ်း! ဒါက အကန့်အသတ်ထုတ် ကားတစ်စီးပဲ။ အရင်တုန်းက ငါ့ တင်ပါးလေး ဒီလိုကားမျိုးကို လုံးဝ မထိဖူးဘူး။ ငါ ဒီလိုလုပ်နိုင်ဖို့အတွက် ဒီနေ့ ဘယ်လေတွေ တိုက်ခတ်လာတာများလဲ။’


—— ‘ငြင်းခုန်နေဖို့တောင်မလိုဘူး။ တန်ဖိုးကြီးကားတစ်စီးက တကယ့်ကို သက်သောင့်သက်သာ ရှိတာပဲ။’


ရှန်ယွိက သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး မည်သည့် ထူးဆန်းမှုမှ မပြသဘဲ သက်သောင့်သက်သာ ရှိစေမည့် အနေအထားကို ချိန်ညှိလိုက်သည်။ 


ဖုန်းစစ်ရွေ့က သူ့ထံ ငဲဲ့ကြည့်လိုက်၏။ "မင်းက ရုပ်ဝါဒီကို လက်ကိုင်ထားတဲ့သူလား။"  



"အမ်?" ရှန်ယွိက နားမလည်သယောင် ဟန်ဆောင်လိုက်သည်။ "ဘာရုပ်ဝါဒီလဲ။"


—— ‘ဘာမဟုတ်တရုတ်တွေ လာပြောနေတာလဲ။ လူတိုင်းသာ မွေးကတည်းက ရွှေဇွန်းကိုက်မွေးလာရင် လူ့အဖွဲ့အစည်းကြီးက အခုဆို အရမ်းတွေ သဟဇာတဖြစ်နေမှာပေါ့။ ငါဆိုလည်း အရင်းအမြစ်တွေအတွက် စိတ်ပူစရာ မလိုတော့ဘဲ ဆယ်ဘီလီယံလောက်လေးရဖို့အတွက် ခင်ဗျားကို မျက်နှာချိုသွေးနေဖို့ လိုပါ့မလား။’


ဖုန်းစစ်ရွေ့က အကြည့်တို့ကို ပြန်ရုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "မင်းက အနုပညာလောကထဲမှာ နေရတာ သိပ်မကြိုက်ဘူးလို့ ငါ တွေးမိတယ်။" 


မဟုတ်ရင် ဘာလို့ သူက ကောင်းကောင်းမွန်မွန် အလုပ်မလုပ်ဘဲ အမြဲ နတ်ဆိုးတစ်ကောင်လို သရုပ်ဆောင်နေရတာလဲ။ 



ရှန်ယွိက ရုတ်တရက် အံ့အားသင့်တကြီး ခေါင်းလှည့်လာကာ ပြောလိုက်သည်။ "လောင်ကုန်း ကြည့်ရတာ ခင်ဗျားက ကျွန်တော် ဘာတွေးနေတယ်ဆိုတာ သိနေတာလား။" 


—— ‘ငါ့ ပါးစပ်တစ်ခါဖွင့်လိုက်တာနဲ့ လောင်ကုန်းလို့ တစ်ခါခေါ်မယ်။ ခင်ဗျားကို ရွံသေအောင် လုပ်ပစ်လိုက်မယ်။’


—— ‘ဒါပေမယ့် သူက ဘာလို့ ငါ ဘာတွေးနေတယ်ဆိုတဲ့ အကြောင်း မေးရတာလဲ။ ကြည့်ရတာ ဉာဏ်ကောင်းတဲ့လူတွေကတခြားလူတွေ ဘာတွေးနေတယ်ဆိုတာ ခန့်မှန်းနိုင်တယ်လို့ ပြောကြတာ အမှန်များလား။’


—— ‘သေချာပေါက်ကို ဒီလူအိုကြီးက လိမ္မာပါးနပ်တာပဲ။’


ဖုန်းစစ်ရွေ့၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။ "မောင်းတော့!" 



သူသည် ရှန်ယွိနှင့် ရသစုံရှိုးကို ပါဝင်နိုင်ရန် အတည်ပြုဆုံးဖြတ်ချက်ချရမည့် အစည်းအဝေးပွဲများနှင့် စီးပွားရေး တွေ့ဆုံပွဲများကို ဘေးသို့ တွန်းဖယ်ထားခဲ့သည်မှာ သူရူးနေ၍ဟုသာ ခံစားရပေတော့သည်။ 



ရိုက်ကူးရေးသို့ သွားသည့် လမ်းတလျှောက် တိတ်ဆိတ်နေပြီး မည်သည့် အတွေးကိုမှလည်း မကြားရတော့ပေ။ 



ဖုန်းစစ်ရွေ့သည် ထူးထူးခြားခြား တိတ်ဆိတ်မှုကို ခံစားလိုက်ရပြီး မကြာခင်၌ တွေ့ဆုံရမည့် နေရာသို့ ရောက်လာခဲ့ပေသည်။ သူက အဆင့်မြင့်ဖက်ရှင် အနောက်တိုင်းဝတ်စုံ၏ ကြယ်သီးများကို မြန်မြန်ဆန်ဆန် တပ်လိုက်ပြီး ကားထဲမှ ထွက်လိုက်သည့်အချိန် အလျင်စလို ဖြစ်နေသည့် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရပေသည်။ 


—— ‘ခလုတ်တိုက်ချော်လဲပြီး သေပါစေ။ ခလုတ်တိုက်ချော်လဲပြီး သေပါစေ။ ’


—— ‘ငါ အမွေလိုချင်တယ်။’


[ချစ်လှစွာသော Host ရေ, အရူးအမူး ချစ်မြတ်နိုးနေတဲ့ အချစ်ရူးတစ်ယောက်ရဲ့ ကာရိုက်တာကနေ သွေဖယ်သွားလို့ မရပါဘူးနော်။ ကိုယ့်ယောက်ျားကိုယ် သေအောင် ကျိန်ဆဲလို့ လုံးဝ မရပါဘူး။]


ရှန်ယွိက မျက်လုံးများကို လှိမ့်၍ ပြောလိုက်သည်။ 'ငါက တွေးနေရုံပဲ။ အဲဒီလောက် အဆိပ်မပြင်းပါဘူး။' 



"ရှန်ယွိ!" ဖုန်းစစ်ရွေ့က ဒေါသတကြီး လှည့်ကြည့်လာသည်။ 



ရှန်ယွိက ဖြူစင်အပြစ်ကင်းသည့် ရုပ်ကလေးနှင့် မျက်တောင်ခတ်လိုက်သည်။ "လောင်ကုန်း?" 


ရိုက်ကူးရေးအဖွဲ့မှ လူများနှင့် တွေ့ဆုံရမည့် နေရာမှာ ကြယ်ငါးပွင့်ဟိုတယ်တစ်ခု ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့သားများက စောစောစီးစီးကတည်းက ဧည့်ခန်းအတွင်း စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ 


'သူစိမ်းတွေ ငါ့အနားမကပ်နဲ့' ဟူသည့် မျက်နှာနှင့် ဒလက်ကဲ့သို့ လှည့်ပတ်နေသည့် မှန်တံခါးမှ ဝင်ရောက်လာသော ဖုန်းစစ်ရွေ့ကို မြင်လိုက်ရသည်နှင့် သူ၏ အားကောင်းလှသော အရှိန်အဝါကြောင့် လူတိုင်း ထိတ်လန့်ကြောက်ရွံ့သွားပြီး အချိန်အတော်ကြာသည်အထိ မည်သူမှ ရှေ့ထွက်မလာရဲပေ။ 



သို့သော် ရှန်ယွိက သူ့(ဖုန်းစစ်ရွေ့)အနောက်မှ ခြေဖျားထောက်ရပ်လိုက်ကာ ရွှတ်နောက်နောက် ပြောလိုက်သည်။ "ပရိုဂရမ်အဖွဲ့သားတွေ နေကောင်းကြလား။ ပရိုဂရမ်အဖွဲ့သားတွေ အရမ်းကြိုးစားကြတာပဲနော်။ ကျွန်တော်တို့ အလုပ်ကိစ္စကြောင့် ဆယ်မိနစ်လောက် နောက်ကျသွားတယ်။ ပရိုဂရမ်အဖွဲ့သားတွေ စိတ်မရှိဖို့ မျှော်လင့်ပါတယ်။" 



ထိုစကားများကို ကြားသည့်အခါ ဖုန်းစစ်ရွေ့က အေးစက်စွာ ပြန်လှည့်ကြည့်လိုက်ပြီး သူ့အကြည့်များထဲမှ သတိပေးမှုက သိသာနေသည်။ 



အိမ်မှ ထွက်လာစဥ်က အချိန်ဆွဲကာ လေးဖင့်နေသည့် ရှန်ယွိက မသိမသာလေး မဲ့ရွဲ့ကာ ပြုံး၍ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ လောင်ကုန်း။ ကျွန်တော် တစ်ခုခုမှားပြောမိလို့လား။" 


—— ‘ခွေးကောင် အပြစ်တင်ခံလိုက်ရတော့ ဘာဖြစ်မှာမို့လို့လဲ။ တာဝန်ယူချင်စိတ်လေးကို မရှိဘူး။ ဒီကောင်က ဘယ်လိုယောက်ျားမျိုးလဲ။’


ဖုန်းစစ်ရွေ့က ရှန်ယွိ၏ စကားများကို သဘောတူမည့်ပုံမပေါ်သည်ကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေကြသည်။ သို့သော် သူတို့သည် နောက်တစ်စက္ကန့်၌ ပါးလျသည့် နှုတ်ခမ်းများက အေးစက်စွာ လှုပ်ရှားသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ "အချိန်နှောင့်နှေးသွားအောင် လုပ်မိတာ ကျုပ်ပါပဲ။ အားနာမိပါတယ်။" 



"ရပါတယ်။ ရပါတယ်။ ကျွန်တော်တို့မှာ အချိန်အများကြီး ရှိပါသေးတယ်။ အလျင်လိုစရာ မလိုပါဘူး။" ပရိုဂရမ်ဝန်ထမ်းက သူ့ထံ ပြေးလာပြီး အပြုံးနှင့် ပြောလိုက်သည်။ "မစ္စတာဖုန်း အနားယူတဲ့နေရာမှာ ခဏသွားထိုင်နေလိုက်ပါ။ စုံတွဲငါးတွဲလုံး ရောက်လာတဲ့အခါ ကျွန်တော်တို့ အတူတူသွားကြမှာပါ။" 


  

"အဲဒါကို ပြောရရင် မစ္စတာဖုန်း ကျွန်တော်တို့က တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းမို့ စုံတွဲတစ်တွဲစီနောက်ကနေ လိုက်ပါဖို့ အထူးကင်မရာတွေ ရှိပါလိမ့်မယ်။ ဒါနဲ့ပတ်သတ်ပြီး အဆင်မပြေတာရှိရင် ပရိုဂရမ်အဖွဲ့ကို အချိန်မရွေး အသိပေးလို့ရပါတယ်။" 



ဖုန်းစစ်ရွေ့က မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ "အိပ်နေရင်တောင် တိုက်ရိုက်ထုတ်လွှင့်မှာလား။" 



"မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး။ ကျွန်တော်တို့က ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာကို မချိုးဖောက်ပါဘူး။" ပရိုဂရမ်ဝန်ထမ်းက အနည်းငယ် ရှက်ရွံ့သွားသည်။ 


"နားလည်ပြီ။" ဖုန်းစစ်ရွေ့က ထိုစကားကို ပြောကာ နားနေသည့် နေရာမှ ဆိုဖာသို့ လျှောက်သွားခဲ့သည်။ 



အစကနေ အဆုံးထိ ထင်မြင်ချက် အမေးမခံလိုက်ရသည့် ရှန်ယွိ , “…”


—— ‘ကြည့်စမ်းပါဦး။ ဒါက တစ်ယောက်က နောက်တစ်ယောက်ကို ဘယ်လိုမျက်နှာသာပေးရမလဲဆိုတာ သိသိသာသာ သရုပ်ပြပေးလိုက်တာပဲ။ ဖုန်းစစ်ရွေ့ လာတဲ့အခါကျ ပရိုဂရမ်အဖွဲ့က ကပ်ဖားရပ်ဖားလုပ်ဖို့ လျှာတစ်လစ်နဲ့ ခွေးတွေလို စပြီး ပြုမူတော့တာပဲ။’


ထိုအတွေးကို ကြားလိုက်ရသည့် ဖုန်းစစ်ရွေ့က ရုတ်ချည်း ရပ်တန့်ကာ နောက်ပြန်လှည့်လာပြီး ပြောလိုက်သည်။ "ဒီကို အခုထိ မလာသေးဘူးလား။" 


—— ‘ခင်ဗျားက ခွေးတစ်ကောင်ကို ခေါ်နေတာလား။ တစ်ဖက်လူကို နာမည်လေးတောင် မတပ်ဘဲ ခေါ်ရလား။’


"လာပြီ လောင်ကုန်း!" ရှန်ယွိက အံကြိတ်ကာ ပြုံးလိုက်သည်။ 


ပရိုဂရမ်ဝန်ထမ်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ 



ဘာလို့ ဒီစုံတွဲက ကောလာဟလတွေထဲကနဲ့ ကွာခြားပုံပေါ်နေတာလဲ။ 


===========