အပိုင်း (၈) ငါ ရုတ်တရက်ကြီး ရှန်ယွိရဲ့ အပေါက်ဆိုးဆိုးပါးစပ်ကို လွမ်းမိသွားသလိုပဲ!
လေထုက ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလာပြီး ပရိုဂရမ်အဖွဲ့က ကိစ္စများကို ပြေလည်ရာပြေလည်ကြောင်း ဝင်ပြောခဲ့သည်။ "ဒါက နားလည်မှုလွဲသွားရုံလေးပါပဲ။ လူတိုင်းပဲ အချင်းချင်း ခင်မင်ရင်းနှီးဖို့ ကြိုးစားလိုက်ကြရအောင်။ လမ်းတလျှောက် ပူးပေါင်းပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိနေသေးတယ်လေ။"
"အခု လေယာဉ်ပေါ်တက်ဖို့ အသင့်ပြင်ကြလို့ ရပါပြီ။ လူတိုင်းပဲ လေယာဥ်လက်မှတ်တွေနဲ့ ခရီးဆောင်အိတ်တွေကို စစ်ဆေးကြည့်ဖို့ မမေ့ကြပါနဲ့ဦး။ အထုပ်အပိုးတွေကို နေရာထားမမှားဖို့ သတိပြုကြပါ။ လေယာဥ်က အန္တရာယ်ကင်းကင်း ဆင်းသက်ပြီးတဲ့နောက်မှာ ရိုက်ကူးရေး ပြန်လည်စတင်ပါမယ်။"
ထိုမုန်တိုင်း ပြီးသွားသည့်နောက် ဖုန်းစစ်ရွေ့က စကားတစ်ခွန်းမှ မပြောတော့ပေ။
သူက လင်လုဖေးကို အနည်းငယ် ရန်လိုမှုတို့ ရောစွက်ထားသည့် အလွန် မနှစ်မြို့နေသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
လေယာဥ်ပေါ်သို့ ရောက်ပြီးနောက် ယန်ချီချီက အသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။ "လုဖေးကော ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အဲဒီလို ဖြစ်သွားမယ်လို့ ထင်မထားမိဘူး။"
သူက ထိုနှစ်ယောက်ကြားမှ လက်ထပ်မှုက စာချုပ်သာသာဖြစ်ပြီး ဖုန်းစစ်ရွေ့က ရှန်ယွိအား မနှစ်သက်ဟု တွေးထင်ထားခဲ့သည်။
သို့သော် မထင်မှတ်ဘဲ ဖုန်းစစ်ရွေ့က သူ့(ယန်ချီချီ) ယောက်ျား၏ မျက်နှာကို ဆုတ်ဖြဲကာ ရှန်ယွိအား ကာကွယ်ပေးခဲ့သည်။
ယခင် ကောလာဟလများအားလုံးက မှားယွင်းနေသည်လား။
"မင်း ဘာလို့ အမြဲတမ်း ရှန်ယွိကို ပစ်မှတ်ထားနေတာလဲ။" အစောပိုင်းတွင် စကားတစ်ခွန်းမှ မပြောခဲ့သည့် လင်လုဖေးက ရုတ်တရက် မေးလိုက်သည်။
ယန်ချီချီ၏ နှုတ်ခမ်းထောင့်တို့က တောင့်တင်းသွားပြီး သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွား၏။ "ကျွန်တော် သူ့ကို ပစ်မှတ်ထားတော့ရော ဘာဖြစ်လဲ။ သူ့ကို စိတ်ပူနေတာလား။"
"သူ့ကို အခုထိ လွမ်းဆွတ်တမ်းတနေတုန်းလား။"
လင်လုဖေးက သူ့ကို ကြည့်လိုက်သည်။ "မလျော်ကန်တာတွေ မပြောနဲ့။"
"ကျွန်တော်က မလျော်ကန်ဘူးလား။" ယန်ချီချီက အံကြိတ်လိုက်သည်။ လင်လုဖေးက ထိုမေးခွန်းကို မေးပြီးနောက် မည်သည့်စကားမှ ဆက်မပြောတော့ပေ။
ယန်ချီချီ၏ နှလုံးသားထဲမှ အမုန်းတရားက သူ့တစ်ကိုယ်လုံးကို ဝါးမြိုလုမတတ် ဖြစ်နေခဲ့၏။
သန့်စင်ခန်းအတွင်းမှ ဗလက္ကာရအပြုခံခဲ့ရသည့် အတွေ့အကြုံအရ ရှန်ယွိသည် ဖုန်းစစ်ရွေ့နှင့် နှစ်ယောက်တည်း ရှိနေသည့် အချိန်တိုင်း ဂရုတစိုက်နှင့် သူတို့နှစ်ယောက်ကြား လက်တစ်ကမ်းအကွာအဝေး ရှိနေရန် ထိန်းသိမ်းထားခဲ့သည်။
သူသည် မနေ့ညက ရသစုံရှိုးသို့ သွားရောက်ရိုက်ကူးရမည်ကို စိုးရိမ်ပူပန်နေသည့်အတွက်ကြောင့် ညဘက်တွင် ဟိုလှည့်ဒီလှည့်နှင့် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက လေယာဥ်ပေါ်ရောက်သည်နှင့် ထောင့်လေးတွင် ကွေးကွေးလေးလှဲကာ မျက်လုံးများ မှိတ်ထားလိုက်သည်။
အချိန်ကုန်စေရန် စီးပွားရေးမဂ္ဂဇင်းတစ်အုပ် ကိုင်ထားပြီး ဖတ်ရှုနေသည့် ဖုန်းစစ်ရွေ့က သူ့ခေါင်းထက်မှနေ၍ အေးစက်သည့် လေတို့ တိုက်ခတ်လာပြီး အနှောက်အယှက် ပေးလိုက်ခြင်းကို ခံစားမိလိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်သို့ အပေါ်ဝတ်ကုတ်အင်္ကျီတစ်ထည် လွှမ်းခြုံလာသည်အား ခံစားမိလိုက်သည့် ရှန်ယွိက ဇဝေဇဝါနှင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်မိ၏။ သူက ချက်ချင်း လက်ကို မြှောက်ကာ ပြောလိုက်သည်။ "လေယာဥ်မယ်လေး ကျွန်တော့် ကို စောင်တစ်ထည်လောက် ပေးပါ။"
ဒေါသကို ထိန်းချုပ်ထားသည့် ဖုန်းစစ်ရွေ့က မေးလိုက်သည်။ "အဲဒီစောင်တွေမှာ ဘတ်တီးရီးယားတွေ ပါလာမှာ မကြောက်ဘူးလား။"
"အဲဒါမျိုးကို ဂရုမစိုက်ပါဘူး။" ရှန်ယွိက အပေါ်ထပ်ကုတ်အင်္ကျီကို ယူပြီး ဖုန်းစစ်ရွေ့ဘက်သို့ ပြန်ပစ်ပေးလိုက်သည်။ "စောင်က အဆင်ပြေပါတယ်။"
ဖုန်းစစ်ရွေ့ , "..." ငါ့ရဲ့ ပစ္စည်းတွေကို ဒီလောက်တောင် ရွံရှာနေတာလား။
လေယာဥ်ဆင်းလာသည့်အခါ ပရိုဂရမ်အဖွဲ့က အသင်းတစ်သင်းစီကို A နိုင်ငံ၏ ဘဏ်လက်မှတ်ပါသော စာအိတ်များ ပေးလိုက်သည်။ "ခင်ဗျားတို့က အတူတူခရီးသွားမလား။ ဒါမှမဟုတ် ကိုယ့်ခရီးစဥ် ကိုယ်ဆွဲမလားဆိုတာ ရွေးချယ်လို့ရပါတယ်။"
"ဒီစာအိတ်ထဲမှာ ဘဏ်လက်မှတ်ပါရုံတင်မကဘူး။ နိုင်ငံအတွင်းမှာရှိတဲ့ အထင်ကရနေရာတွေကို မှတ်သားထားတဲ့ မြေပုံလည်း ရှိတယ်။ လူတိုင်းပဲ အဲဒါကို အကိုးအကားအနေနဲ့ အသုံးပြုနိုင်ပါတယ်။"
"ဒါပေမယ့် ကျုပ်တို့ ပရိုဂရမ်အဖွဲ့က ဧည့်သည်တွေကို အတူတူ ခရီးသွားဖို့ အကြံပြုချင်နေတုန်းပဲ။ ဒီလမ်းမှာ အဖွဲ့လိုက်လက်မှတ်တွေနဲ့ နေရာထိုင်ခင်းတွေအတွက် လျှော့စျေး ပေးတာတွေ ရှိတယ်။"
သရုပ်ဆောင်ဝမ်ရှင်းအာက ထိုအကြံပြုချက်အတိုင်း လိုက်လုပ်ချင်နေသည်။ "ကျွန်မ သဘောတူတယ်။"
"ကျွန်မတို့က ဇနီးမောင်နှံအဖွဲ့လိုက်အဖြစ် ပါဝင်နေကြပြီး လူတိုင်းမှာ အနိုင်ရချင်တဲ့ စိတ်တွေ ရှိကြမယ်ဆိုပေမယ့် အချင်းချင်း ပူးပေါင်းတာကလည်း ကောင်းကျိုးတွေ ရှိနိုင်တယ်လေ။ အဲဒါကြောင့် ကျွန်မတို့ ပူးပေါင်းသင့်တယ်လို့ တွေးမိတယ်။"
သူမက စကားပြောနေခြင်းအား ရပ်လိုက်ပြီး ရည်ရွယ်သလိုလို မရည်ရွယ်သလိုနှင့် ဖုန်းစစ်ရွေ့ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်များမှ ချိုမြိန်ကာ ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခု ဖူးပွင့်လာ၏။ "အားလုံးရော ဘယ်လိုထင်ကြလဲ။"
ဒါရိုက်တာမုန့်က သူမကို အပြုံးမမည်သော အပြုံးတစ်ခု ပေးလိုက်သည်။ "ဒါက ကောင်းမွန်တဲ့ အတွေးပါပဲ။"
မည်သူက မစ္စတာဖုန်းနဲ့အတူ မသွားချင်ဘဲ နေလိမ့်ပါမည်နည်း။ သူတို့က စားစရာ အသားတစ်စမှ မရှိရင်တောင် ဟင်းရည်အချို့တော့ သောက်နိုင်လိမ့်ဦးမည် ဖြစ်သည်။
ထို့နောက်တွင် သူက မည်သည့် စကားမှ ထပ်မပြောတော့ပေ။ အဆုံးမှာတော့ သူက လင်လုဖေး၏ အဖြစ်မှနေ၍ သင်ခန်းစာတစ်ခုရရှိခဲ့ပြီ လူများကို အလျင်စလို မဆန့်ကျင်ရဲတော့ပေ။
သို့သော် ဝမ်ရှင်းအာ၏ အကြည့်များကို မြင်ပြီးနောက် သူ့မျက်လုံးများထဲ၌ ရက်စက်မှုအချို့ ခိုတွဲလာပေသည်။
လူတိုင်းက တစ်စိတ်တစ်ဝမ်းတည်းဖြင့် အတူတကွသွားရန် သဘောတူလိုက်ကြသည်။
ယန်ချီချီက တမင်သက်သက် လူတိုင်း၏ အနောက်မှ လျှောက်နေခဲ့သည်။ သူက အသံကို နှိမ့်ကာ ခနဲ့တဲ့တဲ့အသံနှင့် မေးလိုက်သည်။ "အခုတော့ ခင်ဗျား ဆန္ဒတွေ ပြည့်သွားပြီမလား။"
"ခင်ဗျား ဘာတွေးနေလဲဆိုတာ ဖုန်းစစ်ရွေ့ကို သတိမပြုမိစေနဲ့။"
"ရှေ့နေရုံးတစ်ခုကို ထောက်ပံ့ပေးဖို့ဆိုတာ ခက်ခဲတယ်မလား။ ခင်ဗျားရဲ့ လက်ထပ်ကျမှ အကုန်လုံး ပျက်စီးကုန်ရန် မကောင်းဘူးလေ။"
လင်လုဖေးက လမ်းလျှောက်နေခြင်းအား မရပ်တန့်ခဲ့ပေ။ သူက ယန်ချီချီ၏ စကားလုံးများကို အပြည့်အဝ လျစ်လျူရှုထားခဲ့၏။ သူတို့နှစ်ယောက်က လျှောက်နေရင်း တစ်ယောက်နှင့်တစ်ယောက် တဖြေးဖြေး ဝေးကွာလာပေသည်။
ယန်ချီချီက ဒေါသထွက်နေသော်လည်း သူ့အမူအရာကို ပြသရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက အမုန်းတရားနှင့် မကျေနပ်မှုတို့ကို မြိုချထားရန်သာ တတ်နိုင်ပေသည်။
ဟုတ်တယ်။
သူသည် အစပိုင်း၌ လင်လုဖေးကို အကွက်က၏ဆင်ခဲ့ပြီး သူနှင့် တစ်ညတာ အိပ်စက်ကာ တာဝန်ယူပေးစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့ လက်ထပ်ပြီးပြီဖြစ်ရာ လင်လုဖေးသည် ယခင်က သူ ကြိုက်နှစ်သက်ခဲ့သူများနှင့် ပြတ်ပြတ်သားသား ရှိသင့်နေပြီ ဖြစ်လေသည်။
သူက ဘာလို့ အမြဲတမ်း ရှန်ယွိကို ချစ်ခင်မြတ်နိုးစိတ် ပြင်းပြစွာဖြင့် တိတ်တိတ်လေး ခိုးကြည့်နေဆဲ ဖြစ်ရပါသနည်း။
လင်လုဖေးက သူ့ကို ကန်းနေသည်များ ထင်လေသလား။
Aနိုင်ငံ၏ လမ်းများထက်တွင် ရိုက်ကူးရေးပြုလုပ်ခြင်းက အလွန် သာမန်ပင် ဖြစ်သောကြောင့် လူများက ဂရုမစိုက်ကြပေ။ ဤနိုင်ငံအတွင်း၌ တရုတ်လူမျိုးအနည်းငယ်သာ ရှိသည့်အတွက် လမ်းပေါ်၌ အချင်းချင်း တွေ့ဆုံနိုင်ချေ နည်းပါးပေသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုက ချောချောမွေ့မွေ့ ဆက်သွားနေပြီး အဆင်အခြင်မဲ့သည့် ပရိတ်သတ်များ မရှိနေပေ။
"ကျွန်မတို့ အခု သွားလို့ရပြီလား။" အဆိုတော်ချီလုလုက မေးလိုက်သည်။
သူမက အဖွဲ့ထဲတွင် အငယ်ဆုံးဖြစ်ပြီး သည်းခံနိုင်စွမ်း အနည်းဆုံး ဖြစ်သည်။ သူမက လေဆိပ်မှ လျှောက်ထွက်လာပြီး အေးစက်သည့် လေထုအတွင်း ရပ်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။
သူမ၏ ပရိုဂျူဆာခင်ပွန်း လွီကျန့်ယွီက သူ၏ ကုတ်အင်္ကျီကို ချွတ်ကာ နူးနူးညံ့ညံ့ ပြောလိုက်၏။ "အအေးမိမယ်။ ဂရုစိုက်။"
"ကျေးဇူးတင်ပါတယ် ယောက်ျား။" ချီလုလုက ချိုမြိန်သည့် အပြုံးနှင့် တုန့်ပြန်လိုက်သည်။ ထို့နောက် သူမက ခေါင်းကို လှည့်ကာ စိတ်မရှည်စွာ မေးလိုက်သည်။ "ကျွန်မတို့ ဘာလို့ တက္ကစီ ခေါ်ပြီး အနီးဆုံး ဟိုတယ်မှာ သွားမနေရတာလဲ။"
"ညစာအတွက် အသားနဲ့ ဝဝလင်လင်တောင် စားနိုင်ဦးမယ်။"
ရှန်ယွိက ပြောလိုက်သည်။ "မင်း အဲဒီလောက်တောင် ပိုက်ဆံအများကြီး သုံးချင်နေတယ်ဆိုရင် သပ်သပ်စီသွားကြတာ ပိုကောင်းလိမ့်မယ်။"
"ဖုန်ကျဲလို တူညီတဲ့ အမှားမျိုး မလုပ်နဲ့။ မှတ်ထား.. ငါတို့က ခြိုးခြံချွေတာတဲ့ ခရီးစဥ်ကို သွားရမယ့် ရှိုးမှာ ရောက်နေတာ!"
အမည်တပ်ကာ အပြောခံလိုက်ရသည့် အော်ပရာ စီနီယာသရုပ်ဆောင် ဖုန်ဟွမ့်မေက ပြောလိုက်၏။ "နင်က အရမ်းအစွမ်းထက်နေရင် ခရီးစဥ်ကို နင်ပဲ ဦးဆောင်လိုက်ပါလား။"
"အခြေအနေတွေကို ကျော်ဖြတ်ဖို့ ချမ်းသာတဲ့ ခင်ပွန်းကိုပဲ အားကိုးမနေနဲ့လေ။"
ရှန်ယွိက သူ့မျက်လုံးများကို လှိမ့်လိုက်၏။ "ကျွန်တော့် ယောက်ျား ချမ်းသာတာက ကျွန်တော့်အမှားလား။"
"မျက်နှာဖြူလေးကို မြေတောင်မြှောက်ပေးဖို့ဆိုတာ ခင်ဗျားအတွက်တော့ ခက်ခဲတာပဲ။ အဲဒါနဲ့ ပတ်သတ်ပြီး ဂုဏ်မယူဘူးလား။"
ဖုန်ဟွမ့်မေ၏ ဘေးမှ ကြွက်သားတောင့်တောင့်နှင့် လူက ကိုးရို့ကားယားနိုင်စွာ ကြည့်လိုက်သည်။
မှတ်ချက်ကဏ္ဍမှ မှတ်ချက်များက နောက်တစ်ခါ ပေါက်ကွဲထွက်လာပြန်သည်။
[ရှန်ယွိက အရမ်းကို အဆိပ်ပြင်းတာ မဟုတ်ဘူးလား။ သူ့ခေါင်းထဲကို လေတွေ ဝင်လာမှာ မကြောက်ဘူးလား။]
[ဖုန်ကျဲက အသက်အရွယ်ကွာခြားမှုကို မကြောက်ဘဲ အချစ်ကို ရဲရဲဝံ့ဝံ ဖမ်းဆုပ်ထားတာလေ။ အဲဒါနဲ့ပတ်သတ်ပြီး ဘာမှားနေလို့လဲ။ တစ်စုံတစ်ယောက်က မျက်နှာဖြူလေး ဖြစ်နေရုံကို နင်က ဘာလို့ ဆူငေါက်နေရတာလဲ။]
[ဖုန်းလောင်ကုန်း ဘာကို စောင့်နေတာလဲ။ တိုက်ရိုက်ထုတ်လွှင့်နေတာကို မြန်မြန်လေး အခွင့်အရေးယူပြီး တစ်နိုင်ငံလုံးရဲ့ အရှေ့မှာ ကွာရှင်းပြတ်စဲဖို့ ကြေညာလိုက်တော့လေ။ အဲဒီလိုမလုပ်မိခဲ့ရင် ရှင်တော့ ဒီနောင်တရမှုကို မြိုသိပ်ထားနိုင်မှာ မဟုတ်တော့ဘူးနော်။]
ရှန်ယွိက တစ်ဖတ်သတ်ဆန်နေကြသည့် အွန်လိုင်းပေါ်မှ ပြည်သူလူထုအမြင်ကို သတိမပြုမိခဲ့ပေ။ သူ၏ ခရီးသွားစိတ်ဓာတ်က ပွင့်ဟလာပြီး အရှေ့တောင်ဘက်သို့ လက်ညှိုးထိုးလိုက်သည်။ "အဲဒီဘက်မှာ မြေအောက်ရထား ရှိတယ်။ ကျုပ်က အဲဒီကို သွားတော့မှာ။ လိုက်လာတာ မလိုက်လာတာကတော့ ခင်ဗျားတို့ ဆန္ဒပဲ။"
သူက ထိုစကားပြောပြီးနောက် ခရီးဆောင်သေတ္တာကို ဆွဲကာ လူသွားစင်္ကြန်မှနေ၍ လျှောက်သွားခဲ့သည်။
တစ်စုံတစ်ယောက်က သူ့နောက်မှ လိုက်လာပြီး သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ အနောက်ဘက်မှနေ၍ အေးစက်သည့် အသံနှင့် မေးလိုက်၏။ "မင်းရဲ့ ယောက်ျားကို မင်း မေ့ထားခဲ့တာလား။"
ရှန်ယွိက ရှက်ရွံ့နေသည့် အပြုံးတစ်ပွင့်ရှိနေသော မျက်နှာလေးနှင့် လှည့်ကြည့်လာသည်။ "ရွေ့ကော ကျွန်တော်..."
-- 'F*ck ငါ တကယ်ကြီး မေ့သွားတာပဲ။'
သူက ဖုန်းစစ်ရွေ့ ဖမ်းဆုပ်ထားသည့် လက်ကို မသိမသာလေး ရုန်းကာ ဆွဲထုတ်၍ ပြောလိုက်သည်။ "မြေအောက်ရထား စီးလို့ရတယ်မလား။ အဲဒါက ဒီနေရာရဲ့ သယ်ယူပို့ဆောင်ရေးတွေထဲမှာ အသက်သာဆုံး နည်းလမ်းပဲလေ။"
-- 'ခွေးကောင် ငါ့အကြံကို သဘောမတူဘဲ နေရဲရင် သူ့ကို နေရာမှာတင် ကွာရှင်းပစ်လိုက်မယ်။'
သူ့ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်မှာလည်း ရှန်ယွိက ကွာရှင်းချင်နေပြီး သူ့ပါးစပ်ကို ပိတ်ထားပြန်တော့လည်း ရှန်ယွိက ကွာရှင်းချင်ပြန်သည်။ ကွာရှင်းဖို့အကြောင်း ဒီလောက်တောင် တွေးနေရတာ မပင်ပန်းဘူးလား မသိဘူး။
ဖုန်းစစ်ရွေ့က အံကို တင်းတင်းကြိတ်၍ ပြောလိုက်သည်။ "မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။"
"လောင်ကုန်း ခင်ဗျားက အရမ်းကောင်းတာပဲ။" ရှန်ယွိက ချစ်ခင်မြတ်နိုးစိတ်အပြည့်နှင့် ပြောလိုက်သည်။ သို့သော် သူက ဤတစ်ကြိမ်၌ အရှုပ်ထုပ်များ မလုပ်ရဲတော့ပေ။
သန့်စင်ခန်းအတွင်း၌ အနမ်းခံခဲ့ရသည့်အဖြစ်က သူ့စိတ်ထဲတွင် အရိပ်မည်းကြီးအဖြစ် ရှိနေဆဲ ဖြစ်သည်။
နှစ်ယောက်သား ဆုံးဖြတ်ပြီးနောက် သူတို့က အဝေးသို့ လျှောက်သွားခဲ့ကြသည်။ အခုအချိန်က မှောင်ရီပျိုးစအချိန် ဖြစ်နေခဲ့ပြီဖြစ်ကာ သူတို့က အနည်းငယ် ထပ်ပြီး နှောင့်နှေးနေလျှင် သူတို့ မြို့လယ်သို့ မရောက်ခင် အလွန် နောက်ကျသွားတော့မည် ဖြစ်သည်။
အခြားဧည့်သည်များက တွေဝေနေဆဲ ဖြစ်သော်လည်း လင်လုဖေးက ထိုနှစ်ယောက်နောက်သို့ အမြန်လိုက်သွားပြီ ဖြစ်ကြောင်း မြင်လိုက်ရသည်။
"လုဖေးကော ကျွန်တော့်ကို စောင့်ပါဦး။" ယန်ချီချီက မျက်နှာပေါ်မှ အမူအရာကိုပင် မထိန်းနိုင်တော့ဘဲ လက်ဆွဲသေတ္တာကို ယူကာ အနောက်မှ ပြေးလိုက်သွားခဲ့သည်။
ထို့နောက် အဆိုတော်စုံတွဲဖြစ်သည့် ချီလုလုနှင့် သူမ၏ ပရိုဂျူဆာ ခင်ပွန်းတို့လည်း လိုက်သွားခဲ့သည်။
အော်ပရာသရုပ်ဆောင် ဖုန်ဟွမ့်မေက အတွန့်ဆုတ်ဆုံး ဖြစ်နေသည်။ သူမ ဘေး၌ ရပ်နေသော လတ်ဆတ်သည့် အသားတုံးလေး ချီထျန်းယီးက သူမအား ချော့မြှူလိုက်သည်။ "ဘေဘီ သူတို့နောက်ကို လိုက်သွားရအောင်ပါ။ ညကျရင် ကိုယ် မင်းရဲ့ ခြေထောက်ကို နှိပ်ပေးမယ်လေ။"
သူမဘက်သို့ ကိုယ်ကို ယိမ်းကာဒွိဟဖြစ်စေသည့် လေသံနှင့် ပြောလိုက်သည့် သူကို ကြည့်ရင်း ဖုန်ဟွမ့်မေက ဒေါသတို့နှင့် ပြုံးလိုက်သည်။ "မင်းက တခြားလူတွေကို ဘယ်လိုချော့ရမလဲ ကောင်းကောင်းသိတာပဲ။"
သူတို့နောက်မှ လိုက်နေသည့် ကင်မရာမန်းက ရုတ်တရက် တုန်ယင်သွားသည်။
[ဟမ်--ဘာလို့ ဒီအတွဲက အရမ်းကို ချွဲပစ်နေရတာလဲ။]
[ငါ ရုတ်တရက်ကြီး ရှန်ယွိရဲ့ အပေါက်ဆိုးဆိုးပါးစပ်က အဲဒီလောက်လည်း မဆိုးဝါးဘူးလို့ ခံစားမိလိုက်တယ်။ ငါ နည်းနည်းတောင် လွမ်းမိသွားသလိုပဲ။ ငါ ရူးသွားတာပဲ ဖြစ်ရမယ်။]
=========
Note -
ကျဲ = အစ်မ
လောင်ကုန်း = ယောက်ျား
မျက်နှာဖြူလေး = အပျော်လင် (သို့) အလွန်ငယ်ရွယ်ပြီး အရည်အချင်းမရှိသည့် လက်တွဲဖော်
ကြာပန်းဖြူ = အပြင်ပန်းမှာ ဖြူစင်ချင်ယောင်ဆောင်ပြီး အတွင်းစိတ် ပုပ်သိုးနေတဲ့သူ
လရောင်ဖြူ = ဖမ်းဆုပ်လို့ မရနိုင်တဲ့ လရောင်ကဲ့သို့ သူ / အချစ်ဦး