အပိုင်း (၉)
Viewers 827

အပိုင်း (၉) ဖုန်းစစ်ရွေ့ကို ခိုးယူသွားဖို့ ငါ မင်းကို ခွင့်မပြုဘူး!


A နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးက အလွန် အဆင်ပြေလှသည်။ လေဆိပ်အနီးတွင် မြေအောက်ရထားလိုင်းများနှင့် ဘတ်စ်ကားဂိတ်များ ရှိပြီး ခရီးသည်များက အဆင်ပြေသည့် ပို့ဆောင်ရေးကို ရွေးချယ်နိုင်သည်။ 



သူ၏ ခရီးဆောင်သေတ္တာကို ကိုင်ထားရင်း ရှန်ယွိက ဝန်ဆောစင်တာသို့ စိတ်အေးလက်အေး လျှောက်သွားခဲ့သည်။ သူက ဝန်ထမ်းအား ကောင်းမွန်လှသည့် အင်္ဂလိပ်စကားဖြင့် ပြောဆိုနေခဲ့ပြီး ခဏအကြာတွင် ဘဏ်လက်မှတ်(ဘဏ်တံဆိပ်ခတ်နှိပ်ထားသည့် ငွေစက္ကူ)ကို အသုံးပြုကာ ကတ်နှစ်ကတ် ရရှိလာခဲ့သည်။ သူက ကတ်တစ်ကတ်ကို ဖုန်းစစ်ရွေ့ထံ ပေးလိုက်၏။ 


"ယူထား။ မပျောက်စေနဲ့။ ကျွန်တော်တို့ နောက်ရက်နည်းနည်းလောက်အထိ ဒီဟာကို လိုအပ်ဦးမှာ။" 



သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဖုန်းစစ်ရွေ့က ဤသို့သော ကတ်ကို ကိုင်ဖူးခြင်းဖြစ်ပြီး သူက ထိုကတ်ကို လက်မဖြင့် ခပ်ဖြေးဖြေး ပွတ်သပ်လိုက်သည်။ "အချိန်တိုင်း မြေအောက်ရထားပဲ သုံးပြီး သွားကြမှာလား။" 



"A နိုင်ငံရဲ့ တက္ကစီတွေက အရမ်းစျေးကြီးပြီး မြေအောက်ရထားက ပိုသက်သာတယ်။ လောင်ကုန်း ခင်ဗျားအရင်က တစ်ခါမှ မစီးဖူးဘူးမလား။" ရှန်ယွိက တဖျတ်ဖျတ် တောက်ပနေသည့် လှပသော မျက်ဝန်းများဖြင့် ကြည့်ကာ မေးလိုက်သည်။ 



ဖုန်းစစ်ရွေ့က မသိလိုက်ဘဲ သူ့ကိုယ်နေဟန်ထားက တောင့်တင်းသွားပေသည်။ "ငါ စီးဖူးပါတယ်။" 


-- 'ဒီခွေးကောင်က ရွှေဇွန်းကိုက်ပြီး မွေးလာတာ။ သူက တိုးသိပ်ကျပ်ညပ်နေတဲ့ မြေအောက်ရထား စီးဖို့ အခွင့်အရေး ဘယ်လိုလုပ်ရှိမှာလဲ။' 


-- 'ဟားဟားဟား... သူ အရှက်ရနေမယ့် အခြေအနေကို မြင်တွေ့ဖို့ အခွင့်အရေးတော့ ရောက်လာခဲ့ပြီ။ ကင်မရာမန်းရေ.. ဖြစ်စဥ်တစ်ခုလုံးကို မပျက်မကွက် အသေးစိတ် ရိုက်ကူးထားဖို့ မမေ့နဲ့နော်။' 


ကင်မရာကို မျက်နှာချင်းဆိုင်ထားသည့် ရှန်ယွိ၏ မျက်လုံးများက ပြုံးနေခဲ့သည်။ သူ ခံစားနေရသည့် ထိန်းချုပ်မရသော ပျော်ရွှင်မှုက သူ့မျက်လုံးများကို တောက်ပနေစေသည်။ သူ၏ နူးညံ့သိမ်မွေ့သော မျက်နှာအသွင်အပြင်တို့က အလင်းရောင်အောက်၌ ပို၍ပင် ညှို့ယူဖမ်းစားနိုင်နေသည်။ 



[သူက အရမ်းချောတာပဲ။ ဒါပေမယ့် သူ့စိတ်ထားက အရမ်းဆိုးပြီး ပါးစပ်ကလည်း အဆိပ်ပြင်းသေးတယ်။ သူက သူ့ကိုယ်သူ ပြောင်းလဲလိုက်ရင် ပိုပြီး ကြိုက်ချင်စရာ ကောင်းသွားဦးမယ်။]



[ဆန့်ကျင်ရေးစီနီယာဖန်(Black Fan) တစ်ယောက်အနေနဲ့ ရှန်ယွိရဲ့ ရုပ်ရည်သွင်ပြင်ကြောင့် အရှက်မရှိ သွားရည်သုတ်နေရပြီ။ ငါ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားရမယ်။ အပေါ်ယံအလှအပကြောင့် ယိမ်းယိုင်သွားလို့ မဖြစ်ဘူး။]



[ငါ ဒါကို ပြောလို့ ဖြစ်ပါ့မလား။ ရှန်ယွိ တခြားလူတွေကို ဆူငေါက်နေတဲ့အချိန်မှာ အဲဒါက အတော်လေး.... လန်းဆန်းသွားစေတယ်။] 



"နင်မပြီးသေးဘူးလား။" အနောက်ဘက်၌ ရပ်နေသည့် ချီလုလုက အနည်းငယ် စိတ်မရှည်သလို ခံစားနေရသည်။ "အခုလောက်ဆို ရသင့်နေပြီမလား။ ငါတို့ သွားလို့ရပြီလား။" 



ရှန်ယွိက ထိုစကားများကို ကြားသည့်အခါ လက်ကို မြှောက်၍ ဖိတ်ခေါ်သည့် အမူအရာတစ်ခု လုပ်ပြရင်း ပြောလိုက်သည်။ "ငါ မှတ်မိတာတော့ မင်း အရင်က အင်္ဂလိပ်သီချင်း ဆိုဖူးတယ်မလား။ မင်းရဲ့ အသံထွက်ကလည်း အရမ်း ကောင်းတယ်လေ။ အဲဒီတော့ ရထားလက်မှတ် ဝယ်ဖို့အတွက်လည်း မင်းအတွက် လွယ်ကူမှာပဲ ဟုတ်တယ်မလား။" 


ချီလုလု၏ မျက်နှာက ပြောင်းလဲသွားသည်။ "အဲဒါ... အဲဒါက သေချာတာပေါ့။" 



အင်္ဂလိပ်စကား ပြောရုံလေးပဲ မဟုတ်ဘူးလား။ အဲဒီလောက်ကြီး ခက်ခဲမှာ မဟုတ်လောက်ပါဘူး။ 



ရှန်ယွိက ဝန်ထမ်းနှင့် အခက်အခဲမရှိ ပြောဆိုဆက်သွယ်နိုင်သည်ကို ကြည့်ပြီး သူမသည်လည်း လူပ်ဆောင်နိုင်သည်ဟု တွေးလိုက်ပေသည်။ 



သို့သော် ချီလုလုက အချက်တစ်ချက်ကို မေ့သွားခဲ့သည်။ 



A နိုင်ငံ၏ မိခင်ဘာသာစကားက အင်္ဂလိပ်ဘာသာ မဟုတ်ပေ။ မြေအောက်ရထားဘူတာမှ ဝန်ထမ်းက ဆက်သွယ်ပြောဆိုရာ၌ အဆင်ပြေစေရန် အင်္ဂလိပ်စကားကို သင်ယူထားခြင်း ဖြစ်သည်။ သူတို့၏ အင်္ဂလိပ်စကား ကျွမ်းကျင်မှုက ကျစ်လျစ်ပြည့်စုံခြင်း မရှိပေ။ ထို့ကြောင့် ခရီးသည်က စကားပြောဆိုရာ၌ ကောင်းကောင်းမွန်မွန် မတတ်ဘဲ တောင်ရောက်မြောက်ရောက် ပြောဆိုနေလျှင် အချင်းချင်း သာမန်လို စကားပြောဆိုနိုင်ရန် ခက်ခဲပေသည်။ 



ထို့ကြောင့် ကင်မရာက ချီလုလုကို အချိန်အကြာကြီး ရိုက်ကူးပေးနေသော်လည်း ဝန်ထမ်းက သူမ ပြောနေသည့် စကားများကို နားမလည်နိုင်ဘဲ ရှိနေပြီး မှတ်ချက်ကဏ္ဍ၌ တစ်ဖန် ပေါက်ကွဲလာပြန်ပေသည်။ 



[ချီလုလုက ထိပ်တန်းကျောင်းသူလို့ ပြောခဲ့ဖူးတယ် မဟုတ်ဘူးလား။ ဂီတပညာသင်ယူဖို့ နိုင်ငံရပ်ခြားကို သုံးနှစ်လောက် သွားဖူးတယ်ဆို။ သူမရဲ့ အင်္ဂလိပ်စာအဆင့်က ဒီလောက်ပဲ ရှိတာလား။]



[သူမရဲ့ အင်္ဂလိပ်အသံထွက်က မူလတန်းကျောင်းသားလောက်တောင် မကောင်းဘူး။ သူမအစား ရှက်လွန်းလို့ ငါ့ခြေချောင်းလေးတွေတောင် ကွေးနေတာကို ခံစားနေရပြီ။]



[သူမက သူမရဲ့ ပညာရေးအကြောင်း လိမ်ညာထားတာ ဖြစ်နိုင်လား။ သူမကို ကြည့်ရတာ နိုင်ငံရပ်ခြားမှာ ပညာသွားသင်ခဲ့တဲ့ လူနဲ့လည်း မတူဘူး။ သူမက ရှန်ယွိနဲ့တောင် မယှဥ်နိုင်ရှာဘူး။]



အဆုံးမှာတော့ သူမ၏ ပရိုဂျူဆာခင်ပွန်းက ရှေ့ထွက် ကူညီပေးလိုက်ရသည်။ မြန်မြန်ဆန်ဆန် ပြောဆိုလိုက်ပြီးနောက် သူမက မြေအောက်ရထားကတ် နှစ်ကတ် ရရှိလာပေသည်။ 



ချီလုလုက မြေအောက်ရထားကတ်ကို ကိုင်ထားပြီး မချင့်မရဲ ကြည့်နေခဲ့သည်။ ထို့နောက် သူမက သူမ၏ ကံခေမှုကို ကြိတ်ပြီး ဝမ်းသာအားရဖြစ်နေသော ရှန်ယွိကို မြင်လိုက်ရ၏။ သူမက သူ့ထံသို့ အလျင်အမြန် လျှောက်လာပြီး မေးလိုက်သည်။ "နင် တမင်သက်သက် ရည်ရွယ်​ပြီး မေးတာမလား။" 



"ဘာကို တမင်သက်သက်လုပ်ရမှာလဲ။" ရှန်ယွိက အံ့အားသင့်သွားဟန်ဆောင်လိုက်သည်။ "အင်္ဂလိပ်စကားမှာ တော်တယ်လို့ ပြောခဲ့တာ မင်းပဲ မဟုတ်ဘူးလား။ မင်း တကယ် မတော်တာလို့မှ ငါ မထင်မိခဲ့တာ။" 



ချီလုလုက သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်။ "စောင့်နေလိုက်။" 



ကင်မရာမန်းက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ 



သူတို့က ရိုက်ကူးရေး လုပ်နေခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ဒီလို ပြင်းထန်တဲ့ အခြေအနေမျိုး ဖြစ်လာရတာလဲ။



ဒါ.. ဒါ... ဒါ... ဒီရိုက်ချက်ကို တကယ်ပဲ ထုတ်လွှင့်လို့ ရနိုင်မှာလား။


ချီလုလုက ခြိမ်းခြောက်စကား ပြောလိုက်သည်နှင့် ဖုန်းစစ်ရွေ့၏ မျက်လုံးများက ကျဥ်းမြောင်းသွားပြီး အေးစက်သည့် အလင်းတို့ ထွက်ပေါ်လာသည်။ 


သူမက အနည်းငယ် ထိတ်လန့်သွားသော်လည်း သူမ၏ ပါးစပ်ကို မထိန်းချုပ်နိုင်နေဆဲ ဖြစ်သည်။ "ဒါက စာချုပ်နဲ့ လက်ထပ်ထားတာလေးပဲ မဟုတ်ဘူးလား။ ရှင်တို့မှာ ရင်းနှီးတဲ့ နေထိုင်မှုတောင် ရှိလို့လား။" 



လွီကျန့်ယွီက သူတို့ထံသို့ အလျင်အမြန် လျှောက်လာခဲ့သည်။ သူက ချီလုလု၏ ပခုံးကို ဆွဲကာ တိတ်တဆိတ် အားထည့်၍ ဖိလိုက်သည်။ သူ့မျက်နှာထက်၌ တောင်းပန်သည့် အပြုံးတစ်ခု ချိတ်ဆွဲထားကာ ဖုန်းစစ်ရွေ့အား ကြည့်လိုက်သည်။ "ကျွန်တော် တောင်းပန်ပါတယ်။ လုလုက စိတ်လှုပ်ရှားပြီး သူမ ပြောရမယ့်စကား မပြောရမယ့်စကားကို မတွေးတောနိုင်တော့ဘူး။ သူမ စကားတွေကို စိတ်ထဲ မထည့်ပါနဲ့။" 



"ရပါတယ်။ လုလုရဲ့ ဒေါသကို ကျုပ်လည်း ကျင့်သားရနေပါပြီ။ ဒါပေမယ့် ကျုပ်တို့က တိုက်ရိုက်ထုတ်လွှင့်နေတုန်းဆိုတာတော့ သတိထားပေး။ ခင်ဗျားတို့ရဲ့ ဖန်တွေနဲ့ မိတ်ဆွေတွေကို စိတ်မပျက်စေနဲ့။" 



ရှန်ယွိက ရုတ်တရက် ရယ်ရယ်မောမောနှင့် ကြားဝင်ပြောလိုက်သည်။ ထို့နောက် သူက တခြားဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "လူတိုင်းက အရမ်းမြန်ကြတာပဲ။ ရထားလက်မှတ်ကတ်တွေ အားလုံး ရကြပြီမလား။" 



"တတ်နိုင်သမျှ မြန်မြန် သွားကြရအောင်။ ကျုပ်တို့ ထပ်ပြီး အချိန်မဖြုန်းသင့်တော့ဘူး။" 



ရှန်ယွိက သူ၏ လက်ဆွဲသေတ္တာကို ယူလိုက်ပြီး စင်္ကြန်သို့ သွားလိုက်ကာ သူ့အနောက်၌ ကျန်ခဲ့သည့် ချီလုလုမှာ အလွန် ဒေါသထွက်လွန်းသဖြင့် သူ့နှုတ်ခမ်းများက မဲ့ရွဲ့နေခဲ့သည်။ 



သူက အဲဒီစကားကို ဘာသဘောနဲ့ ပြောလိုက်တာလဲ။ 



လူတိုင်းက အရမ်း မြန်ဆန်ကြပြီး ငါကပဲ နှေးနေတာဆိုတဲ့ သဘောလား။ 



သူက နှေးကွေးနေတာကြောင့် လူတိုင်းရဲ့ အချိန်ကို ​ဖြုန်းတီးလိုက်မိတယ်လို့ ဆိုလိုချင်တာလား။ 



အင်္ဂလိပ်စကားပြောနိုင်တာက အဲဒီလောက် အံ့သြဖို့ ကောင်းတာလား။ 


ချီလုလု ဒေါသထွက်လွန်းသ​ဖြင့် မူးမေ့လဲတော့မလိုပင် ခံစားလိုက်ရသည်။ သို့သော် သူမ၏ပရိုဂျူဆာခင်ပွန်းက သူမဘေးတွင် ရှိ​နေပြီး ခပ်တိုးတိုးအသံနှင့် သတိပေးလိုက်သည်။ "တခြားလူတွေကို ဆန့်ကျင်ချင်နေရင်လည်း ငါ့ကို အဲဒီကိစ္စထဲ ဆွဲမထည့်မိစေနဲ့။" 



"လင်လုဖေးရဲ့ ရှေ့နေ့ရုံးက သူတို့ရဲ့ စာချုပ်ကို ဘယ်လို ဆုံးရှုံးတော့မလို​ဖြစ်သွားလဲ မမြင်ခဲ့ဘူးလား။" 



"ငါ့မှာလည်း ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွက် စာချုပ်ချုပ်စရာတစ်ခု ရှိတယ်။ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု မရနိုင်ဘဲ ဒီစာချုပ် ပျက်စီးသွားအောင် လုပ်လို့ကတော့ ငါတို့ရဲ့ အကြင်လင်မယား ဆက်ဆံရေးကို မထောက်ထားဘဲ မင်းရဲ့ ဖောက်ပြန်မှုတွေကို ဖော်ထုတ်လိုက်ကာမှ ငါ့ကို အပြစ်မတင်နဲ့။" 



ချီလုလု၏ မျက်နှာက အလွန်အမင်း တင်းမာလာသည်။ "ရှင့်ရဲ့ ခြိမ်းခြောက်မှုကို ကျွန်မက ကြောက်နေမယ်များ ထင်နေလား။" 


"ကင်မရာက ဒီနားမှာ ရှိနေတုန်းပဲ။ မင်းကိုယ်မင်း အရူးမလုပ်မိစေနဲ့။" လွီကျန့်ယွီက ချစ်ခင်မြတ်နိုးသည့် အပြုံးတစ်ပွင့် ပြသရင်း ​ပြောလိုက်သည်။ "ဝန်ထမ်းက မင်းရဲ့ အင်္ဂလိပ်အသံထွက်ကို နားမလည်တာ ဖြစ်ရမယ်။ မြန်မြန်သွားကြရအောင်။" 


စောင့်ဆိုင်းပလက်ဖောင်း၌ ရပ်နေသည့် ရှန်ယွိက ပရိုဂရမ်အဖွဲ့မှ ပေးထားသည့် မြေပုံကို ဂရုတစိုက် ကြည့်လိုက်သည်။ သူက သူနှင့်အတူ မည်သူမှ မရှိနေသကဲ့သို့ မြေပုံကိုသာ အာရုံစိုက်နေပြီး အနည်းငယ်မျှပင် မော့မကြည့်ခဲ့ပေ။ 



ဖုန်းစစ်ရွေ့က မနေနိုင်ဘဲ ရှန်ယွိဘက်သို့ ကိုယ်ကို ယိမ်းရင်း မေးလိုက်သည်။ "အဲဒါတွေကို မင်း နားလည်တယ်လား။" 



၎င်းက A နိုင်ငံ၏ မြေပုံဖြစ်သည့်အတွက် ၎င်းတွင် A နိုင်ငံ၏ ဘာသာစကားအား အသုံးပြု၍ ရေးသားထားသည်။ သို့ပေမယ့် အင်္ဂလိပ်လို ရေးသားထားသည့် မှတ်ချက် အညွှန်းများလည်း ရှိပေသည်။ သို့သော် ပညာရပ်ဆိုင်ရာ စကားလုံးများကို အသုံးပြုထားသည့်အတွက် အလွန် ရှုပ်ထွေးပြီး နားလည်နိုင်ရန် ခက်ခဲလှသည်။ 



ရှန်ယွိက စိတ်ထဲ၌ မျက်လုံးလှိမ့်လိုက်သည်။ သို့သော် အပေါ်ယံ၌ သူက သိမ်မွေ့ညင်သာကာ နှစ်လိုဖွယ် ကောင်းနေသည်။ သူက ရှည်လျားသွယ်လျသည့် လက်ချောင်းလေးကို ဆန့်ထုတ်ပြီး မြေပုံထက်မှ တစ်နေရာကို ထောက်ပြလိုက်သည်။ "ကျွန်တော်တို့ ဒီနေရာမှာ နေလို့ရတယ်။ ဒီနေရာက တခြားသွားလာရမယ့် နေရာတွေနဲ့လည်း တော်တော်လေး နီးတယ်။" 



"တော်တော်ဝေးတာက တစ်နေရာနှစ်နေရာလောက်ပဲ ရှိတော့ အဲဒီနေရာတွေကို သွားချင်ရင် မြေအောက်ရထား စီးသွားလို့ရတယ်။" 



"ကျွန်တော်တို့ သွားနေမယ့်နေရာက မြေအောက်ရထားဘူတာနဲ့လည်း နီးတယ်။" 



ဖုန်းစစ်ရွေ့က နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်ပြီး ရှန်ယွိ စကားကို သဘောတူသကဲ့သို့ ဘာမှထပ်မပြောလာပေ။ 



ရှန်ယွိက သူ့နောက်မှ Big Boss ကြီးကို မျက်လွှာပင့်ကာ ကြည့်လိုက်သည်။ "လောင်ကုန်း ခင်ဗျားက အရမ်းကောင်းတာပဲ။ ကျွန်တော် ပြောသမျှ အားလုံး နားထောင်တယ်။" 


-- 'ခွေးကောင်။ ခင်ဗျားက လက်ထောက်ရဲ့ အကူအညီမရှိဘဲနဲ့ ဒါတွေကို ဘာတစ်ခုမှ မစီစဥ်တတ်ဘူးလား။' 


-- 'ဒါပေမယ့် ကိစ္စတော့မရှိပါဘူး။ ကွာရှင်းပြီးသွားရင် ကြာပန်းဖြူလေးက ခင်ဗျားကို ဂရုစိုက်ပေးဖို့ ရှိနေမှာပဲ။ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တဲ့ ကလေးကြီးရဲ့။' 


"ဟမ်း..." ဖုန်းစစ်ရွေ့၏ သွေးပေါင်ချိန်က တစ်ခါ ထပ်တိုးလာပြန်သည်။ သူက တစ်ခုခုပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း သူ့ဖုန်းက ရုတ်တရက် အသံ​မြည်လာခဲ့သည်။ 



သူက ငုံ့ကြည့်လိုက်သည့်အခါ ဖုန်းမျက်နှာပြင်ထက်၌ ရင်းနှီးနေသည့် နာမည်တစ်ခုကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက ဖုန်းဖြေသည့် ခလုတ်ကို နှိပ်လိုက်သည်။ သူ၏ လေသံက ထင်မှတ်မထားလောက်အောင် ကသိကအောက်ဖြစ်နေဟန် ရှိ၏။ "ကိစ္စတစ်ခုခုရှိလို့လား။" 



ဖုန်းစစ်ရွေ့၏ စိတ်အနှောက်အယှက် ဖြစ်နေသော အေးစက်စက်အသံကြောင့် ယန်ရွေ့ချင်းက အံ့သြမှင်တက်သွားသော်လည်း ချက်ချင်းပင် စိတ်ငြိမ်အောင် ပြန်လုပ်၍ ပြောလိုက်သည်။ "ရွေ့ကော ကော ရှန်ယွိနဲ့အတူတူ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါနေတာ ကျွန်တော် မြင်လိုက်တယ်။" 



"A နိုင်ငံမှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတချို့ ရှိတာမို့ အကူအညီ တစ်ခုခုလိုအပ်ရင် ကော ကျွန်တော့်ကို ပြောလို့ရတယ်။" 



"အခုမလိုသေးဘူး။" ဖုန်းစစ်ရွေ့က ဖုန်းကို အလျင်အမြန် ချချင်နေပြီး ရှန်ယွိနှင့် ကျိုးကြောင်းသင့်အောင် ငြင်းခုန်ချင်နေသည်။ ရှန်ယွိက ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တဲ့ ကလေးကြီးလို့ ဘယ်သူ့ကို ခေါ်လိုက်တာလဲ။ 



"တခြားကိစ္စရှိသေးလား။" 



"ကျွန်တော်...." ယန်ရွေ့ချင်းက ဖုန်းမချချင်သည့်အတွက် အမြန်တခြားအကြောင်းအရာကို ထပ်ပြောလိုက်သည်။ "ဆရာဝန်က ပြောတာတော့ ကျွန်တော့် အခြေအနေက တိုးတက်လာပြီတဲ့။ အဲဒါ ကျွန်တော် ကြော်ညာတချို့ လက်ခံရိုက်ကူးလို့ရပြီ။" 



"ဂုဏ်ပြုပါတယ်။" ဖုန်းစစ်ရွေ့က ရှန်ယွိ၏ ရွဲ့တဲ့တဲ့ မျက်နှာကို ကြည့်ရင်း သူ့နှုတ်ခမ်းပါးတို့က လှုပ်ရှားသွားသည်။ "တခြားဘာကိစ္စမှ မရှိရင် ဖုန်းချလိုက်တော့မယ်။" 



တစ်ဖက်လူက ဘာစကားမှ မပြောနိုင်ခင် သူက အလျင်အမြန် ဖုန်းချလိုက်ပြီး တမင်သက်သက် လုပ်လိုက်သည်ဟူသော အရိပ်အယောင်လည်း ချန်မထားခဲ့ပေ။ သူက အလျင်အမြန် ရှန်ယွိဘက်သို့ တိုးကပ်သွားလိုက်၏။ 


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ယန်ရွေ့ချင်းက သူ့ဖုန်းကို ချက်ချင်း လွှင့်ပစ်လိုက်သည်။ သူ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ သူ၏ အမြဲလိုလို နွေးထွေးကာ အိန္ဒြေသိက္ခာရှိသော မျက်နှာထက်၌ ရက်စက်မှုတချို့ ဖြစ်ပေါ်လာသည်။ 



သူ၏ အေးဂျင့်က ဆူညံသံများ ကြားလိုက်ရသည့်အတွက် အပြင်ဘက်မှနေ၍ အခန်းထဲသို့ ပြေးဝင်လာသည်။ "ဘာဖြစ်လို့လဲ ရွေ့ချင်း။" 



"လီကျဲ ကျွန်တော် အလုပ်ပြန်လုပ်ချင်တယ်။" ယန်ရွေ့ချင်းက ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးများတွင် နက်မှောင်သည့် မီးတောက်မီးလျှံများ တောက်လောင်နေသကဲ့သို့ ​​ဖြစ်နေပေသည်။ "တတ်နိုင်သမျှ မြန်မြန်လေး စီစဥ်ပေးနိုင်မလား။" 



"ဒါပေမယ့် နင့်ရဲ့ ခန္ဓာကိုယ်က..." လီကျဲက စိုးရိမ်စွာ ကြည့်လိုက်သည်။



ယန်ရွေ့ချင်းက တွန့်ဆုတ်စွာ ပြုံးလိုက်၏။ "ဆရာဝန်က ကျွန်တော် အလုပ်လုပ်လို့ ရပြီလို့ ပြောတယ်။" 



"လီကျဲ ကျွန်တော် ဒီရသစုံရှိုးမှာ ပါဝင်လို့ရနိုင်မလား။" သူက ရှိုးကို ပြသထားသည့် Tablet မျက်နှာပြင်သို့ လက်ညှိုးထိုးပြလိုက်သည်။ "ဒီရှိုးက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တယ်။" 



လီကျဲက ထိုစကားများကို ကြားသည့်အခါ အနည်းငယ် ရှက်ရွံ့စွာ ကြည့်လိုက်သည်။ "ဒါက ဇနီးမောင်နှံတွေ ပါဝင်ကြတဲ့ ရှိုးပဲ။ နင် ပါဝင်လို့မရနိုင်မှာ စိုးမိတယ်။" 



"ကျွန်တော် တွဲဖက်တစ်ယောက် ရှာလိုက်လို့ရတယ်လေ။" ယန်ရွေ့ချင်းက နူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်းသည့် အပြုံးလေးတစ်ခု ပြုံးပြလိုက်သည်။ "ဒါရိုက်တာ သဘောတူသရွေ့ ပါဝင်ဖို့က ဖြစ်နိုင်တယ်မလား။" 



လီကျန်းက ခေါင်းညိတ်လိုက်သည်။ "ငါ အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်။" 



"ကျေးဇူးတင်ပါတယ် လီကျဲ။" ယန်ရွေ့ချင်းက ချိုမြိန်စွာ ပြောလိုက်၏။ 



"နင့်ကိုတော့ တကယ် မနိုင်ပါဘူး။" လီကျန်းက ဆေးရုံခန်းထဲမှ တွန့်ဆုတ်စွာ လျှောက်ထွက်သွားခဲ့သည်။



ယန်ရွေ့ချင်း၏ မျက်လုံးတို့က Tablet မျက်နှာပြင်သို့ ပြန်ရောက်သွားသည့်အခါ သူ့မျက်လုံးထဲ၌ မနာလိုစိတ်တို့နှင့် လောင်ကျွမ်းနေသည်။ 



"ရှန်ယွိ မင်း ဖုန်းစစ်ရွေ့ကို ခိုးယူသွားမှာ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး။" 


==========