Chapter 1
Viewers 2k

Chapter 1



ရေချိုးခန်းမှန်အရှေ့တွင် မတ်တပ်ရပ်ကာ သူ၏ပုံရိပ်ကို မိနစ်အနည်းငယ်ကြာအထိမှင်သေသေဖြင့်ကြည့်နေပြီးမှ ဖုယွမ်ကျိုးတစ်ယောက် သူအသက်ဆယ့်ခုနစ်နှစ်အရွယ်သို့ပြန်ရောက်နေသည်မှာ အမှန်ပင်ဖြစ်ကြောင်း အတည်ပြုလိုက်၏။


မှန်ထဲမှကောင်လေးသည်ကား ငယ်ရွယ်ပျိုမျစ် ကြည့်ကောင်းနေဆဲပင်။ မျက်နှာအသွင်အပြင်မှာ သူနှင့်တထေရာတည်းဖြစ်နေသည့်တိုင် လက်ရှိကောင်လေးကမူ ငယ်ရွယ်ကာ တက်ကြွမှုတို့ဖြင့် ပြည့်နေပါ၏။ သူ၏ လက်ရှိစိတ်အခြေအနေကြောင့် ဝမ်းနည်းနေပုံရသော်ငြား လှပသည့်မျက်လုံးများက အသက်ဝင်၍နေသည်။


ဖုယွမ်ကျိုး မှန်ထဲမှ သူ့ကိုယ်သူပြန်ကြည့်ရင်း အနည်းငယ် ချဥ်တူးသည့် ခံစားချက်ကို ရလိုက်ကာ မထိန်းနိုင်ပဲ ငိုကြွေးမိလေတော့သည်။ 


ယခုအချိန်များအတွင်း သူမှန်ကြည့်ဖို့ရာ မုန်းတီလာခဲ့သည်။ မှန်ထဲမှ သူ့မျက်နှာကိုကြည့်လိုက်သည့်အခါတိုင်း လူသားမဆန်သော တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အတိုင်းပင်။ မျက်တွင်းဟောက်ပက်ဖြင့် အသက်မဲ့နေသည့်လူတစ်ဦးကိုသာ အမြဲမြင်တွေ့ခဲ့ရ၏။


သို့သော်လည်း ယခုအခြေအနေအားလုံးက သူကိုယ်တိုင်ဖန်တီးထားခဲ့သည့်အရာများပင်။ သူသည်ကား ထိုလူကို တမ်းတမ်းစွဲဖြစ်ခဲ့မိသည်။ သူ့ကိုယ်သူဖျက်ဆီးခဲ့မိရုံမက သူ့အမေကိုပါနှလုံးရောဂါရစေခဲ့သည်။ အဖေဖြစ်သူကမူ သတိလွတ်သွား၍ ကားမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ရသည်။ သူ့ သူငယ်ချင်းများကလည်း သူနှင့်အဆက်အသွယ်ဖြတ်သွားခဲ့သည်။


သူ့ကိုယ်သူပင် သတိမထားမိလိုက်ပဲ ဖုယွမ်ကျိုးမှာ သတိရချင်စရာမကောင်းသောအတိတ်များကြားတွင် ပျောက်ဆုံးသွားရပြန်သည်။ သူ၏စိတ်ထဲတွင်ထင်ဟပ်လာခဲ့သည်က အမေဖြစ်သူလဲကျသွားသောပုံရိပ်ဖြစ်၏။ အဖေဖြစ်သူက အရေးပေါ်ခန်းထဲတွင်လဲနေပြီး ထိုသူ၏မျက်လုံးများက အေးစက်ကာစိတ်ပျက်မှုများအပြည့်။


ဖုယွမ်ကျိုး၏နှလုံးက ပေါက်ထွက်လုနီးနီးခုန်လှုပ်လာပြီး ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။ ထို့နောက် ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး နောင်တနှင့်အကြောက်တရားများအား လှစ်ဟပြထားသည့် မှန်ထဲမှသူကိုယ်တိုင်ဖြင့် ဆုံလိုက်ရသည်။


သူသည်ကား ဘုံဘိုင်ခေါင်းကိုအမြန်လှည့်ဖွင့်လိုက်ပြီး မျက်နှာကိုရေအေးဖြင့်ပက်လိုက်ကာ သူ့ကိုယ်သူတည်ငြိမ်သွားစေရန်လုပ်ယူလိုက်၏။


မှန်သည်။ ထိုအဖြစ်အပျက်အားလုံးက အတိတ်တွင်အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် အရာများဖြစ်ပြီး သူ့အားအချစ်ဆုံးမိခင်ဖြစ်သူသည်လည်း လူ့

လောကတွင်ကြာကြာမနေနိုင်တော့ပေ။ အဖေဖြစ်သူကလည်းမေ့မြောနေသည့်အခြေအနေပင်။ သူအရာအားလုံးကိုပြန်လည်ပြင်ဆင်ချင်ခဲ့လင့်ကစား နောက်ကျသွားခဲ့ပြီ။ ထိုအချိန်က သူ့လက်ထဲတွင် အခွင့်အရေးမရှိတော့ပေ။


သူသည် အကြိမ်ဖန်များစွာ သေကြောင်းကြံခဲ့သော်လည်း အခြားသူများက သူ့အားတားခဲ့ကြသည်။ သို့သော် ပင်ပန်းမှုဒဏ်ကြောင့်အိပ်မောကျသွားခဲ့ကာ ပြန်နိုးလာချိန်တွင် သူ၏အရင်အိပ်ခန်းကိုပြန်ရောက်နေခဲ့သည်။


နောက်တကြိမ်ထပ်မံအတည်ပြုလိုက်ပြီးမှ ဖုယွမ်ကျိုးက အိပ်မက်မဟုတ်​ကြောင်း ယုံကြည်သွားပြီး သူရူးနေခြင်းမဟုတ်သည်အား လက်ခံလိုက်ရသည်။ သူသည် တကယ်ကို အသက်ဆယ့်ခုနစ်နှစ်အရွယ်တွင် ပြန်လည်မွေးဖွားလာခြင်းသာ။


အထက်တန်းပထမနှစ်များ၏ နှစ်ကုန် နွေရာသီအပန်းဖြေခရီးစဥ်ရှိပြီး နောက်ရက်အနည်းငယ်အကြာတွင် အထက်တန်းဒုတိယနှစ် အတန်းများကို စတက်ရတော့မည်။ သူ၏မိဘများမှာလည်း ကျန်းကျန်းမာမာနှင့်ရှိနေကြသေး၏။ သူက ချက်ချင်းပင် အောက်ထပ်သို့ပြေးဆင်းသွားလိုက်ရာ သူ၏မိဘများက ဧည့်ခန်းထဲတွင်ထိုင်နေသည်ကိုမြင်လိုက်ရသည်။ ချက်ချင်းပင် သူ၏အမေကိုပွေ့ဖက်လိုက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးလိုက်လေ၏။ သူ၏ အသည်းအသန်ငိုကြွေးနေမှုကြောင့် ထိုသူတို့နှစ်ယောက်မှာ အူကြောင်ကြောင်ဖြစ်နေကြပြီး သူတစ်ခုခုဖြစ်လာသည်ဟုပင် အထင်မှားသွားကြသည်။


 ဖုယွမ်ကျိုးတစ်ယောက် ခံစားချက်အပြည့်ဖြင့်ငိုကြွေးနေစဥ် သူ၏မိဘများထံမှ "မင်းမှာကိုယ်ဝန်ရှိနေတာလား" ဟူသည့် မေးခွန်းကို ဝိုးတဝါးမျှကြားလိုက်ရပြီး ကြောင်အသွားခဲ့ရသည်။


သူတို့က သူမိန်းကလေးတစ်ယောက်နှင့် လွန်ကျူးခဲ့မိသည်ဟု ထင်နေကြပုံရ၏။ သူ ငိုနေသည်အား ရပ်လိုက်ပြီး ငြင်းဆန်ရန် ကြိုးစားကာ သူ့ကိုယ်သူ အပြစ်ကင်းကြောင်းပြဖို့ရာ အတော်လေး ကြိုးစားလိုက်ရသည်။ 


သို့သော်ငြား သူ့မိဘများ၏အကြည့်များကမူထူးဆန်းနေဆဲ။ အတော်လေးရှက်စရာကောင်းသည့်တိုင် မိဘများကသူ့အရှေ့တွင် သက်ရှိထင်ရှားထိုင်နေကြပြီး သူကိုယ်တိုင်လည်းငိုချင်နေဆဲပင်။ သူ၏ထူးဆန်းနေသည့်ပုံစံကို မသိသွားကြစေရန် အကြောင်းပြချက်ရှာပြီး အိပ်ခန်းထဲတွင်ဝင်ပုန်းနေလိုက်သည်။ ယခုမှပင် ပြန်လည်မွေးဖွားလာရသည့် ပျော်ရွှင်မှုကိုခံစားနိုင်တော့၏။


"ဟမ်...?"


ဖုယွမ်ကျိုး မျက်နှာမှရေတို့ကိုသုတ်လိုက်ပြီး မှန်ထဲမှသူ့ပုံကိုကြည့်ကာသက်ပြင်းချလိုက်သည်။ သူ၏ဖြူဥနေသောမျက်နှာလေးက တဖြည်းဖြည်းသွေးရောင်သန်းလာပြီး မျက်ဝန်းနက်တစ်စုံကလည်း ပြန်လည်တောက်ပလာခဲ့သည်။


သူက အချိန်အနည်းငယ်ကြာသည်အထိ ကိုယ့်ပုံကိုယ်ကြည့်နေပြီး ရုတ်ချည်းပင် နှုတ်ခမ်းထောင့်များကွေးတက်သွားခဲ့သည်။ ​အပြုံးဖျော့ဖျော့လေးကြောင့် ခန့်ညားသည့် လူငယ်လေးအလား။


အသက်ဆယ့်ခုနစ်နှစ်အရွယ်ကိုပြန်ရောက်လာခြင်းက သူ့ဘဝကိုနောက်တကြိမ်ပြန်စရန် နတ်ဘုရားက အခွင့်အရေးပေးလိုက်ခြင်းပင်။ ယခု သူပိုင်ဆိုင်ထားသည့်အရာတိုင်းကိုတန်ဖိုးထားနိုင်ပြီး မိသားစုနှင့်မိတ်ဆွေများအပေါ်ရှိခဲ့သည့်အမှားများကို ပြန်လည်ပြင်ဆင်နိုင်မည်ဖြစ်ကာ ဂုဏ်ယူရသည့်လူတစ်ယောက်ဖြစ်အောင်ကြိုးစားနိုင်လိမ့်မည်။ သူ့အနေဖြင့် တူညီသောအမှားမျိုးကို နောက်တကြိမ်ကျုးလွန်တော့မည်မဟုတ်ဘဲ ယခင်ဘဝတွင်ဖြစ်ခဲ့သည့် ကံဆိုးမှုတို့ကို ပြန်လည်ပြုပြင်မည်သာ။


ဤဘဝတွင်တော့ အနှီလူနှင့် တတ်နိုင်သမျှဝေးဝေးနေရပေလိမ့်မည်၊၊ ထိုလူကို နောက်တကြိမ် စွဲလန်းမိပြီးမျက်ကန်းအဖြစ်မခံနိုင်တော့ပေ။


ဖုယွမ်ကျိုးက စိုးရိမ်စိတ်ဖြင့် မျက်နှာသုတ်ပဝါကိုဘေးဖယ်လိုက်ပြီး ထိုလူ၏ဖုန်းနံပါတ်ကို ဘလော့ပစ်ရန်ကြံရွယ်လိုက်သည်။


သူသည် ရေစိုနေသည့်သူ့ဆံပင်များကို ညှစ်လိုက်မိလေ၏။ နွေရာသီအားလပ်ရက်ဖြစ်နေ၍ သူ၏ဆံပင်များကို အရောင်ဆိုးထားခဲ့သည်။ သူမှတ်မိသည်မှာ ကျောင်းပြန်ဖွင့်သည့်အချိန်အထိ ဆံပင်အရောင်ကိုဆိုးထားခဲ့၍ ဆရာမထံမှအဆူခံလိုက်ရသည့်အဖြစ်ကိုပင်။


ထိုစဥ်အချိန်က သူသည် ကျောင်းအရေးကိစ္စများကိုဂရုမစိုက်ခဲ့မိပေ။ အထက်တန်း ဒုတိယမြောက်နှစ်တွင် အတန်းပင်သေချာမတက်နိုင်ဘဲ ဆံပင်အရောင်ဆိုးသည့်ကိစ္စနှင့် နပမ်းလုံးနေခဲ့မိသည်။


 သို့သော်လည်း ဤတကြိမ်တွင် သူ့ဆံပင်ကို အနက်ရောင်ပြန်ဆိုးပြီး စည်းကမ်းလိုက်နာကာ လိမ္မာသောကျောင်းသားကောင်းတစ်ယောက်အဖြစ်ပြန်လည်ရှင်သန်ရန် ဆုံးဖြတ်ထားလိုက်၏။ အကြောင်းမှာ စည်းကမ်းရှိခြင်းမရှိခြင်းက အဓိကမကျဘဲ အဓိကမှာ ငွေရောင်ဆံပင်က သူနှင့်မလိုက်ဖက်ဘဲ အနက်ရောင်ဆံပင်နှင့်မှ ပိုပြီးကြည့်ကောင်းသလိုခံစားရသောကြောင့်ပင်။


ဖုယွမ်ကျိုးမှာ မှန်ထဲမှသူ့ကိုယ်သူကြည့်မိပြီး သူ၏ပုံစံအပေါ်တွင်အာရုံစိုက်ထားနေဆဲ။ ယခင်ဘဝက အမှားပေါင်းများစွာကို တဆုံးလုပ်လိုက်မိ၍သာမဟုတ်ပါက သူ့ကိုယ်သူဂရုစိုက်မိမည်ပင်။


သူအထက်တန်းကျောင်းတုန်းက လည်ပတ်ဝတ်ရတာကြိုက်တာလား? ဘာလို့မမှတ်မိရတာလဲ?


လည်ပင်းပေါ်မှ အနက်ရောင်လည်ပတ်အပျော့လေးကိုကြည့်လိုက်ရင်း ဖုယွမ်ကျိုး၏ မျက်ခုံးများက တဖြည်းဖြည်းကုပ်လာသည်၊၊ ဝတ်ရသည်မှာအဆင်မပြေဖြစ်လာ၍ လည်ပတ်ကို လည်ပင်း၏ဘေးဘက်၌ခေါက်ထားလိုက်၏။


လည်ပတ်ကိုဖယ်လိုက်သည်နှင့် ဖုယွမ်ကျိုးမှာ မွှေးပျံ့သည့်အနံ့သင်းသင်းလေးကို ရလိုက်ချေ၏။ သူသည်ကား နှာခေါင်းကိုတရှုံ့ရှုံ့လုပ်ပီး အနံ့ခံကြည့်လိုက်သည်။ ၎င်းက မက်မွန်ပန်းရနံ့ဖြစ်ကာ အင်မတန်မွှေးပျံ့လွန်းလှ၍ လူတိုင်းကြိုက်နှစ်သက်စေနိုင်၏။


လည်ပတ်ကများလား?


ဖုယွမ်ကျိုး ကော်လာကိုပြန်ဖြည်လိုက်သည်။ ထိုအမွှေးနံ့က ဘယ်နေရာမှ ရောက်လာသည်အားမသိရပေ။ သို့တစေ လည်ပတ်ကို အကောင်းစားပစ္စည်းများဖြင့်ချုပ်လုပ်ထားသည်မှာ သေချာသည်။ ရာဘာသားဟုထင်ရသော်လည်းမဟုတ်ပေ။ အတွင်းဘက်တွင် တံဆိပ်တစ်ခုရှိနေသည်။ သူအနီးကပ်ကြည့်လိုက်သည့်အခါ ၎င်းက သူ၏ ID နံပါတ်ဖြစ်နေလေ၏။


ဒါကဘယ်လိုတွေတောင်လား?


သူသည်ကား အံ့အားသင့်လွန်သွားပြီး ဓာတ်လိုက်သွားရသလိုပင်။ ဆိုးရွားလွန်းသည့်အတွေးတို့က တပြိုင်တည်းဝင်ရောက်လာလေသည်။ သူရေချိုးခန်းအပြင်ဘက်သို့ အမြန်ထွက်လိုက်မိပြီး မိုဘိုင်းဖုန်းကိုကောက်ကိုင်ကာ အင်တာနက်မှ "ID နံပါတ်နှင့်လည်ပတ်" ဟူ၍ ရိုက်ရှာကြည့်လိုက်သည်။


အချက်အလက်များစွာက စုပြုံကျလာလေ၏။ ဖုယွမ်ကျိုး တစ်ခုကိုနှိပ်ပြီးဖတ်ကြည့်လိုက်သည်။


[အထူးအိုမီဂါထိန်းသိမ်းလည်ပတ်: ဖယ်ရိုမုန်းအနံ့ထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ လိင်အမျိုးအစားကွာခြားချက်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် အိုမီဂါများကို အထူးထိန်းသိမ်းရေးလည်ပတ်အား အခမဲ့ပေးသွားဦးမှာဖြစ်ပါတယ်၊ မတော်တဆပျောက်သွားခဲ့ပါကလည်း ID နံပါတ်ဖြင့်ပြန်ရှာနိုင်မှာဖြစ်ပါတယ်]


[ထိန်းသိမ်းရေးလည်ပတ်က အခမဲ့ဖြစ်ပါတယ်၊ သင့်အနေနှင့် မဝတ်ချင်ခဲ့လျှင်လည်း တားဆေးသောက်ခြင်း သို့မဟုတ် တားဆေးထိုးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်]


[.....]


အိုမီဂါ၊ ဖယ်ရိုမုန်း၊ ထိန်းသိမ်းရေးလည်ပတ်? ဘာတွေလဲဟ?


ဖုယွမ်ကျိုး၏မျက်လုံးတို့က စားပွဲပေါ်မှလည်ပတ်ကို မသိစိတ်အရလှမ်းကြည့်မိသွားခဲ့သည်။


ထိန်းချုပ်ရေးလည်ပတ်က သူ့ပစ္စည်းဆိုပါက သူက "အိုမီဂါ" လား။ ယင်းက လူအချင်းချင်းခွဲခြားခြင်းများလား။


ခန့်မှန်းချက်အ​မြောက်အများက သူ့စိတ်ထဲတွင် အချိန်အနည်းငယ်ကြာအောင် ရှိနေခဲ့ပြီး အများစုကမကောင်းသည့် အတွေးများဖြစ်နေကာ သူ့နှလုံးသားကို အနည်းငယ်မျှပူလောင်သွားစေခဲ့သည်။


ယင်းသည်ကား ပြန်လည်မွေးဖွားလာခြင်းအတွက် ပေးရသောတန်ကြေးပင်။ သူ့အတွက် လက်ခံချင်စရာမကောင်းသည့်တိုင် ရလဒ်မှာ အလွန်အမင်းမဆိုးရွားစေရန် မျှော်လင့်မိပါ၏။


ဤအတွေးဖြင့်ပင် ဖုယွမ်ကျိုးက စားပွဲပေါ်မှပိုက်ဆံအိတ်ကိုယူလိုက်ပြီး ID ကတ်ကိုထုတ်ကြည့်လိုက်သည်။


ပြထားသည့်အချက်အလက်များက သူနှင့်ရင်းနှီးနေပြီးသားပင်။ ယေဘူယျအားဖြင့် အပြောင်းအလဲမရှိသလို "အန္တရာယ်" လက္ခဏာလည်းမရှိပေ။ လည်ပတ်ပေါ်မှ လိင်အမျိုးအစားတစ်ခုတည်းသာပြောင်းလဲနေ၏။ ၎င်းတွင်ရေးထားသည်မှာ: အမျိုးသားအိုမီဂါ။


ဆိုတော့ "အိုမီဂါ" ကမှ လိင်အမျိုးအစားပေါ့? "ယောကျ်ားလေး" နဲ့ "မိန်းကလေး" ကိုထပ်ပေါင်းလိုက်ရင် လိင်အမျိုးအစားခွဲခြားတဲ့နေရာမှာ ပိုပြီးအသေးစိတ်ကျသွားမယ်မလား?


ဖုယွမ်ကျိုးမှာ အိုမီဂါကိုဘာမှန်းမသိ၍ ရှာဖွေကြည့်လိုက်သည်။ သူစိတ်လျှော့ထားရလေ၏။ လိင်အမျိုးအစားကွဲပြားချက်က အပေါ်ယံသာဆိုလျှင် ကိစ္စမရှိ။ မည်သိူ့ဆိုစေ ၎င်းကမဖြစ်နိုင်သည့်အရာပင်။


"....."


သုံးမိနစ်အကြာတွင် တိတ်ဆိတ်နေသောအိပ်ခန်းအတွင်းမှ တခုခုပြုတ်ကျသွားသည့်အသံထွက်လာခဲ့သည်။ ယင်းမှာ ဖုန်းကကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည့်အသံသာ။


ဖုယွမ်ကျိုး၏မျက်နှာမှာ သွေးဆုတ်နေပြီး အမူအရာက အုံ့မှိုင်း၍နေ၏။ ယခုလေးတင်မြင်တွေ့လိုက်ရသည့်စာလုံးများက သူ့ဦးနှောက်ထဲတွင် ကော်ပီကူးထည့်ထားသလိုပင်။ ဖယ်ထုတ်မရအောင်တဝဲလည်လည်ဖြစ်နေကာ သူ၏ဦးနှောက်လုပ်ဆောင်ချက်များမှာ ရပ်တန့်သွားသလိုပင်။ စာကြောင်းတစ်ကြောင်းချင်းစီက စိတ်ထဲတွင် ထပ်ခါတလဲလဲပေါ်နေခဲ့သည်။


"ယောကျ်ားလေးနဲ့မိန်းကလေးကိုထပ်ပေါင်းလိုက်ရင် လူသားတွေကို လိင်အမျိုးအစားသုံးမျိုးခွဲထားတယ်: အယ်လ်ဖာ၊ ဘီတာ နဲ့ အိုမီဂါ....အဲဒီထဲမှာမှ အိုမီဂါတွေက ယောကျ်ားလေးရော မိန်းကလေးပါဖြစ်နိုင်ပါတယ်..."


အိုမီဂါတွေက ကလေးမွေးနိုင်တာလား?


ယောကျ်ားလေးရော ကလေးမွေးလို့ရလား?


နောက်တမျိုးပြောရရင် သူကလေးမွေးလို့ရတယ်ပေါ့?!


ဖုယွမ်ကျိုး၏ကမ္ဘာကြီးက လျှပ်တပြက်အတွင်း ဂျွမ်းထိုးမှောက်ခုံဖြစ်သွားသည်။ မတိုင်ခင်က သူ့မိဘများ၏ ကိုယ်ဝန်နှင့်ပတ်သတ်သည့်မေးခွန်းကို ပြန်သတိရလိုက်ပြီး ၎င်းတို့က တခြားကလေးမဟုတ်ဘဲ သူ့တွင် ကိုယ်ဝန်ရှိမရှိအား မေးမြန်းခဲ့ခြင်းဖြစ်လိမ့်မည်။ ဖုယွမ်ကျိုး၏ ဦးနှောက်က ထုံထိုင်းသွားရကာ သူပြန်လည်မွေးလာသည့်ဖြစ်ရပ်မှန်ကိုသိလိုက်ရချိန်ကထက်ပင် ပိုပြီးပင်ရှော့ခ်ရနေပုံပေါ်လေ၏။


ဒါက ဘယ်လိုကမ္ဘာကြီးလဲ? ဘာလို့ယောကျ်ားတွေပါကလေးမွေးနိုင်တာလဲ? ဒီလိုဆိုရင်လည်း ဘာလို့ငါမွေးလာတည်းက ဒီလိုလိင်ဖြစ်နေရတာလဲ? သူ့လို 1.8mရှိတဲ့လူက ကလေးမွေးနိုင်မတဲ့လား?


ပြင်းထန်သောထိတ်လန့်မှုက အလျင်လိုမှုနှင့်သည်းခံစိတ်ကုန်ဆုံးသွားမှုတို့၏အနောက်မှလိုက်ပါလာသည်။ ဘာကြောင့် သူ့အလှည့်မှ ယခုလိုကိစ္စမျိုးဖြစ်လာရမှန်း ဖုယွမ်ကျိုးမှာနားမလည်နိုင်တော့ပေ။ သူသည် ဦးဆောင်ပေးမှုကိုလိုအပ်နေသည့် အန္တရာယ်ရှိလူတစ်ယောက်မဟုတ်သလိုပင် ခံစားလိုက်ရသည်။


သူ ကြမ်းပြင်ပေါ်မှဖုန်းကိုကုန်းကောက်လိုက်သည့်အခါ လက်ချောင်းများက ထိန်းမရအောင်တုန်ယင်နေခဲ့သည့်တိုင် ဖုန်းမျက်နှာပြင်ပေါ်တွင် နာမည်တစ်ခုကရုတ်တရက်ပေါ်လာသည်ကိုမြင်လိုက်ရသည်: အားလင်။


သူသည်ကား ယခုလေးတင် ဖုန်းပြုတ်ကျသွားစဥ်က ဖုန်းနံပါတ်များရှိသည့်နေရာကို အမှတ်မထင်နှိပ်မိသွားခဲ့သည်။ အနှီ "အားလင်" ဆိုသူမှာ သူကလေးဘဝတည်းက ပေါင်းသင်းလာခဲ့သော အချစ်ဆုံးသူငယ်ချင်း "ရှဲ့လင်" ပင်။ ပုံမှန်ဆိုလျှင် သူ့ဘက်မှရှဲ့လင်ကို အထက်ပါအတိုင်းမခေါ်တတ်ပေ။ သူသည် ရှဲ့လင်ဆိုသောအမည်ကို ရေးတတ်၍သာ ယခုလိုဖုန်းနံပါတ်မှတ်ထားလိုက်ရခြင်းဖြစ်သည်။ အမည်မှာ ဆက်သွယ်မှုစာရင်း၏ထိပ်ဆုံးတွင်ရှိနေခဲ့၏။ တစုံတရာဖြစ်လာတိုင်း ဖုယွမ်ကျိုးမှာ ရှဲ့လင်ကိုသာ အရင်ဆုံးသတိရမိတတ်လေသည်။


ရှဲ့လင်က သူ့အပေါ်တွင် အမြဲကောင်းပေးခဲ့သည်၊၊ သို့လင့်ကစား သူပြန်လည်မွေးဖွားမလာမှီ ယခင်က သူလုပ်ခဲ့သည့်အရာတိုင်းက ရှဲ့လင်ကို စိတ်မကောင်းဖြစ်စေခဲ့ပြီး နောက်ပိုင်းတွင် သူ၏မိဘများမှာ မတော်တဆမှုကိုကြုံတွေ့ခဲ့ရသည်။ နောက်ဆုံး၌ ရှဲ့လင်လည်းသူ့အားစိတ်ပျက်သွားခဲ့ပြီး သူနှင့်နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့သော ခင်မင်မှုတို့ကိုဖြတ်တောက်ပစ်ခဲ့သည်။ ပြန်တွေးမိတိုင်း ဖုယွမ်ကျိုးမှာစိတ်မကောင်းဖြစ်နေရသော်လည်း ထိုအချိန်က ရှဲ့လင်နှင့်ပြန်အဆင်ပြေအောင် မလုပ်နိုင်ခဲ့ပေ။


ဖုယွမ်ကျိုးမှာသည် စိတ်လှုပ်ရှားနေပြီး ယခုချက်ချင်းပင် ရှဲ့လင်၏မျက်နှာဖြစ်စေ၊ အသံဖြစ်စေ ကြားချင်မြင်ချင်လာလေသည်။ ရှဲ့လင်သာ ထိုနေရာတွင်ရှိနေသရွေ့ သူ့ဘေးနားတွင်ရှိနေသလိုခံစားရမည်ဖြစ်ပြီး စိတ်သက်သာရလိမ့်မည်။


သူသည်ကား တမဟုတ်ချင်း ရှဲ့လင်၏ဖုန်းနံပါတ်ကိုရိုက်လိုက်ပြီး မထင်မှတ်ဘဲ ရှဲ့လင်၏ဖုန်းကပိတ်ထားလေသည်။ ယင်းက အတော်လေးရှားပါးသည့်ဖြစ်ရပ်ပင်။


ဖုယွမ်ကျိုးမှာ ရှဲ့လင်က ကွန်ပျုတာသုံးနေခြင်းဖြစ်မည်ဟုထင်ပြီး app ကိုဖွင့်လိုက်သည်။ သူပိုပြီးအံ့အားသင့်သွားရသည်မှာ သူနှင့်ရှဲ့လင်တို့က ယခုရက်ပိုင်းအတွင်းမဆက်သွယ်ထားကြဘဲ မင်္ဂလာလာနံနက်ခင်း သို့မဟုတ် မင်္ဂလာညချမ်းပါ ဟူ၍ပင်မပြောကြပေ။ သူတို့နှစ်ယောက်က နှစ်အတော်ကြာ ပေါင်းသင်းလာကြ၍ ပုံမှန်ကဲ့သို့ဖြစ်နေသည့်တိုင် ပြောစရာအပိုစကားလည်းမရှိပေ။


စကားပြောထားသည့်မှတ်တမ်းများကိုကြည့်လိုက်သည့်အခါ သူတို့၏နောက်ဆုံးပြောခဲ့သည့်စကားများက အလွန်တရာထူးဆန်းနေသည်ကိုတွေ့လိုက်ရ၏။ ရှဲ့လင်က သည်ရက်ပိုင်းအတွင်း သူ့ကိုလာမရှာရန်ပြောထားခဲ့သည်။ သူ့ဘက်မှ OK အီမိုဂျီလေးပြန်ပို့လိုက်ပြီးနောက် သူလည်းပျောက်သွားခဲ့သည်။ ရှဲ့လင်ကို အကြောင်းပြချက်လည်းမမေးမိလိုက်ပေ။ ထို့ကြောင့် ဖုယွမ်ကျိုးမှာ မချင့်မရဲခံစားလိုက်ရသည်။


ဘာတွေဖြစ်ခဲ့တာလဲ....


ဖုယွမ်ကျိုးမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ ထို့အပြင် သူကအိုမီဂါဖြစ်နေမှန်း သူ၏သူငယ်ချင်းသိသွားပါက အနေခက်သွားမည်ကိုလည်းစိုးရိမ်နေမိသည်။ သူသည်ကား ယခုချက်ချင်းပင် ရှဲ့လင်ထံသွားရန်ဆုံးဖြတ်လိုက်လေ၏၊ နှစ်ယောက်လုံးနေသည့်နေရာက မဝေးလှဘဲ ငါးမိနစ်ခန့်လမ်းလျှောက်ရုံနှင့်ပင်ရောက်နိုင်လေသည်။


သူသည်အံဆွဲထဲမှ ရှဲ့လင်၏အိမ်တံခါးသော့ကိုထုတ်လိုက်ပြီး လက်ထဲတွင်သော့ကိုကိုင်ထားရင်း ရှဲ့လင်အိမ်ကိုထွက်လာခဲ့သည်။ သူမထွက်လာခင် အမေဖြစ်သူက ထိန်းသိမ်းရေးလည်ပတ်မဝတ်ထားသည့်အတွက်မေးမြန်းနေသေး၏။ ရှဲ့လင်နှင့်နှိုင်းယှဥ်လိုက်လျှင် ၎င်းက အရေးမကြီးတော့ချေ။


"ရှဲ့လင်...ရှဲ့လင်...မင်းအိမ်မှာရှိနေလား..."


ဖုယွမ်ကျိုး တံခါးအပြင်တွင်ရပ်နေခဲ့သည်။ တံခါးဘဲလ်ကိုတီးနေရင်း ပါးစပ်မှလည်းရှဲ့လင်၏အမည်ကိုလှမ်းခေါ်နေမိသေး၏။ ရှဲ့လင်၏မိဘများက နိုင်ငံခြားတွင်နေကြသည်။ ရှဲ့လင်တစ်ယောက်တည်းနေလာခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီပင်။ အိမ်သန့်ရှင်းရေးလုပ်ရန် အမြဲလာနေကျအန်တီကြီးတစ်ယောက်သာရှိသည်။


ဆက်သွယ်ရေးစက်မှပြန်ဖြေလာသူမရှိပေ။ ဖုယွမ်ကျိုးက ခပ်ရှင်းရှင်းပင် ခြံတံခါးကိုသော့ဖွင့်လိုက်ပြီး ဗီလာအိမ်တံခါးဝအထိပြေးသွားကာ မှတ်ထားသည့် သူ၏လက်ဗွေရာကိုနှိပ်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် အတွင်းဘက်မှ တံခါးပွင့်သွားခဲ့ပြီး ပြင်းရှသည့်ဝိုင်နီအနံ့က ဝုန်းကနဲထွက်လာလေ၏။


ဖုယွမ်ကျိုးမှာ ဒေသထွက်ထိပ်တန်းဝိုင်နီများကိုသောက်ခဲ့ဖူးသော်လည်း ယခုလိုဝိုင်နီရနံ့မျိုးကိုမရခဲ့ဖူးပေ။ အရသာက ပြင်းရှပူနွေးပြီး အနံ့လည်းပြင်းသည်။ ရုတ်တရက် ဖုယွမ်ကျောက်၏ပါးပြင်များကနီမြန်းသွားပြီး ခေါင်းကမူးဝေသွားသည်။ တစ်ငုံလောက်သောက်ရုံနှင့် ယစ်မူးသွားရသလို အရှေ့သို့ယိုင်လဲသွားသော်လည်း ရုတ်ချည်းပင် နွေးထွေးသည့်ရင်ခွင်တစ်စုံက သူ့အားထွေးပွေ့လာလေသည်။


ရှဲ့လင်က အိမ်လုပ်ဝိုင်ကိုချက်နေတာများလား? ဘာလုပ်နေတာပါလိမ့်? ဝိုင်ကိုဘယ်လောက်တောင်ချက်ထားတာလဲ?


ဖုယွမ်ကျိုးက သူ့အားထိန်းပေးထားသူကို ရီဝေဝေဖြင့်မော့ကြည့်လိုက်သည်။ သူမျှော်လင့်ထားခဲ့သည့်အတိုင်း ရှဲ့လင်၏ ချောမောသည့်မျက်နှာနှင့် အေးစက်သည့်မျက်ခုံးတို့ကိုတွေ့လိုက်ရလေ၏။ ဤအချိန်မှာ သူ့အားထိန်းကိုင်ပေးထားသူက ရှဲ့လင်တစ်ယောက်တည်းသာ။ အနှီသူကြောင့် ဖုယွမ်ကျိုးမှာ စိတ်အေးလက်အေးဖြစ်လာရသည်။ ရှဲ့လင်၏လက်မောင်းပေါ်သို့မှီချလိုက်ပြီး ရှဲ့လင်အားအလိုအလျောက်ဖက်ထားလိုက်မိ​သေးသည်။


သူငယ်ချင်းကိုယခုလိုမဖက်ခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။


သူသည်ကား သူငယ်ချင်းဖြစ်သူနှင့်ပြန်တွေ့လိုက်ရခြင်းကြောင့် စိတ်လှုပ်ရှားမှုထဲတွင်နစ်မြောနေပြီး ရုတ်တရက် သူ၏ခါးတဝိုက်ရှိလက်မောင်းက တင်းခနဲဖြစ်သွားသည်ကိုခံစားမိလိုက်သည်။ ထို့ကြောင့် သူ အနည်းငယ်နာကျင်သွားပြီး ရှဲ့လင်က သူ့နားထဲသို့တီးတိုးပြောလာသည့်စကားကိုကြားလိုက်ရလေသည် ။


"ဘာလို့ငါ့ဆီလာခဲ့တာလဲ..."


"ငါ rut ဖြစ်နေတာကိုသိရဲ့သားနဲ့..."


ဖုယွမ်ကျိုး: ".....?" Heat ဝင်နေတာ? အဲဒါဘာကြီးလဲ?