Chapter 66
Viewers 6k

🧝Chapter 66



မင်ချလင်သက ယနေ့သူ့အမေနဟင့် လာခဲ့ပေမဲ့ သူ၏ ခင်ပလန်သ​လောင်သဖဌစ်သူ မဌောင်ယလမ်က ရလာမဟာမရဟိတော့ပါချေ။သူ့အခဌေနေကို တလေသပဌီသ အဝေသက ရန်သာ့လန်နဟင့်လက်ချင်သတလဲထာသသည့် မဌောင်ဟယ်ကိုကဌည့်လိုက်မိသည်။သူတို့ကဌည့်ရသည်နဟင့် သက်တောင့်သက်သာနဟင့်ချစ်ခင်ကဌင်နာကဌပုံပင်။မင်ချလင်သမနေနိုင်ဘဲ တလေသလိုက်မိ၏။အချိန်ခရီသသလာသတစ်ယောက်ဖဌစ်တဲ့ သူ့ဘဝက ရဟေသခေတ်ကောတစ်ယောက်ထက် ဘာလို့ဆိုသပိုနိမ့်ကျနေရတာလဲ...


 á€™á€Œá€±á€¬á€„်ယလမ်အတလက် ပဌိုင်ဆိုင်မဟုကဌောင့် ဖဌစ်ပေါ်လာသော ရန်လိုမဟုမျာသကဌောင့် ဖဌစ်ကောင်သဖဌစ်နိုင်သည်။မဌောင်ဟယ်က အစကတည်သကပင် သူ့ဖဌစ်တည်မဟုကို မသိခဲ့သော်ငဌာသ၊မဌောင်ဟယ်နဟင့် မဌောင်ယလမ်တို့ကဌာသတလင်လည်သ မည်သည့်ဆက်ဆံရေသမဟမရဟိတော့သော်ငဌာသ မဌောင်ဟယ်ကိုတလေသည့်အခါ သူဒေါသဖဌစ်နေတုန်သပင်။


ကမဌင်ကလင်သတလင် မနာလိုခဌင်သနဟင့် မလိုလာသခဌင်သအရိပ်အမဌလက်ပေါ်လာခဲ့သည်။


မင်ချလန်သသည် ရန်သာ့လန်ကို အဘယ်ကဌောင့် မရလေသချယ်ခဲ့မိသနည်သဟု  သူ့ကိုယ်သူ တလေသတောမိသည်။အဲဒီတုန်သက ငါ့မိသာသစုက သနာသစရာကောင်သတယ်...ငါ့မဟာ အရည်အချင်သရဟိပေမဲ့ အရင်သအနဟီသမရဟိဘူသ...ငါ အဲဒါတလေကိုမသုံသနိုင်ဘူသလို့ပဲတလေသခဲ့မိတယ်... မျက်စိတစ်မဟိတ်အတလင်သမဟာပဲ  ကပဌောင်သကပဌန်ဖဌစ်သလာသလိမ့်မယ်လို့ ဘယ်သူကသိမဟာလဲ... ငါ့ရဲ့ချစ်ပ်တလေကို လောင်သပဌီသ​သလာသတာ စိတ်မကောင်သစရာပဲ၊ ငါသာစိတ်ထပ်ပဌောင်သလိုက်ရင်...


မင်ချလင်သ တလေသနေစဉ်တလင် ရန်သာ့လန်နဟင့် မဌောင်ဟယ် အနီသတလင် လူအမျာသအပဌာသ ရပ်တန့်သလာသသည်။ ကလူတလေက မဌောင်ဟယ်တို့အိမ်မဟာ အလုပ်သလာသလုပ်ဖူသသည့် ယောကျာ်သသာသတလေနဟင့် သူတို့၏ မိသာသစုဝင်တလေဖဌစ်၏။အရင်တုန်သက​ ချင်ရဟန်သက အလုပ်သမာသမျာသက ပိုက်ဆံအမျာသကဌီသရပဌီသ အစာသအသောက်ကောင်သတလေစာသခဲ့ရသည်။မဌစ်မဟာဆုံသည့်အခါ စကာသအနည်သငယ်ရပ်ပဌောသည်က မျက်နဟာသာပေသခဌင်သပါပင်။တဖဌည်သဖဌည်သနဟင့် လူတလေပိုမျာသ စကာသတလေပိုမျာသလာပဌီသ အချိန်တစ်ခုလောက်လုစုမခလဲနိုင်ဖဌစ်သလာသသည်။


ထိုအချိန်အတလင်သ အဝေသကလာသည့် လူတစ်စုကို သူတို့တလေ့လိုက်ရသည်။ ထိုလူအုပ်စုက မဌောင်ကျလယ်တို့မိသာသစုမဟလူမျာသဖဌစ်သည်။


မဌစ်ကမ်သဘေသတလင် မီသပုံသမျာသထလန်သခဌင်သသည် အခဌေခံအာသဖဌင့် မိသာသစုတစ်စုလုံသ အတူတကလလုပ်ဆောင်နိုင်သည့် လဟုပ်ရဟာသမဟုတစ်ခုဖဌစ်သည်။မဌောင်ကျလယ်က သူ့သာသ၊ ဇနီသနဟင့် မဌေသတလေကိုခေါ်ကာ တခဌာသဆလေမျိုသတလေ ဝန်သရံရင်သ လမ်သပဌရင်သ ကလမ်သဆုံသကို လျဟောက်လာသည်ကို သူတို့ တလေ့လိုက်ရသည်။


ဟေသ တပ်ဖလဲ့နဟစ်ဖလဲ့ ထိပ်တိုက်တလေ့ကဌပုံပင်။


ပဌောစရာပင်မလိုသည်က ကသည်က မဌေသိမ်သတိုက်ပလဲနဟင့် ဧည့်ခံပလဲအပဌီသမဟာ ဇာတ်လိုက်နဟစ်ယောက် ပထမဆုံသအကဌိမ် မျက်နဟာချင်ဆိုင်ခဌင်သဖဌစ်လေသည်။


လေထုသည် ခဏတာ အေသခဲသလာသပုံရသည်။


လူတိုင်သက ၎င်သကို ​မဌင်ပဌီသ ဟေသ ဘယ်လိုလုပ် လလတ်သလာသလို့ဖဌစ်မလဲဟုတလေသမိကဌသည်။သူတို့အကုန်လုံသရပ်ပဌီသ နဟစ်ဖက်စလုံသက လူတလေဘာပဌောမလဲ စောင့်ကဌည့်နေကဌသည်။


မထင်မဟတ်ပဲ ပထမဆုံသစကာသပဌောဆိုသူမဟာ မဌောင်ကျလယ်၏နောက်က အကဌီသဆုံသချလေသမဖဌစ်သူ အဒေါ်ယင်ဖဌစ်သည်။


သူမက ရဟေ့သို့ ခဌေတစ်လဟမ်သတိုသကာ ပျော်ရလဟင်သောမျက်နဟာဖဌင့် နဟုတ်ဆက်လေသည်။

"ဟေသ ဒါက ဟယ်ကောအာ နဲ့ သာ့လန် မဟုတ်ဘူသလာသ...တိုက်ဆိုင်လိုက်တာ... အခုပဲ ငါတို့ မင်သရဲ့ အိမ်သစ်ကို ချီသကျူသပဌီသ ဂုဏ်ပဌုစကာသတလေ ပဌောချင်နေကဌတာ...ချက်ချင်သ ဝင်တိုသကဌလိမ့်မယ်လို့မမျဟော်လင့်ထာသဘူသ"


ရန်သာ့လန်က တုံသတိတိ ခေါင်သညိတ်ပဌီသ နဟုတ်ဆက်လိုက်ပေမဲ့ သူ့လက်က မဌောင်ဟယ်ကို သူဆီ ဆလဲခေါ်လိုက်သည်။ သူ့အနီသနာသရဟိ အခဌာသလူမျာသ အာသလုံသ နောက်ပဌန်ဆုတ်သလာသသဖဌင့် အုပ်စုနဟစ်စုကဌာသ မဌင်ကလင်သမဟာ ဘာစည်သမဟမရဟိတော့ပေ။


အဒေါ်ယင်က ပဌုံသပဌီသ ဆက်ပဌောသည်။ "ဟေသ သာ့လန်က အရမ်သငဌိမ်နေတုန်သပဲနော်... ​​ဒါပေမဲ့ ကိစ္စမရဟိပါဘူသ၊ ဘဝကို ကောင်သ​ကောင်သသာနေ...မင်သ အခု ဟယ်​ကောအာနဲ့ ဒီလိုမျိုသ ဖဌစ်နေတာကို မဌင်တော့ အဒေါ် မင်သအတလက် တကယ်ကို ပျော်တယ်... ငါတို့ ယလမ်ဇီက အလုပ်ကဌိုသစာသနေတော့ အိမ်ထောင်ရေသက မဆုံသဖဌတ်ရသေသဘူသ...နောင်မဟာလည်သ မင်သလိုပဲ သူ့မိန်သမကို ချစ်ဖို့ မျဟော်လင့်ပါတယ်ကလယ်"


၎င်သကိုပဌောပဌီသသည်နဟင့် တစ်မိသာသစုလုံသ မီသပုံသမီသထလန်သရမည့် အခမ်သအနာသမဟာ မဌောင်ယလမ် မပါဘူသဆိုသည်ကို တစ်ယောက်ယောက်က သတိ​ပဌုမိလိုက်သည်။ထို့ကဌောင့် သူကမေသလိုက်၏။


"ဟေ့ ယလမ်ဇီက အခု မဌို့ထဲမဟာ ကျောင်သတက်နေတုန်သပဲလာသ... ပလဲတော်ကို ဆင်နလဟဲဖို့ ဘာလို့ ပဌန်မလာသေသတာလဲ...ဒါက ဆောင်သညသလယ်ပလဲတော်လေ ဘယ်လိုပဲ စာကဌိုသစာသပါစေ အနာသယူဖို့လိုတယ်"


အဒေါ်ယင်က တစ်ယောက်ယောက် မေသမည်ကို စောင့်နေပုံရပဌီသ အာသရဝမ်သသာဆိုသည်။


"အစက အာသလပ်ရက်မဟာ အိမ်ပဌန်ချင်​နေတာ...ဒါပေမဲ့ ကံမကောင်သစလာနဲ့ပဲ မဌို့မီသပုံသပလဲတော်ကို သလာသဖို့ တစ်ယောက်​ယောက်နဲ့ ချိန်သထာသတာရဟိနေတယ်လေ"


အထက်နဟင့်အောက်မဟ သဲလလန်စမျာသကို ပေါင်သစပ်ပဌီသနောက်၊ တစ်စုံတစ်ယောက်က ရုတ်တရက်မေသလိုက်၏။

"ခဏလေသ... ကဌင်ဖက် တလေ့ဖို့ မဌို့မီသပုံသပလဲတော်ကို သလာသခဲ့တာမျာသလာသ"


"ဟာသဟာသ မဟန်တယ်...သူ့အ​မေတောင် သူနဲ့လိုက်သလာသခဲ့​သေသတယ်...ဒါပေမဲ့ သူက အလေသအနက်ထာသပဌီသ စောင့်ကဌည့်နေတယ်"


တစ်ယောက်ယောက်က ချက်ချင်သပဲစအော်ပဌောသည်။

"သူတို့က ဒီမဌို့က အကောင်ကဌီသဖဌစ်ရမယ်... နင်တစ်ခုခုပဌော​ပဌနိုင်မလာသလို့ သိချင်တယ်ဟေ့"


အမေသအဖဌေမျာသသည် စီစဉ်ပေသထာသသည့်အတိုင်သ ချောမလေ့​နေသည်။ အဒေါ်ယင် ပို၍ပင် ဝမ်သသာသလာသပဌီသ သူမအသံကိုမသိမသာမဌင့်လိုက်၏။

"သူ(မ)က မော်ကလန်သထိန်သဝမ်ရဲ့ သမီသလေ... ​မော်ကလန်သထိန်သဝမ်က ယလမ်ဇီရဲ့ အနာဂတ်ကို အရမ်သ အကောင်သမဌင်​နေတာ...ဒီနဟစ် မီသပုံသပလဲတော်ကို အခလင့်ကောင်သယူ​ပဌီသ နဟစ်ယောက် ဆုံခိုင်သလိုက်တာ...အချင်သချင်သအကဲခတ်ရအောင်လို့လေ"


အဒေါ်ယင်က ​​မော်ကလန်သထိန်သဝမ်၏အမည်ကို ပဌောသောအခါတလင် သူမပတ်ဝန်သကျင်တလင် အသံမျာသကျလတ်စီကျလတ်စီ​ဖဌစ်လာခဲ့သည်။


မဌောင်မိသာသစုထဲမဟ မဌောင်ကျလယ်က မေသကိုချီကာ လက်နဟစ်ဖက်ကိုနောက်ပစ်၍ ယခုအခါ သူနဟင့် မျက်နဟာချင်သဆိုင်က လူငယ်စုံတလဲကို ဂုဏ်ယူစလာဖဌင့် တိတ်တဆိတ် စိုက်ကဌည့်နေသည်။ မင်သတို့က အပဌာရောင်အုတ်​ကဌလပ်မိုသအိမ်ကဌီသမဟာနေရတော့ရော ဘာဖဌစ်လဲ... ငါတို့မဌောင်မိသာသစုကလည်သ အပဌာရောင်အုတ်​ကဌလပ်မိုသအိမ် ဆောက်နိုင်တယ်...ဒါပေမဲ့ ပိုအရေသကဌီသတာက ငါတို့မဌောင်မိသာသစုမဟာ ကျော်ကဌာသမဟု၊ ရာထူသ၊ အာဏာတလေ ရဟိတယ်၊ ဒါကဌောင့် တောင်တလေ မဌေ​ကဌီသတလေကို မဟီခိုပဌီသ အသက်မလေသဝမ်သကဌောင်သပဌုတဲ့ မင်သတို့ရူသတိရူသကန်သတောသာသတလေကို  ငါတို့က ဘာလို့ကဌောက်ရမဟာလဲ...


တစ်ခုသာ၊ကကိစ္စမဟာ မသေချာမဟုတလေ အမျာသကဌီသရဟိနေ၏။ ဥပမာအာသဖဌင့်တစ်ဖက်က မဌောင်ယလမ်ကိုသဘောကျရန်က ရဟို့ချိုက် ဖဌစ်မလာသဆိုသည်အပေါ်မူတည်ကဌောင်သ ဝန်ခံရပေမည်။သတို့သမီသကဌေသ မည်မျဟတောင်သမည်ကိုလည်သ မသိရသေသပေ။ယင်သက ​မော်ကလန်သထိန်သဝမ်၏သမီသဖဌစ်သူ၏ဂုဏ်သတင်သပေါ်မူတည်သည်။မဌောင်ကျလယ် ယခင်က အနည်သငယ် သတိကဌီသခဲ့သည်။သူ မဌောင်ယလမ်ကို ကမီသပုံသပလဲတော်မဟာ ကဌင်ဖက်သလာသမတလေ့စေချင်ခဲ့ပေ။


သို့သော် လက်တလောမဟာ ရန်သာ့လန်တို့မိသာသစုအကဌောင်သသတင်သမျာသထလက်ပေါ်နေပဌီသ  အပဌာရောင်အုတ်ကဌလပ်မိုသအိမ်နဟင့်ပတ်သက်သည့်သတင်သကလည်သ ၎င်သတို့၏မိသာသစုကို မျက်နဟာဖဌတ်ရိုက်လိုက်ပဌန်သည်။ယလမ်ဇီ၏အ​မေ၏အဆလယ်ကောင်သမဟုနဟင့်အတူ မဌောင်ကျလယ် သူမပဌောသောစကာသကဌောင့်သလေသဆောင်ခံရပဌီသနောက်ဆုံသတလင်သူ၏အကဌီသဆုံသချလေသမကိုသတင်သဖဌန့်ခိုင်သရန်နဟင့် ထိုသတင်သကိုတစ်မဌို့လုံသနဟင့်တစ်ရလာလုံသသို့ပို့ဆောင်ရန်သူ၏စိတ်ထဲတလင်ဆုံသဖဌတ်ခဲ့သည်။


ပဌီသတော့ စဉ်သစာသကဌည့်ပါ၊ဒီကိစ္စက နောက်ဆုံသမဟာ အလုပ်မဖဌစ်တော့ရောဘာဖဌစ်လဲ...


မဌောင်ယလမ် သည်ကနေ့ ကောင်မလေသကို တလေ့ရန် မဌို့ကို သလာသခဲ့သည်။ကသည် အလိမ်အညာ မဟုတ်၊အမဟန်တကယ်ဖဌစ်၏။ယခုအခါတလင်၊ ရလာသာသမျာသ၏ ကဌည်ညိုလေသစာသ​နေသည့်မျက်လုံသမျာသက သူမဌောင်ကျလယ်၏ မိသာသစုထံ တစ်ဖန်ပဌန်လည်ရောက်ရဟိလာပဌီသ မဌောင်ကျလယ် သူ၏အကလက်က အမဟန်တကယ်မဟန်ကန်သည်ဟု ခံစာသရသည်။


ရန်သာ့လန် သူတို့ကိုမပဌောချင်သော်လည်သ ကိုယ့်သိက္ခာကိုယ်ထောက်ပဌီသ "ဂုဏ်ယူပါတယ်"ဟု လူရဟေ့သူရဟေ့ မဟာ ပဌောခဲ့၏။


သို့သော်လည်သ မဌောင်ကျလယ်တစ်ယောက် ကအကလက်က အနာဂတ်တလင် အရာအာသလုံသကို ပဌောင်သလဲစေလိမ့်မည်ဟု ဘယ်သောအခါမဟ မမျဟော်လင့်ထာသခဲ့ပေ။


အကဌောင်သမဟာ ထိုစကာသမျာသအဆုံသတလင် ထောင့်ရဟီ မင်ချလင်သက နောက်ဆုံသမဟာနဟာခေါင်သရဟုံ့လိုက်လေသောကဌောင့်ပင်။


သူ အစပိုင်သတလင် ချီတုံချတုံဖဌစ်နေသေသသော်လည်သ ယခုတော့ သူ့ရဟေ့က မဌင်ကလင်သကို မဌင်ပဌီသနောက် ဆုံသဖဌတ်ချက်တစ်ခု ချလိုက်သည်။


***


လက်ရဟိမင်ချလင်သဘာတလေပဲဖဌစ်နေပါစေ ထို့နောက်မဟာတော့ နဟစ်ဦသနဟစ်ဖက် ဘာမဟပဌောစရာမရဟိတော့ဘဲ အမဌန်လူစုခလဲလိုက်ကဌသည်။


ထုံသစံအတိုင်သ လူအချို့က ပလဲပဌီသသလာသသည်ကို ကဌည့်နေကဌသည်။


သို့သော် မဌစ်မီသပုံသမျာသ မီသထလန်သခဌင်သလုပ်ငန်သ မပဌီသမီတလင် ရန်သာ့လန်က မဌောင်ဟယ်ကို မဌစ်ကမ်သသို့ ဂရုတစိုက်ခေါ်သလာသခဲ့သည်။​မဌစ်မီသအိမ်ျာသကိုမီသထလန်သပဌီသနောက် ရန်သာ့လန်က ၎င်သတို့ကိုကိုင်ကာ မဌစ်ကို ညသညလဟတ်လိုက်၏။ပဌီသလျဟင် သူက မဌောင်ဟယ်ကိုလည်သ မဌစ်မီသပုံသမျာသကိုင်ကာ ဦသညလတ်ခိုင်သလေသည်။ညသညလဟတ်ပဌီသနောက် မဌစ်မီသပုံသကို ရေပေါ် တင်ကာ မျောလိုက်သည်။


မဌစ်မီသပုံသတလေ တစ်ခုကနေနဟစ်ခု၊နဟစ်ခုကနေသုံသခု၊သုံသခုကနေလေသခု စသဖဌင့် နောက်ထပ်မဌစ်မီသပုံသ ရေပဌင်တလင် မျဟောလိုက်သောအခါ အဝေသရဟိ မဟောင်မိုက်သော စမ်သချောင်သတလင် မီသရောင်မျာသ ထလန်သလင်သလာကာ ကောင်သကင်တလင်သာနေသောလက ရေထဲတလင် ရောင်ပဌန်ဟပ်နေပဌီသ နဂါသငလေ့တန်သဂလက်ဆီအလာသ မဟုန်ဝါသဝါသအိပ်မက်သဖလယ်ဖဌစ်စေသည်။ ကိုယ့်မျက်စိနဟင့် ကိုယ်တိုင်မဌင်ရသည်က တကယ်ကို လဟသည်။


ကအချိန်တလင် မဌစ်လေညင်သက တသုန့သုန် တိုက်ခတ်နေသဖဌင့် အနည်သငယ် အေသမဌမဟုကို ယူဆောင်လာသည်။


ရန်သာ့လန်က မဌောင်ဟယ်ကို ရင်ခလင်ထဲဆလဲသလင်သပဌီသ ခေါင်သငုံ့ကာ "အေသလာသ" ဟု မေသသည်။


မဌောင်ဟယ်က ခေါင်သခါလိုက်၏။

"မအေသပါဘူသ"


"ပဌန်ရအောင်" 

ရန်သာ့လန် တစ်ဖက်လူ၏လက်ကို ကိုင်လိုက်ပဌီသ ပလတ်လိုက်သည်။


"မပဌန်ပါနဲ့...အရမ်သလဟတာပဲ... ခဏလောက်ကဌည့်ပါဦသ"


"အင်သ"


"အခုနက ဘာဆုကိုတောင်သလိုက်လဲ"


"ကိုယ်တို့မိသာသစု အသက်​ရဟည်​ကျန်သမာချပါ​စေဆိုပဌီသ"


"အင်သ...ကျလန်​တော်လည်သ အတူတူပဲ...ဒါ​ဆို အရင်​ကကျ ဘာဆုတလေ​​တောင်သခဲ့လဲ"


".....အမေအသက်ရဟည်ကျန်သမာပါစေ"


အနည်သငယ် တောင့်တောင့်ကဌီသ ဖဌစ်နေသလို ခံစာသလိုက်ရသဖဌင့် မဌောင်ဟယ် တလေ့ကရာ အမဌန်ပဌောလိုက်သည်။

"ဪ ... နောင်ကျရင်အဆင်ပဌေမဟာပါ...ကျလန်တော်က ကျန်သမာရေသကောင်သနေပါပဌီ"


"အင်သဟုတ်တယ်" 

ရန်သာ့လန်က သူ့ကို ပိုတင်သတင်သကျပ်ကျပ် ဖက်ထာသလိုက်သည်။


မဌောင်ဟယ် ချိန်သတလေ့ဖူခဌင်သမရဟိခဌင်သနဟင့် တီတီတာတာချစ်စကာသပဌောချိန်ကို ပျက်စီသစေခဌင်သက သူ့အပဌစ်ဖဌစ်မည်ဟု မဌောင်ဟယ် ခံစာသခဲ့ရသည်။


အာသလာသလာသ တခဌာသတစ်ခုခု ပဌောလိုက်တာက ပိုကောင်သမယ်...


"ပဌန်သလာသပဌီသ ကလေ့ဟလာသပင်တလေ စိုက်ကဌရအောင်...ပျာသတလေကို ဆလဲဆောင်နိုင်တယ်... မဌို့ထဲမဟာ ပျာသဖလပ်တတ်တဲ့သူရဟိလာသ...ဆိုင်ရဟင်ဖန့် ဆီသလာသပဌီသ ပျာသရည်ရောင်သမလာသလို့ မေသကဌည့်ရအောင်... ပျာသမလဟေသကဌရအောင်...ပျာသမလေသသူကိုပျာသအုံကူရိုက်ခိုင်သရအောင်...သူလည်သ နောင်ကျရင် လုပ်ငန်သပိုလုပ်ရတာပေါ့"


"ကောင်သပဌီ"


"သစ်တော်သီသနက်တလေလည်သ ရဟိတယ်... အနက်ရောင် သစ်တော်သီသကို မဌင်တဲ့အခါ တရုတ်ဆီသသီသတလေကို တလေသမိတယ်...ကျလန်​တော်တို့မဟာ တရုတ်ဆီသသီသပင်တလေ မရဟိဘူသ ...ဒုတိယအဒေါ်က လမုန့်လုပ်နည်သ သင်ပေသတုန်သက၊ တရုတ်ဆီသသီသအိုသကိတ်တလေလည်သ အရသာရဟိတယ်လို့ ပဌောတယ် ... နောက်နေ့ စမ်သကဌည့်မယ်"


"ကောင်သပဌီ"


သူတို့နဟစ်ယောက်စလုံသသည်တစ်ညသ နဟင့်တစ်ညသ မဟီပဌီသ တီသတိုသစကာသဆိုနေတုန်သ အဝေသကနေကဌည့်နေသည့် မျက်လုံသတလေရဟိနေတုန်သပဲဆိုသည်ကိုသူတို့မသိခဲ့ပေ။


ယင်သက မဌောင်ချမ်သဖဌစ်လေသည်။


မဌောင်ဟယ်ရဟိသည့်နေရာမဟာဆိုလျဟင် သာ့လန်က သူ့ကိုမမဌင်နိုင်တော့ဟုသာ သူခံစာသရသည်။


ဆောင်သညသလယ်ပလဲတော်အပဌီသတလင် လယ်ယာလုပ်ငန်သဖဌင့် အလုပ်မျာသနေသူမျာသသည် လယ်ထဲယာထဲ​သို့ ဆက်လက်သလာသကဌသည်။မဌောင်ဟယ်တို့ မိသာသစုဘဝကမူ အသီသအရလက်တလေပဲစိုက်သဖဌင့် အမျာသကဌီသပဌောင်သလဲမသလာသပါချေ။အချိန်အမျာသကဌီသမကုန်ဘဲ အနောက်ဘက်က တောင်ပေါ်မဟာ အပင်တလေကို မဌေသဌဇာကျလေသတာတို့၊ပင်ပျိုပဌောင်သသည်တို့လုပ်တတ်ကဌသည်။ထို့အတလက်ကဌောင့် မဌောင်ဟယ်က အခဌေအနေကို ဖုံသကလယ်ရန်အတလက် ရန်သာ့လန်ကို အပဌင်သို့ မဌည်သလဟည်သမောင်သထလက်ခိုင်သပဌီသ အပင်ပေါက်မျာသကို ပဌန်ယူလာခိုင်သသယောင်​ပဌုခဲ့သည်။


လဟည်သရဟိသည်က တကယ်အဆင်ပဌေသည်။ အစာသအသောက်နဟင့် ကိတ်မုန့်မျာသ ပို့ပေသခဌင်သက ယခုဆိုလျဟင် လျန်အိမ်တော် နဟင့် လက်ဖက်ရည်ဆိုင်သို့ အပန်သဖဌေခရီသထလက်သည်နဟင့်ပင်တူပဌီသ သိပ်မပင်ပန်သတော့ပေ။ အဖလဲ့ဝင်သစ် ရဟောင်ပိုင်ကလည်သ လိမ္မာရဟာသည်။သူ့အကဌိုက် မုန်လာဥနီကို ပဌင်​ပေသရန်သာ လိုအပ်ပဌီသ အရဟေ့ဆိုအရဟေ့ အနောက်ဆိုအနောက်ပဌေသလေသည်။မဌည်သတစ်​ကောင်၏ ဒေါသမျိုသ သူ့မဟာ လုံသဝ ရဟိမနေ။


သို့သော် ကအကဌောင်သရင်သကဌောင့် ဖဌစ်နိုင်သည်။မဌောင်လျန်က နောက်ဆုံသတလင် မဌောင်ဟယ်တို့မိသာသစုက ယန်ရလဟေလက်ဖက်ရည်ဆိုင်သို့ အစာသအစာမျာသ ပို့ပေသ​နေသည်ကို သတိပဌုမိသလာသခဲ့သည်။ တစ်နေ့တလင် မဌောင်လျန် ရန်သာ့လန် မောင်သသော မဌည်သလဟည်သက ကျန်သတုံလမ်သကို ဖဌတ်သလာသသည်ကို တလေ့လိုက်ရပဌီသ သူ့နောက်မဟ မလိုက်ဘဲမနေခဲ့ပေ။ နောက်ဆုံသတလင် သူ ထိုကိစ္စကို အတည်ပဌုနိုင်ခဲ့သည်။


"လက်ဖက်ရည်ဆိုင်ကို တကယ် သူတို့မိသာသစုက စာသစရာတလေထောက်ပံ့နေတာလာသ... ငါ့ရဲ့ ကနဩှ ခန့်မဟန်သချက်က မမဟာသဘူသပဲ" 


လက်ဖက်ရရည်ဆိုင်ထဲဝင်ပဌီသ ပဌန်ထလက်မလာသည့်မဌည်သလဟည်သကိုကဌည့်ပဌီသ မဌောင်ဟယ် ပါသစောင်ကို ကိုက်ရင်သ စိတ်ထဲမဟာ ကဌိတ်ပဌီသ မကျေမနပ်ဖဌစ်မိသည်။ 


သို့ပေမဲ့ ယခုအချိန်မဟာ သာ့ဟယ်စာသသောက်ဆိုင်ကို အကဌောင်သကဌာသခဲ့လျဟင်ပင် ဘာဆုလာဘ်မဟ ရမဟာမဟုတ်ပေ။


မကဌာသေသမီက ယန်ရလဟေလက်ဖက်ရည်ဆိုင်က ရာသီအလိုက် ဟင်သလျာအသစ်မျိုသစုံ၊ရေခဲစိမ် ပဲတီစိမ်သကိတ်မျာသနဟင့် ကဌက်သာသဟင်သလျာမျာသကို ဆက်တိုက်ထုတ်လုပ်ခဲ့ပဌီသ အရသာမဟာ ပထမအဆင့်အဖဌစ် ချီသကျူသခံခဲ့ရသည်။ ထို့အပဌင်၊ လူလုပ်ရေခဲမျာသသည်လည်သ အလကာသဖဌစ်ပုံမရပေ။ ။ဖောက်သည်မျာသအာသလုံသက ရေခဲစိမ် သစ်သီသမျာသနဟင့် ရေခဲဗူသမျာသကို ဝိုင်သအုံပဌုံတိုသဝယ်ကဌပဌီသ ယင်သက သာ့ဟယ်စာသသောက်ဆိုင်၏  ကျော်ကဌာသမဟုနဟင့် စီသပလာသရေသကို ကျော်တက်သလာသခဲ့သည်။


လက်ဖက်ရည်ဆိုင်က ပိုတန်ဖိုသမဌင့် အဆင့်အတန်သမဌင့်လာပဌီသ စာသသောက်ဆိုင်ကမူ တိုဟူသနဟောင်သနဟင့် တို့ဟူသအရေခလံတို့၏ စျေသနဟုန်သတလေကို လျဟော့ချလာရပဌီသ စတိုင်လ်ကလာဟမဟုက ပိုကျယ်လာသည်။ ယခုအချိန်တလင် လူတလေက ယန်ရလဟေလက်ဖက်ရည်ဆိုင် နဟင့် သာ့ဟယ်စာသသောက်ဆိုင်တို့ကို ယဟဥ်တလဲ၍ဖော်ပဌ​တော့မည်မဟုတ်ပါ​ချေ။ ပိုင်ရဟင်သည် ကရည်မဟန်သချက်ကို ဆုံသရဟုံသသလာသပုံရပဌီသ အနုတ်အသိမ်သမဌန်သည့် အမဌတ်အစလန်သအသေသလေသမျာသကိုလိုချင်နေသည်။သူက အမဌတ်အစလန်သအသေသလေသမျာသကို အလုပ်ရုံဆီက​နေပဌန်ရဟာလိမ့်မည်ဖဌစ်သည်။


ယခု အလုပ်ရုံမဟာ လုပ်စရာတလေ ပိုရဟိလာပေမဲ့ လစာကမူပိုမလာပေ။ စာသသောက်ဆိုင်က နဟစ်ညသနဟစ်ဘက် ချုပ်ဆိုထာသသည့် စာချုပ်ကို မဟီခိုနေပဌီသ အလုပ်ရုံမဟ ကုန်ချောမျာသကို စာသသောက်ဆိုင်သို့သာ ရောင်သချနိုင်သဖဌင့် မဌောင်မိသာသစုက အလလယ်တကူ ဖောက်ဖျက်ပဌီသ စာသသောက်ဆိုင်ကို စော်ကာသဝံ့ခဌင်သမရဟိပေ။တစ်ဖက်က မဌို့ထဲမဟာ ကမျဟလောက်ကဌီသသည့် အဆောက်အညသကို ဖလင့်နိုင်လေရာ နောက်ခံတချို့ ရဟိမည်ကသေချာလေရာ အလုပ်ရုံက ကဆုံသရဟုံသမဟုကို တိတ်တိတ်လေသ မျိုချရုံသာတတ်နိုင်သည်။


ယခုမူ ကအချက်ကို သူရဟာဖလေတလေ့ရဟိပဌီသနောက် မဌောင်လျန်၏ အသိစိတ်သည် မည်သို့ တည်ငဌိမ်သလာသနိုင်ပါမည်နည်သ။ 


အကယ်၍ သူသာ ဆိုင်ရဟင်ကို အစာသအသောက်ပို့သည့်အကဌောင်သ ပဌောပဌလောက်အောင် ရက်စက်ခဲ့မည်ဆိုလျဟင် အရာအာသလုံသက ကလဲပဌာသသလာသနိုင်သည်။


ပိုပိုချမ်သသာလာသည့်သူတလေကို ကဌည့်ရင်သ ​ သူ့လက်ချောင်သတလေကဌာသကနေ ဖဌတ်သလာသသည့် အခလင့်အလမ်သတလေကို တလေသကဌည့်မိသည်။

မဌောင်လျန်၏အသိစိတ်က မည်သနက်သလာသတော့သည်၊


 á€žá€°á€·á€¡á€á€œá€€á€ºá€¡á€€á€»á€­á€¯á€žá€™á€›á€Ÿá€­á€›á€„်တောင် ရန်သာ့လန်တို့မိသာသစုကို ဆလဲချလို့မရဘူသလာသ...


***