🧝Chapter 69
လီမင်၏ အလုပ်အဖွဲ့သည် ဒီဇင်ဘာလအစောပိုင်းတွင့ အိမ်အသစ်ကို ပြီးသွားခဲ့သည်။ဤအချိန်တွင် ရာသီဥတုကအေးသော်လည်း နှင်းများကျလောက်အောင် မအေးသောကြောင့် လူတစ်စုသည် တံတိုင်းဆောက်ရန် မြောင်ဟယ် ၏အိမ်သို့ ပျော်ရွှင်စွာ ရောက်လာကြသည်။
ယခုအချိန်တွင် မြောင်ဟယ် နှင့် ရန်သာ့လန် တို့လက်ထဲတွင် ငွေတေးလေးဆယ်ကျော်ရှိနေသည်။သူတို့ မြည်းလှည်းဝယ်ပြီး ရေတွင်းတူးခဲ့သော်လည်း ကွေ့ဟွားကိတ်များနှင့် ဟင်းသီးဟင်းရွက်များရောင်းကာ ငွေပြန်ဖြည့်ခဲ့ကြသည်။သူက လီမင်ကို သိပ်မကုန်စေချင်သောကြောင့် တံခါးအတွက် တံတိုင်းသာဆောက်ခိုင်းခဲ့ပြီး မြောင်ဟယ်တို့က တခြားသုံးဖက်အတွက် ပိုက်ဆံပေးမှာဖြစ်သည်။
ဤတစ်ခေါက်မှာ အပြာရောင်အုတ်တွေ သုံးစရာ မလိုတော့ဘဲ နံရံကို တည်ဆောက်သည့်အရှိန်က အလွန်မြန်လေသည်။ ရက်အနည်းငယ်ကြာအောင် အလုပ်ကြိုးစားပြီးနောက်၊ မြောင်ဟယ်တို့မိသားစုသည် သစ်သားပျဉ်ပြားများဖြင့်ပြုလုပ်ထားသော မူလခြံစည်းရိုးကို အစားထိုးကာ လှပခမ်းနားသောတံခါးနှင့် တံတိုင်းတစ်ခုရှိလာခဲ့သည်။ တံခါးပေါက်တွင် မူလကတပ်ဆင်ထားသော တံခါးဘဲလ်ကိုလည်း အလားတူပုံစံဖြင့် ဒီဇိုင်းထုတ်ထားကာ ပိုမိုလှပပြီး ပိုမိုကျယ်အောင်လုပ်ထားသည်။
ဆောက်လုပ်ရေးကာလတွင်၊ မြောင်ဟယ်က လှုပ်ရရွှေ့ရခက်ခဲသောကြောင့် ရန်သာ့လန်က အစားအစာအားလုံးကို ပြင်ဆင်ခဲ့သည်။ ဤရာသီက ဟော့ပေါ့စားရမည့်အချိန်ဖြစ်လေသည်။ရိုးရှင်းပြီး အရသာရှိ၏။ ဂေါ်ဖီချဥ်ဟော့ပေါ့ကို ပထမဆုံး အကြိမ် ချပေးလိုက်သည့်အခါ လူတိုင်း၏ မျက်လုံးတွေ တောက်ပလာသည်။ ထမင်းပန်းကန်ကိုကိုင်ပြီး ချဉ်ပြီးမွှေးသည့် ဂေါ်ဖီချဥ်ဟင်းရည်တစ်ဇွန်း လောင်းထည့်၊ ပြုတ်ထားသော ဂေါ်ဖီနှင့် တို့ဟူးအရေခွံ၊ ကြွပ်ရွရွ ဂေါ်ဖီချဉ်ဖတ်တို့နှင့် တွဲစားလိုက်...
အား ကမ္ဘာပေါ်မှာ ဒီလောက် အရသာရှိတဲ့ဟာမျိုးရှိသေးပါလား...
တိုဟူးအရေခွံက အပြင်ဘက်ဆိုင်၏ ဟင်းချက်နည်းနှင့်လည်း သက်ဆိုင်နေသည်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ယခုအခါ မြို့ထဲတွင် တိုဟူးနှောင်းနှင့် တိုဟူးအရေခွံရောင်းသူ အများအပြားရှိပြီး အိမ်တွင်လုပ်ပါက သံသယဖြစ်စေလိမ့်မည်မဟုတ်ပေ။မြောင်ဟယ် တိုဟူးအရေခွံက ချဉ်သော ဂေါ်ဖီချဥ်အိုးနှင့် ကောင်းကောင်း လိုက်ဖက်သည်ကို သတိရသောကြောင့် ရန်သာ့လန်ကို ပဲပိစပ်ကို အသုံးပြု၍ နူးညံ့ပြီး သန့်စင်သော တိုဟူးအရေခွံဘူးကြီးကို ပြင်ဆင်ခိုင်းခဲ့သည်။
အလုပ်အဖွဲ့ထဲက ယောက်ျားသားတွေအားလုံး ဤထမင်းတစ်နပ်ကိုစွဲလမ်းသွားကြသည်။ထမင်းစားပြီးနောက် ဤဟော့ပေါ့ကိုပဲ ချက်ရန်တန်းမှာကြပြီး မနက်ဖြန်လည်း သည်ဟင်းပဲစားချင်ဟုဆိုကြသည်။
မြောင်ဟယ်ကလည်း ဂေါ်ဖီချဥ်ဟင်းရည်စမ်းထားသော ထမင်းဖြူပန်းကန်လုံး ကိုင်ထားရင်ပျော်ပျော်ရွှင်ရွှင် စားနေသည်။
"ဒါပေမဲ့... မနက်ဖြန် သာ့လန်က မာလာဟော့ပေါ့ချက်ဖို့ စီစဉ်ထားတယ်"
"အမလေး မာလာဟော့ပေါ့" တစ်စုံတစ်ယောက်က တံတွေးမျိုချလိုက်သည်။အခုမှထမင်းစားပြီးပေမဲ့ ဗိုက်နည်းနည်းဆာလာသလိုလို...
"ဟီးဟီး...ငါတို့က ဧည့်သည်တွေပဲ ကြိုက်တာလုပ် အဆင်ပြေတယ်...ဟယ်ကောအာ ချက်တာအကုန် စားမယ်...ဟေ့ကောင်တွေ မင်းတို့ ဘာလို့ ဒီလောက်စကားများရတာလဲ"
"ဟုတ်တယ် ဟုတ်တယ်...ငါတို့က စကားများလွန်းတယ်.. ဂရုမစိုက်နဲ့...မာလာဟော့ပေါ့လည်းကောင်းတယ်...မာလာဟော့ပေါ့ပဲလုပ်လိုက်"
ထို့နောက် မြောင်ဟယ်က ဝမ်းသာအားရ ပြုံးလိုက်သည်။
ရန်သာ့လန်က သူ အချိန်အတော်ကြာ တောင်းဆိုခဲ့ပြီး အလွန်အကျွံမစားပါဘူးဟုကတိပြုပြီးမှ ဤမာလာဟော့ပေါ့ကို ပြုလုပ်ရန် ဆန္ဒရှိခဲ့လေသည်။
ထို့နောက်တွင်၊ တံတိုင်းအပြင် တောင်ကုန်းပေါ်တွင် ဂိုဒေါင်နှင့် ဧည့်ခန်းများအဖြစ် အသုံးပြုနိုင်သည့် ရှည်လျားသော အိမ်တန်းရှည်များကို ဆောက်လုပ်ရန်အတွက် နောက်ထပ်ငွေအနည်းငယ်ကို အသုံးပြုခဲ့သည်။ နောင်တွင်၊ အလုပ်လာလုပ်ရန် လူများကို ငှားရမ်းရမည်ဖြစ်ပြီး ၎င်းတို့အသုံးပြုရန်အတွက် အိမ်တစ်လုံးရှိရန် လိုအပ်သည်။ထိုမျှသာမက ဤရက်ပိုင်း အလုပ်အဖွဲ့က မြေအောက်ခန်းထဲမှာအိမ်ရသည်ကို ထည့်ပြောစရာပင်မလိုချေ။နွေးပေမဲ့လည်း တကယ်ကို ရှက်စရာကောင်းသည်။
မည်သို့ပင်ဆိုစေ အလုပ်အဖွဲ့ ပျော်ရွှင်စွာ အလုပ်ပြီးမြောက်ပြီး အိမ်ပြန်သောအခါ၊ မြောင်ဟယ်တို့ မိသားစု၏ လိုအပ်သောပစ္စည်းများမှာ ပြည့်စုံလုနီးပါးဖြစ်နေပြီဖြစ်သည်။ လှည်း၊ ရေတွင်း၊ တံတိုင်းနှင့် ဧည့်ခန်း၊ ကြက်ခြံ၊ သိုးတဲသာမက မြည်းတင်းကုပ်ပင်ရှိသေးသည်။ထိုအချိန်တွင် လက်ထဲတွင် ငွေတေး သုံးဆယ်ကျော် ရှိနေသေးသည်။
အဝတ်အစားထူထူများဖြင့် လုံးလုံးလေးဖြစ်နေသော မြောင်ဟယ်က ပိုက်ဆံအိုးကိုကိုင်ကာဆိုသည်။
"ကျန်တဲ့ငွေရော...စုပဲထားမှာလား"
ရန်သာ့လန်က သူ့ခေါင်းကိုပွတ်ကာ ပြော၏။
"တောင်ဘက်ခြမ်းကို ဝယ်ပြီးပြီ... မြောက်ဘက်ကိုလည်း ဖြည်းဖြည်းချင်းဝယ်ချင်တယ်"
"စိုက်ပြီးရင် အသီးကတကယ်ရောင်းရမှာလား မသိသေးဘူး...အပြင်အထိ တိုးချဲ့မှာလား"
ရန်သာ့လန်၏ ရဲရင့်သော ရင်းနှီးမြုပ်နှံမှုကြောင့် သူ အနည်းငယ် အံ့သြသွားသည်။
"မြေကိုဝယ်ပြီး သိမ်းထားမယ်...အခွန်က နည်းတော့ မရှုံးပါဘူး"
ရန်သာ့လန်က ပြောသည်။
ထို့အပြင် အလုပ်အဖွဲ့၏ သတင်းအရ ဘေးအိမ်မှ အရာရှိများက ၎င်းတို့၏ ဥယျာဉ်ခြံမြေကို တွေ့ထားပြီး ယင်းအတွက် မျှော်စင်တစ်ခု ဆောက်ထားပုံရသည်။ရန်သာ့လန်သည် ဤသည်က တခြားသူတွေကို ဂရုစိုက်အောင်လုပ်နိုင်လျှင် နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်က မြေကို ဝယ်လိမ့်မည်ဟု အလိုလို ခံစားရသည်။ ဘယ်သူကမှ မလိုချင်သေးချိန်မှာကိုယ်ဘာကိုယ်ဝယ်ထားသည်က ပိုကောင်း၏၊ နောက်ကျလျှင် သုံးရ အဆင်ပြေပေလိမ့်မည်။
တစ်လှမ်းလှမ်းပြီး သုံးလှမ်းကြည့်ပါဆိုသည့်အတိုင်း(ရှေ့ကိုကြိုကြည့်) ရန်သာ့လန် ဤကာလအတွင်း သူသင်ယူခဲ့သမျှကို အသုံးချရန် ကြိုးစားခဲ့သည်။
အိမ်မှာ ပိုက်ဆံစုထားလျှင် မတိုးပွားဘဲ လုယက်ခံရမှာ စိုးရိမ်သဖြင့် မြောင်ဟယ် ခေါင်းညိတ်လိုက်သည်။
"အင်း မေးကြည့်လိုက်ပါ"
တေးသုံးဆယ်ထက်မပိုသော ကန့်သတ်ဝယ်ယူမှုမျိုးဖြစ်လောက်သည်ဟု သူထင်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်း လက်ဖက်ရည်ဆိုင်၏နှစ်ကုန်အမြတ်ဝေစုကို ထုတ်ပေးလိမ့်မည်ဖြစ်ကြောင်း သူမသိခဲ့ပေ။ နှစ်ဝက်ကျော်ကျော်သာရှိသေးသော်လည်း ရန်သာ့လန်က ငွေတေး ၃၀၀ ကျော်ကို အိမ်ပြန်ယူလာခဲ့သည်။
"တေးသုံးရာကျော်"
မြောင်ဟယ် ၎င်းကိုကြားပြီးနောက် ခေါင်းတွေချာချာလည်သွားသည်။သူက ရေခဲရောင်းသည်လောက်ပင် ငွေမရှာနိုင်ဟု သူခံစားခဲ့ရသည်။ ဒါတွေကို ကြိုသိခဲ့ရင် ဘာလို့ ဒီလောက် ပင်ပင်ပန်းပန်းလုပ်ပြီးပိုက်ဆံရှာမှာလဲ... အိပ်ပြီး ပိုက်ဆံထိုင်သိမ်းနေမှာပေါ့...
သို့သော်လည်း ဤအရာများသည် မြောင်ဟယ်၏ ကြိုးစားအားထုတ်မှုနှင့် မသက်ဆိုင်သည်မျိုးမဟုတ်ပါချေ။ ရေခဲရောင်းခြင်းသည် အမြတ်အစွန်းရသည်မှာ သေချာသော်လည်း လက်ဖက်ရည်ဆိုင်တွင်၎င်းတို့ကို အရသာရှိသော ဟင်းလျာများနှင့် ကိတ်မုန့်များ ထောက်ပံ့ပေးနေသောမြောင်ဟယ်တို့ရှိသဖြင့် ဝင်ငွေကဤမျှတောက်ပရခြင်းဖြစ်လေသည်။
ရန်သာ့လန် ကောလေး၏ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသော ပါးပြင်များကို ထိလိုက်သည်။
"မှန်တယ်...တေးနှစ်ရာကျော်က မြေဝယ်ဖို့ ...ကျန်တဲ့ တေးတစ်ရာက မုန့်ဖိုး"
"ဟေး ကောင်းတယ် ကောင်းတယ်... ကျွန်တော်တို့က အခု
ကနေစပြီး မြေရှင်လူတန်းစား ဖြစ်လာတော့မယ်"
ကောလေးကို ယခုလိုမြင်ရသောအခါ ရန်သာ့လန်၏ မျက်လုံးထဲမှာ အပြုံးရိပ်တစ်ခု ဖျက်ခနဲပေါ်လာသည်။သူ မထိန်းနိုင်ဘဲ ခေါင်းငုံ့ကာ နမ်းလိုက်မိပြီး
ရင်ခွင်ဆွဲသွင်း၍ တစ်စုံတစ်ယောက်၏ ဗိုက်လုံးလုံးလေးကို ပွတ်လိုက်သည်။
"ဒီနေ့ ကစားသေးလား"
မြောင်ဟယ်က လှုပ်ရွှေ့ပြီး သူ့ရင်ခွင်ထဲကို ပိုတင်းတင်းကြပ်ကြပ် တိုးဝက် ဖက်ထားလိုက်သည်။
"သူက တစ်ရက်မှ မရပ်ဘူး...လူဆိုးလေးပဲဖြစ်ရမယ်"
သူစကားပြောနေစဉ်တွင် ရန်သာ့လန်၏ လက်ဖဝါးအောက်က သိသိသာသာ လှုပ်ရှားသွားပြန်သည်။
မြောင်ဟယ် သက်ပြင်းအသာချလိုက်သည်။ရန်သာ့လန်က သူ့ဗိုက်ကို ညင်သာစွာ ပွတ်သပ်ပြီးဆိုလေသည်။
"လိမ္မာနော်... မကန်နဲ့"
ရလဒ်အနေဖြင့်... အတွင်းထဲက ပို၍ပင် စိတ်လှုပ်ရှားလာပြီး လှုပ်ရှားမှုအသေးလေးတွေ ထပ်ထွက်လာပြန်သည်။
ဘုရားဘုရား...မြောင်ဟယ် ရန်သာ့လန်၏လက်ကို ကိုင်လိုက်ပြီးပြောလိုက်ရသည်။
"ကန်ပါစေ...သူမကန်ရင် ကျွန်တော်နေလို့မကောင်းဘူး"
ပထမတုန်းက မြောင်ဟယ် သူ၏ ဗိုက်အကြီးကြီးနှင့်ပုံစံကို ဘယ်လိုမှ စိတ်ကူးမယဉ်နိုင်ခဲ့ပါချေ။သို့ပေမဲ့ ကိစ္စတွေ ပြီးသွားသည့်အခါ၊သင့်အနေဖြင့် ဤအခြေအနေကို သဘာဝအတိုင်း ကျင့်သားရလာလိမ့်မည်ပင်။ အတိတ်မှာရှိခဲ့ဖူးသော ရှက်စိတ်တွေနှင့် စိတ်မသက်မသာဖြစ်မှုတွေက ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ယခု သူ အထဲက လူဆိုးလေးကို တတ်နိုင်သမျှ အမြန်ဆုံး မြင်ချင်ပြီး လိမ္မာအောင်သာသင်ပေးချင်တော့သည်။
၎င်းကိုကြားသည်နှင့် ရန်သာ့လန် ရင်ခွင်ထဲက လုံးလုံးလေး၏ အနေအထားကို ကျွမ်းကျင်စွာ ပြောင်းလဲလိုက်ပြီး သူ့ခါးကို အခြားလက်နှင့် ဖြည်းညှင်းစွာ ပွတ်သပ်ပေးလိုက်သည်။ ဗိုက်ကကြီးလာသည့်အခါ ခါးနာသည်က ရှောင်လွှဲ၍မရနိုင်၊များများနှိပ်နယ်ပေးသည်က ပိုသက်တောင့်သက်သာဖြစ်စေသည်ဟု သမားတော်ကျိက ပြော၏။
ရန်သာ့လန် သူ့ကောလေး ဤမျှကြီးမားသောဗိုက်ကို သယ်ထားရသည်ကို မမြင်ရက်သော်လည်း အရာအားလုံးကို သူကူညီနိုင်ရန်သာ ဆန္ဒရှိခဲ့သည်။ အိမ်မှာကူဖော်လောင်ဖက်ရရန် ပြင်ပက ကျေးကျွန်အနည်းငယ်ကို ဝယ်ဖို့ မဆွေးနွေးခဲ့ကြသည်မျိုးမဟုတ်ပေမဲ့ အပြင်လူတွေနှင့် အတူတူနေရလျှင် သူတို့ ရှီရန်၏လျှို့ဝှက်ချက်တွေကိုဂရုစိုက်နေရမှာဖြစ်သည်။တွေးကြည့်သည့်အခါ ကိုယ့်မိသားစု ကိုယ့်ဘာသာပဲနေသည်က ပိုအဆင်ပြေသည်။
အခုလိုမျိုးပေါ့...
အပြင်ဘက်တွင် လေအေးများ တိုက်ခတ်နေပြီး ရေနံဆီမီးခွက်၏အလင်းရောင်ကြောင့် အခန်း အခန်းကခပ်မှိန်မှိန်လင်းနေသည်။အခန်းထောင့်ရှိ မီးသွေးမီးဖိုက တိတ်ဆိတ်စွာ လောင်ကျွမ်းနေပြီး ကောလေးက သူ့ရင်ခွင်ထဲတွင် ညည်းနေသည်။ကြောင်နက်လေး ကြောင်သစ်ပင်ပေါ်မှာ သန်းဝေနေပြီး ခွေးကြီးလေးကောင်က ခန်းမတံခါးနားမှာ လဲလျောင်းနေပြီး အမြီးလှုပ်နေကြသည်။
ကောလေး၏ မျက်လုံးများက မှေးကျလုနီးပါးဖြစ်နေသည်။
"သက်တောင့်သာက်သာရှိတယ်"
"နည်းနည်းလောက်အိပ်လိုက်ပါလား"
"ဒါပေမဲ့ ကျွန်တော် နေ့လည်ကမှ အိပ်ထားတာလေ…"
ကောလေးက ရေရွတ်သည်။
"အိပ်ချင်ရင် အိပ်လိုက်ပါ"
"အင်း ဒါဆို ထပ်အိပ်လိုက်မယ်..."
"အင်း"
ယခုလိုနေ့ရက်တွေမှာ အချိန်တိုင်းက အဖိုးတန်လေသည်။
***
ဒီဇင်ဘာလလယ်တွင် ဆီးနှင်းများထူပိန်း၍နေကာ ကမ္ဘာကြီးတစ်ခုလုံး ငွေရောင်ပြောင်းသွားသည်။
ဆောင်းခိုကာ စတင်အိပ်စက်နေပြီဖြစ်သော မြောင်ကျားရွာသည် ပြန်လည်၍အသက်ဝင်လာသည်။ နှစ်သစ်ကူးဖြစ်သည့်အတွက်ပါပင်။
ဝက်မွေးမြူရေးသမား မြောင်အားဖန်က ဝက်တစ်ကောင်ကို သတ်ရန်ပြင်နေသလို မြို့တော်ရှိ နှစ်သစ်ကူးဈေးကိုလည်း ဖွင့်လှစ်တော့မည်ဖြစ်သည်။မြောင်ဟယ်တစ်ယောက် ဝမ်းနည်းစွာပဲ ထိုအချင်းအရာများကို လွတ်သွားခဲ့သည်။
သူ့ဗိုက်ပိုကြီးလာကတည်းက ရန်သာ့လန်က သူအိမ်တံခါးနားကိုကပ်လိုက်သည်နှင့် မျက်မှောင်ကြီးကြုတ်နေလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် ဒုတိယအဒေါ်က သူ့အိမ်ကို သတိပေးရန် အကြိမ်အနည်းငယ် ရောက်လာခဲ့သည်။ ယခု ရန်သာ့လန်က တစ်ကိုယ်ရေသမား ယောက်ျားသားမဟုတ်တော့ပေ။အနှီစုံတွဲက နှစ်သစ်ကူးပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သဖြင့် အခြားသူများ မရယ်မရအောင် ပွဲတော်ဓလေ့အချို့ကို သင်ကြားပေးရမည်ဖြစ်သည်။
ဆန်ကိတ်ချိုချိုများ လုပ်၊ တံခါးနတ်ဘုရားများ၏ ပုံများနှင့် နွေဦးပွဲတော်နှစ်ကြောင်းရေးကဗျာများဝယ်၊ အဝတ်အစားသစ်များ ဖြတ်ပြီး မီးဖိုချောင်နတ်ဘုရားကို တင်ရန် သကြားလုံးများလည်းဝယ်ရသည်။နှစ်သစ်ကူးညစာအတွက် ငါးလည်းမေ့နေ၍မဖြစ်ပေ။သစ်သီးယိုတွေ၊အခွံမာသီးတွေနှင့် မုန့်ကြိုးလိမ်ကလည်းမပါမဖြစ်။လူနာလ၏ပထမဆုံးနေ့တွင် သူများအိမ်တံခါးဝကိုသွားသည့်အခါ တချို့တလေယူသွားရပေမည်။ ကျင့်ဝတ်က အလေးအနက်ကြီးဖြစ်ရန် မရည်ရွယ်ဘဲ အပျော်သဘောသက်သက်ဖြစ်သည်။
နှစ်သစ်ကူးအကြိုနေ့မှာ ရန်သာ့လန်က မနက်ခင်းမှာ နွေဦးပွဲတော်နှစ်ကြောင်းရေးကဗျာတွေကပ်ကာ နေ့လည်ပိုင်းကစပြီး မီးဖိုချောင်ထဲက အနံ့မျိုးစုံထွက်လာသည်။ အသားလုံးကြော်၊ ငါးကြော်၊ ဂေါ်ဖီချဥ်နှင့်ဝက်နံရိုးစွပ်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ဝက်သားနှပ်၊ ဘန်းမုန့်ပေါင်း၊သေချာသည်ပင် ဂေါ်ဖီထုပ်အစာသွပ် ဖက်ထုပ်တွေလည်းပါသည်ပင်။သာ့ပိုင်နှင့် မောင်မောင်စကွက်က အနံ့အသစ်ကို အနံ့ရသည်နှင့် စားစရာအသစ်များ ရှိမရှိကို လာကြည့်ကြသည်။
စားဖိုမှူးမှာ ရန်သာ့လန်ဖြစ်သော်လည်း အရသာကောင်းမွန်သော ပါဝင်ပစ္စည်းများ၏ ပံ့ပိုးမှုဖြင့် အရသာက သိပ်မကွာခြားချေ။မြောင်ဟယ်က အနီးနားရှိ ကုလားထိုင်ပေါ်တွင်ထိုင်နေကာ ရံဖန်ရံခါ အသီးအရွက်များကူလှီးပေးတတ်သည်။ညနေခင်းတွင် စကားပြောရင်း အလုပ်ရှုပ်နေပြီးနောက်တွင် အရသာရှိသော နှစ်သစ်ကူးညစာစားပွဲက နောက်ဆုံးတွင် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ပင်မအခန်းရှိ စားပွဲပုလေးတွင် ပူပူနွေးနွေး ဟင်းပွဲများ ပြည့်နေသည်။
အနွေးခန်းထဲမှာထိုင်ရင်း ရန်သာ့လန်ကျွေးသည့် ကြက်စွပ်ပြုတ်ကို အရင်သောက်လိုက်သည်။ပြီးနောက် ဘန်းမုန့်ပေါင်းအကြီးကြီးတစ်လုံးကို ဖွင့်လိုက်ပြီး အဆီဖတ်တစ်ဖတ်၊ နူးညံ့ပြီး မွှေးသောဝက်သားနှပ်၊ သခွားသီးပါးပါးလှီး၊ မြေပဲမှုန့်တို့ကို ထည့်ညှပ်ကာ အကိုက်အကြီးကြီးထည့်လိုက်သည်။
မြောင်ဟယ်၏ မျက်လုံးများ ချက်ချင်း မှေးစင်းသွား၏။
"အွန်း အရသာရှိလိုက်တာ"
ရန်သာ့လန်၏ မျက်လုံးတွေ နူးညံ့သွားပြီးပြောလေသည်။
"အရသာရှိရင် များများစား"
မြောင်ဟယ်က ခေါင်းညိတ်လိုက်၏။
"ဒီနေ့ ကျွန်တော် နှစ်ခု...မဟုတ်ဘူး... သုံးခု စားနိုင်တယ်...မြန်မြန် ကျွန်တော့်ကို အကုန်ကုန်အောင်မစားစေနဲ့"
သို့ပေမဲ့ ပါးစုံဖောင်းဖောင်းတွေနှင့် ကောလေးကို ကြည့်ပြီး ရန်သာ့လန် သူ့စိတ်ထဲ ကျေနပ်သွားပြီး ငါးတစ်ဖဲ့ထပ်ယူလိုက်သည်။
"ငါးစား"
နှစ်တိုင်း လုံလောက်သည်ထက်ပိုရန် သူမျှော်လင့်သည်။နှစ်တိုင်း ယခုလိုလေးဖြစ်နေရန် သူမျှော်လင့်သည်။
"အွန်း"
"အသားလုံး"
"အွန်း"
"ဝက်နံရိုး"
"ကျေးဇူး"
"ဘန်းမုန့်လား ထမင်းလား"
"ထမင်း"
မသိလိုက်ပါဘဲ နှစ်သစ်ကူးညစာစားပွဲသည် ခွံ့ကျွေးသည့်ပွဲတစ်ခုဖြစ်လာသည်။
ထမင်းစားပြီးနောက် မြောင်ဟယ် သူ့ဗိုက်ကို ကိုင်ကာ ပင်မခန်းတဝိုက်တွင် အစာကြေအောင် လမ်းလျှောက်ခဲ့ရသည်။
"ခင်ဗျား ကျွန်တော့်ကိုများကြီးမစားဖို့ သတိပေးခဲ့သင့်တယ်...ပြီးကျရင် ဖက်ထုပ်စားရမှာလေ"
"မလိုဘူး... မင်းစားနိုင်တယ်"
"..."
ဘာလို့ လူရိုက်ချင်လာတာပါလိမ့်...
***
နောက်တစ်နေ့က နွေဦး၏အစဖြစ်၏။လမ်းက နှင်းတွေကျပြီး ချောနေသောကြောင့် ရန်သာ့လန်က မြောင်ဟယ်ကို နှစ်နေရာကိုပဲသွားခိုင်းပြီး ကျန်သည်ကို သူ့ဘာသာသူ ပြေးခဲ့သည်။သေချာသည်ပင်၊ ထိုနှစ်နေရာက ဒုတိယအဒေါ်တို့အိမ်နှင့် မူလကိုယ်၏အမေ့အိမ်ဖြစ်သည်။
အရင်သွားခဲ့သော ဒုတိယအဒေါ်တို့အိမ်ကို ရှီရန်ဖြင့်စိုက်သော အနက်ရောင်တရုတ်ဆီးသီးခြောက်တွေကို ပေးခဲ့သည်။ပြီးလျှင် တူလေးနှစ်ယောက်ကိုလည်း မြောင်ဟယ် စာအိတ်အနီတွေ ပေးခဲ့သည်။ဆရာလီက ပရိဘောဂတွေ မှာယူရန် ရောက်လာပြီး ပရိဘောဂတွေ အများကြီး မှာယူထားသည်ဟု ဝမ်းသာအားရပြောသည်ကိုလည်း ကြားလိုက်ရသေးသည်။ရန်သာ့တုန်က တခါမျှ ဤမျှ အလုပ်မရှုပ်ဖူးပေ၊ယခု လူအင်အား တိုးမြင့်ရန် အလုပ်သမားများ ထပ်မံခေါ်ယူရန် စဉ်းစားနေရသည်။
မြောင်ဟယ်လည်း ၎င်းကိုကြားရသည်အား ဝမ်းသာမိသည်။ သို့သော် ရန်သာ့လန်က ရန်သာ့တုန်ကို လက်သမားအလုပ်ရုံအကြောင့် အသေးစိတ်ဆွေးနွေးရန် သူ့ထံသို့လာသင့်ကြောင်းနှင့် သူလည်း ရန်သာ့တုန်၏အလုပ်နေရာကိုချဲ့ထွင်ရန် အလေးအနက်ထားစဉ်းစားနေကြောင်း ပြောခဲ့သည်။ ထို့အပြင် ယခု ရန်သာ့တုန် အလုပ်လုပ်သည့်နေရာက အလုပ်ရုံအဖြစ် ဖယ်ထားသော အိမ်နောက်ဖေးရှိမြေကွက်တစ်ခုသာဖြစ်သည်။ ဆူညံသံက ကလေးအား မကြာခဏ နှောင့်ယှက်ပြီး အိပ်ရခက်စေသော်လည်း ၎င်းနှင့်ပတ်သက်ပြီး လုပ်နိုင်သည့်အရာမရှိပေ။
ထို့နောက်မှာတော့ သူ့မိဘတွေ၏နေအိမ်ကိုသွားခဲ့သည်။
ယခင်သတို့သမီးကြေး နှင့် ပတ်သက်သည့် အရှုပ်အထွေးများကြောင့် နှစ်သစ်ကူး နှုတ်ဆက်သည့် အငွေ့အသက်သည် အစကတည်းက ထူးဆန်းနေခဲ့သည်။
မြောင်ဟယ်၏ အဖွားက မြောင်ဟယ်၏ဗိုက်ကအတော်လေးကြီးနေသည်ကို မြင်သော်ငြားလည်း ဒူးထောက်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဆိုခိုင်းဆဲဖြစ်လေသည်။ ကံကောင်းထောက်မစွာ၊မြောင်ဟယ်၏ ခန္ဓာကိုယ်က အမှန်တကယ် ကောင်းမွန်းစွာ ထိန်းသိမ်းထားပြီး ဆက်တိုက်လှုပ်ရှားပြီးနောက် အနည်းငယ် အသက်ရှူသံပြင်းလာရုံမျှသာဖြစ်ခဲ့သည်။ရန်သာ့လန် ဘေးနားကနေ ဘာမှပြန်မပြောနိုင်ပေ။ဤသည် ထုံးစံဖြစ်ပေမဲ့ သူ့နှလုံးသားထဲမှာ အေးစက်ပြီး အကြင်နာမဲ့သော လူကြီးတစ်ယောက်အပေါ် ဆိုးရွားသည့်အမြင် ရှိနေသည်။
ကျန်းမြန် နှင့် ပတ်သက်၍မူ၊ သူမသည် ရွာလူကြီးထံမှ သတိပေးချက်များစွာ ရရှိခဲ့သည်။ ရွာလူကြီးက သူမတို့မိသားစုက ရန်သာ့လန်ကို ထပ်သွားရှာလျှင် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သတို့သမီးကြေးထပ်ပြီး တောင်းရန် စိတ်ပိုင်းဖြတ်ထားသည်ဟု လူတွေက ထင်ကြလိမ့်မည်ဟုခပ်မာမာသတိပေးထားသည်။ဒီကိစ္စက ဘယ်လိုသက်ရောက်မှုရှိမလဲ၊ဘယ်သူ့ကိုသက်ရောက်မလဲ...သူမအား သူမတို့မိသားစုက မြောင်ယွီ (ကျန်းမြန်၏သားအငယ်ဆုံး) ၏ အိမ်ထောင်ရေးကို သေချာစဉ်းစားကြည့်ခိုင်းရအောင်။
ထို့ကြောင့် ကျန်းမြန်တစ်ယောက် တစ်ချိန်လုံး မျက်နှာပျက်နေကာ ဘာမှ မပြောပေ။လီကျောက်တိက ယခုအခါ မိသားစု၏ အပြစ်သားဖြစ်နေပြီး စကားပြောစရာ နေရာမရှိပေ။ရန်သာ့လန်ဆီကလက်ဆောင်များကိုပင် သူမလက်မခံခဲ့ရပေ။ နှစ်ဖက်လုံးက ဘာမှပြောစရာမရှိသည်မှာကြာပြီဖြစ်သဖြင့် ရန်သာ့လန် နေ့လယ်စာပင်မစားဘဲ သူ့လူကိုခေါ်ပြီး ပြန်ထွက်လာခဲ့သည်။
အခြားရက်များတွင် ရန်သာ့လန် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရန် အခြားအိမ်များသို့ ဆက်လက်သွားရောက်ခဲ့သည်။
အဒေါ်ချင်းတို့ အိမ်ကို ရောက်သည့်အခါ မြောင်ချမ်းအိမ်မှာရှိမနေပေ။ရန်သာ့လန်က လက်ဆောင်ပေးပြီး ချက်ချင်းထွက်သွားတော့မည်ပြုသည်။အဒေါ်ချင်းက စဉ်းစားပြီးနောက် ရန်သာ့လန်ကို အိမ်အပြင်လိုက်ပို့လိုက်သည်။ထိုအချိန်တွင်၊မြောင်ချမ်း၏အဖေတို့မိသားစု၏ ဆွေမျိုးသားချင်းများ ရှိနေသောကြောင့် အချို့ကိစ္စများပြောရန် အဆင်မပြေပေ။
တစ်ဖက်ကနေ အိမ်ပြန်လာသည့်
မြောင်ချမ်းက ၎င်းကိုကြားသွားသည်။
သူက သူ့အမေပြောသည့်ဟောကိန်းကိစ္စကိုပဲ အတိအကျကြားလိုက်သည်။
...ဇနီးနဲ့ကလေးမရှိဘဲ ဘဝကို တစ်ယောက်ထဲဖြတ်သန်းရမယ် ...
သစ်ပင်နောက်မှာ ပုန်းနေပြီးနောက် မြောင်ချမ်း၏ အမူအရာက ထပ်ခါတလဲလဲ ပြောင်းလဲသွား၏။သူ့စိတ်ထဲ ပထမဆုံးရောက်လာသည်က စိတ်အေးသွားသည့်အရိပ်အယောင်ဖြစ်လေသည်။