🧝Chapter 70
ဤနှစ်မှာ မြောင်ဟယ် သူ၏ကြီးလာနေသောဗိုက်ကြောင့် အိမ်မှာစားသည်ကလွဲ၍ မည်သည့်ပျော်စရာမှာမှ မပါဝင်ခဲ့ရပေ။
သို့သော် မီးပုံးပွဲတော်တွင် ပူဇော်ပသခြင်းဆိုင်ရာ လှုပ်ရှားမှုများအတွက် ကိုယ်ဝန်ရှိနေလျှင်ပင် တက်ရောက်ရမည်ဖြစ်သည်။ မီးပုံးပွဲတော်၏ အရေးကြီးသည့် လုပ်ငန်းဆောင်တာတစ်ခုမှာ ယခုနှစ်တွင် ရာသီဥတုကောင်းစေရန်အတွက် ကောင်းကင်နတ်မင်းများအား ပူဇော်ပသခြင်းဖြစ်ပြီး ရွာရှိလူများသည် ရောဂါကြောင့်အိပ်ရာမှမထနိုင်သူများမှလွဲ၍ ၎င်းတို့၏ စိတ်ရင်းကို ပြသရန် မဖြစ်မနေ ပါဝင်ရမည်ဖြစ်သည်။ ဤနေ့တွင်လည်း မီးပုံးပွဲတော် ရှိသည်၊ ဆောင်းဦးလယ်ပွဲတော်နှင့်မတူဘဲ၊ ဤမီးပုံးများသည် အင်းဆက်ပိုးမွှားများကို မောင်းထုတ်ရန်နှင့် နတ်ဆိုးများကို ရှောင်ရှားရန် ရည်ရွယ်ချက်ကို ကိုယ်စားပြုသောကြောင့် ငွေစုပြီးလုပ်ရုံနှင့်မရပေ။
ထို့ကြောင့် ထိုနေ့ နံနက်စောစောတွင် မြောင်ရွာမိသားစု၏ ဘိုးဘွားခန်းမမှာ အသံဗလံတွေကျွတ်ကျွတ်စီနေသည်။မြေကွက်လပ်၏ တစ်ဖက်တစ်ချက်စီတွင် သစ်သားတိုင်များ တန်းစီကာစိုက်ထားပြီး ကြိုးများတန်းထားသည်။မိသားစုတိုင်း ယူဆောင်လာသော မီးများကို ထိုကြိုးတန်းများတွင် ချိတ်ဆွဲထားသည်။ ရွာရှိစည်းကမ်းမှာ အိမ်တိုင်း ကောင်းကင်ဘုံအရာရှိကို မြောင်မိသားစုဘိုးဘွားခန်းမရှေ့တွင် လာရောက်ပူဇော်ပသသည့်အခါ ညဘက်တွင် အတူတကွထွန်းညှိရန် မီးပုံးများ ယူဆောင်လာရမည်ဖြစ်သည်။
မင်ချွင်းနှင့် သူ့အမေလည်း မြောင်ကျွယ်တို့မိသားစုနှင့်အတူ ထိုနေ့မှာရောက်လာခဲ့သည်။မြောင်ကျင်းအာ နှင့် မြောင်သွမ့်အာတို့က အိမ်ရှိ ယခင်ကစိတ်ဓာတ်ကျဖွယ်လေထုကို ဖယ်ရှားပြီး အသစ်ချုပ်ထားသော ပန်းပွင့်ပန်းခက်အနွေးအကျီများ ၀တ်ဆင်ကာ သူတို့ မြို့ထဲကဝယ်ခဲ့သော မျက်စိပသာဒအဖြစ်ဆုံးမီးပုံးများကို ပျော်ရွှင်စွာ ကိုင်ဆောင်လာကြသည်၊ထို့နောက် တာဝန်ခံအား အပေါ်ဆုံးနေရာ၌ ချိတ်ထားရန် ညွှန်ကြားကြလေ၏။
မီးပုံးချိတ်ပြီးနောက် မြောင်သွမ့်အာ ဂုဏ်ယူစွာဖြင့် လှည့်ကြည့်လိုက်သည့်အခါ အဝေးမှ လှမ်းကြည့်နေသော မင်းချွင်ကို တွေ့လိုက်ရာ စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားပြန်သည်။ ဤဟင်းချက်နည်းများပေါက်ကြားသည့်ဖြစ်ရပ်အပြီးနောက် သူမ မင်ချွင်းကို ပို၍ပင်မုန်းတီးခဲ့သည်။ သူ့အစ်ကို မြောင်ယွမ်သည် သူကရှေးဟောင်းစာအုပ်များမှ ဟင်းချက်နည်းများကို ရှာတွေ့ခဲ့သဖြင့် အခြားသူများလည်း ထိုနည်းလည်းကောင်းပင် ဖြစ်နိုင်ကြောင်းထို့ကြောင့် မင်ချွင်းအလုပ်လုပ်သည်ကို၊ တစ်ယောက်ယောက်ကခိုးကြည့်ခဲ့ခြင်းမဟုတ်ကြောင်းရှင်းပြခဲ့ပြီး မင်ချွင်းကို ဆက်၍ လွှတ်ငြိမ်းခွင့်ပေးနေလေသည်။
သို့ပေမဲ့ မြောင်သွမ့်အာ၏စိတ်ထဲမှာ ဘယ်တော့မှ မယုံခဲ့ပေ။ဟင်းချက်နည်းကို အရင်က ဘယ်သူမှ မသိခဲ့ကြပေမဲ့ သူမအစ်ကိုက ၎င်းကို ဖော်ထုတ်ပြီးနောက်မှာ တစ်ယောက်ယောက်က စာအုပ်ထဲမှာတွေ့ခဲ့သည်။ဤသို့သော တိုက်ဆိုင်မှုမျိုး မည်သို့ရှိနိုင်ပါမည်နည်း။ထို့ကြောင့်၊ သူမသည် မင်ချွင်းက သူမ၏မိသားစုကို အကြွေးတင်နေသည်ဟု ခံစားခဲ့ရသည်။သူမ၏အစ်ကိုနှင့် သူမ၏အဖိုးတို့သည် စေတနာကောင်းပြီး ၎င်းတို့မမီခဲ့သော ၎င်းတို့၏အတိတ်ခင်မင်မှုကို အမှတ်တရရှိနေသည်။ထိုသို့ဖြင့် မင်ချွင်းက တောင်းပန်စကား လုံးဝမပြောဘဲ ဤမျှသဘာဝကျပြီး သက်တောင့်သက်သာရှိနေသည်ကို မြင်လိုက်သည့်အခါ ဗိုက်ထဲမှာ မီးလောင်နေသလို ခံစားလိုက်ရသည်။
မြောင်သွမ့်အာ ခေါင်းကိုအလုပ်ပေးလိုက်ပြီး ၎င်းနောက် သူမ မင်ချွင်း၏အမေ အဒေါ်ယွမ်ဆီကို လျှောက်သွားလိုကိသည်။
"အဒေါ် ဘာလို့ မီးပုံးကို မမြင်တာလဲ...ကျွန်မတို့ရွာမှာ ဒီနေ့ မိသားစုတိုင်း လက်ဆောင်အနေနဲ့တစ်ခု ပေးရတယ်... မီးရောင်တွေက အရမ်းအသက်ဝင်တာ"
အဒေါ်ယွမ် သိသိသာသာ အံ့အားသင့်သွားသည်။ အဲဒါက သူတို့ကို မိသားစုလို မဆက်ဆံဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား...
တစ်ဖက်မှ မင်ချွင်းက သူ့စိတ်ထဲတွင် လှောင်ရယ်နေသည်။ ခုနက သူချိတ်ထားတဲ့ မီးပုံးက သူတို့အတွက် သူဝယ်ထားတာဟု တွေးလိုက်ပြီး သူ တကယ်လည်း ထိုသို့ပြောရဲပါသည်။သို့သော် သူက သူမနှင့် ငြင်းခုံလောက်သည်အထိ မိုက်မဲလိမ့်မည်မဟုတ်ပေ။သူက မဝေးလှသောနေရာမှ လအနည်းငယ်အကြာမှာ သူနှင့် လက်ထပ်ရမည့် အမျိုးသားဖြစ်သော မြောင်ယွမ်ကို ညှိုးငယ်သော စိတ်ရှည်သည်းခံသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
ဟုတ်သည်၊ မင်ချွင်းက သာ့ဟယ်စားသောက်ဆိုင်က ပြဿနာကိုဖြေရှင်းရန် မြောင်ကျွယ်ကို ဆေးဘဲဥလုပ်နည်းကို ပေးခဲ့ပေမဲ့ ထိုအတွက် အခြေအနေတစ်ခုတော့ရှိပြီး သူတို့နှစ်ယောက်၏ ဇာတာတွေကိုလဲပြီး တရားဝင်စေ့စပ်ပေးရမည်ဖြစ်သည်။မင်္ဂလာဆောင်မည့်ရက်ကို ယခုနွေဦးတွင် စီစဉ်ထားသည်။ဤကိစ္စကို မြောင်မိသားစုမှာ တရားဝင်မဆွေးနွေးရသေးသည့်အတွက် မြောင်သွမ့်အာက ဤသဘောထားရှိနေဆဲဖြစ်လေသည်။
မြောင်ယွမ်က ချက်ချင်းလေးလေးနက်နက်ဆိုလိုက်၏။
"သွမ့်အာ ဘာလို့ဒီလိုပြောနေတာလဲ
...ငါတို့အားလုံးက ဆွေမျိုးတွေပဲ...ဘာလို့ ဒီလောက် သူစိမ်းဆန်နေရတာလဲ...အဒေါ် ညီမလေးက မသိတတ်သေးဘူး၊ ခွင့်လွှတ်ပါ"
ထိုသို့ပြောပြီးနောက် သူက အဒေါ်ယွမ်ကိုလှမ်းပြီး ဦးညွှတ်သည်။
အဒေါ်ယွမ်က ပြုံးတော့မည်ဖြစ်သော်လည်း မြောင်သွမ့်အာ သူမ၏နှုတ်ခမ်းများကို မဲ့ကာ ချွဲချွဲနွှဲ့နွှဲ့ဆိုလေသည်။
"ဒါပေမဲ့ ကျွန်မကလည်း သူတို့ကိုယ်ကျိုးအတွက် လုပ်နေတာလေ...သူတို့က ဆွေမျိုးတွေဖြစ်ရင်တောင် ပဉ္စမဝတ်ပြုရေးထဲက လုံးဝလွတ်နေကြတာ... အတူတူနေနေကြတယ်ဆိုရင်တောင် ဘယ်လိုလုပ် ဒီလောက် ဂရုမစိုက်ဘဲ နေရတာလဲ... မိသားစုအနေနဲ့ ဒါကိုစဉ်းစားရင် ဘယ်သူမှ သဘောတူမှာ မဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မီးပုံးပွဲတော်က ပိုအသက်ဝင်လိမ့်မယ်"
သို့သော် အဒေါ်ယွမ်က ဤကလေး၏ ငြင်းပယ်မှုကို မည်သို့သဘောမပေါက်ဘဲနေမည်နည်း။ထုံးစံအတိုင်း စိတ်ထဲမှာ စိတ်မသက်မသာ ခံစားရပေမဲ့ သူမတို့သားအမိက နှင်းမုန်တိုင်းဒဏ်ခံရပြီး အားကိုးစရာ ဤဆွေမျိုးကို ရှာတွေ့နိုင်သည်က ကံကောင်း၍ဖြစ်သည်။ သူများကို အချိန်အကြာကြီး အားကိုးပြီးနောက် သူများ၏ ငြင်းပယ်ခြင်းကိုခံရမည် ကြောက်ရွံ့သောကြောင့် ချွင်းကောအာကို ကြည့်လိုက်မိသည်။ယခုအချိန်တွင် မြောင်ယွမ်ကို အနိုင်ယူနိုင်သည့်သူက ချွင်းကောအာ ဖြစ်သည်။ယခု သူတို့နှစ်ဦးက စေ့စပ်ထားသည်၊ယင်းက သူမသဘောအတိုင်းဖြစ်၏။ထိုသည်မှာ သဘာဝပင်။
"မဟုတ်ဘူး သွမ့်ဝါကျစ်ရဲ့...မင်းက သူ့ကို ယောက်မလို့ ခေါ်ရမဲ့အချိန်ပဲ...မကြာခင် မင်းအဖိုးက ယွမ်ဇီနဲ့ ငါတို့ရဲ့ ချွင်းကောအာကို စေ့စပ်ကြောင်းလမ်းပေးဖို့အကြောင်း ပြောပြလိမ့်မယ်"
မင်ချွင်းကို မကျေမနပ်ဖြစ်နေသော မြောင်သွမ့်အာက ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာပြောင်းလဲသွားသည်။
"ဘာပြောလိုက်တယ်... စေ့စပ်မယ်"
သူမ၏ အသံက အနည်းငယ် မြင့်သွားသဖြင့် လူအချို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
အဒေါ်ယွမ်က ကျေနပ်စွာ ပြုံးကာ ခေါင်းညိတ်ပြီး လေးလေးနက်နက်ဆို၏။
"ဟုတ်တယ်...သိပ်မကြာသေးခင်ကပဲ ဆုံးဖြတ်ခဲ့တာ... မင်္ဂလာဆောင်မဲ့ရက်ကိုတောင် ဆုံးဖြတ်ထားပြီးပြီ...နွေဦးမှာဖြစ်လိမ့်မယ်"
မြောင်သွမ့်အာက မတုံ့ပြန်ခင်မှာ မြောင်ယွမ်၏ အမေလင်းရွှယ်က ရှော့ရပြီး ဒေါသသကြီးဝင်ပြောခဲ့သည်။
"အဓိပ္ပါယ်မရှိတာ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...အမေဖြစ်တဲ့ငါက ယွမ်ဇီရဲ့စေ့စပ်ကြောင်းလမ်းမှုကို ဘယ်လိုလုပ်မသိရတာလဲ"
ကြည့်ရှုနေသူများသည် စောင့်ကြည့်စရာတစ်ခုရှိသွားပုံရပြီး ချက်ချင်းပင် စိတ်အားထက်သန်လာပြီး ဆွေးနွေးစပြုလာသည်။
"ဘာဖြစ်နေတာလဲ ...ဘယ်သူနဲ့ဘယ်သူ စေ့စပ်တာလဲ"
"မြောင်ယွမ် နဲ့ မင်ချွင်း လို့ ငါကြားတယ်"
"ဟမ် မြောင်ယွမ်... သူ့အဘိုးက သူ့ကိုအိမ်ကကောနဲ့ လက်ထပ်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား"
"ဘယ်သူသိမှာလဲ...ထူးဆန်းတာက မြောင်ယွမ့်အမေက ဒီအကြောင်းကို မသိဘူး"
"ဒါက ထပ်ပြီး လျှို့ဝှက်အမိန့်များလား... အားလားလား မြောင်ယွမ်က အရင်က ဟယ်ကောအာနဲ့လည်းပြဿနာဖြစ်ခဲ့ဖူးတယ်မဟုတ်ဘူးလား"
မြောင်ကျွယ် ၊ ရွာလူကြီး နှင့် ရပ်မိရပ်ဖ အများအပြားသည် အစောပိုင်းက ဘိုးဘွားခန်းမအတွင်း မီးပုံးပွဲတော်အသေးစိတ်များကို ဆွေးနွေးခဲ့ကြသည်။မြောင်ကျွယ် ပြုံးလျက် ထွက်လာချိန်မှာ ထိုသည်ကို ကြားလိုက်ရသည်။ ထိုအချိန်တွင် လင်းရွှယ်၏မျက်နှာက အရုပ်ဆိုးနေသည်။သူမက မြောင်ယွမ်ကို ဆွဲကာ ဖြစ်ပျက်နေသည်များကို ရှင်းလင်းအောင် ရှင်းပြခိုင်းခဲ့သည်။မြောင်ယွမ်၏ အဖြေက သူက လူကြီးများ၏ဆန္ဒကို ဆန့်ကျင်ပြီး မည်သည့်အခါမျှ လျှို့ဝှက်ဆုံးဖြတ်ချက်ချမည်မဟုတ်ကြောင်း ပြောခဲ့သည်။
၎င်းကိုမြင်သည့်အခါ မြောင်ကျွယ်၏မျက်နှာက မည်းမှောင်သွားပြီး လင်းရွှယ်ကိုဆူလိုက်သည်။
"နင်ဘာတွေပြဿနာရှာနေတာလဲ... တခြားသူတွေကို ရယ်အောင်လုပ်နေတာလား...အိမ်မှာ တစ်ခုခုရှိရင် အိမ်မှာပဲပြောလို့မရဘူးလား"
၎င်းကိုကြားလိုက်သည်နှင့် လင်းရွှယ်၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြောင်ယွမ်၏ အိမ်ထောင်ရေးကို မြောင်ကျွယ်မှ ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ဒါဆိုမော်ကွန်းထိန်းဝမ်ရဲ့သမီးကရော... ယွမ်ဇီက ယခုတစ်ကြိမ် ထုံရှန့်စာမေးပွဲ မအောင်ခဲ့သဖြင့် စာမေးပွဲထပ်ဖြေရန် သုံးနှစ်ထပ်စောင့်ရမည်ဖြစ်သော်လည်း၊ သူ့သမီးက မစောင့်နိုင်တော့သည်မျိုး မဟုတ်ပေ။မီးပုံးပွဲတော်တွင် ထိုနေ့က ဝမ်မိသားစုကမမလေး ယွမ်ဇီကို မည်မျှ စိတ်ကျေနပ်ခဲ့သည်ကို သူမ သိသည်။
အနီးနားရှိ ရွာသားများက အသေးစိတ် အချက်အလက်များကို စူးစမ်းလိုသောအခါတွင် တစ်ဖက်တွင် တုန်လှုပ်ချောက်ချားမှု လှိုင်းလုံးကြီးတစ်ခု ပေါ်ပေါက်လာသည်။
မြည်းလှည်းတစ်စီးက ဘိုးဘွားခန်းမရှေ့က လမ်းမပေါ်ကို မောင်းသွားတာ...
သို့ပေမဲ့ သူတို့အားလုံးက တစ်ရွာတည်းကဖြစ်သည်။ဘိုးဘွားတွေကို ဂါရဝပြုရန် တစ်နာရီ၏လေးပုံတစ်ပုံလောက်ပင် လမ်းမလျှောက်ရသဖြင့် မြည်းလှည်းဖြင့်သွားစရာ မလိုပေ။ မြို့က တစ်ယောက်ယောက် လာနေတယ်ထင်လိုက်ချိန်မှာပဲ တစ်ယောက်ယောက်က လှမ်းအော်သည်။
"ဟေး...လှည်းမောင်းနေတာ ရန်သာ့တုန် နဲ့ ရန်သာ့ချွမ်း မဟုတ်လား"
"အမ် သူတို့တစ်ယောက်ယောက်ကိုသွားကြိုဖို့ မြို့ကိုသွားနေတာလား"
"သူ့မှာ မြို့ကဆွေမျိုးတွေရှိတယ်လို့ ငါမကြားမိပါဘူး"
ထိုအချိန်တွင် ရန်သာ့လန် မြည်းလှည်းလှည်းပေါ်မှ ခုန်ဆင်းလာသည်။
လူတိုင်း:"???"
ရန်သာ့လန်က လှည့်ပြီး လှည်းပေါ်မှ လှပသော သားမွေးများဖြင့် ပတ်ထားသော လုံးလုံးပြည့်ပြည့်ကောလေးကိုပေ့ချီလိုက်သည်ကို တွေ့လိုက်ရသည်။
ကောလေးက သိသိသာသာကို သူ့ဗိုက်ကိုတွန်းနေပေမဲ့ ရန်သာ့လန်၏လက်ထဲမှာ ထိုအလေးချိန်က အရေးမပါသလိုမျိုး ဖြစ်နေသည်။တစ်စုံတစ်ယောက်က သူ့ကိုကိုင်ထားပြီးသည်နှင့် မြေကွက်လပ်ဆီကို အလွယ်တကူလျှောက်သွားလိုက်သည်။ဒုတိယအဒေါ်ရန်၊ သူမချွေးမအကြီးဆုံးနှင့် ကလေးနှစ်ယောက်တို့သည် လက်ထဲတွင် မီးပုံးနှစ်ခုကိုကိုင်ကာ လှည်းပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။ဘယ်မှမြို့ကလူတွေမဟုတ်...
အားလုံးက မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး ဘယ်လိုမှတ်ချက်ပေးရမလဲ မသိဖြစ်သွားသည်။မြောင်ဖင်းက သူ့ကိုဟာသလုပ်လိုက်သည်။
"သာ့လန် ဒီလောက်လည်း သဲသဲမလှုပ်နဲ့လေကွာ...ဟိုက ကိုယ်ဝန်ရှိနေရုံတင်... လမ်းနည်းနည်းပိုလျှောက်ရလည်းကိစ္စမရှိပါဘူး"
"ချော်လဲမှာ စိုးတယ်... ဒီနည်းက လုံခြုံတယ်"
ရန်သာ့လန်က ပြောသည်။
မြောင်ဖင်းကဆိုသည်။
"ဟေး မင်းကို ဒီလိုမျိုး ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ"
ဘေးက ချန်းရုံက ပြုံးပြီးပြောသည်။
"ဘာရယ်စရာပါလဲ... ဒီအချိန်မှာ ဘယ်လောက်ပဲ ဂရုစိုက်နေနေ လုံလောက်တယ်မရှိဘူး... ဒါပေမဲ့ ဟယ်ကောအာရဲ့ အသားအရေက တကယ်ကောင်းတယ်လို့ ငါထင်တယ်... ဒီသန္ဓေသားက အရမ်းတည်ငြိမ်တာပဲဖြစ်ရမယ်"
အိမ်တက် ထမင်းကျွေးပြီးနောက် ချန်းရုံ ရန်သာ့လန်ပေးသော တောင်ပေါ်မှ တန့်ရှန်း နှင့် ကြက်စွပ်ပြုတ်ကိုစားခဲ့သည်။မကြာမီမှာပင် သူ၏ဝမ်းဗိုက်တွင် တဖြေးဖြေး နွေးလာသလို ခံစားခဲ့ရသည်။ ဤတစ်ကြိမ်မှာ သတင်းကောင်းရှိလောက်မည်ဟု တွေးပြီး သူ၏ယုံကြည်မှု အတော်လေး တိုးလာခဲ့သည်။
မြောင်ဟယ်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ပွေ့ချီမထားလျှင် ဘာဖြစ်မလဲ သူမသိပေ။သူက မြောက်ပိုင်းမှာကြီးလာသူမဟုတ်ပေ။နှင်းတွေပေါ်လမ်းလျှောက်သည့်နေရာမှာမတော်သလို အအေးလည်းကြောက်သည်။ယခု သူက ယခုလိုမျိုးဝတ်ဆင်ထားလေရာ လှုပ်ရှားရ ပို၍ပင်ခက်သေးသည်။ထို့ကြောင့် သူက လှည်းရှိလျှင် လှည်းစီးမှာဖြစ်ပြီး သူ့ကို ပွေ့ချီမည့် တစ်စုံတစ်ယောက်ရှိလျှင် ခြေလှမ်းအနည်းငယ်ပင် လှမ်းနိုင်တော့မှာမဟုတ်ပေ။သို့ပေမဲ့ အမ်း၊ အားလုံးက မည်မျှ ရှော့ရသွားလဲဆိုသည်ကို မြင်လိုက်ရသည့်အခါ သူဆင်းလျှောက်လည်းဖြစ်ပါသည်လေ။
ရန်သာ့လန်ကိုပုတ်ပြီး မြောင်ဟယ်တိုးတိုးလေးပြောလိုက်သည်။
"ကျွန်တော့်ကို ချပေး"
သို့သော် ရန်သာ့လန်ကမချပေးခဲ့ပေ။သူက ဘိုးဘွားခန်းမရှေ့တွင် နှင်းများရှင်းသည့်နေရာသို့ လျှောက်သွားခဲ့သည်။ ချပေးပြီးနောက် လက်ချင်းတွဲရန်လည်း မမေ့ပေ။နောက်ပိုင်းမှာ အဒေါ်ရန် သူမချွေးမကို ခေါ်ပြီးသူတို့ကိုအမီလိုက်လာသည်။ရန်သာ့လန်ဆီ ပြုံးကာ မီးပုံးပေးလိုက်ပြီး၊၎င်းနောက် လှည့်၍ လမ်းညွှန်မှုပေးသလိုမျိုး မြောင်ဟယ်ကို စကားအနည်းငယ်ပြောကာ သူမ၏ချစ်ခင်ကြင်နာမှုကိုပြလိုက်သည်။
မင်ချွင်းက မလှမ်းမကမ်းမှ ကြည့်နေခဲ့ပြီး သူ့ကိုယ်သူ ဟယ်ကောအာ နှင့် ထပ်မနှိုင်းယှဉ်ဘဲမနေနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ လှပသော အသွင်အပြင်နှင့် ဝိုင်းစက်နေသည့် မျက်နှာလေးက သူ့မျက်လုံးတွေကို တကယ်ကို ကျိန်းစပ်သွားစေသည်။ဟယ်ကောအာက မြေခွေးမွေးဖြင့် ပြုလုပ်ထားပုံရသည့် အင်္ကျီကိုလည်း ၀တ်ထားသည်။ နွေးထွေးပြီး ထူထဲသော သားမွေးကော်လာအဝိုင်းက ထိုမျက်နှာကို ဝန်းရံထားသောကြောင့် လူကို ပို၍ နူးညံ့ပြီး ချောမောစေသည်။
ပြီးလျှင် ဤမြင်ကွင်းက မင်ချွင်းကို အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေကြားက စကားဝိုင်းကို ရုတ်တရက်သတိရသွားစေသည်။
ပိုက်ဆံရှိသောသူနှင့် လက်ထပ်ရလည်း အသုံးမဝင်၊အရေးကြီးသည့်အချက်က ပိုက်ဆံကို လွတ်လွတ်လပ်လပ် သုံးရဖို့ဟု သူတို့ကဆိုကြသည်။
သူ့အကြည့်များက မနေနိုင်ဘဲ သူ့ဘေးနားရှိ မြောင်ယွမ်ဆီသို့ရွေ့သွားခဲ့သည်။ မင်ချွင်း တစ်ဖက်လူလည်း မင်တက်နေသည်ကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများမှေးကျဥ်းသွားခဲ့သည်။
"သာ့လန် ဟယ်ကောအာ... မင်းတို့ဒီကို အချိန်ကိုက်ရောက်လာတာပဲ...မြောင်ယွမ်ရဲ့ အိမ်ထောင်ရေးအကြောင်း ငါတို့ပြောနေကြတာ...ဒါက ကောင်းတဲ့ကိစ္စပဲ... ရည်ရွယ်ထားတဲ့သူက သူ့အိမ်မှာနေတဲ့မင်ချွင်းလို့ ငါကြားတယ်" ယောက်ျားအသံတစ်ခု ရုတ်တရက် ထွက်လာသည်။
ယခုတော့ အားလုံး၏အာရုံစိုက်မှုက မြောင်ယွမ်နှင့် မင်ချွင်း တို့ဆီ ပြန်ရောက်သွားလေပြီ။
ဤစကားတွေကို အော်ပြောခဲ့သည့်သူက မြောင်ချမ်းကကလွဲ၍ တခြားသူမဟုတ်ပါချေ။မြောင်ဟယ် တစ်ချက်ကြည့်ပြီး မြောင်ယွမ်နှင့်မင်ချွင်းကို ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့နှစ်ယောက်လုံးအတွက် ဂုဏ်ယူပါတယ်... သာ့လန် ကျွန်တော်တို့အရင်ဆုံး အမွှေးတိုင်ထွန်းသင့်လား ဒါမှမဟုတ် မီးပုံးတွေကို အရင်ချိတ်သင့်လား"
ရန်သာ့လန်၏ အမူအရာက ပြောင်းလဲမသွားပါချေ။ သူ့ကောလေး၏ နှလုံးသားကို သူနည်းနည်းလေးတောင် သံသယမ၀င်တော့ပေ။
"မီးပုံးကို အရင်ချိတ်"
"ဟုတ်ပြီ ဒါဆို ချိတ်လိုက်ရအောင်"
သို့ပေမဲ့ မြောင်ချမ်းက ဘာမှမဖြစ်ခဲ့သလိုမျိုး လျှောက်လာပြီး ပြုံးကာဆို၏။
"သာ့လန်... ငါတို့ဒီမှာပြီးရင် ကောက်ညှင်းလုံးစားဖို့ ငါ့အိမ်ကိုသွားချင်လား... ဒါပေါ့ ဟယ်ကောအာလည်း လိုက်လို့ရတယ်"
"မလိုဘူး... အိမ်ပြန်မှာ"
ရန်သာ့လန်က မျက်မှောင်ကြုတ်လိုက်သည်။
မြောင်ချမ်းက မယုံနိုင်လောက်အောင်ယုံကြည်ချက်ရှိနေပုံရပြီး ရန်သာ့လန်၏ ပုခုံးကို ပုတ်လိုက်သည်။
"ငါမအားသေးလို ဒီကိစ္စကို နောက်မှပြောကြတာပေါ့... ဘာပဲဖြစ်ဖြစ် ငါရှိနေမယ်နော်"
ထိုနောက်မှာတော့ လူကထွက်သွား၏။
မြောင်ဟယ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး နောက်ဆုံးစာကြောင်းက တစ်ခုခုကို ဆိုလိုသည်ဟု ခံစားရသည်။ရန်သာ့လန်ကို ပြန်ကြည့်လိုက်သောအခါ သူလည်း ပဟေဠိဖြစ်နေပုံရသည်။