Chapter 72
Viewers 8k

🧝Chapter 72



မြောင်ချမ်း၏ နှလုံးသားထဲကို မကောင်းသည့် အရာတစ်ခု ဖျက်ခနဲပေါ်လာပြီး ချီတုံချတုံနှင့် ဆိုလိုက်၏။ 


"အာ ဟယ်ကောအာ နည်းနည်း အဆင်မပြေလို့ အမေက ငါ့ကို တောင်ပေါ်ကနေ အရင်ဆင်းခိုင်း--"


ထိုလူ အဆင်မပြေဖြစ်နေသည်ဟု ကြားသည်နှင့် တပြိုင်နက် ရန်သာ့လန်က မြောင်ချမ်းကိုပင် မကြည့်ဘဲ သင်္ချိုင်းသို့ ဦးစွာပြေးသွားခဲ့သည်။ ထို့နောက်မှာတော့ အထိတ်တလန့်နှင့် ပရမ်းပတာ ကာလတစ်ခု ဖြစ်ခဲ့ပါတော့သည်။


ရန်သာ့လန် ရောက်သောအခါ မြောင်ဟယ်က အလွန်နာကျင်နေပြီး သူ့နောက်ကျောကိုပင် မတ်မတ်မထားနိုင်။သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး တုန်ရီနေသည်။ 


ကိုယ့်ဘာသာကိုယ် မမွေးနိုင်သော်လည်း အချိန်ကျလာသည့်အခါ ကလေးကို ထွက်လာချိန်ရောက်ပြီဆိုသည်ကို သတိပေးသည့် ဇီဝကမ္မဆိုင်ရာ ယန္တရားတွေ ရှိနေတုန်းပါပင်။ ဤအချိန်မှာ ဗိုက်ထဲက ကလေးလည်း သက်ရောက်ခံရပေလိမ့်မည်။ကလေးက ဗိုက်ထဲကနေအလွန်တက်ကြွစွာကန်တတ်သည်ထို့ကြောင့် အချိန်အကြာကြီးကြာပြီး ကောကို ထိတ်လန့်သွားစေသည်ဆိုလျှင် တကယ့်ကို အန္တရာယ်ရှိလေသည်။


ထို့​ကြောင့်​ ရန်သာ့လန် ဂရုမစိုက်​ဘဲ လူကို ​ကောက်​ပွေ့ကာ ​တောင်​​ပေါ်မှ အလျင်​အမြန်​ဆင်းသွားသည်​။ 


ကုန်းဆင်းက ဘယ်လောက်ပဲ မြန်နေပါစေ၊အရှိန်အဟုန်ကို စိတ်ပူနေရတုန်းပင်၊ ဘယ်သူ့ကိုမှ ကျစေ၍မဖြစ်ပေ။


အလွန်စိတ်​ပူ​နေ​ပေမဲ့ သိပ်​မြန်​၍မရ။


ဤလမ်းတိုတိုလေးသည် မည်မျှပင်ချောမွေ့ပါစေ၊ရန်သာ့လန် သူ့ဘဝတွင် လျှောက်ခဲ့ဖူးသမျှထဲမှာ အခက်ခဲဆုံးနှင့် အကြမ်းတမ်းဆုံး လမ်းဖြစ်​လေသည်။ 


ထို့နောက် မြောင်ဟယ်ကို နောက်ဆုံးတွင် မြည်းလှည်း​ပေါ်သို့ ချောချောမွေ့မွေ့ ပို့ဆောင်ခဲ့ပြီး အားလုံးက ဦးလေးလင်း၏ အိမ်သို့ တိုက်ရိုက် ပြေးကြသည်။ဟယ်ကောအာကို တံခါးဝဆီ ပို့လိုက်ပြီး တံခါးဘောင်က မြေကြီးပေါ်သို့ ရိုက်ခတ်သွားသည်နှင့် ယခင်က တစ်ခါမှ အားမ​ပျော့ခဲ့ဖူးသော ရန်သာ့လန်၏ခြေထောက်များ တံခါးရှေ့တွင် ဘုန်းခနဲ ခွေကျသွားပြီး သူ့စိတ်တွေ ရှုပ်ပွပြီး ဗလာဖြစ်နေသလို ခံစားလိုက်ရသည်။


အထဲမှာ နာနာကျင်ကျင် အော်ဟစ်သံတွေ ပိုကျယ်လောင်လာနေသည်ကို ကြားလိုက်ရသောအခါ သူ ထိတ်လန့်တကြားဖြစ်မှုကိုမရပ်နိုင်ဘဲ ပျာယာတွေခတ်လာသည်။


ဟယ်​ကောအာ ထွက်သွားရင် ဘယ်လိုလုပ်မလဲ... သူဘာလုပ်ရမလဲ...သူ ဘာလုပ်နိုင်မှာလဲ...


သူ နောင်တများနှင့်အတူ မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။


လက်ချောင်းထိပ်တွင် တိမ်မြုပ်နေသော အမာရွတ်များကို သူ ခံစားရနိုင်သေးသည်။


ဒီဟောကိန်းကို သူ လိုက်နာခဲ့ရမှာမဟုတ်ဘူးလား...


သူတပါးကို မထိခိုက်စေဖို့အတွက် သူတစ်ယောက်တည်းနေပြီး ကောလေးနဲ့ ခပ်ဝေးဝေးနေသင့်တာမဟုတ်ဘူးလား...


သူ့ဘဝ အလှည့်အပြောင်းဖြစ်လာမယ်လို့ သူ ဘယ်လောက်တောင် မျှော်လင့်ရဲတာလဲ...


မင်းဘာလို့ ဒီလောက် တစ်ကိုယ်ကောင်းဆန်၊ ဒီလောက် စိတ်ပျက်စရာကောင်းပြီး ဒီလောက် လောဘကြီးရတာလဲ...


ထိုနောက်မှာတော့ ရန်သာ့လန်က ​​ပြင်ပကမ္ဘာနှင့် လုံးဝအဆက်ပြတ်သွားပုံရပြီး ကံဆိုးမှုတွေနှင့် နေထိုင်ခဲ့​​လေသည်။


အနားပတ်ပတ်ပတ်လည်တွင် လူများစွာရှိပုံရပြီး လူများစွာက သူ့ကို ဆောင့်ဆွဲပြီး စကားတွေပြောနေကြသလိုပင်။


သို့ပေမဲ့ တစ်ခုမှရန်သာ့လန်၏စိတ်​ထဲကို တကယ်​​ရောက်​မလာခဲ့ပါချေ။


သူ့စိတ်သူ့အာရုံထဲမှာ အလုံးစုံကျန်သမျှက တံခါးနှင့် ထိုတံခါးနောက်ကလူသာဖြစ်လေသည်။


အချိန်အတိုင်းအတာမည်မျှမှန်းမသိကြာပြီးနောက် ပိတ်ထားသော တံခါးက ပွင့်လာခဲ့သည်။


ရန်သာ့လန် အံ့သြသွားသည်။သူထပြီး ရှေ့ကို တဟုန်ထိုးပြေးသွားချင်ခဲ့သည်။


သို့သော်လည်း ကာလရှည်တောင့်တင်း​နေမှုကြောင့် သူ့ခြေထောက်တွေက သုံးမရဖြစ်နေသည်။ရန်သာ့လန် တံခါးရှေ့မှာ ပစ်လဲ​သွားသည်။သို့ပေမဲ့ နံဘေးက ရန်သာ့ချွမ်းက လန့်သွားပြီး သူ့ကိုကူညီရန် ပြေးလာသည်။


ရန်သာ့လန်က သတိမထားမိဘဲ နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာမေးလေသည်။

"ဟယ်ကောအာဘယ်လိုနေလဲ...သူအဆင်ပြေရဲ့လား"


ယင်းက အဒေါ်လင်း အခန်းထဲကထွက်လာခြင်းဖြစ်လေသည်။သူမက ဦးလေးလင်း၏ လက်ထောက်အဖြစ် လုပ်ကိုင်လေ့ရှိပြီး အရာရာတိုင်းတွင် အလွန်ကျွမ်းကျင်သည်။ သူမလက်ထဲမှာ အနှီးလုံးသေးသေးလေးကို ​​ပွေ့ထားသည်ကို သူတွေ့လိုက်ရပြီး သူမက မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြင့်ဆိုသည်။


"စိတ်မပူပါနဲ့...ဟယ်ကောအာ အရမ်းအဆင်ပြေတယ်... အခုမှ ဒဏ်ရာကို ချုပ်ပြီးတာ...​မေ့ဆေး မပျယ်သေးဘူး... ခဏလောက် အေးအေးချမ်းချမ်း အိပ်ပါစေ"


၎င်းကို ကြားလိုက်ပြီးနောက်

ရန်သာ့လန်၏ နီရဲနေသော မျက်လုံးများ ကျိန်းစပ်လာကာ အခန်းထဲသို့ အပြေးဝင်သွားချင်ခဲ့သည်။


အဒေါ်လင်းက သူ့ကို ကျွမ်းကျင်စွာ ရပ်လိုက်သည်။ အတွင်းထဲမှာ သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်နေဆဲဖြစ်ပြီး အထဲကို ဝင်၍မရဘူးဟု ပြောခဲ့သည်။တစ်ချိန်တည်းမှာပဲ သူမက အာရုံပြောင်းလိုက်သည်။


"သာ့လန်...ဟယ်ကောအာ ကြိုးကြိုးစားစားနဲ့ မွေးထားတဲ့ကလေးကို အရင်မကြည့်ဘူးလား...သာ့လန်ကို ဂုဏ်ပြုရမှာ... မမျှော်လင့်ဘဲ ဟယ်ကောအာရဲ့ဗိုက်ထဲမှာ ကလေးနှစ်ယောက် ရှိ​နေတယ်လေ... မချီနိုင်လို့ အကြီးဆုံးလေးကိုပဲခေါ်လာပြီးပြရတာ...နှစ်ယောက်လုံးကတအားတက်ကြွကြတာ...မင်းတို့မိသားစုတော့ တကယ်အလုပ်ရှုပ်တော့မှာပဲ..."


ဤစကားများသည် နောက်ဆုံးတွင် ရန်သာ့လန်ကို မျက်ရည်များကျစေခဲ့သည်။


***


နောက်တစ်နေ့တွင် မြောင်ဟယ် ခပ်​ဖျော့​ဖျော့နာကျင်မှုကြောင့် နိုးလာသောအခါတွင် သူ့ဘေးနားတွင်ရှိနေပြီး နိုးနေ​ပြီ​ဖြစ်သော ရန်သာ့လန်က ချက်ချင်းရောက်လာသည်။ ​မေ့ဆေးက လုံးဝကြီး မပျယ်သေး​သောကြောင့်ဖြစ်မည်၊မြောင်ဟယ် အနည်းငယ်တုံ့ပြန်မှုနှေးကွေးနေသည်။ရန်သာ့လန်က သူ့ကို အကြိမ်ပေါင်းများစွာ ခေါ်ပြီးနောက်မှာ မြောင်ဟယ် တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။  

"နာတယ်……"


ရန်သာ့လန်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အက်ကွဲနေသောအသံဖြင့်ဆို၏။

"ဦးလေးလင်းက ခဏလောက်လှဲနေသင့်တယ်၊ မကြာခင် နေကောင်းလာမှာပါလို့ပြောတယ်" 


မြောင်ဟယ် မျက်လုံးများကို မဖွင့်မီ မျက်မှောင်ကြုတ်ကာ ဤဝေဒနာမျိုးကို သာမန်ဟု မည်သို့ယူဆနိုင်သည်ကို ​​တွေးမိသည်။ သူက အမြဲတမ်း ခေါင်းမာပြီး ဖျားနာသည်မျိုး ဗိုက်အောင့်ဗိုက်နာဖြစ်သည်မျိုးတစ်ခါမှမဖြစ်ခဲ့ပေ။ ဘယ်အချိန်က သူဗိုက်ကိုသေနတ်နဲ့အပစ်ခံထားရသလိုမျိုး ခံစားဖူးလို့လဲ...


ဘာလို့လဲ... ခဏလေး... သူ သူ မအိပ်ခင်တုန်းက ကလေးမွေးခဲ့တာလား...


၎င်းကိုတွေးပြီး မြောင်ဟယ် ထိတ်လန့်တကြားနှင့် မျက်လုံးတွေပွင့်လာပြီး သူ့တစ်ကိုယ်လုံး လှုပ်ရှားမိသွားသည်။​အော်သံများ ချက်ချင်းလက်ငင်း ထွက်ပေါ်လာခဲ့သည်။


"အာ့ ဟာ့ ဟာ့ နာတယ်"


ရန်သာ့လန်က စိုးရိမ်တကြီးနှင့် ဆိုသည်။

"မလှုပ်နဲ့...ဒဏ်ရာကို ဆွဲမဆန့်နဲ့"


သူ့မျက်လုံးတွေဆီ မျက်ရည်တွေယူဆောင်လာသည့် နာကျင်စရာသင်ခန်းစာကို ရရှိပြီးနောက် မြောင်ဟယ် ချက်ချင်းပဲ လုံးလုံးလျားလျား အသိစိတ်ဝင်လာပြီး သည်ထက်ပို မနိုးနိုင်တော့ပါ​ချေ။ တစ်ချိန်တည်းမှာပင် သူ၏ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့​လေပြီ။ တစ်နည်းဆိုရသော် သူ့ဗိုက်ကိုပတ်၍ ပတ်တီးဝိုင်းပတ်ထားပြီး ငါးဆားနူတစ်ကောင်လို ချည်နှောင်ထားသည်။ မလှုပ်ဘဲ သည်အတိုင်း သုံးရက်လောက် နေရမည်၊ မဟုတ်လျှင် အခုနက အဖြစ်ဆိုးမျိုး နောက်တစ်ကြိမ် ဖြစ်သွားလိမ့်မည်။


မြောင်ဟယ်ပုံစံက ဇွန်ဘီတစ်ကောင်လို သနားစရာကောင်းနေသည်။

"ကလေးကော...ကြည့်ချင်တယ်..."


ရန်သာ့လန် ​ကော​လေး၏နဖူးကို သနားသဖြင့်ပွတ်လိုက်ပြီး ပြောလိုက်သည်။ "သူဘေးခန်းမှာ အိပ်နေတယ်...ကိုယ်ခေါ်လာပေးမယ်"


ထိုသို့ပြောပြီးနောက် ထိုလူက လှည့်ထွက်သွားကာ သူ၏လက်ထဲတွင် သေးငယ်သော အနှီးထုပ်တစ်ခုကို ပွေ့သယ်လားပြီး မြောင်ဟယ်ခေါင်းနားလေးကို ကပ်ပြသည်။


မျောက်နီလေးလို အိပ်နေသည့် ရှုံ့တွနေသော နီတာရဲကလေးလေးက အိပ်နေသည်။မျက်လုံးတွေကိုမှိတ်ပြီး အသက်မှန်မှန်ရှူနေပြီး ရံဖန်ရံခါ နှုတ်ခမ်းလေးကထော်တတ်သည်။ရန်သာ့လန်၏အရိပ်ကို မျက်နှာသွင်ပြင်များပေါ်တွင် ယောင်ဝါးဝါးမြင်ရပြီး နှာခေါင်း​သေး​သေး ပါးစပ်သေးသေးသေးလေးနှင့် မျောက်နီပေါက်စ ဗားရှင်းပင်ဖြစ်သော်ငြား အလွန်နူးညံ့ပြီး ချစ်စရာကောင်းသည်။


မြောင်ဟယ် သူ့ခေါင်းကို လှည့်ကာ ခက်ခက်ခဲခဲကြည့်နေရသည်။ကြည့်လေလေ၊ သူ သဘောကျလေလေဖြစ်၏။သူအတတ်နိုင်ဆုံး လက်လှမ်းကာ  ညင်သာစွာထိကြည့်လိုက်သည်။သူ့ပါးစပ်က ချီကျူးစကားများ တသီတစ်တန်းကြီးထွက်လာတော့မည့်အချိန်မှာပဲ  ရန်သာ့လန်ပြောသည်ကိုသူကြားလိုက်ရသည်။

"ဒါက *လောင်သာ့(အကြီးဆုံးသား)"


"အမ်...လောင်သာ့" 

ခင်ဗျား ဒီငယ်နာမည်ကို ဘယ်လိုများ ရွေးချယ်ခဲ့တာလဲ...လွှမ်းမိုးခြယ်လှယ်လွန်းမနေဘူးလား...


"လောင်အာ့ကို(ဒုတိယသား) ပြီးမှခေါ်လာပေးမယ်"


"လောင်... လောင်အာ့..."

မြောင်ဟယ် စိုက်ကြည့်နေသည်။ နောက်အခိုက်အတန့်တွင် နောက်ထပ်အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။နာတယ်...


"အမြွှာ ...ကောင်လေးနှစ်ယောက်" 

ရန်သာ့လန် ကူကယ်ရာမဲ့စွာနှင့် စိုးရိမ်တကြီး ပြောလိုက်သည်။


ဦး​လေးလင်းနှင့် သမား​တော်ကျီတို့ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ချိန်က သုံးလအောက်သာရှိသေးပြီး နုလွန်း၍ ကလေး၏သွေးခုန်နှုန်းကို သိရှိနိုင်သေးပေ။ နောက်ပိုင်းကိုယ်ဝန်ဆောင်ကာလတ​လျှောက်တွင်၊မြောင်ဟယ် ချောချောမွေ့မွေ့ရှိခဲ့သည်။အများစုမှာ ခါးအနည်းငယ်နာသည်မျိုး ခြေဖဝါးများ ရောင်ရမ်းသည်မျိုးသာဖြစ်ခဲ့ပြီး သူမတွင် အခြားပြဿနာများ မရှိခဲ့ပေ။ရွာကလူတွေက မော်ဒန်ခေတ်လိုပုံမှန်ဆေးစစ်သည့်အယူအဆမရှိသဖြင့် မြောင်ဟယ် ၎င်းကို မတွေးမိခဲ့ပေ။ထိုကြောင့် သူ သမားတော်ကို အထူးတလည်ခေါ်သည်မျိုး မရှိခဲ့ပေ။


ထိုသို့ဖြစ်ရာ သူတို့အတွက် အံ့သြစရာကြီးတစ်ခု ဖြစ်ခဲ့လေသည်။


ဒါတောင် သူက ​​အောင်အောင်​မြင်​မြင် ​မွေး​ခဲ့တုန်းပဲ... ဒါက ဘာမှမဟုတ်ဘူး... 

မြောင်ဟယ် ထိုသတင်းကို တခစ်ခစ်ရယ်ကာ ရန်သာ့လန်ကို ဒုတိယသားလေးကို အမြန်​ခေါ်လာရန် တိုက်တွန်းခဲ့သည်။ ဟေး ဒါလည်း အင်မတန်

သဘောကျစရာကောင်းတဲ့ မျောက်နီလေးပါလားကွယ်ရို့... အခုလေးတင် က ခံစားလိုက်ရတဲ့ ကျေနပ်မှုက နှစ်ဆ သုံးဆ​လောက်တောင် တိုးလာတယ်...


ဒါက ဘယ်လောက်ထိရောက်လိုက်သလဲ...သူစဉ်းစားကြည့်လိုက်သောအခါ မြောင်ဟယ် သူ ပိုက်ဆံတွေ အများကြီးရလာသလို ခံစားရလေသည်။


ထို့နောက်မှာတော့ ရန်သာ့လန်ကို ကလေးကို အနားယူရန် ​ဘေးခန်းကို ပြန်ခေါ်သွားခိုင်းခဲ့သည်။ ကလေးတွေ၏ အခြေအနေကို ပိုပိုသာသာမေးကြည့်သောအခါ ဦး​လေးလင်းက အားလုံးက ပုံမှန်ဖြစ်ပြီး အရမ်းကျန်းမာတယ်ဟု ပြောသံကြားလိုက်ရသည်။ စိုးရိမ်မှု၏ နောက်ဆုံးခြေရာလက်စလေးက ပျောက်ကွယ်သွားပြီး တခြားအသေးစိတ်အချက်အလက်တွေအတွက် စိတ်ပူနိုင်သည့် စိတ်အခြေအနေကို ချက်ချင်း ရောက်သွားသည်။


ဥပမာအားဖြင့်၊ အနှီးများ၊ အဝတ်အစားများနှင့် ခြေအိတ်များ သေချာပေါက် မလုံလောက်၊၎င်းတို့ကို တစ်ဦးအတွက်စာသာ ပြင်ဆင်ထားသည်။ရန်သာ့တုန် လုပ်ထားသည့် ပုခက်ကလည်း တစ်လုံးပဲရှိသဖြင့် သူနောက်ထပ်တစ်ခုကို အမြန်လုပ်ရမည်။ဟေး... အရေးကြီးတဲ့ သိုးနို့လည်းရှိသေးတယ်...အခု နို့ ပမာဏက ​သောက်ဖို့ လောက်ရဲ့လား...


ထိုအချိန်တွင် ရန်သာ့လန်က အနာကျက်ဆေး နှင့်အား​ဆေးပန်းကန်လုံး တစ်လုံးယူလာပြီး နည်းနည်းစီခွံ့ကျွေးသည်။အများစုမှာ ငြိမ်သက်စွာ နားထောင်​နေပြီး တခါတရံ အဖြေတစ်ခု သို့မဟုတ် နှစ်ခု ပေးတတ်သည်။ သို့သော်လည်း ဆေးသောက်ပြီးနောက် ရန်သာ့လန်က သူ့ကိုအနာဂတ်တွင် ကလေးမမွေးရတော့ဘူးဟုပြောလေသည်။ကောင်လေးနှစ်ယောက် ...ဒီလောက်ဆို လုံလောက်ပြီတဲ့...


မြောင်ဟယ်က ပျော်ရွှင်မှုများပြည့်​နေ​သောမျက်နှာဖြင့် ခေတ္တရပ်လိုက်သည်။ ရန်သာ့လန်၏အမူအရာကိုကြည့်လျှင်  အလွန်အမင်းလေးနက်​နေသည်။


ထို့နောက် မမွေးမီက ဖြစ်ပျက်ခဲ့သော ထိတ်လန့်မှုနှင့် စိုးရိမ်သောကတို့ရောက်ခဲ့ရသည့် မြင်ကွင်းများသည် မြောင်ဟယ် ၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပြန်ရောက်လာသည်။ အထူးသဖြင့် ထိုတောင်​ပေါ်လမ်းတွင်၊ မြောင်ဟယ် နာကျင်နေသော်လည်း ရန်သာ့လန်မှ ထွက်ပေါ်လာသော နက်ရှိုင်းသော အကြောက်တရားနှင့် စိတ်ပျက်အားငယ်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်​လေသည်။


မြောင်ဟယ် ထိုလူ၏လက်ကို ကိုင်​ပြီးညှစ်လိုက်သည်။

"ကြောက်သွားလား"


မြောင်ဟယ်၏ အထောက်အပံ့အားကိုးရာအဖြစ် အမြဲရှိနေခဲ့သော ရန်သာ့လန်က အမှန်တကယ် တုံ့ပြန်ပြီး ဝန်ခံခဲ့​​လေသည်။


မြောင်ဟယ် ပါးစပ်ဖွင့်လိုက်ပြီး ရင်ထဲမှာ ခံစားသွားရပေမဲ့ သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိပေ။


ကာယကံရှင် သူ့အတွက် ယင်းက ရုတ်ချည်း နာကျင်မှုဖြစ်ပြီး ၎င်းအပြီးနောက် ရာသီဥတုက ပြန်လည်ကြည်လင်လာသည်။ဦး​လေးလင်း၏ နေရာကို ရောက်သောအခါ ထုံထိုင်း​နေပြီး မကြာမီပင် ​မေ့သွားခဲ့သည်။မည်မျှပင် နာကျင်နေပါစေ၊ ထိုအချိန်က ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း မြောင်ဟယ်အတွက် သူ့တွင် အတွင်းစိတ်ပိုင်ဆိုင်ရာအရိပ်မဲကျန့ခဲ့သည်မျိုး လုံးဝမရှိပေ။


ခိုင်လုံသောအကြောင်းပြချက်တစ်ခုကိုရှာနေချိန်တွင် မြောင်ဟယ် သူ၏ဝေဒနာစတင်ဖြစ်ပွားနေချိန်၌ မြောင်ချမ်း နှင့် အဒေါ်ချင်းကြားတွင်  စကားဝိုင်းတစ်ခုရှိနေပုံရသည်ကို သတိရမိသည်။


"ဒါပေမဲ့ အမေ... ခုနကျွန်​တော်ပြောခဲ့တာက တကယ်... သာ့လန်ရဲ့ကံကြမ္မာက ဒီလိုဖြစ်နေရင် ဒိအရာအားလုံးက ကံစီမံထားတာလို့ တစ်ခါမှမတွေးမိဘူးလား"


ဖြစ်နိုင်တာက...


"မြောင်ချမ်းက ခင်ဗျား တစ်ခါကကံကြမ္မာဖတ်ဖူးတယ်လိုပြောတယ်... ခင်ဗျားရဲ့ ကံကြမ္မာက ဇနီးနဲ့သားသမီးမရှိဘဲတစ်သက်လုံးတစ်ယောက်တည်းဖြတ်သန်းသွားရမှာတဲ့"


ရန်သာ့လန်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။


မြောင်ဟယ် မနိုးလာမချင်း သူ့မှာတခြားအရာတွေကို အာရုံစိုက်ရန် ခွန်အားမရှိခဲ့ပေ။မြောင်ဟယ် ပြောသည်ကို ရုတ်တရက် ကြားလိုက်ရသောအခါ သူကိစ္စများစွာကိုတွေးလိုက်မိသည်။ရန်သာ့လန်၏ အသံက အေးစက်လာ၏။

"သူမင်းကို ဒီအကြောင်းပြောခဲ့တာလား"


မြောင်ဟယ် ခေါင်းခါလိုက်သည်။သူက

စာရင်းမရှင်းချင်သေးသည့်အတွက် ယခုလိုသာပြောလိုက်သည်။


"ဒါဆိုယုံလား...အမြဲတမ်း စိတ်ပူနေတာလား"


အမြဲတမ်း တည်ငြိမ်​နေတတ်သည့် ရန်သာ့လန်က ယခုအခါ အနည်းငယ် ဘာလုပ်ရမှန်းမသိ၊ ရှုပ်ထွေးပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေပုံရသည်။ သူ လုံးဝမယုံချင်ပေမဲ့ သက်ရောက်မခံရဘဲတော့မနေသည်ကို မြင်နေရ၏။ရှီရန်ကဲ့သို့ ထူးခြားဆန်းကျယ်သည့်အခြားအရင်းခံတစ်ခုရှိနေသည့်အခါ ရန်သာ့လန်မည်သို့ထင်မည်နည်း.။မည်သို့စိတ်မပူဘဲနေမည်နည်း။


သို့သော် ဤလူ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုများ အများအပြားရှိသော်လည်း ၎င်းတို့ကြားတွင် ဖြစ်ပျက်ခဲ့သမျှအတွက် သူ့မှာ သံသယများ သို့မဟုတ် ကန့်သတ်ချက်များ မရှိခဲ့သေးပါချေ။မြောင်ဟယ် သူ့ကို စကားဖြင့်ဖော်ပြ၍မရသော ခံစားချက်အလွှာများဖြင့် သိမ်းထုပ်ကာ ဂရုစိုက်ခံနေရသလို အမြဲလိုလို ခံစားခဲ့ရသည်။ သူ့ရင်ထဲမှာ တစ်နေ့ထက်တစ်နေ့ ပိုသက်တောင့်သက်သာရှိပြီး ပျော်ရွှင်လာသည်။ မထင်မှတ်ဘဲ၊ ဤမျှလေးလံသော အလေးချိန်ကို သယ်ဆောင်ထားသူတစ်ဦးက ယခုကဲ့သို့နူးညံ့သိမ်မွေ့သော မျက်လုံးများဖြင့် သူ့ကို အလိုလိုက်နိုင်သေးသည်။


၎င်းကိုတွေးပြီး မြောင်ဟယ်၏ နှလုံးသားက တင်းကျပ်လာသည်... ဒီလူက ဘာလို ဒီလောက်တောင် သိုသိပ်ပြီး ဒီလောက်တုံးအရတာလဲ...


ထို့ကြောင့် ယခုအချိန်တွင် မြောင်ဟယ် သူ့စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများက အကြောင်းမဟုတ်တော့ဟု ခံစားလိုက်ရသည်။


အရာအားလုံးကို ဝန်ခံခြင်းက ရန်သာ့လန်ကို စိတ်ပူပင်မှု လျော့ပါးစေမည်ဆိုလျှင် ထိုက်တန်ပေလိမ့်မည်။


မြောင်ဟယ် ထိုလူ၏လက်ကိုဆွဲကာ တင်းကြပ်နေသော လည်ချောင်းဖြင့် စကားဆိုလိုက်သည်။


"ယုံစရာ မလိုပါဘူး"


"ဟောကိန်းက အမှန်ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ ကျွန်တော်က– ကျွန်တော်က ဒီကမ္ဘာကမှမဟုတ်တာ...ကျွန်တော့်ကို ဘယ်လိုလုပ်ထည့်တွက်လို့ရမှာလဲ"


"ကျွန်​တော့်အကြောင်း နား​ထောင်ချင်လား"


၎င်းကို ရန်သာ့လန် ကြားသည့်အခါ မြောင်ဟယ်၏ လက်ကိုပဲ လက်ပြန် ပြန်ကိုင်လိုက်လေသည်။


ထို့နောက် မြောင်ဟယ်က စကားတွေ ပိုပို၍ပြောလာကာ စကားများသည်လည်း ပိုပို၍ မယုံနိုင်စရာကောင်းလာသောအခါ ရန်သာ့လန် တစ်ဖက်လူ၏လက်ကို ဆုပ်ကိုင်ထားသည်က ပိုပို၍တင်းကျပ်လာသည်။


တင်းကျပ်လွန်း၍ တစ်သက်လုံး မလွှတ်တော့သည့်အတိုင်းပင်။