🧝Chapter 82
သေချာသည်ပင်၊ ရက်အနည်းငယ်အတွင်းမှာပဲ မင်ချွင်းက တောင်းပန်လက်ဆောင်လေးတစ်ခုနှင့်ရောက်လာသည်။
သို့ပေမဲ့ လူက တံခါးကိုပင် မဖြတ်နိုင်ခဲ့။သူကြားလိုက်ရသမျှက အထဲကခွေး ဟောင်သံဖြစ်လေသည်။
အိုး၊ စောစောက ပြောရန် မေ့သွားသည်။အမွေးထူထူ ခွေးကြီးလေးကောင်က အိမ်စောင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပြီး အဝေးက ဘယ်သူလဲဆိုသည်ကို သိနိုင်သည့်အတွက် တံခါးဘဲလ်ကို မလိုအပ်တော့ပေ။
တံခါးဖွင့်ရန်ထွက်လာသည့်ရန်သာ့လန်က တုံးတိတိဆိုသည်။
"မလိုပါဘူး...တမင်တကာ လွှတ်ချဖို့ မလိုသလို ရည်ရွယ်ချက်ရှိရှိ လာတောင်းပန်ဖို့လည်း မလိုဘူး"
ထိုသို့ ပြောပြီး အမူအရာမဲ့နေသော မျက်နှာနှင့် တံခါးကို ပြန်ပိတ်သွားသည်။
"..."
ဤငြင်းဆန်မှုက မင်ချွင်းကို ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပူလောင်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ အံ့သြတဝက်နှင့် ဒေါသတဝက် ဖြစ်ခဲ့သည်။
သူပြန်တွေးကြည့်ပြီး ဘာမှားနေလဲ ဆိုသည်ကို လိုက်ရှာပေမဲ့ မတွေ့ပေ။သို့ရာတွင် တစ်ဖက်က သူ့စိတ်ကို ရှင်းရှင်းလင်းလင်းသိလျှင် သူ သူ့လှည့်ကွက်တွေကို ဘယ်လိုပဲ ပြောင်းလဲနေပါစေ တစ်ဖက်သားအမြင်မှာ မျောက်တစ်ကောင်လိုဖြစ်နေမှာဖြစ်၏။သူက ဟယ်ကောအာရှေ့မှာ သွားကစားလိုက်သေးသည်။၎င်းကိုတွေးပြီး စိတ်ထဲမှာ ရှိနေသည့် အစီအစဉ်တွေကို မသုံးချင်တော့ပေ။
ဒီရန်သာ့လန်က ငါ့ကိုဒိလိုမျိုးပြောင်ကြီးငြင်းဝံ့တယ်ပေါ့လေ... ငါက မင်းဆီ ပိုက်ဆံနဲ့လာတယ်ဆိုရင် မင်းမတုံ့ပြန်သင့်ဘူးလား ...နောင်ကျမှ ငါ့ခြေရင်းမှာ ဘယ်လိုဝပ်ဆင်းနေမလဲကြည့်မယ်... စိတ်ထဲမှာမှတ်ချက်ချပြီးနောက် မင်ချွင်းက နှာခေါင်းရှုံ့ကာ ထွက်သွားသည်။
ခြံထဲက မြောင်ဟယ် အနည်းငယ် စိတ်လှုပ်ရှားနေ၏။
"ပြန်လာပြီလား... ဘာပြောလိုက်လဲ... သူဘာလို့ ဒီလောက် မြန်မြန်ထွက်သွားတာလဲ"
ရန်သာ့လန်က သူ့ကောလေးကို ဖက်လိုက်သည်။
"အမှန်အတိုင်းပြောလိုက်တာ...ထွက်သွားတယ်"
"အမှန်အတိုင်း..."
မြောင်ဟယ်ရှုပ်ထွေးသွားသည်။ ဒါက အမုန်းမပွားစေဘူးလား...
"အစကတည်းက တားလိုက်တာ ပိုကောင်းတယ်"
မြောင်ချမ်းနှင့်ကိစ္စပြီးနောက် ရန်သာ့လန် သူ့အနားမှာမလိုတမာစိတ်ရှိသူတွေ ဖုံးကွယ်၍နေသည်ကိုရွံလာသည်။တစ်ဖက်သားမှာ လျှို့ဝှက်အကြံအစည်တွေနှင့် ရည်ရွယ်ချက်ရှိရှိ အပြန်အလှန်ဆက်ဆံမှုတွေရှိနေမှန်း သိနေကတည်းက ဆက်ပြီး ထိတွေ့ဆက်ဆံခြင်းက မိမိမသိနိုင်သောအန္တရာယ်တွေကိုသာ တိုးပွားလာစေမှာဖြစ်သည်။အရင်ဆုံး တစ်ယောက်နှင့်တစ်ယောက် အဆက်အဆံမလုပ်သည်က ပိုကောင်း၏။
မြောင်ဟယ်က သက်ပြင်းချလေ၏။ "ဒါပေမဲ့ သူက ကျွန်တော်တို့ကိုအကူအညီတောင်းပြီး ထွက်လမ်းရှာချင်ရုံသက်သက်ဆိုရင်ရော..."
"သူ ကိုယ့်ကို မထိဘဲ ဒီအတိုင်းပြောလို့ရတယ်"
မြောင်ဟယ် အကြည့်တွေစူးရှသွားသည်။
"ဘာ...ဘာပြောတယ်...ထိတယ်...ခင်ဗျားမနေ့ကပြောတဲ့အထဲမှာ ဒီအကြောင်း မပါပါဘူး..."
ရန်သာ့လန်က ပြန်ဖြေသည်။
"မင်းစိတ်ဆိုးမှာကြောက်လို့"
"ခင်ဗျားက သိသိသာသာကိုနည်းနည်းမှ ကြောက်မနေပါဘူးးး"
ရန်သာ့လန်က ပြန်မဖြေဘဲ သူ့ကောလေးကို နမ်းလိုက်သည်။
"သူနဲ့ဝေးဝေးသာနေ...မမေ့နဲ့"
"ခင်ဗျားသာ သူနဲ့ဝေးဝေးနေရမှာ...ခင်ဗျားကို သူဘယ်နားထိသွားတာလဲ"
"မထိပါဘူး"
"တကယ်လား"
"တကယ်"
ကစားနေသည့် မန်ထိုနှင့်ဝေါ်ထိုက သူတို့အဖေနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထိနေသည်ကိုတွေ့သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး တိုက်ပွဲထဲဝင်ပါခဲ့သည်။ရန်သာ့လန်က သူတို့ သုံးယောက်ကို သူ့ခန္ဓာကိုယ်ပေါ်ပစ်တင်လိုက်သည်။ သူတို့၏ ချိုမြိန်ပြီး နွေးထွေးသော အလေးချိန်နှင့်အတူ ရန်သာ့လန် သူတို့ကို သူ့လက်ကြီးများနှင့် ပွေ့ထားပြီးလွှတ်မပေးရက်ဖြစ်နေသည်။ကျောပေါ်တွင် အမွေးလုံးအပိုတစ်ခုရှိနေသည်၊
သာ့ပိုင်ကလည်း အပျော်ကြိုက်သော ကြောင်နက်ကလေးဖြစ်လေသည်။
ဤပုံစံလေးက မြောင်ဟယ်၏ ဘဝထဲကနေ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
ယခင်က အဆက်စပ် မရှိသည့်အတွက် ဝတ်ကောင်းစားလှနှင့် တစ်ကိုယ်တည်း ညစာသွားစားတတ်သော အမျိုးသားတစ်ယောက်က မြို့ထဲက စားသောက်ဆိုင်မျိုးစုံမှာ မကြာခဏ ပေါ်လာနေသည်ကို သူ မသိခဲ့ပါချေ။ အညှာတာမဲ့စွာ ငြင်းပယ်ခံရပြီးနောက် မင်ချွင်းက တဖြည်းဖြည်းချင်း ကြီးထွားလာရန် စိတ်မရှည်တော့ဘဲ ခြေတစ်လှမ်းတည်းဖြင့် ထိပ်ကိုရောက်ရန် နည်းလမ်းရှာချင်လာသည်။
မင်ချွင်းဘက်ကတော့ ပြောစရာမလို၊ ယခု မြောင်ဟယ်တို့အိမ်နီးချင်း ဘေးနားက ခြံသို့လည်း လယ်တောသူ ကောင်မလေးတွေ ခဏခဏ နွေးထွေးစွာ အလည်လာသော ပြဇာတ်တွေလည်း ရှိနေသည်။
သို့ပေမဲ့ သူတို့အားလုံးကို တာဝန်ရှိသည့်ဘဏ္ဍာထိန်းလီက တားထားသည်။ "လက်ဆောင်ပြန်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်...ဒါပေမယ့် တာ့ရယ်ရဲ့ ညွှန်ကြားချက်ကြောင့် လက်ခံရခက်ပါတယ်...သူဒီမှာရှိမနေတဲ့အတွက် ဦးလေးတို့ သူ့ကို ဘယ်တော့မှ မနာခံဘဲမနေဝံ့ပါဘူး..."
"လာလည်ပေးလို့ ကျေးဇူးတင်ပါတယ်...ဖူးရန်က အနည်းငယ်နေကောင်းလို့ အနားယူနေပါတယ်"
"ဖိတ်ကြားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်...ဖူးရန်မှာ ကိုင်တွယ်စရာတွေရှိလို့ အပြင်ထွက်ဖို့ ခဲယဉ်းပါတယ်"
ကြိမ်ဖန်များစွာ ငြင်းဆိုပြီးနောက် မြောင်သွမ့်အာလည်း သူတို့ သူမကို ဂရုမစိုက်ချင်ကြမှန်း သိလိုက်သည်။သို့ပေမဲ့ အရင်တစ်ခေါက် သူမ ဤအိမ်ထဲကို နောက်ဆုံးအကြိမ် ဝင်လိုက်ရစဥ်က မှက်တက်အံ့ဩသွားခဲ့ရမှုက သူမကို လွယ်လွယ်နှင့် အရှုံးမပေးချင်ဖြစ်စေသည်။သူမ အံကြိတ်ကာ အချိန်ရတိုင်း အိမ်တံခါးကို သွားသွားစောင့်ကြည့်သည်။ရထားလုံးတစ်စီးဝင်သွားသည်နှင့် သူမကသွားတံခါးခေါက်လိမ့်
မည်ဖြစ်သည်။အနားယူနေပါတယ်လို့ပြောမရအောင်လို့လေ...
ဤတစ်ခါတော့ လာလည်မည့် ဇိမ်ခံရထားလုံးတစ်စီးကို တကယ်ပဲ အမိအရတွေ့ခဲ့သည်။သို့ပေမဲ့ ဤရထားလုံးကထူးဆန်းသည်။ ရှုမိသားစုဂိတ်တံခါးထဲကို မဝင်ခင်မှာ လမ်းဘေးသစ်ပင်အောက်မှာ ရပ်နေသည့်မိန်းကလေးကို တွေ့သောအခါ ရပ်လိုက်သည်။စကားအနည်းပြောပြီးနောက် သူမကို ရထားလုံးပေါ်တက်ခိုင်းပြီး မြို့ထဲပြန်သွားသည်။
မြောင်ဟယ်မှာ လောလောဆယ် သူ့အိမ်နီးနားချင်းအကြောင်း အတင်းအဖျင်းပြောရန် အချိန်မရှိ။ သူပန်းပင်တွေကထွက်သည့် ပန်းဝတ်ရည်ကို ရောင်းရန် နည်းလမ်းရှာနေသည်။
နွေဦးရာသီတွင် သူတို့သည် ပျားမွေးသူဆရာချောင်ကို ဖိတ်ခေါ်ပြီး ပျားအုံများရိုက်ခဲ့ကာ နောက်ပိုင်းတွင် ပျားများကိုလည်း ဆွဲဆောင်ခဲ့သည်။ မေလမှာ ဆရာသမားကို ထပ်လာရန်တောင်းဆိုသည့်အခါ သူ့ကို စောစောက ဘာလို့မခေါ်တာလဲဟုပြောပြီးအဆူခံခဲ့ရသည်။ပျားတွေကအများကြီးရှိပြီး မူလပျားအုံက သေးလွန်း၍ အလဟသ ဖြစ်သွားသည်ဟု သူ ကြားရသည်။
ထိုသို့ဖြင့် အင်္ကျီလက်တွေကို လိပ်တင်လိုက်ပြီး နောက်ထပ် ပုံးတစ်ဒါဇင်ကို ရိုက်ပြီး ဆယ်ရက်အကြာမှာ ပြန်လာဖို့ ချိန်းလိုက်သည်။ယင်းက ယခုမှစ၍ သတ်မှတ်ချက်ဖြစ်လာသည်။ ပန်းများနှင့် ပျားများ များစွာရှိသောကြောင့် ပျားရည်ထုတ်လုပ်သည်ကမြန်သည်။ဆရာကိုပျားရည်စုဆောင်းခိုင်းရန် ဆယ်ရက်ခန့် အချိန်ယူရသည်။ ဤနည်းဖြင့် ပျားရည်အိုးကြီးများစွာ စုဆောင်းမိခဲ့သည်။
ပန်းပွင့်သည့်ကာလက ခဏလောက်ကြာမည်ကိုတွေးပြီး မြောင်ဟယ် ပန်းမပွင့်မှာကို ကြောက်သဖြင့် ဝတ်ရည်ရသည့်ပန်းပင်များစွာကိုတိတ်တိတ်လေးစိုက်ခဲ့ကြောင်း ဝန်မခံဝံ့ပေ။ဝတ်ရည်အလျှံအပယ်နှင့် ရင်ဆိုင်လိုက်ရသောအခါ သူ့မိသားစုက မသုံးနိုင်ခဲ့ပါချေ။အလွန်များလွန်း၍ တစ်ချို့ကို ထုတ်ရောင်းရန်ဆုံးဖြတ်လိုက်သည်။
သို့ပေမဲ့ ဤခေတ်ကြီးထဲမှာ ပျားရည်က အစစ်ဖြစ်သည်။ဆိုလိုသည်က သည်မှာက တောရိုင်းပျားရည်ကို ငယ်စဉ်ကတည်းက သောက်သုံးခဲ့ကြသည်။ယင်းက သဘာဝဖြစ်ပြီး အတုမဟုတ်သည့်အတွက် ပိုင်ဟွားပျားရည်အကြောင်း ကြားသည့်အခါ အထူးတလည်စိတ်မ၀င်စားကြပါချေ။သူ့ကိုယ်ပိုင် ပျားရည်က တမူထူးခြားသည့် ပန်းရနံ့ရှိပြီး ရောင်းရလောက်ပေမဲ့ မြောင်ဟယ်က သူ့ကိုယ်ပိုင် ပျားရည်ကို မြှင့်တင်ရန် စားသုံးရန်နည်းလမ်းကို စဉ်းစားနေတုန်းပါပင်။
ပျားရည်ကိတ်ပဲ...
ဤပျားရည်ကိတ်က သူ့အဖွား သူ့အတွက် ငယ်ငယ်က ဖုတ်လေ့ရှိသော သရေစာဖြစ်လေသည်။အရင်တုန်းက သူသည် စီးပွားရှာရန်အတွက် ကိတ်မုန့်လုပ်ခဲပေမဲ့ ယခုချိန်မှာတော့ သူ့မှာမိသားစုရှိလာ၍ သူ သူ့သားတွေအတွက် ကိတ်မုန့်ဖုတ်ပေးရမည့်အလှည့်ဟုထင်မိသည်။ကိတ်မုန့်ဖုတ်ခြင်းက အတိတ်မှ လွမ်းဆွတ်စရာများကို ပြန်သတိရစေပြီးခံစားချက်များဖြစ်လာစေသည်။
ပျားရည် ကိတ်လုပ်နည်းကလည်း ရိုးရှင်းပြီး အရင်ဆုံး ဆီ၊ ရေနှင့် ပျားရည်ကို အပူပေးကာ ဂျုံမှုန့်နှင့် ကြက်ဥအနှစ်တို့ကို ထည့်ပြီး မုန့်နှစ်ဖြစ်အောင် မွှေရသည်။ထို့နောက် ကြက်ဥအကာဖြူများကို ဇွဲလုံ့လများစွာသုံးကာခေါက်ရသည်၊သေချာပေါက်ကို ယင်းအလုပ်ကိုရန်သာ့လန်လုပ်ခြင်းဖြစ်သည်။ကြက်ဥအကာဖြူများကို အပျစ်အခြေအနေအထိခေါက်ပေးရသည်။ပြီးလျှင် မုန့်နှစ်ထဲသို့ထည့်ကာ ညင်သာစွာ မွှေပေးရပါမည်။၎င်းနောက်ကား ဖုတ်ရုံကျန်သည်။
မုန့်ဖုတ်ဆိုဒါသို့မဟုတ် ကိတ်ပေါင်ဒါကို လုပ်ငန်းစဉ်တစ်ခုလုံးတွင် အသုံးမပြုဘဲ ကြက်ဥအကာကိုသုံးကာ ကိတ်မုန့်ကို ဖောင်းပွပြီး ပျော့ပျောင်းအောင် ပြုလုပ်ထားသောကြောင့် မြောင်ဟယ် အလွန်အမင်း မထူထားပေ။ပါးပါးလှီးပြီးနောက် ကိတ်မုန့်နှစ်ချပ်ကြားမှာ ပျားရည်ညှပ်လိုက်သည်။ယင်းက ပျားရည်ညှပ်ကိတ်မုန့်ပုံစံတစ်မျိုးဖြစ်လေ၏။
ရန်သာ့လန်၏ ပါးစပ်ထဲကို ထည့်လိုက်သည်နှင့် ခဏတာ ငြိမ်သက်သွားပြီး သူကဆိုသည်။
"ကိတ်မုန့်က ပျားရည်ထက် ပိုမျက်စိဖမ်းစားတယ်"
ပုံစံက လုံးဝလွှမ်းမိုးနိုင်သည်ဟုဆိုလိုသည်။
မြောင်ဟယ်လည်း တစ်ဖဲ့စားပြီး သဘောတူလိုက်ရသည်။ သတ္တုပြားကဲ့သို့ ပြင်းထန်သော ကြက်ဥရနံ့နှင့်အတူ ဝတ်ရည်၏ထူးခြားသောရနံ့က မဖျော့လွန်းဘဲအနေတော်ဖြစ်ကာ ပိုနွေးထွေးနူးညံ့သောအရသာရှိသည်။ သို့သော် ကိတ်မုန့်၏ အီစိမ့်မှုနှင့် နူးညံ့မှုတို့ကြောင့် ၎င်းတည်ရှိနေခြင်း၏ ခံစားချက်ကို ပျောက်စေသည်မှာ အမှန်ပင်ဖြစ်သည်။
မီးဖိုမှထွက်လာသော ကိတ်မုန့်၏ရနံ့ကို အနံ့ရလိုက်သည်နှင့် မရပ်မနား အော်ဟစ်နေသော ကလေးနှစ်ယောက်ကိုပဲ ကြည့်လိုက်ပါလေ။မြောင်ဟယ် သူတို့ကို ပျားရည်အစိမ်းမကျွေးရဲဘဲ ကိတ်မုန့်သေးသေးလေးကို ဖဲ့ပြီး ပါးစပ်ထဲထည့်ပေးလိုက်သည်။ သို့ပေမဲ့ ယင်းက ကောင်လေးနှစ်ယောက်၏ မျက်လုံးတွေ စိုသွားအောင်လုပ်ရန်လုံလောက်လေသည်။စားပြီးသည်နှင့် မြောင်ဟယ်က မပေးတော့သဖြင့် ပို၍ပင် ညံလာကြသည်။
သူ့ဘေးက သာ့ပိုင်က သူ့ကို ကိတ်မုန့်မကျွေးသောကြောင့်
အနည်းငယ်စိတ်မဝင်စားဟန်ဖြစ်သွားပြီး မျက်နှာလုပ်နေသည်အား ရပ်လိုက်သည်။
မြောင်ဟယ်က စိတ်မကောင်းစွာနှင့်ဆိုသည်။
"ဘာလုပ်ရမလဲ ကိတ်မုန့်လုပ်နည်းက အလုပ်မဖြစ်ဘူး...တခြားဘာမှလည်း မတွေးနိုင်တော့ဘူး"
ရန်သာ့လန် ကောလေး၏ ခေါင်းကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ရောင်းလိုက်...ဝတ်ရည်နဲ့အတူတူ"
ဟုတ်တယ်၊ သူဘယ်လိုလုပ်မေ့နိုင်ရတာလဲ...
မြောင်ဟယ် ချက်ချင်းလက်ကို မြှောက်ကာ သဘောတူလိုက်သည်။
"ကိတ်မုန့်လုပ်နည်းကို ရောင်းပြီးမှတော့ နောင်မှာလည်း စျေးကွက်ထဲမှာ ပေါက်နိုင်တဲ့ တခြားယိုတွေ လုပ်မှာပါ"
မြောင်ဟယ် ညှပ်ပေါင်မုန့်၏အရသာက ပြောင်းနိုင်ကြောင်း အမြန်သတိပေးခဲ့သည်။
ရန်သာ့လန်က ခေါင်းညိတ်ပြပြီး နောက်တစ်နေ့မှာ လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကုန်ပစ္စည်းတစ်သုတ်ကို လက်ဖက်ရည်ဆိုင်ကို တိုက်ရိုက်ယူလာခဲ့သည်။
သို့ပေမဲ့ ဆိုင်ရှင်ကျင်းကတော့ ဝမ်းသာအားရနှင့် ကခုန်နေခဲ့သည်။
"ပြဿနာမရှိဘူး၊ ပြဿနာမရှိပါဘူး... ဝတ်ရည်တွေ ဘယ်လောက်များနိုင်မလို့မှာလဲ...အကုန်ယူလို့ရတယ်... ဆိုင်ရှင် ဒီကိတ်မုန့်ကိုကြည့် ...ဝိုး၊ နူးညံ့ပြီး ဗိုက်ထဲမှာ နေရာအများကြီးမယူဘူး...တစ်ယောက်တည်း ကိတ်မုန့်တစ်လုံးကိုစားနိုင်တယ်...ဒီပမာဏက သေချာပေါက် ကြီးကြီးမားမားပဲ"
သို့သော် ရန်သာ့လန်က ပန်းဝတ်ရည်အနည်းငယ်ကို သိမ်းဆည်းထားပြီး ၎င်း၏ကိုယ်ပိုင်ဒီဇိုင်းများဖြင့် အိုးပေါက်စလေးများပေါ်တွင် ရိုက်နှိပ်ရောင်းချခဲ့သည်။ ပုလင်းတစ်လုံးကို ငွေသုံးတေးနှင့် တိုက်ရိုက်ဈေးပေးခဲ့သည်။ဤသည်က သူ့ဝတ်ရည်ကို လူကြိုက်များလားသိရန်ဖြစ်သည်။ယင်းက အဆင်ပြေလျှင် နောက်နှစ်မှာ ရောင်းအား တိုးလာနိုင်သည်။
ယခုနှစ် ရောင်းသူထံမှ ပန်းဝတ်ရည် စျေးနှုန်းနှင့် ပတ်သက်၍ ရန်သာ့လန် စျေးနှုန်း ကြီးကြီးမားမား မသတ်မှတ်ခဲ့ပေ။မည်သို့ပင်ဖြစ်စေ လုပ်ငန်းသည် ရေရှည်ဖြစ်ပြီး လက်ဖက်ရည်ဆိုင်၏ ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်သည်။ထို့ကြောင့် နှစ်ခုကို ထပ်ပေါင်းလိုက်သည်က တေးတစ်ရာ့ငါးဆယ်ပဲ ပိုရသည်။
"...တေးတစ်ရာ့ငါးဆယ်ပဲ"
မြောင်ဟယ်က ငွေအိုးကိုယူကာ ပွတ်သပ်လိုက်သည်။
"မြေဝယ်ချင်သေးလား"
"ဝယ်"
မြောင်ဟယ်က သူ့ဆီမှာ ပိုက်ဆံအများကြီး မထားတတ်သည့် အလေ့အကျင့်ကို ကျင့်သုံးလာသည်။လက်ထဲပိုက်ဆံရှိသည်နှင့် သူဌေးလက်သစ်တစ်ယောက်လိုပဲမြေဝယ်ရန်သုံးလိုက်သည်။သူက အဆက်မပြတ် အဝယ်လိုက်နေသည်၊မြောင်ဟယ်တို့ မိသားစု၏ မြေဧရိယာသည် တစ်ရွာလုံးထက် ပိုကျယ်နေပြီဖြစ်သည်။မြောင်ဟယ်တို့မိသားစုသည် ပေတုန်းမြို့သို့ ဦးတည်ရာ ရွာ၏ အနောက်ဘက် အစွန်ဆုံးဟု ယူဆရပြီး လယ်ယာမြေ အများစုသည် ၎င်းတို့၏ မိသားစုပိုင်ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အဆိုပါမြေများမှာ မြေရိုင်းများဖြစ်နေဆဲဖြစ်ပြီး မပြင်ဆင်ရသေးပေ။ရန်သာ့လန် မြေယာဂရန်ပဲလုပ်ထားပြီး ရွာလူကြီးကို ပြောကြားခြင်းမရှိသေးပေ။
တကယ်တမ်းပြောရလျှင် တောင်ထိပ်တစ်ခုက သူတို့အတွက် လောလောဆယ် အလုပ်လုပ်ရန် လုံလောက်သည်။
ဝတ်ရည်အလုပ်ပြီးသည်နှင့် စက်တင်ဘာလလောက်တွင် မန်ထိုနှင့် ဝေါ်ထိုတို့သည် တွားသွားတတ်လာကာ မြူးထူးစွာ တနေကုန် တွားသွားနေကြပြီး မြောင်ဟယ်မှာ ဖက်ဖက်မောနေခဲ့ရသည်။
အနောက်ဘက်မှတောင်က ၎င်း၏အလုပ်အများဆုံးကာလသို့ တရားဝင်ဝင်ရောက်လာပြီဖြစ်သည်။ မက်မွန်သီးတွေ မှည့်သည်၊ ပန်းသီးတွေ မှည့်သည် သစ်တော်သီးတွေက မှည့်လုနီးပါး။
မှည့်တော့မည့် အသီးအနှံတွေ အများကြီးရှိသည်ကို တွေ့ရပြီး အသီးထွက်နှုန်းက မျှော်လင့်ထားတာထက် အများကြီး ပိုမြင့်လာပြီး လက်ဖက်ရည်ဆိုင်ပင် ကုန်အောင် မသုံးနိုင်ပေ။
မြောင်ဟယ် သာမာန် ကုန်သည်တွေကို စျေးလျှော့ပြီး ရောင်းရသည်က သနားစရာလို့ ခံစားရသည်။ ရောင်းဈေးကျသွားလျှင် ပြန်တိုးဖို့ခက်မည်။
ဒီတော့ ငါတို့အားလုံး ယိုလုပ်သင့်လား ဒါမှမဟုတ် တခြားနေရာမှာ အသီးအနှံတွေ ရောင်းသင့်လား...
ရှေ့တစ်ခုက ပိုမိုလုံခြုံသော်လည်း ပိုမိုကောင်းမွန်သောမြေဆီလွှာမှ စိုက်ပျိုးထားသော ပိုမိုကောင်းမွန်သောမျိုးစေ့များ၏ အကျိုးကျေးဇူးများကို ရောင်ပြန်မဟပ်နိုင်ပေ။အထူးသဖြင့် ပြည့်ဖောင်းလုံးဝန်းသော အရွယ်အစား၊ အထူးသိပ်သည်းပြီး ပျော့ပျောင်းသော အသားနှင့် ချိုမြသော အရသာကို စစ်မှန်စွာ ဖော်ပြ၍ မရ။ နှမြောစရာဟု အမြဲခံစားရသည်။ နောက်ကတစ်ခုက အချို့သော စွန့်စားမှုများပါဝင်ပြီး ပိုမိုခက်ခဲသည်။
ရန်သာ့လန်က ဆုံးဖြတ်ချက်တစ်ခု တိုက်ရိုက်ချလိုက်သည်။
"ဆုမြို့ကို ရောင်းလိုက်"
"ဆုမြို့...ရှုသာ့ကောကိုအကူအညီတောင်းမလို့လား"
မြောင်ဟယ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း၊ မြောင်ရွှေမြို့ကိုဖြတ်သွားသောတူးမြောင်းတစ်ခုရှိပြီးနောက်မှတ်တိုင်မှာခရိုင်မြို့၏ဆိပ်ကမ်းဖြစ်သည်။ အခြားတစ်ဖက်သို့သွားလျှင် ဆုမြို့သို့ရောက်ရှိနိုင်သည်။ ထို့ကြောင့် ဆုမြို့သည် ကုန်းလမ်းပို့ဆောင်ရေးဖြင့် ဝေးကွာသော်လည်း ရေလမ်းဖြင့် သုံးရက်အတွင်း ရောက်ရှိနိုင်ပြီး အချိန်သည် တတ်နိုင်သောအကွာအဝေးအတွင်းသာရှိသေးသည်။
"ဟုတ်တယ်"
"သူတို့က ဈေးဝယ်ဖို့ လာတတ်တာမှန်တယ်...ဒါပေမဲ့ ကျွန်တော်တို့ကို ကူညီပေးဖို့ ဆန္ဒရှိနေလောက်အောင် မျက်နှာသာပေးမှုကကြီးပါ့မလား"
မြောင်သယ်က ချီတုံချတံဖြစ်၍နေသည်။
"ကျေးဇူးကြွေးတင်သွားလိမ့်မယ်...နောက်ကျ ပြန်ဆပ်မယ်"
မြောင်ဟယ် ရန်သာ့လန်၏ ပြင်ပစီရင်ချက်ကို ယုံကြည်သည်။သူက အင်းဟုပြောလျှင် ကောင်း၍ပင်။
"အဲ့ဒါဆို အသီးအနှံထုပ်ပိုးတာကို လေ့လာကြည့်ရအောင်... မျက်နှာသာပေးမှုကိုသုံးချင်ရင် ပုပ်တဲ့အသီးကို ပေးလို့မရဘူး"
***
ရက်အနည်းငယ်ကြာသောအခါ ရန်သာ့လန်က ရှုမိသားစုဆီသွားပြီး ဤကိစ္စကို ရှုမင်ကို ပြောပြလိုက်သည်။
ရှုမင်က အရည်ရွှမ်းသော မက်မွန်သီးကို ကိုက်လိုက်ပြီး နောက် စကားအပိုမဆိုဘဲ လိပ်စာကို ချက်ချင်း ချရေးလိုက်သည်။
ထိုအချိန်တွင် ရန်သာ့လန်မှတဆင့် မြောင်ဟယ်မှာယူထားသော သစ်သားသေတ္တာက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သစ်သားသေတ္တာများကို သူတို့၏ကိုယ်ပိုင်ဒီဇိုင်းများဖြင့် ရိုက်နှိပ်ထားပြီး သစ်သီးတစ်လုံးစီအတွက်အတွင်းပိုင်းတွင်အကန့်တစ်ခုစီပါရှိပြီး သယ်ယူပို့ဆောင်ရေးကာလအတွင်း အမှားအယွင်းများနည်းပါးစေရန်အတွက် ပတ်ပတ်လည်မှာ မြက်ခြောက်များဖြင့် ပြည့်နေပါသည်။ သစ်သားသေတ္တာ အကြီးအသေးလေးတွေရှိသည်။တချို့က သယ်ယူပို့ဆောင်ရေး အတွက် အထူးတလည် ဒီဇိုင်းထုတ်ထားပြီး တချို့က လက်ဆောင်ပေးရန်အတွက် သင့်လျော်သော ပစ္စည်းများဖြစ်လေသည်။
နောက်တစ်နေ့တွင် ရန်သာ့လန် မြောင်ဟယ် သတ်မှတ်ထားသော ၀တ်စုံအသစ်ကို ၀တ်ဆင်ကာ သေတ္တာဒါဇင်ပေါင်းများစွာကို သင်္ဘောပေါ်တင်သွားခဲ့သည်။ သုံးရက်လောက်ကြာသောအခါ ဆုမြို့ကို ရောက်သွားခဲ့သည်။