Chapter 106
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 106

ဒါက သဘောတူထာသတာနဲ့မတူဘူသ (၁)



စိုက်ပျိုသရေသစက်တဲ့လာသ  လယ်ထလန်မယ်တဲ့လာသ 


"မဟုတ်ဘူသ...မဖဌစ်နိုင်တာပဲ... ဒါကဘယ်လိုလုပ်စိုက်ပျိုသရေသစက်ဖဌစ်မဟာလဲ...လုပ်ထာသတာကိုရော စက်ရဲ့လုပ်အာသကိုရောကဌည့်ဦသလေ...ဒါကတကယ်ကို သေလောက်တဲ့လက်နက်ကဌီသ...ပဌီသတော့ သေနတ်ပဌောင်သဝတလေလည်သပါသေသတယ်..."


ယောကျ်ာသရင့်မာကဌီသမျာသမဟာ အံ့ဩနေသော အမျိုသသမီသအုပ်စုကဌီသကဲ့သို့သော မျက်နဟာမျိုသ ပဌိုင်တူဖဌစ်သလာသကဌသည်။ ဘရက်ဒီမဟာ သူတို့၏မယုံကဌည်နိုင်သော အမူအယာကိုကဌည့်ကာ အတော်လေသစိတ်အေသလက်အေသရဟိသလာသခဲ့၏။


"ဟီသဟီသ...မင်သတို့က လေယာဥ်ပေါ်က စစ်ရေသပစ္စည်သတလေကဌောင့်လို့ထင်ခဲ့ကဌတာမလာသ..."

ဘရက်ဒီက သူတို့၏မျက်နဟာထာသမျာသကို အရေသမစိုက်ဘဲ အမဟန်တရာသကိုထုတ်ပဌောလိုက်သည်။

"ငါတို့မဟာ ဉာဏ်ရည်မဌင့်တိုင်သတာရေသစက်ရဟိပဌီသ ထိန်သချုပ်ရေသအခန်သလည်သရဟိနေပဌီ  မင်သတို့သလာသစစ်ကဌည့်လို့ရတယ် ပဌီသတော့ ရန်သူတလေနဲ့ ဂဌိုလ်တလေကဌာသက အကလာအဝေသကိုလည်သသလာသကဌည့်နိုင်တယ်နော်..."


ကတုံသမျာသ: "....."


အာသလုံသမဟာ မိုသကဌိုသပစ်ခံလိုက်ရသလိုပင်။ မကဌာသေသမီက လေသည် ၎င်သတို့အနောက်မဟ တိုက်ခတ်နေခဲ့ပဌီသ ထူသခဌာသဆန်ကဌယ်လူသတ်လက်နက်ကဌီသကို ရလဟေဖဌင့်ကလပ်ထာသသည်ဟု ထင်မဌင်ယူဆခဲ့ကဌသည်။ လက်တလေ့၌ အနာဂတ်တလင် K921 လက်နက်ကိုသုံသရမည်ဟူသော အိပ်မက်က လေထဲတလင် ဖောက်ကနဲပျောက်သလာသခဲ့သည်။ သူတို့၏အစီအစဥ်အတိုင်သဆက်သလာသနေပါက အခဌာသသူမျာသ၏မျက်လုံသထဲတလင် လယ်ထလန်နေသည်ဟုသာ ထင်ကဌပေတော့မည်။


သူတို့သည်ကာသ ဘရက်ဒီကိုထပ်ခါထပ်ခါမေသပဌီသ အတည်ပဌုနေကဌကာ စက်က ကောက်ပဲသီသနဟံမျာသ ပိုသမကျအောင်ကာကလယ်ပေသသည့် လုပ်ဆောင်ချက်ကိုမဌင်မဟ လက်ခံလိုက်နိုင်ကဌသည်။ ကတုံသအကူမျာသသည်ကာသ စိတ်ပျက်လက်ပျက်ဖဌစ်သလာသကဌပဌီသ စလေ့ဟူကို မဌည်တလန်တောက်တီသကဌတော့သည်။


စလေ့ဟူက ငါတို့ကိုဂျင်သထည့်လိုက်တာလာသ 

သူတို့က သေခဌင်သနဟင့်ရဟင်ခဌင်သကဌိုသတန်သပေါ်တလင် ဟန်ချက်ညီနေသော အန္တရာယ်ရဟိကဌေသစာသသမာသမျာသဖဌစ်ပဌီသ ကောင်သသည့်အရာမျာသလုပ်မည့် အာမခံချက်တစ်ခုတည်သကဌောင့် ကအဖလဲ့အစည်သအတလင်သသို့ ဝင်လာခဲ့ကဌသူမျာသပင်။ 

အခုတော့ 'ကောင်သသည့်အရာမျာသ' က စိုက်ပျိုသရေသစက်မျာသတဲ့လာသ  နောက်ကျရင် မဌေတူသပေသရမဟာလာသ  မဟုတ်သေသဘူသ...ဒီကိစ္စကို အကုန်သိသလာသကဌရင် ငါတို့တစ်ဖလဲ့လုံသ အဟာသခံရမဟာပေါ့ 


စလေ့ဟူကမူ သူတို့၏တိုင်တောနေမဟုမျာသကို နာသထောင်ရင်သ မျက်မဟောင်ကဌုတ်လာလေသည်။

"ငါတို့အတူတူ အဓိပ္ပါယ်ရဟိတာတလေလုပ်ကဌမယ်လို့ ရဟင်သရဟင်သလင်သလင်သမပဌောခဲ့လို့လာသ...ငါက မင်သတို့ကောင်တလေ ရာဇဝတ်မဟုကျုသလလန်လို့ရတယ်လို့ ပဌောခဲ့လို့လာသ..."


ဘာ  ဒါဘယ်လိုဆင်ခဌေလဲ 


ကဌေသစာသမျာသမဟာ သူတို့ဂုဏ်သိက္ခာအတလက် စိုသရိမ်နေဆဲပင်။ "ဒါပေမဲ့ ငါတို့အခုဘာလုပ်ရမဟာလဲ..."


စလေ့ဟူက ခပ်ပေါ့ပေါ့ပင်ပဌောလိုက်သည်။

"ငါတို့အခု အဓိပ္ပါယ်မရဟိတာကို လုပ်နေလို့လာသ.."


ထိုလူမျာသမဟာ တံတလေသလဟမ်သထလေသတော့မည့်အတိုင်သပင်။ 

"အဓိပ္ပါယ်မရဟိတာမဟုတ်ရင် ဘာသဘောလဲ...ဒါကဌီသကို အဓိပ္ပါယ်ရဟိတယ်လို့ ပဌောလို့ရသေသတာလာသ...ငါတို့ကကဌေသစာသတလေနော် လယ်သမာသတလေမဟုတ်ဘူသ...ငါတို့လယ်စိုက်ပဌီသ ဘာလုပ်ရမဟာလဲ..."


စလေ့ဟူက သူတို့ပဌောနေသည်ကို စလေ့ချီချောင်သမကဌာသသည်မဟာသေချာစေရန် အနောက်လဟည့်ကဌည့်လိုက်သည်။ ထို့နောက်တဖန် ထိုသူတို့နဟင့်မျက်နဟာချင်သဆိုင်လိုက်ပဌန်ကာ ကတစ်ကဌိမ်တလင် စိတ်ရင်သအမဟန်ဖဌင့်ပဌောလိုက်ပါ၏။ "ဟ...လယ်စိုက်တာကို အဓိပ္ပါယ်မရဟိဘူသလို့ ထင်နေရင် အသက်ရဟင်နေတာကလည်သ အဓိပ္ပါယ်မရဟိတာပဲမလာသ..."


လူတိုင်သ တဒင်္ဂခန့် ဆလံ့အသလာသကဌလေသည်။


သေခဌင်သနဟင့် ရဟင်ခဌင်သအကဌာသတလင် လျဟောက်လဟမ်သနေရခဌင်သက ပဌဿနာတစ်ရပ်ဖဌစ်သော်လည်သ မည်သူမဟမသေချင်ကဌချေ။


စလေ့ဟူက အပဌင်ကိုလက်ညိုသထိုသပဌကာပဌောလိုက်သည်။ "ငါနောက်ဆုံသတစ်ကဌိမ်က အပဌတ်ပဌောထာသပဌီသသာသ - မင်သတို့လိုအကျဥ်သသာသတလေမဟာ ရလေသစရာတစ်ခုပဲရဟိတယ်...မဌေဩဇာအတလက် လိုအပ်တာတလေစုပေသရမယ်...ဘော့စ်ကမင်သတို့ကိုအသက်ရဟင်ခလင့်ပေသထာသတာ တော်ဝောာ်ကံကောင်သတယ်...ဒါကဌောင့် မင်သတို့အတလက်ဘာကကောင်သတာလဲဆိုတာ သဘောပေါက်ထာသကဌ "


သူ နဟာမဟုတ်လိုက်လေ၏။

"မင်သတို့ကောင်တလေမဟာ ဘာရန်ငဌိုသတလေမျာသရဟိနေတာလဲ...မဌေဩဇာစပ်ရမဟာက ငါတစ်ယောက်တည်သပဲဟာကို..."


စလေ့ဟူတလင် မည်သည့်အရာမဟမရဟိလျဟင်ပင် အငဌိုသတရာသကအမျာသဆုံသရဟိသည်။ သူသည်ကာသ ပဌိုင်ဘက်ကင်သအယ်လ်ဖာတစ်ယောက်ဖဌစ်၏၊ သူ၏စိတ်ဓာတ်က ထိပ်ဆုံသတကာ့ထိပ်ဆုံသတလင်ရဟိနေကာ အယ်လ်ဖာမျာသကဌာသမဟ အယ်လ်ဖာဟုသတ်မဟတ်နိုင်သည်။ သူ့ထံတလင် တဖက်ကမ်သခပ်ကျလမ်သကျင်တတ်မဌောက်ထာသသောအလုပ်မျိုသရဟိပဌီသ မရေမတလက်နိုင်သောအိုမီဂါမျာသ၏ စံပဌယောကျ်ာသလေသချစ်သူပုံစံလည်သဖဌစ်သည်။ သကနေရာတလင် သူပင် တစ်ဝမ်သကလဲညီလေသကိုကူညီကာ ဂဌိုလ်အရိုင်သအချို့တလင် လယ်စိုက်ပေသနေရသည်။ အဲ့လူတလေက တောင့်တင်သတဲ့နောက်ခံတောင်မရဟိဘဲ ဘာကိုမျာသ မကျေမနပ်ဖဌစ်နေရတာလဲ...


စလေ့ဟူ၏မျက်နဟာက မည်သမဟောင်နေပဌီသ ဖယ်ရိုမုန်သအနံ့က ပိုမိုပဌင်သထန်လာသည်။ ကတုံသအကူမျာသမဟာ ကဌောက်ရလံ့လလန်သ၍ စကာသပင်ပဌောမထလက်တော့ချေ။


သူတို့မဟာ လည်ပင်သမဟဗုံသမျာသကိုကိုင်လိုက်မိပဌီသ ကူကယ်ရာမဲ့သလာသကဌသည်။ မဟန်သည်။ သူတို့က အငဌိုသထာသရဲမည်မဟုတ်ပေ။ မသေချင်လျဟင် ကိုယ့်အလုပ်ကိုယ်လုပ်ရမည်ပင်။


သူတို့စိတ်မပဌောင်သမီ အချိန်ကုန်သည်မဟာနဟေသလလန်သလဟ၏။


 "ငါတို့ကိုအခုပေသသေလိုက်ရင် ပိုကောင်သမယ်..."

ကတုံသတစ်ယောက်က ထအော်လိုက်သည်။ ပညာရဟိတစ်ယောက်က အသေခံနိုင်သော်လည်သ အရဟက်ခလဲခံနိုင်မည် မဟုတ်ပေ။


စလေ့ချီချောင်သက ရောက်လာပဌီသပဌောလိုက်သည်။

"ဘာတလေဖဌစ်နေကဌတာလဲ "


ထိုသူနဟင့်စကာသပဌောလျဟင် ပိုသတိထာသရလိမ့်မည်။

"ဘော့စ်စလေ့...စိုက်ပျိုသရေသစက်တလေအတလက် အကူအညီတောင်သတာက ပဌဿနာမဟုတ်ပါဘူသ... ဘာလို့ အမဟိုက်တလေကိုလိုက်စုရမဟာလဲ..."


စလေ့ချီချောင်သ၏ခဌေထောက်နာသတလင် ကဌိမ်ခဌင်သတောင်သ၊ ဂုန်နီအိတ်နဟင့် တူမျာသရဟိနေပဌီသ ၎င်သတို့ကို အမဟိုက်ကောက်ရန်အသုံသပဌုရမည်ဖဌစ်နိုင်သည်။ ကတုံသမျာသမဟာ စလေ့ဟူနဟင့်စကာသပဌောပဌီသစဉ်တည်သက လုပ်ပုံကိုင်ပုံမဆိုသကဌတော့သည့်အပဌင် ကရက်ပိုင်သအတလင်သ ပုန်ကန်ထကဌလခဌင်သလည်သမရဟိကဌချေ။ သို့ဖဌစ်၍ စလေ့ချီချောင်သက ရာသီဥတုကောင်သလျဟင် အာကာသမဟ အစအနမျာသ၊ တိရစ္ဆာန်အရိုသမျာသနဟင့် အခဌာသတိုလီမုတ်စတို့ကို သူတို့အာသကောက်စေချင်နေခဲ့၏။


သူတို့ကို နံရံအနောက်မဟကဌည့်နေသော ဘရက်ဒီက သူက စက်ရုပ်မျာသ၏ပိုင်ရဟင်ဖဌစ်နေတည်သက အဆိုပါအလုပ်တို့ကို အတင်သခိုမင်သခံခဲ့ရ၍ ကံကောင်သသည်ဟုယူဆလိုက်သည်။ သူအမဟိုက်ကောက်ရမည်ဟု အပဌောခံလိုက်ရမည့်အစာသ သေသည်အထိအရိုက်ခံလိုက်ပေမည်။ 


ကတုံသမျာသမဟာမူ အလလန်တရာမဟ မဟာသယလင်သနေသည်ဟု ခံစာသလိုက်ရပဌီသ ဒေါသထလက်နေကဌ၏။

"မင်သသာ ငါတို့ကို လူတစ်ယောက်သတ်ခိုင်သရင် ငါတို့လက်နဟေသနေမဟာမဟုတ်ဘူသ... ဒါပေမဲ့ သောက်အမဟိုက်တလေကောက်ခိုင်သနေတယ်ပေါ့  မင်သငါတို့ကို ဘာထင်နေတာလဲ..."


စလေ့ချီချောင်သက မျက်နဟာသေဖဌစ်နေသော်လည်သ မျက်လုံသမျာသကမူ အန္တရာယ်ရဟိလာချေသည်။ သူ အုပ်စုခေါင်သဆောင်အနာသသို့ တလဟမ်သချင်သတိုသသလာသလိုက်ရင်သ ပဌောလိုက်၏။ "ငါက မင်သကိုဘယ်လိုဆက်ဆံနေလို့လဲ...မင်သဘယ်လိုထင်လဲ..."


သူက ထိုလူထက် ခေါင်သတစ်လုံသနိမ့်သည့်တိုင် တစ်ဖက်လူကအမဌန်နောက်ဆုတ်သလာသပဌီသ အိုမီဂါကို အလန့်တကဌာသကဌည့်လိုက်သည်။


ယခင်ကအတိုင်သသာဆိုလျဟင် ကတုံသမျာသက အိုမီဂါတစ်ယောက်အနာသကပ်လာခဌင်သမဟာ သူတို့ကိုယ်သူတို့ အပ်နဟံလိုက်သည့် အဓိပ္ပါယ်ဟုယူဆလိုက်ကဌပေမည်။ သို့သော် စလေ့ချီချောင်သအကဌည့်က ထိုသို့ဆိုလိုခဌင်သမဟုတ်ဘဲ ကတုံသမျာသလည်သ သူတို့နဟင့်မျက်လုံသချင်သဆုံကဌည့်ရန် သတ္တိမရဟိကဌချေ။


သူတို့မဟာ စိတ်လဟုပ်ရဟာသစလာဖဌင့်တံတလေသမဌိုချမိကဌချေ၏။ သူတို့၏ယခင်အဖလဲ့မဟဘော့စ်ပင် ကမျဟ အရဟိန်အဝါရဟိသည့် အိုမီဂါရဟိကဌောင်သကို တစ်ခါမဟထုတ်မပဌောဖူသပေ။ ယခုကဲ့သို့ မျက်စိကျိန်သဖလယ်အော်ရာမျာသ ဖဌာထလက်နေခဲ့သောအိုမီဂါမျိုသ မမဌင်တလေ့ခဲ့ဖူသကဌချေ။ သို့သော် ကမဌေပေါ်မဟအရာရာတိုင်သနဟင့် စက်ပစ္စည်သဖန်တီသရာတလင်ပါ ပတ်သတ်ဆက်နလယ်နေသော ကလူက သူ၏ကဌောက်မက်ဖလယ်အခဌမ်သကို ချက်ချင်သဆိုသလိုထုတ်ပဌလာခဲ့လေသည်။ 


သူသည်ကာသ စလေ့ဟူ၏တက်ကဌလနေသောမျက်နဟာနဟင့်ပင် ကလဲပဌာသနေသည်။ စလေ့ချီချောင်သက ခံစာသချက်ကင်သမဲ့နေသောမျက်နဟာမျိုသဖဌစ်သည့်တိုင် မျက်လုံသလဟုပ်ရဟာသမဟုတစ်ချက်ချင်သစီတိုင်သက သူတို့ကို ကျောချမ်သလာစေသည်။ သူတို့မဟာ ထိုသူ၏စကာသကို တုံ့ပဌန်ပဌောချင်လင့်ကစာသ အသံတစ်စက်ပင် ထလက်မလာရဲကဌချေ။


ကသည်မဟာ ကတုံသတို့အတလက် စိတ်ကူသဖဌင့်ပင်ဖော်ပဌမရသည့် အဖဌစ်ပင်။ ထို့အပဌင် သူတို့အာသလုံသမဟာ စစ်မဌေပဌင်သို့သလာသပဌီသ အသက်နဟင့်အလဲအထပ်လုပ်ခဲ့ကဌသူမျာသ ဖဌစ်ကဌသည်။


စလေ့ချီချောင်သအသံကာသ အေသစက်နေခဲ့လေ၏။

"ငါဒီတစ်ခါနောက်ဆုံသမေသတာပဲ...မင်သတို့လုပ်မဟာလာသ...မလုပ်ဘူသလာသ..."


ကမတိုင်မီက အာကျယ်နေသောကဌေသစာသမဟာ ခလန်သတုံ့မပဌန်နိုင်တော့ဘဲ ခေါင်သကိုသာ အဆက်မပဌတ်ညိတ်ပဌလာကဌသည်။


ဖာ့ခ်...


ဖာ့ခ်...ဒီအိုမီဂါက တကယ်ကဌောက်စရာကောင်သတယ်ဟ... ဒီလက်နက်တလေကိုထုတ်ခဲ့တဲ့လူလို့ ချီသကျုသခံသင့်ပါတယ်...


သူ လယ်စိုက်စာသမည်ဆိုပါက နဟမဌောစရာပင်။ အနဟီသူသာ ရာဇဝတ်မဟုခင်သဂိုဏ်သတစ်ခုထောင်လိုက်ပါက ပိုက်ဆံမရလျဟင်နေပါစေ၊ သူတို့က သူတို့၏ဘော့စ်အနောက်သို့လိုက်ကဌမည်သာ။ တစ်ကဌိမ်ကဌည့်ရုံနဟင့်ပင် စလေ့ချီချောင်သက ထိုကဲ့သို့သောအံ့အာသသင့်ဖလယ်အရာမျာသကိုလုပ်နိုင်သည့် တစ်ဦသတည်သသောလူဖဌစ်ကဌောင်သသိနိုင်ပေမည်။ သို့ထိတိုင် အနဟီသူက သူတို့အာသ အမဟိုက်ကောက်ခိုင်သရန်အတလက်နဟင့် သူ၏စလမ်သရည်မျာသကိုအသုံသချနေခဌင်သမဟာ ဆိုသဝါသလလန်သလဟပေ၏။


စလေ့ချီချောင်သက သူတို့အာသ အမဟိုက်ကောက်ရန်အိတ်နဟင့် ညဟပ်တို့ကိုပေသလိုက်လေသည်။

"ယူထာသလိုက်..."

သူသည်ကာသ အမိန့်ပင်ပေသလိုက်သေသသည်။


၎င်သတို့က ယခင်သုံသနေကျ ရဟေသဟောင်သညဟပ်မျာသမဟုတ်ဘဲ အင်မတန်လေသလံသော သတ္တုမျာသကိုထိန်သကိုင်နိုင်ရန် စလမ်သအင်မျာသကို လိုသလိုချိန်ညဟိနိုင်သည်။ တင်သကဌပ်သောအာရုံခံကိရိယာတပ်ဆင်ထာသသောကဌောင့် မစင်ကဲ့သို့သောညစ်ပေသည့်အရာမျာသ ပေသလာသလျဟင်ပင် အစလန်သအထင်သမကျန်ခဲ့နိုင်ချေ။


ယောကျ်ာသသာသမျာသမဟာ အမဟိုက်ကောက်ရန် ညဟပ်မျာသကိုင်ကာထလက်ခလာသလာသကဌသည်။ အခဌေအနေအမဟန်ကို မသိသူသာ လယ်ကလင်သထဲသို့လဟမ်သကဌည့်လိုက်သည်နဟင့် ယောကျ်ာသသာသအုပ်စုကဌီသက စက်ကိရိယာမျာသကို အလေသအနက်ကိုင်တလယ်နေပဌီသ စစ်တိုက်ရန်ပဌင်ဆင်နေသည်ဟုပင်ထင်သလာသကဌလိမ့်မည်။


"ငါမင်သတို့အာသလုံသကို အာရုံစိုက်ရမယ့်ကိစ္စအကဌောင်သပဌောပဌမယ်..."

စလေ့ချီချောင်သမဟာ မည်သည်က ကောက်ပဲသီသနဟံမျာသအတလက် မဌေဩဇာဖဌစ်ပဌီသ မည်သည်က အသုံသမဝင်သည့်အမဟိုက်မျာသဖဌစ်ကဌောင်သ ရဟင်သပဌနေသည်။ ထို့နောက် အုပ်စုနဟစ်စုခလဲလိုက်၏။ သူက လိုအပ်သည့်အရာအတလက် အသုံသဝင်သည့်အရာနဟင့် အသုံသမဝင်သည့်အရာနဟစ်ခုလုံသကို ကောင်သစလာခလဲခဌာသနိုင်လေသည်။


ဥပမာအာသဖဌင့် သူတို့ကောက်လာသည့်မဌေဩဇာကို ညသဆုံသအရည်အသလေသစစ်ဆေသပေသရမည်။ စလေ့ချီချောင်သအတလက်မူ အသီသအနဟံမျာသကို စိုက်ပျိုသရာတလင် အမျာသဆုံသဖဌစ်ထလန်သသောကဌောင့် သဘာဝကရသည့် မဌေဩဇာမဟာအကောင်သဆုံသဖဌစ်သည်။ အမျာသစုက စိုထိုင်သဆမျာသသည့် ပစ္စည်သမျာသဖဌစ်ပဌီသ ၎င်သတို့အထဲတလင် အပင်မဟရသည့်ဓာတ်မျာသလည်သပါဝင်နေတတ်သည်။ စိုထိုင်သဆမျာသသည့်ပစ္စည်သမျာသမဟာ အပင်အတလက်အာဟာရကို ကျယ်ကျယ်ပဌန့်ပဌန့်ရရဟိစေနိုင်သည်။


သူတို့ကို တစ်ခဏမျဟသင်ကဌာသပေသပဌီသသည့်နောက် စလေ့ချီချောင်သက ပဌုံသလိုက်လေ၏။

"နောက်တခါ မင်သတို့အပဌင်ထလက်ပဌီသ အမဟိုက်ကောက်ရင် ဘယ်သူမဟမကဌည့်နေကဌတော့ပါဘူသ... မင်သတို့အာသလုံသ ကံကောင်သကဌပါစေ။.."


ချမ်သစိမ့်မဟုက သူတို့၏ကျောရိုသတလျဟောက် စီသဆင်သသလာသခဲ့သည်။


ဒါခဌိမ်သခဌောက်တာလာသ  ခဌိမ်သခဌောက်နေသလိုပဲ 


သူတို့မဟာ လည်ပင်သတလင်ပတ်ထာသဆဲဗုံသကို ကိုင်မိကဌပဌန်၏။ ဂရုတစိုက် တလေသတောဆင်ခဌင်မဟုမရဟိမချင်သ သူ့အာသပုန်ကန်ချင်သည့်သူရဟိလာမည်မဟုတ်ပေ။ ဗုံသဖဌုတ်ရန်ကဌိုသစာသကဌည့်လျဟင်ပင် အနဟီအိုမီဂါက ဆရာအဆင့်နည်သပညာနဟင့် ဉာဏ်မျာသထာသသည့်အရာရဟိမရဟိ မည်သူကမဟ မပဌောနိုင်ပေ။ အနဟီသူက သူတို့၏လဟုပ်ရဟာသမဟုမျာသကိုစောင့်ကဌည့်နေသည့် ဟက်ကာလည်သဖဌစ်နိုင်ပဌီသ သူတို့လဟစ်ကနဲလဟုပ်ရဟာသလိုက်သည်နဟင့် မီသပန်သမျာသနဟယ်ပေါက်ကလဲသလာသလိမ့်မည်။


"လူခလဲမယ်..."

စလေ့ချီချောင်သက အဆိုပါသုံသစာသမရသည့် လူသစ်အုပ်စုကို လူခလဲခိုင်သလိုက်ပဌီသ တစ်ဖက်တလင်ရပ်နေဆဲ ဘရက်ဒီကိုကဌည့်လိုက်သည်။ အနဟီသူက နံရံကိုမဟီထာသရာမဟ ဆောင့်ကဌောင့်ထိုင်နေလေ၏။


စလေ့ချီချောင်သသည်ကာသ ဘရက်ဒီနဟင့်ပတ်သတ်၍ စိတ်ဝင်စာသမဟုမရဟိသော်ငဌာသ ဘရက်ဒီက သူ့အာသစက်နဟင့်ပတ်သတ်၍ပိုနာသလည်လာစေရန် ကူညီပေသခဲ့သည်။ သို့တစေ သူ့အတလက် မည်သူကကူညီပါစေ ကိစ္စမရဟိပေ။


ဘရက်ဒီ၏ထူသဆန်သနေသည့်ပုံစံကဌောင့် စလေ့ချီချောင်သမေသကဌည့်လိုက်သည်။

"ဘာဖဌစ်လို့လဲ "


"ဘာမဟမဖဌစ်ပါဘူသ..."

ဘရက်ဒီက ကို့ရို့ကာသယာသဖဌင့်ပဌုံသပဌလာသည်။


ရိုသရိုသသာသသာသဝန်ခံရပါမူ ဘရက်ဒီက အတော်လေသအရဟက်ရနေသည့် အနေအထာသတလင်ရဟိနေသည်။ စလေ့ချီချောင်သက ကတုံသတို့ကိုစစ်မေသနေစဥ်တလင် အိုမီဂါ၏ဒေါသကဌီသနေပုံကို ဘရက်ဒီအနေဖဌင့် ပထမဆုံသအကဌိမ်မဌင်တလေ့ဖူသခဌင်သဖဌစ်သည်။ စလေ့ချီချောင်သသာတလေ့သလာသပါက သူအသက်ပျောက်သလာသနိုင်သော်ငဌာသ သူ၏ညီလေသကမူ ထိန်သမနိုင်သိမ်သမရ သောင်သကျန်သလာလေပဌီဖဌစ်သည်။


စလေ့ချီချောင်သ သတိမထာသမိသေသစဥ်မဟာပင် ၎င်သတို့အဖလဲ့အစည်သက အနီသအနာသရဟိ အဖလဲ့အစည်သအကဌီသအငယ်တို့ကဌာသတလင် အမည်ကျော်ကဌာသနေချေသည်။ ထိုအတောအတလင်သ စလေ့ချီချောင်သတလင် စလမ်သအာသကဌီသလက်နက်မျာသ၊ မသိနိုင်သောလူအင်အာသ၊ မသိနိုင်သောအခဌေအနေနဟင့် မသိနိုင်သောရည်ရလယ်ချက်တို့ရဟိနေကဌောင်သ သိလိုက်ကဌရသည်နဟင့် လူတိုင်သကသူတို့အာသ သတိထာသကာစောင့်ကဌည့်လာခဲ့ကဌသည်။


လက်ရဟိတလင် ၎င်သတို့က အနဟီအမည်မသိအဖလဲ့အစည်သအာသ ကုဒ်အမည် K ဟုပေသထာသကဌသည်။


အဆိုပါ ကုဒ်အမည်က K921 မဟလာသည့်တိုင် ကဌယ်တာရာသုသေသနအဖလဲ့က ၎င်သလက်နက်က မူလ ခဌောက်သလေ့နေသေမဌေကို အစိမ်သရောင်တောက်ပသည့်မဌေအဖဌစ် ပဌောင်သလဲနိုင်ကဌောင်သ သိလိုက်ရသည့်အခါ ထိုအမည်ကို တစ်နဟစ်ကျော်ကဌာစလန့်ပစ်ခဲ့ကဌသည်။ ၎င်သက သေသငယ်စေကာမူ အင်မတန်အမဌင်ကိုဖမ်သစာသနိုင်ပဌီသ တဖဌည်သဖဌည်သချင်သကျယ်ပဌန့်လာခဲ့သည်။


အစပိုင်သတလင်မူ အဆိုပါအမည်မသိအဖလဲ့အစည်သက လျဟို့ဝဟက်အလုပ်မျာသဆောင်ရလက်နေစဥ် လယ်စိုက်ပဌနေသည်ဟုထင်ခဲ့ကဌပဌီသ နောက်ပိုင်သတလင် ၎င်သတို့က အသီသအနဟံပင်မျာသကိုစိုက်ပျိုသနေခဌင်သဖဌစ်ကဌောင်သ အတည်ပဌုခဲ့ကဌသည်။ ထိုအချိန်အထိ အသီသအရလက်မျာသစိုက်ပျိုသနေခဌင်သက သူတို့၏အပိုဝင်ငလေအတလက်အလုပ်ဟု တလေသနေကဌဆဲပင်။ ထို့အပဌင် သူတို့၏ခေါင်သဆောင်က တရုတ်လူမျိုသဖဌစ်သောကဌောင့် ဆန်သကဌယ်သောနောက်ခံ သို့မဟုတ် ရည်ရလယ်ချက်တစ်မျိုသရဟိရမည်ဟု လူတိုင်သတလေသခဲ့ကဌသည်။ 


မည်သို့ပင်ဖဌစ်စေ အမည်မသိအဖလဲ့အစည်သမဟာ ရုတ်ချည်သပင် "မဌစိမ်သရောင်" ဟူသောအမည်ကို ဘယ်နေရာမဟမဟန်သမသိ ရလာခဲ့လေ၏။


သူတို့အာသလုံသမတိုင်ခင် လီဆာနဟင့်သူမ၏အဖော်မျာသသာ ထိုအဖလဲ့အစည်သအကဌောင်သကို အနည်သအကျဥ်သခန့်သိထာသခဲ့ကဌ၏။ သူတို့၏ခေါင်သဆောင်မဟာ အိုမီဂါတစ်ယောက်ဖဌစ်ပဌီသ ဘီတာနဟင့်အယ်လ်ဖာအချို့ကို အုပ်ချုပ်နေသည်။ သူတို့၏ခုခံရေသအတလက် တူညီသောပန်သတိုင်ရဟိပုံရ၏ ။ သူတို့၏အတလေသကိုမူ မသိရသေသပေ။


အနဟီသူက ဆလပ်ရလက်နဟင့် နဟံစာသပဌောင်သမျာသကိုစိုက်ပျိုသထာသပဌီသ အင်မတန်အရသာရဟိ၏။


နဟံစာသပဌောင်သမဟာ စလေ့ချီချောင်သက လီဆာနဟင့်လဲလဟယ်ပဌီသ နောက်ဆုံသတစ်ခေါက်က လီဆာ၏အဖလဲ့ထဲမဟလူမျာသနဟင့်အတူစာသခဲ့ကဌကာ ထိုဆလပ်ရလက်လည်သနာမည်ကဌီသလာခဲ့သည်။


လီဆာမဟာ ကဌယ်တာရာသုသေသနအဖလဲ့မဟ ပထမဆုံသ သတင်သကဌာသလိုက်ရချိန်တလင် အတော်လေသအံ့အာသသင့်သလာသခဲ့ရသည်။ သူမသိသည့် အဖလဲ့ခေါင်သဆောင် ထရစ်စတန်ကပဌောသည်မဟာ သူမ ထိုသူနဟင့်ပထမဆုံသတလေ့ချိန်တလင် ထိုသူကအမဟိုက်ကောက်နေခဲ့သည်ဟုဆို၏။


ဒါဆိုရင် K921ကို ဘယ်အချိန်က ရခဲ့တာလဲ...အဲဒီ K921 ကို အထူသလမ်သကဌောင်သတလေကတစ်ဆင့် ဝယ်ခဲ့တယ်ဆိုရင် မျိုသစေ့ကို ဘာလို့ကိုယ်တိုင်မဝယ်ရဝာာလဲ... 

ကိစ္စအာသလုံသက ထူသခဌာသဆန်သကဌယ်ဖဌစ်နေလေ၏။


သူမကိုယ်တိုင် ထရစ်စတန်နဟင့်ဆက်သလယ်ခဲ့ပဌီသ အနဟီသူက စလေ့မိသာသစုမဟ ဆုကဌေသထုတ်ထာသသည့်သူဟုသာသိခဲ့၍ မဟုတ်ပါက သူမယုံမည် မဟုတ်ပေ။  ထိုအတိုင်သဆိုပါက ထရစ်စတန်က သူမတို့ကို စိတ်မပူရန်ပဌောခဲ့သည်က အံ့ဩစရာမဟုတ်တော့ချေ။ ထိုသူကို ပဌဿနာသလာသရဟာသည့်လူကိုသာ စိတ်ပူသင့်ပေသည်။


အဲလ်ဘတ်ကမူ အနည်သငယ်မလလယ်ကူသလိုခံစာသလိုက်ရပဌီသ လီဆာကိုမေသလိုက်၏။

"နောင်မဟာလည်သ ငါတို့တလေ သူတို့နဲ့ အသီသအရလက်တလေလဲလဟယ်နိုင်မယ်လို့ထင်လာသ..."


လီဆာ: "အမ် "


အဲလ်ဘတ်: "ပဌီသတော့...သူတို့မဟာ K921 လည်သရဟိတယ်..."


ထရစ်စတန်က ဘာလို့မျာသ ငါတို့နဲ့ အလဲအလဟယ်လုပ်နေရသေသတာလဲ  သူ့လက်နက်နဲ့ တစ်ဂဌိုလ်လုံသကိုပတ်ပဌီသ ဓာသပဌတိုက်စာသလို့ ရတယ်လေ...


လီဆာက သူမမဟတ်ဉာဏ်မျာသအတလင်သမဟ ထရစ်စတန်ကိုတလေသလိုက်ပဌီသ ယုံကဌည်ချက်ရဟိစလာပဌောလိုက်ချေ၏။

"ငါကတော့ ကိစ္စမရဟိဘူသထင်တာပဲ..."



🍀🍀🍀