သူငယ်ချင်းလေး မင်းကသေသွားခဲ့ပြီ
ယောင်စစ် အခုတလောသူ့ကိုယ်သူတစ်ခုခုမှားနေတယ်ဟု ခံစားနေရသည်။ သူကပုံမှန်ဆိုသစ်တုံးကြီးတစ်တုံးလိုအိပ်သွားတတ်ပြီး မိုးကြိုးပစ်ရင်တောင်မှမနိုးတတ်ပေ။ သို့သော်လည်း သူမ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်ကစ၍လုံးဝအိပ်မပျော်ခဲ့သည့်အပြင် ပို၍ထူးဆန်းသည့်အရာမှာထိုသို့ရက်ပေါင်းများစွာမအိပ်စက်ခဲ့သော်လည်း စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွနေခြင်းပင်။
သူမ၏ခါးကလဲမနာတော့ပဲ ခြေထောက်များသည်လည်း အားနည်းချိနဲ့မနေတော့ပေ။ နှစ်ပေါင်းများစွာသူမကိုနှောက်ယှက်နေကြ ဓမ္မတာကပင်သူမဆီအလည်မလာတော့ချေ။ အသက်တစ်ရှိုက်အတွင်းပင် လှေကားဆယ်ထပ်လုံးကိုအေးဆေးတက်နိုင်နေပေသည်။
သူမ၏အစာစားချင်စိတ်ကပို၍ပင် ထူးဆန်းနေလေသည်။ သူမတစ်သက်လုံး ငရုတ်သီးအစပ်ချစ်သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် ယခုတွင်တော့ ငရုတ်သီး၏နီနီရဲရဲအရောင်ကိုမြင်လျှင်ပင် ဗိုက်အောင့်လာသည်။
အစက သူမ၏အိပ်မပျော်သည့်ရောဂါကြောင့် အစာအိမ်နှင့်သရက်ရွက်အားနည်းနေသည်ဟုထင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့် ဒီလောက်မရိုးရှင်းတော့ဘူးဟု သိလာသည်။ ငရုတ်သီးအစပ်မစားနိုင်တော့ရုံတင် မဟုတ်ပဲ ခံတွင်းပျက်ရောဂါရှိနေသည့် လူတစ်ယောက်လို အစားအသောက်စားချင်စိတ် ပျောက်ဆုံးသွားခြင်းဖြစ်နေသည်။ သို့သော်မထင်မှတ်ထားသည့်အရာမှာ သူမအကြည့်တစ်ချက်ပင်မစွန့်ကြဲခဲ့ဖူးသော ဘဲသွေးခဲကိုသာ အလွန်အမင်းစားချင်စိတ်ဖြစ်နေခြင်းဖြစ်လေသည်။
"ဟေး.. ကောင်မလေး မင်းငါ့ရဲ့ဘဲသွေးခဲတွေကိုထိုင်ကြည့်နေတာ နာရီဝက်လောက်ရှိနေပြီနော်..မင်းဝယ်မှာလားမဝယ်ဘူးလား"
"ဟမ်.."
စစ်စစ်တစ်ယောက်ကြောင်တောင်တောင်ဖြစ်သွားသည်။ သူမ၏မျက်လုံးများသည် စင်ပေါ်ရှိအနီရဲရဲအရာများပေါ်တွင်သာ ကော်နှင့်ကပ်ထားသလိုဖြစ်နေပြီး စိတ်နှင့်လူနှင့်မကပ်သေးချေ။
"ဝယ်မှာလား... မဝယ်ဘူးလား"
"ဘာတွေတုံ့ဆိုင်းနေစရာများရှိလို့လဲ မင်းစားချင်ရင်ဝယ်လိုက်ပေါ့"
ဆိုင်ရှင်က စိတ်အားထက်သန်စွာဖြင့် သူ၏လုပ်ငန်းပိုင်းဆိုင်ရာကိုကျွမ်းကျွမ်းကျင်ကျင်ကြော်ငြာဝင်လေသည်။
"ညီမလေး မင်းမှာအမြင်ကောင်းရှိတာပဲ.. ငါ့ရဲ့ဘဲသွေးက ဒီတစ်ဈေးလုံးမှာအကောင်းဆုံးပဲ ဒီအရောင်လေးကိုကြည့်လိုက်ပါဦး ဒီလိုမျိုးကိုဘယ်မှာမှရှာဝယ်မလို့မရဘူးနော်.. ဒါကိုသွေးခဲလုပ်လိုက်တယ်ဆိုတော့ဘယ်လောက်တောင်အရသာရှိလိုက်မလဲ"
"ဒါပေါ့ကွ.. ဒီဘဲသွေးတွေက လတ်လတ်ဆတ်ဆတ်ဒီနေ့မှအသတ်ခံထားရတဲ့ ဘဲတွေဆီကယူလာတာလေ"
"ဒါက အရမ်းလတ်ဆတ်မှာပဲနော် ဟားဟားဟား"
ပြီးတော့ အနံ့ကလည်း အရမ်းအရသာရှိတာပဲ...
"တစ်ကီလိုဝက်ကိုမှ နှစ်ဒေါ်လာတည်းနော် .. ဈေးပေါပြီးတန်တယ်မလား"
"အင်း"
အနံလေးကလည်းအရမ်းကိုကောင်း အရမ်းကိုကောင်း ကောင်းမှကောင်းပဲ...
"အခွင့်အရေးဆိုတာ လွယ်လွယ်မရဘူးနော်.. ငါ့ရဲ့ဘဲသွေးခဲတွေက အရမ်းရောင်းကောင်းတာ မင်းနေ့လည်မှလာမယ်ဆိုရင် ဘာမှကျန်တော့မှာမဟုတ်ဘူးနော်"
ဆိုင်ရှင်က ဘဲသွေးခဲတစ်ခဲကို မယူလိုက်ပြီး သူ့လက်ထဲမှာတင်ပဲချိန်တွယ်နေရင်းပြောလိုက်သည်။
"ငါကတိပေးတယ် မင်းတစ်ခါစားပြီးတာနဲ့ နောက်တစ်ကြိမ်မလာပဲမနေနိုင်အောင် ဖြစ်သွားစေရမယ်"
"တစ်ကီလိုဂရမ်ဆိုရလား ညီမလေး"
"ဒါပေမယ့်..."
စစ်စစ်၏နှုတ်ခမ်းထောင့်များ မဲ့ကျသွားသည်။
"ကျွန်မက ဘဲသွေးနဲ့ ဓာတ်မတည့်ဘူးလေ"
"ဟမ်"
ပိုင်ရှင်အံ့အားသင့်သွားသည်။ သူ့လက်ထဲရှိဘဲသွေးခဲပင် ချော်ထွက်သွားကာ ရေထဲသို့ ပလုံကနဲ မြည်ကာကျသွားပြီး ယောင်စစ်၏မျက်နှာကိုပင်ရေစင်သွားစေသည်။
"ကောင်မလေး.. ငါ့ကိုနောက်နေတာလား မင်းက ဘဲသွေးနဲ့ဓာတ်မတည့်ဘူး လည်းပြောသေးတယ် ဒါဆိုဘာလို့ဒီနားမှာအကြာကြီးမတ်တတ်ရပ်ကြည့်နေရတာလဲ"
ဘာမှမရောင်းရတော့သည့်အတွက် ဆိုင်ရှင်တစ်ယောက် အမျက်ချောင်းချောင်းထွက်နေလေပြီ။
"ကျွန်မလည်း အခုလိုကြည့်မနေချင်ပါဘူး"
တွေးကြည့်ရုံနှင့်ပင် ယောင်စစ်မကျေနပ်ချက်များပြည့်နှက်သွားသည်။
"ကျွန်မ မစားရမအိပ်ရတာ ရက်ပေါင်းများစွာကြာနေပြီ.. ဘာမှကိုစားလို့ရမနေပဲ ဒီတစ်ခုတည်းကိုပဲစားချင်နေတာ"
"ကလေးမ မင်းငါ့ကိုလာနောက်နေတာလား"
ဆိုင်ရှင်က သိသိသာသာပင် မကျေမနပ်ဖြစ်လာသည်။
"မင်းကြည့်ရတာ ရက်ပေါင်းများစွာ မအိပ်ရသေးတဲ့လူနဲ့လည်မတူပါဘူး"
လုံးဝကိုမတူညီနေပေ။ သူမက အားအင်ပြည့်ဖြိုးနေသည့်ပုံပေါ်နေလေသည်။ထို့အပြင် ထိုမျှလောက်ကြာကြာ ဘာမှမစားဘဲနေရင် မတ်တတ်ရပ်ဖို့ကို ဘယ်လိုလုပ်အားရှိပါ့မလဲ။
"မင်း ဆေးသွားစစ်ဆေးကြည့်တာမျိုးလုပ်တာ ပိုမကောင်းဘူးလား"
"ကျွန်မတကယ်ပြောနေတာ"
ယောင်စစ်သူမကိုယ်သူမ မထိန်းနိုင်ဘဲ မျက်လုံးများက ရေထဲရှိဘဲသွေးခဲများကိုသာ အကြည့်မလွှဲချေ။
"ကျွန်မ ဒါတွေရဲ့အနံ့ကို သုံးဘလောက်အကွာကနေကိုရနေတာ"
"အဲ့လောက်အဝေးကနေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ပြီးတော့ မင်းကဟုတ်မှမဟုတ်တာ..."
ဆိုင်ရှင်၏အသံသည် ရုတ်ချည်းပင်တိုးသွားပြီး တစ်ခုခုကိုတွေးတောနေသလိုဖြစ်သွားသည်။ သူ့မျက်လုံးကိုပြူးကျယ်ပြီး သူမကိုခေါင်းအစခြေအဆုံးစူးစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားပြီး ချက်ချင်းပင်စကားလမ်းကြောင်းလွှဲပစ်လိုက်သည်။
"ညီမလေး.. ဆိုင်အတွင်းထဲမှာ ပိုပြီးလက်ဆတ်တဲ့ဟာတွေရှိတယ် အဲ့တာကိုစားလိုက်ရင် ဓာတ်မတည့်ပဲ မနေတာလဲဖြစ်နိုင်တယ်နော်... ဘာလို့ငါ့နောက်ကိုမလိုက်ခဲ့ရမှာလဲ"
"တကယ်ကြီးလား"
ဓာတ်မတည့်တာကိုကာကွယ်ပေးတဲ့ ဘဲသွေးတကယ်ရှိတာလား...
"ငါ့နောက်လိုက်ခဲ့"
ဆိုင်ရှင်ကထိုသို့ပြောပြီး ဆိုင်အနောက်ဘက်ထဲသို့ဝင်သွားသည်။ ထို့နောက် သူမကိုလည်းလိုက်ဝင်ခဲ့ဖို့ လက်ယက်ခေါ်လိုက်သည်။
ယောင်စစ်လည်း သူ့နောက်ကိုလိုက်သွားလိုက်သည်။ သူမဆိုင်ထဲကို ဝင်လိုက်သည်နှင့် ဆိုင်ရှင်က လိုက်ကာတွေအကုန် ဆွဲပိတ်လိုက်ပြီး ပတ်ပတ်လည်ပိတ်လှောင်ထားသော နေရာတစ်ခုကိုဖန်တီးလိုက်သည်။ မူလက လင်းထိန်နေသောဆိုင်ခန်းသည် စက္ကန့်ပိုင်းအတွင်းပင် အမှောင်ထုထဲရောက်သွားပြီး အပြင်ဘက်ရှိဈေးမှအသံများကိုပင် သိပ်မကြားရတော့ချေ။
ယောင်စစ်၏ နှလုံးသည်တစ်ချက်ဆောင့်ခုန်သွားပြီး သူမအပေါ်အလွန်အမင်းနွေးထွေးပျူငှာလာသောဆိုင်ရှင်ကို မဝံ့မရဲကြည့်လိုက်သည်။
"အစ်ကိုက.. ဘေးထွက်ပေါက်အလုပ်အနေနဲ့ လူကုန်ကူးလေ့တော့မရှိဘူးမလား"
၎င်းက နောက်ထပ်အသေးစား ရူကျားဖြစ်ရပ်တော့ မဖြစ်နိုင်ပေ။
ဆိုင်ရှင်၏မျက်နှာပေါ်ရှိ ပျော်ရွှင်နေမှုသည် အပိုင်းပိုင်းအက်သွားပြီး နှုတ်ခမ်းများပင်တွန့်လိမ်သွားချေသည်။
"နင့်ခေါင်းထဲမှာ ဘာမဟုတ်ကဟုတ်ကတွေတွေးနေတာလဲ ညီမရယ်... ငါကလူဆိုးမဟုတ်ပါဘူး"
သူမကို သိပ်မကျေနပ်သည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး သူမ၏အတွေးများကိုနားမလည်နိုင်ဖြစ်နေသည်။ အခန်း၏ညာဘက်ကိုလျှောက်သွားလိုက်ပြီး ခွက်တစ်ခုကိုကောက်ယူလိုက်ကာ အနီးအနားရှိထူးဆန်းရှုပ်ထွေးသောပုလင်းတစ်ခုထဲမှ အကြွင်းအကျန်တစ်ချို့ကိုလောင်းထည့်လိုက်သည်။ ထိုခွက်ကိုသူမထံပေးလာသည်။
"ရော့... ညီမ ဒါလေးစမ်းသောက်ကြည့်..."
"အဲ့တာဘာတွေလဲ...."
ယောင်စစ် လက်လှမ်းပေးပြီးခွက်ကိုယူလိုက်သည်။ ၎င်းက အခုထိ မခဲရသေးသည့် ခွက်တစ်ဝက်ခန့်ရှိသောအနီရောင်အရည်များပင်။ ထိုအရည်များက ပတ္တမြားကဲ့သို့တလက်လက်တောက်ပနေပြီး သွေးနှင့်တူသည့်အနံ့ပြင်းပြင်းတစ်ခုက သူမနှာခေါင်းထဲသို့ဝင်ရောက်မိတ်ဆက်လာလေပြီး သူမ၏ငြိမ်သက်နေသော အနံ့ခံအာရုံကိုပြန်လည်ပြုပြင်ပေးလိုက်သည်။ ပါးစပ်ထဲတွင် တံတွေးများနှင့်ပြည့်လာကာ သူမ၏အစာအိမ်သည်လည်း လှိုင်းထန်လာသလိုပင် တဂွီဂွီမြည်လာတော့သည်။
အနံ့လေးက အရမ်းကောင်းတာပဲ...
ယောင်စစ်မခံနိုင်တော့ပဲ တစ်ခွက်လုံးမော့သောက်လိုက်သည်။ မွှေးကြိုင်နေသည့်အရည်များသည် သိမ်မွေ့နူးညံ့မှုကိုခံစားစေရကာ ပါးစပ်ထဲမှတစ်ဆင့်လိမ့်ဆင်းသွားပြီး သူမ၏အရသာခံဖုများကို ကျေနပ်တင်းတိမ်သွားစေသည်။ ၎င်းက မာလာထန်ပွဲတော်ကြီးတစ်ခုကို တည်ခင်းလိုက်တာထက်ပင်ပို၍ ပျော်ရွှင်ဖွယ်ကောင်းကာ သူမ၏နှုတ်ခမ်းထောင့်များတွင် တစ်ခုခုထွက်ပေါ်လာတော့မည့်ပုံနှင့် သွားများပင်ယားယံလာတော့သည်။
"ငါထင်တဲ့အတိုင်းပဲ..."
ဆိုင်ရှင်က သက်ပြင်းကျယ်ကျယ်တစ်ချက်ချလိုက်သည်။
၎င်းဖြစ်ရပ်က ယောင်စစ်နတ်ပြည်နတ်နန်းအရသာကိုခံစားနေရာမှ ပြန်လည်အသိဝင်လာစေသည်။ သူမ သွေးအစိမ်းတစ်ခွက်လုံးကိုသောက်လိုက်ပြီး နောက်တစ်ခွက်ပင်ထပ်လိုချင်နေသည်ကို သတိပြုမိလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ သူမရွံရှာသည်ဟုမခံစားရခြင်းပင်။ ထိုသည်ကအလွန် နားမလည်နိုင်စရာဖြစ်နေသည်။
ဆိုင်ရှင်မျက်နှာရှိ အံ့ဩနေသည့်အမူအယာကို ကြည့်လိုက်မိပြီး ခွက်ကိုပြန်ချလိုက်ကာ ချောင်းတစ်ချက်ဟန့်ပြီးမေးလိုက်သည်။
"ဆိုင်ရှင်ရေ.. ဒီဓာတ်မတည့်တာကာကွယ်တဲ့ဘဲသွေးကမဆိုးဘူးပဲ.. တစ်ကီလိုကိုဘယ်လောက်လဲ ကျွန်မကိုငါးကီလိုပေး..."
"ညီမလေး... "
ဆိုင်ရှင်သည် တစ်လက်မပင်မလှုပ်သွားပဲ ဘယ်လိုစပြောရမှန်းမသိသည့် စာနာသနားမှုများကသူ့မျက်လုံးထဲတွင် ပြည့်လျှံလာသည်။
"ညီမလေး မအိပ်ရ မစားရတာ ရက်တော်တော်ကြာရှိပြီဆို...."
"ဟုတ်တယ်လေ..."
ယောင်စစ်ခေါင်းငြိမ့်ပြလိုက်သည်။ ဒီအကြောင်းနဲ့သူမဘဲသွေးဝယ်တဲ့ကိစ္စနဲ့က ဆိုင်များဆိုင်နေလို့လား...
"မင်းရဲ့ခန္ဓာကိုယ်မှာတစ်ခုခုမှားနေတယ်လို့မခံစားရဘူးလား...."
ရိုးရိုးသားသားပြောရလျှင် သူမဆေးရုံကိုသွား၍ တစ်ကိုယ်လုံးကိုစစ်ဆေးထားပြီး သုံးခါတောင်စစ်ဆေးထားခြင်းဖြစ်သည်။ ဆရာဝန်များပင် သူမ မစားသောက်မအိပ်စက်တာ အချိန်အတော်ကြာရှိနေပြီဟု ယုံကြည်ခြင်းမရှိပေ။ ထို့အပြင် သူမ၏ အခြေအနေကိုပင် စိတ်ရောဂါဆရာဝန်ထံသို့ တိတ်တိတ်လေးပို့လိုက်သေးလေသည်။
"မင်းဘာလို့ ဒီလိုမျိုးတွေဖြစ်နေရလဲသိလာ. .."
"မသိဘူးလေ.."
ယောင်စစ်ခေါင်းခါလိုက်ပြီး သူ့ရှေ့ထူးဆန်းနေသည့်လူကို တစ်ချက်ကြည့်လိုက်သည်။
"ဆိုင်ရှင် .. ဒီ ဓာတ်မတည့်တာကာကွယ်တဲ့ဘဲသွေးက တစ်ကီလိုဝက်ကို လေးဒေါ်လာပေးရမယ်ဆိုရင်တောင် ကျွန်မဝယ်မှာပါ..''
"ငါဈေးထပ်တိုးမလို့မဟုတ်ရပါဘူး...."
သူမကိုစိတ်တိုတိုနှင့် တစ်ချက်ပြန်ကြည့်လိုက်သည်။
"မင်းကိုယ်မင်း ဘာတွေဖြစ်နေလဲဆိုတာမသိချင်ဘူးလား...."
"ဒါပေါ့ သိချင်တာပေါ့..."
ဒါပေမယ့် ဆေးရုံကတောင် ဘာရောဂါမှန်းမသိဘူးလေ...
"ရှင်ပြောချင်တာက ဘာဖြစ်လဲဆိုတာ ရှင်သိနေတာလား..."
သူမ ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။
"ခဏလေး"
ဆိုင်ရှင်က ပတ်ပတ်လည်ကိုလျှောက်ကြည့်လိုက်ပြီး လိုက်ကာတွေကိုတင်းတင်းဆွဲပိတ်လိုက်ကာ တင်းမာနေသောမျက်နှာနှင့် ပြန်လှည့်လာသည်။
"ညီမလေး.. ငါမေးချင်တာက နင်အရင်အပတ်ထဲမှာ ပုံမှန်မဟုတ်တဲ့အရာတစ်ခုခုကို ကြုံခဲ့ရလား..."
သူ မေးမြန်းလာသည်။
"ပုံမှန်မဟုတ်တဲ့အရာဆိုတာ ဘာကိုဆိုလိုတာလဲ..."
"အကိုက်ခံရတာတို့ ဒဏ်ရာရတာတို့ တစ်ခုခုများရှိလား..."
ယောင်စစ် ခေါင်းတွင်တွင်ခါလိုက်သည်။ သူမလို အိမ်တွင်းပုန်းတစ်ယောက်အတွက် ဒဏ်ရာရဖို့ဆိုတာ ခက်ခဲပေသည်။
"သူစိမ်းတစ်ယောက်ယောက်မင်းကိုလာရှာတာမျိုးရောရှိလား..."
"အိမ်အရောက်ပို့တဲ့ဝန်ဆောင်မှုနဲ့ ဒလီဗာရီပဲရှိမယ်"
"ဒါဆို အိပ်မက်ရော.. ထူးဆန်းတဲ့အိပ်မက်တွေဘာတွေရောမက်လား ဒါမှမဟုတ် မင်းမမှတ်မိနိုင်တာမျိုးများရှိနေလား..."
"ထီငါးသန်းဖိုးပေါက်တယ်လို့တော့ အိပ်မက်မက်တယ် အဲ့တာကိုရောထည့်တွက်လို့ရလား..."
"..."
ဆိုင်ရှင်ဆွံ့အသွားတော့သည်။ အဆုံးတော့ သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ပြီး မသဲမကွဲပြောလာသည်။
"ဘယ်သူသိမှလဲ ဒါမတော်တဆဖြစ်သွားတာလဲဖြစ်နိုင်တယ်... အခုလိုပြဿနာတွေဖြစ်နေတဲ့အချိန်မှာ ဒါမျိုးကအံ့ဩစရာတော့မဟုတ်ပါဘူးလ. .."
သူ့ရဲ့အမူအယာက ပိုပြီးတော့တောင် သနားစိတ်များယိုဖိတ်လာသည်။ ခုဏက သူမကိုကြည့်နေတဲ့အကြည့်က လမ်းပျောက်နေတဲ့ကလေးတစ်ယောက်ကို ကြည့်သည့်အကြည့်မျိုးဆို ယခုတွင်တော့ မိဘမဲ့ကလေးတစ်ယောက်ကိုကြည့်နေသည့်အကြည့်များအဖြစ်ပြောင်းလဲသွားသည်။
ယောင်စစ်က အမှန်တကယ်ပင်မိဘမဲ့တစ်ဦးဖြစ်သော်လည်း ထိုအကြည့်များအောက်တွင် မသက်မသာဖြစ်လာတော့သည်။
"ဆိုင်ရှင်ရေ ပြောစရာရှိတာပြောလိုက်စမ်းပါ ဟုတ်ပြီလား... ကျွန်မဘာဖြစ်နေတာလဲ..."
ဆိုင်ရှင် သူ့ကိုယ်သူစိတ်ငြိမ်သွားအောင်လုပ်လိုက်သည်။ ဘေးနားကခွေးခြေခုံနှစ်ခုကိုဆွဲယူလိုက်ပြီး သူမကိုထိုင်ဖို့အချက်ပြလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီး သူမကိုအမှန်တရားတစ်ခုကိုပြောလာသည်။
"ညီမလေး... မင်းကသေသွားခဲ့ပြီ"