အပိုင်း ၂
Viewers 16k

မင်းဘယ်နေရာမှာသေချင်လဲ
နေမင်းကြီးသည် အနောက်ဘက်မိုးကုတ်စက်ဝိုင်းအောက်တွင်နစ်မြုပ်သွားကာ တစ်နေ့တာ၏အဆုံးသတ်အဖြစ် မှောင်စပြုလာတော့သည်။
ထိုမှပင် ယောင်စစ်တစ်ယောက် သက်ပြင်းချလိုက်ကာ လိုက်ကာထူထူကြီးကို လိပ်တင်လိုက်သည်။ အောက်ဘက်ရှိ မီးရောင်များလင်းထိန်လာသည့်လမ်းမကို တစ်ချက်ကြည့်လိုက်ကာ အနက်ရောင်ကုတ်အရှည်ကြီးကိုဝတ်ပြီးအပြင်သွားဖို့လုပ်နေချိန်တွင် ရုတ်တရက်သူမ၏ဖုန်းမြည်လာလေသည်။
ဖုန်းကို အိပ်ကပ်ထဲမှထုတ်ကြည့်လိုက်ချိန်တွင် ဖန်သားပြင်ပေါ်၌ "unknown number" ဟုသာပေါ်နေသည်။ သူမ နှလုံးသားတစ်ခုလုံးတင်းကြပ်သွားကာ ထိုစကားလုံးနှစ်လုံးကိုစက္ကန့်ပိုင်းလောက်စိုက်ကြည့်နေပြီး အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ဖုန်းကိုင်လိုက်တော့သည်။
"ဟဲလို..."
"ယောင်စစ်ဟုတ်ပါသလား"
အခြားတစ်ဖက်မှ လေသံအတက်အကျမရှိပဲ ညီညာသောအသံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံတွင် အဝေးမှပင်ခံစားနိုင်လောက်သည့် အေးစက်မှုမျိုးပါဝင်နေသည်။
ထိုအသံဖြင့်ပင် ယောင်စစ်သည် သူမ၏ဒူးများပျော့ခွေသွားသည်ဟု ခံစားလိုက်ရသည်။
"မင်းရဲ့ သေကြောင်းထောက်ခံစာကို ခွင့်ပြုမိန့်ရခဲ့ပြီ..."
တစ်ဖက်လူသည် သူမနှင့်လောကဝတ်စကားများပင်မပြောချင်ပုံရပြီး လိုရင်းကိုသာတမ်းပြောလိုက်သည်။
"လုပ်ငန်းစဉ်ကပြီးဆုံးသွားခဲ့ပြီ။ မင်းဘယ်နေရာကိုပို့ပေးစေချင်လ. .."
"အမ်..."
'မင်းဘယ်မှာသေချင်တာလဲ'ဟု ကြားမိလုနီးပါးဖြစ်သွား၍ လွဲယောင်စစ်၏နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားမိသည်။ အရာအားလုံးကမျှော်လင့်ထားသလိုဖြစ်လာသော်လည်း ၎င်းကသူမ၏အုတ်ဂူကိုဘယ်နေရာမှာထားမလဲရွေးနေရသလိုပင်ခံစားနေရသည်။
"ရပါတယ် ကျွန်မဆီကိုသာပို့လိုက်ပါ... ကျွန်မကမိဘမဲ့တစ်ယောက်ဆိုတော့ မိသားစုလဲမရှိပါဘူးလေ..."
"ကောင်းပါပြီ"
တစ်ဖက်လူ ပြန်ပြောလာသည်။ သူ၏လေသံတွင် အတက်အကျမရှိဖြစ်နေဆဲပင်။
"အဲ့ဒီ့အပြင် မင်းတောင်းဆိုထားတဲ့ စစ်ဆေးချက်ကရလာဒ်ထွက်လာပြီ.. ရလဒ်ကတော့ပဉ္စမမျိုးဆက်ဖြစ်နေတယ်..."
"ပဉ္စမမျိုးဆက်..."
ယောင်စစ် ရုတ်တရက်ကြီး မျှော်လင့်ချက်မဲ့သွားသလိုခံစားလိုက်ရသည်။ ထိုရလဒ်ကအတော်လေးစိတ်ပျက်ဖို့ကောင်းမှန်း ပြောရန်ပင်မလိုတော့ပေ။
"အခုက ပဋိပက္ခတွေဖြစ်နေတဲ့အချိန်မလို့ မင်းကိုဘယ်သူက သွေးစုပ်ဖုတ်ကောင်ဖြစ်အောင်လုပ်လိုက်လဲဆိုတာ စုံစမ်းဖို့ခက်နေတယ်"
"ရပါတယ် ကျွန်မနေသားကျနေပါပြီ"
သူမငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပြီး အခုကနောက်တစ်ကြိမ်မိဘမဲ့ဖြစ်သွားခြင်းဖြစ်သည်။
သူမရဲ့ လျှင်လျှင်မြန်မြန်လက်ခံမှုကြောင့်ထင်သည် တစ်ဘက်လူကနှစ်စက္ကန့်ကြီးများတောင်ငြိမ်သက်သွားပြီးမှ ရုတ်တရက်ကြီး သတိပေးလာသည်။
"စစ်ပွဲကြီးကစတင်တော့မယ်.. မင်းလိုမျိုးမွေးကာစလေးတွေ အိမ်ထဲကအိမ်ပြင်မထွက်တာပိုကောင်းတယ်... မဟုတ်ရင်ဘယ်လိုသေသွားလဲတောင်မသိပဲနေလိုက်လိမ့်မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."
"မင်းရဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ကြောင်းသက်သေခံကတ်ပြားကိုပို့လိုက်ပြီ... အခုကစပြီးမင်းကသွေးစုပ်ဖုတ်ကောင်တစ်ယောက်ဖြစ်သွားခဲ့ပြီ... မင်းရဲ့လုပ်ဆောင်မှုတိုင်းအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိပါစေ"
ယောင်စစ် ဘာမှပြန်မပြောနိုင်ခင်မှာပဲ ဖုန်းချလိုက်တဲ့ အသံကိုကြားလိုက်ရသည်။
သွေးစုပ်ဖုတ်ကောင် အစိုးရဝန်ထမ်းတွေအကုန်လုံး ဒီလိုချေမိုးနေကြတာပဲလား...
ယောင်စစ်တစ်ယောက် ဖုန်းကိုငေးနေရင်း ဘာမှမပြောနိုင်အောင်ဆွံ့အသွားခဲ့သည်။ ထိုအချိန်မှာပဲ အိမ်တံခါးဘဲလ်မြည်လာတော့သည်။
တံခါးအပြင်ဘက်၌ ဒလီဗာရီ ရောက်လာခြင်းပင်။ သူမပါဆယ်အတွက်လက်မှတ်ထိုးပေးလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ဘူးအထဲတွင် လင်းနို့ပုံစံကတ်တစ်ကတ်ပါပြီး ထိုအရာကသူမ၏ သက်သေခံကတ်ပြားဖြစ်မှန်းသိလိုက်သည်။
သွေးစုပ်ဖုတ်ကောင်တွေက ကိစ္စတွေကိုင်တွယ်တဲ့နေရမှာကျွမ်းကျင်သားပဲ...
ကတ်ပေါ်တွင် "5"ဟု‌သော နံပါတ်ကိုပြူးနေအောင်ရေးထားပြီး သူမက ပဉ္စမျိုးဆက်သွေးစုပ်ဖုတ်ကောင်တစ်ယောက်ဖြစ်ကြောင်းသက်သေပြနေသည်။ထိုနံပါတ်အောက်တွင် သူမ၏နာမည်နှင့် နံပါတ်တန်းအရှည်ကြီးတစ်ခုရှိနေသည်။ မှတ်ပုံတင်ကတ်နံပါတ်လိုမျိုးတစ်ခုခုဖြစ်သည်ဟု ခန့်မှန်းမိလိုက်သည်။
သူမ သက်သေခံကတ်ပြားကို အကြိမ်ရေအနည်းငယ်လောက်ပြန်ကာလန်ကာကြည့်လိုက်ပြီးမှ အတွင်းအိပ်ကပ်ထဲထည့်လိုက်ပြီး သက်ပြင်းအရှည်ကြီးတစ်ခုချလိုက်သည်။ လွန်ခဲ့သည့်လအနည်းငယ်က နေရောင်အောက်တွင် ဆိုရှယ်လစ်ဝါဒ၏ အနီရောင်အလံတစ်ခုအောက်တွင်နေထိုင်နေခဲ့သည့် သာမန်လူသားတစ်ဦးဖြစ်ခဲ့သော်လည်း ယခုတွင်တော့ သွေးသောက်ရင်းအသက်ဆက်ပြီး ညအမှောင်တွင် ခြေဦးတည့်ရာလျှောက်သွားနေသည့် သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်သွားခဲ့ပြီဖြစ်သည်။ ထို့အပြင် တရားဝင်သက်သေခံကတ်ပြားပင် ရလိုက်သေးသည်။
ယောင်စစ်တစ်ယောက် လုံးလုံးမှောင်မဲသွားပြီဖြစ်တဲ့ ကောင်းကင်ယံကိုထပ်ကြည့်လိုက်သောအခါ သူမရဲ့အစာအိမ်က တဂွီဂွီမြည်လာပြန်တော့သည်။ ထို့ကြောင့် ပိုက်ဆံအိတ်နှင့် သော့များကိုယူပြီး သက်တောင့်သက်သာလမ်းလျှောက်ထွက်လိုက်သည်။ မဲမှောင်ပြီးလေထန်သည့်ညအလယ်တွင် သူမ၏သွားများကယားယံလာတော့သည်။
အပြင်ထွက်ပြီး ဘဲသွေးခဲသွားစားဖို့အချိန်ရောက်ပြီပဲ...
╰( ̄▽ ̄)╭
"ဟေး.. ညီမလေးစစ်စစ် ရောက်လာပြီလား..."
သူမဈေးထဲကိုရောက်သည်နှင့် ဘဲသွေးရောင်းသည့် အစ်ကိုလီ၏မျက်လုံးများ တောက်ပလာသည်။ သူမကိုလက်ဝေ့ယမ်းပြလာပြီး သူ့မျက်နှာပေါ်တွင် ရှိသည့်အပြုံးအကြီးကြီးကြောင့် သူ့မျက်နှာဟာပွင့်လန်းနေသည့် ဂန္ဓမာပန်းကြီးလို ပွင့်အာနေပေသည်။
"အစ်ကိုလီ..."
"ဒီနေ့ ဘာလို့အဲ့လောက်ကြာနေရတာလဲ..."
"နေတအားပြင်းတယ်လေ အဲ့တော့အိမ်ထဲကနေကိုမထွက်ချင်တော့တာ..."
ယောင်စစ် ခပ်ပေါ့ပေါ့သာဖြေလိုက်သည်။ ဆိုင်ခန်းရှေ့မှာဆောင့်ကြောင့်ထိုင်လိုက်ပြီး အနီရောင်သွေးခဲတွေကိုစူးစိုက်ကြည့်နေလိုက်သည်။ ငမ်းငမ်းတက်နေသည့်အကြည့်ဖြင့်သွေးခဲတွေကိုကြည့်နေပြီး သူမပါးစပ်မှသွားရည်များပင်တောက်တောက်ကျလာတော့သည်။
ဒီအနံ့လေးက အရမ်းကောင်း အရမ်းကိုကောင်း လွှတ်ကောင်းပဲ...
သူမပိုပြီးဗိုက်ဆာလာသည်ဟု ခံစားလိုက်ရသည်။
"နင်တို့လို မွေးကာစလေးတွေကတော့လေ..."
အစ်ကိုလီ တစ်ခစ်ခစ်ရယ်လိုက်ပြီး သူ့မျက်နှာပေါ်တွင်တော့ 'ဒါတွေအကုန်လုံးကိုကြုံဖူးခဲ့ရတယ်' ဟူသည့် အမူအယာကို ချိတ်ဆွဲရင်းခေါင်းယမ်းနေသည်။ မည်သူမျှ သူတို့ပြောငည်ကို မကြားဘူးဆိုတာသေချာရန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အသံတိုးတိုးနှင့် ပြောလာသည်။
" အစကတော့အကုန်လုံးဒီလိုပါပဲ.. နေ့ခင်းဘက်ဆိုအပြင်ကိုမထွက်ချင်ကြဘူး.. ဒါပေမဲ့ကြာလာရင်တော့ နေသားကျသွားပါလိမ့်မယ်..."
"ဟုတ်ကဲ့ ညီမသိပါတယ်.. ကျေးဇူးပါ အစ်ကိုလီ..."
ယောင်စစ်ခေါင်းငြိမ့်လိုက်သည်။ အစ်ကိုလီနှင့်သာ မတွေ့ခဲ့ဘူးဆိုပါက သူမကလူသားတစ်ယောက်မဟုတ်တော့ဘူးဆိုသည်ကို သိမှာပင်မဟုတ်ချေ။
အမှန်ပင်.. အစ်ကိုလီကလည်း သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်သည်။ သူ့၏ နာမည်အပြည့်အစုံက လီကျန်းဖြစ်ပြီး သူကယောင်စစ်ထက်အရင် သွေးစုပ်ဖုတ်ကောင်ဖြစ်လာခဲ့သူဖြစ်သည်။ သူသွေးစုပ်ဖုတ်ကောင်ဖြစ်သည်မှာ နှစ်တစ်ရာကျော်ကြာခဲ့လေပြီ။
အစ်ကိုလီ ယောင်စစ်ကို သူမကသွေးစုပ်ဖုတ်ကောင်တစ်ကောင် ဖြစ်နေပြီဟု ပြောသည့်နေ့က သူ့ကိုအရူးတစ်ယောက်လို့ထင်ပြီး ရဲတောင်ခေါ်မိမလိုဖြစ်ခဲ့သည်။ သို့ပေသည့် ရက်အတော်ကြာတော့ သူမခန္ဓာကိုယ်ပေါ်ကပြောင်းလဲမှုတွေက သူပြောပြခဲ့တာတွေနဲ့တူနေသည် ဆိုသည်ကိုသိလာရသည်။ သူမပါးစပ်ထဲတွင် ခေါက်သိမ်းထားလို့ရတဲ့အစွယ်နှစ်ခုပေါက်လာတာပါ အပါဝင်ဖြစ်သည်။
သူမ လူသားတစ်ယောက်မဟုတ်တော့ဘူးဆိုသည့် အမှန်တရားကို လက်ခံရန်တစ်လလောက် အချိန်ယူလိုက်ရသည်။ သွေးစုပ်ဖုတ်ကောင်များ၏ အခြေခံလိုအပ်ချက်မှန်သမျှကို အစ်ကိုလီက သူမကို ကူညီပေးခဲ့လေသည်။ တီဗီတွေပေါ်က လူသွေးသောက်ရင်းအသက်ဆက်ပြီး အမြဲပုန်းလျှိုးကွယ်လျှိုးနေနေရသည့် သွေးစုတ်ဖုတ်ကောင်များနှင့်မတူပဲ တကယ့်သွေးစုတ်ဖုတ်ကောင်များက ပူပင်ကြောင့်ကြမဲ့ပြီး တိတ်တိတ်ဆိတ်ဆိတ်နေကြလေသည်။
သွေးသောက်ပြီးအသက်ရှင်နေတယ်ဆိုသော်ငြား သူတို့တွင် ရွေးချယ်စရာ အများကြီးရှိပေသည်။ ကြက်သွေး၊ဘဲသွေး၊ဝက်သွေး၊ နွားသွေးနဲ့ သွေးဖြစ်နေသမျှ သူတို့၏အစာအဖြစ်သတ်မှတ်လို့ရသည်။ သွေးအမျိုးအစားပေါင်းစုံရှိပြီး ဟင်းပွဲမျိုးစုံရှိသော်လည်း ဘဲသွေးခဲက အခြေခံအကျဆုံး သွေးစုတ်ဖုတ်ကောင်အစားအစာပင်။ ထို့အပြင် ဘယ်သူကမှ လူသွေးကိုမသောက်ကြပေ။
ယောင်စစ်က 'ဘာလို့လူသွေးမသောက်ကြတာလဲ'ဟုမေးသောအခါ အစ်ကိုလီက သူမကို အရူးတစ်ယောက်လိုပြန်ကြည့်လာပြီး ပြန်ဖြေလေသည်။
"သူတို့တစ်ဘဝလုံး အစာအမျိုးအစား တစ်ခုတည်းစားတဲ့ သတ္တဝါကိုနင်မြင်ဖူးလား.. အဲ့အပြင် အခုခေတ်မှာလူသွေးတွေကစားလို့ရသေးတယ်လို့များထင်သေးလို့လား... အခုခေတ်လူတွေက ဓာတုဖြည့်စွက်ပစ္စည်းတွေ၊ မယ်လမင်းတွေ၊ တာရှည်ခံပစ္စည်းတွေ၊ မသန်တဲ့ဆီတွေနဲ့ အခြား ဘုရားသခင်ပဲသိမဲ့မကောင်းတဲ့ဟာတွေ အကုန်စားနေကြတာလေ.. အကယ်၍ငါတို့က လူသွေးသောက်လိုက်ပါပြီတဲ့ အစာအဆိပ်သင့်သွားရင် ဘယ်လိုလုပ်ကြမှာလဲ..."
“…”
အဓိပ္ပါယ်ရှိလွန်း၍ ယောင်စစ်တစ်ယောက် ပြန်လည်ချေပနိုင်မည့်စကားပင် ရှာမတွေ့တော့ချေ။
အကျဉ်းချုပ်ပြောရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်များသည် ဘဝနေထိုင်မှု၊ စားသောက်မှုပုံစံ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ကိုလက္ခဏာတွေသာ လူများနှင့်ကွဲခြားမှုရှိသည်။ သူတို့မျိုးနွယ်မှာလည်း အဖွဲ့အစည်းတွေ ဥပဒေသတွေရှိပြီး မွေးကာစသွေးစုတ်ဖုတ်ကောင်တိုင်းတွင်လည်း သက်သေခံကတ်ပြားများလိုအပ်ပေသည်။
ယောင်စစ်အတွက် အရင်ကနှင့် ဘာကွာခြားသွားသလဲမေးလာလျှင် အစပ်ကြိုက်သူတစ်ယောက်မှ ဘဲသွေးအစပ်ချက်ကြိုက်တဲ့သူတစ်ယောက်အဖြစ်ပြောင်းလဲသွားရုံသာရှိသည်။
"အစ်ကိုလီ ညီမကိုငါးကီလိုလောက်ပေး..."
"ရမယ် ခဏစောင့်"
အစ်ကိုလီက အင်္ကျီလက်ကိုခေါက်တင်လိုက်ပြီး လတ်ဆတ်သည့် သွေးခဲလေးတွေကိုထုတ်ပိုးပေးလိုက်သည်။ ထုတ်ပိုးနေရင်းနှင့် သူမကိုမေးလာသည်
"စကားမစပ်.. စစ်စစ်ရေ ညီမလေးရဲ့ သက်သေခံကတ်ပြားကရပြီလား..."
"ဒီနေ့ပဲပို့လိုက်တာ.. ရလာပြီလေ.."
"တကယ်လား..."
သူ့မျက်လုံးများက ရုတ်ချည်းပင် တောက်ပလာသည်။ လက်ထဲတွင် ဘဲသွေးခဲအိတ်ကိုသယ်လာပြီး ဆိုင်ခန်းထဲကထွက်လာသည်။
"ရလဒ်ကဘာတဲ့လဲ.. နင်ကဘယ်မျိုးဆက်ကလဲ.. နင့်ကိုကိုက်သွားတဲ့ မျိုးမစစ်ကောင်ကိုရောရှာတွေ့ပြီလား..."
"မတွေ့ဘူးပြောတယ်..."
ယောင်စစ်ခေါင်းခါလိုက်ရင်း ဘဲသွေးခဲတစ်ခဲကိုကောက်ယူလိုက်ပြီး အစ်ကိုလီလက်ထဲရှိ အိတ်ထဲသို့ထည့်လိုက်သည်။
"ဒါပေမယ့် စစ်ဆေးချက်အဖြေကထွက်လာပြီ ပဉ္စမမျိုးဆက်တဲ့..."
"ပဉ္စမမျိုးဆက်တဲ့လား..."
လီကျန်း အံ့အားသင့်မိသွားပြီး သူ့မျက်နှာတွင်မယုံကြည်နိုင်မှုများဖြင့်ပြည့်နေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... နင့်ကိုကြည့်ရတာ စွမ်းအင်တွေပြည့်နေတဲ့ကိစ္စကို..."
"အဲ့တာအမှန်ပဲလေ..."
လက်ကိုရေခါလိုက်ပြီး ယောင်စစ် သူမအိတ်ကပ်ထဲရှိ နံပါတ်"5"ဟု ရေးထားသော ကတ်ကိုထုတ်ပြလိုက်သည်။
လီကျန်းထိုကတ်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် စာနာသနားစိတ်တွေယိုဖိတ်လာရင်း သူမ၏ ပုခုံးကိုနှစ်သိမ့်နေဟန် ပုတ်ပေးလိုက်သည်။
"မျှော်လင့်ချက်တွေကို မသတ်ပစ်ပါနဲ့ကွာ... ပဉ္စမမျိုးဆက်ဖြစ်ရတာ ကောင်းကျိုးတွေလဲရှိပါတယ်... အနည်းဆုံးတော့ အခုစစ်ပွဲကြီးမှာ နင်ပါစရာမလိုတော့ဘူးပေါ့ကွာ..."
"စစ်ပွဲကြီးလား..."
ယောင်စစ် ကြောင်အသွားတော့သည်။
"ဘာ စစ်ပွဲကြီးလဲ..."