အပိုင်း ၃
Viewers 15k

Chapter 3 

မင်းရဲ့နောက်ဆုံး စကားကိုပြောလိုက်တော့


"နင်အခုထိ သတိပေးချက်မဖတ်ရသေးဘူးလား"

လီကျန်းက သူမထက်ပင်ပိုလန့်သွားသည်။


"သတိပေးချက်လား"


"ငါ့အမှားပါ နင့်မှာအုပ်ထိန်းသူမရှိဘူးဆိုတာငါမေ့သွားတယ်... အဲ့တော့ အဲ့ဟာသုံးနည်းကိုဘယ်လိုလုပ် သိပါ့မလဲ"

သူ့နှဖူးသူရိုက်လိုက်ပြီး ဒေါသထွက်ထွက်နှင့်ကျိန်ဆဲလိုက်သည်။

"ဘယ်ကောင်ကများ ဒီလိုအပြစ်မျိုးကိုလုပ်ရက်ရတာလဲ.. ဒါတွေအကုန်လုံးအဲ့လူရဲ့အပြစ်တွေချည်းပဲ နင့်ကိုသွေးစုပ်ဖုတ်ကောင်ဖြစ်အောင်ပြောင်းလိုက်ပြီးမှ ဖုတ်ဖတ်ခါထွက်သွားပြီး နင့်လိုမွေးကာစလေးကိုပစ်ထားခဲ့ရက်တယ်.. သူ့ကို ဓားအချောင်းတစ်ထောင်နဲ့ထိုးသတ်ပြီး ထာဝရအထီးကျန်အောင်ပစ်ထားတာမျိုးနဲ့ထိုက်တန်တာ"


သူကျိန်ဆဲပြီးမှသာ သူမလက်ထဲက ID ကတ်ကိုယူလိုက်သည်။ထူးဆန်းတဲ့နည်းတစ်မျိုးနဲ့ သူမလက်ထဲရှိ လင်းနို့ပုံစံကတ်က ရုတ်တရက်ကြီး မျက်စိကျိန်းလုမတတ် အနီရောင်တောက်လာသည်။ ကတ်ပေါ်ရှိ '5' ဟူသောနံပါတ်ကလည်း အာမေဍိတ် သင်္ကေတအဖြစ်ပြောင်းလဲသွားသည်။ 


'ဝိုး.....ဒီ ID ကတ်လေးက ဒီလောက်နည်းပညာမြင့်မယ်မှန်းဘယ်သူထင်ထားမှာလဲ'


"မြင်လား.. ဒါကစစ်ပွဲကြီးအတွက် သတိပေးချက်ပဲ နောက်ဆို ကတ်ကအခုလိုအနီရောင်ပြောင်းသွားရင်အဲ့အချိန်တွေမှာ အပြင်မထွက်နဲ့ ကြားလား..."

သူ ကတ်ကိုလှည့်နေလိုက်သည်။

"အခြေအနေတွေက ပရမ်းပတာဖြစ်နေတယ် နောက်လာမယ့်နေ့တွေမှာ ငါ့ဆိုင်လေးကိုပိတ်ထားတော့မှာ.. ဆက်ဖွင့်ဖြစ်တော့မှာမပါဘူး"


"နပေါဦး"

ယောင်စစ်တစ်ယောက် အနည်းငယ်စိတ်ရှုပ်နေဆဲဖြစ်သည်။

"အစ်ကိုပြောတဲ့ စစ်ပွဲကြီးဆိုတာကဘာလဲဟင်.. ဘယ်သူတွေနဲများတိုက်ကြမှာလဲ"


"အနောက်တိုင်းသား ငတုံးကောင်တွေနဲ့ပေါ့ကွ"

လီကျန်းသူ့ဘေးကထိုင်ခုံကိုပုတ်ပြပြီး ထိုင်ရန်အချက်ပြလိုက်သည်။


လက်ရှိမှာသွေးစုပ်ဖုတ်ကောင်တွေရဲ့ အဖွဲ့အစည်းအတွင်းမှာက သဟဇာတသိပ်မဖြစ်ကြသေးပဲ ပဋိပက္ခအချို့ရှိနေဆဲပင်။ အတိုချုံးပြောရမည်ဆိုလျှင် ထိပ်တန်းအရာရှိများကို အရှေ့တိုင်းနဲ့အနောက်တိုင်းဆိုပြီး နှစ်မျိုးခွဲထားသည်။ တစ်ဘက်ဆီတွင် ကိုယ်ပိုင်ခံယူချက်နှင့် အုပ်ချုပ်ရေးစနစ်တွေရှိကြသည်။


တစ်ခါတစ်ရံ နှစ်ဖက်စလုံးကသွေးချောင်းစီးတိုက်ပွဲများဖြစ်အောင်တိုက်ခိုက်ကြသည်။ အဓိက သဘောထားကွဲလွဲမှုကတော့ သူတို့ရဲ့လူသားတွေအပေါ်သဘောထားပင်ဖြစ်သည်။အနောက်တိုင်းဘက်က ငြိမ်းချမ်းရေးကိုလိုလားကြကာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တသီးတသန့် အေးအေးချမ်းချမ်းနေထိုင်ချင်ကြသည်။ အရှေ့တိုင်းဘက်က ဆန့်ကျင်ဘက်ဖြစ်ပြီး စုပေါင်းနေထိုင်ချင်ကြသည်။ သူတို့အကြောင်းလူသားတွေကိုထုတ်ဖော်ပြောကြားပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကိုတိုးမြှင့်ကာ နေထိုင်ချင်ကြသည်။ ထို့ကြောင့်ပင်  ဂိုဏ်းနှစ်ဂိုဏ်းက တစောင်းစေးနှင့်မျက်ချေးလိုဖြစ်ကြကာ မရေမတွက်နိုင်သောတိုက်ပွဲများကို တိုက်ခိုက်နေကြခြင်းဖြစ်သည်။


"ငါတို့ သွေးစုပ်ဖုတ်ကောင်တွေဆိုတာက ရှားပါးမျိုးနွယ်စုတွေလေ လူတစ်ချို့ကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလိုက်ရတာ ဘာဖြစ်သွားမှာလဲ.."

လီကျန်း၏မျက်နှာတွင်ဒေါသများပြည့်နှက်နေပေသည်။

"အဲ့ဒီ့အနောက်တိုင်းသားတွေက သူတို့ကိုယ်သူတို့ ရှေးရိုးစွဲတွေလို့တောင်ခေါ်လိုက်ကြသေးတယ်... ငါ့အမြင်မှာတော့ အဲ့ကောင်တွေအကုန်လုံးက ခေတ်နောက်ပြန်ဆွဲနေတဲ့ကောင်တွေပဲ"


အမ်း...... ငါတို့ဘက်ကလူတွေကပဲ ခေတ်နောက်ပြန်ဆွဲနေတာလို့ဘာကိစ္စထင်နေမိတာပါလိမ့်

"လူတွေအကုန်လုံးကိုသွေးစုတ်ဖုတ်ကောင်အဖြစ်လိုက်ပြောင်းတာမျိုးက ဇာတ်ကားတွေထဲက ဗီလိန်ဘော့စ်တွေလုပ်ကြတာမျိုးမဟုတ်ဘူးလား"


"မဟုတ်ကဟုတ်ကတွေ.. နင်အနောက်တိုင်းဇာတ်ကားတွေကြည့်တာများနေပြီပဲ.. လူသားတွေကအရမ်းအင်အားနည်းကြပြီး ကုလို့မရတဲ့ရောဂါတွေမျိုးစုံကူးစက်လွယ်ကြတယ် သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းသွားရင်ဘာဖြစ်မှာမလို့လည်း အလွန်ဆုံးရှိမှအစားအသောက်တွေလောက်ပဲပြောင်းလဲသွားတာလေ အနည်းဆုံးတော့သူတို့ထပ်မဖျားတော့ဘူးပေါ့"


'ဒီလိုကြနည်းနည်းတော့အဓိပ္ပါယ်ရှိသားပဲ...'


"ပြီးတော့ငါတို့သွေးစုတ်ဖုတ်ကောင်တွေက ငါတို့ရဲ့တစ်ဘဝလုံးမှာမှ တစ်ယောက်တည်းကိုပဲသွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းပေးနိုင်တာလေ.. အမှန်အတိုင်းပြောရမယ်ဆိုရင် ငါတို့တွေကပဲပိုပြီးနစ်နာတာမဟုတ်ဘူးလား"


'ဒါကတော့လိုရာဆွဲတွေးတာပဲ.. '

ဒါပေမယ့်လည်း ယခုယောင်စစ်တွေးမိသည်မှာ ဇာတ်ကားများထဲတွင်ပါသလိုလူသွေးသောက်ရန်မလိုအပ်ပါက သွေးစုတ်ဖုတ်ကောင်ဖြစ်ရသည်မှာလည်းမဆိုးလှပေ။ သူတို့မှာရွေးချယ်စရာအစားအသောက်တွေနည်းသွားတယ်ဆိုသော်လည်း နေအဖွဲ့အစည်းအတွင်းရှိ အစားသမားတွေ၏ တီထွင်နိုင်စွမ်းသည်ကန့်သတ်ချက်မဲ့သွားပေမည်။ လူသားတိုင်းသွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားတဲ့အချိန်ရောက်လျှင် ဘဲသွေးခဲတစ်ခုတည်းကိုပင် ချက်နည်းပေါင်းတစ်ရာလောက်ထွက်လာပေမည်။


"စစ်စစ် ညီမလေးကငယ်သေးတယ် ဒါပေမယ့်အနောက်တိုင်းသားတွေရဲ့ နည်းလမ်းတွေကိုနားမယောင်မိစေနဲ့သိလား"

သူက သူမလက်ကိုဆုပ်ကိုင်ပြီးအလေးအနက်ပြောနေသည်။

"အဲ့ဒီ့အနောက်တိုင်း သွေးစုပ်ဖုတ်ကောင်ဇာတ်ကားတွေနဲ့ ဝတ္ထုတွေအကုန်လုံးကညာနေတာတွေချည်းပဲ... သေချာတာတော့အဲ့တာတွေအကုန်လုံးက အနောက်တိုင်းသားတွေရဲ့အကြံအစည်တွေပဲနေမှာ... သူတို့ကလူထုရဲ့အမြင်ကို ကစားနေကြတာ... သူတို့ရဲ့ရှေးရိုးစွဲယဉ်ကျေးမှုအမြင်တွေကို ကာကွယ်ချင်နေကြတာပဲ.. ညီမလေးစိတ်ရှင်းရှင်းထားပြီး သတိရှိရှိနေစမ်းပါ"


အစ်ကိုလီ့မှာဒီလောက်အထိ ပြင်းထန်တဲ့နိုင်ငံရေး ယူဆချက်တွေရှိတယ်ဆိုတာ တစ်ချက်ကြည့်ရုံနှင့်မပြောနိုင်ပေ။ သူက သူမကိုပင် သွေးဆောင်ဖြားယောင်နေလိုက်သေးသည်။ ယောင်စစ်၏လက်များသည် အစ်ကိုလီ၏ဆုပ်ကိုင်ထားမှုကြောင့်ထုံကျင်နေပြီဖြစ်သည်။ သူ့ကိုပိုပြီးလှုံ့ဆော်မိမှာစိုး၍ ယောင်စစ်တစ်ယောက် ခေါင်းတွင်တွင်ငြိမ့်ပြကာ မျက်နှာတွင်လဲ အရှေ့တိုင်းအုပ်စုဘက်တွင်သာနေရန် ခိုင်ခိုငိမာမာဆုံးဖြတ်ထားသည့်အမူအယာကိုဖော်ပြထားသည်။

"ညီမသိပါတယ် အစ်ကိုလီရယ် ညီမကအရှေ့တိုင်းဘက်ကပါ"


"လိမ္မာလိုက်တဲ့ ကောင်မလေး"

ဝမ်းသာအားရဖြင့်သူမ၏ ပုခုံးကိုပုတ်ပေးကာ ထပ်ရှင်းပြပြန်သည်။

"စကားမစပ် ဒီတစ်ခေါက်စစ်ပွဲကြီးကမရိုးရှင်းဘူးလို့ငါကြားထားတယ်... ပထမ၊ဒုတိ၊နဲ့ တတိယမျိုးဆက်က သွေးစုပ်ဖုတ်ကောင်အိုကြီးတွေတောင် စပြီးလှုပ်ရှားနေပြီကြားတယ်... မြို့တော်Aမှာငါတို့ဘက်ကအကျအဆုံးများနေတယ်ကြတာပဲ... စစ်ပွဲကဒီနေရာနဲ့ဝေးတယ်ဆိုပေမယ့် လုံခြုံအောင်လို့ အိမ်ထဲကရက်အနည်းငယ်လောက်မထွက်တာပိုကောင်းမယ်"


"ဟုတ်ကဲ့ပါ ညီမသိပါတယ်"


"အာ... နင်တို့လိုမွေးကာစတွေက လုံခြုံအောင်ကာကွယ်ပေးမယ့်အုပ်ထိန်းသူတွေနဲ့အတူရှိနေသင့်တာ...ပြီးတော့ နင်ကပဉ္စမမျိုးဆက်ဆိုတော့ လုံးဝရှိမှာမပါသေး... နေပါဦး"

သူမကိုလှည့်ပြီးပြောလိုက်သည်။

"နင့်ရဲ့ အစွမ်းတွေကောနိုးထလာပြီလား"


"အခုထိမနိုးထလာသေးဘူး"


"တစ်ခုတောင်မှ ထွက်မလာသေးတာလား"

လီကျန်းအနည်းငယ်အံ့ဩသွားသည်။ လေးလတောင်ကြာခဲ့ပြီကို


သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ မွေးကာစသွေးစုပ်ဖုတ်ကောင်တိုင်း အထူးစွမ်းရည်များနိုးထလာတတ်ကြသည်။ အခြေခံအကျဆုံးကတော့ ခွန်အား၊အမြန်နှုန်းနှင့် အခြေခံစွမ်းအင်ငါးမျိုးဖြစ်သည့် သတ္တု၊မြေကြီး၊အပင်၊မီးနှင့် ရေတို့ဖြစ်ကြသည်။အချို့တွင်အချိန်ကိုထိန်းချုပ်ခြင်းနှင့် ဒိုင်မေးရှင်းများကိုထိန်းချုပ်ခြင်းကဲ့သို့သောအထူးစွမ်းအင်များရှိကြကာသော်လည်း ထိုစွမ်းအင်ပိုင်ရှင်များကရှားပါးကြလေသည်။ စွမ်းအင်များ၏သန်မာမှုသည် မျိုးဆက်နှင့်သက်ဆိုင်ပြီး ပထမမျိုးဆက်သည်အသန်မာဆုံးဖြစ်ကာ ထို့အောက်မျိုးဆက်များသည် စွမ်းအင်လျော့နည်းသွားကြသည်။ 


"ညီမမှာတကယ်မရှိတာ"

ယောင်စစ်ခေါင်းခါပြလိုက်သည်။ သူမခန္ဓာကိုယ်မှ ထူးဆန်းသည့်အရာတစ်ခုမှမခံစားရပေ။

"ညီမကပဉ္မမျိုးဆက်ဖြစ်နေတာကြောင့်များလာ.. အရမ်းအားနည်းတာမလို့များ..."


"မဖြစ်နိုင်ဘူး ငါ အရမ်းမြန်တဲ့အမြန်နှုန်းရှိတဲ့ဆဌမမျိုးဆက်ကိုတောင်တွေ့ဖူးသေးတယ်"

ပဉ္စမမျိုးဆက်များသည် အလွန်သန်မာခြင်းမရှိကြသော်လည်း ၎င်းတို့၏စွမ်းရည်များ မနိုးထနိုင်မည့်အကြောင်းပြချက်မရှိပေ။

"နင့်ကို သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းသွားတဲ့ကောင်သာဒီမှာရှိရင် နင်တို့ရဲ့သွေးဆက်နွယ်မှုနဲ့ နင့်မှာဘာအစွမ်းရှိလဲဆိုတာအာရုံခံလို့ရမှာ"


"ဒါတွေအကုန်လုံး အဲ့ကောင်ရဲ့အမှားတွေပဲ.. ဘယ်သူကများသူတို့ရဲ့တစ်ဦးတည်းသောသွေးမျိုးဆက်ကိုပစ်ထားရက်မှာလဲ..အခုတော့နင်ကဘာစွမ်းရည်ရှိလဲတောင်အာရုံမခံနိုင်...အာ"

သူဆဲဆိုကျိန်ဆဲနေရင်း လမ်းတစ်ဝက်တွင် တစ်ခုခုကိုသတိရသွားသည့်ပုံနှင့် သူ့ပေါင်သူရိုက်လိုက်ကာ စိတ်လှုပ်တရှားပြောလာသည်။

"နင့်ရဲ့ အစွမ်းကိုစစ်ဆေးဖို့နည်းလမ်းတစ်ခုရှိတယ်ဟ"


"တကယ်လား"

ယောင်စစ် ထခုန်မိသွားသည်။ သူမသည် အားနည်းသောသွေးစုတ်ဖုတ်ကောင်ဖြစ်သော်လည်း အထူးစွမ်းအင်တစ်ခုရှိခြင်းသည် ဘာမှမရှိခြင်းထက်ပိုကောင်းပေသည်။

"ဘာနည်းလမ်းလဲ"


"ဒီမှာခဏစောင့်"

အစ်ကိုလီသည် သူ့အနောက်ရှိဆိုင်ခန်းငယ်ထဲသို့ပြေးထွက်သွားကာ အံဆွဲများတစ်လျှောက်မွှေနှောက်ရှာဖွေနေလိုက်သည်။ ခဏအကြာတွင် ထောင့်မှန်စတုဂံပုံရှည်မျောမျောအရာတစ်ခုကိုရှာတွေ့လိုက်သည်။ သူ့မျက်နှာတွင်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူမကိုပေးလိုက်သည်။

"ဒီဟာလေးပဲ"


ယောင်စစ်ထိုအရာကိုငေးကြည့်ကာ ကြက်သေသေနေမိပြီး လက်ရှိနှင့်အဆက်အသွယ်ပြတ်သွားပေသည်။ 

'ဒါကြီးက...'


သူမနှဖူးတွင်သွေးကြောများပင်ထောင်ထလာတော့သည်။


"အစ်ကို ညီမကလက်မထပ်ရသေးဘူးနော်"


"ငါသိတယ်လေ"


"ညီမတစ်ခုမှလည်း ရည်းစားမထားခဲ့ဖူးဘူး"


"ဟမ်"


"ညီမ ဘယ်သူနဲ့မှလည်း မဖွယ်မရာမလုပ်ဖူးဘူး"


"အိုး"


"ညီမကိုယ်တိုင်ကလည်း အိမ်တွင်းပုန်းတစ်ယောက်နော်"


"အဲ့တော့"


"ဒါဆို.."

သူမနှုတ်ခမ်းထောင့်များတွန့်လိမ်မိသွားသည်။

"ဒါဆိုဘာလို့ ညီမကို ကိုယ်ဝန်စစ်တဲ့ကိရိယာကြီးပေးနေရတာလဲ"



ယောင်စစ် လီကျန်း၏ဆိုင်မှပြန်လာသောအခါ ကောင်းကင်ယံတွင် လကြီးပင်ထိန်ထိန်သာနေပြီဖြစ်သည်။


သူမကိုအံ့အားသင့်စေသည့်အရာမှာ လီကျန်းသူမကိုပေးသည့် ကိုယ်ဝန်စစ်ကိရိယာသည် အမှန်တကယ်တွင် အထူးစွမ်းရည်များကိုစစ်ဆေးသည့်အရာဖြစ်နေပြီး အခြေခံစွမ်းအင်ငါးမျိုးကစစ်ဆေးပေးနိုင်သည်။ သွေးတစ်စက်ကိုစမ်းသပ်စာရွက်ပေါ်တွင်ချလိုက်ပါက စွမ်းရည်နှင့်သက်ဆိုင်သည့်အရောင်တစ်ခုပေါ်ထွက်လာမည်ဖြစ်သည်။


ကံဆိုးစွာဖြင့် သူမ၏သွေးသည်မည်သည့်အရောင်ကိုမှထွက်ပေါ်မလာစေပေ။ ဘာအရောင်မှထွက်မလာသည်ကိုမြင်ပြီးနောက်တွင် လီကျန်းတစ်ယောက်သူမကို မျက်ရည်ဝိုင်းနေသောမျက်လုံးများဖြင့်ကြည့်လာသည်ကိုမြင်ယောင်၍ရသေးပေသည်။

သူသည် မူလတန်းကျောင်းတွင်ကလေးများကိုသင်ကြားပေးနေဆဲဖြစ်သော ဆယ့်သုံးစုတွင်ရေးသားခဲ့သော ရှေးဟောင်းတရုတ်စာပေတစ်ခုဖြစ်သည့် "ဂန္ထဝင် အပြုအမူသုံးရပ်" ကိုအသုံးပြုခဲ့သည်။ ၎င်း၏ စာတစ်ကြောင်းစီတွင် စာလုံးသုံးလုံးပါပြီး ဝါကျတစ်ခုဆီတွင် အခြေခံကိုယ်ကျင့်တရားခြောက်မျိုးပါဝင်ပေသည်။ "ဂန္ထဝင်အပြုအမူသုံးရပ်" တွင်ပါဝင်သောအဓိက အချက်ငါးချက်မှာ စေတနာ၊ ဖြောင့်မတ်မှု၊ ရိုးသားမှု၊ လေးစားမှုနှင့် သားသမီးကျင့်ဝတ်တို့ဖြစ်ကြသည်။ ထို့ကြောင့် လီကျန်းသည် ထိုရှေးစာဆိုအသုံးပြုကာ ယဉ်ယဉ်ကျေးကျေး ဆဲဆိုနေခဲ့သည်။သူမကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းခဲ့သော သူကိုနာရီဝက်မျှထိုင်ဆဲခြင်းဖြင့် ဂန္ထဝင်အပြုအမူသုံးရပ်မှ နံပါတ်တစ်အချက်ကိုအကောင်အထည်ဖော်ခဲ့လေသည်။


ယောင်စစ်တစ်ယောက် စိတ်မပျက်ဘူးဟုပြောလျှင် လိမ်လည်ရာကျပေမည်။ သူမသည် မကြာသေးမှီကမှအသွင်ပြောင်းခဲ့ပြီး အုပ်ထိန်းသူမရှိသည့်အပြင် အထူးစွမ်းရည်တစ်ခုပင်နိုးထမလာခဲ့ချေ။ ထိုနှင့်မျှမလုံလောက်သေးသောကြောင့် သူမသည် ပဉ္ခမျိုးဆက်တစ်ယောက်ဖြစ်နေသေးပြန်သည်။


'ပဉ္စမမျိုးဆက်ဆိုတာဘာကိုဆိုလိုတာလဲ...'

အစ်ကိုလီလို စတုတ္ထမျိုးဆက်သည် အရှေ့တိုင်းနှင့်အနောက်တိုင်းစစ်ပွဲကြီးတွင်ပါဝင်ရန်အရည်အချင်းမပြည့်မှီဟုပြောရမည်ဆိုပါက သူမသည် စစ်ပွဲအတွင်းတွင်ဘာမှတန်ဖိုးမရှိသည့် ဝန်ထုပ်ဝန်ပိုးဖြစ်လေသည်။


သူမထွက်မလာခင်က လီကျန်းထံမှ ထွက်လာခဲ့သော စာနာသနားသည့်လေသံဖြင့်စကားများသည် သူ့နားထဲတွင်ပဲ့တင်ထပ်နေလျက်ရှိသေးသည်။

"ဟားဟားဟား...... စစ်စစ် ညီမလေးရဲ့စွမ်းရည်က လူဆယ်သန်းမှာမှတစ်ယောက်မှာပဲရှိတဲ့ အထူးစွမ်းရည်ဖြစ်ရင်ဖြစ်နေမှာ... အရမ်းစိတ်ဓာတ်မကျပါနဲ့"


'နင့်မေတဲ့မှ... အဲ့တာကပိုပြီးတော့တောင် ဝမ်းနည်းစရာကောင်းနေသေးတယ်ဟ'


နှာခေါင်းကိုပွတ်သပ်လိုက်ရင်း ထိုကိစ္စကိုလက်လျော့လိုက်တော့သည်။ 

'ဘာပဲဖြစ်ဖြစ် အိမ်ကိုမြန်မြန်ပြန် ဘဲသွေးခဲတစ်ပွဲလောက်စားပြီး ကိုယ့်ကိုကိုယ်စိတ်ငြိမ်အောင်လုပ်လိုက်တော့မယ်'


အနီရောင်ပြောင်းနေတဲ့သူမလက်ထဲက သက်သေခံကတ်ပြားကိုဖြစ်ညှစ်လိုက်ပြီး အစ်ကိုလီပြောတဲ့ အရှေ့တိုင်းနဲ့အနောက်တိုင်းကြားကစစ်ပွဲကသူမအပေါ်ဘာမှမသက်ရောက်သလို ခံစားနေရသည်။ သိပ်မကြာသေးမီက သူမသည် ဆိုရှယ်လစ်ဝါဒ၏အနီရောင်အလံအောက်တွင် မွေးဖွားခဲ့ပြီး ဂုဏ်သရေရှိသည့်ငြိမ်းချမ်းသည့်ခေတ်၏ နွေဦးလေပြေအောက်တွင် နေထိုင်နေခဲ့သည့် မိန်းမကောင်းလေးတစ်ယောက်ဖြစ်ပြီး ကမ္ဘာစစ်ပွဲများကို တီဗီနှင့်ပိတ်ကားများထက်တွင်သာ ကြည့်ရှူခဲ့ရသူဖြစ်သည်။


ထို့အပြင် သူမနေထိုင်သော မြို့တော်F သည် တိုက်ပွဲများပြင်းထန်နေသည်ဟုဆိုသော မြို့တော်Aနှင့် မိုင်ပေါင်းထောင်သောင်းချီ၍ကွာခြားပေသည်။ သူမသည် စစ်ပွဲအတွင်းတွင် ဘောင်ပင်မဝင်သည့် အားနည်းသည်ပဉ္စမမျိုးဆက်လေးတစ်ယောက်ဖြစ်ပြီး စစ်ပွဲ၏ရိုက်ခတ်မှုဒဏ်သည် သူမနှင့်လားလားမှမဆိုင်ပေ။


ဘန်း...


ကျယ်လောင်သည့်အသံတစ်ခုက တိတ်ဆိတ်သည့်ညဘက်အချိန်ကိုဖြိုခွဲလိုက်ကာ အနက်ရောင်အရိပ်တစ်ခုကသူမ၏ဘေးဘက်မှပျံသန်းသွားလေသည်။သူမ၏အရှေ့သို့ ကြီးမားသည့် မီးဆိုင်းကြီးတစ်ခုပြုတ်ကျလာပြီး အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ဖန်ကွဲစများပြည့်နှက်နေကာ သူမနှင့်မီးဆိုင်းကြီးကြားတွင် ခြေတစ်လှမ်းစာသာကွာဝေးလေသည်။


"ဟမ့်.. မင်းတို့အရှေ့တိုင်းအဖွဲ့တစ်ခုလုံးက ဒီလိုငပျော့တွေနဲ့ပြည့်နေတာလား"

မထီမဲ့မြင်ပြုနေသောအသံတစ်ခု သူမခေါင်းအထက်မှထွက်ပေါ်လာသည်။


'ချီးပဲဟေ့'


ယောင်စစ်၏ခေါင်းထဲတွင် ထိုစကားလုံးတစ်ခုသာပဲ့တင်ထပ်နေပြီး သူမ၏ယုံကြည်မှုများသည်လည်း တခွမ်းခွမ်းကွဲကြေသွားတော့သည်။