အပိုင်း ၄
Viewers 16k

Chapter 4 

အပြစ်မဲ့တဲ့ပွဲကြည့် ပရိတ်သတ်လေး


ယောင်စစ်၏နှလုံးသားတစ်ခုလုံး ဆွဲဆုပ်ခံနေရသလိုခံစားနေရကာ သူမခန္ဓာကိုယ်တစ်ခုလုံးတောင့်ခဲသွားပေသည်။ ထို့နောက်သတ္တိမွေးလိုက်ပြီး မော့ကြည့်လိုက်သည်။ သူမနှင့်မနီးမဝေးနေရာရှိ လမ်းမီးတိုင်ပေါ်တွင်လူတစ်ယောက်ရှိပေသည်။ ထိုလူ၏တစ်ခုလုံးကို အနက်ရောင်ကုတ်အရှည်တစ်ခုဖြင့်ဖုံးအုပ်ထားသောကြောင့် မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း အဝါရောင်ဆံပင်များကိုမြင်လိုက်ရသောကြောင့် နိုင်ငံခြားသားတစ်ယောက်ဖြစ်သည်မှန်း သိလိုက်ရသည်။


"ဟား... မင်းတို့အနောက်တိုင်းအုပ်စုကလည်း မြင်ရသလောက် မကြမ်း"

နောက်ထပ် အေးစက်စက်အသံတစ်ခုထွက်ပေါ်လာသည်။


ထိုမှသာလျှင်ယောင်စစ်သည် သူမ၏အနီးရှိလမ်းမီးတိုင်ပေါ်တွင် နောက်ထပ်လူတစ်ယောက်ရှိနေမှန်းသိလိုက်ရသည်။ ထိုသူ၏မျက်နှာသည် အခြားတစ်ယောက်လိုပင်မမြင်ရသော်လည်း သူ့တွင်ဆံပင်အနက်များရှိသဖြင့် ထိုသူသည်သူမလို အရှေ့တိုင်းဘက်တော်သားဖြစ်ရပေမည်။


ထိုလူနှစ်ယောက်လုံးသည် သွေးစုပ်ဖုတ်ကောင်များဖြစ်ကြပေလိမ့်မည်။ သူတို့ထံမှ လီကျန်းထံမှရရှိသည့် ဖိအားနှင့်လုံးဝကွာခြားသော မမြင်နိုင်သည့်ဖိအားအချို့ကိုခံစားနေရသည်။ သူမခန့်မှန်းတာမလွဲဘူးဆိုလျှင် ထိုလူနှစ်ယောက်သည် လီကျန်းပြောဖူးသည့် တတိယမျိုးဆက်နှင့်အထက်သွေးစုပ်ဖုတ်ကောင်များဖြစ်နိုင်သည်။

'နေပါဦး ...သူတို့ကတိုက်ခိုက်နေကြတာလား'


'ပြောတော့ တိုက်ပွဲက A မြို့မှာပါဆို ...အခုဘာတွေဖြစ်နေတာလဲ

ဒါက တိုက်ပွဲမစခင်သွေးပူလေ့ကျင့်ခန်းလုပ်နေကြတာလား'


ယောင်စစ်တစ်ယောက် သူမရှေ့တွင် မီးစများတဖွားဖွားထွက်ပေါ်နေသော မီးဆိုင်းကြီးကိုကြည့်လိုက်ပြီး နှလုံးအောက်ခြေမှ ကြောက်စိတ်တို့မြင့်တက်လာသည်။ သူမသာခြေတစ်လှမ်းထပ်တိုးမိပါက ထိုမီးဆိုင်းကြီးအစားကွဲကြေနေမည့်အရာမှာ သူမ၏ခေါင်းပင်ဖြစ်ချေသည်။


နတ်ဘုရားများတိုက်ခိုက်ကြသောအခါ ကျုံးထဲရှိငါးများအပေါ်သက်ရောက်မှုရှိပေသည်။ ထိုလူနှစ်ယောက်သူမအပေါ် အာရုံမရှိဘူးဆိုတာကို မြင်လိုက်ရသောအခါ ယောင်စစ် လက်ရှိနေရာမှအမြန်ဆုံးထွက်ပြေးရန်လုပ်လိုက်သည်။ သို့သော် သူမခြေထောက်လှုပ်လိုက်သည်နှင့်တပြိုင်နက် လေပြင်းတစ်ချက်တိုက်လာတော့သည်။ မြေပြင်ကိုဖုံးလွှမ်းသွားသည်အထိ ကြွေကျနေခဲ့သောသစ်ရွက်များသည် လေအဝှေ့တွင် လွင့်ပျံသွားကြပေသည်။


သူမသည် လေပြင်းကြောင့်ဘာမှမမြင်ရတော့ပဲ ပါးစပ်အပြည့်ဖုန်များစားနေရသည်။ လက်မြှောက်ပြီးမျက်စိကိုကာလိုက်သောအခါမှ သူမခေါင်းထက်မှကျယ်လောင်သောမြည်သံတစ်ခုကိုကြားလိုက်ရသည်။ သူမ၏မျက်စိထောင့်မှ လျှပ်စီးတန်းတစ်ခုကိုမြင်လိုက်ရကာ ၎င်းသည်အထက်မှတစ်စုံတစ်ခုကို သက်ဆင်းစေလိုက်သည်နှင့်တူနေသည်။


သူမ မသိစိတ်အလျောက်ဘေးသို့ရွှေ့လိုက်သောအခါ သူမခုဏကရပ်နေသောနေရာကို နားကန်းလုမတတ်ကျယ်လောင်သောအသံနှင့် မိုးကြိုးပစ်ချလိုက်ပြီး နှစ်မီတာခန့်နက်သော ချိုင့်ခွက်တစ်ခုကိုဖြစ်ပေါ်လာစေသည်။


ယောင်စစ်တံတွေးမျိုချလိုက်မိသည်။ 

'တကယ့်ကို ခပ်သီသီလေးပဲ'


'မိုးကြိုးလား.. မင်းတို့အရှေ့တိုင်းသားဒုတိယမျိုးဆက်တွေကဒီလောက်ပဲတတ်နိုင်တာလား"

အဝါရောင်ဆံပင်နှင့်လူကပြောလိုက်သည်။ သို့သော် သူသည်ခုဏကိုမိုးကြိုးကိုရှောင်တိမ်းထားသည့်ပုံစံဖြင့် နေရာအသစ်တစ်ခုတွင်ရပ်နေလေသည်။


အခြားတစ်ဖက်ရှိ ဆံပင်အနက်နှင့်လူ၏လက်ထဲတွင် မိုးကြိုးမျှင်တို့ထွက်ပေါ်လာပြီး မိုးကြိုးကထိုလူ၏လက်ချက်ဖြစ်သည်မှန်းဖော်ပြနေသည်။


'အဲ့တာ.. အဲ့တာသွေးစုပ်ဖုတ်ကောင်တွေရဲ့ အထူးစွမ်းရည်တွေလား'


'ငါဘယ်လောက်တောင်ကံဆိုးလိုက်သလဲကွာ...'


"..မင်းတို့ဘက်ကလူတွေကနာခံမှုရှိရှိနဲ့လက်နက်ချသင့်တယ်လို့ ငါထင်တယ် အဖွဲ့အစည်းနှစ်ခုလုံးစည်းလုံးနေတော့ပိုမကောင်းဘူးလား..."

ဆံပင်အဝါနှစ်တစ်ယောက်က ခနဲ့တဲ့တဲ့ပြောလိုက်သည်။

"မဟုတ်လဲ မင်းတို့ကောင်တွေက ဒီစစ်ပွဲမှာနိုင်မှာမမှမဟုတ်တာ"


အနက်ရောင်ဆံပင်နှင့်လူက ပြန်မဖြေပဲသူ့လက်ကိုသာဝှေ့ယမ်းလိုက်သည်။ လျှပ်စီးကြောင်းတစ်ခုက  သူ့ရန်သူဖြစ်သော ဆံပင်ဝါနှင့်လူထံဦးတည်သွားပြီး ထိုလူရပ်ခဲ့သောနေရာတွင် လေးမီတာငါးမီတာခန့်ကျယ်သော အပေါက်ကြီးများဖြစ်သွားစေသည်။ ထို့နောက် စိတ်ခံစားချက်မဲ့သောအသံနှင့်ပြောလိုက်သည်။

"စကားများမနေပဲ တိုက်ခိုက်စမ်းပါ"


ဆံပင်အဝါနှင့်လူ ဒယိမ်းဒယိုင်နဲ့  ခုန်ရှောင်လိုက်ပြီး အရိပ်ကိုသာမြင်လိုက်ရဟာဟိုဘက်အခြမ်းရှိလူထံသို့ရောက်သွားပြီးတိုက်ခိုက်နေကြသည်။ ယောင်စစ်တစ်ယောက် လေထဲတွင်ပူးကပ်သွားလိုက် ကွဲကွာသွားလိုက်ဖြစခနေသော ပုံရိပ်နှစ်ခုကိုသာမြင်နေရပြီး မြေပြင်ကိုအပေါက်များ ချိုင့်ကွက်များကိုဖြစ်ပေါ်လာစေသော မိုးကြိုးပစ်သံများကိုကြားနေရသည်။


ထိုအချိန်တွင် ယောင်စစ်သည် စိတ်ကူးယဉ်သိပ္ပံဝတ္ထုတစ်ခုတည်းရောက်ရှိသွားသည်ဟု ထင်ယောင်ထင်မှားဖြစ်သွားပြီး အချိန်အတော်ကြာမှ ထွက်ပြေးဖို့သတိရမိတော့သည်။ သူမလှည့်ပတ်ကြည့်လိုက်တော့ လမ်းဘေးတစ်ဖက်တွင် အများသုံးစက်ဘီးတစ်စီးကိုတွေ့လိုက်ရပြီး ထိုစက်ဘီးကိုအစွမ်းကုန်နင်း၍ထွက်ပြေးလေတော့သည်။ လမ်းသုံးလမ်းကိုဖြတ်ကျော်အောင် အသက်ထွက်လုမတတ်နင်းလိုက်ရသည်။


စက်ဘီးစီးနေရင်းသူမနောက်တွင် ကျယ်လောင်သည့်မိုးခြိမ်းသံများကိုကြားနေရသည်။ သူမလှည့်ကြည့်လိုက်သောအခါ လမ်းတစ်ဖက်တွင်စိတ်ကူးရင်သိပ္ပံကားတစ်ကားရဲ့ရိုက်ကွင်းနဲ့တူနေတဲ့ မီးတောက်များ အလင်းရောင်များကိုတွေ့နေရသေးသည်။ တစ်ခါတစ်ရံတွင် အရိပ်အချို့ကထိုနေရာကိုထွက်သွားသည်ကိုမြင်ရသည်။ ငပျော့လေးတစ်ယောက်အနေနဲ့ သူမရဲ့တည်ရှိမှုကိုထိုလူတွေမမြင်ပါစေနဲ့လို့သာဆုတောင်းနိုင်ပေသည်။


သူမကသိပ်မထင်းရှားတာလား ဒါမှမဟုတ် ကူညီဖို့လာတဲ့လူတွေက အရှေ့တိုင်းသားတွေဖြစ်နေလို့လားမသိ ဘယ်သူမှသူမကိုမရပ်ခိုင်းကြချေ။


ပို၍အံ့ဩဖွယ်ကောင်းသည်မှာ ဘယ်သူမှ ဒီလောက်အထိကျယ်လောင်တောက်ပနေတဲ့ မြင်ကွင်းကိုလာမကြည့်ကြတာဖြစ်သည်။ လူနှစ်ယောက်လမ်းပေါ်တွင်တိုက်ခိုက်နေကြသော်လည်း လမ်းမပေါ်သို့ဝိဉာဉ်တစ်ကောင်ပင်ထွက်မကြည့်ပေ။ သွေးစုတ်ဖုတ်ကောင်တွေပိုင်ဆိုင်တဲ့အထူးစွမ်းရည်တွေကိုပြန်တွေးမိလိုက်သောအခါမှ တိုက်ခိုက်နေသည့်နှစ်ယောက်ကြားရှိ တစ်ယောက်တွင် ဤမျှပြင်းထန်သောတိုက်ပွဲကိုသာမန်လူများ သတိမထားမိအောင်လုပ်နိုင်သောအစွမ်းတစ်ခုရှိပေလိမ့်မည်။


ယခုတော့ လီကျန်းပြောခဲ့သောစစ်ပွဲကြီးဆိုသောအရာကို နားလည်သွားချေပြီ။ သွေးစုတ်ဖုတ်ကောင်နှစ်ကောင်တည်းတိုက်ခိုက်တာကိုပင် လမ်းတစ်လမ်းလုံးကိုစုတ်ပြတ်သတ်သွားစေသောပျက်ဆီးမှုများကိုဆောင်ကျဉ်းနေပြီဖြစ်သည်။ 


အဖွဲ့လိုက်သာချကြမည်ဆိုပါက....


သူမတွေးပင်မတွေးရဲတော့ချေ။ ထိုအတွေးကြောင့် ဤနေရာမှဝေးနိုင်သလောက်ဝေးဝေးသို့ပြေးရန်တွေးထားသောသူမ၏ဆုံးဖြတ်ချက်ကိုခိုင်မာစေသည်။ အမည်မသိစွမ်းအင်တစ်ခုကပေါက်ကွဲထွက်လာပြီးသူမကို မြို့လယ်ရှိဒုတိယရက်ကွက်တစ်ခုမှ စတုတ္ထရက်ကွက်အပြင်ထိရောက်အောင် စက်ဘီးနင်းနိုင်စေသည့်စွမ်းအင်များပေးလိုက်ကာ မြို့ထဲရှိ တိုက်ခိုက်သံများကိုမကြားနိုင်တော့သည့်နေရာသို့ရောက်အောင်နင်းသွားခဲ့သည်။ ထို့နောက်သူမသည် စက်ဘီးကိုအရှိန်လျော့လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။


စက်ဘီးကိုလမ်းဘေးတွင်ရပ်ကာ ဘေးရှိမြက်ခင်းပေါ်ထိုင်ချ၍ သက်ပြင်းချလိုက်တော့သည်။


'အိုး.. ‌ေ-ာက်ကျိုးနည်းအောင် ပင်ပန်းလိုက်တာ... ဘာပဲဖြစ်ဖြစ်မဆိုးလှပါဘူးလေ.. မဆိုင်ပဲထိခိုက်မိတဲ့ အပြစ်ကင်းတဲ့ပွဲကြည့်ပရိတ်သတ်လေးငါက အနည်းဆုံးတော့ တိုက်ပွဲထဲကနေလွတ်မြောက်ခဲ့....'


"အရှေ့တိုင်းက မျိုးမစစ်တဲ့လူရိုင်းကောင်တွေ.. သေကြစမ်း"

သူမအနောက်မှ အားကြီးနဲ့အော်ပြောလိုက်တဲ့အသံကိုကြားလိုက်ရသည်။


ရင်းနှီးနေတဲ့အဖြူအမဲပုံရိပ်တစ်ခုက မြက်ခင်းပြင်ပေါ် ပေါ်လာပြီး ဆံပင်ဝါနဲ့လူက မြေပြင်ကိုလက်သီးနှင့်ထိုးချလိုက်သည်။ ကြီးမားတဲ့အက်ကွဲကြောင်းကြီးတစ်ခုက ဆံပင်အနက်နဲ့လူထံဦးတည်၍ အက်ကွဲသွားသည်။


ထို့နောက်တွင်...


ဆံပင်အနက်နှင့်လူက ဘေးသို့ရှောင်တိမ်းလိုက်သည်။


အဲ့နောက်မှာ


သူမ ထိုအက်ကွဲကြောင်းထဲပြုတ်ကျသွားတော့သည်။


ချီးပဲဟေ့!


_______


ယောင်စစ်ယောက်သေမလိုခံစားနေရသည်။ သူမတစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး သူ၏အရိုးများပင်ကျိုးကြေသွားသည့်အသံကိုကြားလိုက်ရသည်။ အက်ကွဲကြောင်းသည် အလွန်အမင်းနက်ရှိုင်းကာ အက်ကွဲကြောင်း၏ထိပ်ကို အလင်းရောင်အမြှောင်းအသေးလေးတစ်ခုအဖြစ်သာမြင်နေရသောကြောင့် သူမသေပြီလားဟုပင် မေးခွန်းထုတ်နေမိသည်။


အတော်ကြာအောင်ကြိုးစားပြီးနောက်တွင် အက်ကွဲကြောင်းထိပ်သို့ အောင်အောင်မြင်မြင်လက်ခလယ်ထောင်ပြလိုက်နိုင်သည်။


'ဆံပင်အဝါနဲ့ကောင်ရေ.. ငါနင့်ကိုတစ်သက်မမေ့ဘူးကွ'


သူမအရင်ဘဝမှာ ထိုလူနှစ်ယောက်အပေါ် အကြွေးတင်မိတာဖြစ်နိုင်လေသည်။ ထိုသို့မဟုတ်ပါက ထိုနှစ်ယောက်က သူမရှိရာအရပ်ကိုရအောင်လိုက်လာပြီး ချကြမှာလဲ။ အဲ့လိုသာလိုက်လာမယ်မှန်းသိရင် စက်ဘီးနင်းပြေးပြီးအချိန်ဖြုန်းနေမှာမဟုတ်ဘူးလေ။


ယောင်စစ်ထိုနေရာတွင် မည်မျှကြာကြာလှဲလျောင်းနေမိမှန်းမသိတော့ချေ။ သို့သော် သူမ၏ခန္ဓာကိုယ်ရှိနာကျင်များသည် မှော်ဆန်ဆန်ပျောက်ကွယ်သွားပြီး ပြုတ်ကျ၍ရရှိလာသောဒဏ်ရာများသည် ပျောက်ကင်းသက်သာသွားတော့သည်။


သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူမသွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းသွားရသည်ကို အနည်းငယ်ပင်ဂုဏ်ယူမိသွားသည်။ 


သူမပြန်ထိုင်ချလိုက်ပြီး ခဏလောက်နားလိုက်ကာ အက်ကွဲကြောင်း၏ အဝကိုကြည့်လိုက်ကာ အဆုံးတွင်တော့ တွယ်တက်ရန်သာဆုံးဖြတ်လိုက်သည်။ ဤအက်ကွဲကြောင်းသည် ဆံပင်အဝါနှင့်လူ၏စွမ်းရည်ကြောင့်ပေါ်လာခြင်းဖြစ်နိုင်ပြီး အလွန် နက်ရှိုင်းသော်ငြားလည်း မကျယ်ပြန့်ပါချေ။ နံရံနှစ်ဖက်လုံးကိုတွန်းကန်ပြီး အပေါ်သို့တက်လို့ရပေသည်။


အခုကစလုပ်ရမယ့်အချိန်ပဲ။ ယောင်စစ်ခြေလက်များကိုဆန့်ထုတ်ကာ တရုတ်အက္ခရာ 大ပုံစံဖြင့် အပေါ်သို့ဖြေးဖြေးချင်းတွန်းတိုက်၍တက်သွားလေသည်။  ခဏအကြာတွင်ထိုနည်းလမ်းကအသုံးဝင်မှန်းသိလာတော့သည်။ ထိုနည်းလမ်းသည်ပင်ပန်းသော်လည်း အနည်းဆုံးတော့မျှော်လင့်ချက်ရှိနေသေးသည်။


သူမပင်ပနိးလာတိုင်းရပ်လိုက်ကာ အချိန်ခဏနားလိုက်သည်။ ထို့နောက် သွားလိုက်ရပ်လိုက်ဖြင့် နံရံနှစ်ဖက်ကြားမှ အပေါ်ဘက်ထွက်ပေါက်ရှိရာသို့တရွေ့ရွေ့သွားနေသည်။


သူမ၏ဖွဲ့စည်းပုံကြောင့် ယောင်စစ်၏စွမ်းအင်များသည် လျှင်လျှင်မြန်မြန်ပြည့်တင်းလွယ်ပေသည်။ အချိန်ဘယ်လောက်ကြာကြာ တွယ်တက်နေမိမှန်းပင်မသိတော့ချိန်တွင်ယောင်စစ်၏ ခြေလက်များသည်ထုံကျင်ကိုက်ခဲလာသော်လည်း အပေါက်ဝသို့တဖြေးဖြေးနီးကပ်လာတော့သည်။ အမှောင်ထုမှသည် တဖြေးဖြေးလင်းလာကာ အနည်းငယ်ပင်မျက်စိကျိန်းသွားစေသည်။ သူမတွင်းဝသို့ရောက်ခါနီးတွင် နေ့ခင်းဘက်ရောက်နေသည်ကိုသတိပြုမိလိုက်သည်။


ငါးမီတာလောက်ပဲကျန်တော့တဲ့အချိန်မှာ မျှော်လင့်ချက်တွေပြည့်လျှံလာတော့သည်။ အရှိန်မြှင့်လိုက်ပြီး လက်တစ်ဖက်ဖြင့် အက်ကွဲကြောင်းအပေါ် ၏ဘေးဘက်ကိုထိလိုက်သည်။ မြက်ခင်းပြင်ကိုထိမိသွားသောအခါ ပါးပြင်ပေါ်မျက်ရည်များစီးကျလာကာ ကျယ်ကျယ်လောင်လောင်အော်ဟစ်၍ငိုကြွေးလိုက်သည်။ 

'မေမေရေ..နောက်ဆုံးတော့အပေါ်ပြန်တက်နိုင်ခဲ့ပြီကွ'


သူမအပြင်ထွက်လာဖို့လုပ်နေချိန်တွင် ခေါင်းအထက်တွင် ရင်းနှီးနေသောအသံတစ်ခုကိုကြားလိုက်ရပေသည်။


"တိုက်ပွဲမြေပြင်ကိုရှင်းလင်းကြတာပေါ့"


ဘာကြီး..


နောက်တစ်စက္ကန့်အကြာတွင် သူမပတ်ပတ်လည်တစ်ခုလုံးလှုပ်ခါသွားကာ သူမခေါင်းအထက်ရှိ မျှော်လင့်ချက်အပြည့်ဖြင့်ထွက်ရတော့မည့်အပေါက်ဝပိတ်သွားလေသည်။ သူမခြေချော်သွားကာ တွင်းအောက်ခြေသို့ထပ်မံပြုတ်ကျသွားတော့သည်။


ဤတစ်ကြိမ်တွင် သူမဘယ်အရိုးမှမကြိုးတော့ပေ။ သို့သော် ရုတ်ချည်းပင်သတိမေ့သွားပေသည်။


သူမမျက်လုံးတွေမှိတ်မသွားခင် စိတ်ထဲတွင်တွေးနေခဲ့သောအတွေးတစ်ခုသာရှိပေသည်။ 


'ဆံပင်အနက်နဲ့ကောင်ရေ နင်ရောနင့်သားစုတစ်ခုလုံးကိုပါ ငလူးပါပဲ'