အပိုင်း ၅
Viewers 16k

Chapter 5

ဂြိုလ်ကိုဖြိုခွဲခြင်း


စကြဝဠာပြက္ခဒိန်၏ ၉၅၁၆ခုနှစ် 


"အရာရှိကြီး.. ဂြိုလ်အဆုံးသတ်ခြင်းအစီအစဉ်ကိုပြင်ဆင်ပြီးကြောင်းသတင်းပို့ပါတယ် ဘယ်အချိန်မဆိုစတင်လို့ရနေပါပြီ..."


"ကောင်းပြီ"

အာကာသစခန်း အမှတ်၃၃၃၏ အရာရှိ လုရန်သည် ထိုင်ခုံပေါ်မှထလိုက်သည်။ သူရှေ့ရှိ ဧရာမအနက်ရောင်အရာကြီးကိုကြည့်လိုက်ပြီး သူ့ကိုအစီအရင်ခံနေသော လက်ထောက်ကိုပြောလိုက်သည်။

"ဂြိုလ်တစ်ခုလုံးကို scan ဖတ်တာရော.. scan ဖတ်တာလုပ်ပြီးပြီလား"


"အကုန်ပြီးသွားပါပြီ..."

လက်ထောက်အရာရှိလေးပြောလိုက်သည်။


"ဘယ်နှကြိမ်လုပ်လိုက်လဲ..."


"သုံးကြိမ်ပါ... အသက်ရှင်နေတဲ့လက္ခဏာတွေတစ်ခုမှမတွေ့တော့ပါဘူး..."


"အသက်ရှင်နေတဲ့လက္ခဏာတွေတဲ့လား..."

သူမျက်မှောင်ကြုတ်သွားသည်။


"ကျွန်တော်တို့ ဘယ်ဇီဝသက်ရှိလက္ခဏာရပ်မျိုးကိုမှမတွေ့ခဲ့ပါဘူး..."

ရုတ်ချည်းပင် လက်ထောက်သည် သူဘာမေးချင်နေသလဲဆိုတာ နားလည်နေသည့်ဟန်ဖြင့်ပြောလိုက်သည်။


"ကောင်းတာပေါ့..."

လော့ရန်နောက်ဆုံးတော့ စိတ်သက်သာရာရသွားခဲ့သည်။

"မင်းဒီ scan ဖတ်တာကိုစေ့စေ့စပ်စပ်လုပ်ရမယ်... တစ်ခုခုသာလွဲချော်သွားခဲ့ရင်.. မင်းရောငါရောဘာမှတာဝန်ယူမပေးနိုင်ဘူး... နားလည်လား.."


"ဟုတ်ကဲ့... ကျွန်တော်ဘာဆိုဘာမှ မမှားအောင်လုပ်ပါ့မယ်..."


"အဲ့တာနဲ့တင် မလုံလောက်သေးဘူး"

လုရန် ပြောလိုက်သည်။ 

"တစ်ရာ ရာခိုင်နှုန်းလုံးအမှားမရှိအောင်လုပ်ရမယ်.."


"ဟုတ်ကဲ့ပါ အရာရှိကြီး..."


"ကောင်းတယ်"

ထိုမှသာ လုရန်ကျေကျေနပ်နပ်ခေါင်းညိတ်လိုက်သည်။

"စကားမစပ်... မကြာခင်လေးတင်ငါတို့ရှာတွေ့ထားတဲ့ သတိမေ့နေတဲ့လူရောဘယ်လိုနေလဲ... သူမကဘာမျိုးနွယ်လဲဆိုတာရှာတွေ့ပြီလား..."


"သူမနိုးလာတာရက်နည်းနည်းကြာပါပြီ..."

လက်ထောက်က သူ့လက်ပေါ်ရှိ ပုံရိပ်ယောင်ကွန်ပြူတာကိုထိလိုက်ပြီး အချက်အလက်များကိုပေးလိုက်သည်။

"ဆေးအဖွဲ့ကသူမကိုစမ်းသပ်ပြီးပါပြီ... သူမမှာအတွင်းဒဏ်ရာတွေမရှိပါဘူး... ဒါပေမဲ့ သူမကအချိန်အကြာကြီးကိုမာဝင်သွားခဲ့တဲ့အတွက် သူမဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေသိပ်မကောင်းသောတာကြောင့် လတ်တလောတော့ သူမရဲ့ကိုယ်ပိုင်မျိုးနွယ်ကို မမှတ်မိသေးပါဘူး..."


"သူမ မမှတ်မိမှတော့ သူမရဲ့မျိုးရိုးဗီဇကိုစစ်ဆေးကြည့်လိုက်တော့... ငါတို့ရှာမတွေ့ပဲမနေပါဘူး..."


"ဟုတ်ကဲ့..."

လက်ထောက်က အလေးပြုလိုက်ပြီး သူ့ရှေ့တွင်အက်ကွဲစပြုနေပြီဖြစ်သော ဂြိုလ်ကိုလက်ညှိုးထိုးပြီး ပြောလိုက်သည်။

"ဒါဆို ဂြိုလ်အဆုံးသတ်ခြင်းအစီအစဉ်ကရော..."


လုရန် ရှေ့သို့စောင်းကြည့်၍ ထိုင်ခုံပေါ်တွင်မတ်ထိုင်လိုက်သည်။

"အစီအစဉ်အတိုင်းစလိုက်ကြစို့..."

ထိုသို့ပြောလိုက်ပြီး လက်ဖဝါးဖြင့် သူ့ရှေ့ရှိအနီရောင်ခလုတ်ကိုရိုက်ချလိုက်သည်။


ချက်ချင်းပင် ခံစားချက်မဲ့သော စက်ရုပ်သံတစ်သံထွက်ပေါ်လာသည်။


"ဂြိုလ်အဆုံးသတ်ခြင်းအစီအစဉ်စတင်အသက်ဝင်ပါပြီ.. အချိန် တစ်မိနစ်ရေတွက်ပါမယ် ၅၉ ၊၅၈ ၊၅၇..."


_______


ထိုအချိန်တွင် ယောင်စစ်သည် ဆေးကုသဆောင်ထဲတွင်ရှိနေသည်။


သူမ၏မျက်နှာပေါ်တွင်စိတ်ရှုပ်ထွေးမှုများရှိနေပြီး သူမကိုယ်သူမတည်ငြိမ်သွားစေရန် ဖရဲသီးတစ်လုံးကိုအမှန်တကယ်လိုအပ်နေသည်။


"ဒေါက်တာ ဒီကိုထပ်လာပါဦး... အခုဘယ်နှခုနစ်လဲဟင်..."


"အခုက စကြဝဠာပြက္ခဒိန်ရဲ့ ၉၅၁၆ခုနှစ်ဖြစ်ပြီး ဒီနေ့ကတော့ ဇွန်လရှစ်ရက်နေ့ပါ..."


"စကြဝဠာပြက္ခဒိန်.. ဘာကြီး..."

သူမ လပြက္ခဒိန်၊နေပြက္ခဒိန်၊ဂျူလီယန် ပြက္ခဒိန်နှင့် ဂရီဂိုးရီယန်ပြက္ခဒိန်ကိုပဲကြားဖူးတာပါ.. စကြဝဠာပြက္ခဒိန်ဆိုတာ ဘာကြီးလဲဟ...


"၉၅၁၆ခုနှစ်"


"သေချာလို့လား..."


"ဒါပေါ့..."


"ဒါဆို ဒီစကြဝဠာပြက္ခဒိန်က ဂျူလီယန်ပြက္ခဒိန်ရဲ့ ၂၀၁၇ခုနှစ်နဲ့ဆိုဘယ်လောက်ကွာနေလဲမေးလို့ရမလား..."


"ဂျူလီယန်ပြက္ခဒိန်.. အဲ့တာသမိုင်းမတိုင်မီခေတ်ကဟာမလား..."


"သမိုင်း... သမိုင်းမတိုင်မီခေတ်..."


မဖြစ်နိုင်လိုက်တာ... သူမ မနေ့ကတင်အဲ့မှာရှိနေတာကို....


"ရှင်တစ်ခုခုမှတ်မိသွားလို့လား... စိတ်မပူပါနဲ့ ရှင်ကအကြာကြီးအိပ်ပျော်သွားခဲ့တာလေ... ရှင့်ရဲ့ ဦးနှောက်အာရုံကြောကအများကြီးထိသွားခဲ့တာ... အခုတလောတော့ ရှင့်ရဲ့မှတ်ဉာဏ်တွေက ကမောက်ကမဖြစ်နေပါလိမ့်မယ်...."

အဖြူရောင်ဝတ်စုံနှင့် ဆရာဝန်မလေးကနှစ်သိမ့်လာသည်။

"မှတ်မိဖို့အရမ်းကြီးမကြိုးစားပါနဲ့... ရှင်ခဏလောက်အနားယူပြီး လူတွေနဲ့ထိတွေ့ဆက်ဆံလိုက်ရင်အဆင်ပြေသွားမှာပါ..."


ယောင်စစ်သည် သူမပိုကောင်းလာရန်မရှိတော့ဟုတွေးမိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် တစ်ချိန်လုံးအိပ်ပျော်နေခဲ့သောကြောင့်ဖြစ်သည်။


သူမကိုယ်သူမ လူမဟုတ်တော့ဘူးဟု သိလိုက်ရသည်မှာမကြာသေးသော်လည်း ယခုတော့ မျက်တောင်တစ်ခတ်အတွင်း ဘယ်နှခုနှစ်လဲဆိုတာဘုရားသာသိမည့် အချိန်၌နိုးထလာခဲ့သည်။


'နင်အဲ့လောက်ကြီးအလျှင်လိုဖို့လိုလို့လား စာရေးသူရဲ့... စာဖတ်သူတွေကိုတုန့်ပြန်နိုင်ဖို့ အချိန်လေးတော့ပေးလိုက်ပါဦးဟ...'


ပြီးတော့ ဒါကဘယ်နေရာကြီးလဲ...


"ဒါက Tဒေသရဲ့ အမှတ် ၃၃၃အာကာသစခန်းပါ..."

သူမ၏မေးချင်နေသည်ကို ကောင်းကောင်းကြီးသဘောပေါက်သည့်ပုံဖြင့် ဆရာဝန်မလေးက ငြင်သာသည့်အသံဖြင့် သူမကိုနှစ်သိမ့်လာသည်။

"ကျွန်မရဲ့ မျိုးရိုးနာမည်က ဝမ်ဖြစ်ပြီး ရှင့်ရဲ့ဆရာဝန်ပါ... စိတ်အေးအေးထားထားပါနော် ရှင်အခုလုံးဝကိုလုံခြုံနေပါတယ်..."


သူမပြောနေသောစကားပင်မဆုံးသေးမီ  အခန်းတစ်လျောက်လုံး နံပါတ်ရေတွက်သံများနှင့် အချက်ပေးသံများဆူညံလာသည်။


ယောင်စစ် လန့်ပြီးထခုန်လိုက်မိသည်။

"ဘာဖြစ်တာလဲ...ရှင်ပြောတဲ့ ဘေးကင်းလုံခြုံတယ်ဆိုတဲ့ကတိကြီး ဘယ်ရောက်သွားတာလဲ..."


"နောက်ဆုံးတော့စပြီပဲ..."

ဒေါက်တာဝမ် စိတ်လှုပ်တရှားပြောလိုက်သည်။


"ဘာ... ဘာစတာလဲ..."


"ဂြိုလ်အဆုံးသတ်ခြင်းလေ..."


"ဂြိုလ်အဆုံးသတ်ခြင်းလား... အဲ့တာဘာကြီးလဲ..."


"ဂြိုလ်အဆုံးသတ်ခြင်းဆိုတာက... အိုး... ဘာပဲဖြစ်ဖြစ်ရှင်က ကျန်းမာရေးအတွက်လမ်းလျှောက်ဖို့လိုနေတာဆိုတော့ တစ်ခါတည်းပြလိုက်တော့မယ်..."

ဒေါက်တာဝမ်ပြောလိုက်ပြီး သူမလက်ကိုကိုင်ကာအပြင်သို့ခေါ်ထုတ်လာသည်။

"ဘာသာပြန်ကိရိယာကိုမမေ့ခဲ့နဲ့နော်... မဟုတ်ရင် အသံလွှင့်တာတွေနားမလည်ပဲနေလိမ့်မယ်..."


ထိုသို့သတိပေးလိုက်မှ ယောင်စစ်တစ်ယောက် ဘေးကငွေနားကပ်နဲ့ဆင်တဲ့ အရာဝတ္ထုကိုယူရန်သတိရလိုက်သည်။ သူမနိုးလာတော့ သူမအိပ်ယာဘေးမှာဒီအရာလေးကို ထားမပေးမချင်း ဘေးပတ်ပတ်လည်ကလူတွေဘာပြောပြောနားမလည်ခဲ့ချေ။


ဒီနည်းပညာမြင့်ပစ္စည်လေးကိုကျေးဇူးတင်ပါတယ်.. နောက်ဆုံးတော့ ဘယ်သူဘာပြောပြောနားလည်နိုင်ခဲ့ပြီ...


ဒေါက်တာဝမ်သည် ကြယ်တာရာများဖြင့်ပြည့်နှက်နေပြီးပိန်းပိတ်အောင်မှောင်နေသည့်ကောင်းကင်ယံဖြင့်ဝန်းရံနေသော အလွန်ကျယ်ပြောသည့် စင်္ကြန်ပေါ်သို့ခေါ်သွားခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့်အဆုံးမရှိသည်ဟုထင်ရပြီး သေးငယ်သောဂြိုလ်များနှင့် ကြီးမားသောဂြိုလ်များစွာ မျောလွင့်နေသည်ကိုတွေ့လိုက် သည်။ ဒေါက်တာဝမ်ကသူမကို အာကာသစခန်းဟုပြောခဲ့သော်လည်း အချိန်အတော်ကြာတဲ့အထိသူမနားမလည်ခဲ့ပေ။ ကြယ်တာရာများဖြင့်ပြည့်နှက်နေသော ကောင်းကင်ယံကိုမြင်မှသာ စကြာဝဠာအပြင်တွင်ရှိနေသည်ဟူသောခံစားချက်အစစ်အမှန်ကိုရလိုက်သည်။


သူမရုတ်တရက်ကြီး 'ကြယ်ပင်လယ်'ဆိုတဲ့အဓိပ္ပါယ်ကိုတောင်နားလည်သွားသလိုပဲ...


ဒါအိပ်မက်မဟုတ်ဘူး... သူမ စကြဝဠာခေတ်အထိရောက်အောင်ကိုတကယ်ကြီးအိပ်ပျော်သွားခဲ့တာဟ....


"ဟေ့ကောင်မလေး... ဒီကိုမြန်မြန်လေးလာခဲ့..."


စင်္ကြန်တွင် လူများစွာဖြင့်ပြည့်နှက်နေသည်။ ဒေါက်တာဝမ်သည် နေရာကောင်းတစ်ခုကိုရှာတွေ့သွားပြီး သူမကိုလက်ယက်ခေါ်နေသည်။


ယောင်စစ် သူမနားကိုသွားလိုက်သည်။ သူမလူအုပ်ထဲတိုးဝှေ့ပြီးလမ်းလျှောက်လာတော့မှ မြင်ကွင်းတစ်ဝက်လောက်ကိုဖုံးနေသည့် ဂြိုလ်ကြီးတစ်ခုရှိကြောင်းမြင်လိုက်ရသည်။ ထိုဂြိုလ်တစ်ခုလုံးသည် အနက်ရောင်ဖြင့်ပြည့်နေပြီး ဂြိုလ်တစ်ခုလုံး၏ဘယ်မှညာအထိအက်ကွဲနေသော အက်ကွဲကြောင်းကြီးရှိနေသည်။ ထိုပေါ်တွင် နောက်ထပ်အက်ကွဲကြောင်းသေးသေးလေးများကိုလည်းတွေ့နေရသည်။


ထူးဆန်းသည့် စာလုံးပုံစံဖြင့် မျဉ်းကြောင်းသေးသေးလေးများက ထိုဂြိုလ်ပတ်ပတ်လည်တွင် လွင့်မျောနေသည်။


အနီးကပ်သေသေချာချာကြည့်သောအခါတွင်မှ သူတို့ခေါင်းအပေါ်တွင်ရှိသောအရာသည် စက်ဝိုင်းခြမ်းပုံ ပုံရိပ်ပြလိပ်ခုံးကြီးဖြစ်ကြောင်းဝိုးတဝါးသိလိုက်ရသည်။ သူမမြင်နေရသည့် စာလုံးမျဉ်းကြောင်းများသည် မျက်နှာပြင်ပေါ်တွင်ပေါ်နေသော ရှင်းပြချက်များဖြစ်ပေသည်။


"ရှင်ဘာလို့ဒါကိုမတပ်ထားတာလဲ.."

ဒေါက်တာက သူမလက်ထဲရှိဘာသာပြန်ကိရိယာကိုယူလိုက်ပြီး နားတွင်တပ်ဆင်ပေးလိုက်သည်။

"အခုဒါကိုတပ်မထားရင် ခဏနေလို့ဂြိုလ်ကြီးပျက်ဆီးသွားရင် ဘာကဘယ်အပိုင်းလဲဆိုတာမသိလိုက်ပဲနေမယ်နော်..."


ယောင်စစ် သူမနားထဲတွင် *ဘိ*ဟူသောအသံကိုကြားလိုက်ရပြီး မူလကသူမနားမလည်ခဲ့သောစကားလုံးများသည် သူမနှင့်ရင်းနှီးနေသည့်တရုတ်စာအဖြစ်ပြောင်းလဲသွားသည်။ဂြိုလ်၏အကြီးဆုံးအက်ကွဲကြောင်းတွင် ပေါ်နေသည့်စာလုံးမှာ "ကြီးမားသောပြိုကွဲမှုကြီး"ဟုရေးထားပြီး ဘေးရှိအရာများမှာ သူမကြည့်လို့ပင်မလွယ်သော အချက်အလက်များနှင့်ဒေတာများဖြစ်ကြသည်။


ဒီတော့ ဒီကိရိယာလေးကလက်ထဲမှာကိုင်ထားရင် အခြားဘာသာစကားတွေကိုနားလည်နိုင်ပြီး နားပေါ်မှာတပ်ထားရင်လဲ စကားလုံးတွေဘာသာပြန်ပေးနိုင်တယ်ပေါ့လေ... အနာဂတ်ရဲ့အဆင့်မြင့်နည်းပညာတွေထဲကတစ်ခုမှန်း သိသာချက်ကွာ...


ယောင်စစ် သူမ၏သိချင်စိတ်များကိုချုပ်ထိန်းမရတော့ဖြင့် မေးလိုက်မိတော့သည်။

"ဒီဂြိုလ်ကဘာဖြစ်သွားတာလဲ..."


"အချိန်ကုန်သွားတာ..."

ဒေါက်တာဝမ် အမှုမဲ့အမှတ်မဲ့ဖြေလိုက်သည်။

"ဒီဂြိုလ်တည်ရှိနေခဲ့တာ နှစ်ပေါင်းကုဋေချီကြာခဲ့ပြီလေ အခုတော့ အဆုံးသတ်သွားတဲ့အချိန်ရောက်ခဲ့ပြီမလို့... ဖျက်ဆီးပစ်ဖို့အချိန်ကျရောက်လာခဲ့ပြီလေ..."


"အိုး..."


ဆိုတော့ကား ဂြိုလ်အဆုံးသတ်ခြင်းဆိုတာက ဂြိုလ်တွေကိုဖျက်ဆီးပစ်တယ်လို့ဘယ်သူထင်မှာလဲ... ခုနလေးတွင် ဘဲသွေးပြုတ်ရမလားပေါင်းရမလားစဉ်းစားနေတဲ့သူမက အခုတော့ ဂြိုလ်တစ်လုံးဖျက်ဆီးတာကိုမျက်မြင်တွေ့နေရပြီပဲ...


သူမရှေ့ရှိအရာတိုင်းကိုကြည့်၍ ယောင်စစ်သည် သူမက မရေမတွက်နိုင်သောနှစ်များစွာပြီးဆုံးသွားပြီဖြစ်သော အနာဂတ်သို့ ရောက်ရှိလာကြောင်း ဖိအားပေး၍လက်ခံလိုက်ရတော့သည်။


ဂြိုလ်သည်ဆက်လက်ကွဲအက်နေပြီး ၎င်း၏မျက်နှာပြင်တစ်ခုလုံးကိုအက်ကွဲကြောင်းများဖြင့်ဖုံးလွှမ်းသွားသည်။ မြင်ကွင်းသည် ရုတ်တရက်တိတ်ဆိတ်သွားကာ လူတိုင်းသည်စတင်ပျောက်ကွယ်နေပြီဖြစ်သော ဂြိုလ်ကိုစိုက်ကြည့်နေသည်။


အနက်ရောင်ဂြိုလ်ကြီးသည် ဒုဒလီပန်းကဲ့သို့ အစိတ်အပိုင်းသန်းပေါင်းများစွာကွဲထွက်သွားပြီး အရပ်မျက်နှာတိုင်းသို့ပျံ့နှံ့သွားသည်။ နေရောင်ချည်သည်အက်ကွဲကြောင်းများမှတစ်ဆင့်ဝင်ရောက်လာပြီး ရွှေရောင်အလင်းတန်းထောင်ပေါင်းများစွာအဖြစ်ခွဲဖြာသွားကာ ပျက်ဆီးယိုယွင်းနေသော်လည်း လှပလွန်းသောမြင်ကွင်းကိုဖြစ်ပေါ်လာစေသည်။


ဂြိုလ်ပျက်ဆီးခြင်းပြပွဲသည် အနည်းဆုံးနာရီဝက်သာကြာမြင့်ပေသည်။ ယခုအချိန်တွင်မူလက ပိန်းပိတ်အောင်နက်မှောင်နေသောဂြိုလ်ကြီးသည် သေးငယ်လှသော အပျက်အဆီးများစွာအဖြစ်ပြောင်းလဲသွားခဲ့သည်။


"ပြီးသွားပြီပဲ... ပြန်ရအောင်"

ဒေါက်တာဝမ် ယောင်စစ်၏ပခုံးကိုပုတ်လိုက်သည်။


ယောင်စစ် တွေဝေမိန်းမောနေရာပြီး ခုနကမြင်ကွင်းကို ပြန်မြင်ယောင်နေရာမှ လန့်သွားလေသည်။  သူမလှည့်ကြည့်လိုက်သောအခါ စင်္ကြန်ရှိလူများတစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားသည်ကိုတွေ့လိုက်သည်။


သူမခေါင်းငြိမ့်လိုက်ပြီး ပြန်ဖို့ပြင်လိုက်ချိန်တွင် အလွန်ကြီးမားသောအဖြူရောင်အလင်းတန်းကြီးက ကွဲကြေနေသောကျောက်တုံးများပေါ်ကျရောက်လာသည်ကိုတွေ့လိုက်ရသည်။

"အဲ့တာဘာကြီးလဲ..."


"အာကာသ နိယာမလေ... စကြဝဠာကိုရှင်းလင်းရေးလုပ်တဲ့အခါမှာသုံးတယ်..."

ထို့နောက် အဖြူရောင်အလင်းတန်း အမှုမဲ့အမှတ်မဲ့ကြည့်လိုက်ပြီး သူတို့ရှေ့ရှိဂြိုလ်အမှုန်အမွှားများကို လက်ညှိုးထိုးပြီးပြောလိုက်သည်။

"အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားတဲ့ ဂြိုလ်အမှုန်အမွှားတွေက ဒီနေရာမှာမရှိသင့်တော့ဘူး..မဟုတ်ရင် ကျွန်မတို့အာကာသစခန်းကိုထိခိုက်လိမ့်မယ်..."


သူမ၏အသံတိတ်သွားသည်နှင့် အဖြူရောင်အလင်းတန်းသည် ဂြိုလ်အမှုန်အမွှားများထံရောက်ရှိသွားပြီး တောက်ပနေသောအလင်းများဖြင့်အပေါက်ကြီးတစ်ခုထွက်ပေါ်လာသည်။ မူလကနေရာအနှံ့ပြန့်ကျဲနေသော ကျောက်တုံးများစွာသည် မည်သည့်အရိပ်အယောင်မှပင်ပေါ်မလာပဲ စုပ်ယူခြင်းခံလိုက်ရသည်။ နောက်တစ်မိနစ်အတွင်း ကျောက်တုံးများ၏သုံးပုံတစ်ပုံပျောက်ကွယ်သွားတော့သည်။


ယောင်စစ် ခံစားချက်အပြည့်ဖြင့်သက်ပြင်းချလိုက်သည်။ ဂြိုလ်ကြီးတစ်ခုလုံးသည် အသံပင်မထွက်ပဲပျောက်ကွယ်သွားခဲ့သောကြောင့် သူမတစ်ခုခုလုပ်ရန်လိုအပ်သလိုခံစားနေရသည်။ ထိုအရာကသူမကို အရာတိုင်း၏ အဆုံးသတ်ကိုသတိရသွားစေပြီး သူမ၏နှစ်သက်ဖွယ်ရာအိမ်ကလေးကိုလွမ်းဆွတ်မိသွားသည်။


"ခဏလေးနေပါဦး... ဒေါက်တာဝမ် ကျွန်မကိုဘယ်နေရာမှာရှာတွေ့ခဲ့တာလဲဟင်..."


သူမသည် အချိန်အတော်ကြာကတည်းကနိုးထလာခဲ့ပြီးဖြစ်သည်။ မနေ့ကမှလွဲ၍ သူတို့၏စကားများကိုနားမလည်ခဲ့သော နေ့နှစ်ရက်သည် သူမကိုစိတ်ရှုပ်ထွေးစေခဲ့သည်။ လူတိုင်းအိပ်ပြီးပြန်နိုးလာတာနဲ့ အနာဂတ်ကိုရောက်သွားတယ်ဆိုတဲ့ဖြစ်ရပ်ကို လက်ခံနိုင်ဖို့အချိန်အနည်းငယ်လိုသည်။ ယခုအချိန်အထိ သူမသည် ကမ္ဘာမြေပေါ်မှ ဤနည်းပညာမြင့်အာကာသစခန်းသို့ ဘယ်လိုရောက်ရှိလာသလဲဆိုသည်ကိုပင်မသိနေပေ။ သူမကို မြေအောက်သို့မြှုပ်ပစ်ခဲ့သည့် ဆံပင်အနက်နှင့်ဗန်ပိုင်းယားကောင်ကိုပင်မှတ်မိနေသေးသည်။


"ကျွန်မလည်းသေချာမသိဘူး..."

ဒေါက်တာဝမ်ခေါင်းခါပြလိုက်သည်။

"ကျွန်မသိတာဆိုလို့ အဖွဲ့ထဲကလူတွေရှင့်ကိုရှာတွေ့ခဲ့တယ်ဆိုတာကိုပဲ..."


"အိုး..."

သူမကိုရှာတွေ့ခဲ့သောသူများကိုသာမေးရမည့်ပုံပေါ်နေသည်။

"ဒါဆို ရှင်ကမ္ဘာကိုသိလား.. ဒီကနေဘယ်လောက်ဝေးလဲ..."


"ကမ္ဘာလား..."

ဒေါက်တာဝမ် ကြောင်အသွားသည်။


"ဟုတ်တယ်လေ.."


"ရှင်ပြောတာ နေအဖွဲ့အစည်းရဲ့သုံးလုံးမြောက်ဂြိုလ်လေ..."


"ဟုတ်ပါ့ ဟုတ်ပါ့... ရှင်သိတာလား..."

ဒေါက်တာဝမ်က ကမ္ဘာမြေကိုကြားဖူးသည်မှာ သတင်းကောင်းဖြစ်သည်။ သူမအိမ်ပြန်ဖို့ဖြစ်နိုင်သွားပြီး ကမ္ဘာမြေကြီးကသူမမှတ်မိသည်နှင့်တူညီနေဆဲဖြစ်မလားဟူ၍ပင် တွေးမိလိုက်သည်။


"ဒါပေါ့... ကျွန်မသိတယ်လေ..."

ဒေါက်တာဝမ်လက်ညှိုးထိုးပြီးပြောလိုက်သည်။

"အဲ့တာက ခုနလေးတင်ဖောက်ခွဲပစ်လိုက်တဲ့ဂြိုလ်ပဲလေ..."


“…”


ဘာကြီး....