Chapter 6
သွေးစုတ်ဖုတ်ကောင် အမျိုးသမီးလေး
ကမ္ဘာကြီးက မရှိတော့ဘူး...မရှိတော့ဘူးတဲ့လား....
မဟုတ်ဘူးနော် မဟုတ်သေးဘူး ... မဖြစ်နိုင်တာကို... ခုနလေးတင်အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတာက အနက်ရောင်ဂြိုလ်ကြီးလေ.. ကမ္ဘာကအပြာရောင်ဂြိုလ်မဟုတ်ဘူးလား... ဒီဂြိုလ်ပေါ်မှာအပြာနဲ့သက်ဆိုင်တာဘာမှမတွေ့သလိုပဲနော်....
သို့သော် ယောင်စစ်ရောက်နေသည့် အာကာသစခန်းသည် ဂြိုလ်၏အနောက်ဘက်တွင်ရှိနေခြင်းဖြစ်သည်။ ထိုအခြမ်းသည်အလင်းမကျရောက်သည့်အခြမ်းဖြစ်သဖြင့် အနက်ရောင်ဖြစ်နေသည်မှာပုံမှန်သာဖြစ်သည်။ ထို့အပြင် သူမသည် အနာဂတ်နှစ်ပေါင်းများစွာသို့ရောက်နေပြီဖြစ်၍ ထိုနှစ်များတွင် ကမ္ဘာပေါ်ရှိသယံဇာတ များအားလုံးကိုသုံးကုန်သွား၍ အရောင်ပြောင်းသွားတာလည်းဖြစ်နိုင်သည်။
မဟုတ်ဘူး... ယောင်စစ်ဒီကြောက်စရာအမှန်တရားကြီးကိုလက်မခံနိုင်ဘူးနော်... သူမမှာ ကြည့်ဖို့သိမ်းထားတဲ့ TV ရှိုးတွေအများကြီးရှိသေးတယ်လေ... မကြည့်ရသေးတဲ့ anime တွေကလည်းအများကြီး... ထိကိုမထိရသေးတဲ့ ဖုန်းအပြည့်ရှိတဲ့ ဝတ္ထုတွေလည်းအများကြီးရှိသေးတာလေ... သူမခပ်လောလောနဲ့ထွက်လာခဲ့တာ ကြောင်လေးကိုတောင်အစာမကျွေးခဲ့လိုက်ရဘူး...
တစ်ယောက်မှ ကြောင်လေးရဲ့နေရာကိုဝင်ပြီးမခံစားပေးနိုင်ဘူးလား... နင်တို့ရင်ဘတ်တွေမနာဘူးလားဟယ်...
ပိုပြီးအရေးကြီးတာက သူမဒီအသက်အရွယ်အထိ F မြို့တော်အပြင်ကိုမရောက်ဖူးဘူးလေ... သူမ ကမ္ဘာကြီးပေါ်မှာ မမြင်ဖူးသေးတဲ့နေရာတွေအများကြီးရှိသေးတယ်လေ... ဘယ်လိုလုပ်ပြီး ကမ္ဘာကြီးကမရှိရတော့တာလဲ...
"မိန်းကလေးယောင် မိန်းကလေးယောင်..."
ရုတ်တရက် သူမ၏ပခုံးများကိုတစ်စုံတစ်ယောက်ကတွန်းလိုက်သည်။
"ဟမ်..."
ယောင်စစ် အံ့ဩသွားကာ သူမ၏အတွေးများကိုပြန်လည်စုစည်းလိုက်သည်။ သူမ၏ ဦးနှောက်သည် ရှုပ်ထွေးနေဆဲဖြစ်ကာ သူမဘေးရှိလူကိုကြည့်ရန်ပင်အချိန်ယူလိုက်ရသည်။
"ဒေါက်တာဝမ်..."
"အရာရှိကြီးလုနဲ့ လက်ထောက်အရာရှိတို့ရောက်နေပါတယ်..."
ဒေါက်တာဝမ် တံခါးကိုလက်ညှိုးထိုးပြလိုက်သည်။
"သူတို့က ရှင့်ကိုမေးခွန်းတစ်ချို့မေးစရာရှိနေတယ်တဲ့..."
အရာရှိကြီးနဲ့ လက်ထောက်အရာရှိဆိုပါလား .. သူတို့ကဒီနေရာတစ်ခုလုံးမှာ ပထမနဲ့ဒုတိယ အာဏာအရှိဆုံးလူတွေမလား...
ယောင်စစ် လှည့်ကြည့်လိုက်တော့ မျက်နှာပေါ်တွင် မကျေနပ်မှုများနှင့် အပြစ်တင်လိုသောအမူအယာများပြည့်နေသည့်မျက်နှာဖြင့် သူမကိုကြည့်နေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူသည် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ "ငါကမင်းလာရှုပ်လို့ရတဲ့လူမျိုးမဟုတ်ဘူး"ဟူသော ခံစားချက်မျိုးကိုပေးစွမ်းနေသည်။
ထိုခံစားချက်သည် ယောင်စစ်၏နှလုံးသားကိုနစ်မြုပ်သွားစေသည်။
ဟမ်း..... သူမဒီအရာရှိကိုမပေးရသေးတဲ့အကြွေးတွေဘာတွေများရှိနေတာလား...
"တွေ့ရတာဝမ်းသာပါတယ် အရာရှိလု..."
သူမ သူ့ကိုလက်ဝေ့ယမ်းပြီးနှုတ်ဆက်လိုက်သည်။
အနီးကပ်ကြည့်ကြည့်မှ သူ့နောက်တွင်နောက်ထပ်လူတစ်ယောက်ရှိနေသည်မှန်းသိလိုက်ရသည်။ "နင်ငါ့ဆီကပိုက်ဆံချေးထားပြီး အခုထိပြန်မဆပ်သေးဘူး"ဟူသော မျက်နှာရှိသည် အရာရှိကြီးနှင့်နှိုင်းယှဉ်လျှင် လက်ထောက်အရာရှိသည် ပို၍ကြင်နာပုံပေါ်လေသည်။ အပြုံးကြီးကြီးပြုံးပြပြီး သူမကိုခေါင်းငြိမ့်ပြလာသည်။
မျိုးရိုးနာမည် လုနှင့် အရာရှိကြီး၏အကြည့်သည် ယောင်စစ်ကိုကျော်သွားပြီး သူ့ဘေးကလူကိုမေးလိုက်သည်။
"မျိုးရိုးဗီဇစစ်ဆေးတာပြီးသွားပြီလား..."
"ပြီးသွားပါပြီ ရလဒ်က နောက်မိနစ်ပိုင်းအတွင်းထွက်လာပါလိမ့်မယ်..."
ဒေါက်တာဝမ်ဖြေလိုက်သည်။
"ကောင်းပြီလေ..."
သူ့လက်ဖျံပေါ်လက်ဝေ့ယမ်းလိုက်ပြီး ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုထွက်ပေါ်လာသည်။ ယောင်စစ် ထိုအရာကို ခရီးဆောင်ကွန်ပျူတာတစ်လုံးဖြစ်လောက်သည်ဟုခန့်မှန်းမိသည်။
သူဖိုင်တစ်ချို့ကိုဖွင့်ထားပုံပေါ်ပြီး "စီးပွားရေးက စီးပွားရေးပဲ"ဟူသောအကြည့်ဖြင့် သူမကိုပြူးကြည့်ကာ မေးလိုက်သည်။
"မင်းနာမည်ယောင်စစ်လား..."
"ဟုတ်ပါတယ်..."
"လိင်အမျိုးအစား၊ မျိုးနွယ်၊ အသက်၊ နေထိုင်ရာဂြိုလ်နဲ့ အဲ့ဒီ့ဂြိုလ်ရဲ့တာဝန်ရှိသူ..."
ယောင်စစ်ကြောင်အသွားသည်။ ဒါသန်းခေါင်စာရင်းကောက်နေတာလားဟ... ဒါပေမယ့်လည်း ယဉ်ယဉ်ကျေးကျေးပဲပြန်ဖြေလိုက်ပါတယ်လေ...
"အမျိုးသမီး၊ တရုတ်၊ ၂၈၊ နေထိုင်ရာဂြိုလ်က ကမ္ဘာ၊ ဂြိုလ်တာဝန်ရှိသူက..."
ဘယ်သူ့ကိုပြောရမှာလဲပဲ...
"လာနောက်နေတာလား..."
သူမ စကားပြောလို့မပြီးသေးခင်မှာပဲ အရာရှိကြီးလုက မျက်မှောင်ကြုတ်လိုက်သည်။ မူလက နင်ငါ့အပေါ်ပိုက်ဆံငါးသန်းအကြွေးတင်နေတယ်ဆိုတဲ့ရုပ်က ပိုက်ဆံဆယ်သန်းအကြွေးတင်နေတယ်ဆိုတဲ့ ရုပ်သို့ပြောင်းသွားသည်။
"မိန်းကလေးယောင်... မင်းအပြစ်မရှိကြောင်းငြင်းဆိုချင်တယ်ဆိုရင်လည်း အနည်းဆုံးတော့ ပိုကောင်းတဲ့အကြောင်းပြချက်သုံးသင့်တယ်..."
*ဘိ*ဟူသော မြည်သံဖြင့် အရာရှိလု၏လက်ထဲရှိ ပုံရိပ်ယောင်မျက်နှာပြင်ပျောက်ကွယ်သွားပြီး သူမကိုတော်တော်ကြီးမနှစ်မျို့သည့်ပုံဖြင့်ကြည့်လာသည်။
"ကမ္ဘာဂြိုလ်က လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်ကတည်းက လူနေထိုင်ဖို့မသင့်တော်တော့ဘူးဆိုတာ စကြဝဠာတစ်ခုလုံးသိတယ်... အပြစ်ဒဏ်ကိုရှောင်လွှဲဖို့ ဒီဆင်ခြေကိုသုံးတယ်ဆိုတော့ မင်းကငါ့ရဲ့ အာကာသစခန်းအမှတ်၃၃၃ကို ဘာမဟုတ်တာလေးလို့များထင်နေတာလား..."
"အပြစ်မရှိကြောင်းငြင်းဆိုတာ.."
ယောင်စစ် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။
"ဘယ်အပြစ်ကိုလဲ..."
"ငါမင်းကိုပြန်သတိပေးရဦးမှာလား..."
အရာရှိလု ထေ့ငေါ့ပြီးရယ်လိုက်သည်။
"အန္တရာယ် အဆင့်တစ်ဆယ်ရှိတဲ့ဂြိုလ်ထဲကိုခွင့်ပြုချက်မရှိပဲခိုးဝင်တယ်... အဖွဲ့အစည်းရဲ့ ဂြိုလ်အဆုံးသတ်ရေးအစီအစဉ်ကိုပြင်းပြင်းထန်ထန်သက်ရောက်မှုရှိစေတယ်... အဖွဲ့အစည်းရဲ့ရှာဖွေရေး ပစ္စည်းတွေကိုအလေအလွင့်ဖြစ်စေတယ်... ဒီစည်းမျည်းချိုးဖောက်မှုတစ်ခုချင်းဆီကတင် မင်းကို စကြဝဠာဥပဒေခုံရုံးကိုပို့လို့ရနေပြီ..."
စကြဝဠာဥပဒေခုံရုံးဆိုတာဘာကြီးလဲ...
"နပေါဦး...."
သူမရှင်းရှင်းလင်းလင်းပြောဖို့လိုအပ်နေပြီ။
"ရှင်ပြောတဲ့ အန္တရာယ်အဆင့်တစ်ဆယ်ရှိတဲ့ ဂြိုလ်ဆိုတာ ကမ္ဘာကိုဆိုလိုတာတော့မဟုတ်ဘူးမလား..."
"ဒီနေအဖွဲ့အစည်းထဲမှာ အန္တရာယ်အဆင့်တစ်ဆယ်ရှိတဲ့နောက်ထပ်ဂြိုလ်တစ်လုံးများရှိသေးလို့လား... "
အရာရှိ၏လေသံထဲတွင် အပြစ်တင်လိုသောလေသံပို၍ပြင်းထန်လာသည်။
"မင်းတို့လိုလူငယ်လေးတွေက ကောင်းကင်နဲ့မြေကြီးကဘယ်လောက်ကြီးလဲမသိကြဘူးပဲ...ဂြိုလ်အဆုံးသတ်ရေးအစီအစဉ်ဆိုတာကိုဘာများထင်နေလဲ... နယ်လှည့်ခရီးသွားတွေအတွက် သာယာလှပတဲ့ဂြိုလ်များထင်နေတာလား... မင်းတို့လာကစားလို့ရတဲ့နေရာများမှတ်နေလား..."
"ဒီလောက်အသက်ငယ်ငယ်လေးနဲ့ စကြဝဠာဥပဒေခုံရုံးကိုလျစ်လျူရှုရဲရလားကွ... မင်းဘာသာ ဘာမျိုးနွယ်ပဲဖြစ်နေပါစေ မင်းတို့မျိုးနွယ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ငါတို့ကိုရှင်းပြချက်ကောင်းကောင်းတော့ပေးရမယ်..."
သေစမ်း... ဒါကဘယ်လိုလုပ်ပြီး နိုင်ငံခြားရေးရာဝန်ကြီးဌာနအထိရောက်သွားရတာလဲ... ယောင်စစ်မွေးကတည်းကတွေ့ဖူးတဲ့ ရာထူးအကြီးဆုံးလူဆိုလို့ တက္ကသိုလ်ဌာနမှူးပဲရှိတယ်လေ...
"ရှင်ပြောချင်တာ ကျွန်မက ကမ္ဘာမြေပေါ်ကျူးကျော်လို့ ရှင်တို့ရဲ့အလုပ်ကိုထိခိုက်မိတယ်... အဲ့တော့ကျွန်မကရာဇဝတ်မှုကျူးလွန်မိတယ် အဲ့လိုလား..."
အရာရှိက ပြန်ဖြေမလာသဖြင့် ထိုသူပြောချင်တာနှင့်ကွက်တိကျကြောင်းသိသာလှသည်။
"ဒါပေမယ့်... ကျွန်မကအစကတည်းက ကမ္ဘာပေါ်ကလေ ကျွန်မက ကမ္ဘာပေါ်မှာမွေးဖွားလာတာ... ရှင်တို့ကသာ ..."
ကျွန်မကိုတူးထုတ်လာတဲ့သူတွေလေ...
"တော်သင့်ပြီ ဘာမှစကားကပ်ပြီးပြောမနေနဲ့တော့..."
အရာရှိလီကသူမစကားပြောနေတာကို စိတ်မရှည်တော့ပဲ အတင်းဖြတ်ပြောလာသည်။
"စိတ်လျော့ထား မင်းအကြာကြီး အကျဉ်းမကျလောက်ပါဘူး... ဒါပေမယ့် ထောင်ဒဏ်ကနှစ်ရာခိုင်နှုန်းပဲရှိပြီး မကြာခင်လွတ်မှာပါ..."
"ကျွန်မပြောတာတွေအကုန်လုံးကအမှန်တွေပဲလေ..."
သူမ တော်တော်လေးမှားယွင်းခံနေသလိုခံစားနေရတယ် ပြီးတော့ ထောင်ဒဏ်နှစ်ရာခိုင်နှုန်းဆိုတာဘာလဲဟ... ထောင်ဒဏ်တွေကို နှစ်နဲ့မရေတွက်တော့ဘူးလား...
"ချစ်လှစွာသော အရာရှိကြီးရေ အစ်ကိုကြီး ကျေးဇူးပြုပြီး ကျွန်မပြောတာလေးလည်းနားထောင်ပါဦးလား.... ကျွန်မကမြေကြီးထဲမှာနှစ်တွေအကြာကြီးအိပ်ပျော်နေတာလေ နှစ်ထောင်ပေါင်းသောင်းပေါင်းများစွာတောင်ကြာလောက်တယ်... အချိန်အတိအကျကိုတောင်မသိရသေးဘူး... ဒါပေမယ့် ကျွန်မအိပ်ပျော်နေတာ ရှင်တို့ရဲ့ အစီအစဉ်တွေမစခင်ကတည်းကဆိုတာတော့သေချာပါတယ်..."
"တော်လောက်ပြီ...."
လုရန် သူမပြောတာကိုလုံးဝမယုံပေ။ တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းလှည့်ပြန်သွားသည်။
"မင်းမှာပြောစရာတွေရှိသေးရင်လည်း စကြဝဠာဥပဒေခုံရုံးမှပြောကြတာပေါ့..."
သေလိုက်ပါတော့... သူမအတွက်အခြေအနေမကောင်းတော့ဘူးဟ ... ဗန်ပိုင်းယားအဖြစ်ပြောင်းသွားတာကလက်ခံနိုင်ပါသေးတယ်... ဒါပေမယ့် တစ်ရေးလေးအိပ်လိုက်တာ ကမ္ဘာကြီးပါပျောက်ကွယ်သွားတာဆိုတာတော့ မဟုတ်သေးဘူး... ပြီးတော့သူမနိုးလာလာချင်းစောင့်ကြိုနေတာက ထောင်ထဲဝင်ဖို့တဲ့လေ... သူမတကယ်ကံဆိုးတာပဲ...
"မဟုတ်ဘူး နေပါဦး... အရာရှိကြီး..."
ကျွန်မရှင်းပြတာလေးနားထောင်ပါဦး....
"အရာရှိကြီး... "
ဘေးတွင် ငြိမ်ငြိမ်သက်သက်ရပ်နေသော လက်ထောက်အရာရှိသည် သူမကို "စိတ်မပူပါနဲ့"ဟူသော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူ့လက်ကိုဆန့်တန်းလိုက်ပြီး တံခါးကနေထွက်သွားတော့မည့် အရာရှိလုရန်ကိုတားလိုက်သည်။
"ကျွန်တော် မြင်ရသလောက်တော့ သူမလိမ်နေတယ်မထင်ဘူးနော် ဖြစ်နိုင်တာက..."
"ဘာဖြစ်နိုင်တာလဲ..."
အရာရှိလု၏တင်းမာနေသောမျက်နှာကမပြောင်းလဲပေ။
"တတိယမြောက်ဂြိုလ်ရဲ့ရာသီဥတုနဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့တောင်မှ သူမကလုံးဝကျန်းမာနေပြီး ကြံ့ခိုင်နေဆဲပဲလေ... ဒီလိုအခြေအနေနဲ့ဆိုရင် ဘယ်မျိုးနွယ်ကလူမှ နှစ်ရက်ထပ်ပိုမခံတာကို ဘယ်လိုလုပ်သူမကဂြိုလ်အဆုံးသတ်ခြင်းအစီအစဉ်မစခင်ကတည်းကရောက်နေနိုင်မှာလဲ..."
"အဲ့တာ လုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူး..."
လက်ထောက်အရာရှိ၏ အသံတဖြေးဖြေးလေးနက်လာသည်။
"မင်းဘာကိုဆိုလိုတာလဲ.."
လုရန်မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက်တစ်ခုခုကိုသတိရသွားသည့်ပုံဖြင့် သူ့မျက်လုံးများပြူးကျယ်လာသည်။
"မင်းပြောချင်တာက..."
လက်ထောက်အရာရှိခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်တို့သူ့ကို တတိယဂြိုလ်ရဲ့ မြေမျက်နှာပြင်အောက် တစ်ထောင်မီတာကျော်မှာတွေ့ခဲ့တာလေ..."
"မဖြစ်နိုင်ဘူး... အဲ့မျိုးနွယ်စုကသူတို့လူမျိုးအချင်းချင်းဘယ်လောက်တောင်ကာကွယ်ပေးတတ်လဲဆိုတာ မင်းမသိဘူးလား... သူတို့ထဲကတစ်ယောက်ယောက်သာသတိလစ်မေ့မျောနေတာကိုသိရင် လွန်ခဲ့တဲ့ရက်တွေကတည်းက သူတို့လူတွေကို လွှတ်ပြီးတာကြာပေါ့..."
"ဒါပေမယ့် သူတို့မှာ ဆောင်းခိုတဲ့ပုံစံဓလေ့ရှိတယ်လေ..."
လုရန်မျက်မှောင်ကြုတ်လိုက်ကာ သူမကိုလှည့်ကြည့်လိုက်သည်။ သူ့မျက်နှာအမူအယာသည် အလွန်အမင်းထူးဆန်းနေသည်။ သူမမျက်နှာမှ ပန်းတစ်ပွင့်ထွက်ပေါ်လာတော့မည့်ပုံဖြင့် သူမကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။
ယောင်စစ် သူ့ဆီကနေ စူးစိုက်ကြည့်ခံလိုက်ရ၍ ကြက်သီးများပင်ထလာတော့သည်။ သို့သော် ခဏအကြာတွင် တစ်ဖက်လူသည် ခေါင်းလှည့်သွားကာ ပြင်းပြင်းထန်ထန်ခေါင်းရမ်းလိုက်သည်။
"သူတို့ကဆောင်းခိုလေ့ရှိတယ်ဆိုပေမယ့် သူမကတော့မဖြစ်နိုင်ဘူး..."
လုရန်သည် အခြေအမြစ်မရှိပဲစိတ်ပူနေမိသလိုခံစားလိုက်ရသည်။
"သူမပြောတာမကြားလိုက်ဘူးလား သူမက၂၈နှစ်ပဲရှိသေးတာလေ... မင်းအဲ့လူတွေအကြောင်းတွေးမိလား ဒါဆိုဒီအသက်ဆိုမဖြစ်နိုင်တာသိရဲ့သားနဲ့..."
"ဘေးကင်းအောင်နေတာကအကောင်းဆုံးပါ..."
လက်ထောက်က ဆက်လက်ဖျောင်းဖျပြန်သည်။
"သူမရဲ့မျိုးနွယ်နဲ့ပတ်သတ်ပြီး မေးခွန်းထုတ်စရာရှိနေပေမယ့် သူမက ဒီတစ်ကြိမ်မှာဖမ်းမိတဲ့တစ်ဦးတည်းသော ကျူးကျော်သူမှမဟုတ်တာ... ဒီလိုဆိုရင်..."
"မရဘူး... အရင်တစ်ခေါက်က ငါတို့မျက်နှာလွဲခဲပစ်လုပ်လိုက်တာ ငါတို့အလုပ်ကိုပိုခက်ခဲသွားစေတယ်လေ... ဘာတွေဖြစ်နေနေ ဒီစည်းကမ်းချိုးဖောက်မှုကို လေးလေးနက်နက်ကိုင်တွယ်သင့်တယ်..."
အရာရှိကြီး၏ အသံသည် အလွန်ကျယ်လောင်လာကာ သူ၏စကားလုံးများမှ ဒေါသအငွေ့အသက်များကိုခံစားနေရသည်။
"ဒါငါတို့ အာကာသစခန်းရဲ့ ဂုဏ်သိက္ခာကွ...ဘယ်လိုလုပ်ပြီး မသေချာတဲ့အရာလေးတစ်ခုကြောင့်နဲ့ မင်းကစိတ်ယိုင်သွားရတာလဲ... မင်းရဲ့လက်ထောက်အရာရှိဆိုတဲ့ ဂုဏ်သိက္ခာကဘယ်ရောက်သွားတာလဲ..."
"..."
လက်ထောက်၏ ပါးစပ်မှထွက်လာတော့မည့်စကားလုံးများသည် လည်ချောင်းထဲသို့ပြန်လည်ပြုတ်ကျသွားခဲ့သည်။
"ဟမ့်... ငါတို့လို အာကာသစခန်းကြီးတစ်ခုက စည်းကမ်းချိုးဖောက်တဲ့ကျူးကျော်သူတစ်ယောက်ကိုတောင်မကိုင်တွယ်နိုင်ဘူးဆိုတာ ငါမယုံဘူး... မင်း မျိုးရိုးဗီဇစစ်ဆေးမှုလုပ်ပြီးပြီလား... ရလဒ်ကဘာတဲ့လဲ..."
"အရာရှိကြီး ရလဒ်ကထွက်လာပါပြီ"
ဒေါက်တာဝမ်ဖြေလိုက်သည်။
"ရလဒ်ကို ငါ့ဆီပို့လိုက်..."
အရာရှိကြီးက စကားပြောပြီသည်နှင့် လက်ထောက်၏ပခုံးကိုပုတ်လိုက်သည်။
"ဝမ် မင်းကအမြဲတမ်းဘာမဟုတ်တာလေးတွေအတွက်စိတ်ပူနေတာပဲ.. သူမသာ အဲ့မျိုးနွယ်ကဆိုရင်..."
သူယောင်စစ်ကိုလှည့်ကြည့်လိုက်ပြီး မထီမဲ့မြင်ပြု၍နှာမှုတ်လိုက်သည်။
"ဟမ့်... ငါအခုချက်ချင်းချီးစားပြလိုက်မယ်..."
ထိုစကားများကိုပြောပြီး သူ့လက်ပေါ်ရှိ ပုံရိပ်ယောင်မျက်နှာပြင်ကို အားကြီးနှင့်ဖွင့်လိုက်သည်။
သူတစ်ချက်ကြည့်လိုက်သည်။
ထို့နောက်
သူ့မျက်နှာဖြူဖျော့သွားသည်။
ထို့နောက် စိမ်းဖန့်သွားသည်။
နောက်ဆုံးတွင် မဲသဲသွားသည်။
သူ့လက်တွေတုန်ရီလာပြီး သူ့မျက်လုံးများက မျက်စိအိမ်အတွင်းမှကျွတ်ကျမတတ်ပြူးကျယ်လာသည်။
ထိုပုံစံအတိုင်း ပုံရိပ်ယောင်မျက်နှာပြင်ကို ဆယ်မိနစ်ခန့်ပြူးတူးကြောင်တောင်ကြည့်လိုက်ပြီး *ဘိ*ဟူသော မြည်သံဖြင့်ပိတ်ချလိုက်သည်။
ခဏအကြာတွင် ယောင်စစ်သည် လေတစ်ချက်တိုက်လာသည်ဟုခံစားလိုက်ရပြီး ပါးစပ်ပြဲသွားလုမတတ်ပြုံးဖြဲနေသည့်မျက်နှာကြီးတစ်ခု သူမ မျက်လုံးရှေ့တွင်ထွက်ပေါ်လာသည်။ အရာရှိကြီးလုသည် သူမ၏ညာဘက်လက်ကို သူ့လက်နှစ်ဖက်နှင့်ဆုပ်ကိုင်လိုက်ပြီး ပျားရည်တစ်စက်စက်ယိုကျနေသလို ချိုမြနေသောလေသံဖြင့်ပြောလာသည်။
"ကြီးမြတ်လှတဲ့ သွေးစုတ်ဖုတ်ကောင်အမျိုးသမီးလေးရေ ဗိုက်ဆာနေပြီလားဟင် ဒါမှမဟုတ်ရေဆာနေလား ... ဘဲသွေးခဲနည်းနည်းလောက်များစားချင်သေးလားဗျာ..."
သူ၏သဘောထားသည် အလွန်ဖော်ရွေနေကာ မရေမတွက်နိုင်သောအနိမ့်သံအမြင့်သံစုံလင်စွာဖြင့် သွက်သွက်လက်လက်ပြောလာသည်။
"ကျွန်တော့်ကို အီးပူပူလေးစားစေချင်လား အီးအေးအေးလေးစားစေချင်လား .. ဖွီး ဖတ် ဖတ် မင်းလတ်လတ်ဆတ်ဆတ်သွေးခဲလေးစားချင်လား အေးခဲထားတဲ့သွေးခဲလေးစားချင်လားဟင်... ကျွန်တော့်မှာနှစ်ခုစလုံးရှိပါတယ်..."
ယောင်စစ် "..."
ဟမ်... ဘာဖြစ်သွားတာလဲ...