အပိုင်း ၇
Viewers 16k

Chapter 7

မျိုးသုဉ်းလုနီးပါးအန္တရယ်ဖြစ်သွားခဲ့သောမျိုးစိတ်


လုရန်သူ၏ အလုပ်အကိုင်အဆုံးသတ်သွားပြီဟုခံစားလိုက်ရသည်။ မဟုတ်ဘူး.. ပိုဆိုးသွားရင် သူ့ဘဝတစ်ခုလုံးတောင်အဆုံးသတ်သွားနိုင်တယ်...


သူသွေးစုပ်ဖုတ်ကောင်တစ်ကောင်ကိုစော်ကားမော်ကားလုပ်လိုက်မိသည်။  အစောအပိုင်းအဆင့်မွေးကာစသွေးစုပ်ဖုတ်ကောင်တစ်ကောင်ကို စော်ကားမော်ကားပြုလုပ်ခဲ့ခြင်းဖြစ်သည်။


သွေးစုပ်ဖုတ်ကောင်တွေဆိုတာ ဘယ်လိုမျိုးနွယ်စုမလို့လဲ... သူတို့က သမိုင်းဦးမတိုင်ခင်ခေတ် ကတည်းကတည်ရှိနေတဲ့မျိုးနွယ်စုလေ... စကြဝဠာပြည်ထောင်စုကြီးက မရေမတွက်နိုင်အောင် ပြိုကွဲသွားလိုက် ပြန်စည်းလုံးသွားလိုက်ဖြစ်ပြီး မျိုးနွယ်စုတိုင်းက တန်ခိုးထွားလာလိုက် မျိုးသုဉ်းသွားလိုက်ဖြစ်နေပေမယ့် သွေးစုပ်ဖုတ်ကောင်တွေကတော့ အမြဲ တိုးတက်ကြီးပွားနေပြီး ရှင်ကျန်ရစ်နေတဲ့မျိုးနွယ်စုဖြစ်နေတာ...


စကြဝဠာတစ်ခုလုံးက သူတို့ဘယ်တော့မှသွားမရှုပ်သင့်တဲ့မျိုးနွယ်စုက ထိုမသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တစ်အုပ်တမကြီးဆိုတာကိုသိကြတယ်လေ...


သူတို့ကိုကြောက်ကြတာက သူတို့ရဲ့ ကြံ့ခိုင်လှတဲ့ ခန္ဓာကိုယ်တွေကြောင့်မဟုတ်သလို သဘာဝကိုဆန့်ကျင်နေတဲ့ပြန်လည်ကုသနိုင်စွမ်းကြောင့်လည်းမဟုတ်ဘူး... သူတို့ရဲ့မျိုးနွယ်တိုင်းနိုးထနိုင်တဲ့ မတူညီတဲ့ အထူးစွမ်းရည်တွေကြောင့်လည်းမဟုတ်ပြန်ဘူး... သူတို့မျိုးနွယ်ရဲ့ လောကကြီးတစ်ခုလုံးမှာ ဘယ်သောအခါမှရှိမလာသင့်တဲ့ "မသေမျိုး"ဆိုတဲ့ စွမ်းရည်ကြောင့်ပဲ...


ဟုတ်တယ် သူတို့ကမသေနိုင်ဘူး... သူတို့တွေက ဘယ်လိုတွေကွမ်တမ်နိယာမနဲ့ဆန့်ကျင်ပြီး အပိုင်းပိုင်းအစစအပစ်ခံရတဲ့အထိ ပြင်းပြင်းထန်ထန်ဒဏ်ရာရရင်တောင် မြေကြီးထဲအမြှုပ်ခံရပြီး ရေထဲမှာစိမ်ထားရင်တောင်မှ သူတို့ကမသေနိုင်ဘူး... ဒီလိုမျိုးနွယ်က စကြဝဠာထဲမှာ ကွန်ပျူတာက အဖျက်ကောင်တွေလိုတည်ရှိမှုတွေဖြစ်နေတော့တာပဲ...


တွေးကြည့်လေ... လုံးဝမသေနိုင်တဲ့လူတွေကို ဘယ်သူကတိုက်ခိုက်ရဲမှာလဲ... ဒါကြောင့်ပဲ စကြဝဠာမှာရှိသမျှ မျိုးစိတ်တွေအကုန်လုံးမှာ ပထမဆုံးနဲ့တစ်ခါတည်းသောအကြိမ်အဖြစ် တစ်စိတ်တစ်ဝမ်းတည်းသဘောတူညီချက်တစ်ခုထွက်လာတော့တယ်... "သွေးစုပ်ဖုတ်ကောင်တွေကိုသွားမရှုပ်နဲ့"


တစ်ယောက်ယောက်က သွေးစုတ်ဖုတ်ကောင်တစ်ကောင်ကိုသွားပြီး စော်ကာမော်ကားသွားလုပ်တာထက် ပိုပြင်းထန်တဲ့ပြစ်မှုကိုရှာနေရင်တော့ မွေးကာစသွေးစုပ်ဖုတ်ကောင်တစ်ကောင်ကို သွားပြီး စော်ကားမော်ကားလုပ်လိုက်ရုံပါပဲ... သွေးစုတ်ဖုတ်ကောင်တွေကလူဦးရေသိပ်မများဘူး စကြဝဠာတစ်ခုလုံးမှာမှ တစ်သန်းလောက်ပဲရှိတယ်... အဲ့တာကပဲသူတို့ရဲ့ စရိုက်လက္ခဏာထဲမှာ... ဘာကိုမှဂရုမစိုက်ပဲ "အားနည်းသူကိုကာကွယ်ခြင်း"ဆိုတဲ့အရာတစ်ခုထပ်တိုးလာပြီး ဒီတစ်ခုတည်းကိုပဲ အာရုံစိုက်လာတော့တာပဲ...


ငယ်ရွယ်တဲ့ သွေးစုပ်ဖုတ်ကောင်လေးတစ်ကောင်ကအမှားလုပ်ခဲ့မိရင်တောင် အဲ့တာတခြားလူတွေရဲ့အမှားပဲ... သူတို့ကလေးတွေရဲ့အမှားမဟုတ်ဘူး...


လုရန် လွန်ခဲ့သည့်နှစ်တစ်ရာလောက်ကဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုကိုပင်ပြန်သတိရသွားသည်။ လူတစ်ယောက်က မွေးကာစသွေးစုပ်ဖုတ်ကောင်တစ်ကောင်ကိုဒဏ်ရာရအောင်လုပ်ခဲ့ပြီး ထိုအတွက်အဖိုးအခက သူ့မျိုးနွယ်တစ်ခုလုံးကို မျိုးတုံးသတ်ဖြတ်ခံရလုနီးပါးဖြစ်သွားခဲ့သည်။ အရင်က တိုးတက်စည်ပင်ဖွံ့ဖြိုးနေခဲ့သော မျိုးနွယ်က အခုစကြဝဠာထဲ၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော မျိုးစိတ်ဖြစ်သွားပြီဖြစ်သည်။


လုရန်သည် မျိုးရိုးဗီဇစစ်ဆေးချက်ရလဒ်ပေါ်ရှိ မျက်စိကန်းလုနီးပါးဖြစ်အောင် ထင်ရှားနေသော "သွေးစုပ်ဖုတ်ကောင်"ဟူသည့် စကားစုကိုကြည့်ပြီး သူ့နှလုံးသားထဲတွင်အောင့်မျက်လာခဲ့သည်။


သွားပြီ... ပြီးပြီ အကုန်ပြီးသွားပြီ သူတော့သေပြီပဲ...


ဘာကို ဂြိုလ်အဆုံးသတ်ခြင်းအစီအစဉ်လဲ... ဘာကို စကြဝဠာပြည်ထောင်စုလည်း... ဘာအကြောင်းပြချက်လဲ ဘာကိုယ်ကျင့်တရားလဲ... အဲ့တာတွေအကုန်လုံးက သွေးစုပ်ဖုတ်ကောင်တွေရဲ့မျက်လုံးထဲမှာ ‌ေ-ာက်ရေးမပါတာတွေချည်းပဲ... သူမွေးကာစသွေးစုပ်ဖုတ်ကောင်လေးကို စော်ကားမော်ကားလုပ်မိသွားပြီ... မွေးကာစသွေးစုပ်ဖုတ်ကောင်လေးကိုစော်ကားမော်ကားလုပ်မိသွားတာဟ...


ငါဘာလုပ်သင့်လဲ ... ငါဘာများလုပ်သင့်တာလဲ...


"မင်း အနီရောင်ဂြိုလ်နဲ့ဆက်သွယ်ပြီးပြီလား..."

လုရန်သည် ထိန်းချုပ်ခန်းထဲတွင် အိုးပူပူပေါ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဦးတည်ချက်မရှိပတ်သွားနေသည်။


"အရာရှိကြီး ဒီမေးခွန်းကို အခုမေးတာနဲ့ဆိုရင် အကြိမ်သုံးဆယ်တောင်ရှိသွားပြီ... ကျွန်တော်တို့ သူတို့ကိုမနက်ခင်းကပဲအကြောင်းကြားထားပါပြီဗျ..."


"သူတို့တစ်ယောက်ယောက်ကိုလွှတ်လိုက်ပြီလား... တစ်ခုခုကောပြောလိုက်သေးလား..."


"သူတို့ရဲ့ အထောက်အပံ့အဖွဲ့ကိုလွှတ်လိုက်ပါပြီ... မကြာခင်ရောက်လာပါလိမ့်မယ်..."


"ဒါဆို မိန်းကလေးယောင်... မဟုတ်ဘူး မဟုတ်ဘူး... ဂုဏ်သရေရှိ သွေးစုပ်ဖုတ်ကောင်အမျိုးသမီးလေးကရောအဆင်ပြေလား... အရာရာတိုင်းကိုစီစဉ်ပြီးပြီလား... သူမမှာ ဘာအကြံပြုစရာရှိနေသေးလဲ... သူမ မကျေနပ်တာကောရှိလား... သူမက အထူးသဖြင့် ငါနဲ့ပတ်သတ်ပြီးတစ်ခုခုပြောသေးလား..."


"အရာရှိကြီး..."

လက်ထောက်အရာရှိ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ကာ ကယောင်ချောက်ချားဖြစ်နေသော လူကိုကိုင်ပြီးပြောလိုက်သည်။

"အရာရှိကြီး စိတ်အေးအေးထားဖို့လိုနေတယ်..."


"ပြောစမ်းပါဦး... ငါကဘယ်လိုစိတ်အေးအေးထားရမှာလဲ.."

လုရန်သည် မျက်တောင်တစ်ခတ်အတွင်း မျက်ရည်များစီးကျလာတော့မည့်ပုံပေါ်နေသည်။ သူလက်ထောက်အရာရှိ၏လက်ကိုကိုင်ပြီးပြောလိုက်သည်။

"ဝမ် ငါ့ကိုမင်းကြည့်နိုင်တဲ့အချိန်အတွင်းမှာကြည့်ထား.. သိပ်မကြာခင်ငါလည်း မျိုးသုဉ်းဖို့အန္တရာယ်ရှိတဲ့မျိုးစိတ်ဖြစ်သွားနိုင်တယ်... ငါ့ကိုနောက်တစ်ခေါက်ထပ်တွေ့ဖို့တောင်ခက်သွားတော့မှာ..."


လက်ထောက်အရာရှိဝမ်၏ နှုတ်ခမ်းများတွန့်လိမ်သွားသည်။

"အရာရှိကြီး ကျွန်တော်တို့က မျိုးစိတ်တစ်ခုတည်းကလေဗျာ..."


"ဟုတ်သားပဲ..."

လုရန် ထိုအခါမှသတိပြုမိလိုက်ပြီး သူ၏မျက်နှာအမူအယာပိုမိုဆိုးရွားလာသည်။

"အခုကစပြီး ငါတို့နှစ်ယောက်လုံး မျိုးသုဉ်းဖို့အန္တရာယ်ရှိနေတဲ့မျိုးစိတ်ထဲကဖြစ်သွားပြီပဲ..."


လက်ထောက်အရာရှိဝမ် ဆွံ့အသွားတော့သည်။ သူ ကိုးယိုးကားယားမတ်တတ်ရပ်လိုက်ပြီး မရေမတွက်နိုင်အောင်သက်ပြင်းချလိုက်သည်။


ဒီလိုတွေဖြစ်လာမယ်မှန်းသိရင် ခင်ဗျား ဆန့်ကျင်ဘက်ပုံစံနဲ့ဆက်ဆံခဲ့မှာမလား...


"အရာရှိကြီး မိန်းကလေးယောင်က ယုတ္တိမတန်တဲ့သွေးစုပ်ဖုတ်ကောင်တွေထဲကတစ်ယောက်လို့ ကျွန်တော်မထင်ဘူး... လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကသူမက ဒေါက်တာဝမ်နဲ့မိတ်ဆွေဖွဲ့ပြီး အချိန်ကောင်းလေးတွေရှိခဲ့တာကိုမှတ်မိသေးလား..."

သူ ခွဲခြမ်းစိတ်ဖြာ၍ပြောလိုက်သည်။

"အဲ့အပြင် ဆရာကကိုယ့်အလုပ်ကိုယ်လုပ်တာလေ... ဒါကနားလည်မှုလွဲတာဖြစ်လို့ သူမကနားလည်ပေးမှာပါ..."


"မင်းပြောတာတကယ်လား..."

လုရန်၏မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့်တောက်လောင်လာသည်။


"အရာရှိကြီး စိတ်ပူနေသေးတယ်ဆိုရင် ဘာလို့များမိန်းကလေးယောင်ကို ကိုယ်တိုင်သွားမေးမကြည့်ရမှာလဲ..."


"ဟုတ်တယ်.. ဟုတ်တယ်..."

လုရန် ခေါင်းမရှိတဲ့ယင်ကောင်လို ဟိုသွားဒီသွားလုပ်နေတာကိုရပ်လိုက်သည်။ အဖြေသိသွားပြီဖြစ်၍ သူ့မျက်နှာတစ်ခုလုံးကြည်လင်လာတော့သည်။

"ငါဒီမှာနေပြီး အချိန်ဖြုန်းမနေတော့ဘူး... သူမဆီသွားပြီး မြန်မြန်လေးရှင်းပြရမယ်... ဒီလိုဆိုငါ့မျိုးနွယ်ကို ပြန်လည်ကယ်တင်ဖို့အခွင့်အရေးရှိနေသေးတယ်..."


သူပြောပြီးသည်နှင့် တံခါးဆွဲဖွင့်လိုက်ကာ 'သူသာ ပိစိသေးသေးလေးနောက်ကျသွားရင် လောကကြီးအဆုံးသတ်သွားတော့မယ်'ဟူသော အလွန်မြန်သည့်အရှိန်နှုန်းဖြင့် VIP အခန်းသို့ဦးတည်သွားသည်။


ထိုအချိန် VIP အခန်းသို့ အပြောင်းခံလိုက်ရသည့်ယောင်စစ် "..."


လောကကြီးကလျှင်လျှင်မြန်မြန်ပြောင်းလဲနေသည်။ ထိုအမှန်တရားကိုလက်ခံရန်သူမတွင် အချိန်အနည်းငယ်လိုအပ်နေပေသည်။


ဤစကြဝဠာခေတ်ထဲတွင် သွေးစုပ်ဖုတ်ကောင်များ၏တည်ရှိမှုသည် လျှို့ဝှက်ချက်မဟုတ်တော့ပဲ သူတို့၏ လူမှုရေးအနေအထားသည် အလွန်မနိမ့်သည့် အနေအထားတွင်ရှိကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် လူတိုင်းကသူမ ဘာမျိုးနွယ်လဲသိလိုက်သည်နှင့် ချက်ချင်းကြီးသဘောကောင်းသွားကြသလဲဆိုတာကိုသိလိုက်ခြင်းဖြစ်သည်။


သူမ၏ရာထူးသည်လည်း ကမ္ဘာပေါ်ကိုတရားမဝင်ကျူးကျော်တဲ့လူတစ်ယောက်မှ အာကာသစခန်း၏ ဂုဏ်သရေရှိဧည့်သည်တော်တစ်ယောက်ချက်ချင်းအဖြစ် လျှင်လျှင်မြန်မြန်ပြောင်းလဲသွားခဲ့သည်။ သူမကိုဆေးရုံကအခန်းကျဉ်းလေးမှ အဆင့်အမြင့်ဆုံး VIPအခန်းဟုခေါ်သော နေရာကိုပြောင်းရွေ့ပေးခဲ့သည်။ သူမကိုစောင့်ရှောက်သည့်အဖွဲ့သည်လည်း မူလကဒေါက်တာဝမ်တစ်ယောက်တည်းရှိနေရာမှ ဒေါက်တာဝမ်ဦးဆောင်သော ဆရာဝန်တစ်ဖွဲ့အဖြစ်ပြောင်းသွားခဲ့သည်။


သူတို့သည် သွေးစုပ်ဖုတ်ကောင်များလက်ရှိတွင်အခြေချနေထိုင်နေသော ဂြိုလ်အသစ်သို့ဆက်သွယ်ပြီးပြီဟုပြောပြခဲ့ပြီး သူမကိုလာခေါ်မည့်လူများကိုလည်းစေလွှတ်ထားပြီးဖြစ်သည်ဟု သိလိုက်ရသည်။


သူမပါးစပ်ဖွင့်စရာကိုမလိုအောင် အခြားသူများကအရာရာတိုင်းကိုဂရုစိုက်ပေးကြသည်။ လူတိုင်းက သူမကို သာမန်ထက်ပိုပိုသာသာ နွေးနွေးထွေးထွေးဆက်ဆံနေကြသည်။


သို့သော် ထိုသို့ဆက်ဆံခြင်းက အလွန်အကြူးဖြစ်နေပေသည်။


"ဂုဏ်သရေရှိသွေးစုပ်ဖုတ်ကောင်အမျိုးသမီးလေးခင်ဗျ..."

လုရန်၏လေးနက်နေသောမျက်နှာသည် ဂန္ဓမာပန်းတစ်ပွင့်လို ရှုံ့မဲ့နေသည်။ ထို့နောက် သူပြုံးလိုက်ပြီး အနီရောင်အရည်ခွက်တစ်ခွက်အပြည့်ထည့်၍သူမကိုကမ်းပေးလိုက်သည်။

"ဒါက ကြယ်စုB ရဲ့ ဇုန် S ကနေ လာတဲ့ စကြဝဠာသားရဲကြီးဆီကနေ လတ်လတ်ဆတ်ဆတ်ယူထားတဲ့သွေးလေးပါ...တစ်ရာ ရာခိုင်နှုန်းသဘာဝစစ်စစ်ဖြစ်ပြီး ညစ်ညမ်းမှုမရှိပါဘူး...  ဒါက အမြန်ဆုံးလို့ကျော်ကြားတဲ့ တွင်းပေါက်တွေကိုအသုံးပြုပြီးပို့ထားတာပါ... ဒါကို သောက်ရတာအဆင်ပြေလောက်မယ်မလား...."


"အမ်... ကျေးဇူးပါ"


ယောင်စစ်ထိုခွက်ကိုသူမလက်ထဲတွင်ကိုင်ထားလိုက်သည်။ ခွက်ထဲရှိအရည်များသည် ပတ္တမြားရောင်တောက်လဲ့နေပြီး ဘဲသွေးနှင့်ယှဉ်နိုင်သည့် ရနံ့များကိုထုတ်လွှတ်နေသည်။ သို့သော် သူမသည် မျိုးရိုးနာမည်လုနှင့် အရာရှိပေးခဲ့သည့် သုံးဆယ့်ခုနစ်မျိုးသောသွေးများကိုသောက်ထားခဲ့ပြီးဖြစ်၍ ထပ်မသောက်နိုင်တော့ချေ။


ဘယ်လောက်ပဲအရသာရှိနေနေ.. သူမထပ်မသောက်နိုင်တော့ဘူးလေ...


ထိုအရာရှိ စိတ်လွတ်သွားပြီးလားပင် သူမ မသိတော့ချေ။ လွန်ခဲ့သောသုံးနာရီက သူ သူမဆီကို သတိမပေးဘာမပေးနဲ့ရောက်လာပြီး သူမရဲ့အစေခံတစ်ယောက်လို သူမဘေးတွင်အလုပ်များနေခဲ့သည်။ သူမငြင်းကိုမငြင်းနိုင်ခဲ့ပေ။ သူမငြင်းလိုက်ပါက သူသည် ထိုနေရာတွင်ရပ်နေ၍ ဘဝကိုရှေ့ဆက်ရန်မရှိတော့သောလူအိုကြီးတစ်ယောက်လိုငိုကြွေးလိမ့်မည်ဖြစ်သည်။


လွန်ခဲ့သည့် အချိန်အနည်းငယ်က ယောင်စစ်တစ်ယောက် ဗိုက်ဆာသည်ဟု ပြောလိုက်မိသည်။ ထိုအချိန်မှစ၍ သူက သူမထံသွေးအမျိုးအစားပေါင်းများစွာကိုပို့ပေးခဲ့ခြင်းဖြစ်သည်။ သူမဆီက အသေးငယ်ဆုံးသောစိတ်မကျေနပ်မှုလေးတစ်ခုကပင် သူ့ဘဝတစ်ခုလုံးကိုယူသွားတော့မည့်ပုံစံဖြစ်နေသည်။ ဝန်ဆောင်ပေးမှုက အလွန်ဖော်ရွေနေပြီး မတိုင်မီလေးတင်က သူမကို ခပ်မာမာ ခပ်ထန်ထန်ဆက်ဆံခဲ့သောသူ ဟုတ်ရဲ့လားဟုပင် သံသယဝင်မိသွားစေသည်။


"ဘာဖြစ်လို့လဲ ကျွန်တော်ရဲ့ ဂုဏ်သရေရှိသွေးစုပ်ဖုတ်ကောင်အမျိုးသမီးလေး..."

ယောင်စစ် သူပေးသောသွေးကိုမသောက်သည်ကိုမြင်သောအခါ လုရန်၏အာရုံကြောများတင်းမာလာပြီး အသက်ရှူသံများပင်ပြင်းထန်လာကာ စိုးရိမ်စိတ်များပြည့်နှက်လာသည်။

"ဒီအစားအသောက်ကို သဘောမတွေ့လို့လားဟင်..."


သူ၏ မျက်ရည်များကျလာလုမတတ်ဖြစ်ကာ အိုစာလာသောမျက်နှာကိုကြည့်၍ ယောင်စစ်တစ်ယောက် ကြီးသူကိုလေးစားရမည်ဟူသောစိတ်ဖြင့် သွေးတစ်ငုံစုပ်သောက်လိုက်သည်။

"မဟုတ်ပါဘူး... အရသာရှိပါတယ်..."


"ကောင်းတာပေါ့ အရမ်းကောင်းတယ်..."

လုရန် နောက်ဆုံးတော့ သက်ပြင်းအရှည်ကြီးမှုတ်ထုတ်နိုင်ခဲ့သည်။ ထို့နောက် ပွင့်အာနေသည်အ ဂန္ဓမာပန်းကြီးတစ်ပွင့်လိုပြုံးလိုက်ပြီး ပြောလာသည်။

"ဒါလေးကိုကြိုက်တယ်ဆိုရင် ကျွန်တော် Wဂြိုလ်ကိုဆက်သွယ်ပြီး မိန်းကလေးအတွက်အကောင်းဆုံအပိုင်းကိုချန်ထားဖို့ပြောလိုက်ပါ့မယ်... ကျွန်တော်တို့ အာကာသစခန်းအမှတ် ၃၃၃မှာနေတဲ့အချိန်အတောအတွင်း သက်တောင့်သက်သာနဲ့ စိတ်ကျေနပ်မှုရှိဖို့မျှော်လင့်ပါတယ်... မိန်းကလေးစိတ်ကျေနပ်စေဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ..."


သူ၏ အပြုံးကြီးက တဖြေးဖြေးပို၍တောက်ပလာသည်။ ယောင်စစ်၏မျက်လုံးထဲတွင် သူအရောင်းဝန်ထမ်းဖြစ်လာရန် "ကျေးဇူးပြု၍ ရီဗျူးကောင်းကောင်းလေးချန်ပေးခဲ့ပါ ချစ်ရသောဝယ်ယူသူခင်ဗျ" ဟူသောနောက်ထပ်စာတစ်ကြောင်းသာထပ်ပြောရန်လိုတော့သည်။


"ရှင်တို့က သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဆီက အပြုသဘောဆောင်တဲ့ရီဗျူးတစ်ခုရရင် ကော်မရှင်ခဘောနပ်စ်ရမှာလား..."

သူမသိချင်စိတ်များ ချုပ်ထိန်းမရတော့ပေ။


"..."

လုရန်ကြောင်အသွားပြီး အပြုံးတစ်ခုနှင့်ပြန်ဖြေရန် စက္ကန့်အနည်းငယ်လောက်ကြာသွားသည်။

"ကျွန်တော့်ကိုနောက်နေတာမလား... မိန်းကလေးလို ထင်ရှားကျော်ကြားတဲ့သွေးစုပ်ဖုတ်ကောင်တစ်ကောင်နဲ့တွေ့ရတာ ကျွန်တော့်အတွက်ဂုဏ်ယူစရာဖြစ်နေရုံလေးပါ ဒါလေးတင်ပါပဲ..."


"အိုး..."

ယောင်စစ် ခွက်ကိုကိုင်ထားပြီး ပါးစပ်မှလွှတ်ကနဲထွက်သွားသည်။

"ရှင် ကျွန်မဆီကအကူအညီတစ်ခုခုလိုနေတယ်လို့တောင်ထင်မိသွားတာ..."


သူအထင်လွဲသွားတာလား... သူ့လိုအရာရှိကြီးတစ်ယောက်က သူမကိုအချိန်အကြာကြီးစောင့်ရှောက်ပေးနေတာ သူက သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုရဲ့ ပရိတ်သတ်မလို့ပေါ့လေ...


"တကယ်တော့ ကိစ္စသေးသေးလေးရှိနေတာ..."

လုရန် အံ့ကြိတ်ပြီး ထုတ်ပြောရန်ဆုံးဖြတ်လိုက်သည်။

"ကျွန်တော် မိန်းကလေးကိုတောင်းဆိုစရာလေးရှိနေတာပါ..."


ဒီတော့ တစ်ခုခုရှိနေတာပေါ့...


"ဘာကိစ္စကိုလဲဟင်..."


"ကျွန်တော်တို့လုပ်ခဲ့တဲ့ အထင်လွဲမှုလေးတစ်ခုကိုပါပဲ..."

သူ့နှလုံးသားသည် မြေပြင်အထက်ရှိ သူ့ခြေထောက်အောက်တွင်တွဲလွဲခိုနေသည်ဟုခံစားလိုက်ရပြီး ယောင်စစ်၏မျက်နှာအမူအယာကိုကြည့်၍ ဂရုတစိုက်ပြောလိုက်သည်။

"ကျွန်တော်တို့က အာကသစခန်းတစ်ခုဖြစ်တော့လေ တာဝန်တွေ လုပ်ထုံးလုပ်နည်းတွေဆိုတာရှိနေတာ... အဲ့တာကြောင့် မိန်းကလေးကို ကျူးကျော်သူလို့ အထင်လွဲမိသွားတာပါ...."


"ဒီကိစ္စပဲလား..."

သူသာမပြောရင် ယောင်စစ်တစ်ယောက် မေ့ပင်မေ့သွားပြီဖြစ်သည်။


"ဟုတ်ကဲ့...."

လုရန်၏အပြုံးများ ပိုမိုတွန့်ဆုတ်လာသည်။

"မိန်းကလေးမြင်တဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့ အာကာသစခန်းလေးက စကြဝဠာတစ်ခုလုံးနဲ့ယှဉ်ရင် သေးသေးလေးလေ... အဲ့တော့ မိန်းကလေးလို ကျော်ကြားတဲ့သွေးစုပ်ဖုတ်ကောင်ကိုကျွန်တော်တို့တစ်ခုမှမမြင်ဖူးခဲ့ဘူး... အဆုံးသတ်တော့မယ့်ဂြိုလ်ပေါ်မှာ ဆောင်းခိုတဲ့လူရှိနေမယ်လို့ ကျွန်တော်တို့ဆီ အသိပေးချက်လည်းရောက်မလာတော့ နားလည်မှုတွေလွဲသွားခဲ့တာပါ..."


"ကောင်းပြီလေ..."

ဒါတွေအကုန်တိုက်ဆိုင်မှုတွေဆို သူကဘာလို့ပြန်ပြောနေရသေးတာလဲ...

"အဲ့ဒီတော့..."


"အဲ့ဒီတော့..."

သူရှေ့တိုးလာပြီး မေးလိုက်သည်။

"ကျွန်တော်တို့ ဒါကိုဘယ်တုန်းကမှ မဖြစ်ခဲ့သလိုထားလိုက်ကြမလား..."


သူ့မှာဝက်ရူးပြန်ရောဂါရှိတဲ့လူတစ်ယောက်လို သုံးနာရီနီးပါးညှင်းပန်းနှိပ်ဆက်ခံနေရတာက သူမသွေးစုပ်ဖုတ်ကောင်တွေဆီပြန်ရောက်သွားရင် ဒီအကြောင်းတွေတိုင်ပြောမှာကြောက်လို့တဲ့လား... သူမဒီကိစ္စကိုစိတ်ထဲထားတာမထားတာက အဲ့လောက်ပြဿနာရှိတာလား....


ယောင်စစ်သည် သံတမန်ရေးဗျူဟာများကိုနားမလည်သော်လည်း သူ့မျက်နှာပေါ်တွင်လေးနက်သည့်အကြည့်များရှိနေ၍ သွေးစုပ်ဖုတ်ကောင်များကို မတရားဆက်ဆံရင် ပြဿနာရှိတယ် ဆိုတာကိုသိလိုက်သည်။ သို့သော် ယခုကိစ္စသည် မလိုအပ်သည့် နားလည်မှုလွဲမှားခြင်းသာဖြစ်၍ သူမစိတ်ထားပင်မထားချေ။ ထို့ကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။


"စိတ်အေးအေးထားပါ အရာရှိကြီးရယ်... ဒီကိစ္စကသေချာပေါက်ကို..."


ယောင်စစ် စကားမဆုံးမီပင် အေးစက်စက်အသံတစ်ခုကဖြတ်ပြောလာသည်။


"သေချာပေါက်ကို ပြဿနာရှိတာပေါ့...."