Chapter 8
ကလေးလေးမပျော်တော့ဘူး
တံခါးမှ အနက်ရောင်ဝတ်စုံဝတ်ထားသောသူတစ်ယောက်ဝင်လာသည်။ သူ့တွင် အရှေ့တိုင်းရှိ ရုပ်ရှင်သရုပ်ဆောင်များနှင့်ယှဉ်ပြိုင်နိုင်သည့်လှပသော အသားအရေရှိသည်။ သူ၏အနက်ရောင်ဆံနွယ်များသည် ပေါင်အထိရောက်လုနီးပါးဖြစ်နေကာ ဆံပင်တစ်မျှင်ချင်းဆီသည် အရင်းမှအဖျားအထိနက်မှောင်တောက်ပနေသည်။ ၎င်းသည် လူတိုင်းကို သူဘာခေါင်းလျှော်ရည်အမျိုးအစားသုံးလဲဟု မေးချင်စိတ် တဖွားဖွားပေါ်လာစေသည်။
သူ့တွင် အရှေ့တိုင်းသားရုပ်ရည်ရှိသော်လည်း သူ၏ဝတ်စားဆင်ယင်ပုံသည် အနောက်တိုင်းမင်းမျိုးမင်းနွယ်များနှင့်ဆင်တူနေသည်။ သူ့လက်ထဲတွင် ငွေတုတ်ကောက်ကိုကိုင်ထားသည်။ သို့သော် သူ၏ပုံစံသည် ကျော့ရှင်းရည်မွန်နေသော်လည်း သူ့ပါးစပ်မှထွက်လာသောစကားလုံးတိုင်းသည် ယဉ်ကျေးသိမ်မွေ့မှုနှင့်လားလားမျှမသက်ဆိုင်ချေ။
"သေးငယ်တဲ့အာကာသစခန်းလေးတစ်ခုက ဘယ်အချိန်ကတည်းကစပြီး စကြဝဠာဥပဒေခုံရုံးကိုသုံးပြီး ခြိမ်းလားခြောက်လားလုပ်လို့ရသွားရတာလဲ... အပြစ်မရှိကြောင်းပြောလိုက်တာနဲ့ မင်းကိုတရားသေလွှတ်ပေးလို့ရရိုးလား...."
"ယန်...ယန်ရွှမ်... ဝန်...ဝန်ကြီး..."
လုရန်သည် ဤကိစ္စကိုမယုံနိုင်သည့်ပုံစံဖြင့် အံ့ဩထိတ်လန့်ကာ မျက်လုံးများပြူးကျယ်သွားသည်။ သူတစ်ကိုယ်လုံးတောင့်ခဲ့သွားတော့သည်။
ယန်ရွှမ် ရှေ့သို့ခြေနှစ်လမ်းတိုးလာပြီး သူ့အပြုံးကပိုကြီးလာသည်။
"အိုး... ခင်ဗျား ကျုပ်ကိုမှတ်မိတယ်ပေါ့လေ...."
"..."
သေချာတာပေါ့... ဒီစကြဝဠာတစ်ခုလုံးထဲမှာ သွေးစုပ်ဖုတ်ကောင်တွေရဲ့အနီရောင်ဂြိုလ်ကနေ အခြားမျိုးစိတ်တွေနဲ့ပြောဆိုဆက်သွယ်တဲ့တစ်ခုတည်းသောဌာန၊ နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်တဲ့ ဒီမကောင်းဆိုးဝါးကောင်ကိုမသိတဲ့သူမရှိဘူးလေ....ဒဏ္ဍာရီဆန်ဆန်တည်ရှိနေတဲ့လူတစ်ယောက်ကလွဲလို့ သွေးစုပ်ဖုတ်ကောင်တွေထဲမှာ အကျော်ကြားဆုံးလူကဒီလူပဲ....
သူ့အကြောင်းကြောက်ဖို့ကောင်းတဲ့ဟာက သွေးစုပ်ဖုတ်ကောင်တွေထဲကသူ့ရဲ့ရာထူးခံကြောင့်မဟုတ်ပဲ လူသေတွေကိုတောင်အုတ်ဂူထဲကထထိုင်လာစေတဲ့အထိ အစွမ်းထက်လှတဲ့သူ့ရဲ့ပါးစပ်အစွမ်းကြောင့်ပဲ.... ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် သူကအရာအားလုံးကိုမတရားအပြစ်ရှာ စကားတွေကပ်သတ်ပြောပြီး သူ့ပြိုင်ဘက်က အရှုံးမပေးမချင်းအရေခွံစုတ်သွားတဲ့အထိ ကတ်ကတ်လန်အောင်ပြောတတ်တယ်... ပြောရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေနဲ့ပတ်သတ်တဲ့ ဘယ်ရန်ပွဲမဆိုသူပါလာပြီဆိုတာနဲ့ ရိုးရိုးရန်ပွဲတွေကနေ မျိုးနွယ်စုအချင်းချင်းစစ်ပွဲတွေအဖြစ်ပြောင်းသွားလေ့ရှိတယ်...
သာမန်သွေးစုပ်ဖုတ်ကောင်တစ်ကောင်မှာ ပြဿနာတစ်ခုရှိလာရင် ဒီဝန်ကြီးမှာလည်းပြဿနာရှိလာတယ်... တခြားမျိုးနွယ်တွေရဲ့ နိုင်ငံခြားရေးရာဝန်ကြီးဌာနတွေက အငြင်းပွားစရာပြဿနာတွေကိုဖြေရှင်းပေးတာဆိုရင် သူကတော့ အဲ့ဒီ့အငြင်းပွားစရာပြဿနာတွေအကုန်လုံးကို မကြီးကြီးအောင်ချဲ့ပစ်တာပဲ...
"ဝန်ကြီးယန် ဘာ...ဘာလို့ လူကိုယ်တိုင်ရောက်လာရတာလဲဗျာ...."
သွေးစုပ်ဖုတ်ကောင်တွေက လူလေးတစ်ယောက်ကိုပြန်ခေါ်ဖို့က ဘာကိစ္စဒီမကောင်းဆိုးဝါးကောင်ကိုလွှတ်လိုက်ရတာလဲဟ....
လုရန်၏ စိတ်နှလုံးသားသည် တုန်လှုပ်ခြောက်ခြားသွားပြီး ခေါင်းထဲတွင် "game over"ဟူသော အသံကိုပင်ကြားလိုက်ရသည်။
"ခင်ဗျားက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးကိုယ်တိုင် ရှင်းပြတာကိုလိုချင်တယ်လို့ ကျုပ်ကြားမိလိုက်တယ်လေ..."
ယန်ရွှမ် အပြုံးကြီးကြီးပြုံးလိုက်ပြီး ငြင်ငြင်သာသာ သိမ်သိမ်မွေ့မွေ့လေးပြောလိုက်သည်။
"တွေ့လား ကျွန်တော်ကိုယ်တိုင်ရောက်လာပြီး အရာရှိကြီးလုကိုဖြေရှင်းချက်လာပေးပြီလေ..."
"ဟားဟားဟားဟား ဟားဟား..."
လုရန် ရင်ထဲတွင် ဝမ်းနည်းလွန်းလို့ မျက်ရည်ချောင်းစီးနေပြီဖြစ်သည်။ သူအချိန်တွေနောက်ပြန်ဆုတ်ပြီး သူ့ကိုယ်သူ ပါးချည်းချပစ်ချင်နေသည်။
သူဘာလို့ ပြဿနာရှာပြီး ဂြိုလ်မွှေခဲ့ရတာလဲ....
"နားလည်မှုလွဲတာပါ... နားလည်မှုလွဲတာပါဗျာ..."
ရှင်းပြချက်ပေးမယ်တဲ့လား... ဒါကသူ့အသက်ကိုထုတ်ပြီးသာပေးလိုက်ပါတော့လို့ ပြောနေတာနဲ့တူမနေဘူးလား...
"အရာရှိကြီးလုက ကျုပ်ကိုသိတော့ ဖြေရှင်းရပိုလွယ်သွားတာပေါ့..."
ယန်ရွှမ်သည် လုရန်ပြောသည့်စကား၏ နောက်ဆုံးအပိုင်းကို အလိုအလျောက်ပင် မသိချင်ယောင်ဆောင်လိုက်ပြီး သူ့လက်ထဲကတုတ်ကောက်ကိုဆောင့်ချလိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျုပ် ခင်ဗျားရဲ့စခန်းကို ဖြေရှင်းချက်မပေးခင် မေးရပါဦးမယ်... ကျုပ်တို့မျိုးနွယ်ကို ကျုးကျော်သူလို့သတ်မှတ်တယ်၊ ကျုပ်တို့မျိုးရိုးဗီဇကိုအခွင့်မရှိပဲစစ်ဆေးတယ် ပြီးတော့ ကျုပ်တို့မျိုးနွယ်ကလူကို ရက်ပေါင်းများစွာအကျဉ်းချထားတယ်... ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးရော ဘယ်လိုဖြေရှင်းချက်ပေးမယ်လို့ စီစဉ်ထားလဲပြော...."
"ဝန် ...ဝန်ကြီးယန်..."
"အော်... နေဦးတစ်ခုကျန်သေးတယ်..."
သူ့မျက်လုံးများ ခက်ထန်လာပြီး ဆက်ပြောလိုက်သည်။
"ကျုပ်တို့မျိုးနွယ်ရဲ့ မွေးကာစကလေးတစ်ယောက်ကို သူမရဲ့အုပ်ထိန်းသူမပါပဲ... မမျှတတဲ့ သဘောတူညီချက်ကို အတင်းသဘောတူခိုင်းတယ်..."
လုရန် သူ့ခြေထောက်များပျော့ခွေသွားကာ မြေပြင်ပေါ်ဒူးထောက်ကျလုနီးပါးဖြစ်သွားသည်။ သူအခုစကားတွေအကုန်ကြားလိုက်ပြီး အကုန်သွားပြီ အကုန်ပြီးဆုံးသွားပြီကို သိလိုက်ရသည်။
သူ့မျက်လုံးများမှေးမှိန်သွားကာ သူ့ခေါင်းထဲတွင် "မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသောမျိုးစိတ်"ဟူသော စကားလုံးက ရုတ်တရက်ကြီးထွက်ပေါ်လာသည်။
မေမေရေ... မေမေ့သားလေးတော့ ကျွန်တော်တို့မျိုးနွယ်ရဲ့ ငမိုက်သားအဖြစ် ရှုပ်ချခံရတော့မယ်....
"ဝန်ကြီးယန် .. ကျေးဇူးပြုပြီးကျွန်တော်ပြောတာလေးနားထောင်ပေးပါဗျာ အကုန်လုံးကအထင်လွဲတာပါ... အဲ့အချိန်တုန်းက ကျွန်တော်တို့မသိခဲ့..."
"ကျုပ်ကိုဘာမှရှင်းပြစရာမလိုဘူး..."
ယန်ရွှမ် တုံ့ဆိုင်းမှုမရှိပဲ အတင်းကြားဖြတ်ပြီး စကားတစ်ခွန်းပစ်သွင်းလိုက်သည်။
"စကြဝဠာဥပဒေခုံရုံးမှာတွေ့ကြတာပေါ့..."
"..."
လုရန် တောင့်ခဲသွားပြီး ပါးစပ်ပင်မဖွင့်နိုင်တော့ပေ။
အမ်း.... ဒီစကားလုံးတွေက ယောင်စစ်နဲ့ရင်းနှီးနေသလိုပဲနော်... ထားလိုက်ပါတော့လေ ... ဒါနဲ့ ဒီရုပ်ရှင်မင်းသားနဲ့တူတဲ့လူက သွေးစုပ်ဖုတ်ကောင်တွေရဲ့ နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးပေါ့လေ....
ဘယ်လိုတောင်မြင့်တဲ့ရာထူးလဲ....
ယောင်စစ်၏စိတ်ထဲတွင် အတွေးစတစ်ချို့ပတ်ပြေးနေသည်။ သူထိုလူကို စပ်စပ်စုစုကြည့်လိုက်ပြီး ခဏအကြာတွင် ထိုလူ့ဆီပြေး၍ ဓာတ်ပုံတွဲရိုက်ချင်စိတ်ပင်ဖြစ်လာသည်။ သူမကိုတစ်ယောက်ယောက်လာခေါ်မည်ဟုသိထားသော်လည်း ထိုသို့လာခေါ်မည့်သူက သွေးစုပ်ဖုတ်ကောင်နိုင်ငံခြားရေးရာဝန်ကြီးဖြစ်သည်မှန်း တစ်ခါမှမတွေးမိဖူးပေ။ ဒီလောက်နှစ်တွေအကြာကြီးကြာတော့ သွေးစုပ်ဖုတ်ကောင်အစိုးရဝန်ထမ်းတွေက နိုင်ငံသားတွေနဲ့အဲ့လောက်တောင် ရင်းနှီးနေကြပြီပေါ့လေ....
သူမရဲ့အကြည့်များကိုခံစားမိသွားသည့်ပုံဖြင့် ယန်ရွှမ်ကသူမဘက်ကိုလှည့်ကြည့်လာသည်။ သူ့နှုတ်ခမ်းများက တွန့်ကွေးသွားကာ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ခုနကပြုံးနေသော အပြုံးနှင့်ယှဉ်လျှင် ယခုအပြုံးကပို၍စစ်မှန်နေသည်။
"ဒီတော့ မင်းက အဲ့ဒီ့ကလေးပေါ့လေ..."
သူလက်အိတ်ကိုချွတ်လိုက်ပြီး သူမခေါင်းလေးကိုခပ်ဖွဖွပွတ်လိုက်သည်။ သူ့လေသံကလည်း ကလေးကိုချော့မြူနေသည့်လေသံဖြစ်သွားသည်။
က.. ကလေး...
ယောင်စစ် ထိုစကားလုံးကြောင့် လန့်သွားသည်။
သူမကဘယ်နားမှာ ကလေးတစ်ယောက်နဲ့တူနေတာလဲ....
သို့သော် ထိုလူက သူမကိုခေါ်လိုက်တဲ့ စကားလုံးကို လုံးဝထူးဆန်နေပုံမပြပဲ သူမကိုချော့ချော့မော့မော့ပြောလာသည်။
"ဦးဦးရဲ့မျိုးရိုးနာမည်ကယန်ပါ ... ဦးဦးကို ဦးဦးယန်လို့ခေါ်လို့ရတယ်...မကြောက်နဲ့တော့နော် ဦးဦးက ကလေးလေးကိုအိမ်ပြန်ခေါ်ဖို့ရောက်လာတာပါ..."
"အာ... ဝန်ကြီးယန်... ကျွန်မရဲ့မျိုးရိုးနာမည်က ယောင်ပါ နာမည်အပြည့်အစုံကယောင်စစ်..."
ကလေးလေးမဟုတ်ဘူးလို့....
"ယောင်စစ်..."
ယန်ရွှမ် သူမနာမည်ကိုရေရွတ်လိုက်ပြီး အပြုံးလေးနဲ့ဆက်ပြောလာသည်။
"ကလေးလေးမှာ နာမည်လှလှလေးရှိတာပဲ..."
ငါ့ကို ကလေးလေးလို့ မခေါ်ဖို့ပြောပြီးပြီလေ....
"တကယ်တမ်းပြောရရင် ကျွန်မကဆောင်းမခိုခင်တုန်းက အသက် ၂၈ရှိပြီ..."
အဲ့တော့ ကျွန်မကို ကလေးလေးလို့မခေါ်နဲ့တော့ ရပြီလား....
"အိုး..."
ယန်ရွှမ်ခေါင်း ငြိမ့်ပြီးဆက်ပြောလိုက်သည်။
"ဒီတော့ ကလေးလေးက ကိုယ့်နာမည်ကိုယ်မှတ်မိရုံတင်မကပဲ အသက်ကိုလည်းမှတ်မိတယ်ပေါ့လေ... တော်လိုက်တဲ့ ဦးဦးရဲ့ ကလေးလေး..."
“…”
"စိတ်မဖိစီးပါနဲ့..."
ယန်ရွှမ် ထိုင်ခုံတစ်လုံးဆွဲယူပြီး သူမဘေးဝင်ထိုင်ကာ ငြင်သာနူးညံ့ပြီး ချော့မြူနေတဲ့အသံနဲ့ဆက်ပြောလိုက်သည်။
"ဦးဦးယန် ဒီက ကိစ္စတွေအကုန်ပြီးရင် အိမ်အတူပြန်ကြမယ်နော်... ဦးဦးရဲ့ ကလေးလေးက မုန့်မုန့်စား ..အိပ်ရေးဝအောင်အိပ်... ပြီးရင်ပျော်ပျော်ကြီးကစားဖို့ပဲစိတ်ထဲထားသိလား...."
မုန့်မုန့်စား... စားပြီးရင်အိပ်တဲ့လား...
-_-!
"နပေါဦး..."
အဲ့တော့သူကနောက်နေတာမဟုတ်ပဲ သူမကိုတကယ်ကြီး ကလေးတစ်ယောက်လိုဆက်ဆံနေတာလား...
"ကျွန်မက ကလေးတစ်ယောက်မဟုတ်ဘူး..."
"ဦးဦးသိတယ် ဦးဦးသိတာပေါ့.... ဦးဦးရဲ့ကလေးလေးက အသက်၂၈ရှိတဲ့ အရွယ်ရှိနေပြီဖြစ်တဲ့လူကြီးတစ်ယောက်ပါကွာ...."
သူ့မျက်နှာပေါ်တွင် အရာအားလုံးနားလည်နေသယောင် မျက်နှာဘေးရှိနေသော်လည်း အမှန်တကယ်တော့ သူမပြောသမျှ စကားတစ်လုံးမှ သူ့နားထဲမဝင်ပေ။
ယောင်စစ် နှုတ်ခမ်းများပင်တွန့်လိမ်သွားပြီး သွေးစုပ်ဖုတ်ကောင်များ၏ နှစ်ပေါင်းထောင်သောင်းချီသောအသက်များကိုတွေးမိလိုက်သည်။
ချီးပဲဟေ့... ၂၈နှစ်ဆိုတာ သူတို့အတွက်တော့ ကလေးပေါက်စနလေးပဲဖြစ်နေတာဟ...
"ကလေးလေးနိုးလာတာ မတော်တဆဖြစ်သွားတာဆိုပေမယ့်... စိတ်မပူနဲ့နော် ဦးဦးက ကလေးလေးရဲ့ဖေဖေ့ကိုရှာပေးမယ်လို့ ကတိပေးတယ်သိလား... ဒါပေမဲ့ အခုအချိန်မှာတော့ ဦးဦးကို ကလေးလေးရဲ့အုပ်ထိန်းသူလိုဆက်ဆံလို့ရတယ်နော်...."
အုပ်ထိန်းသူဆိုပါလား... သူပြောချင်တာ သူမကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလိုက်တဲ့လူကိုပြောတာလား...
ယောင်စစ် ထိုကိစ္စအတွက် မျှော်လင့်ချက်လေးပင်မရှိတော့ချေ။ ထိုလူကိုအရင်ကတည်းက မရှာနိုင်ခဲ့သည်ဖြစ်ရာ ယခုလိုနှစ်ပေါင်းများစွာကြာပြီးနောက်တွင် ထိုလူကိုရှာတွေပါက အံ့ဩဖွယ်ဖြစ်ရပ်ကြီးပင် ဖြစ်ပေလိမ့်မည်။
"ကလေးလေး စိတ်မပူနဲ့နော်..."
သူ သူမခေါင်းကိုထပ်ပုတ်လိုက်ကာ ဆက်ပြောလိုက်သည်။
"ဦးဦးဒီမှာရှိနေပြီဆိုတော့ ကလေးလေးကိုဘယ်သူမှထပ်ပြီးတော့ အနိုင်မကျင့်ရဲစေရတော့ဘူး..."
ထိုသို့ ကတိပေးပြီးသည်နှင့် တစ်ယောက်ယောက်ကို အဓိပ္ပါယ်များပြည့်နေသောအကြည့်ဖြင့်ကြည့်လိုက်သည်။
နဂိုကတည်းက စိတ်ဓာတ်ကျနေပြီဖြစ်သော လုရန်သည် ထိုကြည့်ကြောင့် တောင့်ခဲသွားကာ လေတစ်ချက်တိုက်ခံလိုက်ရတာနဲ့ ပစ်လဲသွားတော့မည့်ပုံပေါ်သွားသည်။
"အမ်... ဦးဦးယန်ရေ..."
ယောင်စစ် မခံစားနိုင်တော့ပေ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုလူအိုကြီးကသူမကိုနာရီပေါင်းများစွာ အနူးအညွတ်တောင်းပန်ခဲ့ပြီးပြီဖြစ်သည်။
"အရင်ကဖြစ်ပျက်ခဲ့တာတွေအကုန်လုံးက နားလည်မှုလွဲတာပါ... ကျွန်မကရှင်တို့ပြောတဲ့ မွေးကာစ သွေးစုပ်ဖုတ်ကောင်လေးဖြစ်ရင်ဖြစ်မှာမဟုတ်လောက်ဘူး... ကျွန်မဆောင်းမခိုခင်က အသက်၂၈ရှိပြီဆိုပေမယ့်လည်း ကျွန်မဆောင်းခိုခဲ့တဲ့အချိန်ကအရမ်း အရမ်းကိုကြာနေပြီလေ..."
အစက သူမက ဂျူလီယန်ပြက္ခဒိန် ၂၀၁၇ခုနှစ်ကတည်းကအိပ်နေတာဖြစ်ကြောင်းရှင်းပြရန် တုံ့ဆိုင်းမိသေးသည်။ သို့သော် သွေးစုပ်ဖုတ်ကောင်များ၏ဖြစ်တည်မှုသည် စကြဝဠာကြီးထဲတွင် လျှို့ဝှက်ချက်မဟုတ်တော့ပြီဖြစ်၍ သူမ မပြောနိုင်စရာမရှိကြောင်းသိလိုက်ရသည်။ သူမရဲ့ မရှင်းပြနိုင်သေးတဲ့ ရုတ်တရက်ကြီး သွေးစုပ်ဖုတ်ကောင်ဖြစ်သွားတဲ့ကိစ္စအပါအဝင် အရှေ့တိုင်းနှင့်အနောက်တိုင်းကြားရှိ စစ်ပွဲကြီးအကြောင်းပါပြောပြလိုက်ပြီး အခြားသော ကိစ္စသေးသေးကြီးကြီးအကုန်လုံးကိုမချွင်းမချန်ထပ်ပြောလိုက်သေးသည်။
အစက သူမဂြိုလ်တစ်ခုလုံးရဲ့သက်တမ်းတစ်ခုစာအိပ်ပျော်သွားသည်ကို သိလိုက်ရလျှင် အခြားသူများထံမှ အံ့ဩတုန်လှုပ်သွားသောအကြည့်များဖြင်အကြည့်ခံရမည်ဟုထင်ခဲ့သည်။ သွေးစုပ်ဖုတ်ကောင်များတွင်ပင် နှစ်ပေါင်း ကုဋေချီအောင်အသက်ရှင်နိုင်ရန်မှာ အလွန်ရှားပါးလေသည်။
သို့သော် ယန်ရွှမ်၏ အမူအယာသည်လုံးဝပြောင်းလဲသွားခြင်းမရှိပေ။ သူခဏလောက်ငြိမ်သက်သွားပြီး ဆက်ပြောလာသည်။
"အော်... မင်းမှာ မျိုးရိုးဗီဇမှတ်ဉာဏ်အကြွင်းအကျန်တွေရှိနေသေးတာပဲ..."
မျိုးရိုးဗီဇမှတ်ဉာဏ်... အဲ့တာဘာကြီးလဲ...
"ဟမ်း... အကုန်လုံးကိုမှတ်မိနေတာပဲ..."
သူ သူမခေါင်းကိုပွတ်ပေးပြီး လက်မထောင်ပြလိုက်သည်။
"ဦးဦးရဲ့ ချစ်စရာကလေးလေးကအရမ်းတော်တာပဲ...."
ချစ်စရာကလေးလေးယောင် "..."
ကောင်းပြီလေ... နင်ပျော်သလိုသာခေါ်ပါတော့....