အပိုင်း ၁
Viewers 631

အပိုင်း ၁

 

   

တက္ကသိုလ်ရဲ့ အဆောက်အဦ B ရှိ လှေကားအုံ စာသင်ခန်းတွင် စင်မြင့်ပေါ်ရှိ ဆရာက ဒုတိယနှစ်ကျောင်းသားတွေရဲ့ ဒုတိယ စာသင်နှစ်မှာ ရွေးချယ်ရေး သင်တန်းအတွက် စိတ်အားထက်သန်စွာ ဟောပြောပို့ချနေသည်။ စုန့်အာ့နန်က စိတ်ပျက်လက်ပျက်နဲ့ မေးစေ့ကို လက်တစ်ဖက်ထောက်ကာ ပြတင်းပေါက်ကနေ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

 

 

သူမဘေးမှာထိုင်နေတဲ့  လီစစ်ရွေ့က စုန့်အာ့နန်ကို သူမမျက်လုံးထောင့်ကနေ အာရုံပျံ့လွင့်နေတာကို သတိထားမိပြီး မနေနိုင်ဘဲ ရေရွတ်လိုက်သည်။  “ဟင်" စာအုပ်သမား စုန့်အာ့နန်က အတန်းထဲမှာ စိတ်ပျံ့လွင့်နေတာကို မြင်ရတာရှားသည်။

 

 

  လီစစ်ရွေ့ တစ်ခုခုပြောခါနီးမှာ ခေါင်းလောင်းမြည်လာပြီး အတန်းပြီးဆုံးကြောင်း အချက်ပြလိုက်သည်။ စင်မြင့်ပေါ်က ဆရာဟာလည်း အချိန်မဆွဲနေပါချေ။

 

 

ကျောင်းသားတွေက ပစ္စည်းတွေကို ထုပ်ပိုးပြီး သုံးယောက်၊ ငါးယောက် အုပ်စုဖွဲ့ စကားစမြည်ပြောကာ ကော်ဖီဆိုင်ဘက်ဆီ သွားကြသည်။  လီစစ်ရွေ့ကို အတန်းဖော်တစ်ယောက်က တစ်ခုခု ဆွေးနွေးဖို့ ဆွဲခေါ်လိုက်ပေမယ့် သူမ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ စုန့်အာ့နန်က အတန်းပြီးသွားတာကိုတောင် သတိမထားမိဘဲ ပြတင်းပေါက်ကနေ ကြောင်တက်တက် ငေးကြည့်နေသေးတာကို သူမတွေ့လိုက်ရသည်။

 

 

ဒါက  လီစစ်ရွေ့ကို ပိုလို့တောင် အံ့သြသွားစေသည်။ သူမကလက်မြှောက်ပြီး စုန့်အာ့နန်ရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ "အာ့နန်၊ နင်ဘာတွေ စဉ်းစားနေတာလဲ? အရမ်းအာရုံစိုက်နေတယ်"

 

 

စုန့်အာ့နန်က ခေါင်းလှည့်လာပြီး နားမလည်သလိုနဲ့ "အာ" လို့ ပြောလာသည်။ သူမရဲ့ရှည်လျားတဲ့မျက်တောင်တွေက တဖျပ်ဖျပ်ခတ်နေကာ တောက်ပနေတဲ့ ကြယ်ပွင့်လိုမျက်လုံးတွေနဲ့ သူမရဲ့ အတန်းဖော်တွေကို  လှည့်ပတ်ကြည့်လိုက်ကာ “သြော် အတန်းပြီးသွားပြီဘဲ ” လို့ တိုးတိုးလေးပြောလိုက်ပြီး အဆုံးမှာ အသံတိမ်ဝင်သွားသည်။

 

  

လီစစ်ရွေ့မှာ မတတ်နိုင်ဘဲ အံ့အားသင့်စွာနဲ့ ရင်ဘက်ကို ဖိလိုက်မိသည်။ စုန့်အာ့နန်ရဲ့ ချစ်စရာကောင်းမှုကို သူမ နောက်တစ်ကြိမ် စွဲလန်းရပြန်ပြီ။ သူမတို့က အတန်းဖော်တွေနဲ့ အခန်းဖော်တွေ ဖြစ်ခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်ပေမယ့် သူမအနေနဲ့ စုန့်အာ့နန်ရဲ့ မျက်နှာကို မခုခံနိုင်ပါချေ။

 

 

သူတို့ တက္ကသိုလ်စတက်တုန်းက အသက်ဆယ့်ငါးနှစ်ပဲရှိသေးတဲ့ စုန့်အာ့နန်က သူတို့ရဲ့အတန်းဖော်တွေကြားမှာ အတော်လေးကို တုန်လှုပ်သွား စေခဲ့သည်။ B တက္ကသိုလ်လိုမျိုး တရုတ်ရှိ ထိပ်တန်း တက္ကသိုလ်တစ်ခုတွင် သူတို့ရဲ့ရွယ်တူတွေထက် နှစ်များစွာငယ်တဲ့ ကျောင်းသားတွေ ရှိခြင်းက အဆန်းမဟုတ်ပေမယ့် စုန့်အာ့နန်ရဲ့ထူးခြားချက်မှာ သူမသည် အရမ်းချောမောတာကြောင့်ပင်။

 

 

သူမက ငယ်ပေမယ့် ဖရဲစေ့ပုံသဏ္ဍာန်ရှိတဲ့ မျက်နှာသေးသေးလေး၊ အယ်လ်မွန်စေ့သဏ္ဍာန် မျက်လုံးကြီးတွေ၊ နူးညံ့တဲ့အသွင်အပြင်နဲ့ အခွံခွာထားတဲ့ ကြက်ဥလိုမျိုး ချောမွေ့တဲ့ အသားအရေတို့ဖြင့် နုပျိုပြီး အသက်ဝင်တဲ့ မျက်နှာရှိသည်။ သူမ ပြုံးလိုက်တဲ့အခါဆို လှပပြီး အန္တရာယ်ရှိတဲ့ ပါးချိုင့်နှစ်ဖက်ရှိသည်။

 

 

သူမရဲ့ အပြစ်ကင်းပြီး ချစ်ဖို့ကောင်းတဲ့ သဘာ၀ကိုပါ ထပ်ပေါင်းထည့်လိုက်ရင် စုန့်အာ့နန်မှာ လူတွေသူ့ကို ကာကွယ်သွားစေချင်တဲ့ ခေတ်မမီတဲ့ အကျင့်စရိုက်လည်းရှိသည်။ သူမရဲ့ အခန်းဖော်တွေနဲ့ အတန်းဖော်တွေအားလုံးက လှပတဲ့ မိန်းကလေးတွေဖြစ်ကြပြီး သူမကို အဆက်မပြတ် စိုးရိမ်ကာ သူမကို အန္တရာယ်ကနေ ကာကွယ်ဖို့ကြိုးစားရင်း သူမအတွက် အမေတွေလိုဖြစ်လာကြသည်။

 

 

"အာ့နန်၊ လူတွေက နင့်ကို ဘာလို့ အရမ်းချစ်ကြတာလဲ?"   လီစစ်ရွေ့က အံ့သြစွာနဲ့ သက်ပြင်းချလိုက်သည်။

 

 

 မျက်ခုံးတွေတွန့်ချိုးကာ အပြင်းအထန် ကန့်ကွက်ပြနေတဲ့ စုန့်အာ့နန်ကို သူမ မနေနိုင်ဘဲ စလိုက်သည်။  "စစ်ရွေ့၊ ငါက မငယ်တော့ဘူး" သူမက ပြီးခဲ့တဲ့လတုန်းက အသက်ဆယ့်ခုနစ်နှစ်ပြည့်သွားတာဖြစ်သည်။

 

  

သို့ပေမယ့် အကြောင်းတစ်ခုခုကြောင့် လူတိုင်းက သူမကို ကလေးလို သဘောထားတာက စုန့်အာ့နန်ကို စိတ်ပျက်စေတဲ့ အရင်းအမြစ်တစ်ခုဖြစ်သည်။ သူမကို စနောက်ရတာကြိုက်တဲ့ လီစစ်ရွေ့က သူမကို ချော့ဖို့လုပ်လိုက်သည်။  "ဟုတ်ပါတယ်၊ နင်က မငယ်တော့ဘူး၊ နောက်နှစ်ဆို နင် အရွယ်ရောက်လာတော့မှာ"

 

 

စုန့်အာ့နန် - "..."

 

 

သူမလက်လျှော့ပြီး လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

 

 

ဒါက မနက်ပိုင်း နောက်ဆုံးအတန်းဖြစ်ပြီး ကော်ဖီဆိုင်မှာ လူတွေနဲ့ စည်ကားနေသည်။ လီစစ်ရွေ့နဲ့ စုန့်အာ့နန်တို့က သူတို့ရဲ့ အိပ်ဆောင်ဆီ အရင် ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပြီး မစားသောက်ခင် လူတွေ လျော့သွားတဲ့အထိ စောင့်လိုက်သည်။

 

 

အိပ်ဆောင်ကို ပြန်လာတဲ့လမ်းမှာ စုန့်အာ့နန်က အတန်းထဲမှာ စိတ်ရှုပ်နေတဲ့ပုံပေါ်နေတာကို လီစစ်ရွေ့က ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။ "အာ့နန် အဆင်ပြေရဲ့လား? ဒီနေ့ နည်းနည်းစိတ်မကြည်တဲ့ပုံဘဲ"

 

 

စုန့်အာ့နန်က ခဏရပ်သွားပြီး ခေါင်းခါလိုက်သည်။ "နေကောင်းပါတယ် မနေ့ညက ကောင်းကောင်းအိပ်မပျော်လို့"

 

 

လီစစ်ရွေ့က  ခေါင်းညိတ်လိုက်ပြီး သိပ်ဂရုမစိုက်တော့ပေ။ "ဒါဆို နေ့လည်စာစားချိန်မှာ သေချာ အနားယူလိုက်"

 

 

စုန့်အာ့နန်က သူမနေကောင်းတယ်လို့ ဆိုပေမယ့် သူမက ခေါင်းငုံ့ကာ အတွေးတွေပျောက်နေတဲ့ပုံပင်။

 

 

  လီစစ်ရွေ့က နည်းနည်း သတိလက်လွတ်ဖြစ်နေတဲ့အတွက် စုန့်အာ့နန်ရဲ့ အပြုအမူကို သတိမထားမိပါချေ။

 

 

သူတို့ လမ်းလျှောက်လာရင်း   လီစစ်ရွေ့က ရုတ်တရက် ရပ်လိုက်ပြီး အံ့ဩသလို အသံထွက်လာသည်။  "အာ!"

 

 

စုန့်အာ့နန်က လန့်သွားပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

 

 

  လီစစ်ရွေ့ကက သူမရဲ့ဖုန်းကို အမြန်ထုတ်လိုက်ပြီး လော့ခ်ဖွင့်လိုက်ကာ "ဒီနေ့ နေ့လည်မှာ အမှတ်တံဆိပ်တစ်ခုရဲ့ နှစ်ပတ်လည်ပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ရှိတယ်၊ ပြီးတော့ နာမည်ကြီးတွေ အများကြီးကိုလည်း ဖိတ်ထားတယ်၊ ငါ့ရဲ့ idol လည်း အဲ့ဒီမှာရှိမှာ"

 

 

စုန့်အာ့နန်က "စုန့်လင်းချွမ်" ဆိုတဲ့ နာမည်ကို ကြားတော့ မသိစိတ်ကနေ   လီစစ်ရွေ့ရဲ့ ဖုန်းစခရင်ကို လှမ်းကြည့်လိုက်‌တော့ ရင်းနှီးနေတဲ့ မျက်နှာကို တွေ့လိုက်ရသည်။

 

 

သတင်းထောက်တစ်‌ယောက်က သူ့ကို အင်တာဗျူးနေတဲ့ပုံပင်။

 

 

သတင်းထောက်က မေးလိုက်သည်။ "ဆရာစုန့်၊ အခု ဇာတ်ကားသစ်ရိုက်ပြီးသွားပြီဆို‌တော့ နောက်အစီအစဉ်က ဘာများလဲ?"

 

 

စုန့်လင်းချွမ်က မထူးခြားနားသလို ကြည့်ပြီး ပြန်ဖြေလိုက်သည်။ "ရိုက်ကူးဖို့ တန်းစီထားတာရှိတယ်"

 

 

သတင်းထောက်က ကျေနပ်ပုံမပေါ်ဘဲ ဆက်မေးလာသည်။ “ဒီထက်ထူးခြားတာ ရောရှိသေးလား?"

 

 

စုန့်လင်းချွမ်က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။ "ဒီထက်ထူးခြားတာလား? ငါ့အန်တီလေးနဲ့ အချိန်ဖြုန်းဖို့ အိမ်ပြန်တာ အဲ့ဒါရောထည့်တွက်လား?"

 

 

သတင်းထောက်က ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "....ဒါပေါ့"

 

 

ဒါကိုမြင်တော့  လီစစ်ရွေ့မှာ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။ "ငါသိသားဘဲ၊ သူက သေချာပေါက်ကို သူ့အန်တီလေးကိုဘဲ ထပ်ပြီး ထည့်ပြောဦးမှာ"

 

 

  လီစစ်ရွေ့က စုန့်လင်းချွမ်ရဲ့ ပရိတ်သတ်မဟုတ်ပေမယ့် သူမရဲ့ idolက သူနဲ့ အဖွဲ့တစ်ခုထဲမှာ ရှိခဲ့ဖူးပြီး သူတို့က ဆက်ဆံရေးကောင်းတဲ့ပုံပေါ်တာကြောင့် သူ့ကို သူမရင်းနှီးနေတာဖြစ်သည်။

 

 

ဒီအကြောင်းကို ပြောရရင် စုန့်လင်းချွမ်က အရမ်း ကြောင်တောင်တောင် နိုင်တဲ့သူဖြစ်သည်။ လူအများစုက "Mama's boy" တွေဆိုပေမယ့် သူကတော့ "aunt's boy" ဖြစ်နေမယ်လို့ ဘယ်သူထင်ထားမှာလဲ?

 

 

သူ့အသက်မွေးဝမ်းကြောင်း အစကတည်းက သူဟာသိပ်နာမည်ကြီးသလို သူ့အန်တီလေးအကြောင်းဘဲ ခဏခဏပြောတတ်သည်။ သူ့မျက်လုံးထဲမှာတော့ သူမက အကောင်းဆုံးပင်။

 

 

သို့သော် အချိန်ကြာလာတာနဲ့အမျှ၊ သူကို ဖောက်ထွင်းမြင်နိုင်တဲ့သူများပင် စုန့်လင်းချွမ်က ကိုယ်ရေးကိုယ်တာ အကြောင်းဖန်တီးဖို့ ကြိုးစားရုံနေတာမဟုတ်ကြောင်း ပြောနိုင်သည်။ သူက သူ့အန်တီ‌လေးကို တကယ်တုန်အောင်ချစ်တဲ့ သူတစ်ယောက်ပင်။

 

 

"ဒီသတင်းထောက်က ရှင်းရှင်းလင်းလင်းကို ဒီလောကနဲ့ သိပ်မရင်းနှီးဘူး။ စုန့်လင်းချွမ် အကြောင်းနည်းနည်းသိတဲ့သူတိုင်းက သူရုပ်ရှင်ရိုက်ပြီးရင် သူ့ အန်တီလေးကိုကြည့်ဖို့ အိမ်ပြန်သွားမယ်ဆိုတာ လူတိုင်းသိတယ်"   လီစစ်ရွေ့က ရေရွတ်လိုက်သည်။

 

 

"ဒါပေမယ့် ဒီစုန့်လင်းချွမ်ရဲ့ အန်တီလေးက ဘယ်သူလဲ ဆိုတာတော့ ငါတော်တော်လေး သိချင်တယ်" သူမက ရယ်မောကာ ထပ်ပြောလာသည်။

 

 

ဒါကိုကြားတော့ စုန့်အာ့နန်က ခဏလောက်ရပ်သွားပြီး   လီစစ်ရွေ့ကို ကြည့်ကာ တစ်ခုခုပြောဖို့ ချီတုံချတုံဖြစ်နေသည်။

 

 

  လီစစ်ရွေ့ရဲ့အာရုံစိုက်က တိုက်ရိုက်ထုတ်လွှင့်မှုအပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားတာကြောင့် စုန့်အာ့နန်ရဲ့ တုံ့ဆိုင်းမှုကို သူမသတိမထားမိလိုက်ပေ။

 

 

"အား၊ နောက်ဆုံးတော့ ဖေးခွမ် ရောက်လာပြီ!! ဝါးးး ငါ့ရဲ့ ဖေးဖေး ဒီနေ့ ဒီဝတ်စုံလေးနဲ့ အရမ်းချောမောပြီး မြင့်မြတ်တဲ့ သခင်လေးတစ်ယောက်လိုပဲ..."

 

 

စုန့်အာ့နန် ဖန်သားပြင်ပေါ်ရှိ လူကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲလိုက်သည်။

 

 

အများအားဖြင့် သူမဟာ ဖျော်ဖြေရေးနယ်ပယ်ကို အာရုံစိုက်လေ့မရှိပေမယ့် လီစစ်ရွေ့သဘောကျတဲ့ ဖေးခွမ်ကိုတော့ ရင်းနှီးသည်။ နောက်ဆုံး လီစစ်ရွေ့ရဲ့ တက္ကသိုလ်တက်ခဲ့တဲ့နှစ်တွေမှာ သူ့အကြောင်း နေ့တိုင်းလိုလို ပြောနေတာကို သူမကြားနေရတာဖြစ်သည်။

 

 

" ဒီlive chat ထဲက shipper တွေက အရမ်းစိတ်အနှောက်အယှက်ဖြစ်စရာဘဲ ဘာလို့ နေရာတကာရောက်နေတာလဲ?" လီစစ်ရွေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း စိတ်တိုတိုနဲ့ပြောလိုက်သည်။

 

 

စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့က လတ်တလော ဖျော်ဖြေရေးနယ်ပယ်တွင် အကျော်ကြားဆုံးသော ကြယ်ပွင့်တွေဖြစ်ကြပြီး ပရိတ်သတ် အခိုင်အမာ ရရှိထားကြသည်။ အဖွဲ့လိုက် အတူတူ ပွဲဦးထွက်ခဲ့ကြပြီး ကင်မရာရှေ့တွင် အမြဲတမ်း ဆက်ဆံရေးကောင်းရှိတာကြောင့် သူတို့ကို အတူတူ ship ကြတဲ့ shipper တွေ အများကြီးရှိသည်။

 

 

 လီစစ်ရွေ့က ဖေးခွမ်ရဲ့အမာခံ ပရိသတ်ဖြစ်တာကြောင့် သဘာဝအရ နေရာတိုင်းက ဒီshipperတွေကို သည်းမခံနိုင်ပေ။

 

 

ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးပုံပေါက်တဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ချက်ထဲက shipper တွေရဲ့ မက်ဆေ့ချ်တွေကို ဖတ်ရတဲ့အခါ သူမရုတ်တရက် မသေချာသလို ခံစားလိုက်ရသည်။

 

 

"စုန့်လင်းချွမ်နဲ့ ဖေးခွမ်က တစ်ကယ့်ဘဲ စုံတွဲတွေဖြစ်နေမလားဘဲ?" သူမက ညည်းညူလိုက်သည်။

 

 

ခဏလောက် လေးလေးနက်နက် စဉ်းစားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နည်းနည်းကောင်းတဲ့ပုံပေါ်တယ်လို့ သူမခံစားလိုက်ရသည်။

 

 

ဒါကိုကြားတော့ စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်သည်။ "မဟုတ်ဘူး"

 

 

စုန့်အာ့နန်ရဲ့ တုံ့ပြန်မှုကြောင့် လီစစ်ရွေ့က အံ့သြသွားပြီး မေးလိုက်သည်။ "ဘာကိုလဲ?"

 

 

သူတို့မှာ ဒီလိုဆက်ဆံရေးမျိုးမရှိဘူးလို့ ငါပြောတာ စုန့်အာ့နန်က ရှင်းပြသည်။

 

 

ခဏလောက် ရပ်သွားပြီး သူမက ထပ်ပြောလာသည်။ "စုန့်လင်းချွမ် က မိန်းကလေးတွေကိုဘဲ သဘောကျတယ်လို့ ငါထင်တယ်"

 

 

လီစစ်ရွေ့က မျက်တောင်ခတ်လိုက်ပြီး မယုံသင်္ကာနဲ့မေးလိုက်သည်။ "စုန့်လင်းချွမ်က မိန်းကလေးတွေကိုဘဲ ကြိုက်တယ်ဆိုတာ နင်ဘယ်လိုသိတာလဲ?"

 

 

စုန့်အာ့နန်က ခဏ‌လောက်တုံ့ဆိုင်းသွားပြီး "ငါ..."

 

 

  လီစစ်ရွေ့က တခစ်ခစ်ရယ်လိုက်ကာ "ကောင်းပါပြီ၊ နင် ငါ့ကို နှစ်သိမ့်ဖို့ ကြိုးစားနေတာ ငါသိပါတယ်။ နင့်ကို မစတော့ပါဘူး"

 

 

  စုန့်အာ့နန်က နာမည်ကြီးတွေကို စိတ်မဝင်စားသလို သူတို့နောက်ကို မလိုက်ဘူးဆိုတာ သူမသိသည်။ စုန့်လင်းချွမ်က မိန်းကလေးတွေကို သဘောကျလား မကျဘူးလားဆိုတာ သူမ သိနိုင်မည်မဟုတ်ပေ။ အဖြူရောင် မုသားနဲ့ သူမကို အားပေးဖို့ ကြိုးစားနေတာပင်။

 

 

တကယ်တော့ စုန့်အာ့နန်က လီစစ်ရွေ့ကို နှစ်သိမ့်ဖို့ ကြိုးစားနေတာမဟုတ်ပေ။

 

 

စုန့်လင်းချွမ်က မိန်းကလေးတွေကို သဘောကျတယ်ဆိုတာ သေချာသည်။ နောက်ဆုံးမှာ သူအထက်တန်းတုန်းက ကျောင်းပန်းလေးကို သဘောကျခဲ့ဖူးသည်။

 

 

ဒါကို သူမဘာလို့သိတာလဲဆို‌တော့ သူမက  စုန့်လင်းချွမ်ရဲ့ အန်တီလေးဖြစ်နေလို့ပင်။

 

 

ဒါပေမယ့် ဒီအကြောင်းကို လူတော်တော်များများ မသိကြပါချေ။ အနည်းဆုံးတော့ သူမရဲ့ အတန်းဖော်တွေနဲ့ ကောလိပ်က အခန်းဖော်တွေတော့မပါပေ။

 

 

စုန့်အာ့နန်က အဲဒါကို တမင်လျှို့ဝှက်ထားခဲ့တာ မဟုတ်ပါချေ။ အဲဒါကို ပြောပြဖို့ သူမမှာ အခွင့်အရေး မရှိခဲ့ရုံပင်။

 

 

သို့ပေမယ့်  သူမရဲ့တူဖြစ်သူ စုန့်လင်းချွမ်ရဲ့ အကြောင်း စဉ်းစားလိုက်တာနဲ့ တစ်မနက်လုံး သူမကို နှောင့်ယှက်ခဲ့တဲ့ မနေ့ညက အိပ်မက်ကို စုန့်အာ့နန် သတိရသွားသည်။

 

 

အိပ်မက်ထဲတွင်  အချက်အလက်တွေအရ သူမတို့နေထိုင်တဲ့ကမ္ဘာဟာ တကယ်တော့ ဝတ္ထုတစ်ပုဒ်ပင်။

 

 

အမှန်တော့ သေချာတွက်ကြည့်ရင် စုန့်အာ့နန်က ဒီကမ္ဘာထဲက လူတစ်ယောက်မဟုတ်ပေ။

 

 

သူမရဲ့ အရင်ဘဝတုန်းက စုန့်အာ့နန်မှာ ပြင်းထန်တဲ့ မွေးရာပါ နှလုံးရောဂါကို ခံစားခဲ့ရသည်။ သူမက အသက် 18 နှစ်အထိ စောင့်ဆိုင်းခဲ့ပေမယ့် သင့်လျော်တဲ့ နှလုံးအလှူရှင်ကို ရှာမတွေ့ခဲ့ဘဲ နောက်ဆုံး ဆေးရုံခုတင်ပေါ်တွင် သေဆုံးသွားခဲ့ရသည်။

 

 

သူမ မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူမသည် ဒီကမ္ဘာတွင် မွေးကင်းစကလေးတစ်ယောက် ဖြစ်နေတာကို သိလိုက်ရသည်။

 

 

တစ်ခါတစ်‌လေ စုန့်အာ့နန်ကိုယ်တိုင် သူမဟာ အချိန်ခရီးသွားခဲ့တာလား ဒါမှမဟုတ် နိုင်ဟယ်တံတားပေါ်မှာ ဟင်းချိုသောက်ဖို့ မေ့သွားတာလား ဆိုတာ မပြောတတ်ပေ။

 

 

ဒါပေမယ့် သူမကို ပိုအံ့သြစေတာကတော့ သူမက ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်လာတာကိုပင်။

 

 

သူမဟာ ချိုမြိန်တဲ့အချစ်ဝတ္ထုဖြစ်တဲ့  "The Heartwarming Pet of the Film Emperor" အမည်ရှိ ဝတ္ထုထဲတွင် သူမနဲ့မသက်ဆိုင်ပေမယ့် သူမရဲ့ တူဖြစ်သူ စုန့်လင်းချွမ်ကတော့ စာအုပ်ပါ အမြောက်စား ဇာတ်ကောင်တစ်ယောက်ဖြစ်တာကို သိလိုက်ရသည်။

 

 

အဆိုပါဝတ္ထုသည် ဖျော်ဖြေရေးနယ်ပယ်ရှိ reality show တစ်ခုတွင် ပရိတ်သတ်တွေ တွဲပေးတဲ့  ပွင့်လင်းတဲ့ မိန်းကလေးတစ်ဦးနဲ့ နာမည်ကြီး အမျိုးသားရုပ်ရှင်သရုပ်ဆောင် တို့အကြောင်းဖြစ်သည်။ ကောင်မလေးက တဖြည်းဖြည်း နာမည်ကြီးလာပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက်ဟာ ဖျော်ဖြေရေးနယ်ပယ်တွင် မော်ဒယ်စုံတွဲတွေဖြစ်လာခဲ့သည်။

 

 

စုန့်လင်းချွမ် ကတော့ သူမကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပေမယ့် သူမနဲ့ အတူမနေနိုင်ခဲ့ရပါ‌ချေ။ သို့ပေမယ့် ဝတ္ထုထဲတွင် သူ့ရဲ့ကံကြမ္မာက မျှတမှုမရှိတဲ့ ချစ်ခြင်းမေတ္တာကြောင့်သာမဟုတ် ရုတ်တရက် ကြေကွဲဖွယ်သေခြင်းမျိုးကြောင့်လည်းဖြစ်သည်။

 

 

စုန့်အာ့နန် ရဲ့ ရှုထောင့်ကနေကြည့်ရင် ဝတ္ထုထဲက စုန့်လင်းချွမ်က သူမသိထားတဲ့ တကယ့်လက်တွေ့ဘဝနဲ့ အတော်လေးကို ကွဲပြားသွားပြီး ကိစ္စတော်တော်များများလည်း ကွဲပြားသွားသည်။ ဥပမာအားဖြင့်၊ ဝတ္ထုထဲမှာ သူမရဲ့ဖြစ်တည်မှုကို လုံးဝဖော်ပြထားခြင်းမရှိပါချေ။

 

 

သေချာပေါက်ကို၊ ဒါက သူမက အရေးမပါတဲ့သူဖြစ်တာကြောင့်ဖြစ်လိမ့်မည်။

 

 

စုန့်အာ့နန် အတွက်တော့ သူမရဲ့ အတိတ်ဘဝက မိသားစုပဲ ဖြစ်ဖြစ်၊ ဒီဘဝက မိသားစုဘဲဖြစ်ဖြစ် သူတို့က သူမကို အမြဲတမ်း ကောင်းကောင်းကာကွယ်ပေးခဲ့သည်။ ဒီလိုအခြေအနေမျိုး ရုတ်တရက်ကြုံလာရလို့ အစပိုင်းမှာတော့ သူမ နည်းနည်း ကူကယ်ရာမဲ့သလို ခံစားရပေမယ့် တဖြည်းဖြည်းနဲ့ တည်ငြိမ်လာသည်။

 

 

ဝတ္ထုရဲ့အဆုံးသတ်ကိုတွေးရင်း စုန့်အာ့နန်ရဲ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက်တစ်ခု ပေါ်လာသည်။ သူမက ဒီဘ၀မှာ သူမရဲ့မိသားစုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး အထူးသဖြင့် သူမနဲ့အတူ ကြီးပြင်းလာခဲ့သည့် သူမရဲ့တူဖြစ်သူ စုန့်လင်းချွမ်နှင့် ဆက်ဆံရေးကောင်းသည်။

 

 

ဒါကြောင့် ဒီအိပ်မက် အမှန်တကယ် ဟုတ် မဟုတ်၊ စုန့်လင်းချွမ်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် သူမဒီတိုင်း ထိုင်မကြည့်နေနိုင်ပါချေ။ ကြေကွဲဖွယ်ဇာတ်သိမ်း မဖြစ်ရအောင် တားဆီးဖို့ နည်းလမ်းကို သူမ ရှာရမည်!

 

  

***

   

စုန့်လင်းချွမ်က အမှတ်တံဆိပ်တစ်ခုရဲ့ အင်တာဗျူးပြီးသွားပြီး သူ့အေးဂျင့် ကျန်းဟန်နဲ့အတူ အနားယူတဲ့နေရာဆီလျှောက်လာခဲ့သည်။

 

 

ကျန်းဟန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "မင်းရဲ့ အန်တီလေးဆီသွားဖို့ အိမ်ပြန်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား? ငါ့လက်ထောက်ကို မင်းရဲ့ လေယာဉ်လက်မှတ်အတွက် ကြိုမှာထားခိုင်းလို့ရတယ်"

 

 

စုန့်လင်းချွမ်က လက်ယမ်းပြီး ပြန်ဖြေလိုက်သည်။ "မလိုပါဘူး။ ကျွန်တော့် အန်တီလေးက ဒီတစ်ခေါက် ဒီကိုလာပြီး ကျွန်တော်နဲ့ ခဏလာနေမှာ"

 

 

သူ့မိဘတွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခရီးထွက်သွားပြီး အိမ်မှာ ဘယ်သူမှ မကျန်ခဲ့ပေ။ ဒါကြောင့် သူ့မှာ စုန့်အာ့နန်ကိုခေါ်ဖို့ အခွင့်အရေးရလိုက်သည်။

 

   

ဒါကိုကြားတော့ ကျန်းဟန်က အံ့သြသွားသည်။ စုန့်လင်းချွမ်ရဲ့ အန်တီလေးက လာမှာလား? ဒါကို မမျှော်လင့်ထားဘူး!

 

 

သူ့အန်တီလေးအကြောင်း တစ်ချိန်လုံးပြောနေ‌ပေမယ့်၊ စုန့်လင်းချွမ်က သူတို့ကို ကာကွယ်ဖို့အတွက် သူ့မိသားစုနဲ့ပတ်သက်သည့် အချက်အလက်ကို ဘယ်သောအခါမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ နှစ်ပေါင်းများစွာ သူ့အေးဂျင့်ဖြစ်ခဲ့တဲ့ ကျန်းဟန်ပင်လျှင် ကောလဟာလထဲက သူ့အန်တီလေးကို မတွေ့ဖူးပါချေ။

 

 

တကယ်တော့ သူက စုန့်လင်းချွမ်ရဲ့ အန်တီလေးကို အမြဲတွေ့ချင်ခဲ့တာဖြစ်သည်။

 

 

သူမက ရမ်းကားတဲ့ သခင်လေး စုန့်လင်းချွမ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်တာကြောင့် သူမအကြောင်းကို မသိချင်ယောင်ဆောင်ဖို့ ခဲယဉ်းလှသည်။ သေချာပေါက်ကို ကျန်းဟန်တစ်ယောက်ဘဲ သိချင်နေတာမဟုတ်ဘဲ ဒီလောကရဲ့ အတွင်းရော ပြင်ပကလူတော်တော်များများကပါ စိတ်ဝင်စား‌နေကြတာ ဖြစ်သည်။ ရက်အနည်းငယ်ကြာတိုင်း၊ အထူးသဖြင့် စုန့်လင်းချွမ်နဲ့ သူ့အန်တီလေးတို့ကို ပါဝင်ဖို့ တောင်းဆိုလာသည့် variety show တွေက တံခါးလာခေါက်ကြသည်။

 

 

မနေ့တနေ့ကပဲ လူကြိုက်များတဲ့ လူနေမှုဘဝ reality show တစ်ခုဖြစ်တဲ့ "Our Dearest" က အရမ်းဆွဲဆောင်မှုရှိတဲ့ အခြေအနေတွေနဲ့ ဖိတ်စာတစ်စောင် ပို့လာခဲ့ပါတယ်။ သို့ပေမယ့် တစ်ခုတည်းသောတောင်းဆိုချက်မှာ စုန့်လင်းချွမ်နဲ့အတူ ရှိုးတွင်ပါဝင်ရမည့် ဧည့်သည်ဟာ သူ့ရဲ့အန်တီလေးဖြစ်ရမည်ဆိုတာပင်။

 

 

သူ့အန်တီလေးက ပါဝင်ဖို့ အရမ်းအလုပ်ရှုပ်နေတာကြောင့် ဆိုပြီး စုန့်လင်းချွမ်က ချက်ချင်းငြင်းဆိုခဲ့သည်။ ဒီအတွက် ကျန်းဟန်မှာ အသည်းကွဲသွားရသည်။

 

 

နောက်ဆုံးမှာ၊ "Our Dearest"က လတ်တလောတွင် ကြီးမားတဲ့ ပလပ်ဖောင်းတစ်ခုနဲ့  ကြည့်ရှုမှုနှုန်းမြင့်ကာ ပေးချေမှုလည်းမြင့်ပြီး ယခင်အပိုင်းများဟာလည်း သုံးသပ်ချက်များစွာရှိကာ လက်ရှိတွင် အကျော်ကြားဆုံးသော လူနေမှုဘဝဆိုင်ရာ reality showတစ်ခုဖြစ်သည်။ ဒီအစီအစဉ်ကို အနုပညာရှင်တော်တော်များများကလည်း စောင့်ကြည့်‌နေကြတာဖြစ်သည်။

 

 

ကျန်းဟန်က သက်ပြင်းချပြီး ဒါက နှမြောဖို့ကောင်းတယ်လို့ တွေးလိုက်မိသည်။ ဒါပေမယ့် ခဏနေဦး! သူက စုန့်လင်းချွမ်ဘက် လှည့်လာကာ ရုတ်တရက် အကြံကောင်းတစ်ခုရသွားသည်။

 

 

ဟုတ်တယ် သူ့အန်တီလေးက ဒီကိုလာပြီး ခဏလောက်လာနေမှာ! တိုက်တိုက်ဆိုင်ဆိုင်ဘဲ ရှိုးကလည်း စပြီးထုတ်လွှင့်တော့မှာဆိုတော့ အချိန်ကိုက်ရင်  ကိစ္စတွေက ပြောင်းသွားနိုင်တယ်။

 

 

"လင်းချွမ်၊ ငါတို့အန်တီလေးက ဒီတစ်ခေါက် ဘယ်လောက်ကြာအောင်နေမှာလဲ?" ကျန်းဟန်က မေးလိုက်သည်။

 

 

စုန့်လင်းချွမ်က သူ့ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

 

 

ကျန်းဟန်က သဘောတကျပြုံးလိုက်သည်။  "ဘာမှမဟုတ်ပါဘူး ဒီတိုင်း မေးကြည့်တာ"

 

 

စုန့်လင်းချွမ်က တိတ်ဆိတ်နေသည်။ သူ့အေးဂျင့်ကို ကောင်းကောင်းသိသည်။ အကြောင်းပြချက်မရှိဘဲ သူက ကောင်းပြမှာမဟုတ်ဘူး သူက လိမ်ဖို့ ဒါမှမဟုတ် တစ်ခုခုခိုးဖို့ ကြံနေတာများလား!

 

 

ကျန်းဟန် မှာ မနေနိုင်ဘဲ သူ့ရဲ့ ရည်ရွယ်ချက်အမှန်ကို ထုတ်ပြောလိုက်ပေမယ့် စုန့်လင်းချွမ်က  သူ့အကြံကို ချက်ချင်းဘဲ တင်းမာတဲ့ အမူအရာနဲ့ ပယ်ချလိုက်သည်။ "အဲ့ဒီရှိုးကို ငြင်းထားပြီးပြီ၊ အဲ့ဒီအကြောင်းစဉ်းတောင်မစဉ်းစားနဲ့"

 

 

သူအန်တီလေးက ငယ်ငယ်ကတည်းက ဖျော်ဖြေရေးနယ်ပယ်ကို စိတ်မဝင်စားတာ  ဘာလို့ သူက variety show မှာ ပါချင်ရမှာလဲ? အဲ့ဒါကအရမ်းပင်ပန်းတာ။

 

 

ကျန်းဟန်မှာ "ကောင်းပြီ" လို့ဘဲ  ပြောနိုင်တော့သည်။

 

 

သူ့ရဲ့ ခိုင်မာတဲ့ သဘောထားကို မြင်တော့ ကျန်းဟန်က မတိုက်တွန်းတော့ပေ။ ဒါက ဖြစ်မလာနိုင်ဘူးဆိုတာ သူသိသည်။

 

 

ဒါပေမယ့် ဒါက အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပြီး သူ လက်လွှတ် မခံနိုင်ပါ‌ချေ။ ဒါကြောင့် သူမနေနိုင်ဘဲ စိတ်ထဲမှာ တွေးလိုက်သည်။

 

 

မျက်စိတစ်မှိတ်အတွင်းမှာဘဲ နှစ်ယောက်သား ဧည့်ခန်းထဲ ဝင်သွားလိုက်ကြသည်။ စုန့်လင်းချွမ်က အထဲမှာ ရှိနေတဲ့ သူကို တွေ့တဲ့အခါ မတတ်နိုင်ဘဲ သူခဏလောက် ရပ်သွားသည်။

 

 

"ဘာလို့ ဒီကို ရောက်နေတာလဲ?"