အပိုင်း
၁
ယွင်ကျန့်သည်
ဆိုဖာပေါ်တွင် ထိုင်ရင်း စိတ်ငြိမ်အောင် လုပ်နေသည်။
သူမ
ဤနေရာကနေ ထွက်လာခဲ့သည်မှာ ၆နာရီကြာပြီဖြစ်သည်။
သူမသည်
မနက်၈နာရီတွင် စတူဒီသို့ရောက်ပြီး ဝန်ထမ်းများကို ဧည့်ကြိုအခန်း၏ မှန်ပြတင်းပေါက် အပြင်ဖက်မှ
စောင့်ကြည့်ကာ အလုပ်လုပ်နေရင်းနှင့် နေ့လည်ထမင်းစားချိန်ရောက်လာခဲ့သည်။ သွားလိုက်လာလိုက်နှင့်
သူမသည် ဤနေရာတွင် တစ်ချိန်လုံး ထိုင်နေခဲ့သည်။
စတူဒီယိုဝန်ထမ်းသည်
သူမကို မေ့နေပုံရသည်၊ ဘယ်သူမှ ဤနေရာသို့ ရောက်မလာသေးပေ။
ထန်ယီစတူဒီယိုမှ
ဝန်ထမ်းများသည် သူမကို ထိုမျက်နှာထားမျိုးနှင့် ဆက်ပြီးတွေ့နေရဖို့ မမျှော်လင့်ထားမိချေ။
သူမ ထိုအရာကို လက်မခံချင်သည်မှာ အသိသာကြီးပင်ဖြစ်သည်။ သို့သော် လုံးဝငြင်းလိုက်တာထက်စာလျှင်
အနည်းငယ်ယဉ်ကျေးသည်ဟု ပြောရပေမည်။
သူမကို
အထူးသဖြင့် မည်သူက နည်းပါးစွာ ပေးရန် စေခိုင်းလိုက်သနည်း။
အရမ်းနည်းပါးလွန်း၍
ဟာသသဖွယ်ဖြစ်နေသည်။
ယွင်ကျန့်သည်
အမျိုးသမီးဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ဒါရိုက်တာအသိုင်းအဝိုင်းတွင် နာမည်ကြီးသည်။
သူမရုပ်ရည်သည် နာမည်ကြီးထိပ်တန်း အမျိုးသမီးအနုပညာရှင်တစ်ဦး၏
ရုပ်ရည်နှင့် ရင်ဘောင်တန်းနိုင်သည်။ သူမသည် အမျိုးသားကဇာတ်ရုံတွင် ပညာသင်ယူနေစဉ်တုန်းက
သူမကို လူအများက သရုပ်ဆောင်ပညာကို လေ့လာနေသည်ဟု မကြာခဏ အမှတ်မှားကြသည်။ အမှန်တကယ်တွင်
သူမသည် ရုပ်ရှင်နှင့် တီဗွီဒါရိုက်တာဖြစ်လာဖို့ သင်ယူနေခြင်းသာဖြစ်သည်။
သူမ၏
အိပ်မက်သည် အံ့သြစရာကောင်းသော ဒါရိုက်တာဖြစ်လာရန် ဖြစ်သည်။ သူမကိုယ်တိုင် ဇာတ်လမ်းဇာတ်ညွှန်းများ
ရေးကာ ညွှန်ကြားနိုင်ရမည်။ ထို့မှသာ သူမ၏အရည်အချင်းများကြောင့် လူအားလုံးက သူမကို အမှတ်ရနေမည်ဖြစ်သည်။
သူမသည်
အလှတရားကို ပိုင်ဆိုင်ထားရုံသာမက ခွန်အားလည်း ပိုင်ဆိုင်ထားပေသည်။ သူမသည် သူမကိုယ်တိုင်
အဓိကဒါရိုက်တာနေရာအဖြစ် လုပ်ခဲ့သည်။
ပထမဆုံးဒရာမာကို ရိုက်ကူးခဲ့စဉ်တွင် သူမသည် အမျိုးသားကဇာတ်ရုံမှ
လူသစ်လေး ထန်ယီကို ရှာတွေ့သွားခဲ့သည်။ သူမသည် သူ၏ ပုံပန်းသွင်ပြင်နှင့် စိတ်နေသဘောထားကို
နှစ်သက်ခဲ့ပြီး ထန်ယီသည် သူမစိတ်ထဲတွင် ရှိနေသော ပိုင်ယင်းနင်ကဲ့သို့ဖြစ်မည်ဟု ခံစားလိုက်ရသည်။
ကြိမ်ဖန်များစွာ
ဆွေးနွေးကြပြီးနောက် သူမသည် နောက်ဆုံးတော့ တက်သစ်စလေး ထန်ယီနှင့် အောင်မြင်စွာ လက်တွဲဆောင်ရွက်နိုင်ခဲ့သွားသည်။
သို့သော် ထန်ယီ၏ သရုပ်ဆောင်စကေးမှာ အလွန်နူးညံ့နေသဖြင့် ရိုက်ကူးရေးအတောအတွင့်း သူမသည်
ထိုကျောင်းသားအရွယ်ကောင်ကလေးကို ဆူပူကြိမ်းမောင်းပြီး သုံးကြိမ်သုံးခါ ငိုအောင်လည်း
လုပ်ခဲ့သေးသည်။
လူအများက
ပြောကြသည်မှာ ထန်ယီသည် ထိုအချိန်က ဇာတ်ပို့နေရာကိုသာ သရုပ်ဆောင်နေရပြီး သူမလိုချင်သည်များမှာ
အလွန်ပင်မြှင့်မားနေကြောင်း ဖြစ်သည်။
သူမသည်
ဆက်၍သာ တိုးတက်အောင် လုပ်ပေးနေသည်။
နောက်နှစ်အနည်းငယ်
ကြာလေသောအခါ ဖုန့်ရွှေအလှည့် ရောက်လာခဲ့သည်။(ဖုန့်ရွှေဆိုသည်မှာ တရုတ်ဗေဒင်အရ ကံဆိုးသည့်နှစ်ကို
ဆိုလိုခြင်းဖြစ်သည်။)
သူမသည်
အလုပ်ကောင်းများကို နောက်ထပ်လက်ခံခြင်း မရှိခဲ့ပေ။ အကြောင်းမှာ “သံလွင်ခက်”ကို အကြိမ်များစွာ ငြင်းခဲ့ခြင်းကြောင့်
လူအများက မကျေမနပ်ဖြစ်နေကြသည်။
မည်သူမှလည်း
နောက်ထပ် မရင်းနှီးမြှုပ်နှံကြတော့ပေ။ မည်သူမှလည်း သူမနှင့် လက်တွဲမလုပ်ချင်တော့ပေ။
ယခုလက်ရှိဇာတ်လမ်းတောင် သူမ ကိုယ်တိုင်အကြွေးယူထားကာ ရိုက်ကူးနေရပြီး ရန်ပုံငွေမှာလည်း
တကယ့်ကို...စုတ်ပြတ်နေသည်။
ထန်ယီကမူ
ယခုတွင် လူကြိုက်များသော တက်သစ်စအကျော်မော်လေး ဖြစ်လာခဲ့ပြီး သူက အရမ်းနာမည်ကြီးသည့်အတွက်
သူ့ကိုယ်သူ သက်သေပြဖို့ ဆုကြီးတစ်ခုပဲရှိတော့သည်။
ထန်ယီဆိုသောနာမည်ကို
လူတကာက ချီးကျူးကြပြီး လူကြိုက်များကြသည်။
ထန်ယီစတူဒီယိုကို
စတင်ဖွင့်လှစ်ခဲ့သည်မှာ ထန်ယီသည် အရင်လုပ်ခဲ့သော ကုမ္ပဏီနှင့် စာချုပ်သက်တမ်း ပြည့်ပြီးသွားသောအချိန်မှ
စတင်ခဲ့သည်။ ထန်ယီသည် ထိုစတူဒီယို၏ သူဌေးဖြစ်ပြီး သူသည် အောင်မြင်နေဆဲ လူငယ်အနုပညာရှင်ဖြစ်သည်။
ထန်ယီသည်
ယခုတွင်မူ သူဌေးတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပေသည်။ သရုပ်ဆောင်တစ်ယောက်အတွက်
ယွင်ကျန့်သည် ဇာတ်လမ်းတစ်ပိုင်းစာကို ယွမ် ၁သိန်း၅သောင်းသာ ပေးနိုင်သည်။
ထိုပမာဏမှာ
သူမ တတ်နိုင်သော အမြင့်ဆုံး အဖိုးအခပင်ဖြစ်သည်။ သူမ၏အကြံဉာဏ်တွင် ထန်ယီသည် ယခုတီဗွီစီးရီးအတွက်
အသင့်တော်ဆုံး သရုပ်ဆောင်ပင် ဖြစ်သည်။
သူမ
ထိုဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်သောအခါ သူမမျက်စိထဲ ပေါ်လာသည်မှာ ထန်ယီဖြစ်နေပြီး ပိုတွေးကြည့်လေ
ပိုစိတ်လှုပ်ရှားလေ ဖြစ်လာသည်။
ထိုဇာတ်ကောင်နေရာကို
ထန်ယီသရုပ်ဆောင်မှရမည်!
သို့သော်...ထန်ယီကထိုနေရာကို
သရုပ်ဆောင်ချင်အောင် လုပ်ရသည်မှာ နောက်ထပ်ကိစ္စတစ်ခုပင်ဖြစ်သည်။
ထန်နှင့်
ကုမ္ပဏီအေးဂျင့်သည် ယွင်ကျန့်ပေးလိုက်သော ဇာတ်ညွှန်းကို ကြည့်ပြီးနောက် အဖိုးအခကို
ကြည့်လိုက်ရာ မရယ်ပဲ မနေနိုင်ဖြစ်သွားသည်။ လူတစ်ယောက်ကို ကဲ့ရဲ့စရာအကြောင်းမရှိသော်လည်း
သူသည် သူ့ကိုယ်ကျင့်စရိုက်နှင့် ပက်သက်ပြီး ရှင်းပြခဲ့ပြီးပြီဖြစ်သည်။
ထိုအေးဂျင့်မျက်လုံးများမှာ
တစ်ခုခုကို မေးချင်နေသည်-စားစရာအတွက် တောင်းစားဦးမလားမသိဘူး။
မည်သို့ပင်ဖြစ်စေ
ယွင်ကျန့်တစ်ယောက်တည်းကသာ ထန်ယီကို မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ ယွင်ကျန့်သာ
တိုက်ရိုက်ငြင်းလိုက်ပြီး စကားပြောရသည်မှာ သိပ်အဆင်မပြေဖြစ်လာခဲ့လျှင် သူတို့သည် ထိုအေးစက်သော
အပြုအမူကို အသုံးပြုပြီး ယွင်ကျန့် နောက်ဆုတ်သွားအောင် လုပ်လိမ့်မည်ဖြစ်သည်။
ယွင်ကျန့်သည်
နောက်ထပ်ကြိုးစားဖို့ လုပ်ခဲ့ပြီး ဧည့်ကြိုနေရာကိုသွားကာ မေးလိုက်သည်။ “အေးဂျင့်ကျန်းက
အခုအစည်းအဝေးထဲမှာလား”
ထိုသူတို့နှင့်စကားပြောပြီးနောက်
ယွင်ကျန့် သိခဲ့သည်မှာ အေးဂျင့်၏မျိုးရိုးနာမည်မှာ ကျန်းဖြစ်သည်။
ဧည့်ကြိုမိန်းကလေးသည်
ယွင်ကျန့်ကို ကြည့်ပြီးနောက် ပြုံးပြကာ ပြန်ဖြေလိုက်သည်။ “ဧည့်သည်အခန်းထဲမှာ ခဏထိုင်စောင့်လိုက်ပါဦး
ကျွန်မမေးကြည့်ပေးဦးမယ် ပြီးရင်ရှင့်ကို ခေါ်လိုက်ပါ့မယ် ဟုတ်ပြီလား”
“သူ့ကို ပြောပေးပါဦး ဒီဇာတ်ညွှန်းက
တော်တော်ကောင်းတာလို့ ဒီဇာတ်ညွှန်းကို ဘယ်သူရေးထားလဲဆိုရင်...”
“ဟုတ်ပါပြီ” ယွင်ကျန့်စကားမဆုံးခင်
ဧည့်ကြိုမိန်းကလေးက သူမစကားကို ဖြတ်ပစ်ပြီး ဖုန်းလာသည်ကို ဖြေလိုက်သည်။ သူမသည် ဧည့်သည်အခန်းကို
ပြန်သွားရုံမှအပ မရှိတော့သဖြင့် ထိုအခန်းတွင် ပြန်ထိုင်ကာ သက်ပြင်းချပြီး ဖုန်းကိုထုတ်လိုက်ကာ
သူငယ်ချင်းတစ်ယောက်ဆီမှ မက်ဆေ့ဂျ်ရောက်နေသည်ကို တွေ့လိုက်သည်။
မိုမုန့်မုန့်
-အလုပ်မဖြစ်ရင်လည်း အဲ့ဒါကိုမေ့သာမေ့လိုက်တော့။
သူမလည်း
အနည်းငယ် ထွက်သွားချင်စိတ် ဖြစ်မိသည်။ ပရိုဂျူဆာများလည်း လာချင်စိတ်မရှိတော့ပဲ ထိုဇာတ်ညွှန်းဖြင့်
သူမ ပြောမထွက်ပေ။ သူမမှာ နောက်ဆုံးမျှော်လင့်ချက် ဆံချည်မျှင်တစ်မျှင်လေးကို ဆုပ်ကိုင်ထားပြီး
နောက်ထပ်ကြိုးစားကြည့်ချင်ခဲ့ကာ မျှော်လင့်ချက်ရှိဦးမည်ဟု သူမသိနေသည်။
သူမအတွက်
အံ့သြစရာက ခဏကြာသောအခါ ဝန်ထမ်းတစ်ယောက်သည် ရောက်လာပြီး ယွင်ကျန့်လည်း ချက်ချင်း မတ်တပ်ရပ်ပြီး
သူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။
ယွင်ကျန့်သည်
ထိုလူကို သိနေသည်။ ထိုလူ၏ မျိုးရိုးနာမည်မှာ ရှောင်ဖြစ်ပြီး သူ့နာမည်မှာ ရင်ချန်ဖြစ်ကာ
ထန်ယီ၏ လက်ထောက်ဟောင်း ဖြစ်သည်။ ယခုတွင်မူ သူသည် နာမည်ကြီးလာပြီး စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်ဖြစ်လာကာ တက်သစ်စများကို ခေါ်ယူနေသည်။
သူတို့နှစ်ယောက်မှာ
တစ်ခဏမျှ စကားပြောနေခဲ့ပြီး ရှောင်ရင်ချန်က ပြုံးပြပြီး ပြောလိုက်သည်။ “ကျွန်တော် စိတ်မကောင်းပါဘူး
မစ်စတာထန်ရဲ့ အချိန်ဇယားက ပြည့်နေခဲ့ပြီ ဒါပေမဲ့ ကုမ္ပဏီမှာ ရှိတဲ့ တခြားသရုပ်ဆောင်တွေကတော့
သူတို့အချိန်ဇယားကို ပြန်ညှိလို့ ရနိုင်တယ်၊ ဒါက သူတို့ရဲ့ အချက်အလက်တွေပါ၊ သရုပ်ဆောင်အဖိုးအခကတော့
ခင်ဗျားသိတဲ့အတိုင်းပဲ ထန်ယီက မြင့်နေတယ်လေ၊ ကျွန်တော်တို့လည်း ဒါကို ကောင်းကောင်းကြီး
လက်ခံတယ်၊ သရုပ်ဆောင်တွေက ခင်ဗျားလက်အောက်မှာ ပညာသင်ယူကောင်းသင်ယူနိုင်ပါတယ် ဒါ့ကြောင့်
ခင်ဗျားသာ အဆင်ပြေမယ်ဆိုရင် ပိုပေးပြီး ရနိုင်ပါတယ်၊ ခင်ဗျားသာ ဒါကိုလက်ခံထားရင် အရာအာလုံးကို
အေးအေးဆေးဆေးနဲ့ ပြောလို့ရမှာပါ”
ယွင်ကျန့်သည်
ထိုအချက်အလက်ကို လက်ခံရရှိထားပြီး ထိုသူမှာ နှလုံးသွေးအေးစက်လှသည်။
လစာသည်
အလွန်နည်းပါးသည်။ ထန်ယီလက်ခံမည်မဟုတ်၊ သို့သော် ထိုလစာကို ထန်ယီ၏ တက်သစ်စများက လက်ခံလိမ့်မည်၊
အလွန်စျေးနည်းသောကြောင့် ဖြစ်သည်။ သူတို့သည်လည်း တစ်ပိုင်းကို ၂သောင်း သို့မဟုတ် ၃သောင်းဖြင့်
အံကြိတ်လုပ်ပြီး တက်သစ်စသရုပ်ဆောင်ကိုသာ အဓိကဇာတ်ဆောင်နေရာကို သရုပ်ဆောင်ခွင့်ပြုလိုက်ရတော့မည့်
အခြေအနေဖြစ်နေသည်။
“ဒီဟာက...” ယွင်ကျန့်သည်
လူများနှင့် ပြောဆိုဆက်ဆံရာတွင် သိပ်မတော်ပေ။ ထို့ကြောင့်သူမမှာ သူများနှင့်မတူ ထူးခြားသော
ပုံပန်းသွင်ပြင်ရှိနေသော်လည်း သရုပ်ဆောင်မဖြစ်ချင်ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ
လက်ရှိအခြေအနေသည် သူမ၏လွန်လေပြီးသော နှစ်များစွာက မာနကို ခဝါချရမလိုဖြစ်နေသော်လည်း
သူမသည် လူကြောက်တတ်ခြင်းကို မကျော်လွှားနိုင်သေးပေ။
“ကျွန်တော်တို့ဆီက သရုပ်ဆောင်တွေက
အကုန်လုံးစစ်ဆေးခံထားရပြီး ကောင်းကောင်း လေ့ကျင့်ပေးခံထားရတယ်၊ ကျွန်တော်တို့မှာလည်း
တရုတ်ရိုးရာ ပြဇာတ်ကတဲ့လူတွေရှိသေးတယ်၊ သူတို့လည်း ကြည့်ကောင်းပြီး အလားအလာရှိကြ...”
ရှောင်ရင်ချန်သည် သူ့သရုပ်ဆောင်များကို မရပ်မနား မိတ်ဆက်ပေးနေပြီး သူတို့အတွက် အခွင့်အရေးများရလာရန်
ဖြစ်ပေသည်။
ရှောင်ရင်ချန်လက်အောက်တွင်
သရုပ်ဆောင်သုံးဦးရှိသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီတစ်ယောက်ဖြစ်သည်။ သူတို့အားလုံးမှာ
တက်သစ်စများ ဖြစ်ပေသည်။ အခုလက်တလောတွင် အမျိုးသမီးသရုပ်ဆောင်မှာ ကောင်းစွာ တိုးတက်လာသည်။
အကြောင်းမှာ ထန်ယီသည် သူမကို ရုပ်ရှင်တစ်ကားနှင့်
မိတ်ဆက်ပေးပြီး ထိုရုပ်ရှင်၏ တတိယမြောက်ဇာတ်ပို့နေရာတွင် သူမကို သရုပ်ဆောင်စေကာ ချက်ချင်းပင်
လူအများ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။
အခြားသရုပ်ဆောင်နှစ်ယောက်၏
တိုးတက်မှုမှာ ပုံမှန်သာဖြစ်သည်။ ထို့ကြောင့် ယွင်ကျန့်၏ ဇာတ်လမ်းအသစ်တွင် အဓိကဇာတ်ဆောင်နေရာကို
ရရှိရန် အခွင့်အရေးမှာ သူတို့အတွက် ကောင်းသော ရွေးချယ်ခွင့်ပင်ဖြစ်သည်။
“ထန်ကျန့်စတူဒီယိုက ဖွင့်တာ
တစ်နှစ်လောက်တောင် မရှိသေးဘူး ဟုတ်တယ်မလား”
ယွင်ကျန့်က မေးလိုက်သည်။
“မှန်ပါတယ်”
“ဒီသရုပ်ဆောင်တက်သစ်စလေး
နှစ်ယောက်ကလည်း စာချုပ်မှာလက်မှတ်ထိုးထားတာ လပိုင်းပဲရှိသေးတယ်မလား”
ရှောင်ရင်ချန်သည်
ပြုံးလိုက်ပြီး အရှက်ရသလို လုံးဝမခံစားရပေ။ “ခင်ဗျားလည်း တက်သစ်စတွေရဲ့ အကျိုးခံစားခွင့်ကို
သိထားသင့်တယ်မလား အထူးသဖြင့် တက်သစ်စတွေေပေါ့ လစာနည်းနည်း၊ ကောင်းကောင်းလေ့ကျင့်ပေးခံရတယ်
ဒါ့အပြင် သူတို့ကို အနိုင်ကျင့်မယ်၊ နောက်နှစ်တွေကြာလာတော့ ခင်ဗျားနဲ့ပက်သက်ပြီး ပြောလာကြလိမ့်မယ်၊
သူတို့တွေက ခင်ဗျားကို ကျေးဇူးတင်ရလိမ့်မယ် ခင်ဗျားရဲ့ သင်ပြမှုတွေအတွက်...”
အရင်က
ယွင်ကျန့်သည် ထန်ယီကို သင်ပေးခဲ့ပြီး ပြောရမယ်ဆိုလျှင် ထန်ယီသည် အလွန် သိတတ်နားလည်ခဲ့ပြီး
သူ့တွင် အခြေခံကောင်းများ ရှိခဲ့သည်။ သူ့ကိုယ်သူ ပြောင်းလဲပစ်လိုက်သောအခါ သူသည် နံပါတ်တစ်
အမျိုးသားသရုပ်ဆောင်နဲ့ တူလာပြီး ထန်ယီ၏ ထက်မြက်မှုကို ဖိနှိပ်ချင်လျှင်တောင် ဖိနှိပ်လို့မရတော့ပေ။
နောင်နှစ်များစွာကြာသောအခါ
ထိုအရည်အချင်းများကြောင့် တကယ့်ကို အောင်မြင်ကျော်ကြားလာခဲ့သည်။
သို့သော်လည်း
သူမသည် ထန်ယီမှာ သူမကို ကျေးဇူးတင်နေမိဟု လုံးဝမထင်ပေ၊ သူမသည်လည်း သူကျေးဇူးတင်ရလောက်ထိအောင်
မဆက်ဆံခဲ့ပေ။
“ကျွန်မလည်း အဲ့လိုစဉ်းစားမိပါတယ်၊
ဒီဇာတ်လမ်းထဲက တခြားဇာတ်ကောင်တွေနေရာအတွက်လည်း ဘယ်သရုပ်ဆောင်ကို ရွေးရမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး” ယွင်ကျန့်သည် သွယ်ဝိုက်ပြီး
ပြန်ဖြေလိုက်သည်။
ရှောင်ရင်ချန်သည်
တွန့်ဆုတ်ခြင်းမရှိ ယွင်ကျန့်ကို ဆက်လက်မိတ်ဆက်နေသည်။ အသိသာကြီးပင် ဒုတိယမြောက်နှင့်
တတိယမြောက် အမျိုးသားသရုပ်ဆောင်များအကြောင်း ဖြစ်သည်။ သင်ပိုင်ပြီဟုထင်ကာ ဇွတ်မကစားသင့်ပေ။
မဟုတ်လျှင် သင်ပါထိုကိစ္စထဲ ပါသွားမည်ဖြစ်သည်။ ထိုတက်သစ်စနှစ်ယောက်အတွက် စာချုပ်၌လက်မှတ်ထိုးပြီးခါစတွင်
လက်ခံရရှိသော ပထမဆုံးတရားဝင်အလုပ်ဖြစ်လျှင်တောင်မှပင်။
သူစကားပြောနေစဉ်
လူအုပ်ကြီးသည် အပြင်မှ ဝင်ချလာသည်။ ယွင်ကျန့်သည် သတိမထားမိပဲ လှမ်းကြည့်လိုက်ရာ ထန်ယီပြန်လာသည်ကို
တွေ့လိုက်ရသည်။
ထန်ယီသည်
တီရှပ်အဖြူရောင်ကို ဝတ်ဆင်ထားပြီး သူ့ဘောင်းဘီရှည်ထဲ ခေါက်ထည့်ထားကာ ထိုဘောင်းဘီရှည်မှာ
အဖြူရောင်ဂျင်းဘောင်းဘီဖြစ်ပြီး အဖြူရောင်စနီကာဖိနပ်ကို ဝတ်ထားသည်။ သူသည် လက်ထဲမှ ဖုန်းကို
ကြည့်နေပြီး ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လာကာ သူ့လက်ထောက်က အနောက်ကနေ တကောက်ကောက်လိုက်လာခဲ့သည်။
လက်ထောက်သည် တစ်ခုခုကို ပြောနေသော်လည်း ယွင်ကျန့်မှာ မကြားရပေ။
ထန်ယီသည်
သူမအတွက် ဒီကိုလာခဲ့ခြင်းမဟုတ်၊ ရုံးခန်းသို့ သွားစဉ် ဖြတ်လျှောက်သွားခြင်းသာ ဖြစ်သည်။
သူ့ခေါင်းကိုမော့ကာ
မှန်ပြတင်းပေါက်ကနေ ကြည့်နေပြီးနောက် ယွင်ကျန့်နှင့် အကြည့်ဆုံသွားကာ ထန်ယီမှာ တစ်ခဏမျှ
တန့်သွားသည်။ သို့သော်လည်း ဆက်လျှောက်လာပြီး လူအုပ်ကြီးလည်း ရိုသေသမှုပြုကာ ပြန်သွားခဲ့သည်။
နှုတ်တောင်မဆက်တော့ဘူးလား?
ယွင်ကျန့်မှာ
ဘာပြောရမှန်းမသိဖြစ်သွားသည်။
ထို့နောက်
ယွင်ကျန့်လည်း စိတ်ဓါတ်ကျသွားပြီး ရှောင်ရန်ချန်ကို စကားဆက်ပြောဖို့ အားမရှိတော့ချေ။
အလျင်အမြန်နှုတ်ဆက်လိုက်ပြီး ထန်ယီစတူဒီယိုမှ ထွက်လာကာ
သုံးမိနစ်လောက် လမ်းလျှောက်လာပြီးနောက် ထိုရှေ့တွင် မတ်တပ်ရပ်၍ ဘတ်စ်ကားကို စောင့်နေလေသည်။
ထိုနေရာသည်
မြို့တော်၏ အချက်အချာနေရာ မဟုတ်၊ သို့သော် လေယာဉ်ကွင်းနှင့် မနီးမဝေးတွင် တည်ရှိပြီး
ကားပိတ်ခြင်းလည်း မရှိပေ။ ထိုအချက်ကြောင့် စတူဒီယိုကို ဤနေရာတွင် ဖွင့်ဖို့ရွေးချယ်လိုက်ခြင်းပင်
ဖြစ်ပေလိမ့်မည်။
ထန်ယီစတူဒီယိုဘေးတွင်
ဝန်ထမ်းအဆောင်ရှိသောကြောင့် ဝန်ထမ်းများမှာ နေ့စဉ် ရုံးသွားရုံးလာဖို့အတွက် စိတ်ပူစရာမလိုတော့ပေ။
ထိုအချက်ကြောင့် ထန်ယီမှာ အမြော်အမြင် ရှိပုံပေါ်သည်။
ထို့ကြောင့်...အပိုင်းတစ်ပိုင်းကို
၁သိန်းခွဲနှုန်းဖြင့် စုစုပေါင်း အပိုင်း၂၀၊ ထိုနှုန်းထားသည် ထန်ယီမျက်စိထဲတောင် ဝင်ဆံ့မည်မဟုတ်ပေ။
သူမ
သက်ပြင်းချလိုက်သည်။ ဤနေရာသို့လာရခြင်းမှာ သူမနေသည့်နေရာကို ရောက်သောဘတ်စ်ကားကို တော်တော်
စောင့်ယူရဦးမည်ဖြစ်သည်။
ဘတ်စ်ကားနှစ်စီး
ရောက်လာပြီး ထိုင်စရာနေရာမရှိဖြစ်နေသည်။ သူမခြေထောက်များကို ပျင်းရိပျင်းတွဲနှင့် ပြန်ကြည့်ရင်း
ကားတစ်စီးက သူမရှေ့တွင် လာရပ်လိုက်သည်။
သူမသည်
ခေါင်းကို မော့ကြည့်လိုက်သောအခါ မန်နေဂျာကျန်းကို တွေ့လိုက်ရသည်။ “ဆရာမယွင် ကားပေါ်တက်၊
ကျွန်တော် ပြန်လိုက်ပို့ပေးမယ်”
မန်နေဂျာကျန်းက စကားစပြောလိုက်သည်။
ယွင်ကျန့်သည်
သူမအကျင့်အရ ငြင်းမလို့လုပ်နေတုန်းတွင် ထိုအရာသည် သူမ နောက်ထပ်ဆွေးနွေးဖို့အတွက် အခွင့်အရေးဖြစ်နိုင်မည်ဟု
များများစားစား မတွေးတော့ပဲ ကားပေါ် ချက်ချင်းတက်လိုက်သည်။
လုပ်ငန်းရှင်ကားတံခါးကြီးကို
ဖွင့်လိုက်သောအခါ သူမသည် အဖြူရောင်စနီကာဖိနပ်ကို ဝတ်ဆင်ထားပြီး ကားနောက်ခန်းတွင် ဆန့်ကာထိုင်နေသော
ခြေထောက်ရှည်ရှည်တစ်စုံကို တွေ့လိုက်ရသည်။
သူမသည်
ကားထဲသို့အမြန်ဝင်လိုက်ကာ ကားတံခါးကို ပိတ်လိုက်သည်။
အသေအချာပင်
သူမသည် ထန်ယီမှာ ကားနောက်ခန်းတွင် ထိုင်နေကြောင်း တွေ့လိုက်သည်။
“မတွေ့တာကြာပြီနော်” ယွင်ကျန့်က ထန်ယီကို
ချက်ချင်းနှုတ်ဆက်လိုက်သည်။
“ဘာလို့ဆံပင်ချည်ထားတာလဲ” ထန်ယီက သူမကို ကြည့်ပြီး
မေးလိုက်သည်။
ထိုမေးခွန်းသည်
သူမကို မရှင်းမလင်းခံစားစေခဲ့သော်လည်း သူမသည်ပြုံးပြီး ပြန်ဖြေလိုက်သည်။ “အဲ့လိုချည်ထားတာ
သက်သောင့်သက်သာဖြစ်လို့ပါ”
“မချည်ထားတာကမှ ပိုကြည့်ကောင်းဦးမယ်” ထန်ယီသည် သူ့စကားကို
အဆုံးထိပြောလိုက်ပြီး ဖုန်းကိုဆက်ကြည့်နေခဲ့သည်။
ယွင်ကျန့်သည်
တစ်ခဏမျှ စဉ်းစားလိုက်ပြီး မန်နေဂျာကျန်းနှင့် ထန်ယီကို ကောင်းစွာ စကားပြောနိုင်ရန်
အလည်ခုံတွင် ထိုင်လိုက်သည်။
“ဒီမှာထိုင်” ထန်ယီက ထပ်ပြောလိုက်သည်။
ယွင်ကျန့်၏
တင်ပါးများ ခုံတွင် မြဲမြံစွာ မထိုင်လိုက်ခင် သူသည် ချက်ချင်းထလိုက်သည်။ ကားလှည့်ကွေ့လိုက်သောကြောင့်
သူမသည် ကောင်းကောင်းမရပ်နိုင်တော့သဖြင့် သူမလက်ကို လှမ်းကိုင်လိုက်သည်။ နောက်ဆုံးတော့
သူမလက်များကို တစ်စုံတစ်ယောက်က အသေအချာ ဖမ်းကိုင်လိုက်ပြီး သူမကို ဘေးသို့ ဆွဲခေါ်လိုက်သည်။
ယွင်ကျန့်လည်း
သတိမမူမိပဲ ထန်ယီ၏ ဒူးခေါင်းကို သွားထောက်ထားမိပြီး ထန်ယီလန့်သွားသည်ကို ကြည့်လိုက်ကာ
“ကျေးဇူးပဲ” ဟုပြောလိုက်သည်။
ထန်ယီလည်း
သူမကို ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးသည် အလွန်နီးကပ်နေပြီး သူတို့နှစ်ယောက်၏
အသက်ရှူထုတ်သည့်လေများလည်း အချင်းချင်း ရိုက်ခတ်နေကြသည်။
ရုတ်တရက်
ထန်ယီက ပြုံးလိုက်ပြီး ထိုအပြုံးသည် အမြင်ကပ်စရာကောင်းသော်လည်း ဆွဲဆောင်မှုရှိနေသလို
ဖြစ်နေသည်။
ထို့နောက်
ထန်ယီသည် အသံကို ဆွဲဆွဲငင်ငင်နှင့် ပြောလိုက်ပြီး သူမကို ညင်သာစွာ မေးလိုက်သည်။ “မင်း
ဆံပင်ချည်ထားတာ နေရာရွေ့သွားလား”