အပိုင်း ၂
ယွင်ကျန့်သည် လက်သီးဆုပ်လိုက်ပြီးနောက် အလျင်အမြန် ပြန်ဖြေလျှော့လိုက်သည်။
သူမရှေ့တွင် ရှိနေသောသူမှာ သူမလက်တွဲလုပ်ဆောင်ချင်သောသူဖြစ်ပြီး ထိုသူက ပါးစပ်သယမ်းတတ်သည် ရှိသော်လည်း စိတ်လိုက်မာန်ပါ မလုပ်သင့်ပေ။ သည်းခံဖို့လိုသည်။
ထို့ပြင် ထန်ယီသည် တက်သစ်စ စဖြစ်လာတုန်းကပင် သူမသည် သူ့ကို ပြင်းထန်စွာ အကြိမ်ကြိမ် ဆူပူကြိမ်းမောင်းဖူးသည်။ သူမသည် စိတ်တိုလာသောအခါ စကားကောင်းကောင်း ပြောမထွက်တတ်သည့်အကျင့်ရှိသည်။ ထိုအရာကို ထန်ယီသိနေသည်။
ယခုတွင်မူ ထန်ယီသည် သူတစ်ပါးကို လှောင်ပြောင်ကျီစယ်တတ်သော လူတစ်ယောက်ဖြစ်နေကာ ထိုအရာကို သူမ ဂရုမစိုက်တော့ပေ။
သူမခန္ဓာကိုယ်ကို ငြိမ်အောင်ထိန်းပြီးသောအခါ သူမသည် ထန်ယီဘေးတွင် ထိုင်လိုက်ပြီး ရှင်းပြခဲ့သည်။ “ကျွန်မ ဆံပင်ချည်ထားတာ အဆင်ပြေပါတယ်”
“အိုး” ထန်ယီသည် သူမစကားကို တကယ်ယုံသွားသကဲ့သို့ ခေါင်းညိမ့်ပြလိုက်သည်။
“ဘယ်သွားမလို့လဲ”
“မင်းနဲ့လမ်းမှာ တွေ့တာက တိုက်ဆိုင်မှုတစ်ခုလို့ ထင်နေတလား” ထန်ယီသည် ယွင်ကျန့်ကို ပြန်မေးလိုက်ပြီး ရယ်မောနေသည်။
ယွင်ကျန့်သည် ထန်ယီပြန်ပြောလိုက်သည်ကို ကြားပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်ဟု ဝန်ခံရပေမည်။
ထန်ယီ၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်သည့်ပုံစံပေါက်ကာ လူဆိုးပုံပေါက်နေသော်လည်း သူ၏ပုံပန်းသွင်ပြင်က တော်တော်ကောင်းသည်ဟု ပြောရမည်။ မိန်းကလေးအရမ်းဆန်သော ကောင်မလေးများတွင် ကောင်လေးများအပေါ် မတူညီသော အကြိုက်ကိုယ်စီ ရှိကြသည်။
သို့သော် အရွယ်ရောက်လာသောအခါ ထိုကောင်မလေးအများစုသည် ခပ်ဆိုးဆိုးပုံစံနှင့် ခပ်မိုက်မိုက်ယောကျ်ားများကိုသာ ကြိုက်တတ်ကြပြီး ထိုယောကျ်ားများသည် ကာကွယ်နိုင်ပြီး သူတို့ဘဝကိုသာ သူတို့အတွက် မြှုပ်နှံထားကြမည့် အမျိုးအစားများပင်ဖြစ်သည်။
ထန်ယီ ပြုံးလိုက်တိုင်း သူသည် အမြဲတမ်း အရာတစ်ခုခုကို ချုပ်တည်းထားပြီး သူ့နှုတ်ခမ်းကိုစေ့ထားကာ နှုတ်ခမ်းထောင့်မှာ တွန့်တက်နေပြီး အသက်ငယ်ငယ်သူဌေးတစ်ယောက်၏ အကြည့်မျိုးဖြင့် ကြည့်နေသည်။ ထို့နောက် အကြည့်တစ်ချက်ကြောင့် သူသည် စိတ်လှုပ်ရှားဟန်တူသည်။
သူသည် ယုံကြည်ချက်အပြည့်ဖြင့် တည်ငြိမ်နေပြီး သူ့မျက်လုံးများထဲတွင် ယုတ်မာသော အငွေ့အသက်များ အပြည့်ရှိနေသကဲ့သို့ ထိုမျက်လုံးများသည် ကမ္ဘာကြီးကို သိမ်းပိုက်မည့်ပုံစံဖြစ်နေသည်။
ထိုအရာကိုကြိုမြင်မိသောကြောင့် အတိတ်တုန်းက ယွင်ကျန့်သည် အတွေ့အကြုံလည်းမရှိ အဓိကကျသော ဇာတ်ပို့နေရာတွင် သရုပ်မဆောင်ဖူးသော ထန်ယီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တုန်းက အမျိုးသားကဇာတ်ရုံ စာသင်ဆောင် လျှောက်လမ်းတွင် ထန်ယီကို တွေ့ခဲ့ပြီး သူသည် နောက်ကျသည့်အတွက် အပြစ်ပေးခံထားရကာ သူမသည် သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရေစက်ပါသကဲ့သို့ သူမှသူဖြစ်သွားပြီး နောက်ထပ် အခြားလူများကို မရှာချင်တော့ပေ။
ထန်ယီပြန်ဖြေသောအဖြေ၏ အဓိပ္ပါယ်မှာ နားလည်လွယ်သည်။ အသိသာကြီးပင် သူသည် သူမအတွက် သူမရှိရာကို လာခဲ့ခြင်းဖြစ်သည်။
ထန်ယီသည် ကြင်နာတတ်မည့်ပုံနှင့် သူမကို အထူးသဖြင့် လိုက်ပို့မည့်ပုံမပေါ်ဟု သူမထင်သော်လည်း ထိုအရာသည် သူမမျှော်လင့်ချက်ကို တစ်ဖန်နိုးကြားလာအောင် လုပ်နေသဖြင့် ထန်ယီကို မေးလိုက်သည်။ “ကျွန်မရဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးပြီလား”
“ဟမ်? ဇာတ်ညွှန်း?” ထန်ယီသည် ဘာမှမသိသလိုနှင့် အံ့သြသင့်ကာ မေးလိုက်သည်။
“ဟုတ်တယ်လေ
ကျွန်မရဲ့ ဇာတ်လမ်းအသစ်မှာ အဓိကဇာတ်ဆောင်နေရာ သရုပ်ဆောင်ပေးဖို့ မျှော်လင့်မိပါတယ်၊ ဒီဇာတ်လမ်းက...” ယွင်ကျန့်သည် သူမဇာတ်ညွှန်းကို စတင်မိတ်ဆက်လေသည်။
သူမသည် စကားပြောနေစဉ် ထန်ယီမှာ ကားမောင်းနေသောမန်နေဂျာကျန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဘာတွေဖြစ်နေမှန်း ချက်ချင်းသိသွားသောကြောင့် အနည်းငယ်စိတ်ပျက်သွားသော လေသံဖြင့် ပြောလိုက်သည်။ “ဒီဟာကြောင့် လာခဲ့တာပေါ့”
“အင်း ဟုတ်တယ် ရှင်စိတ်ဝင်စားမလားဆိုပြီး”
“မင်းပြောတဲ့ဟာနဲ့ ငါ့အချိန်ဇယားက ပြည့်နေတယ်” ထန်ယီသည် မန်နေဂျာကျန်းငြင်းသကဲ့သို့ ချက်ချင်းပင် ငြင်းလိုက်သည်။ ထိုလူနှစ်ယောက်သည် တိုင်ပင်ထားပုံမပေါ်သော်လည်း အဖြေတစ်ခုတည်းကိုသာ ပြောနေရခြင်းမှာ အမှန်တကယ်ပင် အချိန်ဇယားပြည့်နေပုံရသည်။
“ဒါကလည်း ညှိလို့ရပါတယ်” ထန်ယီသည် ယွင်ကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်ကာ ယွင်ကျန့်လက်ထဲမှ ဇာတ်ညွှန်းကို ယူကြည့်လိုက်သောအခါ သရုပ်ဆောင်ခကို တွေ့သွားပြီး တန့်သွားသည်။ ထို့နောက် နောက်ထပ်စာရွက်များကို လှန်ကြည့်ပြီး စစ်ဆေးနေသည်။
“ယေဘုံယျအကြောင်းအရာကိုလည်း ရှင့်အတွက် ညွှန်ကြားပေးလို့ရပါတယ်” ယွင်ကျန့်က ပြောလိုက်သည်။
ထန်ယီသည် ဇာတ်ညွှန်းကို ချက်ချင်းပိတ်လိုက်ပြီး ခန္ဓာကိုယ်ကို ရွှေ့လိုက်ကာ ယွင်ကျန့်နားကပ်ပြီး သူမနားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။ “ငါ့ကို ယုံလိုက်စမ်းပါ”
ထန်ယီသည် အလွန်အရပ်ရှည်ပြီး ၁၈၈စင်တီမီတာခန့်ရှိကာ ခြေထောက်ရှည်ရှည်များဖြင့် လူသိများသော အမျိုးသားသရုပ်ဆောင်တစ်ဦးဖြစ်သည်။
သူ့ကားမှာ နေရာကျယ်သော်လည်း အရိုးများမရှိသလိုမျိုး ပျင်းရိပျင်းတွဲနှင့် ထိုင်ခုံတွင် ထိုင်ရသည်ကိုနှစ်သက်သည်။ ထိုပုံစံဖြင့် မှီထားကာ သူ့ခန္ဓာကိုယ်သည် ယွင်ကျန့်၏ ခန္ဓာကိုယ်အပေါ် မှီ၍ထိုင်ထားသလို ဖြစ်နေပြီး ခြေထောက်ကို ဆန့်ထုတ်ကာ ချုပ်တည်းထားပုံပေါ်သည်။
ထန်ယီစကားပြောနေသောအခါ သူသည် သူမနားနှင့် နီးကပ်စွာပြောနေပြီး သူ့ပါးစပ်မှ ထွက်လာသော လေများသည် သူမနားထင်နားရှိ လျော့ရဲကျနေသော ဆံနွယ်နှင့် သူမပါးများကို တိုးဝှေ့နေသည်။ ထိုနွေးထွေးသောလေကြောင့်ပဲလား သို့မဟုတ် သူမ၏ လျော့ရဲကျနေသော ဆံနွယ်ကြောင့်များပဲလားဆိုသည်ကို မသိတော့အောင် သူမမျက်နှာနှင့် နားများ ယားလာသည်။
သူ့အသံသည် အလွန်နားထောင်ကောင်းသည်။ ရေဒီယိုချန်နယ်၌ ညသန်းခေါင်ယံတွင် စိတ်လှုပ်ရှားစရာကောင်းသော ပုံပြင်များကို ပြောသူအသံကဲ့သို့ပင်။ သူ့အသံသည် ဆွဲဆောင်မှုရှိလှပြီး ယွင်ကျန့်ကို မရိုးမယွဖြစ်အောင်လုပ်နေသည်။
“ဒီဇာတ်ညွှန်းက အချိန်ယူရဦးမယ်...” ယွင်ကျန့်သည် ဇာတ်ညွှန်းကို စတင်မိတ်ဆက်နေသည်။
“ရှူး သူမကြားစေနဲ့” ထန်ယီသည် ယွင်ကျန့်ကို နောက်တစ်ခါ တိုးတိုးလေး ကပ်ပြောလိုက်ပြီး သူ့မျက်လုံးများ ကစားပြီး ကြည့်နေကာ ထိုအသံကို မန်နေဂျာကျန်းကြားမသွားစေချင်ပေ။
ယွင်ကျန့် နားလည်သွားသည်။
သူမကို ငြင်းလိုက်သူမှာ မန်နေဂျာကျန့် ဖြစ်နိုင်ပေသည်။ ထန်ယီကိုယ်တိုင်လည်း သူမက သူ့ဆီလာပြီး ထိုဇာတ်လမ်းတွင် အဓိကအမျိုးသားဇာတ်ဆောင်နေရာကို သရုပ်ဆောင်စေချင်သည်ကိုလည်း မတွေးတတ်အောင် ဖြစ်နေသည်။
စတူဒီယိုတွင်...ထန်ယီက သူဌေးမဟုတ်ပေဘူးလား သို့မဟုတ် ထန်ယီက သူ့အေးဂျင့်စီစဉ်သမျှ လိုက်လုပ်ဖို့ လုပ်နေတာလား။
ယွင်ကျန့်အံ့သြနေတုန်းပင် ထန်ယီသည် သူ့လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး လက်ပတ်နာရီကို ကြည့်လိုက်သည်။ “မင်းမှာ အချိန်ငါးမိနစ်ပဲရမယ် အဲ့ဒါပြီးရင် ငါအလုပ်ပြန်သွားရမယ်”
ထို့နောက် ယွင်ကျန့်သည် ထန်ယီနား ချက်ချင်းကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်မတို့တတွေ ဒီဇာတ်ညွှန်းကို ပြင်ဆင်လာတာ ကြာလှပြီ ပြီးတော့ ကျွန်မက အဲ့ဇာတ်လမ်းရဲ့ ဒါရိုက်တာ...”
ထန်ယီသည် သူမအပြုအမူလေးကို ကျေနပ်နေသောကြောင့် သူသည် စိတ်ရှည်လက်ရှည်ဖြင့် ယွင်ကျန့်ရှင်းပြသည်ကို နားထောင်ရင်း တစ်ခါတစ်ရံ ခေါင်းညိမ့်ပြနေသည်။ ထို့နောက် သူ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူမဆံနွယ်လေးကို ကိုင်ကာ ကစားသလို လုပ်နေသည်။
မန်နေဂျာကျန်းသည် နောက်ကြည့်မှန်ကို ပြန်ချိန်ညှိလိုက်ပြီး မီးပွိုင့်မိတုန်း ခဏစောင့်နေကာ ကားနောက်ခန်းတွင် နှစ်ယောက်သား နီးကပ်စွာ ထိုင်နေပြီး တိုးတိုးပြောနေသည်ကို လှမ်းကြည့်လိုက်သည်။ ထန်ယီသည် ယွင်ကျန့်ဆံနွယ်လေးကို ကစားနေတုန်းပဲဖြစ်သည်။ ထိုမြင်ကွင်းသည် ဘဝင်ခိုက်စရာပင်ဖြစ်သည်။
သူလည်းမနေနိုင်တော့ပဲ “ကျစ်”ဟုပြောလိုက်ကာ လက်ကိုမြှောက်လိုက်ပြီး သီချင်းကို ဖွင့်လိုက်သည်။
မန်နေဂျာကျန်း သီချင်းဖွင့်လိုက်သောအခါ ယွင်ကျန့်လည်း စိတ်အေးသွားသည့်ပုံဖြင့် သက်ပြင်းချလိုက်ပြီး နောက်ဆုံးတော့ အသံကိုအနည်းငယ်ကျယ်ပြီး ပြောနိုင်ခဲ့သည်။ ထို့ကြောင့် သူမသည် ထန်ယီနဲ့ အနည်းငယ်ဝေးရာသို့ ရွှေ့လိုက်သည်။
ထန်ယီလည်း သူ့ခန္ဓာကိုယ်ကို ပြန်တပ်မတ်လိုက်ပြီး ရုတ်တရက် စိတ်ပျက်သွားသလို ခံစားရကာ တစ်ခုခုပြောဖို့ ပါးစပ်ကို ဟလိုက်သော်လည်း အဆုံးတွင်ပြောမထွက်ပေ။
“တစ်ခုခုမေးစရာရှိတာလား ကျွန်မကို တိုက်ရိုက်မေးလို့ရပါတယ်” ယွင်ကျန့်က ပြောလိုက်သည်။
“မဟုတ်ဘူး ငါအလုပ်ကို ပြန်သွားချင်ပြီ” ထန်ယီက ပြန်ပြောလိုက်သည်။
“ဒါဆိုရင်...ကျွန်မ ဒီမှာပဲ ဆင်းလိုက်မယ်၊ ရှင်ဘယ်ချိန်အားလဲ ကျွန်မတို့ အချိန်းအချက်လုပ်ကြမယ်လေ ကျွန်မဖက်က နောက်ထပ်ဆက်သွယ်လိုက်ပါ့မယ်”
ထန်ယီသည် သူ့ဖုန်းကို ထုတ်လိုက်ပြီး WeChatကိုဖွင့်လိုက်ကာ QR ကုတ်ကို ပြလိုက်သည်။ “ငါ့ကို အပ်ထားလိုက်” “အိုး ကောင်းသားပဲ” ယွင်ကျန့်လည်း သူမဖုန်းကို ချက်ချင်းထုတ်လိုက်ပြီး ထန်ယီ၏ QR ကုတ်ကို စကန်ဖတ်ပြီး ထန်ယီကို အပ်လိုက်သည်။
“အစ်ကိုကျန်း ရပ်လိုက်” ထန်ယီ အော်လိုက်သည်။
မန်နေဂျာကျန်းလည်း ကားကိုချက်ချင်းရပ်လိုက်သည်။ ယွင်ကျန့်သည် ကားပေါ်မှဆင်းသွားကာ လမ်းဘေးတွင် ရပ်လိုက်သည်။ ကားတံခါးပိတ်လိုက်သောအခါ ထူးဆန်းသော အဖြစ်အပျက်ကို ရုတ်တရက် သတိထားမိသွားသည်။
ဘာ့ကြောင့် ထိုအေးဂျင့်က သူမကို ကားမောင်းပို့ခဲ့သနည်း။
ထန်ယီသည် သူ့လက်ထောက်ကိုတောင် မခေါ်လာပေ။
သို့သော် သူမသည် သိပ်မတွေးတော့ပဲ ထိုနေရာတွင် ရပ်ကာ အိမ်ပြန်၍ရမည့် ဘတ်စ်ကားရှိမရှိကို ရှာနေသည်။
ခဏကြာသောအခါ နောက်ကားတစ်စီးသည် ယွင်ကျန့်ရှေ့တွင် လာရပ်သည်။ ကားမောင်းသည့်ထိုင်ခုံမှ တစ်စုံတစ်ယောက်သည် ထွက်လာခဲ့ပြီး သူမရှေ့သို့ လျှောက်လာခဲ့သည်။ သူ၏ ဝန်ထမ်းကတ်ကို ထုတ်ပြလိုက်သည်။
“အသင်အပြတော်တဲ့ ဆရာမယွင် ကျွန်တော်က ထန်ယီရဲ့ လက်ထောက်ပါ၊ သူအလုပ်ရှုပ်နေလို့ ကျွန်တော် အိမ်လိုက်ပို့ပေးပါရစေ”
ယွင်ကျန့်သည် အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသော ထိုလူကောင်ကြီးကြီး ကောင်လေးကို တအံ့တသြကြည့်လိုက်သည်။ သူသည် ကြည့်ကောင်းပြီး အလွန်ကြင်နာမည့်ပုံပေါက်သည်။ သူ့ကို ပထမဆုံးတွေ့လိုက်ရသောအမြင်မှာ မဆိုးလှပေ။
သူမသည် ထိုကောင်လေး၏ ဝန်ထမ်းကတ်ကို ကြည့်လိုက်ရာ အမှန်တကယ်ပင် ထန်ယီ၏ လက်ထောက်ဖြစ်နေသည်။ နာမည်မှာ ကျန့်ကျင်းယုဖြစ်သည်။
“အိုး ဟယ်လို” ယွင်ကျန့်က ကျန့်ကျင်းယုကို ဖြေးဖြေးချင်း နှုတ်ဆက်ပြီး ပြုံးပြလိုက်သည်။
ကျန့်ကျင်းယုက ကြားဖူးသည်မှာ ယွင်ကျန့်သည် လှပသော ဒါရိုက်တာတစ်ယောက် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရတုန်းက ပုံကြီးချဲ့စကားဟု ထင်နေခဲ့သည်။ အမျိုးသမီးတော်တော်များများ၏ ပုံပန်းသွင်ပြင်နှင့် ရွက်ကြမ်းရေကြိုကြီးများလည်း တွေ့ဖူးသောကြောင့် ကြည့်ကောင်းသည်ဟူသော အမျိုးသမီးမှာ ရှီးရှစ်တစ်ယောက်တည်းကိုပင် ခေါ်ရပေမည်။ ရှီးရှစ်သည်လည်း ပိုက်ဆံချမ်းသာသည်။ ထို့နောက် မကြာခင် သူသည် ယွင်ကျန့်ဓာတ်ပုံများကို ကြည့်လိုက်သောအခါ ပြုပြင်ထားသည့် အရိပ်အယောင်များ တွေ့နေရသည်။
မထင်မှတ်ထားပဲ တကယ့်လူအစစ်ကို တွေ့လိုက်ရသောကြောင့် သူသည် တစ်ခဏမျှ ရှော့ရသွားသည်။ သူမသည် တကယ့်ကို လှပပေသည်။ လူအုပ်ကြားထဲ ရပ်နေရင်တောင် ထင်းပြီး လှပနေသည်။
သူသည် ထိုသို့ခံစားသွားရသည်ကို ထန်ယီသိလျှင် ဒေါသထွက်မည်စိုးသောကြောင့် သူ့မျက်နှာကို ချက်ချင်းလွှဲလိုက်သည်။
သူတို့နှစ်ယောက်သည် ကားထဲသို့ အမြန်ဝင်လိုက်ပြီး ယွင်ကျန့်သည် နောက်ခုံတွင် ထိုင်လိုက်သည်။ ထိုသို့ထိုင်ရခြင်းမှာ မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။
ကျန့်ကျင်းယုသည် ဂရုစိုက်ပုံမပေါ်ပဲ လမ်းညွှန်ကို ဖွင့်ကာ ယွင်ကျန့်အိမ်တည်နေရာကို ကြည့်ပြီး အိမ်ထိရောက်အောင် လိုက်ပို့ခဲ့သည်။
အိမ်ပြန်ပို့ပြီးနောက် ကိစ္စများပြီးသွားခဲ့သည်။
ထန်ယီသည် လုပ်စရာတစ်ခုခုရှိနေသည်။ ထိုအရာကြောင့် သူသည် သူမကို ငါးမိနစ်မျှသာ စကားပြောခဲ့ပြီးသောအခါ အလျင်အမြန်ထွက်သွားခဲ့သည်။ မန်နေဂျာကျန်းအား သူစီးသည့်ကားကို မောင်းစေပြီး သူ့လက်ထောက်ကို နောက်ကားတစ်စီးမောင်းစေကာ သူမနောက် လိုက်စေခဲ့သည်။
ယွင်ကျန့်သည် ထန်ယီကားမှ ထွက်လာပြီးနောက် ထန်ယီ၏လက်ထောက်သည် ကားမောင်းပြီး ယွင်ကျန့်ကို အိမ်လိုက်ပို့ခဲ့သည်။
သူမသည် ထန်ယီကို ထိုသို့ဂရုစိုက်တတ်မှန်း မသိခဲ့ပေ။ ထန်ယီထိုသို့ လုပ်လိုက်ခြင်းဖြင့် ထန်ယီမှာ လက်တွဲလုပ်ဆောင်သွားဖို့ လွယ်ကူမည်ဟု သူမကိုထင်သွားစေသည်။ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ ထန်ယီသည် အောင်မြင်ကျော်ကြားလာသော်လည်း သူမသည် သူ့ကို အခွင့်ကောင်းမယူခဲ့ပဲ သူတို့နှစ်ယောက်၏ အတိတ်ကိုလည်း မေ့မရပေ။
သူမသည် ထိုအတိတ်ကြောင့် အရှက်ရနေမည် မဟုတ်သော်လည်း စောနက ထန်ယီ၏ အပြုအမူကြောင့် နည်းနည်းရှက်သွားသည်။
သူမအိမ်ပြန်ရောက်ဖို့ လိုသေးသောကြောင့် ယွင်ကျန့်သည် သူမဖုန်းကို ထုတ်ကာ ထန်ယီ၏ အချက်အလက်များကို ဖတ်ရှုနေသည်။
ထန်ယီ၏ ပရိုဖိုင်းပုံမှာ သူကိုယ်တိုင်ပုံဖြစ်ပြီး ရွှေအနားသတ်မျက်မှန်ကို ဝတ်ဆင်ထားကာ ရှေ့ကို နည်းနည်းစွေကြည့်နေပြီး မျက်မှန်ကို သူ့နှာတံပေါ်တွင်တင်ထားသည့်ပုံမှာ လူကြီးလူကောင်းပုံဖမ်းထားသော လူဆိုးကောင်ပုံပေါက်နေသည်။
သူ့မျက်လုံးများသည် ရမ္မက်ကြီးသည့်ပုံပေါ်နေပြီး ထိုအရာကြောင့် သူမမှာ တစ်ခဏမျှ ရူးသွပ်သွားသလို ဖြစ်မိသည်။ WeChatအကောင့်နာမည်မှာလည်း ရိုးရှင်းလှသည်။ ထန်ယီဟူ၍ပင်ဖြစ်သည်။ နောက်ဆက်တွဲ အချက်အလက်များမှာ ဗလာဖြစ်နေသည်။
သူမသည် ထန်ယီ၏ သူငယ်ချင်းစာရင်း နှိပ်ကြည့်လိုက်ရာ ထန်ယီသည် တစ်ချို့အရာများကို ကြည့်၍မရအောင် လုပ်ထားကြောင်း သိလိုက်ရသည်။
နောက်ဆုံးတင်ခဲ့သော ပိုစ့်မှာ လွန်ခဲ့သော လပိုင်းလောက်ကဖြစ်သည်။ ထိုပို့စ်မှာ ပါပါရာဇီများအတွက် အထူးသတင်းဖြစ်ခဲ့သည်။ ရေးထားသောစာမှာ အဲ့ဒီအခိုက်အတန့်လေးမှာ ငါတို့တွေ တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့တယ် ဟူ၍ဖြစ်သည်။
ယွင်ကျန့်လည်း မထိန်းထားနိုင်တော့ပဲ အကျယ်ကြီးရယ်ချလိုက်သည်။ ထို့နောက် ကျန့်ကျင်းယုများ သတိထားမိသွားမလားဆိုပြီး လှမ်းကြည့်လိုက်သည်။ ကျန့်ကျင်းယုလည်း ဂရုမစိုက်ပဲ ဆက်မောင်းနေခဲ့သည်။
သူမအိမ်နားရောက်သောအခါ ကျန့်ကျင်းယုက မေးလိုက်သည်။ “ဆရာမယွင် ဟိုဟာကို ရှောင်သွားရမလား”
ထိုစကားပြောလိုက်ရခြင်းမှာ ပါပါရာဇီတစ်ယောက်သည် သူမအိမ်နားတွင် ဆောင့်ကြောင့်ထိုင်နေသောကြောင့် ဖြစ်သည်။ သူတို့ကို ရှောင်လိုက်တာက အကောင်းဆုံးပင် ဖြစ်သည်။
သူမလည်း အနည်းငယ် ရှက်သလိုဖြစ်သွားသည်။ သရုပ်ဆောင်အကျော်အမော တစ်ယောက်ဆုံးပါးသွားလျှင်တောင် သူ့ပရိသတ်တစ်ချို့က သတိရလွမ်းဆွတ်နေဦးမည်။
သို့သော် ကြီးကြီးမားမားလုပ်ခဲ့တာမျိုးမရှိသော ဒါရိုက်တာအတွက်မူကား မည်သို့ဖြစ်သွားမည်နည်း။
ဘယ်သူက သူမအတွက် လိုက်စောင့်ရှောက်ပေးမလဲ?
မည်သို့ပင်ဖြစ်စေ ထန်ယီကို ဒုက္ခမရောက်စေလိုသောကြောင့် ယွင်ကျန့်က ပြောလိုက်သည်။ “လမ်းဆုံမှာ ရပ်ပေး အဲ့ကနေ လမ်းလျှောက်သွားလိုက်မယ် ကျေးဇူးအများကြီးတင်ပါတယ်ရှင်”
“ဟုတ်ကဲ့ပါ” ကျန့်ကျင်းယုက အကျင့်စရိုက်ကောင်းမည့်ပုံပေါ်သည်။ ချက်ချင်းပင် သူမပြောသည်ကို သဘောတူလိုက်သည်။
ယွင်ကျန့်သည် ကားထဲမှ ထွက်လာပြီး အိမ်ကို စိတ်ကျေနပ်စွာ ပြန်သွားလေသည်။ သူမ၏အလုပ်အသစ်မှာ မျှော်လင့်ချက်များ ရှိနေကြောင်း ခံစားလိုက်ရသည်။
သူမသည် ဒေါက်ဖိနပ်စီးထားသောကြောင့် ခပ်မြန်မြန်မသွားနိုင်ပဲ ဒေါက်ဖိနပ်မှာ “ဒေါက် ဒေါက် ဒေါက်” ဟူ၍ အသံထွက်နေသည်။ ကျန့်ကျင်းယုသည် သူ့ဖုန်းကိုအမြန်ထုတ်ကာ ထန်ယီကို မက်ဆေ့ဂျ်ပို့ပြီး အစီရင်ခံလိုက်သည်-တိမ်ဆရာမကြီးကို အိမ်ပြန်ပို့ပြီးပါပြီ။
ထန်ယီ-အိုး။
......
ဤနေရာတွင် ဝတ္ထုရေးသူမှ ပြောပြစရာတစ်ခုရှိသည်။ ထိုအရာမှာ-
ထန်ယီသည် ယွင်ကျန့်ခန္ဓာကိုယ်နား အလွန်ကပ်လာပြီးနောက် ယုတ်မာသော အပြုံးဖြင့် မေးလိုက်သည်-စိတ်လှုပ်ရှားသွားလား?
ယွင်ကျန့်က ခန္ဓာကိုယ်ကြပ်ကြပ်ကြီး ထိုင်နေရသဖြင့် နာကျင်လာပြီး ပြန်ဖြေလိုက်သည်မှာ-ရှင်ရှေ့ဆက်တိုးမလာနဲ့နော်။