အပိုင်း ၃
Viewers 669

အပိုင်း

 

 

 

"နှုတ်ထွက်မယ်တဲ့လား။"

 

 

ရှဲ့ကျင်၏ မှင်ကဲ့သို့နက်မှောင်သော မျက်ဝန်းများက စူးထောင်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်လိုက်ပြီးနောက် အကြည့်လွဲလိုက်ကာ ကော်လံကိုထောင်လိုက်ရင်း သတိပေးသည့်လေသံဖြင့် "ဒီလိုဟာသမျိုးကို ကိုယ်မကြိုက်ဘူး"

 

 

စူးထောင်၏ ဗလာကျင်းနေသော လက်ကောက်ဝတ်ပေါ်သို့ အကြည့်ရောက်သွားပြီး လက်ဝတ်ရတနာစင်အလယ်မှ စိန်လက်ကောက်ကို ကောက်ကိုင်လိုက်ကာ သူမရဲ့လက်ကောက်ဝတ်ပေါ်  ကိုယ်တိုင်ပတ်ပေးလိုက်သည်။

 

 

လက်ကောက်မှာ ပလက်တီနမ်ဖြင့် ပြုလုပ်ထားပြီး စိန်ကြီးရှစ်လုံးပါရှိကာ စိန်တစ်လုံးစီ၏ အလယ်တွင် နှင်းပွင့်သဏ္ဍာန် စိန်ပွင့်တစ်ပွင့်စီရှိနေသဖြင့် လက်ရာမြောက်ပြီး အဖိုးတန်နေ၏။

 

 

ထိုလက်ကောက်ကို လွန်ခဲ့သော၄နှစ်ခန့်က သူတို့ပထမဆုံးတွေ့ကြသည့်နေ့တွင် သူက သူမကိုပေးထားပြီး သူမကလည်း အမြဲတမ်းဝတ်ထားကာ တစ်ရက်မျှပင် မချွတ်ထားခဲ့ပေ။

 

 

လက်ကောက်ကို ဝတ်ပေးပြီးနောက် ရှဲ့ကျင်သည် သူမကိုလျစ်လျူရှုလိုက်ပြီး နောက်ဆုံးလက်ကျန်အင်္ကျီကြယ်သီးကို ချိန်ညှိလိုက်ကာ ခြေလှမ်းကျယ်ကြီးများဖြင့်အဝတ်လဲခန်းမှ ထွက်လာသည်။

 

 

လျစ်လျူရှုခံရသော စူးထောင်သည် မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းခပ်တိုးတိုးချလိုက်ရင်း သူ့နောက်အမီ ကပ်လိုက်ခဲ့သည်။

 

 

တစ်မနက်လုံး ရှဲ့ကျင်တစ်ယောက် အလုပ်ရှုပ်နေသဖြင့် စူးထောင်လည်း နှုတ်ထွက်မည့်ကိစ္စ ထပ်ပြောဖို့ အခွင့်အရေး မရလိုက်ချေ။

 

 

ရှဲ့ကျင် ကိုယ်တိုင်ရွေးပြီးအော်ဒါမှာထားတဲ့ နေ့လယ်စာဟင်းနှစ်ထုပ်ရောက်လာ၏။

 

 

သူသည် နေ့လယ်စာကို သူမနှင့်အတူ နေ့တိုင်းစားလေ့ရှိပြီး သူမဘာစားချင်သည်ကိုလည်း တစ်ခါမျှပင်မမေးသလို သူမကိုယ်တိုင်အော်ဒါမှာဖို့ကိုလည်း ခွင့်မပြုချေ။

 

 

အနက်ရောင်တံခါးက ပွင့်သွားကာ အရပ်ခပ်မြင့်မြင့် ခန့်ညားသောရှဲ့ကျင်က အင်္ကျီကြယ်သီးကို ပေါ့ပေါ့ပါးပါးဖြုတ်ထားရင်း နက်ကတိုင်လျော့တိလျော့ရဲနှင့် ထွက်လာသည်။

 

 

သူဟာ နက်ကတိုင် တင်းကြပ်ကြပ်ချည်ရသည်ကိုမုန်းတီးသော်လည်း ကုမ္ပဏီတွင်တော့ သူခပ်တင်းတင်းချည်ရမည်ပင်။

 

 

"နေ့လယ်မှာ ကိုယ် client တစ်ယောက်နဲ့ချိန်းထားတာရှိတယ်။ ကောင်းကောင်းနေပြီး နေ့လယ်စာစားထားလိုက်။ အစားလည်း မရွေးနဲ့ဦး။" ဟုပြောပြီး စူးထောင်အား နက်ကတိုင်နှင့်အင်္ကျီကြယ်သီးများကို အစီစဉ်တကျဖြစ်အောင်လုပ်ရန်  ခွင့်ပြုလိုက်သည်။

 

 

 သူမှလွဲ၍ သူမအားတခြားသူများနှင့် ထမင်းအတူတူစားသည်ကို မကြိုက်သောကြောင့် client တွေနှင့်ချိန်းထားသည့်အခါတိုင်း သူမကို သူဘယ်တော့မှ ခေါ်မသွားပေ။

 

 

ဒါကြောင့် သူမသည် သူ့အတွင်းရေးမှုးဖြစ်ရန် အမှန်တကယ်ပင် မသင့်တော်ချေ။

 

 

စူးထောင်ဟာ ခေါင်းညိတ်ပြလိုက်ပြီး သူက သူမအားနောက်ဆက်တွဲ စကားထပ်ပြောရန်ပင် အချိန်မပေးတော့ဘဲ ကုမ္ပဏီမှ ထွက်သွားတော့သည်။

 

 

နေ့လယ်စာစားချိန် တစ်ဝက်ကျိုးသွားမှ စူးထောင်သည် စာရွက်စာတမ်းပုံကြီးကို ကြည့်ပြီးသွား၏။ ညောင်းညာနေသောလည်ပင်းကို ဟိုလှည့်ဒီလှည့်လုပ်ကာကာ ဟင်းပွဲများထဲမှ တစ်ခုကိုယူပြီး အနားယူခန်းသို့ သွားလိုက်သည်။

 

 

ဥက္ကဌရုံးခန်းရှိလူတိုင်းသည် ဥက္ကဌက client တစ်ဦးနှင့် ထမင်းအတူတူစားရန် ထွက်သွားသည်ကိုသိကြသောကြောင့် သူတို့သည် အပြင်ထွက်စားရန် စီစဉ်ကြသဖြင့် အပေါ်ထပ်ရှိ အနားယူခန်းတွင် လူတစ်ဦးတစ်ယောက်မျှမရှိချေ။

 

 

 အပူထိန်းသုံးထပ်ဘူးကြီးမှာ တစ်ထပ်က အသား၊တစ်ထပ်က အမျိုးအစား၃မျိုးပါတဲ့ အသီးအရွက်ကြော်၊နောက်တစ်ထပ်က စွပ်ပြုတ်ပင်ဖြစ်သည်။

 

 

သူမဟာ ထိုများပြားသည့် ပမာဏကိုစားနိုင်သော်လည်း ဟင်းပွဲတိုင်းတွင် ပင်လယ်စာများပါနေခြင်းက စူးထောင်ကို မျှော်လင့်ချက်မဲ့သွားစေ၏။

 

 

အသေးစိတ်ကြည့်လိုက်မယ်ဆိုရင် အသီးအရွက်ကြော်ထဲတွင်တောင် ပုစွန်ပါဝင်နေပြီး စွပ်ပြုတ်မှာလည်း ပင်လယ်စာ စွပ်ပြုတ်ပင်ဖြစ်နေသည်။

 

 

"ထောင်ထောင် နင်အခုမှ ထမင်းစားရတာလား။"

ထျန်ရင်ရင်သည် ရုတ်တရက် အနားယူခန်းထဲဝင်လာတဲ့အချိန်မှာ စူးထောင် နေ့လယ်စားစာနေတာကိုမြင်သွားပြီးနောက် အံ့ဩတကြီးမေးလိုက်၏။

 

 

သူမလက်ထဲတွင်ကော်ဖီခွက်ကိုင်ထားပြီး ကော်ဖီလာယူတာ ဖြစ်နိုင်သည်ပင်။

 

 

သူမက စူးထောင်ထောင်ရှေ့ရှိ စားပွဲဝိုင်းငယ်ပေါ်တွင်ဖြန့်ခင်းထားသော ဈေးကြီးသည့်ဟင်းပွဲများကိုကြည့်ကာ အံ့အားသင့်သွားပြီး ရှေ့နောက်မစဉ်းစာပဲပြောချလိုက်သည်။

 

 

"နင်လည်း ပင်လယ်စာစားရတာ ကြိုက်တယ်လား။တိုက်ဆိုင်လိုက်တာ။ အတွင်းရေးမှူးချင်လည်း ပင်လယ်စာစားရတာ တအားကြိုက်တယ်။ နင်တို့နှစ်ယောက်က တကယ့်ကိုတူကြတာပဲ။

 

 

ထျန်ရင်ရင်က စကားများကို မရည်ရွယ်ဘဲပြောဖြစ်သွားသော်ငြား  စူးထောင်ရဲ့အမူအရာ ရုတ်ချည်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသောအခါ သူမ သတိကပ်သွားခဲ့သည်။

 

 

သူမရဲ့မိတ်ကပ်အပြည့်မျက်လုံးကို မှေးစင်းကာ စူးထောင်ကို စိုက်ကြည့်လိုက်ရင်း စိတ်ထဲတွင် အတွေးတစ်ချက်ပေါက်သွား၏။

 

 

စူးထောင်ဟာ အမြဲတမ်းလိုလို အပြစ်ကင်းစင်ပြီး အပြုအမူကောင်းမွန်ပုံရသော်လည်း သူမစကားကြောင့် အမူအရာပြောင်းသွားသည်။

 

 

ထိုသည်မှာ သူမဟာအတွင်းရေးမှူးချင်အကြောင်းကို ဂရုစိုက်နေကြောင်းပြနေသည်ပင်။

 

 

အခြားသူများပြောသော အတွင်းရေးမှူးချင်နဲ့ ဆင်သည်ဆိုသည့် အကြောင်းကို သူမ ဂရုစိုက်ပုံပဲ။

 

 

ဒီတုံးအအအရူးမလေးက ရှဲ့ကျင်ကို ချစ်မိသွားတာတော့ မဟုတ်လောက်ပါဘူးနော်။

 

 

သူမက အပြင်ဘက်ကမ္ဘာမှာ idol drama ထဲကလို ဥက္ကဌတစ်ယောက်က ခပ်တုံးတုံးကောင်မလေးကို ကြိုက်သွားတယ်ဆိုတဲ့ ဇာတ်ကြောင်းမျိုး တကယ်ရှိတယ်လို့ ထင်နေတာများလား။

 

 

အစကတော့ စူးထောင်က ပုန်းကွယ်နေတဲ့ဘုရင်မတစ်ပါးလို့ထင်ထားခဲ့တာ အခုကြည့်ရသလောက်တော့ သူမက ဒီအတိုင်းခပ်တုံးတုံး၊ ဖြူစင်စင်ကောင်မလေးပဲ။

 

 

ထန်ရင်ရင်သည် ခပ်တိုးတိုးလေးရယ်လိုက်ကာ စူးထောင်၏ စူးစမ်းလိုသော အကြည့်အောက်တွင်ပင် သူမအားမခိုးမခန့် စိုက်ကြည့်လိုက်ပြီး ကော်ဖီပင်မထည့်တော့ဘဲ အနားယူခန်းမှ လိမ်ဖယ်လိမ်ဖယ်နှင့် ထွက်သွားတော့သည်။

 

 

စူးထောင်ဟာ တူနှင့်ညှပ်ယူထားဆဲ ဂဏန်းအသားကိုပြန်ချလိုက်ပြီး စားချင်စိတ်ပျောက်သွားကာ တူကိုလည်းချထားလိုက်၏။

 

 

နေ့လယ်စာဘူးထဲမှ ပင်လယ်စာများကို စူးစိုက်ကြည့်နေပြီး ရှဲ့ကျင်၏ သူမအပေါ် ပင်လယ်စာစားရန်အတင်းအကြပ် ဖိအားပေးသည့်ပုံရိပ်များ သူမစိတ်ထဲတွင် ထပ်ကာထပ်ကာပေါ်လာသည်။ သူမသည် မျက်လုံးများမှိတ်လိုက်ကာ နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်လိုက်၏။

 

 

နောက်ထပ်တံခါး ဖွင့်လိုက်သံကိုကြားတော့ စူးထောင်ဟာ မျက်လုံးကို ရုတ်တရက်ဖွင့်ကြည့်လိုက်မိသည်။

 

 

"ဘာလို့ စားနေတာမပြီးသေးတာလဲ။"

 

 

ရှဲ့ကျင်၏ ကြည်လင်သောမျက်လုံးများက သူမရှေ့တွင်ပေါ်လာပြီး စူးထောင်က သူမရဲ့အတွေးများကြောင့် စိတ်ထဲတွင် အမြင်မှားနေသည်ဟုထင်ကာ သူ့အားစိတ်ပျက်လက်ပျက်နှင့်စိုက်ကြည့်နေ၏။

 

 

ရှဲ့ကျင်သည် နေ့လယ်စာဘူးထဲမှ ကျန်ရှိနေသောပင်လယ်စာကို ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လုံးမှေးလိုက်ရင်း မေးခွန်းမေးနေသကဲ့သို့ နက်မှောင်သောအကြည့်ဖြင့် သူမကိုကြည့်လိုက်သည်။

 

 

"ဘာလို့ရှင်အစောကြီး ပြန်ရောက်လာတာလဲ။" အန္တာရယ်ရှိသော အကြည့်ခပ်စူးစူးကြောင့် သူတကယ်ပြန်ရောက်လာမှန်း စူးထောင်သဘောပေါက်သွား၏။

 

 

တစ်နာရီသာကြာသေး၏၊ သူ့ client တွေနှင့် တွေ့ဆုံဆွေးနွေးသည်မှာ တစ်ဖြည်းဖြည်းနဲ့မြန်လာမြန်လာသည်ပင်။

 

 

"ကိုယ်သာမြန်မြန်ပြန်မလာရင် မင်းအစားရွေးနေတာကို ဘယ်လိုလုပ်ပြီး သိတော့မှာလဲ။" ရှဲ့ကျင်က သူမရဲ့တူကိုကောက်ကိုင်လိုက်ကာ ဂဏန်းအသားတစ်ပြားကို ညှပ်ယူပြီး သူမနှုတ်ခမ်းဆီသို့ ဦးတည်လိုက်သည်။

 

 

စူးထောင်က ခေါင်းကိုလှည့်လိုက်ပြီး ထိုအရာကိုမစားချင်ပေ။

 

 

"ရှောင်ထောင်လေး" ရှဲ့ကျင်က ခြိမ်းခြောက်သလို သူမကိုချော့မော့ပြောလိုက်၏။"ပြောစကားနားထောင်၊ ပါးစပ်ကိုဟ။"

 

 

စူးထောင်က ခေါင်းလှည့်လာပြီး ဘယ်သူမှ တိုက်ရိုက်မကြည့်ဝံ့သည့် သူ့အကြည့်နှင့်ဆုံလိုက်ကာ ခပ်တိုးတိုးမေးလိုက်သည်။"ဘာလို့ ကျွန်မကို ပင်လယ်စာ အတင်းစားခိုင်းနေတာလဲ။ ကျွန်မ အဲဒါမကြိုက်ဘူးဆိုတာကို ရှင်သိရဲ့သားနဲ့"

 

 

ရှဲ့ကျင်သည် မျက်လုံးကိုမှေးစင်းလိုက်ပြီး "ရှောင်ထောင်လေး မင်းအခုတလော တဖြည်းဖြည်းနဲ့ စကားနားမထောင်တော့ဘူးပဲ။ ကိုယ့်ကို အမြဲတမ်းလိုလို မေးခွန်းထုတ်နေတော့မှာလား။"

 

 

ရှဲ့ကျင် သည်းမခံနိုင်ဆုံးအရာမှာ တုံးအ၊ မိုက်မဲခြင်းဖြစ်ပြီး နောက်တစ်ခုမှ သံသယစိတ်ဖြစ်သည်။

 

 

စူးထောင်သည် ဉာဏ်အရမ်းကောင်းသည့်အတွက် ရှဲ့ကျင်၏ ပထမဆုံးအောက်ထစ်စည်းကို မည့်သည့်အခါမျှထိသွားလိမ့်မည်မဟုတ်ချေ။

 

 

သူမဟာ ကြိုးကြိုးစားစား သူ့စကားကိုနာခံသည့်အတွက်ကြောင့် ဒုတိယအောက်ထစ်စည်းကိုလည်းမထိဖူးပေ။

 

 

သို့သော် သူကတော့ သူမ၏သည်းခံနိုင်မှုအတိုင်းအတာကိုထိလိုက်ပြီ။

 

 

"ရှဲ့ကျင် ကျွန်ပြောထားတဲ့နှုတ်ထွက်မယ်ဆိုတဲ့....."

 

 

"မနေ့ညက ကိုယ်မင်းကို ပြန်လာပြီးအဖော်မလုပ်ပေးလို့ စိတ်ဆိုးသွားတာလား။" ရှဲ့ကျင်က သူမစကားကို ကြားဖြတ်ပြောလိုက်၏။

 

 

သူဟာ တစ်ချိန်လုံး တူကိုမချလိုက်ဘဲ ညှပ်ယူထားသည့်ကဏန်းအသားကို သူမပါးစပ်နားတွင် ဦးတည်ထားဆဲပင်။

 

 

မနေ့ညက သူအဖော်မပြုပေးတာကြောင့် သူမကလန်ကဆန်လုပ်တာလို့ သူထင်နေတာပေါ့လေ။

 

 

သူမဘယ်တုန်းကများ သူ့ရှေ့မှာ ကလန်ကဆန်လုပ်ဖူးလို့လဲ။

 

 

"စားလိုက် မဟုတ်ရင် ကိုယ်မင်းကိုခွံ့ကျွေးတော့မှာ မဟုတ်ဘူးနော်။"

 

 

 ရှဲ့ကျင် သူမကို လုပ်စေချင်တဲ့ ဘယ်ကိစ္စမဆို ဘယ်လိုနည်းလမ်းခြိမ်းခြောက်မှုကိုပဲ သုံးရသုံးရ နောက်ဆုံးမှာမူ သူမအလျှော့ပေးကိုပေးရမည်သာ။

 

 

အသေအချာပင် သူနှင့်အတူရှိပြီးနောက်ပိုင်း သူမသည် သူ့အပေါ်အတော်လေးကို အလျော့ပေးခဲ့၍ သူကထိုသို့သောအပိုဆောင်းနည်းလမ်းကို အသုံးပြုရန်အခွင့်အရေးမရှိခဲ့ပေ။

 

 

သူမသည် အေးသွားသည့် ဂဏန်းအသားခပ်သေးသေးကိုက်လိုက်ရာ ငံတန်တန်အရသာက သူမပါးစပ်ထဲတွင်ပျံ့နှံ့သွားပြီး ရှဲ့ကျင်၏စိတ်ကျေနပ်သွားသည့်အကြည့်အောက်တွင်ပင် ဆေးသောက်နေရသကဲ့သို့ မအီမသာနှင့်မြိုချလိုက်ကာ နှစ်ကိုက်လောက်သာစားရသေးသော နေ့လည်စာဘူးကို ပိတ်လိုက်၏။

 

 

"ကျွန်မ ဗိုက်ပြည့်သွားပြီ။"

 

 

"ထိုင်ချပြီး ကုန်အောင်စားလိုက်။"

 

 

သူ့၏အမိန့်ပေးနေသောလေသံက နေ့လည်စာဘူးကို အဝေးပို့ရန်လုပ်နေသော စူးထောင်ကို လက်ချောင်းကိုချ၍ မော့ကြည့်လာစေသည်။ သူ၏ယုတ္တိမတန်သောအကြည့်က သေဒဏ်အမိန့်ချရန် စောင့်နေသောတရားသူကြီးတစ်ဦးပမာ ဘာအပြစ်ကျူးလွန်လိုက်မှန်းမသိသည့်သူမကို စိုက်ကြည့်နေ၏။

 

 

စူးထောင်သည် အကြည့်လွဲလိုက်ရင်း သူ့လက်ထဲမှတူကိုပြန်ယူကာ ခေါင်းငုံ့ပြီးစားတော့သည်။ သူမက ဘာဟင်းပဲဖြစ်ဖြစ် ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်ကာ မဝါးဘဲမြိုချနေ၏။

 

 

ရှဲ့ကျင်က သူမခပ်မြန်မြန်စားနေတာကိုမြင်ပြီး သိသိသာသာမျက်မှောင်ကြုတ်သွားသည်။ သူမသည် နာခံနေပုံမပေါ်သည့်အပြင် တိတ်တဆိတ် ခုခံနေပုံလည်းရ၏။

 

 

"ဖြည်းဖြည်းစာလေ။"

 

 

စူးထောင်သည် သူမပါးစပ်ထဲအစာထည့်တာကိုရပ်လိုက်ပြီး တူကိုချကာ အစားအစာကို တိတ်တဆိတ်ဝါးလိုက်သည်။

 

 

စူးထောင်၏ ပြောစကားနားထောင်ပုံက ရှဲ့ကျင်ကိုတစ်ခုခုမှားယွင်းနေသည်ဟု ခံစားသွားမိစေသော်လည်း သူမ၏ နောက်တစ်ကြိမ်နာခံလာသောကြောင့် ရှဲ့ကျင်၏ စိတ်အခြေအနေ ပိုကောင်းလာသည်။

 

 

သူမရဲ့ဆံပင်ကိုပုတ်ပေးလိုက်ရင်း လိမ္မာနေသည့်သူမပုံစံကိုကြည့်ကာ နှုတ်ခမ်းကွေးတက်သွားပြီး လုပ်ရကျိုးနပ်သွားသည့်ပုံစံဖြင့်ပြောလာသည်။" အရင်တုန်းက မင်းကိုကိုယ်ပြောထားတဲ့ စားသောက်ဆိုင်လေ အဲဒါဒီနေ့ဖွင့်ပြီ။ ဒီညမင်းကို စားဖို့ခေါ်သွားပေးမယ်။"

 

 

စားထောင်ဟာ အကြည့်ကိုလျော့ချလိုက်ပြီး သူမဗိုက်မသက်မသာဖြစ်သည်ကို သည်းခံရင်း တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။"ကျွန်မ မသွားဘူး။"

 

 

ရှဲ့ကျင်၏ နှုတ်ခမ်းထောင့်ကွေးညွတ်သွားပြီး သူ့လက်ချောင်းများက စားပွဲပေါ်တွင် လိမ်ယှက်ထားကာ အေးစက်စက်နှင့် ပြောလိုက်၏။ "ရှောင်ထောင်လေး ဒါကစကားနားထောင်တဲ့အတွက် ပေးတဲ့ဆုပဲ။ မင်းမသွားဘူးဆိုရင် နောင်မှာဆုတွေက မရှိတော့တာလည်းဖြစ်နိုင်တယ်။"

 

 

စူးထောင်က ပေါ့ပေါ့တန်တန်ကြည့်လိုက်ပြီး "အမ်း ဆုတွေ ဘာတွေမလိုအပ်ဘူး။"

 

 

နောင်ကျရင် ဘာတစ်ခုမျှလိုအပ်တော့မည်မဟုတ်ချေ။

 

 

စူးထောင်သည် အလုပ်ကို အမှန်တကယ်ကြိုးစားသည်၊သူမ ဒီအလုပ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေဂရုမထားဘဲ အကုန်လုံးကိုပြီးပြည့်စုံသည်အထိ လုပ်လေ့ရှိသည်။

 

 

လာမည့်ရက်ပိုင်း ယခုနှစ်၏ပထမနှစ်ဝက်တွင် ကုမ္ပဏီ၏ အကြီးကျယ် အခမ်းနားဆုံးဖြစ်သော နှစ်လယ်အစည်းအဝေးပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပြီး ထိုပွဲကြီးတွင် အလွှာမျိုးစုံမှမီဒီယာသမားများကို ဖိတ်ကြားကာ ယခုနှစ်အတွက် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်ရေးနည်းဗျူဟာများကို အကျဉ်းချုံးသုံးသပ်ပြသွားပေးမည့်အပြင် ကုမ္ပဏီ၏ Brand promotion ကိုအကျိုးအမြတ်ရအောင် စီစဉ်သွားမည်ဖြစ်သည်။

 

 

ထျန်းကျင် group သည် အစောပိုင်းတွင် video portal ဝက်ဆိုဒ်များတွင်ရင်းနှီးမြုပ်နှံထားပြီး ခွဲခြမ်းစိတ်ဖြာရန်အတွက် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ကျွမ်းကျင်ပိုင်နိုင်သွားကာ ကိုယ်ပိုင် video portal platform ကိုတည်ထောင်လိုက်၏။

 

 

ထို့ကြောင့် ယခုအသစ်ထွက်ရှိထားသော video websiteအား ကြော်ငြာရန်ရည်ရွယ်ချက်ဖြင့် ဤနှစ်လယ်အစည်းအဝေးကြီးတွင် brand promotionနှင့်အတူလုပ်ဆောင်သွားမည်ဖြစ်သည်။

 

 

နှစ်လယ်တွေ့ဆုံပွဲသည် အမြဲတမ်းလိုလို ဥက္ကဌရုံးဌာနရဲ့တာဝန်ဖြစ်ပြီး အထူးသဖြင့် ဥက္ကဌရုံး အကြီးတန်းအတွင်းရေမှူးပင်၊ ဥက္ကဌ ဟောပြောရမည့်မိန့်ခွန်းကို အတည်ပြုပေးရမည့်တာဝန်များအပြင် ဥက္ကဌရုံးဌာနကို ကြီးကြပ်ကွပ်ကဲပြီး အခမ်းအနားတစ်ခုလုံးကိုပါ စီစဉ်ညွှန်ကြားပေးရန်လည်း လိုအပ်သည်။

 

 

စူးထောင်သည် ယခင်နှစ်များ၏ နှစ်လယ်အစည်းအဝေးအသံဖိုင်နှင့် စာသားမှတ်တမ်းများကို  ပြန်လည်ဆန်းစစ်နေပြီး အခမ်းအနားပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် Brand promotion ပွဲ၏ လုပ်ထုံးလုပ်နည်းများကို သေချာလေ့လာခဲ့၏။

 

 

သူမဟာ အဓိကအချက်ကိုရှာဖွေခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် အကျဥ်းချုပ်ခြင်းတို့၌ တော်ပြီး တစ်ညနေခင်းတွင် သူမအကြောင်းအရာကို နားလည်သဘောပေါက်သွားတော့သည်။

 

 

စူးထောင်သည် မဝင်ဖြစ်သည်မှာအတော်အတန်ကြာပြီဖြစ်သော သူမ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ email ကိုဖွင့်ကြည့်လိုက်သောအခါ မဖတ်ရသေးသည့် emailတစ်စောင်ကို တွေ့လိုက်ရ၏။

 

 

ညောင်းညာနေသည့်လည်ပင်းကို ဟိုလှည့်ဒီလှည့်လုပ်ကာ emailကိုဖွင့်လိုက်သည်။ အကြောင်းအရာကို တွေ့သွားပြီးသည့်နောက် သူမ အမူအရာက ရပ်တန့်သွား၏။

 

 

ထိုသည်မှာ သူမဘွဲ့ရပြီးရက်အနည်းငယ်အကြာတုန်းက သူမ၏ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်ကို ပေးပို့ထားသည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှ အင်တာဗျူးဖိတ်ကြားချက်ဖြစ်သည်။

 

 

သူမတစ်ဖက်ခြမ်းမှ ရုံးခန်းကိုလှမ်းကြည့်လိုက်တော့ လိုက်ကာတစ်ခုက အပေါ်ကိုခေါက်တင်ထားပြီး  ထိုးဖောက်မြင်ရသည့် မှန်နံရံတစ်ခု ပေါ်နေ၏။

 

 

စူးထောင်သည် ရှဲ့ကျင်တစ်ယောက် ကုလားထိုင်ပေါ်သက်သောင့်သာသာမှီထားရင်း သတိလက်လွတ်နှုတ်ခမ်းပေါ်လက်တင်ကာ သူ့လက်ထဲမှစာရွက်စားတမ်းတွေကိုကြည့်နေသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

 

 

ရှဲ့ကျင်ဟာ သူမကိုဘယ်တော့မှ ကိုယ့်ဘာသာကုမ္ပဏီရွေးဖို့ခွင့်မပြုပေ၊ သူမဘွဲ့ရပြီးသည်နှင့်တပြိုင်နက် သူ့အတွင်းရေးမှူးအဖြစ်လုပ်ခိုင်းကာ သူမကိုသူ့အနားတွင်ဖမ်းခေါ်ထားသည်။

 

 

သို့ရာတွင် သူမအမှန်တကယ်ပင် သဘောမကျပေ။

 

 

မကြာသေးမီက ထျန်းကျင် group လုပ်ငန်းခွဲအသစ်ဖြစ်သော ရွေ့ချီ ရုပ်ရှင်နှင့် ဗီဒီယိုကုမ္ပဏီတစ်ခုတွင် လုပ်ငန်းချဲ့ထွင်ရန်အတွက် အရည်အချင်းရှိသောလူအရေအတွက် အမြောက်အများလိုအပ်ခဲ့၏။

 

 

စူးထောင်သည် ရွေ့ချီကုမ္ပဏီတွင် အလုပ်လုပ်ချင်ကြောင်း အကြိမ်အရေအတွက်များစွာ တောင်းဆိုခဲ့သော်ငြား ရှဲ့ကျင်က ဆွေးနွေးရန်ပင် အခွင့်အရေးမပေးဘဲ ပြတ်ပြတ်သားသားငြယ်ပယ်ခဲ့သည်။

 

 

စူးထောင်ဟာ တွေးနေသည်ရပ်လိုက်ပြီး သူမအရှေ့ရှိအလုပ်တွင် အာရုံစိုက်ပြီး ဆက်လက်လုပ်ကိုင်လိုက်၏။သူမထွက်သွားမယ်ဆိုရင်တောင်မှ ရှဲ့ကျင်အတွက် နောက်ဆုံးတစ်ကြိမ် ရပ်တည်ပေးရမည်။

 

 

နောက်ဆုံးတွင်မူ သူမသည်သူ့အပေါ်လေးနှစ်တာလုံးချစ်နေခဲ့ပြီး သူမတို့၏အချစ်ရေးတွင် ပျော်ရွင်စရာအဆုံးသတ်ဖြစ်အောင် လုပ်ပေးချင်ခဲ့သည်။

 

 

ကောင်းကင်က မှောင်စပြုလာပြီး အလုပ်ဆင်းချိန်က တစ်နာရီကျော်နှင့်နေပြီ။ သူမရဲ့လုပ်ဖော်ကိုင်ဖက် အများစုသည် ထွက်ခွာသွားကြသော်လည်း စူးထောင်၏ အလုပ်နေရာသည် မီးလင်းနေဆဲပင်။

 

 

 သူမ၏သွယ်လျသော ဆင်စွယ်လက်ချောင်းများက စားပွဲပေါ်ကိုဖိထားရင်း စူးထောင်တစ်ယောက် အလုပ်ထဲတွင်နစ်မြုပ်နေ၏။ စာရွက်စာတမ်းများကို အကြည့်မလွှဲလိုက်ခင်မှာ ခဏလောက်ရပ်တန့်လိုက်သည်။

 

 

မော့ကြည့်လိုက်သောအခါ ရှဲ့ကျင်၏ ခပ်စူးစူးအကြည့်နှင့်ဆုံသွား၏။

 

 

သူမအား တစ်နေ့လယ်ခင်းလုံးစကားမပြောဘဲ သူမဘာသာကိုယ် အပြစ်ကိုယ်ဝန်ခံကာ တောင်းပန်စကားပြောလာမည်ကိုစောင့်နေသည်။

 

 

သူမက အလုပ်ထဲ နှစ်မြုပ်ထားပြီး ကြိုးကြိုးစားစားလုပ်ကိုင်မှာကို ဘယ်သူသိမလဲ။

 

 

 သူမအလုပ်ကိုကောင်းကောင်းလုပ်ပေးလိုက်ရင် သူခွင့်လွှတ်ပေးပြီး ချီးမွမ်းမယ်လို့ သူမထင်နေတာများလား။

 

 

"အလုပ်ကနေ နှုတ်ထွက်တော့မှာဆို ဘာလို့ဒီလောက်ကြိုးကြိုးစားစား လုပ်နေသေးတာလဲ။" ရှဲ့ကျင်က အေးစက်စက် ပြောလိုက်သည်။

 

 

အလုပ်စားပွဲပေါ်ရှိ အဝါဖျော့ဖျော့မီးအလင်းရောင်ကြောင့် စူးထောင်၏ မျက်နှာသွင်ပြင်သည် ပိုမိုနူးညံ့သွားသယောင်ဖြစ်ကာ သူမ၏မျက်လုံးများထဲတွင်လည်း အလင်းရောင်ကြောင့်အရည်လဲ့နေ၏။

 

 

ရုတ်တရက် သူမတစ်ခုခုကို သတိရသွားပြီး သူမ၏စာရွက်စာတမ်းများကို ပိတ်လိုက်ကာ ဖြူသွယ်သွယ်လက်ချောင်းများက ကီးဘုတ်ပေါ်တစ်ခုခုကိုအလျှင်အမြန်ရိုက်ထည့်နေသည်။

 

 

လျစ်လျူရှုထားခံရသော ရှဲ့ကျင်သည် သူမအားတခဏစိုက်ကြည့်လိုက်ပြီး သူမကွန်ပြူတာဖန်သားပြင်ပေါ်ကိုလှမ်းကြည့်လိုက်၏။

 

 

အဖြူရောင်‌‌စာရွက်စာတမ်းပေါ်တွင် 'နှုတ်ထွက်စာ' ဟူသော စာလုံးသုံးလုံးကို ရိုက်ထည့်ထားပြီး စူးထောင်က အနက်ရောင် font ဖြင့် ခပ်ကြီးကြီးချဲ့ထားသည်။