အပိုင်း ၄
Viewers 670

အပိုင်း

 

 

 

စူးထောင်၏ လက်ကောက်ဝတ်သည် ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရပြီး ရှဲ့ကျင်၏အန္တာရယ်ရှိသည့် အေးစက်စက်လေသံက သူမဦးခေါင်းထက်တွင် သူ့ဒေါသများပေါက်ကွဲထွက်သွားသလိုနှင့်" ရှောင်ထောင်လေး မင်းက "နှုတ်ထွက်မယ်"ဆိုတဲ့စကားနဲ့ ကိုယ့်ကိုအမြဲတမ်းခြိမ်းခြောက်နေတော့တာပဲ၊ ဒါပေမယ့် ကိုယ့်ရဲ့သည်းခံနိုင်စွမ်းက အဲဒီလောက်ထိမကောင်းမနေဘူး။"

 

 

 စူးထောင်၏မျက်လုံးများက သမင်မျက်လုံးများပမာအပြစ်ကင်းစင်နေကာ သူမကနုံအပုံရသောအမူအရာဖြင့် မေးလိုက်သည်။ " တကယ်လို့ ရှင်သည်းမခံနိုင်တော့တဲ့အခါကျရင် ဘာလုပ်မှာလဲ"

 

 

 သူမ၏အမူအရာသည် စိန်ခေါ်နေပုံရ၏။

 

 

 ရှဲ့ကျင်သည် သူမလက်ကို လွှတ်ချလိုက်ပြီး ဒေါသကိုထိန်းကာ အေးစက်စက်လေသံဖြင့် အရက်စက်ဆုံး၊အကြင်နာကင်းမဲ့ဆုံးဟု သူထင်ရသည့်စကားကိုပြောလိုက်၏။- "ဒီည အိမ်ပြန်မလာနဲ့။"

 

 

 ကော်ရိတ်ဒါအဆုံး၌ ရှဲ့ကျင်၏ ခပ်တောင့်တောင့်ကျောပြင်က အမှောင်ထုထဲ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးနောက် စူးထောင်သည် အကြည့်ကိုလွှဲလိုက်ကာ လက်ထဲရှိ မပြီးပြတ်သေးသော အလုပ်များကို ဆက်လုပ်လိုက်သည်။

 

 

 နာရီလက်တံသည် ကိုးနာရီသို့ညွှန်ပြနေပြီး စူးထောင်က မတ်တပ်ရပ်လိုက်ကာ ညောင်းညာနေသောခါးကို ဟိုလှည့်ဒီလှည့်လုပ်ရင်း ခပ်ကျယ်ကျယ် သန်းလိုက်ပြီးနောက် စာရွက်စာတမ်းများကိုသိမ်းဆည်းကာ ကွန်ပျူတာကို ပိတ်လိုက်၏။

 

 

 သူမထျန်းကျင်အဆောက်အဦးမှ ထွက်လာသောအခါ အပြင်ဘက်တွင် မီးအလင်းရောင်များဖြင့် လင်းထိန်နေသည်။ လမ်းမကြီးထက်တွင် လူအုပ်ကြီးဖြင့်စည်ကားနေပြီး ညဘက်နေထိုင်မှုဘဝက သက်ဝင်လှုပ်ရှားကာစပင်ရှိသေး၏။

 

 

 လွန်ခဲ့သည့်လေးနှစ်အတွင်း စူးထောင်သည် တစ်ယောက်ထဲနောက်ကျသည်အထိ အပြင်ဘက်တွင် မနေဖူးချေ။ ရှဲ့ကျင်က သူမကို ညစာစားရန် မောင်းပို့ရင်ပို့ မဟုတ်လျှင် နှစ်ယောက်သား ဗီလာထဲ၌သာအတူနေကြသည်။

 

 

 ထို့အပြင် ကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိပင်လယ်ပုံစံအပြင်အဆင် ဟိုတယ်အကြောင်း အိပ်ဆောင်ရှိ မိန်းကလေးများထံမှ အမြဲလိုလိုကြားနေရပြီး အခန်းတွင်းအပြင်အဆင်က စိတ်ကူးယဉ်ဆန်ဆန် အလှဆင်ထားသောကြောင့် မြေထဲပင်လယ်တွင် အပန်းဖြေခရီးထွက်နေရသကဲ့သို့ ခံစားရကြောင်း ပြောကြ၏။

 

 

 စူးထောင်သည် ထိုဟော်တယ်၌ တစ်ညတာတည်းခိုပြီး အတွေ့အကြုံ ခံစားကြည့်ချင်သော်လည်း ရှဲ့ကျင်က ခွင့်မပြုခဲ့ပေ။

 

 

  သူမအိပ်မက်တွေ အမှန်တကယ် ဖြစ်လာလိမ့်မယ်ဟု မမျှော်လင့်ထားချေ။

 

 

 သူမသည် တိုက်ရိုက်ပင် အက်ပလီကေးရှင်းပေါ်တွင် အခန်းကို ကြိုတင်မှာယူပြီး website ပေါ်ရှိဓာတ်ပုံများကိုမြင်တွေ့ပြီးနောက် သွားဖို့ရန်မစောင့်နိုင်တော့ပေ။

 

 

 ပထမဆုံးအနေနှင့် သူမဗိုက်ပြည့်အောင်အရင်လုပ်မည်၊ထို့နောက်တွင်မူ နေ့စဥ်သုံးပစ္စည်းတွေ ဝယ်ရန်နှင့် လစဉ်လျှော့စျေးရှိမရှိကို မေးရန် စီစဥ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ  သူမသည် ရှဲ့ကျင်၏ ဗီလာမှထွက်သွားတော့မည်ဖြစ်သဖြင့်  သူမနေထိုင်ဖို့ အိမ်အသစ်ရှာရန် တစ်လဆိုသည့်အချိန်က လုံလောက်သင့်၏။

 

 

 ပလိန်းသစ်ပင်အောက်ရှိလမ်းပေါ်တွင် အနက်ရောင် Maybach ကားထဲမှ  စူးရှရှမျက်လုံးတစ်စုံက  လှပသည့်ပုံဏ္ဍာန်ကို စိုက်ကြည့်နေသည်။

 

 

 တံခါးဝတွင် အကြာကြီးရပ်နေသော သူမအား လှမ်းကြည့်နေသော ရှဲ့ကျင်သည် လမ်းတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်ပြီး အထင်ရှားဆုံး ကားပါကင်နေရာအား သူယူထားနှင့်နေပြီဖြစ်သည်။

 

 

 သူမ မမြင်နိုင်စရာ အကြောင်းမရှိပေ။

 

 

 'ရှာမတွေ့ရင် ဖုန်းခေါ်လိုက်လေ၊ ဒီလေးနှစ်တာကာလက သူမကိုတုံးအ သွားစေပြီလား။'

 

 

 နောက်ဆုံးတွင် သူမသည် ဖုန်းကို ထုတ်လိုက်ပြီ၊ ရှဲ့ကျင်ဟာ စိတ်သက်သာရာရသွားသော အမူအရာဖြင့် သက်ပြင်းချလိုက်ကာ သူ့လက်ထဲက ဖုန်းကို ကြည့်လိုက်သည်။

 

 

 သို့သော်ငြား သုံးမိနစ်လောက်ကြာသွားတာတောင်မှ သူ့ဖုန်းစခရင်က မဲမှောင်နေသေးပြီး ကလေးမလေးမှာတော့ ဖုန်းကိုအေးအေးဆေးဆေးနှိပ်တုန်းပင်။

 

 

' သူမက သူ့ဖုန်းနံပါတ်ကိုတောင် မှတ်မိရဲ့လား။'

 

 

 နောက်ဆုံးတွင် သူမ ဖုန်းကို ချလိုက်ပြီး မျက်နှာပေါ်တွင် သက်သောင့်သက်သာ အပြုံးချိတ်ဆွဲထားရင်း လမ်းမဆီသို့ လျှောက်နေခဲ့သည်။

 

 

 ရှဲ့ကျင်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး တရွေ့ရွေ့ထွက်သွားသော ပုံရိပ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။

 

 

ကားအတွင်းအရိပ်ကျတဲ့နေရာ၌ ညကဲ့သို့နက်မှောင်နေတဲ့မျက်ဝန်းအတွင်း ဆိုးညစ်တဲ့ အငွေ့အသက်လက်ခနဲဖြစ်သွားလေသည်။

 

 

 ကားမောင်းထွက်သွားသည့်အသံ ရုတ်တရက် လမ်းမတစ်လျှောက် ကျယ်လောင်သွားပြီး အနက်ရောင် Maybach ကားသည် ကြီးမြတ်သောနဂါးတစ်ကောင် ပျံသန်းသွားသကဲ့သို့ အဝေးတွင် ပျောက်ကွယ်သွား၏။

 

 ——

 

ပင်လယ် ပုံစံအပြင်အဆင် ဟော်တယ်သည် ကျော်ကြားသည့်ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။ စူးထောင်သည် အန္တာတိက ပုံစံအခန်းတွင် နေနေပြီး မျက်လုံးဖွင့်လိုက်သောအခါ သူမဟာ ရေခဲတောင်တစ်ခုသို့ ခရီးထွက်နေသလိုပင် ထင်သွားမိသည်။

 

 

 ဇွန်လနှောင်းပိုင်းရာသီဥတုတွင် သူမသည် အကြောင်းပြချက်မရှိ အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေသလိုခံစားလိုက်ရပြီး ပင်ဂွင်းခေါင်းအုံးကို ဘေးတွင်ချကာ အရှေ့ကောင်တာ၌ မော်လ်ဒိုက်အပြင်အဆင်အခန်းတစ်ခန်းနှင့် လဲရန်စီစဉ်လိုက်၏။

 

 

 စူးထောင်သည် ဆေးကြောသန့်စင်ပြီးနောက် မှန်ဆီသို့သွားလိုက်ရင်း အမြဲတမ်းလိုလိုပင် ချထားသော ဆံပင်ရှည်များကို ဖမ်းချည်လိုက်ရာ ပိန်သွယ်သွယ်လည်ပင်းကို ပေါ်လွင်စေသည်။

 

 

ရှဲ့ကျင်ဟာ သူမဆံပင်ချထားသည်ကို သဘောကျပြီး ဆံပင်မှထွက်လာသောရနံ့အား နမ်းရှိုက်ရသည်ကိုနှစ်ခြိုက်၏။ ရာသီဥတုမည်မျှပင်ပူပူ သူမသည်အပူဒဏ်နှင့်ချွေးထွက်ခြင်းကို သည်းခံရမည်ဖြစ်ပြီး သူမဆံပင်အား ချကိုချထားရမည်ပင်။ 

 

 

 'သူက ခေါင်းလျှော်ရည်နံ့ ကို ကြိုက်တာလား ဒါမှမဟုတ် သူမရဲ့ချွေးနံ့ကို ကြိုက်တာလားဆိုတာကိုတော့ သူမလည်းမသိပေ။'

 

 

 စူးထောင်ဟာ မနေ့တုန်းက ရှော့ပင်းထွက်စဥ်ဝယ်ထားသော အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် ခြေထောက်ကားကား ဘောင်းဘီရှည်ကို ရွေးဝတ်လိုက်၏။

 

 

 ပရော်ဖက်ရှင်နယ်ကျပြီး တင့်တယ်စေသည်။

 

 

 သူမသည် ပန်းရောင်စကပ်ကို အိတ်ထဲတွင်ထိုးထည့်လိုက်ပြီး မှန်ရှေ့တွင် နှုတ်ခမ်းကို ကွေးရင်းဖျတ်ခနဲ ပြုံးလိုက်၏။

 

 

 အတိတ်ကနှစ်ဝက်စာ ထိုင်းထိုင်းမှိုင်းမှိုင်း အငွေ့အသက်များကို ဖယ်ရှားပြီးနောက် အရင်က မာနခဲလေးပုံစံ ပြန်ရောက်လာပြီး ခေါင်းကိုမော့ကာ ယုံကြည်မှုအပြည့်ဖြင့် အခန်းထဲမှ လှမ်းထွက်လာလိုက်သည်။

 

 

 ဥက္ကဌရုံးခန်းတွင် အတင်းအဖျင်း ပြောရသည်ကို ကြိုက်သော လုပ်ဖော်ကိုင်ဖက်များသည် စူးထောင်၏ ဝတ်စားဆင်ယင်ပုံ မည်သို့ပြောင်းလဲသွားကြောင်းကို ဆွေးနွေးနေကြ၏။

 

 

ပုံပန်းသဏ္ဍာန်ပြောင်းလဲသည်နှင့် လူတစ်ဦးသည်လုံးဝကို ကွဲပြားသွားပြီး နူးညံ့သည့် ချစ်စရာကောင်းသောပုံစံများလျော့ကျသွားကာ တည်ငြိမ်ရင့်ကျက်လာသည်။

 

 

 သူမသည် ယနေ့တွင်ပို၍ တတ်ကြွနေပုံရသည်ပင်။

 

 

 တစ်နာရီကြာသွားသောအခါ အတင်းအဖျင်းအကြောင်းအရာသည် စူးထောင်အကြောင်းမှ ဥက္ကဌအကြောင်းသို့ ပြောင်းသွားသည်။

 

 

ဥက္ကဌသည် ဒီနေ့တွင်နောက်ကျနေသည့်အပြင် နွမ်းလျနေပုံရပြီး မျက်နှာတွင်သုန်မှုန်သော အမူအရာဖြင့် လေအေးပေးစက်ကြီး လမ်းထလျှောက်နေသည်နှင့်ပင် တူနေ၏။

 

 

 စူးထောင်က မတ်တတ်ထရပ်ပြီး ဥက္ကဌရုံးခန်းတံခါးဝတွင် မျက်နှာချင်းဆိုင်ရပ်ကာ သူအား တောက်ပသည့်အပြုံးနှင့် ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်သည်။

 

 

 ရှဲ့ကျင်သည် သူမရှေ့တွင်ပင်ရပ်နေသေးကာ သူမအားခေါင်းအစခြေအဆုံး သုန်မှုန်သောအကြည့်ဖြင့် စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက်ရုံးခန်းထဲသို့ လှည့်ဝင်သွား၏။

 

 

 စားပွဲပေါ်မှ နုတ်ထွက်စာကို မြင်သွားသောအခါ ဒေါသထွက်နေသော ခြင်္သေတစ်ကောင်နှင့်ပင် တူနေပြီး  နှုတ်ထွက်စာကိုယူလိုက်ကာ နှစ်ခြမ်းဖြဲလိုက်သည်။ ထို့နောက် ဒေါသထွက်သွားသကဲ့သို့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုပ်ဖြဲလိုက်ပြန်၏။

 

 

 တံခါးခေါက်သံနှင့်အတူ စူးထောင်၏ နူးညံ့လှပသောမျက်နှာက တံခါးဝတွင်ပေါ်လာသည်။ သူမသည် အဖြူရောင်ရှပ်အင်္ကျီကို ဘောင်းဘီရှည်ထဲ ထည့်ထားလိုက်ပြီး နဂိုကတည်းကပင် ပိန်သွယ်သွယ်ဖြစ်နေသော သူမခါးမှာ ပို၍ပင် သေးသွယ်အားနည်းသွားသယောင်။

 

 

 "ဥက္ကဌရှဲ့အဖြူရောစာအိတ်တစ်အိတ်ကိုကိုင်ထားရင်း သူမဝင်လာခဲ့သည်။ " အရောင်းအဝယ်ဌာန ဒါရိုက်တာရဲ့ နုတ်ထွက်စာကို ရှင့်စားပွဲပေါ်တင်ထားတယ်။"

 

 

 ကြမ်းပြင်ပေါ်ရှိ ပြန့်ကြဲနေသော စာရွက်အပိုင်းအစများကိုမြင်တွေ့ပြီးနောက် သူမတခဏတာ ပြောစကားမဲ့သွားပြီး တည်ငြိမ်စွာနှင့်ပင် ပြောလာ၏။" ကျွန်မ သူ့ကို နောက်တစ်ရွက်ထပ်ရေးခိုင်းလိုက်မယ်။ "

 

 

 စကားပြောနေရင်း သူမလက်ထဲရှိစာအိတ်ကို ကမ်းပေးလိုက်သည်။ "ဒါက ကျွန်မရဲ့ နုတ်ထွက်စာပါ"

 

 

 ရှဲ့ကျင်ချန်သည် ညလုံးပေါက်မအိပ်ထားရသည့် လေးလံသည့် မျက်ခွံများဖြင့် သူမလက်ထဲရှိနုတ်ထွက်စာကို စိုက်ကြည့်လိုက်သော်လည်း လှမ်းမယူလိုက်ပေ။

 

 

ရှဲ့ကျင်၏ မျက်လုံးများက စာအိတ်မှတဆင့် စူးထောင်၏ သေးငယ်ပြီးလှပသောမျက်နှာဆီသို့ အကြည့်ရောက်သွားကာ ဒေါသများဖိနှိပ်ထားသည့် လေသံဖြင့် "ကိုယ်မင်းရဲ့နုတ်ထွက်စာကို အမှန်တကယ်လက်ခံလိုက်မှာ မင်းမကြောက်ဘူးလား။"

 

 

 စူးထောင်ရဲ့ကြည်လင်သောမျက်လုံးများက လုံးဝတွန့်ဆုတ်မနေခဲ့ချေ။ သူမသည် နုတ်ထွက်စာကို စားပွဲပေါ်တင်လိုက်ကာ "ကျေးဇူးတင်ပါတယ် သူဌေး" ဟု နာခံသောလေသံဖြင့် ပြောလိုက်သည်။

 

 

 ထို့နောက် အပြင်သို့ထွက်သွားပြီး သန့်ရှင်းရေးဝန်ထမ်းအား ရုံးခန်းထဲရှိပြန့်ကြဲနေသော စက္ကူအပိုင်းအစများကိုရှင်းရန် အကြောင်းကြားလိုက်၏။

 

 

 ရှဲ့ကျင်သည် မျက်လုံးကိုမှိတ်ကာ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ရင်း ဒေါသများကိုဖြေလျော့ပြီးနောက် နှုတ်ခမ်းထောင့်မှာကွေးတက်သွားပြီး သွေးဆာနေသည့်အပြုံး ပေါ်လာသည်။

 

 

 အရမ်းကောင်းတယ် ရှောင်ထောင်လေး။

 

 —

 

 စူးထောင်သည် သူမ၏နုတ်ထွက်စာကို ကုမ္ပဏီအီးမေးလ်မှတစ်ဆင့် လူ့စွမ်းအား အရင်းအမြစ်ဌာန ဒါရိုက်တာကျင်းနှင့် သူ၏အတွင်းရေးမှူးဖြစ်သူ ဟယ့်ရှောင်ရွေ့ထံသို့ ပေးပို့ခဲ့ပြီး ရှဲ့ကျင်ဆီလည်း မိတ္တူတစ်စောင်ကို ပို့ပေးခဲ့၏။

 

 

 သူမသည် လူ့စွမ်းအားအရင်းအမြစ်ဌာနသို့သွားကာ သူတို့အား ဥက္ကဌကသဘောတူထားနှင့်ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းအသစ်ခေါ်ယူရန်အတွက် စတင်ပြင်ဆင်သင့်ကြောင်းနှင့် သူမကကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အကြောင်းကြားသည့်ကာလ ရက်ပေါင်း၃၀ကြာပြီးမှသာ ထွက်သွားမည်ဖြစ်ကြောင်း ပြောလိုက်သည်။

 

 

 ဟယ့်ရှောင်ရွေ့က စူးထောင်၏ လက်ကိုကိုင်လိုက်ပြီး နောင်တရသည့်လေသံဖြင့် "ထောင်ထောင် နင်တကယ်ပဲ ထွက်သွားတော့မှာလား။ ငါ နင့်ကို ထွက်မသွားစေချင်ဘူး။ နောက်ပြီး နင် ငါ့ကိုစာရွက်စာတမ်းတွေ အကြိမ်ကြိမ်ပို့ဖို့ ကူညီပေးတယ်။ ဥက္ကဌရဲ့စိတ်အခြေအနေကိုလည်း သတိပေးပြီး ကြိမ်းမောင်းခံထိမှာကိုလည်း ကယ်ပေးတယ်။ လွန်ခဲ့တဲ့ခြောက်လအတွင်း နင်ရောက်လာကတည်းက ငါတစ်ခါလေးတောင်မှ ကြိမ်းမောင်းမခံရတော့ဘူး။ နင်ထွက်သွားရင် ငါတို့ဘယ်လိုလုပ်ရပါ့မလဲ။"

 

 

 လူ့စွမ်းအားအရင်းအမြစ်ဌာနဒါရိုက်တာ ကျင်းချွေ့ဝမ်သည် ရုံးခန်းထဲမှထွက်လာပြီးနောက် ညီအစ်မနှစ်ယောက်ရဲ့ အလွမ်းသယ်နေသည်ကို မြင်လိုက်ရတဲ့အခါ သူ့နှုတ်ခမ်းတွေ တွန့်ကွေးသွား၏။

 

 

 စူးထောင်၏ နောက်ခံကိုသူသိသည်၊ သူမသည်ထိပ်တန်းမီဒီယာ ကျောင်းသူတစ်ဦးပင်။ သူမဘွဲ့ရပြီးသည်နှင့် စီမံခန့်ခွဲရေးမေဂျာများကိုသာ အမြဲခေါ်ယူလေ့ရှိသည့်ရာထူးနေရာသို့အနောက်ပေါက်မှရောက်လာ၏။ သူမသည် ဥက္ကဌကိုယ်ကိုင် ရွေးချယ်ခဲ့သည့်သူပင်။

 

 

 ထိုအကြောင်းများကြောင့် သူမနှင့်ပတ်သက်သော ကောလာဟလများ ကုမ္ပဏီတစ်ခုလုံးပျံ့နှံ့နေသည်မှာ အံ့သြစရာမရှိပေ။

 

 

 ထို့အပြင် စူးထောင်ဥက္ကဌ၏ ကားထဲသို့ ဝင်သွားသည်ကို သူကိုယ်တိုင်တွေ့ဖူးသည်။

 

 

 'သူဌေးက သူ့ကိုကစားရတာ ငြီးငွေ့သွားလို့လား ဒါမှမဟုတ် လောဘကြီးပြီး ရာထူးမြင့်တဲ့နေရာကို လိုချင်လို့ ဥက္ကဌက ထုတ်ပယ်လိုက်တာလား။'

 

 

 'ကျင်းချွေ့ဝမ်က ဒုတိယတစ်ခုက ဖြစ်နိုင်ချေ ပိုများတယ်လို့ ထင်လိုက်တယ်။ ကိုယ့်နေရာကိုယ်မသိတဲ့ ကျောင်းပြီးကာစ ကလေးမလေးတစ်ယောက်အနေနဲ့ ဥက္ကဌကတော်ဖြစ်ချင်တာက ပုံမှန်ပါပဲ။'

 

 

 'နောက်ပြီး ငယ်လွန်းတယ်။'

 

 

 စီးကရက်သောက်ချင်နေသော ကျင်းချွေ့ဝမ်သည် ရုတ်တရက် ဥက္ကဌထံမှ ဖုန်းဝင်လာကိုမြင်လိုက်သည့်အခါ နှလုံးပေါက်ထွက်မတတ်ခုန်လာ၏။

 

 

 ဖုန်းမဖြေခင်တွင် သူဟာ 'မကြိမ်းမောင်းပါစေနဲ့၊ ဒေါသမထွက်ပါစေနဲ့၊ ပစ္စည်းတွေကို မပစ်ပေါက်ပါစေနဲ့ဟု သုံးခါလောက်တိတ်တိတ်လေး ဆုတောင်းလိုက်ပြီးမှသာ ဖုန်းကို ကတုန်ကရင်နှင့် ဖြေလိုက်သည်။

 

 

 "ကျင်းချွေ့ဝမ် ငါ့ရုံးခန်းကိုလာခဲ့။"

 

 

 ကျင်းချွေ့ဝမ်သည် ကြိုးစင်ပေါ်သို့ တက်နေရသကဲ့ခံစားရပြီး မျက်နှာပေါ်တွင် သတ္တိရှိပြီးရဲရင့်သည့်ဟန်အမူအရာကို ချိတ်ဆွဲလိုက်ရင်း အပေါ်ထပ်သို့ အလျင်အမြန် ပြေးတက်သွားကာ လျှို့ဝှက်ဆန်းကြယ်ပြီးနက်မှောင်သောတံခါးကို ခေါက်လိုက်၏။

 

 

၅မိနစ်ကြာပြီးနောက် ကျင်းချွေ့ဝမ်သည် အသက်ပြန်ရှင်သွားသကဲ့သို့ ခံစားလိုက်ရပြီး နံဖူးမှချွေးများကိုသုတ်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသွားသည်။

 

 

 ဥက္ကဌ၏အမိန့်အကြောင်းကို တွေးရင်းနှင့်ပင် ဘတ်ဂျက်နှင့် ပြန်အမ်းငွေ ခွင့်ပြုချက်အလုပ်ကို စူးထောင်အား အမှန်တကယ် လွှဲပြောင်းပေးလိုက်ချင်၏။

 

 

 မျှော်လင့်ထားသည့်အတိုင်းပင် စူးထောင်သည် အမြင့်သို့တက်လိုပြီး ဥက္ကဌအား 'ရာထူးမှနုတ်ထွက်ခြင်း'ဖြင့် ခြိမ်းခြောက်နေသည်ဟု သူခန့်မှန်းထားသည်။

 

 

 'သူက ဒီအတိုင်း ရိုးရိုးသားသား အတင်းအဖျင်းပြောတတ်တဲ့ သူတစ်ယောက်ပါ။'

 

 

' ဒါပေမယ့် ကျင်းချွေ့ဝမ် မမျှော်လင့်ထားတာက သူ့ဥက္ကဌကိုယ်တိုင်က အပေးအယူလုပ်လိုက်သည်ပင်။'

 

 

 'အိုင်းယား အလှတရားက တိုင်းပြည်ကို ပျက်စီးစေတယ်။'

 

 ——

 

 ကြေငြာချက် ထုတ်ပြန်လိုက်သည်နှင့်တပြိုင်နက် ကုမ္ပဏီအတွင်း ဆွေးနွေးမှုများကိုပိုမို တောက်လောင်စေပြီး ထမင်းစားလည်း စူးထောင်အကြောင်း၊လက်ဖက်ရည်သောက်လည်း စူးထောင်းအကြောင်းပင်။

 

 

'ဘာလို့စူးထောင်ဖြစ်ရတာလဲ၊ ပေါ်လာတာနှစ်ဝက်ပဲရှိသေးတဲ့သူက ဒီလောက်တောင် အာဏာရှိနေပြီလား။'

 

 

' ဟေး ဒါက ဥက္ကဌရဲ့ကောင်မလေးအတွက် သီးသန့်အာဏာလေ။'

 

 

' စူးထောင်က ပြောစကားနားထောင်တာအပြင်  တခြားဘာများလုပ်တတ်လို့လဲ။'

 

 

 "ဒါက နင်တို့မသိလို့ပါ၊ အလှတရားရဲ့ စွမ်းရည်တစ်မျိုးပဲ" ထျန်ရင်ရင်က သူမလက်ထဲက မှန်ကို ချလိုက်ကာ တမင်ပင်အသေးဆုံး အရွယ်အစားဝယ်ထားသည့် စကပ်ကိုဆန့်လိုက်ရင်း အပေါ်သို့လိပ်တင်လိုက်ရာ သူမ၏ ဖြူဖွေးနေတဲ့ ခြေထောက်ကို ပိုမိုပေါ်လွင်စေသည်။

 

 

 သူမက ကုမ္ပဏီတွင် နှစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ချင်ရွှယ်ရှီး နှုတ်ထွက်ပြီးနောက်တွင် သူမကိုယ်သူမ အကြီးတန်း အတွင်းရေးမှူးဖြစ်ရန် အသင့်တော်ဆုံးဟု ထင်ထားခဲ့၏။

 

 

 ဥက္ကဌသည် သူ့အတွင်းရေးမှူးကို အမျိုးမျိုးသော အခမ်းအနားပွဲသို့ ခေါ်သွားရမည်ဖြစ်ပြီး သူ့နှင့်အတူလိုက်ပါရန် ရုပ်ရည်ချောမောသော အတွင်းရေးမှူးတစ်ဦး လိုအပ်သည်။

 

 

ရုပ်ရည်အသွင်အပြင်အရဆိုလျှင် ဥက္ကဌရုံးခန်းထဲရှိ မည်သူမျှ သူမနှင့် မယှဉ်နိုင်ပေ။

 

 

 သို့သော် မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့်စူးထောင်က သူမပိုင်ဆိုင်သင့်သော ရာထူးကို အမှန်တကယ်ပင် လုယူသွားခဲ့၏။

 

 

 စူးထောင် ရာထူးတိုးသွားခြင်းက သူမကိုစိတ်မပျက်စေရုံသာမကဘဲ သူမအား ပို၍ပင်စိတ်အားထက်သန်စေသည်။

 

 

 ဥက္ကဌသည် အမြဲတမ်းကြောက်စရာအကောင်းဆုံးသောဖြစ်တည်မှု စိတ်တိုဒေါသထွက်လွယ်ပြီး သွေးအေးရက်စက်သောကြောင့် ဥက္ကဌကိုဖျားယောင်းခြင်း၏ အဆုံးသတ်သည် သေခြင်းဟု သူမအမြဲတမ်းလိုလိုထင်ခဲ့၏။

 

 

 သို့သော်ငြား စူးထောင်ရာထူးတိုးသွားခြင်းက သူမအမြဲတမ်းတွေးနေသလိုလည်း မဟုတ်နိုင်ကြောင်း မီးမောင်းထိုးပြသွား၏။

 

 

 'ဥက္ကဌသာ သူမထောင်ချောက်ထဲကျသွားလို့ကတော့ သူမရဲ့အခွင့်အရေးရောက်လာပြီပဲ။ ဒါမှ idol traine အနေနဲ့ ပွဲဦးထွက်ခွင့်ကိုစွန့်ပြီးဒီမှာ နှစ်နှစ်လောက်နေခဲ့ရတာအတွက်တန်မှာပေါ့။'

 

 

 ထျန်ရင်ရင်သည် ဥက္ကဌမှ အတည်ပြုရန်နှင့်လက်မှတ်ရေးထိုးရမည့် စာရွက်စာတမ်းများကို ကိုင်ဆောင်သောစူးထောင်ထောင်ထံ ခါးကိုလိမ်ဖယ်လိမ်ဖယ်လုပ်ရင်းလျှောက်လာခဲ့သည်။

 

 

"ထောင်ထောင်" ထျန်ရင်ရင်သည် သူမ၏ချစ်စရာကောင်းသောအပြုံးနှင့် ချဉ်းကပ်လိုက်၏။"ငါ ဘောပင်တစ်ချောင်း ငှားလို့ရမလား။"

 

 

စာရေးနေသည့် စူးထောင်သည် တုံ့ဆိုင်းသွာကာ မော့ကြည့်လိုက်ပြီး သူမလက်ထဲမှ ဘောပင်မှာမူ မမျှော်လင့်ထားစွာပင် လုယူခံလိုက်ရလေသည်။

 

 

 သူမ၏မျက်လုံးအတွင်း အရိပ်တစ်ခုဖြတ်သွားပြီး လျှင်မြန်စွာနှင့်ပင် မျက်တောင်ခတ်ကာ ဖုံးကွယ်လိုက်ရင်း အံဆွဲမှ ဘောပင်နောက်တစ်ချောင်းကို ထုတ်ယူလိုက်၏။

 

 

 "ထောင်ထောင် နေ့လယ်ကျရင် ဘာစားမှာလဲ" ထန်ရင်ရင်က စိုးရိမ်တကြီးနှင့်ဟန်လုပ်မေးကာ ဘောပင်ကို ပြန်ပေးလိုက်သည်။

 

 

 "ငါ အော်ဒါမှာထားပြီးပြီ။ ဒီဘောပင်တော့ နင့်ကိုပဲပေးလိုက်မယ်လေ။"

 

 

 "မလိုဘူး" ထျန်ရင်ရင်က ဘောပင်ကို လျစ်လျူရှုလိုက်ရင်း ခပ်နောက်နောက်အမူအရာဖြင့် မျက်လုံးမှိတ်ပြကာ " ငါလည်း ကန်တင်းက နေ့လည်စာကို မစားချင်တော့ဘူး။ စားဖိုမှူးတွေကိုပြောင်းဖို့ ငါကျင်းချွေ့ဝမ်ကို တခါလောက်တော့ အကြံသွားပေးရမယ်။ "

 

 

 ထိုသို့ပြောပြီးနောက် သူမသည် လှည့်ထွက်သွားကာ  ၃မိနစ်လောက်အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး အနက်ရောင်တံခါးကို ခေါက်လိုက်၏။

 

 

 သို့သော် မိနစ်ဝက်ပင်မပြည့်မီ ထျန်ရင်ရင်သည် ငြင်းပယ်ခံရသောအမူအရာဖြင့် ထွက်သွားတော့သည်။

 

 

 စူးထောင်သည် ထျန်ရင်ရင်၏ တရွေ့ရွေ့ထွက်ခွာသွားသောပုံဏ္ဍာန်ကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲထောင့်ရှိ ခဏအကြာက သူမအသုံးပြုခဲ့သော ဘောပင်ကို စားပွဲပေါ်တင်ကာ  note သေးသေးရေးလိုက်ပြီး ဘောပင်တွင်ကပ်ထားလိုက်၏။

 

 

 လှပသောစုတ်ချက်ဖြင့် ရေးသားထားသော ရှင်းလင်းသည့် စာလုံး၃လုံး - "အများသုံး ဘောပင်"

 

 

 'ပစ္စည်းတစ်ခုကို တခြားသူကယူပြီး အသုံးပြုလိုက်တာနဲ့ အဲဒီပစ္စည်းက သူမတစ်ယောက်ထဲရဲ့ အပိုင်မဟုတ်တော့ဘူး။'

 

 

 'အဲဒီပစ္စည်းက သူမအပိုင်မဟုတ်တော့ဘူးဆိုမှတော့ ဆက်သုံးရမှာထက် လွင့်ပစ်လိုက်တာ ပိုမကောင်းဘူးလား။'

 

 ——

 

 ဥက္ကဌရုံးခန်းရဲ့သန့်ရှင်းကြည်လင်နေသော မှန်နံရံနောက်တွင် ရှဲ့ကျင်သည် မျက်မှောင်ကြုတ်ကာ စားပွဲပေါ်တွင် လက်ကိုတတောက်တောက်နှင့် ခေါက်နေသည်။

 

 

 သူ၏ကျဉ်းမြောင်းပြီး နက်မှောင်သော မျက်လုံးများက ဒေါသထွက်နေသည့် အမူအရာဖြင့် အေးဆေးတည်ငြိမ်စွာ သူ့သားကောင်ကို စိုက်ကြည့်နေသကဲ့သို့ပင်။

 

 

 အဝါနုရောင်မီးရောင်များက စူးထောင်၏ပါးပြင်ပေါ်တွင်ကျရောက်နေကာ သူမမျက်နှာကို တောက်ပကြည်လင်နေစေသည်။ ရှည်လျားသော ဆံပင်များကို စည်းနှောင်ထားသည့်အတွက် ခပ်သွယ်သွယ်လည်တိုင်ဖြူဖြူလေးက ပေါ်လွင်နေပြီး သူမကလက်ထဲရှိအလုပ်ကိုသာ အာရုံစိုက်နေ၏။

 

 

 နာရီလက်တံသည် ညနေခြောက်နာရီကိုညွှန်ပြနေသော်ငြား သူမကတော့ အလုပ်ဆင်းမည့် အရိပ်အယောင်ပင် မပြပေ။

 

 

'သူမလည်း မလှုပ်လာသလို သူလည်းမလှုပ်ပေ။'

 

 

' သူ့ဆီကို သူမအစပြုပြီးလာမှာကို စောင့်နေတာဖြစ်ပြီး ပုံမှန်လုပ်နေကျအတိုင်းပင် နာခံစွာဖြင့် သူ့လက်ကိုဆွဲကာ အတူတူအိမ်ပြန်ကြမည်ဖြစ်သည်။'

 

 

 တစ်မိနစ်ကြာ တိတ်ဆိတ်သွားပြီးနောက် သူနောက်တဖန်လှမ်းကြည့်လိုက်သောအခါ အလုပ်စားပွဲသည် မည်းမှောင်သွားပြီး မည်သူမျှမရှိတော့ချေ။