အပိုင်း ၅
Viewers 675

အပိုင်း

 

 

 

စူးထောင်သည် သွားရည်စာမုန့်တန်းကို သွားလိုက်ပြီး အသင့်စားမုန့် တော်တော်များများကို ဝယ်လာကာ ဒရမ်မာကားကြည့်ရင်းစားရန် ဟော်တယ်အခန်းသို့ပြန်လာခဲ့သည်။

 

 

အရှေ့ကောင်တာတွင် မော်လ်ဒိုက်ပုံစံအပြင်အဆင်အခန်းနှင့်လဲလှယ်ရန် တောင်းဆိုခဲ့သော်လည်း တခြားသူမှလက်ဦးသွားသောကြောင့် ကျန်အခန်းများထဲမှ ပင်လယ်ရေအောက်ပုံစံ အပြင်အဆင်အခန်းကိုသာ ရွေးချယ်လိုက်ရ၏။

 

 

 သူမသည် မော်လ်ဒိုက်ပုံစံအခန်းအား တစ်လစာစရံတပ်ပြီး ကြိုတင်အငှားတင်လိုက်သည်။ ထို့နောက်တွင်မူ သွားရည်စာများကိုသယ်ရင်း သူမအခန်းဆီသို့ သွားလိုက်သည်။

 

 

 ပင်လယ်ရေအောက်ပုံစံ အပြင်အဆင်အခန်းသည်

honeymoon အတွက် အခန်းဖြစ်နိုင်၏။

 

 

နံရံပေါ်တွင် အီလက်ထရောနစ် ဗားရှင်းပန်းရောင်ရေခူများ ရွေ့လျားနေရုံသာမက အခန်းအလယ်တွင် ကမာအခွံပုံစံ ရေချိုးကန်တစ်ခုလည်းရှိနေသည်။

 

 

ရေချိုးခန်းအား ကြည်လင်နေသောရေအပြည့်ဖြည့်ထားသည့် ငါးကန်မှန်ပြားနှင့် ပတ်ပတ်လည်ကာရံထားကာ အထဲတွင်ကူးခတ်နေသော အစစ်လား၊အတုအယောင်လားဆိုသည်ကိုပင် မခွဲခြားနိုင်သည့် ငါးသေးသေးလေးများရှိနေပြီး ရေချိုးခန်း၏ မြင်ကွင်းကို အပြည့်အဝ မဖုံးကွယ်ထားနိုင်ပေ။

 

 

အပြင်ဘက်အခန်း၌ ကျောက်တုံးပုံဏ္ဍာန် ဆိုဖာနှင့်ထမင်းစားစားပွဲရှိပြီး အတွင်းပိုင်းတွင် ပန်းနုရောင်ကမာခွံအိပ်ယာတစ်ခုရှိနေကာ ထိုပေါ်၌ အပြာရောင်လင်းပိုင် အရုပ်နှစ်ခုတင်ထား၏။ 

 

 

 'စူးထောင်ဟာ တံခါးဝတွင်မတ်တပ်ရပ်နေရင်း  သူမ မနက်တုန်းကနေခဲ့သော အန္တာတိကတိုက်ပုံစံအပြင်အဆင်အခန်းကိုပင် ပြန်ပြောင်းလိုက်ရင် ကောင်းမလားဟု ချီတုံချတုံဖြစ်နေသည်။'

 

 

'ခဏတာ စဉ်းစားလိုက်ပြီးနောက် ထားလိုက်ပါတော့၊ တစ်ညလောက်တော့ သူမနေလိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။'

 

 

စူးထောင်သည် ပေါ့ပေါ့ပါးပါးပင် တံခါးကိုဆွဲပိတ်လိုက်သော်လည်း တံခါးလော့ကျသွားသည့်အသံကို သူမ မကြားရလိုက်ချေ။

 

 

သူမလှည့်ကြည့်လိုက်သောအခါ လက်တစ်ဖက်က တံခါးပေါ်တွင်ရှိနေပြီး တွန်းဖွင့်လာသည်။ ရင်းနှီးနေသည့် ပလက်တီနမ် စိန်ကြယ်သီးတပ်ထားသော အင်္ကျီလက်ကြယ်သီးနှင့် ဖြောင့်စင်းနေသောအနက်ရောင် ဝတ်စုံပြည့်က သူမမျက်လုံးရှေ့တွင်ပေါ်လာ၏။

 

 

စူးထောင်၏ အမြဲတမ်းလိုလို တည်ငြိမ်နေသည့် မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာပေါ်လာပြီး သူမ၏သမင်မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားကာ မမျှော်လင့်ထားသည့်ဧည့်သည်ရှေ့ မျက်မှောင်ကြုတ်လိုက်သည်။

 

 

တံခါးက ရုတ်တရက် စောင့်ပိတ်သွားပြီး ရှဲ့ကျင်၏ အနက်ရောင် သိန်းငှက်မျက်လုံးများက နီရဲနေပြီး အသေးစိတ်ကြည့်လိုက်ပါက အနီရောင်သွေးကြောမျှင်များဖြင့်ပြည့်နေသည်ကိုပင် တွေ့နိုင်၏။

 

 

သူ၏အကြည့်က စူးထောင်လက်ထဲရှိ မုန့်များဆီသို့ရောက်သွားကာ အပြစ်တင်သည့်လေသံဖြင့် " ဒီအသင့်စားမုန့်တွေကို စားနေတာလား။"

 

 

စူးထောင်သည် မသိစိတ်ဖြင့် မုန့်များကိုနောက်ကျောတွင် အလိုလိုဝှက်ထားမိပြီး တစ်ခုခုကိုတွေးမိသွားသလို တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြန် ထုတ်ယူလိုက်ကာ သူ့ကိုမေးလိုက်၏။ " ရှင်ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။"

 

 

 ရှဲ့ကျင်က အခန်းတစ်ဝိုက်ကိုလှမ်းကြည့်ကာ နောက်ဆုံးတွင် စူးထောင်ဆီသို့အကြည့်ရောက်သွားရင်း နက်မှောင်သောမျက်လုံးများက ပင်ပန်းနွမ်းနယ်နေသယောင် ဖော်ပြနေသည်။ "ကိုယ်မင်းကို အိမ်ပြန်မလာခိုင်းတော့တာနဲ့ မင်းအိမ်ကို ပြန်မလာတော့ဘူးလား။"

 

 

 စူးထောင်၏မျက်နှာသည် အေးခဲသွားပြီး သူမက ရုတ်တရက် တအားရယ်စရာကောင်းသလို ခံစားလိုက်ရ၏။

 

 

'သူပဲ ပြန်မလာနဲ့ဆို၊ မဟုတ်မှလွဲရော ပြန်လာရဖို့အရေး သူမဒူးထောက်တောင်းပန်တာကို လိုချင်နေတာလား။'

 

 

'နောက်ပြီး သူ့ကိုလက်လွှတ်လိုက်ပြီးသား၊ သူမက ထွက်သွားဖို့တောင် အဆင်သင့်ဖြစ်နေပြီ။'

 

 

 "ကျွန်မ ဘယ်တော့မှ ပြန်မသွားတော့ဘူး။ အဲဒီမှာကျန်နေတဲ့ ကျွန်မပစ္စည်းတွေ အားလုံးကို ရှင်လွှင့်ပစ်လိုက်လို့ရတယ်။ HRဌာနမှာ နှုတ်ထွက်စာတင်ထားပြီးပြီ။ ရှင်လူသစ်ရှာပဲရှာရှာ၊ မရှာရင်လည်းနေ ကျွန်မကတော့ ရက်၃၀ပြည့်တာနဲ့ အလိုလိုထွက်သွားမှာ။

 

 

 စူးထောင်၏ နူးညံ့နေကျလေသံသည် ယခုအချိန်တွင် တော်တော်လေးပင် ကြမ်းတမ်းနေသည်။

 

 

 ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူမ၏သေးသွယ်သွယ်မျက်နှာလေးကို လက်ဖြင့်ဖမ်းကိုင်ပြီး ပါးနှစ်ဖက်ကို ခပ်တင်းတင်းညှစ်၊ မေးကို မြှောက်ကာ သူ့အားကြည့်ခိုင်းလိုက်၏။

 

 

 "ရှောင်ထောင်လေး" သူသည် ဓားကိုကိုင်ချင်သော်လည်း ကိုင်ဖို့ရန်မတတ်နိုင်သော ဇရာထောင်းနေသည့်သူရဲကောင်းတစ်ဦးပမာ အနည်းငယ်မောပန်းနွမ်းနယ်နေသည်။ "ကိုယ်ဒေါသထွက်မှာကို မကြောက်ဘူးလား။"

 

 

သူမဟာအရင်တုန်းက သူဒေါသထွက်မှာကို အကြောက်ဆုံးဖြစ်ခဲ့ဖူးပြီး သူဒေါသထွက်သည့် အချိန်တိုင်း သူ့အားစိတ်တည်ငြိမ်သွားဖြစ်စေရန် သူမနည်းလမ်းရှာဖို့လုပ်သည်ပင်။

 

 

နောက်ပိုင်းတွင်တော့ သူ့ကိုနှစ်သိမ့်ရတာလည်းလွယ်ကူနေသယောင်ယောင်။ သူ့လက်ကို ကိုင်ထားလိုက်ရုံ၊ သူ့ကိုကြည့်ပြီးပြုံးပြလိုက်ရုံနှင့် သူစိတ်ကငြိမ်သက်သွားမည်ဖြစ်သည်။

 

 

 အခြေအနေတွေဘယ်လောက်ပင် ဆိုးရွားနေပါစေ အနမ်းတစ်ချက်နှင့် မဖြေရှင်းနိုင်သည့်အရာ မရှိပေ။

 

 

 သူမသည် မီးသတ်ဆေးဘူးနှင့်တူနေ၏။ သူကမီးတောက်ကလေးတစ်ခု ဖန်တီးလိုက်သည်နှင့် သူမကထိုအရာကို ချက်ချင်းငြိမ်းသတ်လိုက်မည်ပင်။

 

 

 'ဒါပေမဲ့ မီးသတ်ဆေးဘူးလည်း မီးလောင်သွားတဲ့အချိန်ကျရင်ရော။'

 

 

'သူမဟာဘယ်တော့မှ စိတ်ဆိုးမှာမဟုတ်ဘူးလို့ တွေးပြီး လျစ်လျူရှုလိုက်ဖို့ကိုပဲ ရွေးချယ်မှာလေ။  ဒါမှမဟုတ် သူမရဲ့ခံစားချက်တွေကို ဘယ်တုန်းတော့မှဂရုမစိုက်ဘဲနဲ့ ရိုးရိုးရှင်းရှင်းဖိအားပေးပြီး သူပြောတာကိုပဲလိုက်နာခိုင်းမှာ။'

 

 

သူမတွင်လည်း ချော့လို့မရသည့် အချိန်မျိုးရှိခဲ့ဖူးပြီး ထိုအခြေအနေမျိုးတွင် သူကသူမကို မက်မွန်သီးသကြားလုံးတစ်လုံး ပေးလိုက်မည်ပင်။

 

 

ဘယ်အချိန်ကတည်းက ရှဲ့ကျင်အား မှားယွင်းသောအချက်အလက်ကို ပေးမိမှန်း သူမ မသိချေ။

 

 

'သူမ မပျော်တဲ့အချိန်မှာ မက်မွန်သီးသကြားလုံး ပေးလိုက်တာနဲ့ ပျော်ရွင်သွားမယ်လို့ သူကထင်နေတာ။'

 

 

 'တကယ်တော့ အချိန်တိုင်း စိတ်ပျော့သွားတာက သကြားလုံးကြောင့်မဟုတ်ဘူး။ သူ့ရဲ့သကြားလုံးပေးတဲ့အပြုအမူက သူချော့ချင်နေတယ်ဆိုတာကို သူမသိသွားလို့။'

 

 

 'သူဒုက္ခရောက်နေတာကို မမြင်ချင်ပေမယ့် သူမကို ဂရုမစိုက်တဲ့ အကြောင်းပြချက်တွေကြောင့်ပဲ ဒီလိုတွေဖြစ်နေတာ။'

 

 

အတိတ်ရှိအမှတ်တရထဲတွင် နစ်မြုပ်နေသည့်စူးထောင်တစ်ယောက် ပါးစပ်ထဲသို့မက်မွန်သီးအရသာသကြားလုံးတစ်လုံး ပစ်ထည့်ခံလိုက်ရ၏။

 

 

သူ၏ပုံမှန်လှည့်ကွက်များဖြင့် သူမအားသူ့စကားနားထောင်အောင်လုပ်နိုင်မည်ကို အသေအချာပင်သိနေသည်။

 

 

"ပြောစကားနားထောင်။"

 

 

 စူးထောင်သည် ယဉ်ကျေးသိမ်မွေ့သည့်အပြုံးအတုကို ပြုံးပြလိုက်ပြီး သူ၏လုပ်ဆောင်မှုအတွက်အတွက် လက်ခုတ်တီးပေးလိုက်ချင်သလို ခံစားလိုက်ရ၏။

 

 

စူးထောင်က သူ့ကိုမောင်းထုတ်၍လည်း မရနိုင်သလို ရိုက်ပစ်၍လည်းမရနိုင်သောကြောင့်  ဒီအတိုင်းသာ လျစ်လျူရှုလိုက်တော့သည်။

 

 

ကိုယ်ပိုင်သွားရည်စာမုန့်ကိုစားကာ ကိုယ်ပိုင်ဇာတ်လမ်းတွဲကိုကြည့်နေလိုက်၏။

 

 

 အသားလုံးများက အငွေ့တထောင်းထောင်းထနေဆဲဖြစ်ကာ သူမသည် မစားခင်မှုတ်လိုက်ပြီး ရနံ့မွှေးမွှေးလေးကလေထဲတွင် ပြန့်နေသည်။

 

 

 သူမသည် ပါးစပ်ကိုဖွင့်ကာ တစ်ကိုက်တည်းနဲ့ မျိုချလိုက်ပြီး လတ်ဆတ်ကြွပ်ပြီးနူးညံ့သည့်အသားက သူမ၏သွားများကြားတွင် အရည်ပျော်ဆင်းသွား၏။Coke အေးအေးလေးတစ်ငုံက သူမအား စိတ်ကျေနပ်ပျော်ရွင်သွားစေသည်။

 

 

 ဗိုက်အော်မြည်သံကို TV ဇာတ်လမ်းတွဲကထွက်လာသောဆူညံသံများကြားထဲမှ သူမရှင်းရှင်းလင်းလင်းကြားနေရ၏။

 

 

 သူမနှင့်လက်တစ်ကမ်းအကွာရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ရှဲ့ကျင်ကို တုံ့ဆိုင်းတုံးဆိုင်းနှင့် လှမ်းကြည့်လိုက်၏။

 

 

 သူ့နှုတ်ခမ်းဖြူဖျော့ဖျော့ကိုဆွဲထုတ်ကာ မည်းမှောင်သောမျက်နှာဖြင့် လျှို့ဝှက်စွာကြည့်ကာ ကြီးစိုးသောကိုယ်ဟန်အနေအထားကို ထိန်းသိမ်းကာ စူးထောင် အား ပြတ်ပြတ်သားသား အလျှော့မပေးသော သဘောထားဖြင့် ထပ်မံသရုပ်ပြခဲ့သည်။

 

 

 မကြာသေးမီအချိန်တုန်းက သူသည်သူမအား အပြင်သို့ထမင်းထွက်စားကြရန် မရမကတောင်းဆိုနေသော်လည်း သူမကငြင်းဆန်လိုက်၏။ ယခုတွင် သူက ဗိုက်ဆာနေတာဖြစ်နိုင်သည်။

 

 

 စူးထောင်က မစားရသေးသည့် အသားလုံးချောင်းကိုကိုင်ကာ သည်းမခံနိုင်တော့သည့်ပုံစံဖြင့် လက်ကိုဆန့်ကာ အသားလုံးကို သူ၏ပါးစပ်နားသို့ အရောက်ပို့ပေးလိုက်၏။

 

 

 မိနစ်ဝက်ကြာကိုင်ထားပြီးနောက် လက်ညောင်းလာသလိုပင်။ သူ့နှုတ်ကိုမဖွင့်လိုက်သော်ငြား မျက်လုံးတွေက မကြာခဏဆိုသလို အသားလုံးဆီသို့ အကြည့်ရောက်နေသည်။

 

 

' သူမနဲ့ အပေးအယူလုပ်ဖို့ စောင့်နေတုန်းပဲလား။'

 

 

 စူးထောင်သည် အချိန်အတော်ကြာ ပြောစရာစကားမဲ့သွားပြီး လက်ကိုပြန်ဆုတ်လိုက်ခါနီးတွင် သူက ခပ်သေးသေးအသားလုံးကို ကိုက်လိုက်ပြီး နှစ်ချက်သုံးချက်မျှဝါးကာ မျိုချလိုက်၏။

 

 

စားပြီးနောက် ပါးစပ်ကိုလက်မဖြင့် သုတ်လိုက်ကာ မာနကြီးသော ကိုယ်ဟန်အမူအရာဖြင့် ပြန်ထိုင်နေတော့သည်။

 

 

 စူးထောင်က နှုတ်ခမ်းကိုတွန့်ကွေးရင်းနှင့် သူ့ကို မျက်လုံး လှန်ကြည့်လိုက်၏။ ဤသည်မှာ ဗိုက်ဝသွားသည်နှင့် ကျွေးသည့်လက်ကိုပြန်ကိုက်နေသကဲ့သို့ပင်။

 

 

စူးထောင်က အချိန်ကိုသတိမထားမိဘဲ ဇာတ်လမ်းတွဲကို ပြီးသွားသည်အထိကြည့်နေမိ၏။ သူမသည် သွားရည်စာ အမြောက်အများကို စားထားရင်း သမ်းဝေလိုက်ကာ အချိန်ကိုကြည့်လိုက်တော့ ည၁၀နာရီပင်ထိုးနေနှင့်ပြီ။

 

 

သူမသည် ဇာတ်လမ်းတွဲကို စိတ်နှစ်ကိုယ်နှစ်ကြည့်နေသဖြင့် တစ်စုံတစ်ခုကို မေ့သွားနေပုံရ၏။

 

 

သူမအကြည့်တွေက လက်ထဲရှိဖုန်းမှ သူမရှေ့ရှိ ဆိုဖာပေါ်တွင်ထိုင်နေသော ရှဲ့ကျင်ဆီကို အကြည့်ရောက်သွားသည်။

 

 

 စိုးမိုးခြယ်လှယ်သော ကိုယ်ဟန်အနေအထားကို ထိန်းထားသော်လည်း အိပ်ပျော်နေသလိုမျိုး ဆိုဖာ၏ နောက်ကျောဘက်သို့ သူ့ဦးခေါင်းက သဘာဝအတိုင်း လန်ကျနေ၏။

 

 

 စူးထောင်သည် အခန်းထဲရှိ ရေချိုးကန်ကို ကြည့်လိုက်ကာ သူမ ရေလည်းမချိုးနိုင်တော့သလို၊သူနှင့်အတူလည်းမအိပ်နိုင်သဖြင့် အခန်းထဲမှ တိတ်တဆိတ်ထွက်လာကာအရှေ့ကောင်တာတွင် နောက်ထပ်အခန်းတစ်ခန်း ငှားလိုက်ရသည်။

 

 

ဒုတိယရက်မြောက်မနက်တွင် စူးထောင်က ပင်လယ်ရေအောက်ပုံစံအခန်းကို ဖြတ်သွားရင်း တစ်ခဏမျှ တုံ့ဆိုင်းသွားကာ ပြန်ဆက်လျှောက်လိုက်၏။

 

 

 သို့ရာတွင် သူမသည် ဟိုတယ်ဧည့်ခန်းထဲမှ ထွက်လာသည်နှင့်တပြိုင်နက် နေရောင်ခြည်ကို ကျောပေးထားသည့် အရပ်ရှည်ရှည်ပုံပန်းသဏ္ဍာန်က သူမကိုပိတ်ရပ်လိုက်သည်။

 

 

ရှဲ့ကျင်၏မျက်နှာအရောင်သည်ဖြူဖျော့နေပြီး မျက်ကွင်းများလည်းညိုနေကာ ညင်းသိုးသိုးဖြစ်နေ၏။'သူချောတာလည်းမပြောနဲ့လေ ဒီလိုညင်းသိုးသိုရုပ်မျိုးဖြစ်နေတာတောင် ချောမောခန့်ညားနေတုန်းပဲ။'

 

 

"မနေ့ညက ဘယ်တွေသွားနေတာလဲ" သူ့လေသံက ဒေါအပြည့်နှင့် ဟိုတယ်တစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်လိုက်ချင်သလိုမျိုး ဖြစ်နေသည်။

 

 

 စူးထောင်ဟာ နနှစ်ဖက်နှစ်ခမ်းရှိ ဝန်ထမ်းတွေကို ကြည့်လိုက်ရင်း "ဒီနေရာမှာ ပြောမှဖြစ်မှာလား။"

 

 

 "ကားပေါ်တက်"

 

 

 'ကားပေါ်တက်'ဆိုတဲ့စကားက ကုမ္ပဏီသွားတဲ့လမ်းမှာ ရှဲ့ကျင်အိပ်သွားချင်လို့ စူးထောင်ကို ကားမောင်းစေချင်တဲ့သဘောပင်။'

 

 

 စူးထောင်သည် အေးအေးဆေးဆေးပင် ကားစက်နှိုးလိုက်သည်။

 

 

' သူမက သူ့အတွင်းရေးမှုး ဖြစ်နေသေးပေမယ့် ဒီလိုမျိုးယုတ္တိမတန်တဲ့ သူ့ဒရိုင်ဘာအလုပ်မျိုးကိုတော့  လုပ်စရာမလိုဘူးလေ။'

 

 

 လီဗာကို ညာခြေထောက်ဖြင့် သူမနင်းလိုက်ပြီး ကားသည် မြင်းရိုင်းတစ်ကောင်ပြေးနေသကဲ့သို့ လမ်းမပေါ် အရှိန်ပြင်းစွာထွက်သွား၏။

 

 

 ကံကောင်းထောက်မစွာပင် ကားခုံသည် ရည်အသွေး အလွန်ကောင်းမွန်သောကြောင့် ရှဲ့ကျင်က ထိုင်ခုံပေါ်မှ ခုန်မတက်သွားပေ။

 

 

 ရှဲ့ကျင်သည် အေးအေးသာသာ အမူအရာရှိသည့် စူးထောင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ကာ တိတ်တဆိတ်ပင် ထိုင်ခုံခါးပတ်ကိုခပ်တင်းတင်း ပတ်လိုက်သည်။

 

 

 ကားသည် မကြာခဏလမ်းကြောပြောင်းနေကာ ယာဉ်တန်းများကြား ဖြတ်သွားရင်း တီတီ တီတီ ဟွန်းသံပေးပြီး ယာဉ်မောင်းသမားများကို မြန်မြန်မောင်းရန်နှင့်လမ်းဖယ်ပေးရန် တီးနေ၏။

 

 

 အိပ်ပျော်နေသော ရှဲ့ကျင်သည် ရုတ်တရက် လန့်နိုးလာပြီး နီရဲနေသော မျက်လုံးများကို ဖွင့်ကာ စူးထောင်၏ တည်ငြိမ်နေသောမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒေါသမထွက်ဘဲ ပြန်မှိတ်လိုက်သည်။

 

 

နောက်ဆုံးတွင်မူ ကားသည် မြေအောက်ကားပါကင်တွင် လုံခြုံစွာဖြင့်ရပ်သွားကာ စူးထောင်က သူမ၏ထိုင်ခုံခါးပတ်ကိုဖြုတ်ကာ တည်ငြိမ်သောအမူအရာဖြင့် ကားထဲမှ ထွက်လာ၏။

 

 

 ရှဲ့ကျင်ဟာ သေဘေးမှလွတ်မြောက်သွားသလို သက်တောင့်သက်သာခံစားလိုက်ရသည်။

 

 

 ဓာတ်လှေကားက အပေါ်ဆုံးထပ်သို့ ရောက်သွားသောအခါတွင် သူတို့နှစ်ယောက်သည် လူတိုင်းရဲ့မြင်ကွင်းတွင် ပေါ်လာပြီး  တစ်ယောက်က တတ်တတ်ကြွကြွနှင့်စွမ်းအားပြည့်နေပြီး ကျန်တစ်ယောက်က သုန်မှုန်နေကာ ဆန့်ကျင်ဘက်ပင်။

 

 

 မနက်တိုင်း လက်ဖက်ရည်သောက်ခန်းတွင် လူများနှင့်ပြည့်နေပြီး ညဇီးကွက်များသည် အသက်ရှင်ရန်အတွက် ကော်ဖီကို အားကိုးနေကြ၏။

 

 

စူးထောင်သည် ရှဲ့ကျင်၏အနက်ရောင်ခွက်ကို ကိုင်ပြီးဝင်လာသည်နှင့် တပြိုက်နက် အားလုံးက လမ်းဖယ်ပေးလာကြသည်။

 

 

 စူးထောင်ကို သဘောမကျဘူးဆိုရင်တောင် ဥက္ကဌ၏ ကော်ဖီကိုတော့ နှောင့်နှေးအောင် သူတို့မလုပ်ရဲပေ။

 

 

 လက်ဖျော်ကော်ဖီဖျော်နည်းက သူမသင်ထားဖူးပြီး  ကော်ဖီနှပ်လိုက်သည့်အခါတိုင်း ကော်ဖီရနံ့က အခန်းထဲပြန့်သွား၏။

 

 

 ရှဲ့ကျင်းသည် မနက်တိုင်း ကော်ဖီသောက်ရသည်ကိုမကြိုက်ဘဲ နေ့လယ်ခင်းချိန်တွင်သာ သောက်ရသည်ကိုနှစ်သက်သည်။ စူးထောင်လည်း မနက်ခင်းတိုင်း သူတို့နှင့်အတူတန်းစီရတာမျိုးကိုမကြိုက်ပေ။

 

 

 'ဒါကြောင့် လူတော်တော်များများရှေ့မှာ ကော်ဖီဖျော်ရတာက အကဲခတ်ခံနေရသလိုပဲ ခံစားရတယ်။'

 

 

 သူမဖျော်ထားသည့်ကော်ဖီအိုးကြီးကိုကိုင်ရင်း ရှဲ့ကျင်၏ခွက်ထဲသို့ အနည်းငယ်လောင်းထည့်လိုက်ပြီး ကျန်ရှိနေသေးသော ကော်ဖီအိုးကြီးကိုချလိုက်ကာ ပြုံးရင်းနှင့်ပြောလိုက်၏။  " နည်းနည်းကျန်သေးတယ်၊ သောက်ချင်တဲ့သူ ယူလိုက်နော်။"

 

 

 စူးထောင် အခန်းထဲမှ ထွက်သွားသည်နှင့် တပြိုင်နက် လူတိုင်းက အလျင်အမြန်ပင် သူ့တို့အတွက်ကော်ဖီတွေ လောင်းထည့်ကြတော့သည်။

 

 

 ရှဲ့ကျင်းထံ စူးထောင် ကော်ဖီယူလာသောအချိန်တွင် သူကနဖူးပေါ်လက်တင်ထားပြီး စာရွက်စာတမ်းတစ်ရွက်ကို လှန်ကြည့်နေ၏။

 

 

 နေအလင်းရောင်က သစ်သားဖြင့်ပြုလုပ်ထားသောလိုက်ကာများမှတဆင့် လင်းလက်နေပြီး အနည်းငယ် ပြိုးပြိုးပြက်ပြက်ဖြစ်နေကာ စာရွက်စာတမ်းများပေါ်တွင်ကျရောက်နေသောကြောင့် ဖတ်ရသည်မှာမျက်စိကျိန်းနေစေသည်။

 

 

 စူးထောင်က ကော်ဖီခွက်ကိုချကာ ပြတင်းပေါက်ဆီသို့လှမ်းသွားကာ လိုက်ကာများကို ပိတ်လိုက်၏။ပြိုးပြိုးပြက်ပြက် နေအလင်းရောင် ပျောက်ကွယ်သွားသည်နှင့် ရုံးခန်းကအနည်းငယ်မှောင်သွားပြီး အေးချမ်းသွားသယောင်။

 

 

ရှဲ့ကျင်သည် ခေါင်းငုံ့ထားကာ  စာရွက်စာတမ်းများကိုကြည့်နေ၏။ ရုံးခန်းထဲတွင် အနားယူခန်းတစ်ခန်းရှိနေပြီး သူ့အင်္ကျီအဝတ်အစားကို ပြောင်းထားပြီး မုတ်ဆိတ်မွေးများကိုလည်း ရိတ်ထားပြီးနှင့်ပုံရသည်။

 

 

 သူ့ဆံပင်ဟာ ရေအနည်းငယ်စိုနေပြီး ဂျယ်လ်ပင်လိမ်းစရာမလိုဘဲ နဖူးပေါ်တွင်သဘာဝအတိုင်း ပုံကျနေကာ အသက်ငယ်ရွယ်သွားသယောင်။ ငယ်ရွယ်သည့်ပုံစံရှိသော်ငြား သေသပ်နေသောအသင့်ချုပ်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားသဖြင့် ခပ်မိုက်မိုက်ဥက္ကဌတစ်ဦးကဲ့သို့ပင်။

 

 

 သူမ၏နုတ်ထွက်စာအား စာရွက်စာတမ်းများထားရာ နေရာလွတ်ပေါ်တွင် ရှိနေသည်ကို စူးထောင်တွေ့လိုက်ရ၏။ သူမ၏နုတ်ထွက်စာမှာ အေးစက်စက်စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ်လေးပမာ။

 

 

 'ခဏတုန်းက ဟယ့်ရှောင်ရွေ့က သူမကို ဝန်ထမ်းအသစ်တွေခေါ်ဖို့ဆို ဥက္ကဌလက်မှတ်ထိုးထားတဲ့နုတ်ထွက်စာနဲ့ လုပ်ငန်းစဉ်ကို အတည်ပြုပေးမှ အကောင်အထည်ဖော်လို့ရမှာဆိုပြီး ပြောထားတယ်။'

 

 

စူးထောင်သည် ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်၏။ "ဥက္ကဌရှဲ့ ကျွန်မရဲ့ နုတ်ထွက်စာကို ဘယ်အချိန်အတည်ပြုပေးမှာလဲ။"

 

 

 ခေါင်းငုံ့ပြီးတိတ်ဆိတ်နေသော ရှဲ့ကျင်ဟာ မျက်ခုံးကို ပင့်လိုက်ရင်း ဖြည်းညှင်းစွာ စိုက်ကြည့်လာ၏။

 

 

 အနက်ရောင်မျက်ဆံများတွင် သူမ၏ မျက်နှာအရိပ်ထင်နေကာ မျက်လုံးများက နီရဲနေသေးပြီး မျက်ကွင်းဟောက်ပက်နှင့်ပင်။

 

 

 "စူးထောင် ခြိမ်းခြောက်ခံရတာကို ကိုယ်မကြိုက်ဘူး"

 

 

' သူမနာမည်အရင်းကို ခေါ်တဲ့အချိန်က သူတကယ်ပျော်မနေဘူးဆိုတာ ပြနေတာပဲ။'

 

 

 'အရင်က ဒီလိုနာမည်အပြည့်အစုံ ခေါ်တာမျိုးကို  ဒုတိယနှစ်မှာ ယောက်ျားလေး အတန်းဖော်နဲ့ စနောက်နေတာကို သူတွေ့သွားတုန်းက သတိပေးတဲ့အနေနဲ့ ခေါ်ဖူးတယ်။'

 

 

 "ကျွန်မရှင့်ကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး။" စူးထောင်က သူမ၏ကြည်လင်သောမျက်ဝန်းကို ခတ်လိုက်ရင်း "တကယ်ကို နှုတ်ထွက်ချင်နေတာ"

 

 

 'ရှဲ့ကျင်ဟာ သူမကိုစေ့စေ့စိုက်ကြည့်နေရင်း သူ့ကိုယ်ကထုတ်လွှတ်နေတဲ့ အေးစက်စက်အငွေ့အသက်နဲ့ မလှုပ်မရှားဘဲ ပြန်ပြီးအေးခဲနေပုံရတယ်။'

 

 

' စူးထောင်က လိုက်ကာတွေကို ရုတ်တရက် ပိတ်လိုက်မိတဲ့အတွက် နောင်တရသွားတယ်။ မဟုတ်ရင် နေအလင်းရောင်နဲ့ဆို သူအေးခဲသွားတော့မှာမဟုတ်ဘူးလေ။'

 

 

 အချိန်အတော်အတန်ကြာပြီးနောက် နောက်ဆုံးတွင် သူလှုပ်ရှားလာပြီး မျက်လွှာချလိုက်ကာ သူ့လက်ထဲက ဘောပင်နဲ့ စာရွက်စာတမ်းများပေါ်တွင် လက်မှတ်ထိုးလိုက်ပြီး သူ့လေသံက မနက်တုန်းကထက်ပင် ခက်အက်အက်လေးဖြစ်နေသည်။

 

 

 "ရှောင်ထောင်လေး မင်းငါ့ကို ခဏခဏဒေါသထွက်အောင်လုပ်ရင် အပြစ်ပေးခံရမယ်ဆိုတာ သိထားရမယ်။ နောင်ကျရင် မင်းနဲ့အတူ နေ့လယ်စာစားဖို့အဖော်မပြုပေးတော့ဘူး။"

 

 

 စူးထောင်  - "!!!"

 

 

'ဒီလိုရုတ်တရက် ရောက်လာတဲ့ပျော်ရွင်မှုက တကယ်ပဲလား။'

 

 

'ကိုယ်ဘာသာကိုယ် နေ့လယ်စာရွေးပြီး ကြိုက်တာစားလို့ရပြီပေါ့လေ။'

 

 

"ကျေးဇူးပါ သူဌေး။"

 

 

'အမြဲတမ်းတည်ငြိမ်ပြီး အမူအရာမဲ့နေကျ စူးထောင်တစ်ယောက် နှလုံးသားထဲထိ ပျော်ရွင်နေပြီး ထွက်သွားတဲ့အချိန်မှာတောင် စိတိကောင်းဝင်တဲ့ပုံစံမျိုးဖြစ်နေတယ်။'

 

 

ရှဲ့ကျင် - "......?"