အပိုင်း ၆
Viewers 672

အပိုင်း

 

 

 

စူးထောင်သည် ဟယ့်ရှောင်ရွေ့နှင့်ဆုံပြီး လက်ဖက်ရည်သောက်ခန်းဆီသို့ ပထမဆုံးအကြိမ်လှမ်းဝင်လာခဲ့သည်။

 

 

လက်ဖက်ရည်သောက်ခန်းထဲက အစားအစာများသည် ကောလဟာလအတိုင်းပင် ဆိုးရွားနေသော်လည်း စူးထောင်ကတော့ ပျော်ရွင်စွာနှင့်စားနေ၏။

 

 

'ပင်လယ်စာ မပါတဲ့နေ့လယ်စာက အရသာအရှိဆုံးနေ့လည်စာပဲ။'

 

 

စူးထောင်ပျော်ရွင်စွာစားနေသည်ကိုကြည့်ရင်း ဟယ့်ရှောင်ရွေ့တစ်ယောက် မျက်လွှာချလိုက်ကာ သူမစားနေသည့်အစားအစာမှာ စားဖိုးမှူးတစ်ယောက်ထဲမှ ချက်ထားသည့် အစားအစာမဟုတ်သလိုမျိုး ခံစားလိုက်ရ၏။

 

 

မီးရောင်အောက်တွင် စူးထောင်၏ စိန်လက်ကောက်က သူမလှုပ်ရှားလိုက်တိုင်း တလက်လက်ဖြစ်နေပြီး  ဟယ့်ရှောင်ရွေ့၏ မျက်လုံးနှင့်နှလုံးသားကို ဖမ်းစားထား၏။

 

 

"ထောင်ထောင် နင့်လက်ကောက်က အရမ်းလှတာပဲ။ စိန်ကလည်းကြီးလိုက်တာ။"

 

 

စူးထောင်သည် ဟယ့်ရှောင်ရွေ့၏ စကားကိုကြားသည်နှင့်တူကိုချကာ ထိုလက်ကောက်အား နေ့တိုင်းလိုလိုဝတ်ထားမိသည်ကို သတိထားမိသွား၏။

 

 

'သူ့ရဲ့ အလေ့အထတွေက သူမဘဝရဲ့ကဏ္ဍတိုင်းကို လွှမ်းခြုံနေပြီး ဘယ်ထောင့်ကနေ ထွက်လာမယ်မှန်း မပြောနိုင်ဘူး။'

 

 

ဟယ့်ရှောင်ရွေ့၏ စကားက နံဘေးဝိုင်းရှိ လုပ်ဖော်ကိုင်ဖက်များရဲ့ အာရုံကိုဆွဲဆောင်သွားမိပြီး စိတ်မြန်လက်မြန်ရှိသော ဖော်ကိုင်ဖက်တစ်ယောက်က ရုတ်တရက်ပြောလိုက်သည်။ "အတွင်းရေးမှူးချင်မှာလည်း အဲဒီလိုပုံစံမျိုးတစ်ကွင်းရှိတယ်။"

 

 

စူးထောင်သည် သူမကိုလှည့်ကြည့်လာသောအခါ ထိုလုပ်ဖော်ကိုင်ဖက်အမျိုးသမီးက သူမ မပြောသင့်တာကို ပြောမိသွားမှန်းသတိရသွား၏။

 

 

"တစ်ပုံစံထဲပဲလား။" စူးထောင်က သူမကိုမေးလိုက်သည်။

 

 

ထိုအမျိုးသမီး၏ မျက်နှာက အေးခဲသွားပြီး သူမနံဘေးရှိလူကိုကြည့်တော့သည်။ လူတိုင်းက ခေါင်းငုံ့ပြီး စားသောက်ခြင်း၌သာ နှစ်မြုပ်ထားကြရင်း သူမရဲ့ အကူအညီတောင်းနေသော အကြည့်ကိုလျစ်လျူရူထားကြ၏။

 

 

'နောက်ကွယ်မှာ အတင်းတုပ်တာက အဆင်ပြေပေမယ့် အတင်းပြောခံရသူရှေ့မှာ သွားပြောမိရင်တော့ ရန်ရှာတာဖြစ်သွားပြီလေ။'

 

 

"အာ.. ဟုတ်..ဟုတ်လောက်မယ်ထင်တာပဲ။ ငါသေသေချာချာ မမြင်လိုက်ရဘူး။"

 

 

"နင်တို့ အတွင်းရေးမှူးချင်ရဲ့ လက်ကောက်အကြောင်း ပြောနေကြတာလား။" ထျန်ရင်ရင်၏ ဒေါက်ဖိနပ်သံက စည်းချက်ကျကျထွက်လာရင်း လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသည့် နေ့လည်စာနှင့်အတူ စူးထောင်နံဘေးတွင်ထိုင်ချလိုက်၏။

 

 

"သူမ ပိုစ့်တင်ထားတာကို ငါမြင်ဖူးတယ်၊ နင့်ကိုရှာပေးမယ်" လက်သည်းနီဆိုးထားသောလက်များဖြင့် ဖုန်းကိုခြစ်နေရင်း စက္ကန့်အနည်းငယ်အကြာတွင်သူမရှာတွေ့သွားကာ ကြင်နာစွာဖြင့် စူးထောင်အား သူမဖုန်းကိုကမ်းပေးလိုက်သည်။

 

 

တင်ထားတဲ့စာ - တန်ဖိုးကြီးတယ်ဆိုတာ ဈေးနှုန်းကြောင့်မဟုတ်ဘူး၊ စိတ်ရင်းစေတနာက စစ်မှန်မှသာ တန်ဖိုးကြီးတယ်လို့ခေါ်တာ။

 

 

တင်ထားသောပုံ - ပလက်တီနမ်စိန်လက်ကောက်တွင် ကြီးမားသော စိန်ကြီး၈လုံးပါရှိပြီး စိန်တစ်ပွင့်စီတွင် နှင်းပွင့်သဏ္ဍာန်စိန်လေးဖြင့် ဝန်းရံထားသည်။

 

 

သူမလက်ထဲရှိလက်ကောက်နှင့် ယှဉ်ကြည့်လိုက်သောအခါ တူနေရုံတင်မဟုတ် လုံးဝတစ်ပုံစံတည်းပင်။

 

 

'တင်ထားသည့်အချိန်က လွန်ခဲ့သော၄နှစ်လောက်ကအချိန်ကိုပြနေပြီး ချင်ရွယ်ရှီးက တကယ့်ကို ပိုစ့်ဖျက်တဲ့အကျင့်မရှိဘူးပဲ။'

 

 

စူးထောင်သည် သူမပါးစပ်ကို တစ်ရှူးဖြင့်သုတ်လိုက်တော့ ဟယ့်ရှောင်ရွေ့ကလည်း နေ့လယ်စာကိုစားလို့ပြီးနေ၏။ သူမက ထျန်ရင်ရင်၏ ပခုံးကိုပုတ်လိုက်ရင်း ညင်သာစွာဖြင့်ပြုံးပြလိုက်ကာ "၄နှစ်အကြာက ပိုစ့်ကိုတောင် မှတ်မိနေသေးတယ်။ နင့်မှတ်ဉာဏ်တော်တော်ကောင်းတာပဲနော်။"

 

 

ထျန်ရင်ရင်က မင်သက်သွားပြီး စူးထောင်၏ တရွေ့ရွေ့ထွက်သွားသည့်ပုံရိပ်ကိုကြည့်ရင်း ခပ်ဖွဖွ ညည်းတွားကာ သူမ၏နေ့လယ်စာကို ဆက်စားနေတော့သည်။

 

 

စူးထောင်သည် ဟယ့်ရှောင်ရွေ့နှင့်လမ်းခွဲကာ ထိန်ဆုံးအထပ်သို့ပြန်တက်သွားပြီး မျက်နှာမှာလည်း ကြည့်မကောင်းပေ။

 

 

'သူမ ဂရုမစိုက်ဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့။'

 

 

'လွန်ခဲ့တဲ့၄နှစ်တုန်းက ရှဲ့ကျင်နဲ့အတူရှိနေရတဲ့အကြောင်းပြချက်က ပုံမှန်ဆို သူမကိုစိတ်လုံခြုံမှုပေးစွမ်းနိုင်တာမလို့ပဲလေ။'

 

 

သူမအတွက်သာ သီးသန့်တည်ရှိနေသည့်ခံစားချက်လိုမျိုး။

 

 

'တကယ်လို့ ပြီးခဲ့သည့် လေးနှစ်လောက်ကသာ သူ့စိတ်ထဲမှာ တခြားတစ်ယောက်ရှိပြီး သူမကိုဒီအတိုင်းအစားထိုးအနေနဲ့သာ ဆက်ဆံခဲ့မယ်ဆိုရင် သူမက သူ့ရဲ့ကြောက်ရွံ့ထိတ်လန့်တာတွေနဲ့ ထိန်းချုပ်တာတွေကို ဘာလို့သည်းခံပေးရမှာလဲ။'

 

 

' ဒီလိုဆို သူမရဲ့လေးနှစ်တာအချိန်က ရယ်စရာကောင်းမနေဘူးလား။'

 

 

 "အတွင်းရေးမှူး စူး" ရုတ်တရက် ခေါ်လိုက်တဲ့အသံက စူးထောင်ကို အတွေးထဲနစ်မြုပ်နေရာမှ ဆွဲထုတ်သွား၏။

 

 

 ကျင်းချွေ့ဝမ်သည် မည်းမှောင်သောမျက်နှာနှင့် ဒေါသတကြီးဖြင့် သူမကို ကြည့်နေသည်။

 

 

'စူးထောင်က သူတောင်းဆိုထားတဲ့ ကုန်ကျစရိတ်ပေးချေရမယ့် ချလန်ကို သုံးကြိမ်လုံးလုံး ပယ်ချထားတယ်။ ဒီနေ့မှာတော့ ရှင်းပြချက်ကို ရအောင်တောင်းရမယ်။'

 

 

 "အတွင်းရေးမှူးစူး ဒီယွမ်၁၃၀၀ကို ကျွန်တော်ပြန်ယူလို့ရမလားဆိုတာကို သိချင်တယ်။"

 

 

 စူးထောင်သည် ခေါင်းမော့ပြီး ကုမ္ပဏီ၏အသက်အငယ်ဆုံး ဒါရိုက်တာကို ကြည့်လိုက်၏။

 

 

'အသက်၃၀ပဲရှိသေးပြီးတော့ တက္ကသိုလ်ကောင်းကောင်းကနေ ဘွဲ့ရထားတယ်၊ အတွေ့အကြုံလည်း များတယ်။ ပြောကြတာတော့ စိတ်သဘောထားလည်းပြည့်ဝတယ်ဆိုပဲ။ နောက်ဆုံးအချက်ကတော့ ရုပ်ရည်လည်း မဆိုးပါဘူး။'

 

 

သူဟာ သနပ်ခါးရောင်အပေါ်ထပ်အင်္ကျီကိုခတ်လိုက်ပြီး ခါးထောက်ထားသည်မှာ အထက်စီးဆန်ပုံရသည်။

 

 

 စူးထောင်သည် စားပွဲပေါ်တွင်ချထားသော ကုန်ကျစရတ်ပြန်အပ်ငွေချလန်ကို တစ်ချက်ယူကြည့်လိုက်ပြီး "ကုန်ကျစရိတ်ပေးထားတဲ့ ငွေပမာဏက သတ်မှတ်ထားသည့်စံနှုန်းထက် ကျော်လွန်နေတယ်။ ပြန်မထုတ်ယူခင် စည်းမျဉ်းများနှင့်အညီ ပြန်လည် ပေးချေရမည့်ပမာဏကို ဖြည့်ပေးရမယ်"

 

 

 "ဟုတ်ပြီ၊ သတ်မှတ်ထားတဲ့စံနှုန်းက ဘယ်နားမှာကျော်နေလဲဆိုတာ ပြောပေးလို့ရမလား။ ကုမ္ပဏီကိုယ်စား clientတွေကိုညစာကျွေးရင်လည်း ကိုယ်တိုင်ကုန်ကျခံပေးရမှာလား။"

 

 

' ကျင်းချွေ့ဝမ် စူးထောင်ကို စိန်ခေါ်ရဲတဲ့အချက်ကတော့ သူကစီနီယာကျလို့ပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့၆နှစ်လောက်က ဒီကုမ္ပဏီထဲကို သူဌေးနဲ့အတူတူဝင်လာပြီးတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ဒီလိုအဆင့်ရောက်အောင် တဆင့်ပြီးတဆင့် တက်လာတာ။'

 

 

' ဒုတိယအချက်အနေနဲ့ကတော့ သူဌေးက ကုန်ကျစရိတ်ကျပေးရမယ့် ဝင်ငွေ၊ထွက်ငွေ စရင်းအလုပ်ကို စူးထောင်ဆီပေးမယ်လို့ ကြေငြာချက်ထုတ်ပြန်လိုက်တုန်းက သူကတော်တော်လေးကို ဒေါသထွက်ပြီး စိတ်တိုနေတာ။ သူဌေးက ခြိမ်းခြောက်ခံရတာများလား။'

 

 

'တကယ်လို့ ဒီတစ်ကြိမ်တာအောင်မြင်သွားပြီး ကိုယ့်ကိုယ်ကိုထိန်းချုပ်တတ်ဖို့ မသင်ယူဘူးဆိုရင် သူဌေးရဲ့ဒေါသနဲ့ဝေးတော့မှာမဟုတ်ဘူး။

 

 

'မောက်မာတာက ရှုံးနိမ့်ခြင်းကိုပဲ ဖြစ်စေတယ်။ စူးထောင်ဟာ ငယ်သေးတယ်၊ သူမဒီလိုသဘောတရားတွေကို သိလောက်မှာမဟုတ်ဘူး။'

 

 

သူမလို ကလေးမလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့ရဲ့ကုန်ကျစရိတ်ပေးချေရမယ့်ဖောင်ကို အနှောက်အယှက်ပေးရဲရတာလဲ။ ကိုယ့်နေရာကို ကိုယ်မသိဘူး။

 

 

ငြင်းခုန်နေကြသည့်သူနှစ်ဦးမှာ ဆန့်ကျင်ဘက်ခြမ်းမှ လိုက်ကာ မြင့်တက်သွားသည်ကို သတိမထားမိကြချေ။

 

 

အနက်ရောက်မျက်လုံးများက သိမ်းငှက်တစ်ကောင် သားကောင်ဖမ်းနေသကဲ့သို့ တစ်ချက်မျှပင်အလွတ်မပေးဘဲ ရက်ရက်စက်စက် စိုက်ကြည့်နေ၏။

 

 

ရှဲ့ကျင်သည် စူးထောင်နှင့်ကျင်းချွေ့ဝမ်တို့ ဘာတွေဆွေးနွေးနေကြလဲဆိုတာကို ကြည့်နေသည်။

 

 

သူတို့၏ဦးခေါင်းတွေက တဖြည်းဖြည်းနီးကပ်လာကြပြီး လက်များကလည်း စားပွဲကို အခါ၃၀ထက်မနည်းပုတ်နေကာ ခွဲခွာသွားမည့်အရိပ်အယောင်မရှိသေးပေ။

 

 

'စူးထောင်ရဲ့သွယ်လျလျလက်တွေဟာ ကွန်ပျူတာစခရင်ကို အင်နဲ့အားနဲ့ ညွန်ပြနေပြီး မျက်နှာကတည်ငြိမ်နေသော်ငြား သူမဒေါသထွက်နေပြီမှန်း ရှဲ့ကျင်သိလိုက်ပြီ။'

 

 

နောက်ဆုံးတွင်မူ သူမသည် သက်ပြင်းချလိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလာသည်။"ဒါမှမဟုတ် ရှင် ဥက္ကဌကို သွားရှာပြီး လက်မှတ်ထိုးခိုင်းလိုက်လေ။"

 

 

ကျင်းချွေ့ဝမ်၏မျက်နှာက မည်းမှောင်သွားပြီး မဖော်ရွေမှုမရှိသောလေသံဖြင့်" အတွင်းရေးမှူးစူး မင်းတမင်သက်သက် ပြဿနာရှာနေတာ မဟုတ်လား။"

 

 

"ဥက္ကဌက ကျွန်မကို ဒီအလုပ်ကိုင်တွယ်ခွင့်ပေးထားလို့ စည်းမျဥ်းစည်းကမ်းအတိုင်း လိုက်နာထားရုံပဲ။ ရှင်အသုံးပြုထားတဲ့ နေ့လယ်စာကုန်ကျစရိတ်တွေက သတ်မှတ်ထားတာထက် ပိုနေတာကို ဒီလိုဒီလိုတွေကြောင့်ပါဆိုပြီး အကြောင်းပြချက်တွေ အမျိုးမျိုးပေးနေတာလေ။ အဓိကအချက်ကတော့ ရှင့်ရဲ့အကြောင်းပြချက်တွေက ကျိုးကြောင်းဆီလျော်တယ်လို့ ကျွန်မတော့ မထင်ဘူး။ ဒီနေရာမှာကျွန်မတို့ ငြင်းခုန်နေစရာအကြောင်းလည်းမရှိဘူး။ ဒီတော့ ကျွန်မဆီမှာ အချိန်လာဖြုန်းနေမယ့်အစား ဥက္ကဌဆီကိုယ်တိုင်သွားပြီး အတည်ပြုခိုင်းလိုက်ဖို့ အကြံပေးချင်ပါတယ်။"

 

 

စူးထောင်ဟာ သူမဒီလိုပြောလိုက်ရတဲ့အကြောင်းအရင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။ သူမ မငြင်းနိုင်လို့ ရှဲ့ကျင်ဆီ တွန်းပို့လိုက်တာရုံတင်မဟုတ် နည်းလမ်းကောင်းကို ရှာလိုက်တာလည်းဖြစ်သည်။

 

 

'ဒီပြဿနာက သူမ ပြောလိုက်ရင်လည်း အပိုပဲဖြစ်နေမှာ။'

 

 

ကျင်းချွေ့ဝမ် တစ်ခုခုကို မပြောလိုက်ခင်မှာပင် သူ့နောက်ရှိ အနက်ရောင်တံခါးက ပွင့်လာ၏။

 

 

'သူ့ရဲ့နောက်ကျောမှာ အေးစက်စက်လေတွေစိမ့်ဝင်လာသလိုခံစားလိုက်ရပြီး ဘယ်သူလဲဆိုတာ နောက်မလှည့်ကြည့်ဘဲနဲ့တောင် သိနေပြီ။'

 

 

'လက်တစ်ဖက်က သူ၏ပခုံးပေါ်တွင်ရှိနေပြီးထိုလက်ကနွေးနေပေမယ့် သူဘာလို့အရိုးထဲထိအေးခဲသွားသလိုခံစားနေရပါလိမ့်။'

 

 

ငရဲမှလာသောအသံကဲ့သို့ အေးစက်စက်လေသံက သူ့နားထဲတွင်ပဲ့တင်ထပ်နေ၏။"ဒါရိုက်တာကျင်း မင်းရဲ့ကုန်ကျစရိတ်ပေးငွေက ပြဿနာရှိနေလို့လား။"

 

 

ကျင်းချွေ့ဝမ်သည် အသက်ရှုမှားမတတ်ဖြစ်သွားပြီး တံတွေးကိုခက်ခက်ခဲခဲမြိုချကာ " ဘာ.ဘာပြဿနာမှမရှိပါဘူး။ ကျွန်တော်က ဒီတိုင်းအတွင်းရေးမှူးစူးနဲ့ ဆွေးနွေးနေရုံပါပဲ။"

 

 

"ငါ့ရုံးခန်းထဲမှာ လာဆွေးနွေးလှည့်။"

 

 

ကျင်းချွေ့ဝမ်တစ်ယောက် ကူကယ်ရာမဲ့စွာနှင့် ရုံးခန်းထဲသို့ဝင်သွားရပြီးနောက် ၅မိနစ်အကြာတွင် ခေါင်းငုံ့ပြီးလမ်းလျောက်နေသော အသက်မဲ့နေသည့် ဖုတ်ကောင်ကဲ့သို့ ထွက်လာသည်။

 

 

နေ့လယ်ခင်း၌ ရုံးsystemက အနီရောင်ခေါင်းစီးနှင့် စာတမ်းကို ထုတ်ပြန်လိုက်၏။

 

 

ထျန်းကျင် (Group) Co., Ltd.၏စာရွက်စာတမ်း

 

 

ထျန်းကျင် စာအမှတ် 168

 

 

အကြီးတန်း အတွင်းရေးမှူး စူးထောင်၏ ကုန်ကျစရိတ်ပေးအပ်ငွေနှင့် အတည်ပြုခြင်းကိစ္စများနှင့် ပက်သက်၍

 

 

ဌာနများအားလုံးဆီသို့ -

 

 

စူးထောင်၏ အလုပ်တာဝန် သိသိသာသာတိုးလာခြင်းကြောင့် မလိုလားအပ်သော တာဝန်များကို လျှော့ချရန်  ပြန်လည်ပေးချေခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် ပယ်ချခံရသည့် မည်သည့်ကုန်ကျစရိတ် ပြန်အမ်းငွေချလန်ကိုမဆို ပြန်လည်လျှောက်ထားခွင့်မပြုပါ။ ထို့အပြင် စူးထောင်းအား သီးသန့်မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများမပြုလုပ်ရ။

 

 

 သူမအလုပ်အပေါ် ကန့်ကွက်မှုများရှိပါက ဥက္ကဌရုံးခန်းသို့ တိုက်ရိုက်အယူခံဝင်နိုင်သည်။

 

 

 အနီရောင်ခေါင်းစီး စာရွက်စာတမ်းကို ထုတ်ဝေပြီးနောက် စူးထောင်၏ နာမည်သည် အနားယူခန်းနှင့် လက်ဖက်ရည်သောက်ခန်း ထောင့်ပါမကျန် နေရာအနှံ့ တဖန်ပြန့်သွားပြီး ထိုအကြောင်းအရာမှာ အချိန်အတော်အကြာ ဆက်လက် လူပြောများနေ၏။

 

 

အနီရောင်ခေါင်းစီးစာရွက်စာတမ်းတွင် စကားလုံး ခုနစ်လုံးနှင့်သာပြည့်နေသည်။ " ဥက္ကဌက စူးထောင်ကို ထောက်ခံတယ်။"

 

 

 စူးထောင်သည် သူမကွန်ပြူတာပေါ်မှ စာတမ်းကိုပိတ်လိုက်ပြီး ရုံးခန်းထဲရှိ ဒေါသထွက်နေသော ရှဲ့ကျင်ကိုကြည့်လိုက်ကာ သက်ပြင်းချလိုက်ရင်း စာရွက်စာတမ်းများကိုယူပြီး အစည်းအဝေး တက်ရန်ပြင်ဆင်လိုက်၏။

 

 

နှစ်လယ်အစည်းအဝေးနှင့် Brand ပရိုမိုးရှင်းလုပ်ရေးတို့ကို ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ပြီး ဈေးကွက်ရှာဖွေရေးဌာန၊ ကြော်ငြာဖြန့်ဝေရေးဆိုင်ရာဌာန နှင့် ဥက္ကဌရုံးရှိလူများက အစည်းအဝေးကိုတက်ရောက်ရမည်။

 

 

 အစည်းအဝေးခန်း၌ ဌာနသုံးခုမှအဓိကခေါင်းဆောင်များနှင့် အမှုဆောင် ဒါရိုက်တာများသည် အစည်းအဝေးအတွက် စုရုံးနေကြ၏။

 

 

 စူးထောင် ရောက်ရှိလာခြင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။

 

 

 သူမသည် စောင့်ကြည့်ခြင်းကို ခံဖူးသူဖြစ်သောကြောင့် ထူးဆန်းသောအကြည့်များကို ဂရုမစိုက်ဘဲ ကွန်ပျူတာကို တိတ်တဆိတ်ဖွင့်ကာ ဖိုင်များကို ဆွဲထုတ်လိုက်၏။

 

 

 စျေးကွက်ရှာဖွေရေးဌာန အကြီးအကဲများနှင့် ကြော်ငြာဖြန့်ဝေခြင်းဆိုင်ရာဌာန အကြီးအကဲများသည် သူတို့၏အကြံဉာဏ်များကို အလှည့်ကျ တင်ပြကြသည်။

 

 

 ယခုအချိန်သည် ဥက္ကဌရုံးခန်းဘက်မှ တင်ပြရမည့်အလှည့်ဖြစ်ပြီး  ရှဲ့ကျင်၏ တစ်ဦးတည်းသော တာဝန်ခံဖြစ်သူ စူးထောင်အပြင် နေရာအချို့ကို တာဝန်ယူထားသည့် ဥက္ကဌရုံး၏ တခြားအတွင်းရေးမှူးများလည်း ရှိနေ၏။

 

 

 "ထောင်ထောင်" စူးထောင်ဘေးတွင်ထိုင်နေသော ထျန်ရင်ရင်က သူမရဲ့နူးညံ့သောအသံဖြင့် တိတ်ဆိတ်မှုကို ချိုးဖျက်ကာ စူးထောင်၏နားထဲသို့ မတိုးမကျယ်လေသံဖြင့် " နင်ပြင်ဆင်ထားတာ ဘယ်လိုနေလဲ။ အရင်က နင်လည်းတစ်ခါမှမလုပ်ဖူးဘူးလေ။ ဒီတော့ ငါ့အကူအညီလိုသေးလား။ ဒီမှာ တခြားဌာနက လုပ်ဖော်ကိုင်ဖက်တွေလည်းရှိနေတာဆိုတော့ ဥက္ကဌရုံးခန်းထဲမှာလို မဟုတ်ဘူးနော်။"

 

 

 သူမသည် စူးထောင်အား ကြင်နာစွာနှင့်တီးတိုးတီးတိုးပြောပေးနေပုံရသော်လည်း တိတ်ဆိတ်သော အစည်းအဝေးခန်းထဲရှိ လူအားလုံးက သူမရဲ့ပြောစကားများကို ကြားနေရ၏။

 

 

'ကြင်နာပုံပေါ်တဲ့စကားတွေရဲ့အဓိပ္ပာယ်ကတော့ ဒီနေရာက နင့်ဌာနမဟုတ်ဘူး။ မကိုင်တွယ်နိုင်ရင် သူမကိုပေးလုပ်လိုက် ဒါဆိုရင် နင်မျက်နှာပျက်တော့မှာမဟုတ်ဘူး။'

 

 

 လက်ရှိ ရှိနေသူအားလုံးသည် တိတ်တဆိတ် ခေါင်းငုံ့ထားကြပြီး တချို့ကတော့ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အမူအရာနှင့် ရှိနေသည်။

 

 

 စူးထောင် ရုတ်တရက်ကြီး ဥက္ကဌ၏ အကြီးတန်း အတွင်းရေးမှူးရာထူးသို့ ထိုးတက်သွားသည်က လျို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ အကြိမ်ပေါင်းများစွာထက်မနည်း သူမလက်ခံရရှိထားတဲ့အထူးဆက်ဆံခံရပုံတွေက တခြားသူများကို သူမရာထူးဟာ အနောက်ပေါက်ကနေဝင်လာပြီးရထားတာဟု ပိုမိုယုံကြည်သွားစေ၏။

 

 

' နောက်ပြီး စူးထောင်က သူဌေးမတစ်ယောက်လိုပုံစံမျိုး အမြဲလုပ်နေတာ။ ဥက္ကဌအနားမှာ အမြီးတနှံ့နှံ့ရမ်းပြီး လက်ဖက်ရည်နဲ့ရေ ကမ်းပေးတာအပြင် တခြားဘာတွေများလုပ်တတ်လဲဆိုတာ တစ်ယောက်မှမသိကြဘူး။'

 

 

 'ကုန်ကျစရိတ်ပြန်ပေးငွေ အတည်ပြုပေးဖို့ကိစ္စတုန်းကတောင်မှ ဥက္ကဌက သူမကိုထောက်ခံပြီး ဖြေရှင်းပေးနေရတယ်။ဒါက သူမအရည်အချင်းမရှိဘူးဆိုတာကို ပြနေတာပဲလေ။'

 

 

 စူးထောင်သည် ခေါင်းလှည့်ကာ ထျန်ရင်ရင်ကိုစိုက်ကြည့်လိုက်ရင်း တည်ငြိမ်သောအသံဖြင့် လူတိုင်းကြားအောင်ပြောလိုက်သည်။ "အစည်းအဝေး မစခင်တုန်းက ဘာလို့ ငါ့ကိုမမေးလဲ။"

 

 

 ထျန်ရင်ရင်၏ မျက်နှာသည် အေးခဲသွားပြီး များသောအားဖြင့် တိတ်ဆိတ်ကာ နူးညံ့လေ့ရှိသော စူးထောင်က ပြန်စောင်းပြောလာမည်ဟု မမျှော်လင့်ထားချေ။

 

 

 'ထျန်ရင်ရင်ကသာ တကယ်ဂရုစိုက်ရင် အစည်းအဝေးမစခင်မှာ မေးထားရမှာပေါ့။ ဒီအချိန်မှာ သူမကိုလာမေးတာက အရှက်ခွဲချင်ရုံအပြင် ဘာရှိဦးမှာလဲ။'

 

 

 ဤနေရာရှိ လူတစ်ဦးတစ်ယောက်မျှ  IQ များမနိမ့်ကြသဖြင့် စူးထောင်၏ ဆိုလိုရင်းကို လူတိုင်းက နားလည်သဘောပေါက်ကြပြီး လျှို့ဝှက်စွာ အကြည့်ချင်းဖလှယ်ကာ ဥက္ကဌရုံးခန်းအတွင်း အားပြိုင်မှုက အတော်လေးကို စိတ်ဝင်စားစရာကောင်းမှန်း သိရှိသွားကြ၏။

 

 

 စူးထောင်သည် လူတိုင်းကိုပျော်ရွင်စွာ showပွဲကြည့်ရန် အချိန်မပေးဘဲ အစည်းအဝေးခန်းရှေ့သို့ လျှောက်သွားကာ စာရွက်စာတမ်းကို ဖွင့်ကြည့်လိုက်သည်။

 

 

' သူမ မတိုင်ခင်ဌာနနှစ်ခုရဲ့အစီရင်ခံစာများအပေါ် အခြေခံပြီးတော့ note ထုတ်လိုက်၏။ အဓိကအချက်များနှင့် ခက်ခဲတယ်လို့ ပြောသွားသောအချက်များကို စာရင်းလုပ်လိုက်သည်။'

 

 

' သူမ ideaတချို့ပေးနိုင်တဲ့ မေးခွန်းတွေအတွက်  ဌာနဆိုင်ရာအစီရင်ခံစာကို အပြီးသတ်ပြီးနောက် ဆွေးနွေးရန်အတွက် အမှတ်အသားပြုထားလိုက်၏။

 

 

သူမ ရှင်းပြတော့မည့်အချိန်မှာပင် အစည်းအဝေးခန်းတံခါးက တွန်းဖွင့်ခံလိုက်ရသည်။

 

 

 ကျင်းချွေ့ဝမ်သည် ရှက်ရွံ့သောအမူအရာဖြင့် လှမ်းဝင်လာသည့်ပုံစံက လူတိုင်း၏အာရုံကို ဖမ်းစားသွား၏။

 

 

"သူဌေးက ကျွန်တော့်ကို လာသင်ယူခိုင်းလိုက်လို့ပါ။မင်းတို့ဆက်ပြောကြလေ။"ဟု အတင်းလုပ်ယူထားသည့်အပြုံးဖြင့် ပြောလိုက်သည်။

 

 

'သူ့ဌာနနဲ့ဘာမှမသက်ဆိုင်တဲ့ အစည်းအဝေးပွဲကို 'သူဌေးဆီကနေ "အရေးကြီးတဲ့အလုပ်"ဆိုပြီး ဘာလို့တက်ခိုင်းလဲဆိုတာ သူနားမလည်တော့ဘူး။'

 

 

'စူးထောင်နဲ့ ကုန်ကျစရိတ်စာရင်းတွေအကြောင်း ငြင်းခုံမိလို့ သူဌေးဆီကနေ ဆူပူကြိမ်းမောင်းခံလိုက်ရပြီးကတည်းက စူးထောင်ဟာ သူဌေးရဲ့အမြင်မှာ သာမန်ဝန်ထမ်း မဟုတ်ဘူးဆိုတာကို သူသဘောပေါက်သွားလို့ ပြဿနာ ထပ်မရှာရဲတော့ဘူးလေ။'

 

 

'သူဌေးက ဘာလို့သူ့ကို ပစ်မှတ်ထားနေသေးတာလဲ။'

 

 

'စူးထောင်ကို သွယ်ဝိုက်ပြီး ကူညီပေးဖို့၊ တစ်ယောက်ယောက်က သူမကို အခက်တွေ့စေချင်ရင် ဒါမှမဟုတ် သူမအလုပ်မှာ အမှားအယွင်းတစ်ခုခုရှိနေရင် သူကိုင်တိုင်ထွက် ဖြေရှင်းပေးလိုက်ဖို့နဲ့ တိတ်တိတ်လေး သူဌေးဆီပြန်အစီရင်ခံဖို့ လုပ်ခိုင်းထားတယ်။'

 

 

ထိုကဲ့သို့ခက်ခဲသည့်အလုပ်နှင့်အတူ ကျင်းချွေ့ဝမ်သည် အစည်းအဝေးခန်း နောက်တွင်ထိုင်ကာ မှတ်စုစာအုပ်အသေးတစ်အုပ် အသင့်ပြင်ထားရင် စူးထောင်အား ပြုံးပြုံးလေးနှင့်ဆက်လုပ်ရန် ပြောလိုက်၏။

 

 

 စူးထောင်က ကျင်းချွေ့ဝမ်ကို ဂရုမစိုက်တော့ဘဲ နွေဦးကဲ့သို့ နွေးထွေးပျော့ပြောင်းသော လေသံဖြင့်  စည်းမျဉ်းစည်းကမ်းများကို ရှင်းပြနေကာ အဓိကအချက်များကို အာရုံစိုက်ထားသည်။သူမ၏အလုပ်အစီအစဉ်များသည် ဆန်းသစ်ပြီးခိုင်မာနေပြီး ယခင်နှစ်များ၏ အစီအစဉ်များထဲမှ ပျက်ကွက်မှုများကို ရှောင်ရှားနေ၏။

 

 

သူမသည် သူမ၏အလုပ်အပေါ် တကယ်ဂရုတစိုက်လုပ်ဆောင်နေမှန်း ကြည့်လိုက်တာနဲ့သိလိုက်ရသည်။

 

 

 အစည်းအဝေးခန်းထဲရှိ လူတိုင်းက မသိမသာ လေးနက်လာကာ ဟာသကြည့်ချင်နေကြတဲ့အရင်က သဘောထားကို ဘေးဖယ်လိုက်ပြီး စူးထောင်ချပြခဲ့သော ပြဿနာများနှင့် ဖြေရှင်းနည်းအချို့ကို အလေးအနက်စဉ်းစားနေကြ၏။

 

 

 ကျင်းချွေ့ဝမ်သည် သူဌေးနှင့် video call ပြောနေရင်း သူ့ဖုန်းက အရာအားလုံးကို တိတ်တိတ်လေး မှတ်တမ်းတင်နေသည်။ မူလက ဤနေရာတွင် အလုပ်ပြီးမြောက်ဖို့ရန်အတွက်သာ ရှိနေသော်လည်း အခုအချိန်မှာတော့ စူးထောင်ကို လေးလေးစားစား မကြည့်ဘဲ မနေနိုင်တော့ပေ။

 

 

'ဒီလိုအလုပ်စွမ်းရည်မျိုးနဲ့ သူဌေးက ဘာကိုစိုးရိမ်နေတာလဲ။'

 

 

 စခရင်နောက်ကွယ်တွင် ကြည့်နေသော ရှဲ့ကျင်သည် သူ့လက်ထဲ၌ မက်မွန်သီးသကြားလုံးကို ဆုပ်ကိုင်လိုက်ပြီး နက်မှောင်သောမျက်လုံးများက ရေကန်တစ်ကန်လို နက်ရှိုင်းနေ၏။

 

 

' videoထဲရှိ ကောင်မလေးမှာ တည်ငြိမ်ပြီးလှပနေပြီး နည်းနည်းတော့ နာခံနေသေးပုံရပေမယ့် တစ်ခုခု ပြောင်းလဲသွားတဲ့ပုံပဲ။'

 

 

' သူ့ကို ချိုချိုသာသော ပြုံးပြပေးတတ်တဲ့ အဲဒီကောင်မလေးက ဘယ်အချိန်ကစပြီးတော့ ဦးဆောင်ဖို့ ရည်မှန်းချက်ကြီးသွားတာလဲ။'

 

 

 'သူမက လူတွေအများကြီးနဲ့ တွေ့ဆုံပြီးရင် သူမကိုယ်ပိုင် သူငယ်ချင်း အသိုင်းအဝိုင်းတွေရှိလာမှာ။'

 

 

 'သူ့ကို မလိုအပ်တော့ဘူးလား။'

 

 

' အရင်တုန်းကလို သူ့ကို အားမကိုးတော့ဘူးလား။'

 

 

 အစည်းအဝေးအပြီးတွင် ရှဲ့ကျင်ဟာ video call ကိုပိတ်လိုက်ပြီး သူ၏လက်ချောင်းများဖြင့် နဖူးကို ညှစ်ကာ တဒုတ်ဒုတ်မြည်နေသော အာရုံကြောများကို နှိပ်လိုက်၏။ သူ့လက်ထဲရှိ မက်မွန်သီးသကြားလုံးလေးက ကြေမွလုနီးပါးပင်။