၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်
အပိုင်း ၁
ယန်းချန်ကနေ ယားကျိုကိုသွားတဲ့ ကုန်တင် သင်္ဘောမစီးခင်အထိ လင်းဝေ့တစ်ယောက်
သူမကိုယ် သူမ ပင်လယ်လှိုင်းမူးတတ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဖူးပေ။
သူမ မိသားစုက မြစ်ကမ်းဘေးမှာ နေခဲ့ကြသည်။ သူမ ငယ်စဥ်အခါက သူမအမေနဲ့အတူ
တစ်ဖက်ကမ်းကို သွားကစားဖို့အတွက် လှေစီးခဲ့ဖူးသည်။ အစပိုင်း၌ သူမအမေက လှေပေါ်မတက်ခင်
လှိုင်းမူးပျောက်ဆေးများဝယ်ကာ သူမကို တိုက်ခဲ့သော်လည်း တစ်ခါမှ မသောက်ခဲ့တာကြောင့်
နောက်ပိုင်း မဝယ်တော့ပေ။
သူတို့ သင်္ဘောဆိပ်ဆီကို လာခဲ့စဥ်က နေ့ဝက်လောက် ရထား စီးခဲ့ကြသေးသည်။
ရှီးချန်ကနေ စီရင်စုမြို့တော်ထိ မြစ်ကြောင်းလမ်းက သွားတာ အမြန်ဆုံးလမ်းဖြစ်သည်။ အဲ့သည်အချိန်တုန်းက
သူမ ဘာမှ မလုပ်နိင်ပဲ ကမ်းမကပ်ခင်အထိ ကလေးတွေကိုသာ ချီထားခဲ့သည်။
မနက်ပိုင်း သင်္ဘောဆိပ်ကမ်းက ထွက်ခွာပြီးနောက်သင်္ဘောခရီးနှင်ချိန်ဒိီလောက်
ကြာလိမ့်မည်ဟု သူမ မတွေးထင်ထားခဲ့ဖူးပေ။ သူမ စတင် အန်တော့သည်။ နေ့လည်စာနှင့် ညစာလည်း
မစားနိုင်တော့ပဲ ခြေလက်များပျော့ခွေကာ အိပ်ရာထဲမှာသာ လှဲလျောင်းနေတော့၏။
မနက်ဖြန်နေ့လည်မှ ကုန်းပေါ်တက်ရမည့်အရေးတွေးပြီး လင်းဝေ့ သက်ပြင်းသာချနေမိတော့သည်။
"လှိုင်းမှုးနေတုန်းလား?"နေ့လည်စာ နှစ်ဘူးကိုင်ကာ အပြင်ကနေ
အခန်းထဲ ဝင်လာတဲ့ ကျုံးရှောက်က မေးလိုက်သည်။
လင်းဝေ့ ခေါင်းကိုခါရင်း ဖြေခဲ့သည်။
"ကျွန်မ အဆင်ပြေပါတယ်။ ရှင် ဘယ်တွေ သွားနေတာလဲ"
လင်းဝေ့လှဲနေသည့် ခြင်ထောင်ဇာအမိုးနဲ့ အိပ်ရာဆီ ကျုံးရှောက် လာခဲ့ကာ
နေ့လည်စာ အလူမီနီယံ ထမင်းဘူးကို ဖွင့်ရင်း ပြောလိုက်သည်။
"မင်း ညစာ သိပ်မစားတာတွေ့လို့ စားဖိုဆောင်က အိုးငှားပြီး ဆန်ပြုတ်ပြုတ်လာခဲ့တယ်"
သူတို့က စစ်ဘက်ဆိုင်ရာ ကုန်တင်သင်္ဘောပေါ်မှာ ရှိနေပြီး စစ်သားတွေမှာ
တင်းကျပ်တဲ့ စည်းကမ်းတွေရှိသည်။ ထူးခြားတဲ့ အခြေအနေမှ မဟုတ်လျှင် ထမင်း သုံးနပ်ထပ်ပိုစားခွင့်မရှိချေ။
ကိုယ့်ဟာကိုယ်ချက်စားတာမျိုးလဲ လုံးဝ ခွင့်ပြုမထားပေ။
ဒါပေမယ့် လင်းဝေ့အတွက်ကတော့ သူမက တပ်မိသားစုဖြစ်ကာ ပထမဆုံးအကြိမ်
ပင်လယ်ခရီးထွက်တာဖြစ်နေသည်။ လှိုင်းမူးနေတဲ့ သူမအတွက် ကျုံးရှောက် အိုးငှားကာ ချက်ပြုတ်ပေးတာကတော့
ခွဲခြားဆက်ဆံခံရခြင်း မဟုတ်လောက်ပါချေ။
လင်းဝေ့ အမှန်ပင် ဗိုက်ဆာနေခဲ့သည်။ ချဥ်စုတ်စုတ်အရည်တွေကို တစ်နေကုန်လုံး
အန်ပြီးနောက် သူမဗိုက်ထဲ ဟာလာဟင်းလင်း ဖြစ်နေချေပြီ။ အစာ စားချင်စိတ်လည်းမရှိသောကြောင့်
သာမန်ကာလျှံကာမျှသာ ကြည့်လိုက်သည်။
လင်းဝေ့ နေထိုင်မကောင်းမှန်းသိသည့် ကျုံးရှောက်က ထမင်းဘူးဖွင့်ပြီး
ပေးလိုက်သည်။ သူမ စားချင်စိတ်ပေါ်လာစေဖို့ ဆန်ပြုတ်နဲ့ သခွားချဥ်ကို ပြလိုက်သည်။
ဆန်ပြုတ်က ပုံမှန်ဆန်ပြုတ်အဖြူဖြစ်ပြီး မပျစ်ပေမယ့် ရေလိုလည်း မကြည်လင်ချေ။
စိမ်းဝါရောင် သခွားချဥ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးထားသည်။
"သခွါးချဥ်က ဘယ်ကရလာတာလဲ"
လင်းနန် ဒေသ ကလူတွေက ပုံမှန်အားဖြင့် အပေါ့စားကြသည်ကများသည်။ သင်္ဘောပေါ်မှာလည်း
ဒေသအစားအစာများသာ ကျွေး၍ နေ့လည်စာနှင့် ညနေစာများ၌ ငရုတ်သီးပင် မပါချေ။
"စားဖိုဆောင်ကပဲ ယူလာတာ...မနက်ခင်းဆို ဆန်ပြုတ်နဲ့စားကြတယ်လေ"
လင်းဝေ့ရဲ့ အမူအရာကို ကြည့်ရင်း ကျုံးရှောက် စားပွဲပေါ်က ဇွန်းယူကာ ဆန်ပြုတ်ဘူးနှင့်အတူ
သူမဆီ လှမ်းပေးလိုက်သည်။
လင်းဝေ့ ဆန်ပြုတ်ဘူးနှင့် ဇွန်းကို ယူလိုက်ကာ ဟန်မဆောင်တော့ပဲ စားလိုက်သည်။
ဆန်ပြုတ်က ချက်ပြီးနောက် အအေးခံထားတာမို့လို့ အပူချိန်ကလည်း သောက်ဖို့အဆင်ပြေသည်။
သခွားချဥ်ကလည်း ချဥ်ချဥ်စပ်စပ် ကျွတ်ကျွတ်လေးဆိုတော့ လင်းဝေ့ စားချင်နေသည့် ဆန်ပြုတ်အရသာအတိုင်းပင်။
သူမဆန်ပြုတ်သောက်နေတုန်း ကျုံးရှောက်က ကုတင်ပေါ်လှဲနေသည့် သားနှစ်ယောက်ကို
ကြည့်လိုက်သည်။
ညီအစ်ကိုနှစ်ယောက်က အသက်ငယ်ကြကာ
ပထမဆုံးသင်္ဘောစီးဖူးတာ ဖြစ်ပေမယ့် သူ့တို့အမေလိုတော့ အခြေအနေ မဆိုးကြပေ။ လင်းဝေ့ မွေးထားသည့်သားများဖြစ်သော်လည်း
လှိုင်းမူးပျောက်ဆေးများ မလိုအပ်ခဲ့ချေ။
သင်္ဘောပေါ်က ပြည်သူ့လွတ်မြောက်ရေးတပ်သား ဦးလေးများကိုကြည့်ကာ
ညီအစ်ကိုနှစ်ဦးမှာ သင်္ဘောပေါ်စတက်ကတည်း တက်ကြွနေကြသည်။
ညီအစ်ကိုနှစ်ယောက်ကို ဂွမ်းကပ်စောင်ခြုံပေးလိုက်ပြီး ကျုံးရှောက်
လင်းဝေ့ဘေးမှာ ထိုင်လိုက်သည်။ ဘာစကားမှတော့မပြောခဲ့ချေ။
သူတို့နှစ်ဦးဟာ ၁၉၇၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အခုဆို လေးနှစ်နှင့်
သုံးလပင်ရှိချေပြီ။ ကလေးနှစ်ယောက်မွေးပြီးနောက် လင်မယားနှစ်ဦးကြား ခိုင်မာရင်းနှီးတဲ့
ဆက်ဆံရေးရှိသင့်ပေမယ့် သူတို့နှစ်ဦးကတော့ မရင်းနှီးခဲ့ကြပေ။
သူတို့နှစ်ဦးမှာ မိဘတွေ စီစဥ်ပြီးလက်ထပ်ပေးခဲ့ခြင်းကြောင့် လက်မထပ်ခင်အထိ နှစ်ကြိမ်သာတွေ့ဖူးခဲ့သည်။ ပထမအကြိမ်က ဘလိုင်းဒိတ်မှာ
ဖြစ်ပြီး ဒုတိယ အကြိမ်က စေ့စပ်ပွဲမှာဖြစ်သည်။
သူတို့နှစ်ဦး လက်ထပ်ပြီးနောက် အချိန်အကြာကြီး အတူမနေခဲ့ရပေ။ လေးနှစ်အတောအတွင်း
ရှီးချန်ကို နှစ်ခေါက်သာ ပြန်လာခဲ့သည်။ ကလေးနှစ်ယောက်ကိုမွေးတုန်းက တစ်ခေါက်ရယ် သူ့အမေဆုံးတုန်းက
တစ်ခေါက်ရယ်သာဖြစ်သည်။ သူအိမ်တွင် နေခဲ့သည့်အချိန်မှာ နှစ်ကြိမ်လုံးပေါင်းမှ တစ်လပင်လမပြည့်ချေ။
ဒါကြောင့်မို့လည်း လင်းဝေ့တို့ သားအမိတစ်တွေ စစ်တပ်ထဲ လိုက်ခဲ့ကြခြင်းဖြစ်သည်။
သူမတို့နှစ်ဦးအကြား အချစ်ဆိုတဲ့အရာကို မမျှော်လင့်မိပေမယ့် ကျုံးရှောက်နဲ့ အတူနေရတာလည်း
အဆင်ပြေသည်။ သူမတို့နှစ်ဦးကြား ဧည့်သည်နဲ့ သူစိမ်းလိုမျိုး ခြားနားချက်တော့ ရှိနေသေးသည်။
လင်နဲ့မယားကြားမှာ ဧည့်သည်ကိုဆက်ဆံသလို တစ်လေးတစားဆက်ဆံကြရင်တော့
အဆင်ပြေနိုင်ပေမယ့် သူစိမ်းနှစ်ဦး လက်ထပ်ထားရင်တော့ ကြာရှည်ဆက်သွားဖို့ ခက်ခဲနိုင်သည်။
သူတိုနှစ်ဦး သိကျွမ်းရင်းနှီးခဲ့ရင်တောင်
သူတို့အိမ်ထောင်ရေးက ကြာရှည်မခံနိုင်လောက်ဘူးလို့ လင်းဝေ့ထင်မိသည်။ အခုလို ခွဲမနေကြရင်တောင်
သေခြင်းတရားဆိုတာက ရှ်ိသေးသည်လေ။
လွန်ခဲ့သည့်သုံးရက် စီရင်စုမြို့တော်ကနေ ယန်ချန်ကိုသွားတဲ့ ရထားပေါ်မှာ
လင်းဝေ့ အိပ်မက် မက်ခဲ့သည်။
ထိုအိပ်မက်မှ တစ်ဆင့် သူမသည် အချိန်ကာလ ဖြစ်ရပ်တစ်ခုတွင် ရှင်သန်နေသည်
ဖြစ်ကြောင်းသိလိုက်ရသည်။
ဒါပေမယ့် သူမက ဇာတ်လိုက်အမျိုးသမီး မဟုတ်သလို အရံဇာတ်ကောင် လည်းမဟုတ်ပေ။
ပြီးတော့ ဝတ္ထုထဲ မှာ သူမအတွက် တရားဝင် ဇာတ်ကွက်တောင်မပါခဲ့ပေ။ သူမက ဝတ္ထုထဲမှာ မထင်ရှားခဲ့ပေမယ့်
သူမယောက်ျား ကျုံးရှောက်ကတော့ ဇာတ်လိုက်အမျိုးသမီး မမျှော်လင့်ရဲခဲ့တဲ့ အချစ်ဦးဖြစ်သည်။
သူမကတော့ _ အဲဒီအချစ်ဦးရဲ့ အချစ်ဦးပေါ့။
လင်းဝေ့နဲ့ ကျုံးရှောက်တို့ လက်ထပ်ခဲ့ကြပြီး အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံ
ဖြစ်လာခဲ့သည်။ ဒါပေမယ့် သူမ ရုတ်တရက် သေဆုံးသွားခဲ့သည်။
ကျံးရှောက်က သူ့တစ်သက်လုံး သူမကိုပဲ သတိရနေကာ နောက်အိမ်ထောင် ဘယ်တော့မှ ထပ်မပြုတော့ချေ။
ဒီအကြောင်းအရာတွေက မူရင်းဝတ္ထုမှာ ပါတဲ့ လင်းဝေ့ရဲ့ အကြောင်းတွေပင်။
သူမ အိပ်မက်က နိုးလာပြီးနောက် ဝတ္ထုပါအကြောင်းအရာတွေကို တွေးမိတိုင်း
လင်းဝေ့ငိုချင်လာမိသည်။ သူမ အိမ်ပြောင်းရွေ့ရတာကြောင့်မဟုတ်ပဲ သူမကြောက်နေမိတာကြောင့်ပင်။
အိပ်ရာကနေ နိုးလာပြီး တစ်နှစ်လောက်ပဲ အသက်ရှင်ရတော့မယ့် အကြောင်း သိလိုက်ရတဲ့ ဘယ်သူမဆို
ကြောက်နေမိမှာပဲလေ။
သုံးရက်ကြာပြီးနောက် သူမ တည်ငြိမ်လာခဲ့သည်။
ပထမတော့ သူမအိပ်မက်က မှန်သလားမှားသလား မသိနိုင်လောက်အောင်ကို အရမ်းထင်ရှားလွန်းနေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဝတ္ထုပါ အကြောင်းအရာတစ်ချို့က မှားနေတယ်လို့ ထင်သည်။ သူမနဲ့ကျုံးရှောက်တို့
နောက် နှစ် ထဲမှာ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ် ဆိုတာကိုတော့ မသိခဲ့ပါ။ အိမ်ထောင်ကျပြီးနောက်
လေးနှစ်အတွင်းတော့ သူတို့နှစ်ယောက် အချင်းချင်း ချစ်ကြတယ်လို့ မခံစားမိခဲ့ပေ။
ဒုတိယအချက်အနေနဲ့ အိပ်မက်က တစ်ကယ်မှန်ခဲ့ရင် သူမ မကြာခင်သေရတော့မည်။
ဘုရားက သူမဘဝရဲ့လျို့ဝှက်ချက်ကို ဖျက်ကနဲ ပြလိုက်မှတော့ ကောင်းကင်ကို
ဆန့်ကျင်ပြီး သူမဘဝကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားသင့်တယ်လို့ သူမ ခံစားမိသည်။
ပျော်ရွှင်ရသည့်ရက် တစ်ရက် ရှိလျှင် ကြောက်ရွံဝမ်းနည်းရသည့် နေ့တစ်နေ့လည်း
ရှိနိုင်သည်။
သူမ တစ်ကယ် သေရမည်ဆိုလျှင်ပင် သူမကလေးတွေကို ပျော်ရွှင်စရာကောင်းသည့် အမှတ်တရ များကိုသာ အဆုံး၌ ချန်ရစ်ခဲ့ချင်သည်။
သူမ အာ့လို ဉာဏ်ရှိရှိတွေးခဲ့ပေမယ့် လင်းဝေ့ရဲ့ စိတ်ထဲမှာတော့ ပျော်မနေခဲ့ပေ။
လင်းဝေ့ သက်ပြင်းချရင်း တစ်ဇွန်းချင်း စားနေတာကိုကြည့်ကာ ကျုံးရှောက်က
ပြောလိုက်သည်။ "သင်္ဘောပေါ်မှာ အစားအသောက်က ကန့်သတ်ထားလို့ပါ။ မနက်ဖန် သင်္ဘောပေါ်က
ဆင်းပြီး ကုန်းပေါ်တက်တဲ့အထိ ခန စောင့်ပါဦး"
လင်းဝေ့ စိတ်နဲ့ကိုယ်နဲ့
ပြန်ကပ်တဲ့အချိန်မှာ ကျုံးရှောက် အထင်လွဲနေမှန်းသိလိုက်ရသည်။
"ကျွန်မ အစားအသောက်ကြောင့် သက်ပြင်းချနေတာ မဟုတ်ပါဘူး"
"ဒါဆို ဘာလို့လဲ"
လင်းဝေ့ ဘာ့ကြောင့် အာ့လို အိပ်မက်မက်တဲ့အကြောင်း တစ်ယောက်ယောက်နဲ့
ဆွေးနွေးပြောပြချင်ပေမယ့် အိပ်မက်အကြောင်း စဥ်းစားလိုက်တာနဲ့ ဘယ်ကနေစပြောရမှန်းတောင်
မသ်ိတော့ပေ။ အိပ်မက်ကလည်း ယုတ္တိမရှိတော့ ကိုယ့်ကိုယ်ကို အရူးလိုခံစားရကာ သက်ပြင်းချနေမိသည်။
သူမ ဆန်ပြုတ်ကိုမြိုချရင်း ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး..သင်္ဘောပေါ် အကြာကြီးနေရတော့ သိပ်နေလို့မကောင်းလို့ပါ။
မနက်ဖြန် ဘယ်အချိန်ရောက်မှာလဲ"
"မှန်းရသလောက်တော့ မနက်ဖြန် နေ့လည် ၂နာရီ ဒါမှမဟုတ် ၃နာရီလောက်
ရောက်မယ်ထင်တယ်"
"သင်္ဘောဆိပ်ကနေ ကျွန်မတို့ နေမယ့်နေရာထိ ဘယ်လောက်ဝေးလဲ"
ကျုံးရှောက် လင်းဝေ့ရဲ့ လမ်းလျှောက်နှုန်းကို တွေးကာ ခဏစဥ်းစားလိုက်သည်။
"ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ရမယ်"
လင်းဝေ့ သူမသားတွေရဲ့ ခြေထောက် တိုတို လေးတွေ ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
"သိပ်တော့မဝေးပါဘူး"
ကျုံးရှောက်ရဲ့ သူမတို့အပေါ် စဥ်းစားပေးတဲ့ လိမ္မာတဲ့ အပြုအမူတွေကို
သူမတစ်ကယ်ကို နားမလည်ခဲ့ချေ။ သူမကိုယ်သူမလည်း လမ်းလျှောက်တာ နှေးတယ်လို့မခံစားမိဘူး။
အရပ်အမြင့်ကလည်း ကွာသေးတယ်ဆိုတော့ ကျုံးရှောက်လောက်လည်း သူမ အမြန်မလျှောက်နိုင်ဘူး။သူမ
အလုပ်လုပ်တုန်းကတော့ သူမ သူငယ်ချင်းတွေထဲမှာ သူမလမ်းလျှောက်တာ အမြန်ဆုံးပဲ။
ဆန်ပြုတ်ကို ပါးစပ်အပြည့်စားရင်းလင်းဝေ့ ထပ်မေးလိုက်သည်။
"ဒါဆို ကျွန်မတို့အိမ်က ဘယ်လိုပုံစံလဲ.. ခြံဝန်းထဲကနေ ပင်လယ်ကိုမြင်ရလား"
ပထမတော့ ကျုံးရှောက် ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။
" ရိုးရိုးနှစ်ထပ် အုတ်တိုက်အိမ်လေးပါပဲ..အပေါ်ထပ်မှာ အခန်းနှစ်ခန်းရှိပြီး အောက်ထပ်မှာ
ဧည့်ခန်းရယ် အိပ်ခန်းရယ်ရှိတယ်..မီးဖိုချောင်နဲ့ အိမ်သာကတော့ အပြင်ဘက်မှာ....မီးဖိုဆောင်အပေါ်မှာတော့
နေသာဆောင်ရှိတယ်..အာ့မှာ အဝတ်လှန်းလို့ရတဲ့ ကြိုးတန်းနှစ်ခုရှိတယ်"
အိမ်က သာမန်အိမ်တော့ မဟုတ်လောက်ဘူးလို့ လင်းဝေ့တွေးမိသွားသည်။