အပိုင်း ၂
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၂

 

 

 

 

သူမအိမ်က ကျေးလက်ဒေသက အိမ်ကလေးဖြစ်ခဲ့ပေမယ် အိမ်က မသေးပါချေ။ ဒါပေမယ့် မီးဖိုဆောင်သီးသန့်တော့မရှိပေ။ အိမ်အပြင်ဘက်မှာ ထင်းမီးဖိုလေး တစ်ခုပဲရှိပြီး သီးသန့်အိမ်သာမပြောနဲ့ အများသုံးအိမ်သာကိုပဲ ဝိုင်းသုံးခဲ့ရတာဖြစ်သည်။

 

 

ကျုံးရှောက်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း ယောက္ခမတွေနဲ့ အတူနေခဲ့ရသည်။ ပိုကောင်းတဲ့နေရာမှာ နေခဲ့ရကာ ရေချိုးခန်း သီးသန့်ရှိပေမယ့် အိမ်သာကတော့မျှသုံးခဲ့ရသည်။

 

 

ဒါ့ကြောင့် ကျုံးရှောက်ပြောတဲ့အိမ်ပုံစံက ကြားရသလောက်တော့ အတော်လေးကောင်းတဲ့အိမ်ဖြစ်မယ့်ပုံပေါ်တာကြောင့် သူမ တွေ့ရဖို့ အတော်လေးမျှော်လင့်နေခဲ့သည်။

 

 

မီးဖိုဆောင်နဲ့ အိမ်သာက အိမ်မကြီးနဲ့ သက်သက်စီဖြစ်တာကို ပြန်တွေးမိလိုက်တော့ သူမပြုံးကာ ကျုံးရှောက်ကိုပြောလိုက်သည်။

"ရှင့် အာ့အိမ်ကို ဆောက်ဖို့အတော်လေး အချိန်ယူခဲ့ရမှာပဲ"

 

 

စန်းလင် ရေတပ် အခြေစိုက်စခန်းကို ၁၉၅၀ ခုနှစ်လောက်က တည်ထောင်ခဲ့သည်။ အစပိုင်းတွင် လူအနည်းငယ်သာ နေထိုင်ခဲ့ကာ အခြေစိုက်စခန်းတွင်လည်း မိသားစုဝင် အနည်းငယ်သာ လိုက်နေထိုင်နိုင်သည်။

 

 

နှစ် ၂၀ ကြာပြီးနောက်မှာတော့ ရေတပ်စခန်းမှာရှိတဲ့ တပ်သားအရေအတွက်က နှစ်ဆဖြစ်လာပြီး တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတွေရဲ့ တပ်မိသားစုဝင်တွေလည်း လာရောက်နေထိုင်ကြတော့ မိသားစုဝင်တွေအတွက် နေရာတွေချဲ့ထွင် လာရတော့သည်။

 

 

လက်ရှိမှာတော့ တပ်မိသားစုဝင်တွေ နေထိုင်တဲ့အိမ်ရာမှာ အမျိုးအစားသုံးမျိုး ခွဲထားသည်။ တစ်ခုက ၁၉၅၀ ခုနစ်တုန်းက ဆောက်ခဲ့သည့် အိမ်ရာအဟောင်းဖြစ်ပြီးမိသားစုအိမ်ရာတွေရဲ့ အနောက်ဘက်မှာရှိတော့ အဝင်အထွက်လမ်း အဆင်မပြေချေ။

 

 

နောက်တစ်ခုက ၁၉၅၀ ခုနှစ်နှောင်းပိုင်းဆောက်ထားသည့် အိမ်ရာတန်းလျားဖြစ်ပြီး ခြံဝင်းတစ်ခုထဲတွင် ဆောက်ထားသည့် မီးဖိုချောင်နှင့် အိမ်သာတွဲရက်ပါသည့် မိသားစု နှစ်ခု သို့မဟုတ် လေးခု နေနိုင်သည့် အိမ်ရာဖြစ်ကာ အဝင်အထွက်လည်း လွယ်ကူသည်။

 

 

နောက်ဆုံးတစ်ခုကလည်း ၁၉၅၀ ခုနှစ် နှောင်းပိုင်းဆောက်ခဲ့သည့် မိသားစု တစ်စုနေ အိမ်ရာဝင်းဖြစ်သည်။ ခြံဝင်းနှင့် ဖြစ်ပြီး အိမ်ကြီးလည်းဖြစ်ကာ ပင်လယ်နှင့်လည်း နီး၍ ရှုခင်းလည်း ကောင်းသည်။ သို့ပေမယ့် အဲဒီအိမ်ရာကတော့ ခေါင်းဆောင်တွေအတွက်ဖြစ်ပြီး နေထိုင်နိုင်ဖို့အတွက် ရာထူးအဆင့်အတန်း မြင့်ဖို့လိုသည်။

 

 

ဒါကြောင့် ကျုံးရှောက် တပ်ထဲမှာနေတော့ ပထမ အိမ်ရာအမျိုးအစား နှစ်ခုကို ရွေးချယ်လို့ရသည်။

 

 

အမျိုးအစားနှစ်ခုထဲက တိုက်တန်း အိမ်ရာက အသစ်လည်းဖြစ်ပြီး နေထိုင်ရအဆင်ပြေသည့်အတွက် လူကြိုက်များသည်။ ကျုံးရှောက် အိမ်ရာလျှောက်တဲ့အချိန်မှာတော့ လူကြိုက်များတဲ့ တိုက်တန်း အိမ်ရာက လူပြည့်နေတော့ အိမ်ရာအဟောင်းကိုပဲ ရွေးရတော့သည်။

 

 

အိမ်ရာ အဟောင်းမှာနေတဲ့ အရာရှိတွေအတွက်တော့ အိမ်ပြန်လည်ပြုပြင်စရိတ်လည်း ပေးသည်။

 

 

အရင်နေသွားသည့်လူက အိမ်ကို သေချာဂရုစိုက်ခဲ့ရင်တောင် ဖုန်တွေတက်နေသည့်အိမ်ကို ပြန်လည်သန့်ရှင်း​ရေး လုပ်ရမည်မှာ အသေအချာပင်။ အိမ်ကို ဂရုမစိုက်တတ်တဲ့ သူနဲ့တွေ့ရင်တော့ အိမ်က ပြန်နေဖို့အတွက်တောင် တော်တော်လေး ပြန်လည်ပြုပြင်ရလောက်သည်။

 

 

 ဒါပေမယ့် အိမ်ရာအဟောင်းမှာ နေကြတဲ့ အရာရှိတွေက ရာထူးတိုးဖို့နဲ့ မြို့ထဲက အိမ်ရာတွေကို ပြောင်းဖို့ အစီအစဥ်ဆွဲထားကြတော့ ဘယ်သူမှ အိမ်​​ပြန်ပြင်တဲ့နေရာမှာ ငွေအများကြီး မသုံးကြပေ။ ဒါကြောင့် သူတို့က အိမ်မ ကြီးကို ကြည့်ကောင်းအောင် ထုံးသုတ်လိုက်ကြပြီး ပျက်နေတဲ့ ပြတင်းပေါက်တွေကိုပဲ ပြင်လိုက်ကြကာ ဝင်နေကြသည်။

 

 

ဒါပေမယ့် ကျုံးရှောက်ကတော့ သူတို့မိသားစုနေဖို့ လုပ်မှတော့ ပိုကောင်းအောင် ပြင်လိုက်သင့်သည်ဟုထင်သည်။ ဒါမှ သူ့မိသားစုဝင်တွေ သက်သက်သာသာ ကောင်းမွန်စွာ နေထိုင်နိုင်လိမ့်မည်။ ဒါကြောင့် သူက အိမ်အတွင်းအပြင် တိုက်ချွတ်ဆေးကြောလိုက်ကာ မူလမီးဖိုဆောင်ကို ရေချိုးခန်း ပြောင်းလိုက်သည်။ မီးဖိုဆောင် အသစ်နှင့် အိမ်သာကိုတော့ ခြံဝင်းထဲမှာထပ်ဆောက်လိုက်သည်။

 

 

အိမ်ကို ပြင်ဆင်နေရတာကြောင့် လင်းဝေ့တို့ သားအမိကို နှစ်လလောက် နောက်ကျပြီးမှ သွားခေါ်နိုင်ခဲ့သည်။

 

 

ကျုံးရှောက်က တစ်ခုခုလုပ်တိုင်းသူများကို အသိပေးကာ အကူညီတောင်းတတ်တဲ့ သူမဟုတ်တော့ သူများကမေးလာလျှင်လည်း အသံနိမ့်ဖြင့် "အဆင်ပြေပါတယ်" ဟုသာ ပြန်ပြောတတ်သည်။

 

 

လင်းဝေ့ နှာခေါင်းရှုံ့လိုက်ကာ သာမန်ကာလျှံကာမေးလိုက်သည်။

"ဆိုတော့ ဒီအိမ်ကိုပြင်ဖို့ဘယ်လောက်သုံးလိုက်ရလဲ? ကျွန်မ သင်္ဘောပေါ်က ဆင်းရင် စာရင်းထဲမှတ်ထားချင်လို့" စာရင်းအင်းမှတ်ထားတာက အရမ်းအရေးကြီးသည်။

 

 

သူမ ကျုံးရှောက်နဲ့ အိမ်ထောင်ကျခါစက ကျုံးရှောက်ဟးက တပ်ခွဲတစ်ခုရဲ့ တပ်မှုး ဖြစ်နေပြီပင်။

ပင်လယ်ဘက် တာဝန်ထမ်းဆောင်ရသည့်အတွက် ရေတပ်က ပေးသည့်ထောက်ပံကြေးပါ ပေါင်းလျှင် တစ်လလျှင် ၆၀ ခန့်ရသည်။ တပ်ခွဲကနေ တပ်ရင်းကို ရာထူး တိုးခံခဲ့ရချိန်မှာတော့ လစာကလည်း ၆၀ ကနေ ၁၀၀ အထိ တိုးလာခဲ့သည်။

 

 

တပ်ထဲမှာတော့ ကျုံးရှောက်အတွက် တစ်ခြားအသုံးစရိတ်မရှိတဲ့အတွက် လစာရဲ့အများစုကို မိသားစုကိုပို့ပေးခဲ့သည်။ ကျန်တာကိုတော့ အသေးအမွှား သုံးဖို့ စုထားခဲ့သည်။ အဲ့ဒါကို ကျုံးရှောက်ရဲ့ ကိုယ်ပိုင်အသုံးငွေလို့ပြောလ်ို့ရသည်။

 

 

လင်းဝေ့ရဲ့အမေက လင်းဝေ့ရဲ့အဖေကို လစာထဲကနေ ကိုယ်ပိုင် အသုံးစရိတ် ဖွက်ထားတာမျိုး လုံးဝ ခွင့်မပြုခဲ့ပေမယ့်လည်း လင်းဝေ့က သူမ အိမ်ထောင်ကျပြီးနောက်မှာတော့ အာ့ကိစ္စကို အခြေအနေ တစ်ခုအနေနဲ့ လိုက်လျောသင့်တယ်လို့ ထင်မိသည်။

 

 

ကျုံးရှောက်ကလည်း တစ်ခြားသတ်မှတ်ချက်တွေ ဘာမှ မပြောခဲ့ပေ။ သူ့ပုံစံက ယုံကြည်ရကာ ငွေလျှောက်ဖြုန်းမယ့်ပုံ မပေါက်တာကြောင့် ကိုယ်ပိုင်ငွေနဲ့ ပတ်သက်ပြီး သိပ်မထိန်းချုပ်ခဲ့ချေ။

 

 

သူမ ငွေကြေးနဲ့ပတ်သတ်ပြီး အရမ်းမထိန်းချုပ်ထားပေမယ့် ကျုံးရှောက်ရဲ့လစာက များတာတော့ ဝန်ခံရမည်။ သူတို့နှစ်ယောက်ကလည်း တစ်နေရာစီဆိုတော့ လစာကိစ္စကိုလည်း သူမ သိပ်မသိပေ။ စာရင်းဇယား အတိအကျတွေ လုပ်လာရင်လည်း စိတ်ရှုပ်ပြီး ထွက်ပေါက်ရှာသွားမှာလဲ စိုးရိမ်မိသည်။

 

 

သူမ သိရသလောက်တော့ ကျုံးရှောက်က တစ်ကယ်ကို ယုံကြည်ရတဲ့ လူတစ်ယောက်ပင်။ ကိုယ်ပိုင်အိမ်အတွက် စုထားတဲ့ပ်ိုက်ဆံကိုလည်း သုံးပစ်မယ့်လူမျိုးမဟုတ်ချေ။ ထောက်ပံငွေကလွဲပြီး အိမ်ပြင်ရာတွင် သုံးသည့်ပိုက်ဆံမှာ ကျုံးရှောက်ဆီကသာဖြစ်သည်။

 

 

လင်းဝေ့ရဲ့ အိတ်ထဲက ငွေ မဟုတ်သော်လည်း

စာရင်းထဲ သေချာရေးမှတ်ထားသင့်သည်လို့ သူမတွေးထားခဲ့သည်။

 

 

ကျုံးရှောက်က ဖုံးကွယ်ထားခြင်းမရှိပဲ ကုန်ကျခဲ့တဲ့ ဂဏာန်းအရေအတွက်ကို ပြောလိုက်သည်။

 

 

လင်းဝေ့ ကြောင်အသွားကာ မေးခဲ့သည်။ "အကုန်လုံးပေါင်းလား?"

 

 

ကျုံးရှောက် - " ထောက်ပံ့ငွေတွေပါ အပါ အကုန်လုံးပေါင်းပဲ"

 

 

လင်းဝေ့ - "...."

 

 

အမေပြောတာမှန်တယ် ယောကျာ်းတွေမှာ ကိုယ်ပိုင် သုံးငွေ မရှိသင့်ဘူး။

 

~

 

သူမ နေ့လည်တုန်းက အားနည်းပြီး မူးနောက်နောက်ဖြစ်နေခဲ့ကာ ညဘက်တွင်လည်း အိပ်မပျော်ခဲ့ချေ။ မျက်လုံးမှိတ်ကာ လှိုင်းသံကို နားထောင်ရင်းမိုးလင်းခါနီးမှ တစ်ဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

 

 

သူမ ဘယ်​လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသ်ိဘဲ အိပ်ချင်မူးတူး ဖြစ်နေစဥ် တစ်ယောက်ယောက် လာနှိုးမှ နိုးလာခဲ့သည်။ သူမသား မင်မင်က သူမနှာခေါင်းကို လာဆွဲနေတာကို မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်။

 

 

လင်းဝေ့က ခေါင်းကို တစ်ဖက် ရှောင်လိုက်ရင်းမေးလိုက်သည်။ " သား ဘာလုပ်နေတာလဲ"

 

 

သူ့အမေ နိုးလာတညကိုတွေ့တာနဲ့ နှာခေါင်းဆွဲနေသည့်လက်ကို ရုတ်လိုက်ကာ လူမိသွားသလို မလုံမလဲနှင့်ပြောလိုက်သည်။

 

 

"ဖေဖေက ပြောတယ် မနက်စာ စားချိန် ရောက်ပြီတဲ့..မေမေ အရမ်းအပျင်းကြီးတာပဲ...သား ဘယ်လောက်ခေါ်ခေါ်မနိုးဘူးးး"

 

 

လင်းဝေ့ လှဲနေရာက ထထိုင်ကာ ပြောခဲ့သည်။

"ဒါနဲ့ပဲ သားက မေမေ့ကို ဝက်နှာခေါင်း လုပ်ပစ်မလို့ပေါ့လေ"

 

 

ကောင်လေးက ရူးချင်ယောင်ဆောင်ကာ တစ်ဟီးဟီး ရယ်နေခဲ့သည်။

 

 

လင်းဝေ့လည်း သဘောကျစွာပြုံးရင်း သူ့ဆံပင်လေးကိုသပ်ပေးလိုက်သည်။

 

 

နွေရာသီဖြစ်တာကြောင့် ကလေးတွေက တက်ကြွလန်းဆန်းနေကာ ခုန်ပေါက် ကစားလိုက်တာနဲ့ ချွေးအလွန်ထွက်လွယ်သည်။ သင်္ဘော ပေါ်မှာ ရေချိုးခေါင်းလျှော်ဖို့လည်း အဆင်မပြေချေ။ ထို့ကြောင့် မနေ့ညက မင်မင် ခေါင်းမလျှော်ထားတာကြောင့် ဆံပင်တွေက ချောမွေ့နူးညံ့မနေပဲ ကပ်စေးစေးဖြစ်နေသည်။

 

 

လင်းဝေ့ သူမကလေးကို ရွံရှာတာမျိုးမဖြစ်ဘဲ အိမ်ရောက်တာနဲ့ ရေချိုးတာနဲ့ ကိုယ်လက်သန့်စင်တာကို အရင်လုပ်ရမယ်လို့ တွေးနေမိသည်။

 

 

သူမတွေးနေတုန်း ကျုံးရှောက်နဲ့ ရွေ့ရွေ့က စားစရာတွေသယ်ကာ အခန်းထဲဝင်လာသည်။ ကုတင်ပေါ် ထိုင်နေတဲ့ လင်းဝေ့ကိုမြင်တော့ မေးခဲ့သည်။

 "နိုးပြီလား ဘယ်တုန်းကနိုးနေတာလဲ "

 

 

လင်းဝေ့က သမ်းဝေကာ ဖြေခဲ့သည်။ "ခုလေးတင်နိုးလာတာ"

 

 

"ရှင်တို့နှစ်ယောက် အတူသွားကြတာလား" လို့ တစ်အံ့တစ်သြ မေးလိုက်သည်။

 

 

ကျုံးရှောက် နောက်ဆုံး တစ်ခေါက် အိမ်ပြန်လာတာက လွန်ခဲ့သည့်နှစ်နှစ်က ဖြစ်သည်။ ထိုအချိန်တွင် ကလေးများမှာ တစ်နှစ်ခန့်သာ ရှိသေးပြီး လူတွေ မမှတ်မိတတ်သေးသည့် အရွယ်များ ဖြစ်သည်။ လင်းဝေ့က ရင်းနှီးလာအောင် သူတို့အဖေ ဓါတ်ပုံကို ပြထားပေမယ့် အပြင်ကလူနဲ့ ဓါတ်ပုံထဲကလူက ကွဲပြားမည်မှာ အ​​သေအချာပင်။ ကျုံးရှောက် ပထမ တစ်ခေါက်အိမ်ပြန်လာတော့ ကလေးတွေက သူတို့အဖေနား သိပ်မကပ်ကြပေ။

 

 

မင်မင်ကတော့ အနည်းငယ် သတ္တိရှိပြီး ရဲတင်းသည့်ကလေးဖြစ်ရာ သူ့အဖေနဲ့ ပထမဆုံးတွေ့ချိန်ထဲက နည်းနည်းရင်းနှီးလေသည်။ နောက်တစ်ခေါက် ပြန်တွေ့တော့ အစပိုင်းမှာ ကျုံးရှောက်ကို ကြောက်နေပေမယ့် လွန်ခဲ့သည့်ရက်ပိုင်းက ရထားခရီးစဥ်တွင် သူ့အဖေကို စိတ်ထဲက နေ ချစ်ခင်လေးစားနေပြီဖြစ်သည်။

 

 

ရွေ့ရွေ့ကတော့ စကားနည်းပြီး သင်္ဘောပေါ် စတက်ကတည်းက သူ့အမေ နောက်သာ တစ်ကောက်ကောက် လိုက်နေခဲ့သည်။

 

 

မနေ့ညက ရွေ့ရွေ့က လင်းဝေ့နဲ့ပဲ အိပ်ဖို့လုပ်နေတာကို သူတို့အဖေ ကျုံးရှောက်က လင်းဝေ့ နေမကောင်းလို့ ခွင့်မပြုခဲ့တာကြောင့် ရွေ့ရွေ့တစ်ယောက် မနေ့ညက စိတ်ဆိုးပြီး အိပ်ပျော်သွားခဲ့လေသည်။

 

 

မနေ့ညက သူ့သားငယ်ရဲ့ စိတ်ကြီးဒေါသကြီးတာကို ပြန်တွေးမိတော့ ကျုံးရှောက် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

 

 

"ဒီအတောအတွင်း မင်း အစားအသောက် ပျက်နေတာတွေ့လို့ မင်းအတွက် ညစာလုပ်ပေးမယ်ဆိုပြီး ကိုယ်နဲ့လိုက်ခဲ့တာ "

 

 

ရွေ့ရွေ့လက်ထဲက ထမင်းဘူးကို မြင်ခဲ့ပေမယ့် သူမအတွက်လို့ မထင်ခဲ့ပေ။ ဒါကြောင့် သူမက ကလေးကို အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။ " ရွေ့ရွေ့ သားက မေမေ့အတွက် စားစရာ လုပ်လာပေးတာလား"

 

 

ရွေ့ရွေ့က ရှက်ရှက်နဲ့ ခေါင်းငြိမ့်ပြကာ ပြောခဲ့သည်။ " သားက မေမေ့ကို များများစားပြီး အမြန်နေကောင်းစေချင်တာ"

 

 

မင်မင်ကလည်း ရုတ်တရက် ပြောခဲ့သည်။ "သားလည်း မေမေ့ကို အမြန်နေကောင်းစေချင်တယ်"