အပိုင်း ၃
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၃

 

 

 

လင်းဝေ့က ဒီရက်ပိုင်းအတွင်း စိတ်အခြေအနေ အဆင်မပြေဖြစ်နေကြောင်း သူမကိုယ် သူမ သိသည်။ လှိုင်းမူးဒဏ်ကြောင့်ဆိုပေမယ့် အိပ်မက်မက်ပြီးနောက် စိုးရိမ်စိတ်ကြောင့်လည်းပါသည်။ ထိုစိတ်ခံစားချက်တွေကို ဖုံးကွယ်ထားကာ သူမကလေးတွေကို မသိစေချင်ခဲ့ချေ။

 

 

သူမမျက်လုံးတွေ ပူနွေးလာတာကို ပြန်ထိန်းရင်း သူမသားတွေရဲ့ ပါးဖောင်ဖောင်းလေးတွေကို ညစ်လိုက်ကာ ပြောခဲ့သည်။"မေမေ နေပြန်ကောင်းလာမှာပါ"

 

 

သားအမိတစ်တွေ စကားပြောနေစဥ် ကျုံးရှောက်က ထမင်းဘူးကို ကုတင်ဘေးက စားပွဲပေါ်တင်ရင်း ထမင်းဘူးအဖုံးကို ဖွင့်လိုက်သည်။ မနက်စာသည်လည်း မနေ့ညက စားခဲ့သည့် ဆန်ပြုတ်နှင့် သခွားချဥ်သာဖြစ်သည်။

 

 

ထပ်ပိုလာသည်က ကျုံးရှောက်လုပ်လာသည့် ဂျုံမုန့်လုံး လေးခုဖြစ်သည်။ ရွေ့ရွေ့က ထိုမုန့်လေးခု ထည့်ထားသည့် ဘူးကို ကိုင်လာခဲ့သည်။

 

 

ထိုမုန့်လုံးထဲ ဂေါ်ဖီချဥ်နဲ့ ဂျုံကြာဇံ အစာသွပ်ထားသည်။ ဂျုံကြာဇံ အစာသွပ်က အစပ်အရသာဖြစ်ကာ ကလေးများက အစပ်မစားနိုင်၍ ဂေါ်ဖီချဥ် အစာသွပ်ထားသည့်မုန့်လုံးကို ဝေပေးလိုက်သည်။ ဂျုံကြာဇံ အစာသွပ်မုန့်လုံးကိုတော့ လင်းဝေ့ကို လှမ်းပေးလိုက်သည်။

 

 

အမှန်တော့ လင်းဝေ့က အိပ်ချင်မူးတူးဖြစ်နေကာ ခေါင်းမူးနေပြီး အများကြီးမစားနိုင်ခဲ့ပေ။ သူမသားတွေရဲ့ သူမစားဖို့ မျှော်လင့်တကြီး စိုက်ကြည့်နေတာကို တွေ့တော့ ဂျုံမုန့်လုံးကို ယူကာ နှစ်ကိုက်ခန့်စားလိုက်သည်။

 

 

သူတို့ အမေ စားလိုက်တာကို တွေ့တော့မှ ရွေ့ရွေ့လည်း စိတ်ချမ်းသာသွားကာ သူ့ဂျုံမုန့်လုံးက်ို အားရပါးရစားတော့သည်။

 

 

ရွေ့ရွေ့ရဲ့ အမူအရာကိုကြည့်ရင်း သူမမျက်လုံးထဲ ပူနွေးလာသည်။ သူမကိုယ်သူမ အခုထိ မသေသေးပါဘူးလို့တွေးပြီး အားတင်းနေပေမယ့် ကြောက်ရွံ့ထိတ်လန့်နေမှုကိုတော့ မဖျောက်နိုင်ခဲ့ပေ။

 

 

 သူမရဲ့ ဘဝ ခရီးအဆုံးထိ မရောက်သေးတာကြောင့် အခုတော့ သိပ်မကြောက်သေးပေ။

 

 

လင်းဝေ့က ထိုသို့တွေးနေရင်းနှင့်ပင် ဂျုံမုန့်လုံးကို စားလိုက်ပြီး ဆန်ပြုတ် ပန်းကန်တစ်ဝက်ကိုလည်း သခွားချဥ်နဲ့ စားလိုက်သည်။

 

 

ညီအစ်ကို နှစ်ယောက်လည်း မုန့်လုံးကို အားရပါးရစားကြကာ ဆန်ပြုတ်ကိုလည်း ပန်းကန်တစ်ဝက်စီ သောက်လိုက်ကြသည်။

 

 

စားပြီးသောက်ပြီးနောက် မင်မင်က ဗိုက်ကို ဆန့်လိုက်ကာ သူ့ညီလေးက်ို မေးလိုက်သည်။ "ငါ့ဗိုက်က ဖရဲသီးကြီးနဲ့တူလားး"

 

 

ရွေ့ရွေ့လည်း သူဗိုက်အရမ်းတင်းနေတယ်လို့ ခံစားရကာ ဗိုက်ကြောလျှော့နေစဥ် သူ့အစ်ကိုရဲ့ မေးခွန်းကြောင့် သူ့ဗိုက်သူပြန်ကြည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်။ "ဒီဖရဲသီးကမှ စိမ်းနေပြီး စားလို့ရပြီ"

 

 

ခုခတ်မှာ သစ်သီးဝလံတွေက စျေးကြီးလှသည်။ ထို့ကြောင့် လူတိုင်းက သစ်သီးဝလံ ဝယ်ဖို့ဆို ဝန်လေးတွန့်ဆုတ်တတ်ကြသည်။

 

 

လင်းဝေ့ အိမ်ထောင်ကျပြီးနောက် ချည်မျှင်စက်ရုံမှာ အလုပ်လုပ်ကာ လစာ ၃၀ ခန့်ရသည်။ ကျုံးရှောက် ပို့ပေးသည့် ပိုက်ဆံပါပေါင်းလျှင် လစဥ်အသုံးစရိတ်က လုံလောက်ကာ သစ်သီးတွေ ဝယ်စားနိုင်ပြီး အသီးစားချင်သည့် အာသီသကို ဖြေဖျောက်လေ့ရှိသည်။

 

 

ဖရဲသီးတွေကိုလည်း စျေးကွက်မှာ ဝယ်ယူနိုင်ပြီး လင်းဝေ့ မကြာခဏ ဝယ်စားလေ့ရှိသည်။ ညီအစ်ကိုနှစ်ယောက်ကလည်း ဖရဲသီးကို ကြိုက်ကြသည်။

 

 

ဒါပေမယ့် ဖရဲသီးက အအေးစာဖြစ်လို့ ကလေးတွေ အစားလွန်မှာစိုးကာ သူမတို့နောက်ဆုံး ဖရဲသီးဝယ်စားခဲ့တာက လွန်ခဲ့သည့် လဝက်ကပင် ဖြစ်သည်။

 

 

ထို့ကြောင့် ဖရဲသီးအကြောင်း ပြောသည့်အခါ လောဘတစ်ကြီးစားချင်လာပြီး သူ့အဖေ ပန်းကန်သွားဆေးတုန်း အမေ့ နားကပ်ကာ မေးခဲ့ကြသည်။ "မေမေ အိမ်အသစ်မှာကော ဖရဲသီးရှိလားဟင်"

 

 

မင်မင်ကလည်း သူ့ဗိုက်ကလေးကို ပွတ်ရင်း လင်းဝေ့ကို မျှော်လင့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည်။

 

 

လင်းဝေ့က ယားကျို ကျွန်းကို တစ်ခါမှ မရောက်ဖူးတော့ ဖရဲသီးရှိမရှိ မသိချေ။

" မေမေလည်း အာ့မှာ ဖရဲသီးရှိ မရှိတော့မသိဘူးးး ဒါပေမယ့် တစ်ခြားစားကောင်းတဲ့ အသီးတွေ အများကြီး ရှိမှာပါ"

 

 

"ဘယ်လိုမျိုး စားကောင်းတဲ့ အသီးတွေလဲဟင်"

 

 

"မေမေ ကြားဖူးတာတော့ ငှက်ပျောသီးတို့ သရက်သီးတို့ အုန်းသီးတို့လိုမျိုးပေါ့"

 

 

လင်းဝေ့ ဒူးရင်းသီးကိုလည်း သိပေမယ့် အနံ့ပြင်းတယ်လို့ကြားဖူးတာကြောင့် စားကောင်းမကောင်းမသိ၍ ကလေးတွေကို ပြောမပြခဲ့ပေ။

 

 

ဒါပေမယ့် လင်းဝေ့ပြောတဲ့ အသီးတွေကိုလည်း ကလေးတွေက မကြားဖူးကြပေ။ ငှက်ပျောသီးက ပိုစားကောင်းလို့ ထင်သည်။ စျေးကတော့ အတော်ကြီးသည်။ လင်းဝေ့ အကြိမ်အနည်းငယ် စားဖူးသည်။ ကျုံးရှောက်နဲ့ ဘလိုင်းဒိတ် လုပ်စဥ်က သူက စားကောင်းတယ်လို့ ပြောတာကြောင့် စားခဲ့ဖူးသည်။

 

 

နောက်တစ်ကြိမ်ကတော့ လွန်ခဲ့တဲ့ ဆောင်းဦးတုန်းကဖြစ်သည်။ ကလေးတွေက လေးနှစ်မပြည့်သေးတော့လွန်ခဲ့တဲ့  တစ်နှစ်ကျော်က သူတို့စားခဲ့ဖူးသည့်ငှက်ပျောသီးကို မေ့သွားကာ အမေဖြစ်သူကို မေးနေကြခြင်းဖြစ်သည်။

 

 

"ငှက်ပျောသီးဆိုတာ ဘာကြီးလဲ? စားလို့ကောင်းလားဟင်"

 

 

"သရက်သီးဆိုတာ ဘယ်လိုပုံစံ မျိုးလဲ? စားလို့ကောင်းလားဟင်"

 

 

"အုန်းသီးဆိုတာကလည်း စားလို့ရတယ်ပေါ့? စားလို့ကောင်းလား မေမေ"

 

 

လင်းဝေ့ ဘယ်လိုပုံစံရှိသည့် အသီးမျိုးပြောပြော ကလေးတွေ သိချင်သည်က စားလို့ကောင်းမကောင်းဆိုသည့်အချက်သာ ဖြစ်သည်။

 

 

"ငှက်ပျောသီးက စားလို့ကောင်းတယ်"

 

 

သရက်သီးနဲ့ အုန်းသီးကတော့ လင်းဝေ့လည်း မစားဖူးပေ။ ဒါပေမယ့် ဝတ္ထုတွေထဲမှာ ဖတ်ခဲ့ဖူးသည့်အတိုင်း ကလေးတွေကို ပြောပြလိုက်သည်။

 

 

"သရက်သီးမှည့်ကတော့အရမ်းချိုတယ်တဲ့....အုန်းသီးကတော့ အရည်သောက်လို့ရပြီး ကြက်သားနဲ့ ချက်စားရင်လည်း အရမ်းစားကောင်းတယ်တဲ့"

 

 

သူ့အမေပြောတာကို ကြားလိုက်တာနဲ့ မင်မင်က ကလေးအတွေးနှင့် ပြောလိုက်သည်။ "အာ့ဆိုရင် သားက ငှက်ပျောသီးရယ် သရက်သီးရယ်စားမယ် အုန်းသီးအရည်နဲ့ ကြက်သားလည်းစားမယ်"

 

 

ရွေ့ရွေ့ကလည်း တွေးကာ မေးလိုက်သည်။

"မေမေကော သရက်သီးနဲ့ အုန်းသီး စားဖူးလားဟင်"

 

 

လင်းဝေ့ ရွေ့ရွေ့ရဲ့ ခေါင်းကို ထိလိုက်ပြီး ဖြေခဲ့သည်။

"မေမေလည်း အရင်က မစားဖူးဘူး။ ကျွန်းပေါ်ရောက်ရင်တော့ စားရမယ်ထင်တယ်"

 

 

ရွေ့ရွေ့လည်း မနေ့ညက ရေမချိုးခဲ့ပေမယ့် အရမ်းမဆော့လို့ ချွေးသိပ်မထွက်တော့ ဆံပင်သားတွေက စေးကပ်မနေပဲ နူးညံ့နေသေးသည်။ လင်းဝေ့ကလည်း သူ့ဆံပင်တွေကို လက်ချောင်းတွေနဲ့ ပွတ်သပ်ကာ ခဏခဏ ကိုင်လေ့ရှိသည်။

 

 

ရွေ့ရွေ့လည်း သူ့အမေ ခေါင်းကိုင်သည်ကို ကျင့်သားရနေကာ ဘာမှ ပြန်မလုပ်ပဲ ငြိမ်နေကာ မေးလိုက်သည်။

"မေမေ သားတို့ဘယ်တော့ သင်္ဘောပေါ်က ဆင်းရမှာလဲ"

 

 

ရွေ့ရွေ့က သင်္ဘောပေါ် စတက်တုန်းက အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ သူ့ညီလေးနဲ့အတူ ပြည်သူ့လွတ်မြောက်ရေး တပ်သားဦးလေးတွေက်ိုလည်းခဏခဏ ပြေးကြည့်ကာ တက်ကြွနေခဲ့သည်။ နှစ်ရက်လောက် သင်္ဘောစီးပြီးနောက်မှာတော့ ပျင်းရိလာကာ သင်္ဘောပေါ်မှ ဆင်းချင်နေပြီဖြစ်သည်။

 

 

ပန်းကန်ဆေးပြီး ပြန်လာတဲ့ ကျုံးရှောက်က သူ့သားမေးတာကို ကြားလိုက်တော့ အဖြေပေးလိုက်သည်။" ဖေဖေ တော့ နေ့လည်စာ စားပြီးချိန်လောက် ရောက်မယ်လို့ထင်တယ်"

 

 

လင်းဝေ့က အံ့သြသွားပြီး ပြောခဲ့သည်။  " ရှင် မနေ့ကပြောတော့ မွန်းလွှဲ ၂ နာရီ ၃ နာရီ လောက်မှ ရောက်မယ်ဆို"

 

 

" ဒီမနက်မှ လေကြောင်းပြောင်းသွားလို့ အခုသင်္ဘောက လေစုန်မှာ ရောက်နေတော့ ပိုမြန်သွားတာပါ... မင်းအိပ်ချင်ရင် ထပ်အိပ်လိုက်လေ ရောက်ရင် ကိုယ်နှိုးလိုက်မယ်"

 

 

လင်းဝေ့လည်း နည်းနည်း အိပ်ချင်နေတာကြောင့် ငြင်းမနေတော့ပဲ ကလေးတွေကို မေးလိုက်သည်။

"သားတို့ မအိပ်ချင်ကြဘူးလားး မေမေနဲ့ခဏအိပ်ရအောင်"

 

 

ရွေ့ရွေ့က အိပ်ချင်နေတဲ့လေသံနဲ့ မဆိုင်းမတွပြောလိုက်သည်။ "ဟုတ်"

 

 

မင်မင်က အခန်းထဲ မနေချင်တာကြောင့် သူ့အဖေကို ခေါင်းမော့ကာ မေးလိုက်သည်။

" ဖေဖေ သားအပြင်ထွက်ပြီး ပင်လယ်ကြီးကို ကြည့်လို့ရလား"

 

 

ကျုံးရှောက်က သူ့သားကို ခေါင်းညိမ့်ပြလိုက်ကာ လင်းဝေ့ကို ပြောလိုက်သည်။

"ဒါဆို ရွေ့ရွေ့နဲ့ ခနအိပ်နေလိုက်။ ကိုယ် မင်မင်နဲ့ အပြင်ကုန်းပတ်ပေါ် လမ်းလျှောက် သွားလိုက်ဦးမယ်"

 

 

လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်ကာ ရွေ့ရွေ့ အိပ်လို့ရအောင် နံရံနဲ့ သူမကြား ကုတင်ပေါ်မှာ နေရာပေးလိုက်ပြီး သားအမိနှစ်ယောက် ဂွမ်းကပ်စောင်ခြုံကာ မျက်လုံးမှိတ်ရင်း အိပ်ကြတော့သည်။

 

…....

 

ဒီတစ်ခါတော့ လင်းဝေ့ သိပ်အိပ်မပျော်ပေ။ သူမ နှစ်ကြိမ်ခန့်နိုးလာကာ စိတ်ရှုပ်ထွေးနေတာကြောင့် မျက်လုံးမဖွင့်ပဲ ငြိမ်နေလိုက်သည်။ အခန်းထဲ တစ်ယောက်ယောက် ဝင်လာပြီး ပြန်ထွက်သွားတာကိုလဲ ခံစားမိသည်။

 

 

ထို့နောက် ကျုံးရှောက် လာနှိုးစဥ် နေ့လည်စာ စားချိန် ရောက်နေပြီပင်။

 

 

မင်မင်ကတော့ သူ့အဖေနဲ့ စကားများနေသည်။ မင်မင်က သူ့ညီလေးလို မရှက်မကြောက်တတ်တော့ ညစ်ပတ်ပေရေကာ နံစော်နေလည်း ဂရုမစိုက်ချေ။ သူ့ကိုယ်သူညစ်ပတ်နေတာလည်း မသိတော့ သူ့အဖေကို နေ့လည်စာ ချက်ရာတွင် အတင်းကူညီပေးချင်နေသည်။

 

 

လင်းဝေ့ကလည်း သူမကလေးတွေကို အားပေးသည့်အနေဖြင့် ချီးကျူးလိုက်ကာ အပြုံးလေးနှင့် သူမသားတွေ ကူညီချက်ပေးသည့် နေ့လည်စာ တစ်ဝက်လောက်ကို ကုန်အောင်စားလိုက်သည်။

 

 

ထမင်းဘူး တစ်ဝက် ဆိုသည်က နည်းတယ်လို့ ထင်ရပေမယ့် ထည့်လာသည့် အလူမီနီယံ ထမင်းဘူးမျိုးသည် အဝကျယ်ကာ စောက်နက်သည်။

 

 

ဒီလိုနေ့လည်စာဘူးမျိုးက ကျုံးရှောက်လို ယောက်ျားကြီး တစ်ယောက်အတွက်ပင် လုံလောက်ပေသည်။ လင်းဝေ့လည်း မနက်ကထက်စာလျှင် နှစ်ဆ အများကြီး စားလိုက်သည်။

 

 

ကျုံးရှောက်က လင်းဝေ့ စားတာကို ကြည့်ကာ ကွာခြားမှုကို စဥ်းစားနေမိသည်။ သူ့မိန်းမ ပထမ နှစ်ရက် သိပ်မစားတာက ခံတွင်းမတွေ့လို့ မဟုတ်ဘဲ သင်္ဘောပေါ်က လူတွေကြောင့်လဲ ဖြစ်နိုင်သည်။

 

 

အခုတော့ ကျုံးရှောက် ကိုယ့်ကိုယ်ကို သိလိုက်သည်။

 

 

သူက သူ့သားနှစ်ယောက်လောက်တောင် မစွံပါချေ။

 

 

နေ့လည်စာစားပြီးနောက် ကုန်တင် သင်္ဘောက ဆန်းလင် ရေတပ်ဆိပ်ကမ်းဆီ ဆိုက်ကပ်ခဲ့သည်။

 

 

ဘယ်ဘက်လက်က မင်မင်ကို ဆွဲ၊ ညာဘက်လက်က ရွေ့ရွေ့ကို ဆွဲရင်း ကုန်တင်သင်္ဘောပေါ်ကနေ ဆင်းလာခဲ့သည်။ လင်းဝေ့ ပထမဆုံးမြင်ရတာက ကောင်းကင်ပြာကြီးမဟုတ်ခဲ့ပေ။ ဒါပေမယ့် မလှမ်းမကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောတွေနဲ့ ဆိပ်ကမ်းမှာ အားမာန်အပြည့်နဲ့ လှုပ်ရှားနေကြသည့် ငယ်ရွယ်သည့်စစ်သားတွေသာဖြစ်သည်။

 

 

သူတို့ခန္ဓာကိုယ် အောက်ပိုင်းက ပင်လယ်ရေထဲစိမ်ထားကာ အပေါ်ပိုင်းက နေရောင်ကြောင့် ကြေးနီရောင်ပေါက်နေသည်။

 

 

 ဟမ်းးးးး မျက်စ်ိပသာဒဖြစ်လိုက်တာ

 

 

သနားစရာကောင်းသည့် ကျုံးရှောက်တစ်ယောက် သူ့မိန်းမရဲ့ အကြည့်တွေကို မြင်တာနဲ့ လင်းဝေ့ရဲ့ မြင်ကွင်းရှေ့ပိတ်ရပ်လိုက်တော့သည်။

 

 

လင်းဝေ့ လမ်းလျှောက်တာ နှေးလာလျင် ကျုံးရှောက်လည်း နှေးနှေးလေး လျှောက်လိုက်သည်။ ထိုကဲ့သို့လျှောက်လာရင်း လင်းဝေ့ ကျုံးရှောက်ကို ကြည့်လိုက်သည်။

 

 

ကျုံးရှောက်က မည်သည့် ခံစားချက်မျှ မပြသည့်မျက်နှာသေ အနေအထားဖြင့်သာရှိနေရင်း လင်းဝေ့ စိုက်ကြည့်နေတာ သိတော့ ခေါင်းလှည့်လာကာ ငြင်ငြင်သာသာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

 

 

" ဘာမှမဟုတ်ဘူး" လင်းဝေ့ ခေါင်းအမြန်ခါလိုက်ပြီး ရှေ့ကို​ပြန်ကြည့်ကာ လျှောက်သွားလိုက်သည်။