အပိုင်း ၄
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၄

 

 

 

 

သူမတို့ ရေတပ်ဆိပ်ကမ်းကနေ လမ်းလျှောက်ထွက်လာစဥ် ဖြူပြာအစင်း သင်္ဘောသား အင်္ကျီ ဝတ်ထားသည့်စစ်သားက ကျုံးရှောက်ကို "မင်္ဂလာပါ ဒုတပ်ရင်းမှူး" ဟု အလေးပြုကာ နှုတ်ဆက်လိုက်သည်။

 

 

ယခုနှစ် အစပိုင်းတွင်ဖြစ်ခဲ့သော ရေတပ်တိုက်ပွဲတွင် စွမ်းဆောင်နိုင်ခဲ့သည့် အရည်အချင်းများကြောင့် ကျုံးရှောက်က ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးခံခဲ့ရသည်။ ရာထူးတိုးပြီးနောက် လင်းဝေ့ဆီ စာပို့ကာ စစ်တပ်ထဲ လိုက်နေဖို့ ခေါ်ခဲ့ခြင်းဖြစ်သည်။

 

 

နှစ်အစပိုင်းတွင် အလုပ်များနေ၍ သားအမ်ိသုံးယောက်ကို သွားမခေါ်နိုင်ခဲ့ပေ။ လင်းဝေ့နဲ့ ကလေးတွေချည်း လိုက်လာခိုင်းလို့ရသော်လည်း လမ်းခရီးရှည်ဖြစ်ခြင်းနှင့် ရထားစိီးရာတွင်လည်း လူအများနှင့် စီးရသောကြောင့် လင်းဝေ့ ကလေးတွေကို မထိန်းနိုင်မှာ စိုးတာကြောင့်ဖြစ်သည်။

 

 

ထို့ကြောင့် ပြောင်းရွေ့ဖို့ရက်က ဇွန်လ အလယ် ထိ ရောက်သွားခဲ့သည်။

 

 

ကျုံးရှောက်က ထိုအကြောင်း တွေးနေရင်း လက်ဆွဲအိတ်ကိုချကာ အလေးပြန်ပြုလိုက်သည်။

"ဒါက ကိုယ်နဲ့ တပ်ထဲမှာတာဝန်အတူ ထမ်းဆောင်ရတဲ့ ရဲဘော် လျိုဝေ့" ဟုပြောကာ လင်းဝေ့နဲ့ မိတ်ဆက်ပေးလိုက်သည်။ လျိုဝေ့ကိုလည်း "ဒါက မင်းရဲ့ မရီး လင်းဝေ့ " ဟု မိတ်ဆက်ပေးလိုက်သည်။

 

 

လင်းဝေ့ ပြုံးကာနှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ရဲဘော်လျို"

 

 

"ရဲဘော်လျိုလို့ မခေါ်ပါနဲ့ မရီးရယ် ကျွန်တော့်ကို ရှောင်လျို့ လို့ပဲခေါ်ပါ " လျိုဝေ့က အမြန်ပြောလာကာ ညီအစ်ကို နှစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။

"ဒါဒုတပ်ရင်းမှူးရဲ့သားတွေပေါ့? ရုပ်ချင်းဆင်တယ်နော်"

 

 

မင်မင်က ရင်းနှီးလွယ်တဲ့ ကလေးမျိုးဆိုတော့ သူ့အဖေ မိတ်ဆက်ပေးတာကိုပင် မစောင့်တော့ပဲ ဖြေခဲ့သည်။  "မင်္ဂလာပါ ဦးလေးလျို....သားနာမည်က မင်မင်ပါ။ ဒါက သားညီလေး ရွေ့ရွေ့ပါ။ သားတို့က အမွှာတွေမို့လို့ ရုပ်ချင်းဆင်တာပါ"

 

 

မင်မင်ရဲ့ ရှည်လျားတဲ့ မိတ်ဆက်စကားကြောင့် လျိုဝေ့ တစ်အံ့တစ်သြ မေးလိုက်သည်။ "မင်မင်က ဒီနှစ်ထဲမှာ အသက်ဘယ်လောက်ရှိပြီလဲ"

 

 

မင်မင်က ရင်ကိုကော့ကာ ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ " သုံးနှစ်နဲ့ လေးလ ရှိပါပြီဗျ! မေမေကတော့ သုံးနှစ်အရွယ် ဆိုရင် အရွယ်ရောက်ပြီ လို့ပြောပါတယ် ခင်ဗျ"

 

 

ညီအစ်ကိုနှစ်ယောက်က သူတို့နဲ့ရွယ်တူကလေးတွေထက် အရပ်ပိုရှည်ကြသည်။ လျိုဝေ့က ကလေးနှစ်ယောက်ကို လေးနှစ်ကျော်ပြီ ထင်နေတာ သုံးနှစ်ကျော်ကျော်ပဲ ရှိသေးတာတဲ့လား။

 

 

လျိုဝေ့ တပ်ထဲ မဝင်ခင်က လေး၊ ငါးနှစ်အရွယ် တူလေးတွေရှိတာကို သတိရလိုက်ကာ သူ့တူလေးတွေက စကားတောင်ပီပီသသ မပြောတတ်ကြသေးပေ။

 

 

 ဒုတပ်ရင်းမှူးရဲ့ကလေးတွေကတော့ တစ်ကယ့်ကလေးတွေပဲ။

 

 

သူ့ကလေးတွေကို ချစ်ခင်သည့် အကြည့်ဖြင့်ကြည့်နေသည့် လျိုဝေ့ကိုမြင်ပြီး ကျုံးရှောက်ရင်ထဲ ထူးထူးခြားခြားခံစားလိုက်ရသည်။ သို့သော် ဘာမှမပြောပဲ လက်ဆွဲအိတ်ကို ကောက်ကိုင်ကာ "သွားကြစို့" ဟုသာ ပြောလိုက်သည်။

 

 

လျိုဝေ့လည်း သူ့လာရင်း ကိစ္စကို သတိရလိုက်ကာ ကျုံးရှောက်လက်ထဲက အိတ်ကို အမြန်ယူလိုက်ရင်း "ကျွန်တော် ဒုတပ်ရင်းမှူးတို့ကို ကြိုဖို့ရောက်လာတာ။ အိတ်တွေ ကျွန်တော့ကို ပေးပါ။ ကားက ဟိုနားမှာ ရပ်ထားပါတယ်" ဟုပြောရင်း လမ်းဘေးမှာရပ်ထားသည့် စစ်တပ်သုံးဂျစ်ကားဆီ ခေါ်သွားခဲ့သည်။

 

….....

 

ခရီးတစ်လျှောက်လုံး ရထား​ဖြင့်တစ်ဖုံ သင်္ဘောဖြင့်တစ်ဖုံ စီးလာခဲ့ကြသော်လည်း စစ်တပ်သုံးဂျစ်ကားကိုမြင်လိုက်တော့ ကလေးတွေက စိတ်လှုပ်ရှားနေကြသည်။ မင်မင်ကတော့ အတက်ကြွဆုံးပင်။ ဂျစ်ကားပေါ်ရောက်တာနဲ့ ဂျစ်ကားရဲ့ ဘယ်ဘက်က်ို ကိုင်လိုက် ညာဘက်ကို ကိုင်လိုက် အရှေ့လှည့်လိုက် အနောက်လှည့်လိုက်နှင့် စူးစမ်း၍ မပြီးနိုင်​တော့ပေ။

 

 

သင်္ဘောဆိပ်ခံတံတားကနေ မိသားစုအိမ်ရာအထိ လမ်းက ကြမ်းလေသည်။ ဂျစ်ကားက လမ်းကြမ်းပေါ်က ကျောက်တုံးကျောက်ခဲများကို ကျော်ဖြတ်ကာ အရှေ့ကို မောင်းသွားခဲ့သည်။

 

 

ဂျစ်ကား၏ အနောက်ထိုင်ခုံ အလယ်တွင် မင်မင်က ဒူးလေးတုပ်ကာ အနောက်ကိုလှည့် ထိုင်ရင်းစီးလာသည်။ ထိုင်ခုံနောက်ကျောကိုမှီရင်း ကားအရှေ့ကိုလှည့်ကြည့်လိုက်ရာ ကားခုန်သည်နှင့်တိုး၍ ကိုယ်ကို မထိန်းနိုင်ပဲ နောက်ပြန်လှဲကျသွားကာ ခေါင်းနောက်စေ့နှင့် အရှေ့ထိုင်ခုံတို့ တိုက်မိသွားတော့သည်။

 

 

လင်းဝေ့က မင်မင်ရဲ့ အင်္ကျီကို အမြန်ဆွဲလိုက်ပြီး မင်မင်ကို သူမလက်မောင်းထဲ ဆွဲထည့်လိုက်သည်။ မင်မင်သာငြိမ်ပြီး ပါမလာလျင် ကားခုံအောက်ထဲ ကျသွားလောက်ပြီဖြစ်သည်။

 

 

ကျုံးရှောင်က ကားဆရာဘေး ကားရှေ့ခေါင်းတွင် ထိုင်နေပြီး အနောက်လှည့်ကာမေးလိုက်သည်။

"သား ခေါင်း ခိုက်မိသွားသေးလား"

 

 

မင်မင် သူ့ခေါင်းနောက်စေ့ကို ပွတ်ရင်း မသဲမကွဲအသံဖြင့်ပြောလိုက်သည်။ "ဟုတ်" သူ့အသံလေးက တော်တော်သနားစရာကောင်းနေသည်။

 

 

သို့သော် အဖေဖြစ်သူ ကျုံးရှောင်ကတော့ စိတ်မကောင်းဟန်မပြပဲ "ဟုတ်ပြီ " ဟုသာ ပြန်ပြောခဲ့သည်။

 

 

လင်းဝေ့လည်း ကျုံးရှောက်ရဲ့ အဖြေကို ကြားလိုက်ရတော့ ရယ်လိုက်သည်။

 

 

သူ့အဖေဆီက ချော့မော့တာမခံရတော့ မင်မင် စိတ်ထဲမ ဝမ်းနည်းသွားကာ ရုတ်တရက် ထငိုလာခဲ့သည်။

 

 

သို့သော် အကြာကြီးတော့မငိုလိုက်ချေ။ သူ့အမေဘက်လှည့်ကာ သူ့အမေရဲ့လက်မောင်းကြား ခေါင်းနှင့်တိုးဝေ့ကာ သူ့ခေါင်းနောက်စေ့ကို ပွတ်ရင်း အမေကို ချွဲနေလေသည်။ "နာတယ် မေမေ ခေါင်းကိုပွတ်ပေးပါ"

 

 

လင်းဝေ့လည်း ခေါင်းကို အသာအယာပွတ်ပေးလိုက်ရင်း "သားနာတယ်ဆိုတာ မေမေ အခုသိပြီနော် "ဟုပြောလိုက်သည်။

 

 

ထိုကဲ့သို့ပြောရင်း မင်မင် ခေါင်းကိုပွတ်ပေးလိုက်ရာ ပြသနာကြီးလည်း ငြိမ်းသွားခဲ့သည်။

 

 

လင်းဝေ့လည်း တွေးတောနေရင်း အပြင်ကို ကြည့်လိုက်သည်။

 

 

အပြင်ကိုကြည့်ရင်း မှားနေသလိုခံစားရကာ မေးလိုက်သည်။ "မိသားစုအိမ်ရာက ပင်လယ်ဘေးမှာ မဟုတ်ဘူးလား"

 

 

"ပင်လယ်ဘေးမှာပဲလေ"

 

 

"ဒါဆို......"

 

 

လင်းဝေ့ လည်ပင်းဆန့်ကာ အပြင်ဘက် ကြည့်လိုက်သည်။ သူမ မြင်နေရသည်က လယ်ကွင်းများသာဖြစ်သည်။ "ဒါဆို ဘာလို့ ပင်လယ်ကို မမြင်ရတာလဲ....ကမ်းခြေနဲ့ တစ်ဖြည်းဖြည်း ဝေးလာတယ်လို့ ခံစားရတယ်"

 

 

ကျုံးရှောက်လည်း အပြင်ဘက် ကြည့်လိုက်ကာ ပြောခဲ့သည်။ "မင်း အမှတ်မှား​​နေတယ် ငါတို့ လျှောက်နေတဲ့လမ်းက ပင်လယ်နဲ့အပြိုင်ပဲ။ ဆိပ်ခံတံတား ကနေ စထွက်တုန်းက ထောင့်တစ်ခုမှာ ကွေ့လိုက်သေးတာ မှတ်မိလား။ အာ့နေရာကနေ ကွေ့လာတာပဲ"

 

 

လင်းဝေ့ သူတို့လာခဲ့သည့် လမ်းကြောင်းကို ပြန်စဥ်းစားကာ နားလည်လိုက်သည်။ "အာ့လို ဖြစ်သွားတာကိုးး"

 

 

ကျုံးရှောက် အင်းး ဟု အသံပြုပြီး ဒရိုင်ဘာထိုင်ခုံမှာမောင်းနေသည့် လူငယ်ကို ကြည့်လိုက်ကာ သတိပေးလိုက်သည်။ "ကားကို အာရုံစိုက်ပြီးမောင်း"

 

 

လင်မယားနှစ်ယောက်ရဲ့ စကားပြောခန်းကို အာရုံစူးစိုက်နားထောင်နေသည့် လျိုဝေ့က အလန့်တကြား ထအော်လိုက်သည်။ "ဟုတ်ကဲ့ပါ ဒုတပ်ရင်းမှုး"

 

 

သူတို့မိသားစု ဂျစ်ကားစီးလာစဥ်တွင် မိသားစုအိမ်ရာဝင်းထဲက အိမ်တစ်အိမ်တွင် လူတစ်ချို့က သူတို့မိသားစုအကြောင်း စကားဝိုင်းပြောနေကြသည်။

 

 

သူတို့အကြောင်း အတင်းစပြောသည့်သူကတော့ ပန်းပွင့်ပုံရိုက်အင်္ကျီနှင့် အရာရှိစစ်သည်ဇနီးဖြစ်သည်။ သူမရဲ့ဖိနပ်အောက်ခြေကိုကိုင်ရင်း "ငါကြားတာတော့ ဒုတပ်ရင်းမှူး ပြန်လာပြီဆို ရောက်ပြီလားမသိဘူး" ဟုမေးကာ အစပျိုးလိုက်သည်။

 

 

"မကြာခင် ရောက်တော့မယ်ထင်တယ်။ ဒုတပ်ရင်းမှူး ဇာတိက ဟူရှန်းဘက်ကလေ။ သူ့အိမ်မှာ ရက်အတော်အကြာတော့ နေမယ်ထင်တယ် လဝက်လောက်ပေါ့ ဒါနဲ့ဘာလို့မေးတာလဲ"ဟု ပန်းပွင့်ပုံရိုက်အင်္ကျီနှင့် အစ်မကြီးဘေးက အပြာရောင်ဂျာကင်အင်္ကျီနှင့် တစ်ယောက်က ပြန်ပြောလိုက်သည်။

 

 

ပန်းပွင့်အကျိုးအစင်းလိုင်းပုံစံနှင့် အမျိုးသမီးကတော့ ပြုံးကာ"ဒုတပ်ရင်းမှူးကျုံးမှာ အမွှာရှိမှန်းတောင်မသိပါလား။ ကျွန်မ အမွှာကလေးတွေကို တစ်ခါမှ မတွေ့ဖူးဘူး သူတို့က တစ်ကယ် ရုပ်တူရဲ့လား"

 

 

အပြာရောင်ဂျာကင် အင်္ကျီနှင့် တစ်ယောက်က ခဏလောက်တွေးကြည့်ကာ "ကျွန်မလည်း အရင်က မမြင်ဖူးဘူး ဒါပေမယ့် ကြားရသလောက်တော့ အမွှာလေးတွေက သာမန်လူတွေထက် ပိုကြည့်ကောင်းတယ်တဲ့" ဟုပြောလိုက်သည်။

 

 

သူတို့အရှေ့က အဖြူရောင်အင်္ကျီနှင့် အရာရှိဇနီးသည် တစ်ဦးက သူတို့စကားကိုကြားလျှင် နှုတ်ခမ်းရွဲ့ကာပြောလိုက်သည်။ "အမွှာကလေးတွေက သာမန်ထက်ပိုကြည့်ကောင်းတယ်လို့ ဘယ်သူကပြောတာလဲ.. သူတို့မှာလည်း နှာခေါင်းနဲ့မျက်လုံး တစ်ပုံစံထဲပါတာပဲ သူတို့ကကြီးမလာတော့ဘူးတဲ့လား"

 

 

သူမက အပြာရောင်ဂျာကင်အင်္ကျီနှင့် အမျိုးသမီးကိုလဲပြောလိုက်သေးသည်။ "ကျွန်မ ပြောပြလိုက်မယ် သူများစကားကိုပဲ လိုက်နားထောင်မနေနဲ့။ ကလေးတွေရဲ့ ရုပ်ရည်လက္ခဏာက မျိုးရိုးဗီဇနဲ့လည်း ဆိုင်သေးတယ်.. မိဘတွေ ရုပ်မချောရင် မွေးလာတဲ့ကလေး သုံးမွှာပူးဖြစ်ဖြစ် လေးမွှာပူးဖြစ်ဖြစ် ရုပ်ချောနေမှာမဟုတ်ဘူး။ ရုပ်ရည် ကြည့်ကောင်းတယ်ဆိုတာက အမွှာမှ မဟုတ်ဘူး တစ်ကယ်တော့ ရုပ်ရည်ကြည့်ကောင်းတယ် ဆိုတာ ကျွန်မအိမ်က ကလေး သုံးယောက်လိုပေါ့ သူတို့ကိုကြည့်လိုက်စမ်းပါ ဘယ်လောက်တောင် ရုပ်ရည်ကြည့်ကောင်းလိုက်သလဲ"

 

 

တစ်ခြား အရာရှိ ဇနီးသည်များ - "............"

 

 

ထိုသို့ပြောလိုက်သည့် အမျိုးသမီးက ကောင်းရှို့လျန် ဖြစ်သည်။ သူမက အသားအရေ လတ်တဲ့ထဲပါပေမယ့် ရုပ်ဆိုးသည့်အထဲတော့မပါပေ။

 

 

သူမသည် အရပ်မြင့်သည့် အထဲတွင် မပါသော်လည်း အရပ်အမြင့် ၅ ပေ ၃လက်မတော့ရှိသည်။ သူမခန္ဓာကိုယ်က မပိန်သော်လည်း ဝသည့် အမျိုးအစားထဲတွင်လည်း မပါချေ။

 

 

ခြုံပြောရလျှင် သူမက သာမန်ရုပ်ရည်သာဖြစ်သည်။

 

 

သူမသည် အရပ်မရှည်၊ မပု၊ မပိန်၊ မဝ ဖြစ်ကာ  ယောက်ျားတစ်ယောက်ရုပ်ရည်နှင့် ဆင်တူပြီး သူမရုပ်ရည် အသွင်အပြင်က အရာရှိအိမ်ရာတွင်  နောက်ဆုံးမဟုတ်သော်လည်း ထိပ်တန်းတွင်လည်း မပါဝင်ပေ။

 

 

မိဘတွေက သာမန်ရုပ်ရည်သာ ရှိသော်လည်း မွေးလာသည့်သားသမီးများက ရုပ်ချောဉာဏ်ကောင်းကြသည့်အဖြစ်အပျက်များ ရှိသော်လည်း ကောင်းရှို့လျန်၏ သားသမီးများကတော့ ထိုအမျိုးအစားထဲတွင် မပါချေ။သားသမီးသုံးယောက်စလုံးမှာ သာမန်ရုပ်ရည်မျိုးသာဖြစ်ကြသည်။

 

 

အတိုချုပ်ပြောရလျှင် ကောင်းရှို့လျန်၏ မိသားစုမှ ကလေးသုံးယောက်မှာ  ဉာဏ်ကောင်းထူချွန် ဆိုသည့်စကားလုံးများနှင့် နည်းနည်းမျှပင် မနီးစပ်ချေ။

 

 

ထို့ကြောင့် ကောင်းရှို့လျန်၏ ရုပ်တည်ကြီးနှင့် ပြောသော ထိုစကားများကိုကြားသောအခါ ကျန်နှစ်ဦးမှာ ငြိမ်သက်သွားတော့သည်။

 

 

သို့သော် ကောင်းရှို့လျန်မှာလည်း သူမမိသားစု အသွင်အပြင်ကို အလွန်ယုံကြည်ချက်ရှိနေလေရာ သူမပြောလိုက်သည့် စကားတွင် အမှားပါသွားသည်ဟုပင် လုံးဝမထင်ခဲ့ချေ။

 

 

ကျန်နှစ်ဦး၏ မထောက်ခံချင်သလို မျက်နှာထားကိုမြင်သောအခါ "ကျွန်မပြောတာ မှားတယ်ထင်လို့လား" ဟု သေသေချာချာ မေးလိုက်လေသည်။

 

 

ကျန်နှစ်ဦးက ထိုစကားကို ကြားသောအခါ ဘာပြောရမှန်းမသိဖြစ် သွားကြသည်။

 

 

ကောင်းရှို့လျန် ယောက်ျားကျောက်ဖုန်းသည် ရာထူးကြီးမြင့်ပြီး အပြာရောင်ဂျာကင်အင်္ကျီနှင့် အမျိုးသမီး ခင်ပွန်း၏ လက်ထောက် တပ်ရင်း အကြီးအကဲလည်းဖြစ်သည်။ ထို့ကြောင့် များသောအားဖြင့် သူတို့ပေါင်းသင်းဆက်ဆံကြသည့်အခါ အပြာရောင်ဂျာကင်အင်္ကျီနှင့်အမျိုးသမီးက ကောင်းရှို့လျန်ကို တမင်တကာ ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ မြောက်ပင့်ပြောဆိုလေ့ရှိသည်။

 

 

ထို့ကြောင့် သူမ စိတ်ထဲ ဆွံအသွားသော်လည်း အပြင်ဘက်တွင်တော့ "ဟုတ်တာပေါ့" ဟုသာ ပြောလိုက်သည်။