အပိုင်း ၅
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၅

 

 

 

 

အပြာရောင်ဂျာကင်အင်္ကျီနှင့် အမျိုးသမီးက ကိုယ်အမူအရာကို ထိန်းကာ ပြောဆိုနေသော်လည်း ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးကတော့ သိပ်ဂရုမစိုက်ချေ။ သူမအမျိုးသားက ကျောက်ဖုန်း လက်အောက်မှ တပ်သားမဟုတ်တာကြောင့် ကောင်းရှို့လျန်ကိုလည်း ဖားမနေတော့ပါ။

 

 

သို့သော်လည်း ကောင်းရှို့လျန်ကို အစ်မကလေးတွေက ကြည့်မကောင်းပါဘူးလို့ ထိပ်တိုက်တွေ့ ပြန်ပြောရလောက်အောင်လည်း ဉာဏ်နည်းသူ မဟုတ်ချေ။ ထို့ကြောင့်  ကျုံးရှောက်တို့ဘက် ခေါင်းစဥ်ပြန်လှည့်လိုက်သည်။ "ဒုတပ်ရင်းမှူး ကျုံးရှောက်ရဲ့ မျိုးရိုးဗီဇနဲ့ အသွင်အပြင်အရဆိုရင်တောင် ကလေးတွေက ရုပ်မချောကြရင်တော့ မကောင်းတော့ဘူးပဲ"

 

 

ကျုံးရှောင်ရဲ့ရုပ်ရည်သွင်ပြင်က ဆန်းလင်ရေတပ်အခြေစိုက်စခန်းတစ်ခုလုံးမှာ ကြည့်အကောင်းဆုံးဖြစ်သည်။

 

 

ကောင်းရှို့လျန်သည် ကျုံးရှောက်က သူမယောက်ျားလောက် ကြည့်မကောင်းဟု မပြောနိုင်သော်လည်း ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီး၏ စကားကို လက်မခံချင်ပေ။ ထို့ကြောင့် နှာခေါင်းရှုံ့လိုက်ကာ ခပ်အေးအေးပြောလိုက်သည်။ "အာ့တာတွေပြောမနေပါနဲ့။ ကျုံးရှောက်ရဲ့ အမျိုးသမီးက ဘယ်လိုရုပ်လဲ သိကြလို့လား"

 

 

ပန်းပွင့်ရ်ိုက်အင်္ကျီနှင့် အမျိုးသမီးက ခန့်မှန်းကာပြောလိုက်သည်။ "ဒုတပ်ရင်းမှုး တက်ကြွနေတာကိုကြည့်ရရင်တော့ သူ့အမျိုးသမီးက ရုပ်မဆိုးလောက်ဘူးထင်တာပဲ"

 

 

သူမက ကျုံးရှောက် အိမ်ပြုပြင်စဥ်က တက်ကြွနေသည်ကိုပြန် မြင်ယောင်ရင်းပြောလိုက်သည်။ အရင်က ထိုအိမ်ကို မည်သူမျှ ပြန်မပြင်ပဲ သည်အတိုင်းသာ ဝင်ရောက်နေထိုင်ပြီး ရွေ့ပြောင်းသွားကြ၍ မည်သူမျှ အိမ်အကြောင်းဂရုမစိုက်ကြပါ။

 

 

သို့သော် ကျုံးရှောက်က အိမ်ရာနေထိုင်ခွင့်ကျလာသောအခါ သူ့အိမ်ကို ဆေးသုတ်ခြင်း၊ မီးဖိုခန်းနှင့်အိမ်သာများ တည်ဆောက်ခြင်းတို့ လုပ်ကိုင်နေသည်ကိုကြည့်ရင်း အရာရှိစစ်သည်ဇနီးများက ကျုံးရှောက်ပေါ်အမြင် ပြောင်းလဲလာကြသည်။

 

 

ယောက်ျားချင်း အတူတူကို ဘာလို့ သူများယောက်ျားက ဇနီးသည် အိမ်ပြောင်းမလာခင် အိမ်ကိုဘယ်လိုပြုပြင်မလဲ ဆိုတဲ့အပေါ် သေချာအာရုံစိုက်ပြီး သူတို့ယောက်ျားတွေကတော့ အိမ်ဆေးသုတ်ခြင်း၊ ပြုပြင်ခြင်းများလုပ်ဖို့မပြောနဲ့ အိမ်သန့်ရှင်းရေးအလုပ်ကိုတောင် မိန်းမကို လာလုပ်စေချင်နေသည်။

 

 

ကျုံးရှောက်၏ ကြိုးကြိုးစားစား အိမ်ပြုပြင်နေခြင်းကိုကြည့်ကာ ကျုံးရှောက် သူ့ဇနီးကို အလွန်ချစ်လိမ့်မည်ဟု ခံစားနေရ၏။

 

 

ယခုခတ် အချိန်အခါတွင် မိသားစုတိုင်း၏ ဘဝက ခက်ခဲနေသည်။ အမျိုးသမီးများက ရေချိုးဇလုံဖြင့် မိမိတို့အိမ်ခန်းတွင် ရေချိုးကြရပြီး အမျိုးသားများကတော့ ခြံဝင်းထဲမှာပင် ရေချိုးဇလုံနှင့် ပေါ့ပေါ့ပါးပါးရေစိမ်ချိုးကြရသည်။ ထို့ကြောင့် မိသားစုအိမ်ရာတွင် ရေချိုးခန်း သီးသန့်မရှိကြချေ။

 

 

အိမ်သာ အတွက်ကတော့ နောက်ပိုင်းဆောက်သည့်အိမ်ရာများတွင် အိမ်သာပါသော်လည်း ယခင်ကဆောက်ခဲ့သည့် အိမ်ရာအဟောင်းတွင် နေထိုင်သူများကတော့ စုပေါင်းအိမ်သာတွင် ပေါင်းသုံးကြရသည်။

 

 

 ကျုံးရှောက်က သူ့အမျိုးသမီး နေထိုင်ရတာပိုအဆင်ပြေဖို့ အိမ်သာ ရေချိုးခန်း တွေကို ဆေးကြောကာ နံရံတွေကို ဆေးသုတ်ပြီး ပြတင်းပေါက်တွေကို ပြုပြင်တာမျိုးတွေ လုပ်နေမှန်း သူတို့သိကြသည်။

 

 

 ကျုံးရှောက်က ရုပ်ရည်ချောမောကာ အနာဂတ်ကောင်းလည်းရှ်ိသည်။ ဘယ်လို အမျိုးသမီးမျိုးက သဘောမကျပဲ နေနိုင်မည်နည်း။ သူ့အမျိုးသမီးကလည်း သူ့ကိုတန်ဖိုးထားကာ သူမကလည်း ကြည့်ကောင်းရမည်။

 

 

ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးက ကျုံးရှောက် မီးဖိုဆောင်နှင့် အိမ်သာပြင်သည့် အကြောင်းပြောလိုက်သည်နှင့် ကောင်ရှို့လျန်၏ မျက်နှာညှိုးသွားသည်။

 

 

အရာရှိဇနီးသည် အများစုက အသစ်ဆောက်ထားသည့် တိုက်တန်းအိမ်ရာက ပိုကောင်းသည်ဟုပြောကြသော်လည်း ကောင်းရှို့လျန်ကတော့ အိမ်ရာအဟောင်းကို ကြိုက်နှစ်သက်သည့် လူနည်းစုတွင် ပါဝင်လေသည်။

 

 

အိမ်ရာအဟောင်းတွင် နေထိုင်ကြသည့် အရာရှိဇနီးသည်များသည် တပ်ထဲတွင် လာနေသည်မှာ လွန်ခဲ့သည့် ၂နှစ်ခန့်ကဖြစ်သည်။ သူမတို့အမျိုးသားများက ရာထူးမမြင့်ကြပေ။ တပ်ရင်းမှူး သို့မဟုတ် ဒုတပ်ရင်းမှူးအဆင့်များဖြစ်ကြကာ သူမအမျိုးသားက ဒုတပ်ရင်းမှူးဖြစ်သည်။

 

 

စစ်တပ်၏ စည်းမျဥ်းစည်းကမ်းများ မည်မျှ တင်းကြပ်ပါစေ သူမယောက်ျား၏ ရာထူးအဆင့်ဖြင့် တစ်ခြားအရာရှိစစ်သည် ဇနီးများကို အနိုင်ကျင့်၍ မရပေ။ သို့သော်လည်း အရာရှိ စစ်သည်ဇနီးများနှင့် ပြောဆိုဆက်ဆံကြသည့်အခါ တစ်ခြားသူများက သူမယောက်ျား၏ ရာထူးကို ငှဲ့ကာ သူမကို ယဥ်ယဥ်ကျေးကျေးဆက်ဆံကြသည်။ အပြာရောင်ဂျာကင်အင်္ကျီနှင့် အမျိုးသမီးလိုပဲ သူမက်ိုပစားပေးကြသည်။

 

 

ကောင်းရှို့လျန်က အဲ့လို မြောက်ပင့်တာတွေကို အရမ်းကြိုက်သည်။ သူမကို မြောက်ပင့်ပြောကြတိုင်း စိတ်ထဲမှာကျေနပ်နေကာ စစ်တပ်ထဲတွင် လာနေရသည်ကိုလည်း ပျော်ရွှင်နေမိသည်။

 

 

ဒုတိယအချက်အနေနှင့် အိမ်ရာ အသစ်ထက်စာလျှင် အိမ်ရာအဟောင်းမှာ သိပ်မကောင်းသော်လည်း နေရာကျယ်ဝန်းကာ သူမတို့က အိမ်ရာအဟောင်းများထဲမှ အကြီးဆုံးခြံဝန်းထဲ နေရတာဖြစ်သည်။ အိမ်ခန်းငါးခန်းစာပိုကျယ်ကာ အိမ်အရှေ့အနောက်ခြံဝန်းအကျယ်မှာလည်း အခြားအိမ်များ၏ ထက်ဝက်ခန့်မျှပင် ကျယ်လေ၏။

 

 

မြို့ထဲရှိအိမ်ရာများတွင်နေသည့်စစ်သည်ဇနီးများက အားကျ မနာလိုသည်သာမက အိမ်ရာအဟောင်းရှိစစ်သည်ဇနီးများကလည်း သူမရဲ့ ခြံကျယ်ကြီးကို အားကျ မနာလိုကြသည်။

 

 

ကျုံးရှောက် အိမ်ရာကို ပြန်ပြင်ပြီးနောက်မှာတော့ ကောင်းရှို့လျန် ခြံဝန်းရဲ့ အားသာချက်များက မှေးမှိန်သွား၏။

 

 

ကျုံးရှောက်အိမ်ကို အားကျနေသည့် တစ်ခြားသူများ၏ စကားကိုကြားရလျင် ကောင်းရှို့လျန် မနေနိုင်ပဲ ဝင်ပြောလိုက်သည်။ "အာ့လောက်လည်း မဟုတ်ပါဘူး။ လူတွေက သိပ်မကြည့်တတ်ကြဘူး။ အိမ်က်ို သေချာပြုပြင်ပြီး ပြောင်းလာပေမယ့် ရှက်တတ် ကြောက်တတ်တဲ့သူဆို ရင်တော့ ဒီကျွန်းပေါ်မှာ ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူး"

 

 

ကောင်းရှို့လျန်က မနာလိုစိတ်ဖြင့်ပြောလေလေ အားပါလေလေဖြစ်ကာ ဆက်ပြောခဲ့သည်။ " ကျုံးရှောက်က အိမ်ကို သေချာပြန်ပြင်ထားလည်း သူ့မိန်းမက နှစ်လလောက်နေပြီး မနေနိုင်တော့ဘူးဆိုပြီး ပြန်သွားရင်တော့ ကြည့်ကောင်းတော့မှာပဲ"

 

 

ကောင်းရှို့လျန် စကားကို ကြားလိုက်ရတော့ အပြာရောင်ဂျာကင်အင်္ကျီနှင့် အမျိုးသမီးက ဘာမျှ ပြန်မပြောချေ။ ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးကတော့ပါးစပ်ကို လက်နှင့်ကာလိုက်ပြီး တွေးလိုက်မိသည်။

 

 

'ချဥ်တယ်နော် အရမ်းချဥ်နေတယ်။'

 

..........

 

 

သူမတို့ အိမ်အသစ်က ကျုံးရှောက် ပြောခဲ့သည့်အတိုင်း နှစ်ထပ် အုတ်တိုက်အိမ်ဖြစ်သည်။ နေဒဏ် မိုးဒဏ်ခံထားရ၍ အုတ်များက အရောင်မညီမညာ ဖြစ်နေသည်။ အုတ်နံရံများက ပြုပြင်ထားသော်လည်း အက်ကြောင်းများ ထနေဆဲဖြစ်ကာ အတော်လေး အိုဟောင်းသည့်ပုံပေါက်နေသည်။

 

 

အိမ်အပြင်က ကြည့်လျှင် ဟောင်းသည့်ပုံပေါက်နေသော်လည်း အိမ်အတွင်းကတော့ သစ်လွင်နေသည်။ အပေါ်ထပ်အောက်ထပ် နံရံများက ဆေးအဖြူဖြင့် သစ်လွင်နေကာ ပြတင်းမှန်များသည်လည်းကြည်လင်ပြီး အလင်းဖောက်ဝင်နေ၏။

 

 

ပရိဘောဂ ပစ္စည်းများကတော့ အသစ်ကော အဟောင်းကော ရှိနေသည်။ ထမင်းစားခန်းတွင် အရင်အိမ်ရှင် ချန်ခဲ့သည့် အံဆွဲနှင့် ထမင်းစားစားပွဲ ရှိနေကာ ထိုင်ခုံ​များကိုတော့အသစ်ထည့်ထားသည်။ ဧည့်ခန်းထဲရှိ ကော်ဖိီစားပွဲသည် ဟောင်းနေသော်လည်း အသားကောင်းသောကြောင့် လွင့်မပစ်ပဲ ထားထားကာ ဆိုဖာနှင့် သစ်သားထိုင်ခုံ အတိုနှင့်အရှည် နှစ်ခုကို စားပွဲ ဘေးတွင် ထပ်ထည့်လိုက်သည်။

 

 

အပေါ်ထပ်ရှိ ပရိဘောဂပစ္စည်းများမှာ အားလုံးအသစ်များဖြစ်သည်။ ကုတင်ကို ကျုံးရှောက်ကိုယ်တိုင် လုပ်ထားကာ ဆေးမသုတ်ပဲ မူရင်းသစ်သားအရောင်သာ ထားထားသည်။ အဝတ်ဘီဒိုနဲ့ မှန်တင်ခုံတို့သည်လည်း တစ်ရောင်ထဲဖြစ်ကာ ထိုအရာများကို ခရိုင်ထောက်ပံ့ရေးနှင့် သမဝါယမအသင်းမှ ဝယ်ယူထားခြင်းဖြစ်သည်။

 

 

ကျုံးရှောက် ပြောတာကိုနားထောင်ရင်း လင်းဝေ့ မေးလိုက်သည်။ "ခရိုင်မြို့က ကြီးလားဟင် ကျွန်မတို့နဲ့ ဘယ်လောက်ဝေးလဲ"

 

 

" ရှီးချန်မြို့ထက်တော့ အတော်လေးသေးတယ် လမ်းကလည်း တစ်လမ်းသွား တစ်ခုပဲရှိတယ်။ ဒါပေမယ့် ခရိုင်မြို့မှာ ရုပ်ရှင်ရုံရှိတယ် ဒီကနေဆိုမိနစ် နှစ်ဆယ်ပဲရှိတယ် နောက်ပိုင်ကျ ရုပ်ရှင်ကြည့်ဖို့ ခရိုင်မြို့ ကိုခေါ်သွားပေးမယ်လေ"

 

 

လင်းဝေ့ သက်ပြင်းချကာပြောလိုက်သည်။

"ကျွန်မ ဒီကိုပြောင်းမလာခင်က စက်ဘီးကို ရောင်းလိုက်မိတယ်"

 

 

ထိုစဥ်အခါက လက်ထပ်လျှင် လက်စွပ်နှင့် ခန်းဝင်ပစ္စည်း များလိုအပ်ကာ အားလုံး မပေးနိုင်လျင်ပင် တစ်ခု နှစ်ခု ပေးရန် လိုအပ်၏။

 

 

ကျုံးမိသားစုက စိတ်ထားကောင်းကြ၍ လက်ဖွဲ့ငွေများလည်း ​ပေးခဲ့ကာ လင်းဝေ့လည်း ရှန်ဟိုင်းတံဆိပ် နာရီနှင့် ယာယီတံဆိပ် စက်ဘီးတစ်စီးဝယ်ခဲ့လိုက်သည်။ရေဒီယိုကိုတော့ သူမလည်း နားထောင်ဖြစ်မည်မဟုတ်၍ မဝယ်ခဲ့ပေ။

 

 

လင်းဝေ့ ထပ်ဝယ်လာတာက အမျိုးသမီးဝတ်နာရီဖြစ်ပြီး လက်ထပ်ပြီးနောက် အမြဲဝတ်ဆင်ခဲ့သည်။ စက်ဘီးကတော့ အမျိုးသားကော အမျိုးသမီးကော စီးနိုင်သော်လည်း ကျုံးရှောက်က စစ်တပ်တွင် တာဝန်ထမ်းဆောင်နေတာကြောင့် လင်းဝေ့သာ အမြဲစီးဖြစ်သည်။

 

 

လင်းဝေ့ စစ်တပ်ထဲ လိုက်နေရန် ဆုံးဖြတ်လိုက်ကာ ချည်မျှင်စက်ရုံမှ အလုပ်ထွက်ခဲ့လိုက်သည်။ သူမရဲ့ ဆုံးသွားသော ယောက္ခမကြီးနှင့် အတူနေခဲ့ဖူးသော စက်ရုံအိမ်ရာမှလည်း ထွက်ရမည်ဖြစ်ကာ ပြောင်းမလာခင် သူမ ပရိဘောဂပစ္စည်းများနှင့် အိုးခွက်ပန်းကန်စသည့် မီးဖိုချောင်သုံး ပစ္စည်းများကိုလည်း ရောင်းလို့ရသည်များကို ရောင်း၊ လက်ဆောင်ပေးသင့်သူများကို လက်ဆောင်ပေးလိုက်သည်။ နောက်ဆုံးမှ စက်ဘီးကိုရောင်းခဲ့ခြင်းဖြစ်သည်။ ဝယ်သူမှာလည်း သူစိမ်းမဟုတ်ပါ။ သူမ၏ ယောင်းမအကြီးဖြစ်သည်။

 

 

သူစိမ်းကို ရောင်းခဲ့ခြင်းမဟုတ်သော်လည်း ယခင်က သူမပိုင်ခဲ့သော စက်ဘီးနှင့် အိမ်သုံး ပစ္စည်းများရှိ​ပေမယ့် ယခုတော့ ဘာမျှမရှိတော့ချေ။

 

 

ထိုအကြောင်း ပြန်စဥ်းစားမိကာ သူမစိတ်ထဲ နှမြောတသဖြစ်မိ၏။ သူမ လက်ထပ်ပြီးကတည်းက လေးနှစ်ခန့်အကြာသုံးလာသော ပစ္စည်းများဖြစ်တာကြောင့်ဖြစ်သည်။

 

 

ကျုံးရှောက်လည်း ခနလောက် ငြိမ်သက်သွားကာ လင်းဝေ့ကို ပြောလိုက်သည်။ "ကိုယ် ဒီရက်ပိုင်းအတွင်း မင်းကိုစက်ဘီးဝယ်ဖို့ ခရိုင်ထောက်ပံရေးနဲ့ သမဝါယမအသင်းကို လိုက်ပို့ပေးမယ်လေ"

 

 

စက်ဘီးတစ်စီးက ငွေ ၁၀၀ထက် မနည်းပေ။ ဖေးကဲလို နာမည်ကြီးသည့် တံဆပ်ဆိုလျှင်တော့ အနည်းဆုံး ၂၀၀ ခန့် ရှိသည်။ သူမက ယခုမှ တပ်ထဲသို့ ပြောင်းလာကာ အလုပ်သည်လည်း မသေချာမရေရာသေးပေ။ အပြင်လည်း သိပ်သွားဖြစ်ဖို့ မသေချာလေရာ စက်ဘီးအတွက် ငွေအများကြီးသုံးဖို့ မလိုအပ်ဘူးလို့ ထင်မိသည်။

 

 

အကယ်၍ သူမ နေထိုင်သည့် ဤကမ္ဘာသည် ဝတ္ထုကမ္ဘာဆိုသည်မှာ သေချာလျင် သူမကံကြမ္မာက်ို ပြောင်းလဲနိုင်ဖို့ကလည်း မဖြစ်နိုင်ပေ။ စက်ဘီးအသစ် ဝယ်လိုက်လျင်လည်း [သူမသေပြီးနောက်] နောက်တစ်နှစ် ကြာလျင် ပြန်ရောင်းလိုက်ရမည်ဖြစ်တာကြောင့် ခေါင်းခါလိုက်ရင်း ကျုံးရှောက်ကို ပြန်ပြောလိုက်သည်။ "အရမ်းလည်း အလျင်မလိုပါဘူး နောက်မှ ဝယ်ဖို့ စဥ်းစားရအောင်"

 

 

ကျုံးရှောက်သည်လည်း လင်းဝေ့ ဘယ်လိုတွေးမလဲ မသိ၍ အင်းဟု ရေရွတ်လိုက်ရင်း ကလေးနှစ်ယောက်ကို ရှာရန် တစ်ဖက်အခန်းဆီ သွားလိုက်သည်။

 

 

 လင်းဝေ့က ပြတင်းပေါက် နားလျှောက်သွားကာ အပြင် ကြည့်လိုက်မိသည်။ သူမ မြင်လိုက်ရသည့်သည်မှာ ရှီးချန်မြို့နှင့် လုံးဝကို ကွဲလွဲနေသည့် ရှုခင်းပင်ဖြစ်သည်။